← Chapters

အခန်း (၁၅၃၆-၁၅၄၀)

Vol. 80 Ch. 1536-1540

အခန်း (၁၅၃၆-၁၅၄၀)

Vol. 80 Ch. 1536-1540

Chapter 1536

"ဘုန်းတော်ကြီး...ကျွန်တော်တို့ကို သနားငဲ့ညှာတဲ့အနေနဲ့ စားစရာနည်းနည်းလောက်ပေးပါ...ကျွန်တော်ရဲ့မြေးလေးက တစ်နေ့လုံးမှ ပေါင်မုန့်ခြောက်တစ်ဝက်ပဲ စားရသေးတယ်...သူ အရမ်းဆာလောင်နေလို့ပါ"

ဆံပင်များတခေါင်းလုံးဖြူနေသော အဖိုးအိုတစ်ယောက်သည် ဘုန်းတော်ကြီးများ၏ရှေ့၌ ဒူးထောက်ပြီး တောင်းပန်နေသည်။

ဘုန်းတော်ကြီးတစ်စုသည် မြောက်များစွာသောစားကောင်းသောက်ဖွယ်များ ခင်းကျင်းထားသည့် စားပွဲတစ်လုံး၏ရှေ့၌ ထိုင်နေကြသည်။

ဆံဖြူအဖိုးအို၏နောက်တွင် ပိန်လှီနေသောကလေးငယ်တစ်ယောက်ရှိသည်။ထိုကလေးသည် စားပွဲအပြည့်ရှိနေသော ဟင်းပွဲများကိုကြည့်ပြီး သူက တံတွေးကို တိတ်တဆိတ်မျိုချနေပေ၏။

"ဒီနေရာကထွက်သွားစမ်း...မင်း အလုပ်လုပ်တဲ့နေရာမှာ တက်တက်ကြွကြွရှိတာလည်း ငါ မမြင်ဘူး...ပေါင်မုန့်ခြောက်တစ်ဝက်က မင်းတို့အတွက် လုံလောက်နေပြီ"

ဘုန်းတော်ကြီးတစ်ပါးသည် အဖိုးအိုအား နံဘေးဘက်သို့ သူ၏ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

အဖိုးအိုသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားပြီး သူ၏ခေါင်းသည် ကျောက်တုံးတစ်တုံးနှင့် ရိုက်ခတ်မိသဖြင့် ချက်ချင်းဆိုသလို သွေးများယိုစီးကျလာသည်။

"အဖိုး...."

ကလေးငယ်က ငိုကြွေးမြည်တမ်းနေပေ၏။

ဤသွေးပျက်ဖွယ်အခြေအနေသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

သို့ရာတွင် ပတ်ဝန်းကျင်ရှိလူများသည် ထိုမြင်ကွင်းကိုမြင်သော်လည်း သက်ပြင်းတစ်ချက်သာရှိုက်ပြီး သူတို့၏အလုပ်များကို ဆက်လက်လုပ်ဆောင်နေကြသည်။

အဆိပ်ကမ်းပါးတောင်တွင် တစ်စုံတစ်ယောက်သည် လုံလောက်သောသတ္ထုအရေအတွက်ကို တူးဖော်နိုင်မှသာ အစားအစာဖြင့် လဲလှယ်နိုင်သည်။

ဥပမာအနေဖြင့်ပြရလျှင် အစောပိုင်းက မြေးအဖိုးနှစ်ယောက်သည် အလွန်အားနည်းသဖြင့် အစားအစာဖြင့်လဲလှယ်ရန် လုံလောက်သောသတ္ထုများကို မစုဆောင်းနိုင်ခဲ့ချေ။

မြောက်များစွာသောလူတို့သည် ဤကိစ္စများအား ကျင့်သားရပြီးဖြစ်သည်။

"ငါက ဘာလို့ သေမျိုးတစ်စုကိုစောင့်ကြပ်ဖို့ ဒီလိုစုတ်ပြတ်နေတဲ့နေရာမျိုးကို ပို့ဆောင်ခံရတာလဲ"

မီးခိုးရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးတစ်ပါးက မကျေမချမ်း ရေရွတ်လိုက်သည်။

ဤနေရာရှိ ဘုန်းတော်ကြီးများအားလုံးသည် ဗုဒ္ဓဂိုဏ်း၏ အဆင့်နိမ့်ဆုံးဂိုဏ်းသားများဖြစ်ပေ၏။ထိုသို့မဟုတ်ပါက သူတို့သည် ဤနေရာသို့ စေလွှက်ခံရမည်မဟုတ်ချေ။

သို့ရာတွင် ဗုဒ္ဓဂိုဏ်း၏အဆင့်နိမ့်ဆုံး ကျင့်ကြံသူများသည်ပင် တာလျန့်နိုင်ငံတော်ရှိသာမာန်လူများ ခုခံတိုက်ခိုက်နိုင်သောတည်ရှိမှုမျိုး မဟုတ်ချေ။

"ကောင်းပြီလေ...ငါက အလယ်ပိုင်းကုန်းမြေကိုရောက်တာနဲ့ သေမျိုးတွေကို သတ်ပစ်မယ်....သူတို့ ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ"

မီးခိုးရောင်ဝတ်ဘုန်းတော်ကြီးက ရယ်မောရင်း ပြောဆိုသည်။

ဘုန်းတော်ကြီးများသည် စကားစမြည်ပြောရင်း သောက်စားပျော်ပါးနေကြ၏။

ထိုအချိန်မှာပင် အဆိပ်ကမ်းပါးတောင်တစ်တောင်လုံး ရုတ်တရက် တုန်ခါသွားသည်။

ကျယ်လောင်သော နဂါးဟိန်းသံတစ်သံက လေထုအတွင်းမှ ထွက်ပေါ်လာပေ၏။

"ဘာတွေဖြစ်နေတာလဲ"

ဘုန်းတော်ကြီးတစ်ပါးသည် သူ၏ခန္ဓာကိုယ်ယိမ်းယိုင်ပြီး ဝိုင်အိုးတစ်လုံးနှင့် တိုက်မိသွားသဖြင့် သူက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။

သို့ရာတွင် သူ လှိုဏ်ခေါင်းပြင်ပသို့ ထွက်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော နဂါးဦးခေါင်းကြီးကို တွေ့မြင်မိ၏။

"နဂါး နတ်ဆိုးမှော်သားရဲလား...ဒါက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"

ထိုဘုန်းတော်ကြီးသည် မြေပြင်ပေါ်၌ထိုင်ချပြီး သူ၏ရှေ့မှ ဧရာမသတ္တဝါကြီးကို ကြည့်လိုက်မိသည်။သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

ဝေါင်း...

ထိုဘုန်းတော်ကြီး အသိပြန်မဝင်သေးမီမှာပင် နဂါးကြီးသည် ပါးစပ်ကိုဖွင့်ဟပြီး သူ့အား ဝါးမြိုလိုက်တော့သည်။

"မကောင်းတော့ဘူး....နတ်ဆိုးမှော်သားရဲတွေ ဆူပူအုံကြွနေတယ်"

"ဒါက မှော်သားရဲဒီရေလှိုင်းလား...မဟုတ်သေးဘူး...ဒါတွေအားလုံးက နဂါးတွေပဲ"

"ငါတို့ ဘယ်တုန်းကမှ နဂါးမျိုးနွယ်တွေကို ရန်မစခဲ့မိပါဘူး...ဒီ နဂါးမျိုးနွယ်တွေ ဘာလို့ ဒီလိုမျိုးလုပ်တာပါလိမ့်"

ဘုန်းကြီးတစ်စုသည် ကြောက်စိတ်မွှန်နေပြီး သူတို့ရှေ့ရှိမြင်ကွင်းကို ​စူးစိုက်ကြည့်နေကြ၏။လိမ္မာပါးနပ်သော ဘုန်းကြီးတချို့သည် သူတို့၏မှော်ရတနာများကိုထုတ်၍ အလျှင်အမြန် ထွက်ပြေးသွားတော့သည်။

သို့ရာတွင် သူတို့ မိုးကောင်းကင်ယံအတွင်းသို့ ပျံဝဲလိုက်သည်နှင့် လေထုအတွင်းမှနဂါးမျိုးနွယ်များ၏ ဟန့်တားခြင်းခံရပြီး သူတို့အားလုံး အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံရ၏။

အဆိပ်ကမ်းပါးတောင်တစ်ခုလုံး ဗုဒ္ဓဂိုဏ်းဝင်ဘုန်းတော်ကြီးများ၏သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

နောက်ဆုံးကြွင်းကျန်နေသော ဘုန်းတော်ကြီးသည် နဂါးတစ်ကောင်၏ အရှင်လတ်လတ်ဝါးမျိုခြင်း ခံရပြီးနောက် အဆိပ်ကမ်းပါးတောင်တစ်တောင်လုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သေမျိုးများသည် ဤကဲ့သို့ကြီးမားသည့်မှော်သားရဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသဖြင့် သူတို့က ပို၍ပင် တုန်လှုပ်ချောက်ချားနေသည်။

"ဗုဒ္ဓဂိုဏ်းဝင်တွေအားလုံး သေပြီ...နောက်တစ်နေရာ သွားကြစို့"

ဧရာမနဂါးကြီးတစ်ကောင်သည် ရုတ်တရက် စကားပြောဆိုပြီး နဂါးမျိုးနွယ်တစ်စုနှင့်အတူ ထွက်ခွာသွားတော့သည်။

တုန်လှုပ်ချောက်ချားဖွယ်နဂါးမှော်သားရဲများ ထွက်ခွာသွားပြီးမှသာ လက်ရှိနေရာတွင်ရှိနေသော သေမျိုးများအားလုံး အသိစိတ်ပြန်ဝင်လာကြ၏။

သူတို့သည် တုန်တုန်ရီရီဖြင့် လှိုဏ်ခေါင်းအတွင်းမှ တွားသွားထွက်လာကြသည်။သူတို့သည် နေရာအနှံ့ သွေးများဖုံးလွှမ်းနေပြီး အလောင်းများပြန့်ကျဲနေသော မြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

"ဘုန်းတော်ကြီးတွေအားလုံး...သေသွားပြီလား"

"ကောင်းလိုက်တာ....သေကြစမ်း...."

မြောက်များစွာသောလူများ ပျော်ရွှင်ဝမ်းမြောက်နေကြ၏။တချို့လူများသည် သူတို့၏ခြေချင်းဝတ်များရှိ သံခြေကျင်းများကိုဖြတ်ကာ သူတို့၏အိမ်ဆီသို့ အပြေးပြန်ကြသည်။

ဤကဲ့သို့ မြင်ကွင်းမျိုးသည် တာလျန့်နိုင်ငံတော်ရှိနေရာတိုင်းလိုလို၌ ဖြစ်ပေါ်နေသည်။

အချိန်တခဏအတွင်းမှာပင် တာလျန့်နိုင်ငံတော်တဝှမ်းလုံးရှိ ဗုဒ္ဓကျင့်ကြံသူများအားလုံး တိုက်ခိုက်ချေမှုန်းခံခဲ့ရသည်။

Chapter 1537

တောင်ပိုင်းစွန့်ပစ်နယ်မြေ...အစိမ်းရောင်ဒေသ၏သဲကန္တာရလွင်ပြင်...

ဤနေရာသည် ကျယ်ပြန့်သော သဲကန္တရကြီးဖြစ်ပြီး တစ်စုံတစ်ယောက်၏မျက်စိဖြင့်မြင်နိုင်သမျှ သဲများနှင့်ဖုန်မှုန့်များသာ ဖုံးလွှမ်းနေသည်။

အလွန်နည်းပါးသောလူတချို့သာ ဤနေရာ၌နေထိုင်ကြပြီး ကျင့်ကြံသူများပင် နေထိုင်နိုင်ခြင်းမရှိချေ။ဤနေရာရှိပတ်ဝန်းကျင်အခြေအနေသည် အလွန်ဆိုးရွားပြီး မကြာခဏ အမြင့်ပေတစ်သောင်းကျော်မြင့်မားသော သဲမုန်တိုင်းများတိုက်ခတ်လေ့ရှိသည်။

ဘုရားကျောင်းသခင်၏မှတ်ဥာဏ်များအရ လုယွီ ဤနေရာသို့ ရောက်ရှိလာခြင်းပင်။

"ဒီနေရာက အနောက်ဘက်သုခဘုံ တည်ရှိတဲ့နေရာဖြစ်သင့်တယ်...ဒါပေမယ့် လေဟာနယ်စွမ်းအင်လှုပ်ခတ်မှုကို နည်းနည်းလေးတောင် ငါ မခံစားမိဘူး...ဖြစ်နိုင်တာတော့ ဒီနေရာမှာ ဖုံးကွယ်ထားတဲ့နေရာတစ်ခု ရှိနေပုံပဲ"

လုယွီက ညည်းတွားပြောဆိုသည်။

ဘုရားကျောင်းသခင်၏မှတ်ဥာဏ်များအတွင်း၌ ဗုဒ္ဓဂိုဏ်းအား အကျိုးဆောင်ခဲ့သူများသည် မုခ်ဝတစ်ခုကိုဖြတ်၍ အနောက်ဘက်သုခဘုံအတွင်းသို့ ဝင်ရောက်နိုင်သည်။

ထိုသို့မဟုတ်ပါက အကယ်၍ ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်ရှိလာလျှင်ပင် အနောက်ဘက်သုခဘုံသို့ဝင်ရောက်နိုင်သည့်လမ်းအား ရှာတွေ့မည်မဟုတ်ချေ။

အမ်...

လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းတန်းတစ်တန်း ရုတ်တရက်ထွက်ပေါ်လာပြီးနောက် သူ၏အကြည့်သည် ဤနေရာနှင့် မိုင်ထောင်ပေါင်းများစွာကွာဝေးသောနေရာသို့ ကျရောက်သွားသည်။

ထိုနေရာ၌ ဗုဒ္ဓကျင့်ကြံသူသုံးယောက်သည် အမျိုးသမီးကျင့်ကြံသူတစ်ယောက်အား ဝိုင်း၍တိုက်ခိုက်နေကြ၏။

ထိုဗုဒ္ဓကျင့်ကြံသူသုံးယောက်၏ကျင့်ကြံဆင့်နယ်ပယ်သည် နိမ့်ကျခြင်းမရှိသည့်အပြင် သူတို့က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်း၍တိုက်ခိုက်နေကြသည်။သူတို့၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ထိုအမျိုးသမီးကျင့်ကြံသူ နောက်သို့တဆုတ်တည်းဆုတ်နေရ၏။

လုယွီက ဂရုတစိုက်ကြည့်လိုက်ရာ ချောင်ပိတ်ခံနေရသော အမျိုးသမီးကျင့်ကြံသူအား သူ ရင်းနှီးကျွမ်းဝင်နေကြောင်း တွေ့ရှိမိသည်။သူမသည် သမင်ဖြူကျောင်းတော်တွင် သူနှင့်ဆုံတွေ့ခဲ့ဖူးသော ဆောင်အန်းချီပင်။

သူတို့နှစ်ယောက်သည် အချင်းချင်း စကားမပြောဆိုဖူးသော်လည်း လုယွီသည် သူမ၏ပုံပန်းသွင်ပြင်ကို မှတ်မိနေသည်။

ယခင်က သူမသည် သမင်ဖြူကျောင်းတော်တွင် နေထိုင်ခြင်းမဟုတ်လော။မည်သည်ကြောင့် သူမပ ရုတ်တရက်ကြီး ဤနေရာသို့ ရောက်လာရသနည်း။

လုယွီ အချိန်တခဏကြာ တွေးတောနေစဥ်မှာပင် ဆောင်အန်းချီ၏ခွန်အား ကုန်ခမ်းတော့မည်ကို သူ မြင်တွေ့လိုက်ရ၏။ရုတ်တရက် လုယွီ၏လက်ချောင်းထိပ်မှ ရွှေရောင်အလင်းတန်းတစ်တန်း ဖျက်ခနဲလက်သွားပြီး ထိုဘုန်းကြီးများအား ထိခတ်သွားသည်။

ဘန်းခနဲအသံနှင့်အတူ ဘုန်းကြီးသုံးပါးလုံး နောက်သို့ လွင့်ထွက်သွားပေ၏။

"ဘယ်သူလဲ"

ဘုန်းကြီးများက အလွန်ဒေါသထွက်နေကြသည်။

သူတို့သည် ဆောင်အန်းချီအား သတ်ခါနီးဆဲဆဲအချိန်တွင် မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်၏ကြားဖြတ် နှောက်ယှက်ခြင်းခံခဲ့ရသည်။

လုယွီ၏ပုံရိပ်သည် အလွန်လျှင်မြန်စွာဖြင့် ဘုန်းကြီးများ၏ရှေ့၌ ထွက်ပေါ်လာသည်။

လုယွီကို မြင်ချိန်တွင် ဆောင်အန်းချီသည် အနည်းငယ်ကြက်သေသေသွားပြီးနောက် သူမက ချက်ချင်းပင် အော်ဟစ်ပြောဆိုသည်။

"သွားတော့....သူတို့ရဲ့နောက်မှာ အကူအညီတွေအများကြီး ရှိနေတယ်"

"ဟီး ဟီး...ဒါက နောက်ကျသွားပြီ"

ဆောင်အန်းချီ စကားပြောဆိုနေစဥ်မှာပင် ရုတ်တရက် သဲမုန်တိုင်းတစ်ခုက သူမ၏နံဘေးပတ်လည်၌ တလိမ့်လိမ့်တိုက်ခတ်လာပေ၏။

ထိုသဲမုန်တိုင်းကြားမှနေ၍ ဗုဒ္ဓသင်္ကန်းများရုံထားသော ဘုန်းကြီးတချို့ ထွက်လာသည်။

"အရင်က ဒီနေရာကို မင်းတို့လိုကြွက်တွေ ဝင်လာတက်တာ ငါ သတိမပြုမိဘူး...အခု ငါ မြင်သွားပြီဆိုမှတော့ ထွက်သွားဖို့မစဥ်းစားကြနဲ့"

ထိုဘုန်းကြီးများအား ဦးဆောင်လာသောဘုန်းကြီးသည် မုတ်ဆိတ်မွှေးများရှိပြီး သူ၏တောက်ပြောင်နေသောနဖူးပေါ်၌ မြောက်များစွာသော လျှို့ဝှက်သင်္ကေတများကို ရေးထွင်းထားကာ သူ့အား အလွန်အမင်းရက်စက်ကြမ်းကြုတ်ပုံပေါက်စေသည်။

ဆောင်အန်းချီသည် အံ့တင်းတင်းကြိတ်၍ သူမက လုယွီအား ပြောဆိုလိုက်သည်။

"နင် အရင်သွားတော့...ငါ သူတို့ကို တားဆီးထားလိုက်မယ်"

လုယွီက အံ့အားသင့်သွားပေ၏။

"အမှန်တော့...မင်း......"

"စကားပြောတာ ရပ်လိုက်တော့....နင်က သူတော်စင်ရဲ့တပည့်လေ...ဒီလိုနေရာမျိုးမှာ သေသွားလို့မဖြစ်ဘူး"

ဆောင်အန်းချီက အော်ငေါက်လိုက်ပြီး သူမ၏မျက်နှာပေါ်၌ ဆုံးဖြတ်ချက်အခိုင်အမာချလိုက်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟား ဟား ဟား ဟား ဟား"

မြင့်မြတ်ဘုန်းတော်ကြီးက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။

"အရမ်းချောမောလှပတဲ့ ကယ်တင်ရှင်သူရဲကောင်းမလေးပဲ...ဒါပေမယ့် မင်းတို့က အနောက်ဘက်သုခဘုံမှာ ပြဿနာလာရှာဝံ့မှတော့ မင်းတို့တစ်ယောက်မှ ထွက်မသွားနိုင်စေရဘူး"

သူက ဆောင်အန်းချီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဆိုးညစ်သောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"ကောင်မလေးကို ချန်ထားလိုက်....ဟိုကောင်ကို သတ်ပစ်စမ်း"

ပတ်ဝန်းကျင်နေရာတဝိုက်ရှိ ဘုန်းကြီးများသည် ချက်ချင်းပင် သူတို့၏မှော်စွမ်းအားများကိုစုစည်းကာ လုယွီတို့နှစ်ယောက်အား တိုက်ခိုက်ကြ၏။

လွှမ်းမိုးနိုင်စွမ်းရှိသောအားလှိုင်းအရှိန်အဝါများ၏အောက်တွင် ဆောင်အန်းချီ၏မျက်နှာပေါ်၌ စိတ်ဓာတ်ကျဆင်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

လုယွီက လေသံသဲ့သဲ့ဖြင့် သူမအား မေးမြန်းလိုက်သည်။

"မင်း ဘာလို့ သမင်ဖြူကျောင်းတော်မှာမနေဘဲ ဒီနေရာကိုရောက်လာတာလဲ"

ဘာ....

ဆောင်အန်းချီသည် အံ့အားသင့်သောအကြည့်ဖြင့် လုယွီအား စူးစိုက်၍ကြည့်လိုက်၏။

'ငါတို့က သေတော့မှာလေ...နင်က ခုထိ အဲ့ဒီကိစ္စကို အာရုံစိုက်နိုင်သေးလား'

"ဟူး...ငါ နင်နဲ့အတူ အဆုံးသတ်ရမယ်လို့ မျှော်လင့်မထားမိဘူး"

ဆောင်အန်းချီက ခေါင်းခါယမ်းနေပြီး သူမ၏လေသံအတွင်း၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ရုတ်တရက် သူမက အနည်းငယ် ကြက်သေသေသွားသည်။နံဘေးပတ်ဝန်းကျင်ရှိ သူမတို့ထံဦးတည်လာသော တိုက်ခိုက်သံများ ရုတ်တရက် ရပ်တန့်သွားသည်ကို သူမ ခံစားမိသည်။

Chapter 1538

ဆောင်အန်းချီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ ချက်ချင်းပင် မယုံကြည်နိုင်သောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

အစောပိုင်းက သူမထံသို့ အော်ဟစ်၍တိုးဝင်လာသော ဘုန်းကြီးများအားလုံး၏ဦးခေါင်းပိုင်းရှိ ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးနေပြီး နေရာမှာပင် အတောင့်သားဖြစ်နေသည်။

"မင်း....မင်း..."

မြင့်မြတ်ဘုန်းတော်ကြီးသည် လုယွီကို လက်ညှိုးညွှန်ပြီး သူ၏လက်က တုန်ရီနေသည်။

လုယွီသည် ထိုမြင့်မြတ်ဘုန်းတော်ကြီးထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး သူ၏ခေါင်းကိုအုပ်မိုးကိုင်ကာ ပြောဆိုလိုက်သည်။

"သေစမ်း"

မြောက်များစွာသောမှတ်ဥာဏ်များက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

မြင့်မြတ်ဘုန်းတော်ကြီးသည် စိတ်ဝိညာဥ်ရှာဖွေခြင်းခံနေရသဖြင့် သူ၏စိတ်ဝိညာဥ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။

လုယွီ မျှော်လင့်ထားသည့်အတိုင်းပင် ထိုဘုန်းကြီးများသည် အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းပြီး သူတို့ပြုလုပ်သော တချို့ကိစ္စများသည် လူအများ၏ဆံပင်အားထောင်မတ်သွားစေသည်အထိ ကျောချမ်းဖွယ်ကောင်းသည်။

အနောက်ဘက်သုခဘုံရှိ ဘုန်းကြီးအားလုံးနီးပါးသည် အစစ်အမှန်ဗုဒ္ဓကျင့်စဥ်များနှင့် သွေဖီနေသူများပင်။

သစ်သားငါးရုပ်ပြုလုပ်ရန် မွေးကင်းစကလေး၏ဦးခေါင်းခွံကိုအသုံးပြုပြီး ဗုဒ္ဓကျမ်းစာအုပ်များ ရေးသားရန် လူအရှင်လတ်လတ်အား အရေခွံခွါ၍ အသုံးပြုသည်။

"ဒီနေရာက ဗုဒ္ဓကျင့်ကြံသူတွေအားလုံး အသတ်ခံရသင့်တယ်"

လုယွီသည် မြင့်မြတ်ဘုန်းတော်ကြီး၏အလောင်းကို နံဘေးသို့ ကန်ထုတ်လိုက်၏။

နျူနျူသည် ဤကဲ့သို့လမ်းလွဲဘုန်းကြီးများ၏ဖမ်းဆီးခြင်းခံထားရသဖြင့် သူမ အလွန်အန္တရာယ်များနေမည်ကို သူ စိုးရိမ်မိသည်။

"နင် အဆိပ်ကို အသုံးပြုနိုင်တာလား"

ဆောင်အန်းချီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။အဆိပ်ဖြင့်သာလျှင် ထိုဘုန်းကြီးများအားလုံးကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေ၏။

လုယွီက ခေါင်းခါပြပြီး အဖြေမပေးချေ။ထိုအစား သူက ဆောင်အန်းချီကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါက အနောက်ဘက်သုခဘုံထဲကိုသွားပြီး လူသတ်မလို့...မင်း အရင်ပြန်နှင့်တာ ပိုကောင်းလိမ့်မယ်"

အနောက်ဘက်သုခံဘုံအတွင်းဝင်၍ လူသတ်မည်ဟု ဆိုသလော...

ဆောင်အန်းချီက အလျှင်အမြန် ပြောဆိုသည်။

"နင် ရူးနေတာလား...အဲ့ဒီဘုန်းကြီးတွေကို အဆိပ်ခတ်သတ်ဖြတ်နိုင်တာနဲ့ နင်ကိုယ်နင် ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား....အနောက်ဘက်သုခဘုံထဲကို လူတွေအများကြီး ဝင်ရောက်ခဲ့ဘူးပေမယ့် ဘယ်သူမှပြန်ထွက်မလာကြဘူး...အဲ့ဒီနေရာမှာ အစွမ်းထက်ကျင့်ကြံသူတွေ ဘယ်လောက်များများ ပုန်းအောင်းနေတယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...တကယ်လို့ နင်က အဆိပ်ကိုအသုံးပြုမယ်ဆိုရင်တောင် နင်က သူတို့ရဲ့ပြိုင်ဘက် ဘယ်လိုမှမဖြစ်နိုင်ဘူး"

သူမ ဤနေရာသို့ ရောက်ရှိလာခဲ့သော အကြောင်းအရင်းမှာ ဗုဒ္ဓဂိုဏ်းအားစုံစမ်းထောက်လှမ်းရန်ဟူသော ကျောင်းတော်မှလုပ်ငန်းတာဝန်ကို သူမ ယူဆောင်ခဲ့ခြင်းကြောင့်ပင်။

သူမသည် ထိုတာဝန်ကိုလက်ခံခဲ့သော်လည်း သဲကန္တရ၏အစွန်ဘက်တွင်သာ တဝဲလည်လည်စောင့်ကြည့်နေပြီး အတွင်းကျကျနေရာသို့ ဝင်ရောက်ဝံ့ခြင်းမရှိချေ။

အကယ်၍ သဲမုန်တိုင်းကြောင့်သာမဟုတ်ပါက သူမ ထိုဗုဒ္ဓကျင့်ကြံသူများနှင့် တွေ့ဆုံရမည်မဟုတ်ပေ။

ဆောင်အန်းချီသည် ဗုဒ္ဓဂိုဏ်း၏အင်အားကို ကောင်းစွာသတိပြုမိပြီးဖြစ်သည်။လုယွီသည် သူတော်စင်တစ်ယောက်၏တပည့်ဖြစ်သော်လည်း သူ၏အသက်မှာ အလွန်ငယ်ရွယ်သည်။

ပါရမီရှင်များသည် မောက်မာသည်မှာ အပြစ်မဟုတ်သော်လည်း အကယ်၍ သူတို့ အလွန်အလှမ်းကျယ်လိုက်သည်တွင် လေနှင့်အတူ ပျက်စီးသွားရတက်သည်။

"ဂျူနီယာဆောင်...အဆင်ပြေရဲ့လား"

ရုတ်တရက် မြောက်များစွာသောပုံရိပ်များသည် အဝေးတနေရာရှိ မိုးကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။

ထိုလူစုအားဦးဆောင်လာသူသည် လုယွီအား ပြက်ရယ်ပြုခဲ့သော လီရှင်းဖြစ်နေသည်။

လီရှင်း၏နောက်၌ လူတစ်စုရှိနေပြီး သူတို့၏ဝတ်စုံများကိုကြည့်ခြင်းအားဖြင့် ထိုလူများသည် သမင်ဖြူကျောင်းတော်မှမဟုတ်ချေ။

ဆောင်အန်းချီသည် ရောက်ရှိလာသူများကိုမြင်သည်နှင့် သူမ၏မျက်နှာ အေးစက်တင်းမာသွားသည်။

"စီနီယာအကိုလီရှင်းက...အချိန်မှန်ရောက်လာတာပဲ"

သူတို့သည် ဤနေရာသို့အတူတကွလာခဲ့ခြင်းဖြစ်ပြီး အချက်ပေးမှုသည် မိုင်အနည်းငယ်ထိ ရောက်ရှိနိုင်သည်။သူမသည် အချက်ပေးသင်္ကေတ ပေးပို့ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း လီရှင်းသည် ရောက်ရှိလာခဲ့ခြင်းမရှိချေ။

ယခုချိန်မှသာ လီရှင်း ရောက်ရှိလာလေ၏။

ဤသည်က သူသည် ဆောင်အန်းချီအား ဗုဒ္ဓကျင့်ကြံသူများ၏လက်အတွင်း၌ သေဆုံးစေလိုကြောင်း သိသာထင်ရှားလှသည်။

"ငါက စစ်ကူသွားရှာနေတာပါ"

လီရှင်းသည် ရုတ်တရက် လုယွီကို သတိပြုမိသွားပြီး သူ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"

"သူ ဘာလို့ ဒီနေရာရောက်နေတာလဲ ဟုတ်လား....ငါ နင့်ကို ပြောဖို့မေ့နေတယ်...ခုဏက ငါ့ကို ဝိုင်းတိုက်ခိုက်တဲ့ ဘုန်းကြီးတွေအားလုံးကို လုယွီက သတ်ပစ်ခဲ့တာပဲ"

ဆောင်အန်းချီက သရော်တော်တော် ပြောဆိုသည်။

ဘာ....

လီရှင်းသည် ပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ဘုန်းကြီးများ၏ရုပ်အလောင်းများကို သတိပြုမိသွားသည်။ဘုန်းကြီးဆယ်ပါးကျော် သေဆုံးနေမည်ဟု သူ မျှော်လင့်မထားမိချေ။

"တခြားဘုန်းကြီးတွေ ကျန်သေးလား"

လီရှင်း၏နောက်မှလိုက်ပါလာသော ကျင့်ကြံသူတစ်ယောက်က မေးမြန်းသည်။

သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ဤဘုန်းတော်ကြီးများသည် ဗုဒ္ဓဂိုဏ်း၌ အဆင့်အတန်းမြင့်မားသူများဖြစ်သည်။

အစွမ်းထက်သောဘုန်းတော်ကြီးတချို့ဆိုလျှင် ကောင်းကင်သင်္ကေတနယ်ပယ်ကျင့်ကြံသူကိုပင် လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။

"ဒီနေရာကဘုန်းကြီးတွေ ဘယ်လိုလုပ်ပြီး သေသွားတာလဲ"

ကျင့်ကြံသူတစ်ယောက်က သံသယဝင်နေသောအမူအယာဖြင့် မေးမြန်းသည်။

Chapter 1539

ဆောင်အန်းချီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဘာလဲ...သူ ဘုန်းကြီးတွေကို ဘယ်လိုပဲသတ်သတ်ပေါ့...နင်တို့ကို သတင်းပို့စရာလိုလို့လား"

ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြသော်လည်း မည်သည့်စကားမျှမဆိုချေ။

သို့ရာတွင် လီရှင်းကမူ စိတ်မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြောဆိုသည်။

"ဂျူနီယာညီမဆောင်...မင်းရဲ့စကားတွေကို ထိန်းထိန်းသိမ်းသိမ်းပြောပါ...ဒါ ငါဖိတ်ခေါ်လာတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ"

"အစွမ်းထက်ကျင့်ကြံသူတွေလား...ငါ တိုက်ခိုက်ခံနေရတုန်းက နင်ပြောတဲ့ အဲ့ဒီအစွမ်းထက်ကျင့်ကြံသူတွေ ဘယ်ရောက်နေလဲ"

ဆောင်အန်းချီသည် ပါးကိုက်လျှင်နားပြန်ကိုက်မည့် လူစားမျိုးဖြစ်သည်။

ဤလီရှင်းသည် မူလက သူမနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့သူပင်။သို့ရာတွင် အစွမ်းထက်သောဗုဒ္ဓဂိုဏ်းဝင်များ ရောက်ရှိလာသည်ကိုမြင်သည်နှင့် သူက ဆောင်အန်းချီကိုထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်။

ဤကဲ့သို့လူစားမျိုးအား ဆောင်အန်းချီက မျက်နှာသာပေးမည်မဟုတ်ချေ။

လီရှင်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"အားလုံးကိုသတ်ပစ်ရမယ်လို့ မင်းတို့ကို ဘယ်သူပြောထားလဲ...အသက်ရှင်ရက်တစ်ယောက်တော့ ချန်ထားရမယ်ဆိုတာ နားမလည်ကြဘူးလား...အဲ့ဒီဘုန်းကြီးဆီကရမယ့်သတင်းတွေက ငါတို့ခန့်မှန်းထားတာထက် အများကြီးကျော်လွန်နေနိုင်တယ်"

"တကယ်လို့ ငါက သူကိုမသတ်ရင်...သူ ငါ့ကိုလာသတ်တဲ့အချိန်ထိ စောင့်နေရမှာလား"

ဆောင်အန်းချီက ခနဲ့တဲ့တဲ့ ပြောဆိုလေ၏။

လီရှင်းသည် အမှန်တကယ်ကို အဆင်အခြင်မဲ့ပေ၏။ဤကဲ့သို့ သေရေးရှင်ရေးတိုက်ပွဲမျိုးတွင် အနည်းငယ်သောမှားယွင်းမှုကပင် တစ်စုံတစ်ယောက်၏အသက်ကို ပေးဆပ်ရနိုင်သည်။

လုယွီကိုကြည့်ရသည်မှာ သက်တောင့်သက်သာရှိပုံရသော်လည်း ထိုဘုန်းကြီးများကို သတ်ဖြတ်ရန်အတွက် သူ အမြောက်အမြားပေးဆပ်ခဲ့ရမည်ဟု ဆောင်အန်းချီက မှန်းဆထားသည်။

"ဒါက ကျိုးကြောင်းမဆီလျော်လိုက်တာ...မိန်းမတွေနဲ့လူမိုက်တွေကို ပြုစုပျိုးထောင်ရတာခက်ခဲတယ်လို့ သူတော်စင်တစ်ပါးက မိန့်ကြားဖူးတယ်...ငါ မင်းနဲ့ ပြောစရာမရှိတော့ဘူး"

လီရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"နင် ဘာစကားပြောတာလဲ"

ဆောင်အန်းချီသည် ရူးသွပ်သွားလုနီးပါးပင်။

ဤကဲ့သို့လူစားမျိုး ရှိနေသေးသလော။သူမကို ဘုန်းကြီးသုံးပါး ဝိုင်းဝန်းတိုက်ခိုက်စဥ်တွင် လီရှင်းသည် လာရောက်ကယ်တင်ခြင်းမရှိခဲ့ချေ။ယခုအချိန်ကျမှ လီရှင်းရောက်ရှိလာပြီး သူမအား ညွှန်ကြားပြသနေသည်။

လီရှင်းသည် ဂုဏ်ယူဝင့်ကြွားသောအကြည့်ဖြင့် လုယွီနှင့်ဆောင်အန်းချီအားကြည့်ပြီး ပြောဆိုလိုက်၏။

"အရင်ကတော့ ငါက ဒြပ်စင်ငါးပါးဂိုဏ်းကမိတ်ဆွေတွေနဲ့အတူ အနောက်ဘက်သုခဘုံထဲကို သွားပြီးစုံစမ်းထောက်လှမ်းဖို့ မင်းကို အတူခေါ်သွားမလို့ပဲ...ဒါပေမယ့် အခုမင်းရဲ့အပြုအမူကို ကြည့်ပြီးတော့...မင်း သမင်ဖြူကျောင်းတော်ကိုပြန်ပြီး ကြိုးကြိုးစားစားသင်ယူတာ ပိုကောင်းလိမ့်မယ်"

ဤတာဝန်အတွက် သမင်ဖြူကျောင်းတော်မှပေးမည့်ဆုလာဘ်သည် အလွန်များပြားပေ၏။

အကယ်၍ သူသာ ထိုဆုလာဘ်များကို ရရှိပါက သမင်ဖြူကျောင်းတော်၏ကျောင်းသားခေါင်းဆောင်နေရာကိုရရှိရန် ကိုးဆယ်ရာခိုင်နှုန်းသေချာသည်။

"ဒြပ်စင်ငါးပါးဂိုဏ်း...နင် သူတို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့လာတာလဲ"

ဆောင်အန်းချီက အံ့အားသင့်တုန်လှုပ်သွားသည်။

ဒြပ်စင်ငါးပါးဂိုဏ်းဝင်များသည် ဒြပ်စင်ငါးပါးမှော်ပညာရပ်များကိုအသုံးပြုရာ၌ ထူးချွန်သဖြင့် အနောက်ဘက်သုခဘုံ၏ဝင်ပေါက်နေရာကို ပတ်ဝန်းကျင်ရှိစွမ်းအင်လှုပ်ခတ်မှုများမှတဆင့် စုံစမ်းထောက်လှမ်းနိုင်သည်။

ဆောင်အန်းချီသည် ယခင်က ဒြပ်စစ်ငါးပါးဂိုဏ်းမှလူများကို ဖိတ်ကြားလိုသော်လည်း ထိုဂိုဏ်းဝင်များသည် ထိပ်တန်းအင်မော်တယ်ဂိုဏ်းဝင်များဖြစ်သည့်အလျောက် အလွန်အမင်းမောက်မာသဖြင့် သူမ အကူအညီတောင်းခံ၍မရခဲ့ချေ။

"အခု မင်းတို့ဒြပ်စင်ငါးပါးဂိုဏ်းရဲ့စီနီယာအကိုကြီးက ဖန်လင်းပဲလား"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

ဤတစ်ကြိမ်တွင် လီရှင်းနောက်ရှိကျင့်ကြံသူများအားလုံး ကြက်သေသေသွားကြ၏။

"မင်းက ငါတို့ရဲ့ဂိုဏ်းခွဲမှူးကိုသိတာလား"

ကျင့်ကြံသူတစ်ယောက်က သိချင်စိတ်ပြင်းပြဟန်ဖြင့် မေးမြန်းသည်။

ဂိုဏ်းခွဲမှူးဟုဆိုသလော...

လုယွီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ကြည့်ရသည်မှာ ဖန်လင်းသည် ဤနှစ်များအတွင်း သူ၏ကိုယ်ပိုင်ကံကြမ္မာကို ရရှိခဲ့ပုံပေါ်သည်။

ပြန်တွေးကြည့်လျှင် လုယွီ တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင်ရှိနေစဥ်တုန်းက အနက်ရောင်အသူရာခန်းမရှေ့၌ သူ ဖန်လင်းနှင့် တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသည်။သို့ရာတွင် ဖန်လင်းသည် ထိုအချိန်တုန်းက တပည့်များ၏စီနီယာခေါင်းဆောင်တစ်ယောက်သာ ဖြစ်ပေ၏။

"တကယ်လို့ မင်းက ငါတို့ရဲ့ဂိုဏ်းခွဲမှူးနဲ့ မိတ်ဆွေတွေဆိုရင်...ငါတို့ မင်းကို အတူခေါ်သွားနိုင်တယ်...ငါတို့ရဲ့ဂိုဏ်းခွဲမှူးက မကြာခင် ဒီနေရာကိုရောက်လာတော့မှာပါ"

ကျင့်ကြံသူတစ်ယောက်က ပြောဆိုသည်။

အကယ်၍ သူတို့ရှေ့မှလူငယ်သည် သူတို့ဂိုဏ်းခွဲမှူး၏မိတ်ဆွေတစ်ယောက် အမှန်တကယ်ဖြစ်နေပါက ယခုအချိန်တွင် မျက်နှာသာအနည်းငယ်ပေးရသည်မှာ သူတို့အတွက် ပြဿနာမရှိချေ။

လုယွီက ခေါင်းခါယမ်းပြသည်။

"ထားလိုက်တော့...ငါက အနောက်ဘက်သုခဘုံကို ငါ့ဟာငါပဲသွားမယ်"

သူက ခြေတစ်လှမ်းခြင်းနင်းလျှောက်ပြီး အဝေးရှိ သဲသောင်ပို့များထံဦးတည်၍ လျှောက်လှမ်းသွားတော့သည်။

လုယွီ ထွက်ခွါသွားသည်ကိုမြင်သည်နှင့် လီရှင်း၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ငါ တကယ့်ကို ရယ်ချင်လွန်းလို့ပါ...သူက မင်းတို့ဂိုဏ်းခွဲမှူးရဲ့မိတ်ဆွေဟောင်းလိုမျိုး ဟန်ဆောင်နေတာပဲ...ဂိုဏ်းခွဲမှူးကိုယ်တိုင်ရောက်လာမယ်လည်းကြားရော သူ ထိပ်တိုက်ရင်မဆိုင်ရဲတာနဲ့ ထွက်ပြေးသွားပြီလေ...ဟား ဟား ဟား"

လီရှင်းသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေပေ၏။

Chapter 1540

လုယွီသည် ထိုလူစုနှင့်အဝေးသို့ ရောက်ရှိနေလေပြီ။သူက တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်သည်။

သဲသောင်ပို့များ၏အကြားမှနေ၍ ဆောင်အန်းချီ၏ပုံရိပ်က တဖြည်းဖြည်းထွက်ပေါ်လာသည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား အစိမ်းရောင်ခြုံထည်ဖြင့် ဖုံးလွှမ်းထားပေ၏။သူမ၏အနီးပတ်ဝန်းကျင်၌ လေပြင်းများတိုက်ခတ်နေသဖြင့် သူမက မှော်စွမ်းအင်ကိုအသုံးပြု၍ သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားရသည်။

"မင်း ဘာလို့ ငါ့နောက်လိုက်လာတာလဲ"

လုယွီက မေးမြန်းသည်။

ဆောင်အန်းချီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

"ငါ နင့်ကို လီရှင်းရဲ့ထောင်ချောက်ထဲကျမသွားစေနဲ့လို့ လာပြောတာ"

"ဒီတာဝန်က စုံစမ်းထောက်လှမ်းဖို့ သက်သက်ပဲ...ဒြပ်စင်ငါးပါးဂိုဏ်းကလူတွေက အနောက်ဘက်သုခဘုံထဲကိုဝင်ပြီးရင် သူတို့ရဲ့မှော်ရတနာတွေကိုအသုံးပြုပြီး ချောင်းမြောင်းနားထောင်နိုင်တဲ့သင်္ကေတနည်းနည်းရေးထွင်းလိုက်တာနဲ့ အောင်မြင်ပြီလို့ သတ်မှတ်လို့ရတယ်"

"ဒါပေမယ့် နင်ကတော့ တစ်ယောက်ထဲလေ...တကယ်လို့ နင့်ကိုသာ အနောက်ဘက်သုခဘုံကလူတွေရှာတွေ့သွားရင် နင်ထွက်ပြေးနိုင်မှာမဟုတ်ဘူး"

လုယွီတစ်ယောက်တည်း ထွက်လာသည်ကိုမြင်ချိန်တွင် ဆောင်အန်းချီက သူသည် လီရှင်း၏ပျက်ရယ်ပြုပြောဆိုမှုကို သည်းမခံနိုင်သဖြင့်ဟု သူမက တွေးထင်နေသည်။ထို့ကြောင့် သူမက လုယွီနောက်သို့ အလျင်စလို လိုက်လာခဲ့ခြင်းပင်။

လုယွီက ခါးသက်သက်အပြုံးနှင့် ခေါင်းခါယမ်းလိုက်မိသည်။ဆောင်အန်းချီသည် သူ၏ရည်ရွယ်ချက်နှင့် ပတ်သက်၍ မှားယွင်းစွာတွေးတောနေပုံရသည်။

ထိုအချိန်မှာပင် ရုတ်တရက် အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"တကယ်လို့ မင်းက ထွက်မသွားချင်ဘူးဆိုမှတော့...မသွားနဲ့တော့"

မူလကတည်ငြိမ်နေသော သဲကန္တာရတွင် မြောက်မြားစွာသော သဲမုန်တိုင်းများ ရုတ်တရက် မြင့်တက်လာပေ၏။ထိုသဲမုန်တိုင်းများအကြားတွင် ​ အနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများရှိနေပြီး သူတို့၏လက်များကို ချိတ်ဆက်ထားကြသည်။

ထိုအနီရောင်ဝတ်စုံဝတ်ဘုန်းတော်ကြီးများ၏ခန္ဓာကိုယ်များပေါ်တွင် အားကောင်းပြီးအစွမ်းထက်သောအရှိန်အဝါများရှိသည့်အပြင် သူတို့၏နံဘေးပတ်လည်၌ ဗုဒ္ဓအလင်းရောင်များ တောက်ပနေသည်။

"မြင့်မြတ်ဘုန်းတော်ကြီးငါးပါး...."

ဆောင်အန်းချီက တုန်လှုပ်ချောက်ချားသွားပေ၏။သူမက ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်ရာ သူမတို့ထံ တရွေ့ရွေ့ချဥ်းကပ်လာသော မြင့်မြတ်ဘုန်းတော်ကြီးသုံးပါးကို ထပ်မံ၍တွေ့မြင်မိသည်။

ထိုမြင့်မြတ်ဘုန်းတော်ကြီးများအပြင် မလှမ်းမကမ်းအကွာအဝေး၌ ဘုန်းကြီးတစ်စုသည်လည်း ဆိုးညစ်သောမျက်နှာအမူအယာများဖြင့် သူမတို့ထံ ချဥ်းကပ်လာပေ။။

"ငါတို့ အခု မလွတ်မြောက်နိုင်တော့ဘူး"

ဆောင်အန်းချီက ခါးသက်သက်အပြုံးနှင့် ပြောဆိုသည်။

ယခင်က လုယွီသည် မြင့်မြတ်ဘုန်းတော်ကြီးတစ်ပါးအား အဆိပ်နှင့် သတ်ဖြတ်နိုင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာတွင် မြင့်မြတ်ဘုန်းတော်ကြီး ရှစ်ပါးရှိနေသည်။လုယွီ၏အဆိပ်ပညာစွမ်းရည် မည်မျှထိမြင့်မားနေသည်ဖြစ်စေ သူတို့အား အနိုင်ယူနိုင်မည်မဟုတ်ချေ။

"ငါက ဒီနေရာကိုလာတာ ထွက်ပြေးဖို့မဟုတ်ဘူး"

လုယွီက ရုတ်တရက် ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်မှော်စွမ်းအင်များ တလိမ့်လိမ့်ထိုးတက်လာပြီး ခြောက်ပေကျော်မြင့်သော ပုံရိပ်ကြီးအဖြစ် ဖွဲ့စည်းသွားပေ၏။

ထိုအရာသည် ငရဲနတ်ဘုရားပုံရိပ်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာရှိကာ ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများအား စူးစိုက်၍ကြည့်နေသည်။

လုယွီသည် ငရဲနတ်ဘုရားပုံရိပ်ယောင်ကိုထိန်းချုပ်ပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။

"မြေအောက်လောကနတ်ဘုရား...ကြုံးဝါးစမ်း"

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိတ်လန့်ကြောက်ရွံဖွယ်အော်ဟစ်ကြုံးဝါးသံနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ်က အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများအားလုံး ထိုနားအူလုမတက်အသံကြီး၏သက်ရောက်ခြင်း ခံကြရသည်။သူတို့တစ်ယောက်ပြီးတစ်ယောက်၏ ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျပြီး လေထုအတွင်းမှ ပြုတ်ကျလာကြသည်။

ဖူး....

မြင့်မြတ်ဘုန်းတော်ကြီးများပင်လျှင် အားလှိုင်း၏ရိုက်ခတ်ခံရမှုကြောင့် သူတို့အားလုံး သွေးများအန်ထုတ်ပြီး နောက်ဆုတ်လိုက်ကြသည်။

"မင်းတို့က ခေါင်းဖွက်ပြီး အမြှီးဖော်ထားတဲ့ကောင်တွေပဲ...ဒါတောင်မှ မင်းတို့ရဲ့အသိုက်ကို အနောက်ဘက်သုခဘုံလို့ ခေါ်ဆိုဝံ့တယ်ပေါ့လေ"

လုယွီသည် ငရဲနတ်ဘုရားပုံရိပ်ယောင်ကိုထိန်းချုပ်၍ ရုတ်တရက် ရှေ့သို့တိုးလိုက်သည်။

သူ့ရှေ့ရှိ လေဟာနယ်အတွင်း၌ လှိုင်းများရုတ်တရက် ထွက်ပေါ်လာသည်။

တစ်စုံတစ်ခုသည်ချိပ်ပိတ်ထားခြင်းခံထားရသည်မှ ပွင့်ထွက်သွားသည့်အလား သူတို့ရှေ့ရှိ အကန့်အသတ်မရှိသောသဲကန္တာရကြီးသည် အလယ်ဗဟိုမှ ကွဲထွက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် ခြောက်သွေ့သောကျက်တီးမြေ ပျောက်ကွယ်သွားပြီး ကျယ်ပြန့်သောအိုအေစစ်တစ်ခု အစားဝင်လာသည်။

အစိမ်းရောင်တောင်တန်းများ...ပြာလဲ့လဲ့ရေပြင်...စိမ်းလန်းစိုပြည်နေသော သစ်ပင်ပန်းမန်များ...

ယခင်ထက် ဆယ်ဆမကပို၍အားကောင်းသော စိတ်ဝိညာဥ်စွမ်းအားများက သူတို့၏နံဘေးပတ်ဝန်းကျင်သို့ ရုတ်တရက် ရောက်ရှိလာသည်။

"ဒါက အနောက်ဘက်သုခဘုံလား"

ဆောင်အန်းချီက အံ့အားသင့်တုန်လှုပ်နေသည်။

ဗုဒ္ဓလမ်းစဥ်ကျင့်ကြံမှုသည် ခက်ခဲကြမ်းတမ်းသည်ဟု လူအများကပြောဆိုကြသော်လည်း ဤကဲ့သို့နေရာမျိုး၌ မည်သို့ခက်ခဲကြမ်းတမ်းမည်နည်း။

ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လျှင် တောင်တန်းများအား အစိမ်းရောင်သစ်ပင်များက ဝိုင်းရံထားသည်။

ထိုတောင်တန်းများအကြားတွင် ဗုဒ္ဓဘုရားကျောင်းများစွာရှိနေပြီး ကျမ်းစာရွတ်ဖတ်သံများကိုပင် ကြားနေရသည်။

All Chapters