အခန်း (၁၅၃၁-၁၅၃၅)
Vol. 80 Ch. 1531-1535
Chapter 1531
လုယွီ၏စိတ်နှလုံးသားလေးလံသွားပြီး သူက မေးမြန်းလိုက်၏။
"ဘာတွေဖြစ်ခဲ့တာလဲ...မကြောက်နဲ့...ဖြည်းဖြည်းပြော"
သူ လုံကျင်းမှ ထွက်ခွါလာခဲ့စဥ်အချိန်တွင် သူ၏မိဘများသည် နျူနျူကို မွေးစားသမီးအဖြစ်မွေးဖွားခဲ့သည့်အပြင် တာလျန့်တော်ဝင်မိသားစုကလည်း သူမကို မင်းသမီးအဆင့်အတန်းအား ပေးအပ်ခဲ့သည်။
တစ်ချိန်က အနက်ရောင်အသူရာခန်းမတွင် သူထံ၌ စားစရာလာရောက်တောင်းခံခဲ့သော ကလေးမလေးသည် ယခုလက်ရှိချိန်၌ ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်နေရသည်။
အစောင့်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောဆိုသည်။
"အစောပိုင်းက ကျွန်တော်တို့ မင်းသမီးလေးကိုကာကွယ်ပြီး လျှို့ဝှက်လမ်းကြောင်းအတိုင်း ထွက်ခွာခဲ့တယ်...အစပိုင်းမှာတော့ ကိစ္စအားလုံး အဆင်ပြေနေပြီး ဘာမှထူးခြားတာမျိုးမရှိဘူး"
"ဒါပေမယ့် ကျွန်တော်တို့ လျှို့ဝှက်လမ်းကြောင်းကနေ အပြင်ကိုထွက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ.... လမ်းကြောင်းရဲ့အဆုံးက ရုတ်တရက်ကြီးပြိုကျသွားတယ်...အကျိုးဆက်ကတော့ နတ်ဆိုးမှော်သားရဲတစ်ကောင် ဝင်လာပြီးတော့ မင်းသမီးလေးကို ဖမ်းခေါ်သွားတယ်...ကျွန်တော်တို့ အစွမ်းကုန်သုံးပြီး ပြန်တိုက်ခိုက်ပေမယ့်...အဲ့ဒီနတ်ဆိုးမှော်သားရဲရဲ့လက် အသာလေးဝှေ့ယမ်းလိုက်တာနဲ့ ကျွန်တော်တို့လူတွေအားလုံး သေကုန်တယ်...ကျွန်တော်တောင် ခြုံပုတ်တစ်ခုထဲကို လှိမ့်ချလိုက်လို့ အသက်ရှင်ကျန်ရစ်တာ"
"နတ်ဆိုးမှော်သားရဲလား"
လုယွီ၏လေသံက အေးစက်တင်းမာနေသည်။
"ဘယ်လိုမှော်သားရဲမျိုးလဲ"
"အဲ့ဒါက နဂါးတစ်ကောင်နဲ့တူတယ်...ဒါပေမယ့် အဲ့ဒီမှော်သားရဲက မြေပြင်ပေါ်မှာတွားသွားနေပြီးတော့ အရွယ်အစားက အဆောက်အအုံကြီးတစ်လုံးစာလောက်ရှိတယ်....အဲ့လောက်ကြီးမားတဲ့မှော်သားရဲမျိုးကို ကျွန်တော် ဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး"
အစောင့်ကိုကြည့်ရသည်မှာ ထိတ်လန့်ကြောက်ရွံမှု ပျက်ပြယ်သေးပုံမရချေ။
လုမိသားစုအစောင့်များသည် ယခင်က လုယွီ၏ထိုက်ယွမ်ဆေးလုံးကို သောက်သုံးထားသဖြင့် သူတို့အနက်မှအားအနည်းဆုံးအစောင့်ပင် လုံချီနယ်ပယ်ကျင့်ကြံဆင့်ရှိသည်။
သူတို့အား လွယ်လင့်တကူ သတ်ဖြတ်သွားနိုင်သော နတ်ဆိုးမှော်သားရဲ မည်မျှထိသန်မာအားကောင်းသည်ကို ခန့်မှန်းကြည့်နိုင်ပေ၏။
လုယွီက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်မေးမြန်းသည်။
"တခြား မင်းသိထားတာမျိုး ရှိသေးလား"
"ဒီငယ်သားက အပြင်းအထန်ဒဏ်ရာရရှိပြီး မိန်းမောနေပေမယ့် နောက်ဆုံးမှာတော့ စကားသံတချို့ကို ပီပီပြင်ပြင် ကြားခဲ့ရတယ်....အဲ့ဒီသူက ဘုန်းကြီးတစ်ပါးဖြစ်ပုံရပြီးတော့ သူ့ရဲ့အရှင်သခင်ကိုဆက်သဖို့ မင်းသမီးလေးကို ဖမ်းခေါ်သွားခဲ့တာ"
အစောင့်က လေသံဖျော့ဖျော့နှင့် ပြောဆိုသည်။
"အဲ့ဒီ ယုတ်ညံတဲ့ဘုန်းကြီးတွေပဲ ဖြစ်နေပြန်ပြီလား"
လုလမ်ရွှမ်းက အလွန်အမင်း ဒေါသထွက်သွားပေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီအရှင်သခင်ဆိုတဲ့ကောင်က ဘယ်နေရာမှာနေတာလဲ"
လုလမ်ရွှမ်းက အော်ဟစ်ပြောဆိုသည်။
"အဲ့ဒီဘုန်းကြီးတွေ ရောက်လာကတည်းက...တာလျန့်နိုင်ငံတော်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားတယ်...သူတို့ရဲ့ခေါင်းဆောင်က နန်းတော်ထဲမှာနေပြီးတော့ ဘုရားကျောင်းတွေကို ဦးစီးနေတာ....ပြီးတော့ သူက နေ့တိုင်း ကောက်ကျစ်ယုတ်မာတဲ့အရာတွေကို လုပ်ဆောင်နေတယ်"
"ပထမတော့ သူက လုံကျင်းမြို့တော်မှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတွေကို ငွေကြေးဆက်သခိုင်းတယ်...တကယ်လို့ အဲ့ဒီငွေကြေးကိုမပေးနိုင်ဘူးဆိုရင် ရာဇဝတ်မှုကြီးကျူးလွန်သူအဖြစ်သတ်မှတ်ပြီး အပြစ်ပေးတယ်...အဲ့ဒီနောက် သူက ငယ်ရွယ်လှပတဲ့မိန်းကလေးတွေကို စပြီးရှာဖွေတယ်....တကယ်လို့ သူ မျက်စေ့ကျသွားတာနဲ့ အဲ့ဒီမိန်းကလေးကို နန်းတော်ထဲခေါ်ဆောင်သွားခံရပြီးတော့ ဘယ်တော့မှ ပြန်ထွက်လာတာမတွေ့ရတော့ဘူး"
"ငွေကြေး ဒါမှမဟုတ် မိန်းမပျိုလေးတွေမရှိတဲ့ မိသားစုတွေကတော့....ဝေးလံခေါင်သီတဲ့ သတ္ထုတွင်းတွေမှာ သေတဲ့အထိ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"အဖေ...အမေ...ကျွန်တော်ပြန်လာတာကို စောင့်နေပါ"
လုယွီက ပြောဆိုသည်။
ယွီရုံသည် လုယွီ၏အမူအကျင့်ကို သိရှိထားသဖြင့် အလျင်စလိုပြောဆိုလိုက်၏။
"ယွီအာ...မင်း မဆင်မခြင်မလုပ်သင့်ဘူး....အဲ့ဒီဘုန်းကြီးတွေက အရမ်းအစွမ်းထက်တယ်....ငါတို့လုမိသားစုမှာ ငွေကြေးတချို့တစ်ဝက်ရှိသေးတယ်...ဒါကိုအသုံးပြုပြီး နျူနျူကိုကယ်တင်ဖို့ အစွမ်းထက်ကျင့်ကြံသူတချို့ကို အကူအညီတောင်းကြရအောင်"
"ဒါက အဆင်ပြေပါတယ်"
လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"အောင်းကွမ်း...ငါတို့ သွားကြစို့...ငါ့မိသားစုကို ဘယ်သူထိပါးဝံ့တာလဲဆိုတာ ငါ မြင်ချင်တယ်"
ဝေါင်း....
နားအူလုမတက် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် အောင်းကွမ်းသည် သူ၏ခန္ဓာကိုယ်ကို ဧရာမလက်သည်းငါးချောင်းရွှေရောင်နဂါးအဖြစ်ပြောင်းလဲပြီး လေထုအတွင်း၌ ထွက်ပေါ်လာပေ၏။သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် မိုးကောင်းပင်ကိုပင် ပိတ်ဖုံးလုမတက်ပင်။
ဤအချိန်အခိုက်အတန့်တွင် ထိုက်ချွမ်တောင်အတွင်းရှိ မြောက်များစွာသောမှော်သားရဲများသည် သူတို့၏သွေးမျိုးဆက်မှ မြစ်ဖျားခံလာသော ဖိအားအရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူတို့အားလုံး မြေပြင်ပေါ်၌ ဝပ်တွားလိုက်ကြသည်။
"ဒါက နဂါးကြီးလား"
ယခုလက်ရှိနေရာ၌ရှိနေသူအားလုံး ကြက်သေသေသွားပေ၏။
ယခင်က အောင်းကွမ်းသည် လုယွီ၏နောက်သို့လိုက်နေသည်ကို သူတို့မြင်ကြသော်လည်း အစေခံတစ်ယောက်ဟုသာ တွေးထင်ခဲ့ကြသည်။မမျှော်လင့်ဘဲ ထိုလူလတ်ပိုင်းကြီးသည် ဒဏ္ဍါရီလာလက်သည်းငါးချောင်းရွှေရောင်နဂါး ဖြစ်နေပေ၏။
"စောင့်ပါဦးဟ...ဘယ်လိုကောင်မျိုးက ငါ့ရဲ့ဘိုးဘေးလေးကို ရန်စတာလဲဆိုတာ ငါ ကြည့်ချင်လို့ပါ"
တာဟေးသည် အောင်းကွမ်း၏နဂါးဦးချိုပေါ်သို့ ခုန်တက်လိုက်၏။
လုယွီသည် ရွှေရောင်နဂါး၏နောက်ကျောပေါ်သို့တက်ပြီး တာလျန့်နိုင်ငံတော်၏လုံကျင်းမြို့တော်သို့ ဦးတည်၍ ထွက်ခွာခဲ့သည်။
Chapter 1532
လုံကျင်းမြို့တော်၏နန်းတော်...
တစ်ချိန်က တော်ဝင်မိသားစု၏အထိမ်းအမှတ်ဖြစ်သော နန်းတော်အတွင်းတွင် ယခုလက်ရှိအချိန်၌ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများနှင့် ပြည့်နှက်နေသည်။
ဗုဒ္ဓကျင့်ကြံသူများ နန်းတော်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ဧကရာဇ်မင်းမှသည် အစေခံငယ်လေးများအထိ နေ့စဥ်နေ့တိုင်း ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုကြရသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဗုဒ္ဓကျမ်းစာရွတ်ဆိုမှု ရပ်တန့်လိုက်သည်ကို ရှာဖွေတွေ့ရှိသွားပါက အနည်းဆုံး ထိုသူသည် ကြိမ်ဒဏ်အချက်များစွာ ရိုက်နှက်ခံရမည်ဖြစ်ပြီး ပြင်းထန်ပါက သေဒဏ်ပေးခံရသည်။
ဤှအချိန်အခိုက်အတန့်တွင် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများမှလွဲ၍ နန်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
နန်းတော်၏မြောက်ဘက်ရှိ ခမ်းနားထည်ဝါသောနန်းဆောင်တစ်ခုအတွင်း၌ ဘုန်းတော်ကြီးတစ်ပါး၏ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံ ထွက်ပေါ်နေသည်။ထိုအချိန်မှာပင် နန်းဆောင်တံခါးပွင့်သွားပြီး ဝဖြိုးသောဘုန်းတော်ကြီးတစ်ပါး အတွင်းသို့ဝင်ရောက်လာသည်။
"ဆရာတော်...ဒီတစ်ကြိမ် ကျွန်တော်အပြင်သွားတာ ဘယ်မိန်းကလေးမှ ရှာမတွေ့ခဲ့ဘူး...ဒါပေမယ့် ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့တယ်...သူက သာမာန်မဟုတ်ဘဲ ထူးခြားနေတယ်လို့တွေးမိတာနဲ့ ကျွန်တော် သူ့ကို ဒီခေါ်လာခဲ့တယ်"
အနီရောင်ဝတ်စုံဝတ်ဘုန်းကြီးတစ်ပါးက လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"ကလေးမလေးလား... အဓိပ္ပါယ်မရှိလိုက်တာ"
ဘုရားကျောင်းသခင်က အော်ငေါက်လိုက်၏။
"သူ့ကိုမြင်တာနဲ့ ဆရာတော် နားလည်သွားပါလိမ့်မယ်"
အနီရောင်ဝတ်စုံဝတ်ဘုန်းကြီးသည် သူ၏နောက်ရှိ နျူနျူကို အလျှင်အမြန် ရှေ့သို့ပို့လေသည်။
ဤအချိန်အခိုက်အတန့်တွင် နျူနျူသည် ပြင်းထန်သောမေ့ဆေးကြောင့် သတိလစ်မေ့မျောနေပေ၏။သူမက နှစ်ခြိုက်စွာအိပ်မောကျနေသကဲ့သို့ သူမ၏မျက်လုံးများကို စုံမှိတ်ထားသည်။
ဘုရားကျောင်းသခင်သည် နျူနျူကိုမြင်သည်နှင့် အနည်းငယ်ကြက်သေသေသွားသည်။ရုတ်ချည်းဆိုသလိုပင် သူ၏အင်္ကျီလက်မောင်းကြားမှ မှော်ရတနာတစ်ခုကိုထုတ်ယူပြီး ရွှေရောင်အလင်းတန်းအား နျူနျူ၏နဖူးထံ ပစ်လွှက်လိုက်သည်။
ထိုရွှေရောင်အလင်းတန်း ကျရောက်သွားသည်နှင့် နျူနျူ၏နဖူးမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပေ၏။
"အရောင်အသွေးစုံအလင်းတန်း...ဒါက အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်ပဲ...ငါက ဒီလိုစုတ်ပြတ်သတ်နေတဲ့နေရာမျိုးမှာ ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်မထားမိဘူး...ဟား ဟား ဟား"
ဘုရားကျောင်းသခင်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောနေသည်။
အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးသည်လည်း အလွန်စိတ်လှုပ်ရှားနေပေ၏။
"ဆရာတော်....ဒါက တကယ်ကိုပဲ ဗုဒ္ဓအလိုရှိနေတဲ့ အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်လား"
"ဒါက အမှားအယွင်းမရှိနိုင်ဘူး....ဖြူစင်သန့်ရှင်းပြီး အပြစ်အနာအဆာကင်းတဲ့ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့ကလေးတွေကသာ....ဒီမှော်ရတနာကနေ ရောင်စုံအလင်းတန်းကို ထွက်ပေါ်စေနိုင်စွမ်းရှိတယ်"
ဘုရားကျောင်းသခင်၏မျက်နှာ ဝင်းလက်တောက်ပနေသည်။
သူတို့သည် ပြင်ပသို့မကြာခဏထွက်နေရသည့်အကြောင်းအရင်းမှာ ဗုဒ္ဓသည် အပြစ်အနာအဆာမဲ့ ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်အား အလိုရှိသဖြင့် ရှာဖွေခိုင်းထားသောကြောင့်ဖြစ်သည်။
အကယ်၍ ထိုကလေးငယ်အား တစ်စုံတစ်ယောက်မှ ရှာဖွေတွေ့ရှိပါက ထိုသူသည် ဗုဒ္ဓ၏အကြီးအကျယ် ချီးမြှောက်ခြင်းခံရပေမည်။
"မြန်မြန်...ဗုဒ္ဓကို သွားအကြောင်းကြားရအောင်...ငါတို့ အခုချက်ချင်း ကူးပြောင်းရေးဝင်္ကပါတစ်ခု ခင်းကျင်းရမယ်...တခြား ဘုရားကျောင်းသခင်တွေ ဒီအကျိုးအမြတ်ကို လုယူခံလို့မဖြစ်ဘူး"
ဘုရားကျောင်းသခင်က အလျှင်အမြန် ပြောဆိုသည်။
ဗုဒ္ဓဂိုဏ်းတွင် ဘုရားကျောင်းများ၏ကိုယ်ပိုင်အင်အားစု တည်ထောင်ခြင်းအား ကန့်သတ်မထားချေ။အကယ်၍ တခြားဘုရားကျောင်းများကသာ အပြစ်အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်ရှိကြောင်း သိသွားပါက လာရောက်လုယူကြပေမည်။
အနီရောင်ဝတ်ဘုန်းတော်ကြီးများသည် တခြားဘုရားကျောင်းသခင်များ အစွမ်းထက်ပုံကိုသိရှိသဖြင့် သူက ကူးပြောင်းရေးဝင်္ကပါခင်းကျင်းပေးမည့်သူအားရှာဖွေရန် ထွက်ခွာသွားတော့သည်။
နျူနျူသည် ကလေးမလေးတစ်ယောက်ဖြစ်သဖြင့် သူမအတွက် ကူးပြောင်းရေးဝင်္ကပါခင်းကျင်းခြင်းမှာ အချိန်များစွာကြာမြင့်ခြင်းမရှိချေ။မကြာမီမှာပင် ကူးပြောင်းရေးဝင်္ကပါ ခင်းကျင်းပြီးသွားခဲ့သည်။
ဘုရားကျောင်းသခင်က အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးအား ပြောဆိုလိုက်သည်။
"ဒီကလေးမလေးကိုခေါ်ပြီး မြင့်မြတ်ကျားကိုယ်တော်ဆီ ချက်ချင်းသွားတော့...သူက ငါတို့ရဲ့ စိတ်ဝိညာဥ်ဖုံးကွယ်ဘုရားကျောင်းကလူပဲ...တကယ်လို့ သူ့ဆီကိုသာ အပြစ်အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ် လွှဲပြောင်းပေးလိုက်ရင်...သူ ဗုဒ္ဓဆီကနေ ငါတို့အတွက် အကျိုးအမြတ်တွေအများကြီးတောင်းခံပေးမှာသေချာတယ်"
အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးသည် ထပ်ခါတလဲလဲခေါင်းညိမ့်ပြပြီး နျူနျုကိုခေါ်ဆောင်၍ ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ကူးပြောင်းရေးဝင်္ကပါ၏အထက်ရှိ လေထုပုံပျက်သွားခြင်းနှင့်အတူ အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးနှင့်နျူနျူ၏ပုံရိပ် ချက်ချင်းပင် လေဟာနယ်အတွင်း၌ ပျောက်ကွယ်သွားလေ၏။
အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီး ထွက်ခွာသွားသည်ကိုကြည့်ပြီး ဘုရားကျောင်းသခင်၏မျက်နှာထက်၌ ပျော်ရွှင်ဝမ်းမြောက်သောအမူအယာများ ထင်ဟပ်နေသည်။
အပြစ်အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်ကိုသာ လွှဲပြောင်းပေးပြီးပါက သူ ဤကဲ့သို့သေးနုပ်သောနေရာမျိုး၌ နေထိုင်ရတော့မည်မဟုတ်ချေ။သူသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းကာ အနောက်သုခဘုံ၏ပင်မတပည့်အဖြစ်နှင့် ပို၍နက်နဲသိမ်မွေ့သောဗုဒ္ဓကျမ်းစာများကို သင်ယူနိုင်ပေမည်။
ဘုရားကျောင်းသခင်သည် နန်းတော်၏အမြင့်မားဆုံးနေရာသို့သွားပြီး အဝေးသို့လှမ်းမျှော်ကြည့်လိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိပြုမိပေ၏။
"ဘာလဲ...ငါ တည်ဆောက်ထားတဲ့ ဗုဒ္ဓရုပ်ပွါးတော် ဘယ်ရောက်သွားတာလဲ"
ဘုရားကျောင်းသခင်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ထိုဗုဒ္ဓရုပ်ပွါးတော်ကြီးအား ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ သွန်းလောင်းထားခြင်းဖြစ်သည်။နန်းတော်၏မည်သည့်နေရာမှဖြစ်စေ မော့ကြည့်ပါက မြင့်မားသောဗုဒ္ဓရုပ်ပွါးတော်ကြီးကို မြင်တွေ့နိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဗုဒ္ဓရုပ်ပွါးတော်ကြီးသည် သူ၏မြင်ကွင်းမှ ပျောက်ကွယ်နေပေ၏။
Chapter 1533
"ဆရာတော်...လုံကျင်းမြို့တော်က ဗုဒ္ဓရုပ်ပွါးတော် ပျက်စီးသွားပြီ"
ထိုအချိန်မှာပင် မီးခိုးရောင်ဝတ်စုံဝတ်ဘုန်းကြီးတစ်ပါးသည် အံ့အားသင့်တုန်လှုပ်သောအမူအယာဖြင့် အပြေးရောက်ရှိလာသည်။
ထိုစကားကိုကြားသည်နှင့် ဘုရားကျောင်းသခင်၏မျက်လုံး မီးဝင်းဝင်းတောက်သွားပေ၏။
"ဘယ်သူလုပ်တာလဲ"
"ကျွန်တော်ကြားထားသလောက်တော့ အမတ်ကြီးတစ်ယောက်ရဲ့သား လူငယ်တစ်ယောက်ပဲ....ဗုဒ္ဓရုပ်ပွါးတော်ကိုစောင့်ကြပ်တဲ့ ကျွန်တော်တို့ရဲ့တပည့်သာဝကတွေအားလုံးလည်း အဲ့ဒီကောင်လေးက သတ်ဖြတ်ခဲ့တယ်"
"အမတ်ကြီးတစ်ယောက်ရဲ့သားလား"
ဘုရားကျောင်းသခင်၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်သွားသည်။
"ဒီလိုစုတ်ပြတ်နေတဲ့သေမျိုးနိုင်ငံက ခွေးမသားတစ်ကောင်ကများ...ငါ့ရဲ့တပည့်တွေကို သတ်ဝံ့တယ်ပေါ့လေ"
မီးခိုးရောင်ဝတ်စုံဝတ်ဆင်သည့် ဘုန်းတော်ကြီးများသည် ဘုရားကျောင်းများအားလုံး၌ အဆင့်နိမ့်ဆုံးအဆင့်အတန်းရှိသူများဖြစ်သည်။
သို့သော် ထိုသို့ဆိုသည့်တိုင် သူတို့သည်လည်း ကျင့်ကြံသူများဖြစ်ပေ၏။သူတို့သည် အစစ်အမှန်ကျင့်ကြံသူများဖြစ်သဖြင့် သာမာန်လူများသည် သူတို့အားယှဥ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဗုဒ္ဓရုပ်ပွါးတော်အား စောင့်ရှောက်ရန် သူ စေလွှက်ခဲ့သောလူအားလုံး အသတ်ခံလိုက်ရလေပြီ။
မီးခိုးရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးသည် ဘုရားကျောင်းသခင်၏နည်းလမ်းများအကြောင်း တွေးတောမိသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားကာ အလျင်စလိုပြောဆိုလိုက်၏။
"ကျွန်တော်တို့က အဲ့ဒီနေရာမှာရှိတဲ့သေမျိုးတွေကို ခေါ်ဆောင်ထားပါတယ်...သူတို့ကို စစ်ဆေးလိုက်ရမလား"
"သွား....သွားပြီးစစ်ဆေးစမ်း"
ဘုရားကျောင်းသခင်၏မျက်နှာက သုန်မှုန်နေပြီး သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
အကယ်၍ ယခင်ကဆိုလျှင် မည်သည့်ကိစ္စမျိုးဖြစ်နေပါစေ သူ၏တပည့်များကိုစေလွှက်၍ ဖြေရှင်းခိုင်းခဲ့သည်။
သို့ရာတွင် ယခုမူကား တစ်ဖက်လူသည် အလွန်အမင်းမောက်မာကာ သူ တည်ဆောက်ထားသော ဗုဒ္ဓရုပ်ပွါးတော်ကြီးကို ဖြိုချဖျက်ဆီးခဲ့သည်။ဤသည်က သူ့အား ပါးဖြတ်ရိုက်ခြင်းဟု ယူဆနိုင်သည်။
ဘုရားကျောင်းသခင်သည် ဗုဒ္ဓဂိုဏ်း၏ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက်ဖြစ်သည်။မည်သည့်နည်းဖြင့် ဤသို့သောရန်စစော်ကားမှုမျိုးကို သူ သည်းခံနိုင်မည်နည်း။
"ငါက သာမာန်သေမျိုးတွေကိစ္စမှာ ဝင်ရောက်ပတ်သက်လိုစိတ်မရှိဘူး...ဧကရာဇ်မင်းကို ဒီနေရာခေါ်လာခဲ့စမ်း"
ဘုရားကျောင်းသခင်က ပြောဆိုသည်။
တာလျန့်နိုင်ငံတော်၏နန်းတော်.....ချမ့်ယွမ်နန်းဆောင်...
"ဘုရားကျောင်းသခင်က ကျွန်တော်တို့အတွက် တရားမျှတမှုကို ယူဆောင်ပေးပါ"
"ကျွန်တော်တို့အားလုံးက ဗုဒ္ဓကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်တဲ့ ယုံကြည်သက်ဝင်သူတွေပါ...ကျွန်တော်တို့ရဲ့မိသားစုတွေမှာရှိတဲ့ ငွေကြေးတွေအားလုံးကိုလည်း လှုဒါန်းပြီးပါပြီ...ကျွန်တော်တို့က အဲ့ဒီကောင်လေးရဲ့ကြံရာပါတွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဟုတ်ပါတယ်...လုမိသားစုသခင်လေးက အရမ်းမောက်မာပြီး အရင်တော်ဝင်မိသားစုဝင်တွေကိုတောင် သတ်ဖြတ်ခဲ့တာ...အခု သူ ပြန်ရောက်လာပြီး ဗုဒ္ဓရုပ်ပွါးတော်ကို ဖျက်ဆီးပစ်လိုက်တယ်...ဒါက ဗုဒ္ဓကို မရိုမသေမလေးမစားလုပ်တာပဲ"
အထက်တန်းလွှာများနှင့်အရာရှိများသည် ခန်းမတစ်ခုအတွင်း၌ ဒူးထောက်ပြီး ငိုကြွေးမြည်တမ်းနေကြ၏။
လုယွီသည် ဗုဒ္ဓရုပ်ပွါးတော်ကို ဖျက်ဆီးခဲ့ပြီးနောက် သူတို့အားလုံး ဤနေရာသို့ အပြေးလာခဲ့သည်။သူတို့သည် ဗုဒ္ဓဘုန်းတော်ကြီးများအား လိပ်ပြာလွင့်လုမတက် ကြောက်ရွံရသည်။
လုယွီ မည်မျှထိ သန်မာအားကောင်းနိုင်မည်နည်း။သူသည် ဘုရားကျောင်းသခင်ထက် ပို၍အားကောင်းမည်မဟုတ်ချေ။
လုယွီသည် သူ့သေလမ်းသူရှာသည်မှာ အဆင်ပြေသော်လည်း ထိုကိစ္စအတွင်းသို့ သူတို့အားဆွဲသွင်းခြင်းမခံနိုင်ချေ။
ထို့ကြောင့် အထက်တန်းလွှာတစ်စုသည် နန်းတော်အတွင်းသို့ အလျင်စလိုပြေးလာပြီး သူတို့၏ကိုယ်ပိုင်သဘောဆန္ဒအလျောက် ခွင့်လွှတ်မှုရရှိရန် အသနားခံတောင်းပန်နေကြ၏။
ဧကရာဇ်မင်းသည် နဂါးပလ္လင်ပေါ်၌ သုန်မှုန်နေသောမျက်နှာအမူအယာဖြင့်ထိုင်နေပြီး ထိုအထက်တန်းလွှာများကိုကြည့်နေသည်။
အတိတ်တွင် ထိုလူစုသည် နန်းတော်၏အရေးပါသူများဖြစ်ပြီး တာလျန့်နိုင်ငံတော်အား သစ္စာစောင့်သိပါမည်ဟု အမြဲတစေပြောဆိုခဲ့သည်။
သို့ရာတွင် ဗုဒ္ဓဂိုဏ်းဝင်များရောက်ရှိလာချိန်တွင် သူတို့အားလုံးသည် ချက်ချင်းပင် ဘက်ပြောင်း၍ သစ္စာခံခဲ့ကြ၏။
အကယ်၍ ဗုဒ္ဓဂိုဏ်းဝင်များ သူ့ကိုသတ်ဖြတ်ပစ်လျှင်ပင် ထိုလူတစ်စုသည် မည်သည့်သနားကြင်နာမှုမျှရှိမည်မဟုတ်ဟု ဧကရာဇ်မင်းက သံသယဝင်နေမိသည်။
"ဟမ့်...အမှိုက်တစ်သိုက်ပဲ....အမွှေးအတောင်မစုံသေးတဲ့ကောင်လေးတစ်ယောက်ကိုများ ကြောက်နေကြတယ်"
လုယွီ ယခင်ကပြုလုပ်ခဲ့သည့် ကိစ္စများကို ဘုရားကျောင်းသခင် ကြားသိချိန်တွင် သူက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတချို့ကိုသာ သတ်ဖြတ်နိုင်ခဲ့ခြင်း မဟုတ်လော။ထိုကျင့်ကြံဆင့်နယ်ပယ်ရှိကျင့်ကြံသူများသည် အလွန်အားနည်းပေ၏။အကယ်၍ သာမာန်သေမျိုးများသည် တချို့နည်းလမ်းများကိုအသုံးပြုလျှင်ပင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည်။
အထူးသဖြင့် လုယွီသည် ယခင်နှစ်အနည်းငယ်အကြာက ရှီထျန်းနယ်ပယ်ကျင့်ကြံသူသာဖြစ်သည်ဟု သူ ကြားရချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှ လှောင်ပြောင်သရော်လိုက်သည်။
"ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်....သူ့ကိုနန်းတော်တံခါးဝကနေ ငါရှိတဲ့နေရာထိ ဒူးထောက်ပြီးလာခိုင်းရမယ်....ငါက သူ့မိသားစုရဲ့အသက်ကို ချမ်းသာပေးမယ်...မဟုတ်လို့ကတော့ ငါက သောက်ယုံဖျင်အမတ်ကြီးဆိုတဲ့ကောင်ရဲ့ မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်"
ဘုရားကျောင်းသခင်က အော်ဟစ်ပြောဆိုပြီး သူ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးသောအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။
ဧကရာဇ်မင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ဘုရားကျောင်းသခင်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လေ...ဒီလိုမျိုးကလေးတစ်ယောက်နဲ့ ကပ်တွက်မနေသင့်ဘူး"
Chapter 1534
ဧကရာဇ်မင်း၏စကားကိုကြားသည်နှင့် ချမ့်ယွမ်နန်းဆောင်သည် ချက်ချင်းဆိုသလို ငြိမ်အတိကျသွားသည်။
ဘုရားကျောင်းဆရာသခင် စကားမပြောမီမှာပင် တခြားအမတ်ကြီးများက မတ်တတ်ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"အရှင်မင်းကြီးရဲ့စကားတွေက မှားယွင်းနေတယ်"
"ဘုရားကျောင်းသခင်က ကျွန်တော်တို့တာလျန့်နိုင်ငံတော်အတွက် ဗုဒ္ဓရုပ်ပွါးတော်ကြီး တည်ဆောက်ထားပေးတာ ကြီးမားတဲ့ကုသိုလ်ကောင်းမှုပါ....အဲ့ဒီကောင်လေးက ဖျက်ဆီးပစ်ဝံ့မှတော့ ကျွန်တော်တို့ရဲ့ဗုဒ္ဓကို သူက ရိုသေလေးစားမှုမရှိဘူးဆိုတာ သိသာထင်ရှားနေတယ်"
"အဲ့ဒီအပြုအမူမျိုးကို ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်...လုမိသားစုက သူတို့ရဲ့မိသားစုဝင်ကို ကောင်းကောင်းသွန်သင်ဆုံးမနိုင်ခြင်းမရှိမှတော့ သူတို့လည်း အပြစ်ခံယူသင့်တယ်....ကျွန်တော်တို့က အဲ့ဒီသစ္စာဖောက်တွေရဲ့ ဆွေစဥ်မျိုးဆက်ကိုးဆက်လုံးကို အမြစ်ပြတ်သုတ်သင်ရမယ်"
ဧကရာဇ်မင်းသည် ထိုအမတ်ကြီးများကို စူးစူးဝါးဝါးကြည့်နေပြီး သူ၏မျက်လုံးများက သွေးနီရောင်သန်းနေပေ၏။ရုတ်တရက် ကူကယ်ရာမဲ့သောခံစားချက်မျိုး သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။
ဘုရားကျောင်းသခင် စိတ်ကျေနပ်စေရန်အလို့ငှါ ထိုလူစုသည် သူ့အား မျက်စိထဲပင်ထည့်မထားကြတော့ချေ။
ဘုရားကျောင်းသခင်သည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် သရော်တော်တော်ပြောဆိုလိုက်၏။
"ဒီတစ်ကြိမ်တော့ ငါကိုယ်တိုင်လှုပ်ရှားမယ်...အဲ့ဒီလုမိသားစုက ခွေးတစ်ကောင်ကြောင်တစ်မြှီးမှ အသက်ရှင်ရက် မကျန်စေရဘူး"
သူသည် အပြစ်အနာအဆာမဲ့ကျောက်စိမ်းကလေးငယ်ကို ပေးအပ်ပြီးဖြစ်၍ ဗုဒ္ဓထံမှ ဆုလာဘ်များစွာရရှိပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူ ပျင်းရိနေသည့်အတွက် စိတ်အပန်းဖြေစရာရရှိပေ၏။သေမျိုးမိသားစုတစ်စုကို သတ်ဖြတ်ခြင်းသည် သူ၏လက်ခုပ်တွင်းမှ ပုရွတ်ဆိတ်များ စူးရှနာကျင်စွာ အော်ဟစ်နေကြသည့်အလား သူ့အား ပျော်ရွှင်မှုကို ခံစားရစေသည်။
ဘုန်းတော်ကြီးက စိတ်ကျေနပ်စွာ ပြုံးနေချိန်တွင် ရုတ်တရက် နန်းတော်၏အထက်ကောင်းကင်ယံမှ ကျယ်လောင်သောနဂါးဟိန်းဟောက်သံကို ကြားလိုက်ရသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က အဘက်ဘက်သို့ ပျံ့နှံ့လာပေ၏။
ဝုန်း....
အုတ်ချပ်များ ပြုတ်ကျလာသောအသံကိုလည်း ကြားနေရသည်။
ရုတ်ချည်းဆိုသလိုနီးပါးပင် ချမ့်ယွမ်နန်းဆောင်၏အထက်ရှိခေါင်မိုးတစ်ခုလုံးသည် လေပြင်းတစ်ချက်တိုက်ခတ်လာမှုနှင့်အတူ လွင့်ထွက်သွားတော့သည်။
နန်းဆောင်အတွင်းမှလူများသည် ထိတ်လန့်တကြား မော့ကြည့်လိုက်ကြရာ သူတို့အားစူးစိုက်ကြည့်နေသော ဧရာမနဂါးဦးခေါင်းကြီးကို တွေ့မြင်မိသည်။
နဂါးသည် သေမျိုးနိုင်ငံမှလူများအတွက် မမြင်တွေ့ဖူးသော ဒဏ္ဍါရီလာမှော်သားရဲဖြစ်သဖြင့် သူတို့အားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
လုယွီသည် နဂါးဦးချိုပေါ်၌ မတ်တတ်ရပ်ပြီး ခက်ထန်တင်းမာသောအသံဖြင့် မေးမြန်းသည်။
"ငါ့ရဲ့မိသားစုကို အမြစ်ပြတ်သုတ်သင်ချင်တာ ဘယ်ကောင်တွေလဲ"
ဤအချိန်အခိုက်အတန့်တွင် ဘုရားကျောင်းသခင်၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူ၏စိတ်နှလုံးသားတစ်ခုလုံး ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်သွားပေ၏။
ဤသည်က မည်ကဲ့သို့အခြေအနေမျိုးဖြစ်သနည်း။
လက်သည်းငါးချောင်းရွှေရောင်နဂါးသည် နဂါးမျိုးနွယ်၏ အမြင့်မြတ်ဆုံးသောတည်ရှိမှုကြီးပင်။ယေဘုယျအားဖြင့် ပင်လယ်လေးစင်းမှနဂါးမျိုးနွယ်များ၏ တော်ဝင်မိသားစုတွင်သာ တွေ့ရှိရသည်။ကျင့်ကြံသူများပင်လျှင် ထိုနဂါးများအား မြင်တွေ့နိုင်ရန် လွန်စွာခက်ခဲသည်။
ဘုရားကျောင်းသခင်သည် သူ၏ရှေ့ရှိ ဧရာမနဂါးကြီးထံမှ မြင့်မြတ်ပြီးခမ်းနားထည်ဝါသော အရှိန်အဝါကို ခံစားမိသဖြင့် သူ၏စိတ်နှလုံးသား မွန်းကြပ်သွားပေ၏။
"လာကြစမ်း...သူ့ကို သွားသတ်ကြစမ်း"
ဘုရားကျောင်းသခင်သည် နဂါးကြီးထံမှ ခြိမ်းခြောက်နိုင်မှုကို ခံစားမိသဖြင့် နောက်သို့ဆုတ်ပြီး အမိန့်ပေးလိုက်သည်။
သူ၏နောက်မှနေ၍ အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများသည် နတ်ဆိုးမှော်သားရဲများကိုစီးနင်း၍ ဒေါသတကြီး တဟုန်ထိုးပြေးထွက်လာကြ၏။
အောင်းကွမ်းသည် ထိုဘုန်းကြီးတစ်စု၏နတ်ဆိုးမှော်သားရဲများကိုမြင်သည်နှင့် သူက ချက်ချင်းပင် ပြက်ရယ်ပြုရယ်မောလိုက်သည်။
ဤသည်က မြေနဂါးများပင်။
မြေနဂါးများသည် နဂါးသွေးအနည်းငယ်သာပါသော သက်ရှိများဖြစ်ပြီး အစစ်အမှန်နဂါးမျိုးနွယ်မဟုတ်ချေ။
"နိမ့်ကျတဲ့ အမှိုက်တစ်သိုက်ကများ...ဒီဘုရင်ရဲ့ရှေ့ကနေ ထွက်သွားစမ်း"
အောင်းကွမ်း၏အော်ဟစ်ကြုံးဝါးသံတွင် ရောယှက်နေသော နဂါးအရှိန်အဝါသည် ကောင်းကင်ယံတိုင် ထိုးတက်သွားပေ၏။
လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား မြေနဂါးများသည် တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်၌တွားသွားပြီး စူးရှနာကျင်စွာအော်ဟစ်ကာ သူတို့အား ယခင်ကယဥ်ပါးစေခဲ့သည့် အနီရောင်ဝတ်ဘုန်းတော်ကြီးများကို လျစ်လျှူရှု၍ ထွက်ပြေးကြတော့သည်။
"အတင့်ရဲလိုက်တာ"
ဘုရားကျောင်းသခင်သည် လက်သင်္ကေတစ်ခု ဖွဲ့စည်းလိုက်ရာ လေထုအတွင်း၌ ဧရာမရွှေရောင်စည်းတံဆိပ်ကြီးတစ်ခုအဖြစ် သိပ်သည်းသွားပြီး အောင်းကွမ်းထံသို့ တိုးဝင်သွားပေ၏။
ဘုန်း...
ထိုဧရာမရွှေရောင်စည်းတံဆိပ်သည် ရွှေရောင်အလင်းတန်းများဖြာထွက်နေပြီး အောင်းကွမ်း၏ခန္ဓာကိုယ်အား ရိုက်ခတ်မိသည်။
အောင်းကွမ်းသည် ထိုတိုက်ခိုက်မှုကိုခံယူပြီးနောက် သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအပြုံးမျိုးရှိနေသည်။
"မင်းက ငါ့ကို ထပ်ပြီးကလိထိုးချင်သေးတာလား"
အောင်းကွမ်း၏လက်သည်းကုတ်ချက်သည် ဘုရားကျောင်းသခင်ထံသို့ ကျဆင်းသွားတော့သည်။
ဘုရားကျောင်းသခင်သည် အဝိုင်းသေးနယ်ပယ်ကျင့်ကြံသူသာဖြစ်၍ အောင်းကွမ်း၏ရှေ့၌ မည်သို့မျှခုခံကာကွယ်နိုင်စွမ်းမရှိချေ။
"အဟွတ်...အဟွတ်....အတော်ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးမှော်သားရဲပဲ...ငါက အနောက်ဘက်သုခဘုံ...."
ဘုန်းတော်ကြီး၏ပါးစပ်မှ ချောင်းတဟွတ်ဟွတ်ဆိုးကာ သွေးများအန်ထွက်လာပြီး သူ၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးမျိုးရှိနေသည်။
"ကျုပ်က ခင်ဗျားရဲ့အနောက်ဘက်သုခဘုံကိုလည်း သောက်ဂရုမစိုက်ဘူး"
လုယွီသည် ဘုရားကျောင်းသခင်အား စကားဆုံးအောင်ပင် ပြောခွင့်မပေးဘဲ သူက ရှေ့သို့တိုးကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
Chapter 1535
လုယွီ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် ဘုရားကျောင်းသခင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး စူးရှကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လုယွီ၏ကျင့်ကြံဆင့်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ ကန့်သတ်ခံထားရသော်လည်း အဝိုင်းသေးနယ်ပယ်ကျင့်ကြံသူတစ်ယောက် ခုခံနိုင်မည့်စွမ်းအားမျိုးမဟုတ်ချေ။
အချိန်တခဏကြာပြီးနောက်...
လုယွီသည် ဘုရားကျောင်းသခင်၏ရုပ်အလောင်းကို နံဘေးသို့ပစ်လွှက်လိုက်၏။
"အပြစ်အနာအဆာမဲ့ကျောက်စိမ်းစိတ်ဝိညာဥ်ကလေးငယ်...အနောက်ဘက်သုခဘုံတဲ့လား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဘုရားကျောင်းသခင်၏မှတ်ဥာဏ်များအရ ဗုဒ္ဓဂိုဏ်းတွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများ လျှို့ဝှက်ပြီးနေနေသည်။
ထိုအစွမ်းထက်ဗုဒ္ဓကျင့်ကြံသူများနှင့် နှိုင်းယှဥ်ပါက ဤဘုန်းကြီးများသည် ပင်လယ်သမုဒ္ဒရာအတွင်းမှ ရေတစ်ပေါက်သာဖြစ်သည်။
ဘုရားကျောင်းသခင်များ အုပ်စိုးရသည်မှာ အလယ်အလတ်တန်းစားဘုရားကျောင်းများသာဖြစ်ပြီး ထိုလူများ၏ခွန်အားသည် အနောက်ဘက်သုခဘုံသို့ဝင်ရောက်ရန် လုံလောက်ခြင်းမရှိချေ။
ဘုရားကျောင်းသခင်၏မှတ်ဥာဏ်များအတွင်း၌ အနောက်ဘက်သုခဘုံသို့ ဝင်ခွင့်ရသူများသည် ဗုဒ္ဓဘာသာလမ်းစဥ်၏ လက်ရွေးစင်ကျင့်ကြံသူများဖြစ်သည်။ဘုရားကျောင်းသခင်ကဲ့သို့လူစားမျိုးများသည် ဂိုဏ်းအကျိုးဆောင်ရမှတ်များစုဆောင်းခြင်း သို့မဟုတ် သူတို့၏ခွန်အားကိုမြှင့်တင်နိုင်ခြင်းဖြင့်သာ ထိုနေရာသို့ ဝင်ရောက်နိုင်သည်။
နျူနျူအား အနောက်ဘက်သုခဘုံသို့ ပေးအပ်လိုက်ခြင်းမှာ ဘုရားကျောင်းသခင်သည် အနောက်ဘက်သုခဘုံသို့ ဝင်ရောက်ခွင့်ရစေရန်ဖြစ်ပေ၏။
"ငါ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုပြန်လာတာ ငါ့ရဲ့မိသားစုဆီကို အလည်အပတ်သဘောမျိုးပဲ ..ဒါပေမယ့် မင်းတို့ရဲ့လက်တံကရှည်လျားလွန်းပြီး ငါ့မိသားစုကိုတောင် လာထိဝံ့တယ်"
လုယွီ၏မျက်လုံးအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ကြာရှည်ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ချေ။
သူသည် ပတ်ဝန်းကျင်ရှိ အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများကို စောင်းငဲ့ကြည့်ပြီး ခေါင်းဖြတ်ဓားကို ပစ်လွှက်လိုက်၏။ဘုန်းခနဲအသံ တစ်သံပြီးတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ဘုန်းတော်ကြီးများအားလုံး မြေပြင်ပေါ်သို့လဲကျပြီး သွေးများကအိုင်ထွန်းနေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လက်ရှိနေရာရှိ ဘုန်းတော်ကြီးများအားလုံး သေဆုံးသွားလေပြီ။
ချမ့်ယွမ်နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
အထူးသဖြင့် လုယွီအားသတ်ဖြတ်ရန် အစောပိုင်းကအော်ဟစ်နေကြသော အထက်တန်းလွှာများသည် သူတို့၏ပါးများကို ဖြတ်ရိုက်ခံရသကဲ့သို့ နေရာတွင်ပင် ကြက်သေသေနေသည်။
သူက လူသားတစ်ယောက်ပင် ဟုတ်ပါလေစ။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က လုယွီသည် လုံကျင်းမြို့တော်ရှိလူများအားလုံး၏ ပြက်ရယ်ပြုလှောင်ပြောင်ခြင်းကိုခံရသော အမှိုက်ကောင်ဖြစ်သည်။
သူ၏နတ်ဘုရားဆန်သော အရည်အချင်းကို ထုတ်ဖော်ပြသလိုက်ချိန်တွင် လုံကျင်းရှိလူတိုင်း တုန်လှုပ်ချောက်ချားခဲ့ရသည်။ယခုလက်ရှိအချိန်၌ ဘုရားကျောင်းသခင်ပင် သူ၏ပြိုင်ဘက်မဟုတ်တော့ချေ။
ဒေါက်.....
အစောပိုင်းက လုယွီအားသတ်ဖြတ်ရန် အော်ဟစ်ခဲ့သော အထက်တန်းလွှာသည် ဒူးထောက်ပြီး အသနားခံတောင်းပန်လေ၏။
"လုယွီ...ငါ ခုဏက ဒီအတိုင်းပြောလိုက်မိတာပါ...ကျေးဇူးပြုပြီး မင်း အလေးအနက်မထားပါနဲ့"
"အမှန်ပဲ...ငါတို့က အဲ့ဒီနတ်ဆိုးဘုန်းကြီးတွေကို လှည့်ဖျားဖို့ ကြိုးစားနေကြတာ...မင်းရဲ့အဖေက ငါတို့တာလျန့်နိုင်ငံတော်ကို တည်ထောင်တဲ့နေရာမှာ အများကြီးအကျိုးဆောင်ပေးခဲ့တာ....ငါတို့ ခုထိလည်း လုမိသားစုကိုမှီခိုနေရတုန်းပဲ"
"ဒါက နားလည်မှုလွဲမှားတာသက်သက်ပါ...ဟား ဟား ဟား...ငါတို့က ဒါကို အပြောင်အပျက်အနေနဲ့ပြောနေကြတာ"
အထက်တန်းလွှာတစ်စုက ချက်ချင်းပင် အပြုံးများနှင့် ပြောဆိုလိုက်ကြသည်။
လုယွီ၏လျှပ်ပြက်သကဲ့သို့ တိုက်ခိုက်မှုကိုကြည့်ပြီး သူတို့အားလုံး တုန်လှုပ်ချောက်ချားခဲ့ရသည်။သူတို့အားလုံးကို လုယွီသတ်ဖြတ်မည်အား ကြောက်ရွံနေကြ၏။
"အပြောင်အပျက်လား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ်မင်းအားကြည့်လိုက်သည်။
"ကျုပ်က တာလျန့်နိုင်ငံတော်တစ်ဝှမ်းလုံးမှာရှိတဲ့ ဗုဒ္ဓဂိုဏ်းဝင်တွေအားလုံးကို အမြစ်ပြတ်သုတ်သင်မယ်...တခြားဘာဆက်လုပ်ရမလဲဆိုတာတော့ ကျုပ် ခင်ဗျားကို သင်ကြားပေးဖို့လိုသေးလား...ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် လုပ်ရမလား"
ဧကရာဇ်မင်းသည် နားလည်သဘောပေါက်သွားပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
"လာကြစမ်း....ဒီလူတွေအားလုံးကိုဖမ်းဆီးပြီး ကြိုးတိုက်ထဲမှာ အကျဥ်းချထားလိုက်"
ရုတ်ချည်းဆိုသလိုပင် အစောင့်များပြေးဝင်လာပြီး ထိုအထက်တန်းလွှာများအားလုံးကို ဖမ်းဆီးလိုက်သည်။
အထက်တန်းလွှာများ၏မျက်နှာများသည် ဖြူဖျော့နေပြီး အလွန်အမင်း နောင်တရနေကြ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့၏နောင်တများသည် အသုံးမဝင်တော့ချေ။
"အောင်းကွမ်း...လုပ်လိုက်တော့"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
အောင်းကွမ်းသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး မိုးကောင်းယံသို့ ပျံဝဲလိုက်သည်။
"ဒီဘုရင်ရဲ့အမိန့်တော်ကိုကြားတဲ့ နဂါးမျိုးနွယ်တွေအားလုံး နာခံကြစမ်း....ဒီဘုရင်က ယုတ်ညံတဲ့ဘုန်းတော်ကြီးတွေအားလုံးကို သတ်ဖြတ်ပစ်ဖို့ အမိန့်တော်ထုတ်ပြန်လိုက်တယ်"
အောင်းကွမ်း၏အသံတွင် နဂါးအရှိန်အဝါပါဝင်ပြီး ကြီးမားစွာလွှမ်းမိုးနိုင်စွမ်းရှိပေ၏။
ရုတ်ချည်းဆိုသလိုပင် တာလျန့်နိုင်ငံတော်နယ်နမိတ်အတွင်းရှိ မြေနဂါး မီးနဂါး တောင်ပေါ်နဂါးစသဖြင့် နဂါးမျိုးနွယ်များအားလုံး နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာကြသည်။
ဤသည်က နဂါးဘုရင်တစ်ပါး၏ဆင့်ခေါ်ခြင်းပင်။
ဝေါင်း....ဝေါင်း...ဝေါင်း...
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အား တုန်ခါသွားစေသော နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာပေ၏။
မြောက်များစွာသောနဂါးမျိုးနွယ်များသည် တဟုန်ထိုးပြေးထွက်လာပြီး နေရာအနှံ့၌ ဗုဒ္ဓဂိုဏ်းဝင်များကို စတင်တိုက်ခိုက်ကြတော့သည်။ရုတ်ချည်းဆိုသလိုပင် တာလျန့်နိုင်ငံတော်တဝှမ်းလုံးရှိ ဗုဒ္ဓကျင့်ကြံသူများ တိုက်ခိုက်ခံရလေ၏။
တာလျန့်နိုင်ငံတော်...အဆိပ်ကမ်းပါးတောင်...
မြင့်မားသောတောင်တန်းတစ်ခုပေါ်တွင် မြောက်များစွာသောလူများသည် ပင်ပင်ပန်းပန်း သတ္ထုတူးဖော်နေကြ၏။
ဤနေရာသည် အလွန်အေးစက်သော်လည်း လူအများစုသည် အဝတ်အစားတစ်ထပ်သာ ဝတ်ဆင်၍နေနေရသည်။သူတို့၏ခြေထောက်များ၌ လေးလံသောသံခြေကျင်းများရှိနေလေရာ သတ္ထုတွင်းတူးဖော်ရာ၌ အလွန်ပင်ပန်းခက်ခဲသည်။
နေ့စဥ်နေ့တိုင်း ဆာလောင်မွတ်သိပ်မှုနှင့် အအေးဒဏ်ကြောင့် လူများ သေဆုံးနေကြရ၏။