အခန်း (၁၅၄၆-၁၅၅၀)
Vol. 81 Ch. 1546-1550
Chapter 1546
လုယွီသည် သူ၏လက်သီးချက်အရှိန်အဟုန်ကို ပြန်ရုတ်သိမ်းခြင်းမရှိချေ။သူ၏လက်သီးအားလှိုင်းသည် ရွှေစည်းတံဆိပ်အား ဖြတ်ကျော်ပြီး အသူရာဗုဒ္ဓအား ရိုက်ခတ်မိသွားသည်။
ဘုန်း....
ထိုအားလှိုင်းသည် အသူရာဗုဒ္ဓ၏ခန္ဓာကိုယ်အားဖြတ်သန်းသွားသဖြင့် အနောက်ရှိ ဘုရားကျောင်းပေါ်သို့ လွင့်ကျသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ထိုအားလှိုင်းဒဏ်ကြောင့် ကောင်းချီးထောင်ချီဘုရားကျောင်းတစ်ခုလုံး ပြိုကျသွားပေ၏။
အသူရာဗုဒ္ဓသည် ထိုလက်သီးချက်ကြောင့် မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိရာ ပေတစ်ထောင်ခန့်နက်သော ကျင်းကြီးတစ်ကျင်းပင် ဖြစ်ပေါ်လာသည်။အနောက်ဘက်သုခဘုံအတွင်းရှိ မြောက်များစွာသော ဘုရားကျောင်းများသည် ထိုတုန်လှုပ်ဖွယ်အားလှိုင်းအရှိန်ကြောင့် တုန်ခါသွားပြီး ဘုရားကျောင်းတချို့ ပြိုလဲသွားပေ၏။
အသူရာဗုဒ္ဓ၏ပုံရိပ်သည် တဖြည်းဖြည်းဝေဝါးလာကာ အနက်ရောင်အခိုးအငွေ့အဖြစ် ပြောင်းလဲစပြုနေပြီး လေထုအတွင်း၌ မျောလွင့်နေသည်။
သို့ရာတွင် သူ သေဆုံးခြင်းမရှိချေ။အသူရာဗုဒ္ဓသည် အကောင်အထည်မရှိဘဲ စိတ်ဝိညာဥ်သက်သက်တည်ရှိမှုပင်။
လုယွီ၏လက်သီးချက်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော်လည်း အသူရာဗုဒ္ဓအါး ပြင်းပြင်းထန်ထန် ထိခိုက်မသွားစေချေ။
"ကောင်လေး...ငါ မင်းကို မှတ်ထားမယ်"
အသူရာဗုဒ္ဓသည် အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်သော်လည်း သူက အဆက်မပြတ်နောက်ဆုတ်နေသည်။
လုယွီ၏လက်သီးချက်သည် အလွန်တုန်လှုပ်ဖွယ်ကောင်းပြီး ထိုအားလှိုင်းအောက်တွင် သူ အရည်ပျော်ကျသွားတော့မည့်အလား ခံစားရသည်။
အကယ်၍ သူသာ အချိန်ရရှိပြီး သင့်လျော်သောရုပ်ခန္ဓာကိုယ်ကို ရှာဖွေနိုင်ပါက သူ တဖန်ပြန်လာနိုင်ပေမည်။ထိုကဲ့သို့အချိန် ရောက်ရှိလာပါက သူ၏လက်အတွင်း၌ လုယွီကို သေချာပေါက်ဖျက်ဆီးပစ်နိုင်လိမ့်မည်။
"ခင်ဗျား ထွက်သွားနိုင်မှာမလို့လား"
လုယွီ၏ ခက်ထန်မာကြောသော အော်ငေါက်သံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
အသူရာဗုဒ္ဓက သရော်တော်တော် ပြောဆိုလေ၏။
"ငါက နယ်မြေခြောက်ခုကနေခုန်ထွက်ပြီး ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းကိုတောင် မဝင်ခဲ့ဘူး....ဘယ်သူ ငါ့ကို တားဆီးနိုင်မှာလဲ"
သူက ခြေထောက်မြှောက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
လုယွီသည် သူ၏ညာဘက်လက်ညှိုးဖြင့် အသူရာဗုဒ္ဓအား ချိန်ရွယ်လိုက်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
"ပိတ်လှောင်စမ်း"
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်း...
ဤအချိန်အခိုက်အတန့်တွင် အသူရာဗုဒ္ဓ၏နံဘေးပတ်လည်ရှိ လေဟာနယ် ကျုံဝင်သွားပြီး သူ့အားပိတ်လှောင်ကာ မလှုပ်မရှားနိုင်ဖြစ်သွားစေသည်။
"ဒါ...ဒါက ဘယ်လိုမှော်ပညာမျိုးလဲ"
အသူရာဗုဒ္ဓသည် နောက်ဆုံး၌ ကြောက်စိတ်မွှန်စပြုလာသည်။သူသည် မူလကတည်းက စိတ်ဝိညာဥ်သက်သက် တည်ရှိမှုဖြစ်သည်။အကယ်၍ သူ လုယွီအား ရှုံးနိမ့်ရလျှင်ပင် လွယ်လင့်တကူထွက်ပြေးနိုင်သည်ဟု သူ တွေးထင်ခဲ့၏။
သို့ရာတွင် ယခုလက်ရှိအချိန်တွင် သူမသိသော မှော်ပညာရပ်တစ်မျိုးဖြင့် သူ ပိတ်လှောင်ခံထားရ၏။
အသူရာဗုဒ္ဓက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"မင်းငါ့ကိုပိတ်လှောင်ထားရင်တောင်...ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး...ငါက ရှေးဟောင်းဗုဒ္ဓအဆင့်ထိ ကျင့်ကြံပြီးသွားပြီ...တကယ်လို့ မင်းက ငါ့ရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးလိုက်ရင်တောင် ငါ အသစ်ပြန်တည်ဆောက်နိုင်တယ်"
အနက်ရောင်ဗုဒ္ဓ၏စကားလုံးများကို တုံ့ပြန်နေသည့်အလား လုယွီ၏လက်သီးချက်ကြောင့် ဝေဝါးနေသော သူ၏ပုံရိပ်ယောင်သည် တဖြည်းဖြည်း ပြန်လည်သိပ်သည်းစပြုလာပေ၏။
"အဲ့ဒီလိုလား"
လုယွီ၏လက်ချောင်းထိပ်များမှ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အသူရာဗုဒ္ဓ၏နံဘေးပတ်လည်ရှိ လေဟာနယ်အတွင်းသို့ ကျရောက်သွားသည်။
"ဒီမီးတောက်လောက်ကိုများ...ငါ ကြောက်မယ်လို့......."
အသူရာဗုဒ္ဓ၏မျက်နှာထက်တွင် မူလက သရော်တော်တော်အမူအယာမျိုးရှိနေသော်လည်း ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
သူ၏စိတ်ဝိညာဥ်အား သန်းချီသောအင်းဆက်ပိုးမွှားများ ကိုက်ဖြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ထိုနာကျင်မှုကြောင့် သူ စူးရှနာကျင်စွာ အော်ဟစ်လိုက်ရ၏။
"ဒါက ဘယ်လိုမီးတောက်မျိုးလဲ...ဘာလို့ ငါ့ရဲ့စိတ်ဝိညာဥ်ကို လောင်ကျွမ်းသွားစေတာလဲ"
"ငါ့ကိုမသတ်ပါနဲ့...ငါ လျှို့ဝှက်ချက်တွေအများကြီးသိထားတယ်...ငါ မင်းကို အင်မော်တယ်တစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်တယ်"
"ငါ့ကိုလွှက်ပေးပါ....."
အသူရာဗုဒ္ဓသည် စူးရှနာကျင်စွာ အော်ဟစ်နေပေ၏။ယခု သူခံစားနေရသောနာကျင်မှုသည် သူ့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှ ရောက်ရှိလာခြင်းဖြစ်ပြီး သူ့အား မခံမရပ်နိုင်ဖြစ်စေသည်။
"တကယ်လို့ မင်း ငါ့ကိုသတ်ရင်...ဗုဒ္ဓဂိုဏ်းက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
"ဟား ဟား ဟား...ငါနဲ့အတူ ငရဲကိုအတူသွားကြတာပေါ့"
လေထုအတွင်းမှနေ၍ အသူရာဗုဒ္ဓ၏ ရူးသွပ်နေသောရယ်မောသံကြီး ထွက်ပေါ်လာသည်။သူ၏စိတ်ဝိညာဥ်သည် တဖြည်းဖြည်း ပြာအဖြစ်လောင်ကျွမ်းသွားပြီး အနက်ရောင်အလင်းတန်းတစ်ခုက ရုတ်တရက်လွင့်ပျံလာကာ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏လည်ပင်းပေါ်၌ ကြောက်မက်ဖွယ်အနက်ရောင်ဗုဒ္ဓအမှတ်အသား ထင်ဟပ်သွားပေ၏။
"ကျိန်စာလား"
လုယွီသည် မျက်မှောင်ကြုတ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများကိုအသုံးပြုကာ ထိုအမှတ်အသားအား ပျက်ပြယ်သွားစေသည်။
သို့ရာတွင် ထိုကျိန်စာသည် သူ၏အရိုးတွင် လောက်ကောင်အလားတွယ်ကပ်နေပြီး သူ မည်သည့်နည်းစနစ်ကိုအသုံးပြုသည်ဖြစ်စေ ပျက်ပြယ်သွားခြင်းမရှိချေ။
လုယွီသည် အတွေ့အကြုံကြွယ်ဝသူဖြစ်၍ သူ၏လည်ပင်းနောက်မှ အနက်ရောင်ဗုဒ္ဓအမှတ်အသားကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။သူ၏မျက်နှာပေါ်၌ အေးစက်တင်းမာသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ထိပ်တန်းအဆင့်ဗုဒ္ဓကျိန်စာပဲ...ဒီအသူရာဗုဒ္ဓမှာ သမိုင်းကြောင်းတချို့တော့ ရှိပုံရတယ်"
Chapter 1547
ထိုကျိန်စာအမှတ်အသားသည် ဗုဒ္ဓလမ်းစဥ်မှထိပ်သီးအစွမ်းထက်ကျင့်ကြံသူ၏ နားလည်သဘောပေါက်မှုများကို သိပ်သည်းထားခြင်းဖြစ်၍ ဖယ်ရှားရန်မလွယ်ကူချေ။
လုယွီသည် ကျိန်စာအမှတ်အသားကို လျစ်လျှူရှုပြီး ယဲ့ရွှယ်လန်၏မှိန်ပျပျပုံရိပ်ယောင်ထံသို့ အလျှင်အမြန်သွားလိုက်သည်။
အစပိုင်းကတည်းက ယဲ့ရွှယ်လန်သည် အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းသာဖြစ်၍ အသူရာဗုဒ္ဓ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ခံယူခဲ့ရပြီးနောက် သူမ၏စိတ်ဝိညာဥ်ပုံရိပ်တစ်ခုလုံး ဝေဝါးစပြုလာသည်။
"ရွှယ်လန်...."
လုယွီက ယဲ့ရွှယ်လန်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဆုပ်ကိုင်လိုက်သည်။သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအင်များ ဒီရေအလား အလိမ့်လိမ့်ထွက်ပေါ်လာပြီး ယဲ့ရွှယ်လန်၏ဒဏ်ရာရရှိထားသော အကြွင်းအကျန်စိတ်ဝိညာဥ်ကို ကုသပေးသည်။
သို့ရာတွင် သူ၏မှော်စွမ်းအင်များသည် ယဲ့ရွှယ်လန်ထံဝင်ရောက်သွားခြင်းမရှိဘဲ လေဟာနယ်အတွင်းမှာပင် ပျောက်ကွယ်သွားပေ၏။
"မုန်းစရာကောင်းတဲ့ကောင်စုတ်လေး...ဘယ်လိုပဲဖြစ်ဖြစ် ငါက သေရတော့မှာ...မင်းရဲ့ခွန်အားတွေကို မဖြုန်းတီးနဲ့တော့"
ယဲ့ရွှယ်လန်က ခါးသည်းစွာပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။
သူမ၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် ယခုလက်ရှိအချိန်၌ ပြည့်စုံသောပုံပန်းသွင်ပြင်မရှိတော့ဘဲ သူမ၏မျက်နှာတစ်ခုတည်းကိုသာ ဝေဝါးဝါးမြင်နိုင်သည်။
ရင်းနှီးကျွမ်းဝင်သောအသံတစ်သံ သူ၏နားအတွင်းသို့ ဝင်ရောက်လာပြီးနောက် လုယွီ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။
"မဟုတ်ဘူး...ငါ မင်းကို သေခွင့်မပြုနိုင်ဘူး"
လုယွီက အော်ဟစ်လိုက်၏။
ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်းမှနေ၍ သာမာန်မျက်စိဖြင့်မမြင်နိုင်သော အနက်ရောင်အခိုးအငွေ့များသည် ယဲ့ရွှယ်လန်ထံ ပျံ့လွင့်နေသည်။
ဤသည်က ငရဲဥပဒေသပင်။
ဤကမ္ဘာလောကအတွင်းတွင် တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်သည် ကောင်းကင်နှင့်မြေပြင်အား လှုပ်ခါနိုင်သည်အထိ အစွမ်းထက်နေသည့်တိုင် ရှေးဟောင်းအင်မော်တယ်နယ်ပယ်သို့ မရောက်နိုင်သေးသရွေ့ ထာဝရအသက်ရှင်နိုင်မည်မဟုတ်ဘဲ သေဆုံးခြင်းမှမလွတ်မြောက်နိုင်ချေ။
မည်သူမျှ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းမှ မလွတ်မြောက်နိုင်ဘဲ နောက်ဆုံး၌ သေဆုံးရပေမည်။
အတိတ်တွင် အလွန်အစွမ်းထက်ခဲ့သော တာအိုသခင်တစ်ယောက်ဖြစ်ခဲ့လျှင်ပင် ငရဲဥပဒေသ၏ပိတ်လှောင်ခြင်းခံရပါက အသိစိတ်တဖြည်းဖြည်း လွင့်ပြယ်ပြီး ကောင်းကင်နှင့်မြေပြင်အကြားမှ ပျောက်ကွယ်သွားပေလိမ့်မည်။
"ဒီနေရာက ထွက်သွားစမ်း"
မြေအောက်လောကတာအိုသခင်၏စိတ်ဝိညာဥ်သည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ်နှင့်အတူ အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
လုယွီ၏ခန္ဓာကိုယ်နံဘေးတွင် ကြီးမားသောနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ထိုပုံရိပ်ယောင်ကြီး၏အနက်ရောက်မျက်လုံးတစ်စုံအတွင်းတွင် မှိန်ပျပျအလင်းမီးတောက်က ဖြည်းညှင်းစွာ လည်ပတ်နေသည်။
မြေအောက်လောက၏အရှင်သခင်ဖြစ်ခဲ့သဖြင့် လုယွီသည် ငရဲဥပဒေသအား အကြွင်းမဲ့နားလည်သဘောပေါက်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ကယ်တင်လိုသည်မှာ တာအိုသခင်တစ်ယောက်ဖြစ်နေပေ၏။
သူ ကျီးချန်ယွီကို ကယ်တင်စဥ်က ငရဲဥပဒေသအား သူ နောက်ပြန်ဆုတ်သွားစေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ငရဲဥပဒေသသည် ထွက်ခွါသွားမည့်ပုံမရချေ။
"သေစမ်းကွာ...."
လုယွီသည် နံဘေးရှိနံရံတစ်ခုအား လက်သီးဖြင့်ထိုးနှက်လိုက်ရာ သူ၏လက်သီးမှ သွေးများယိုစီးကျလာသည်။
မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ သူသည် မြေအောက်လောကတာအိုသခင် မဟုတ်တော့ချေ။
ယဲ့ရွှယ်လန်၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် အားနည်းလာပြီး သူမသည် စကားပင်မပြောနိုင်တော့ပေ။သူမက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လုယွီအား စိုက်ကြည့်နေသည်။သူမ၏မျက်လုံးအတွင်း၌ လွမ်းဆွတ်တမ်းတခြင်းအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
လွန်ခဲ့သော နှစ်ကာလများဆီက လုယွီအား ကယ်တင်ပေးခဲ့သူမှာ သူမဖြစ်သည်။နောက်ထပ် နှစ်အနည်းငယ်အကြာ လုယွီ အောင်မြင်ကျော်ကြားစပြုလာချိန်တွင်လည်း သူ တာအိုသခင်တစ်ယောက်ဖြစ်စေရန် ယဲ့ရွှယ်လန်က ကူညီပေးခဲ့၏။
သူတို့နှစ်ယောက်သည် ဆရာတပည့်ဖြစ်သည့်အပြင် မိတ်ဆွေများလည်းဖြစ်သည်။ယဲ့ရွှယ်လန်သည် အဆုံးသတ်အချိန်ထိ ထိုစည်းကို ဖောက်ဖျက်ခဲ့ခြင်းမရှိချေ။သူမသည် တိတ်တဆိတ်ပေးဆပ်ပြီး လုယွီနောက်တွင်သာ အစဥ်အမြဲ ကူညီပေးနေခဲ့၏။
အတိတ်တွင် လုယွီသည် သူမအား ချစ်မြတ်နိုးခြင်းမရှိခဲ့ချေ။သူမကသာ သူ့အား တိတ်တခိုး ချစ်မြတ်နိုးခဲ့ရသူဖြစ်သည်။
"နည်းလမ်းတစ်ခုတော့ ရှိရမယ်...တကယ်လို့ ငါက စိတ်ဝိညာဥ်ဖြတ်တောက်ခြင်းနည်းစနစ်ကို ကျင့်ကြံနိုင်မယ်ဆိုရင်...သူ ပြန်လည်ဝင်စားပြီးရင်တောင်...ငါက သူ့ရဲ့စိတ်ဝိညာဥ်ကို အသက်ရှင်ရက်ထိန်းသိမ်းနိုင်လိမ့်မယ်...ရွှယ်လန်...ငါ မင်းကို ဒီအတိုင်း သေခွင့်မပြုနိုင်ဘူး"
ယဲ့ရွှယ်လန်၏နံဘေးပတ်လည်ရှိ ငရဲဥပဒေသကိုကြည့်ပြီး လုယွီသည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နှင့်အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နှစ်မျိုးလုံးကို တပြိုင်နက်တည်း အသက်သွင်းလိုက်သည်။
ရှေးဟောင်းခန္ဓာကိုယ်နှစ်မျိုးကြောင့် ရှေးကျသောအရှိန်အဝါများသည် လုယွီ၏ခန္ဓာကိုယ်မှ တလိမ့်လိမ့်ထွက်ပေါ်လာပေ၏။ထိုအရှိန်အဝါသည် ငရဲဥပဒေသကိုပင် သက်ရောက်သွားခဲ့သည်။
ဤသည်က ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်၏အရှိန်အဝါမျိုးဖြစ်သည်။ငရဲဥပဒေသသည် ထိုအရှိန်အဝါအနီးသို့ ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
လုယွီသည် ယဲ့ရွှယ်လန်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ပွေ့ဖက်ပြီး ဘုရားကျောင်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
လုယွီ ပြင်ပသို့ရောက်ရှိလာသည်နှင့် ဆောင်အန်းချီက အလျင်စလိုပြေးလာသည်။
"ငါ့ကိုစောင့်အုံး...မဆင်မခြင်မလုပ်နဲ့"
ဆောင်အန်းချီက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
ဤသည်က အရူးတစ်ယောက်ပင်။
ဤနေရာသည် ဗုဒ္ဓဂိုဏ်း၏အသိုက်ဖြစ်သည်။အကယ်၍ လုယွီအား ဝိုင်းအုံ၍ တိုက်ခိုက်ကြပါက မည်သို့ ပြန်လည်တိုက်ခိုက်မည်နည်း။
လုယွီသည် ဆောင်အန်းချီ၏လက်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သော နျူနျူကိုကြည့်ပြီး ပြောဆိုလိုက်၏။
"သူ့ကို ခဏစောင့်ရှောက်ထားပေးပါ...ခဏနေရင် ငါ ပြန်လာခဲ့မယ်"
Chapter 1548
စကားဆုံးသည်နှင့် လုယွီသည် လေထုအတွင်းသို့ပျံဝဲပြီး ပျောက်ကွယ်သွားတော့သည်။
"ဘယ်လိုကောင်လဲ"
ဆောင်အန်းချီသည် ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။
ထိုအချိန်မှာပင် နျူနျူသည် လုယွီထွက်ခွါသွားရာဘက်သို့ လက်ညှိုးညွှန်ပြီး အော်ဟစ်ငိုယိုလေ၏။
"အမကြီးရဲ့အရှိန်အဝါ ပျောက်ကွယ်တော့မယ်...."
"ကောင်းပြီ...ကောင်းပြီလေ...လိမ္မာတယ်...မငိုနဲ့တော့နော်"
ဆောင်အန်းချီသည် ပြောဆိုရမည့်စကားများ ပျောက်ရှသွားသည်။သူမက လက်ကိုင်ပုဝါကိုထုတ်ယူ၍ နျူနျူ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။
သူမသည် လုယွီနောက်သို့လိုက်လာရာလမ်းတွင် ထိုကလေးမလေးအား တောင်ကမ်းပါးတစ်ခုတွင် ထိုင်နေသည်ကို တွေ့မိရာ သနားဂရုဏာသက်မိသဖြင့် သူမနှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်းပင်။
ယခုချိန်တွင် သူမ လုယွီအား တွေ့ရသော်လည်း သူက သူမကိုထားခဲ့၍ ထပ်မံပြီးထွက်သွားပြန်သည်။
ထိုအချိန်မှာပင် လေစိမ်းတစ်ချက် ဝေ့ခနဲ တိုက်ခတ်လာပေ၏။
ခရက်.....
မူလကတည်းက ထိခိုက်ပျက်စီးပြီးဖြစ်သော ဘုရားကျောင်းတစ်ခု၏တံခါးမကြီး ရုတ်တရက်ပြိုလဲသွားသည်။
ဆောင်အန်းချီသည် နျူနျူ၏ရှေ့၌ မတ်တတ်ရပ်ပြီး ကာကွယ်ပေးလိုက်သည်။သူမသည် ခမ်းနားကြီးကျယ်သောဘုရားကျောင်းကြီး ပျက်စီးပြိုလဲသွားခြင်းကိုသာ တွေ့မြင်မိသည်။
သူမ၏မျက်နှာချင်းဆိုင်ရှိ နံရံပေါ်တွင် လက်ဖဝါးရာအပေါက်တစ်ပေါက် ထွက်ပေါ်လာပေ၏။ရံဖန်ရံခါ အုတ်ကျိုးအုတ်ပဲ့များနှင့် အမိုးပြားများလည်း ပြုတ်ကျလာသည်။
ဘုရားကျောင်း၏အလယ်ဗဟိုတွင်ရှိသော ကိုးကွယ်ခံဗုဒ္ဓရုပ်ပွါးတော်သည်လည်း ထိခိုက်ပျက်စီးနေပြီး မူလက ခမ်းနားကြီးကျယ်ခဲ့သောပုံစံမရှိတော့ချေ။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဆောင်အန်းချီ၏စိတ်နှလုံးသား လှိုင်းထန်သွားပေ၏။
ယခင်က သူမရရှိခဲ့သော သတင်းအချက်အလက်များအရ ဤနေရာသည် ဗုဒ္ဓဂိုဏ်း၏အတွင်းစည်းနယ်မြေဖြစ်သည်။
ဤကိစ္စများအားလုံးကို လုယွီပြုလုပ်ခဲ့ခြင်း ဖြစ်သလော။
သူမသည် လုယွီဖန်တီးခဲ့သော ဧရာမပုံရိပ်ယောင်ကြီးကိုကြည့်၍ သူမမယုံကြည်နိုင်သော်လည်း လုယွီ ပြုလုပ်သွားခြင်းသာဖြစ်မည်ဟု ကောက်ချက်ချမိသည်။
ဤအချိန်တွင် တာလျန့်နိုင်ငံတော်၏မြောက်ပိုင်းနယ်စပ်၌...
လုယွီသည် ယဲ့ရွှယ်လန်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ကာကွယ်ပြီး ရှေးဟောင်းအပျက်အယွင်းနယ်မြေထံသို့ ဦးတည်သွားခဲ့သည်။
"အနက်ရောင်အသူရာခန်းမ...မြင့်တက်စမ်း"
လုယွီက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်နှင့် သူရှေ့ရှိတောင် နှစ်ခြမ်းကွဲသွားပြီး ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ဤရှေးဟောင်းနန်းတော်သည် လုယွီ၏မှော်ရတနာများအနက်မှတစ်ခုဖြစ်သည်။လုယွီ၏စိတ်ဝိညာဥ်နှင့်အတူ ဤပြိုင်ဘက်ကင်းမှော်ရတနာသည်လည်း အောက်ဘုံသို့ ကျရောက်လာခဲ့သည်။
အနက်ရောင်အသူရာခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လုယွီ၏စိတ်နှလုံးသား ဆို့နင့်သွားသည်။
ဤနေရာသည် လုယက်ဖျက်ဆီးခြင်း ခံထားရပေ၏။
ထိုအချိန်တုန်းက လုယွီသည် ကျန်းထျန်းရှုံးတို့လူစု၏ နောက်သို့လိုက်၍ အနက်ရောင်အသူရာခန်းမသို့ ရောက်ရှိခဲ့သည်။သို့ရာတွင် သူတို့သည် အကြွင်းအကျန်သရဲတစ္ဆေစိတ်ဝိညာဥ်များနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ပစ္စည်းအမြောက်အများ ယူဆောင်နိုင်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤနယ်မြေတစ်ခုလုံး ဖောက်ထွင်းရာများဖြင့် ပြည့်နှက်နေသည်။
ဤနယ်မြေအတွင်းရှိ နန်းတော်တချို့တွင် ရတနာများ သိမ်းဆည်းထားသော နေရာအမြောက်အများရှိသည်။ထိုနေရာများကို မူလက ဝင်္ကပါများဖြင့် ပိတ်ဆို့ကာကွယ်ထားသော်လည်း လူများ၏ဖျက်ဆီးခြင်းခံရသဖြင့် အတွင်းရှိရတနာများအားလုံး မကျန်ရှိတော့ချေ။
လုယွီသည် ထိုနန်းတော်များကိုတစ်ချက်ကြည့်ပြီး လျစ်လျှူရှုလိုက်သည်။
အနက်ရောင်အသူရာခန်းမအတွင်း၌ ရတနာများစွာရှိသော်လည်း ထိုအရာများသည် ယဲ့ရွှယ်လန်နှင့် နှိုင်းယှဥ်၍မရချေ။
မကြာမီမှာပင် လုယွီသည် အနက်ရောင်အသူရာခန်းမ၏အောက်ဆုံးထပ်သို့ ရောက်ရှိလာသည်။
ဤနေရာ၌ မြောက်မြားစွာသော သရဲတစ္ဆေများရှိနေပေ၏။
သူတို့သည် မူလက အနက်ရောင်အသူရာခန်းမတွင် အကျဥ်းချခံထားရသူများဖြစ်သည်။မြေအောက်လောကတာအိုသခင် ကျရှုံးသွားသည့်တိုင် သူတို့သည် လွတ်မြောက်နိုင်ခြင်းမရှိသေးချေ။
ထိုသရဲတစ္ဆေများသည် အလွန်ကျယ်ဝန်းသော ခန်းမအတွင်းတွင်သာ လှည့်လည်သွားလာနေရ၏။
ဝုန်း....
လေးလံသောတံခါးကြီး ပွင့်သွားသည်နှင့် ထိုသရဲတစ္ဆေများ၏မျက်လုံးအကြည့်များက လုယွီထံသို့ တပြိုင်နက်တည်းရောက်ရှိလာသည်။
"ဒီနေရာက ထွက်သွားစမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူ၏ယခုလက်ရှိအခြေအနေသည် ဤနေရာသို့ သူ ပထမဆုံးရောက်ရှိစဥ်မှ အခြေအနေနှင့် မတူညီတော့ချေ။
ယခုချိန်တွင် လုယွီသည် သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။သူ့စိတ်ဝိညာဥ်၏စွမ်းအားကိုလည်း ယခင်ထက် ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ပေ၏။
သရဲတစ္ဆေများက လုယွီအတွက် လမ်းရှင်းပေးလိုက်ကြသည်။
အနက်ရောင်အသူရာခန်းမတစ်ခုလုံးကို တူးဖော်ခံရပြီးဖြစ်သော်လည်း ဤနေရာ၌ သရဲတစ္ဆေများအားလုံး စုဝေးနေသဖြင့် လုံခြုံစိတ်ချရပုံရှိသည်။
ထိုသရဲတစ္ဆေများ၏အလယ်ဗဟို၌ မြင့်မားသောယဇ်ပလ္လင်တစ်ခုရှိပြီး အပေါ်၌ သစ်သားခေါင်းတလားတစ်လုံးရှိနေပေ၏။
လုယွီသည် ထိုခေါင်းတလား၏အဖုံးကို ဖြည်းညှင်းစွာတွန်းလိုက်ရာ ယဲ့ရွှယ်လန်၏လှပချောမောသောမျက်နှာလေး ထွက်ပေါ်လာသည်။
Chapter 1549
"ငါ ပြန်လာတဲ့အချိန်ကျရင်...ငါ မင်း ပြန်ရှင်သန်လာအောင် သေချာပေါက်လုပ်ပေးမယ်"
လုယွီသည် ယဲ့ရွှယ်လန်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာထည့်သွင်းပြီးနောက် ခေါင်းတလားပေါ်၌ မှော်မန္တန်တချို့ကို ရေးဆွဲလိုက်သည်။
ထိုခေါင်းတလားသည် မူလက အေးစက်ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ယခုလက်ရှိချိန်၌ လုယွီ မှော်မန္တန်အမြောက်အများကို ရေးဆွဲပြီးနောက် ခေါင်းတလားတစ်ခုလုံး ဖန်သလင်းကဲ့သို့ ဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်သွားပေ၏။
ယဲ့ရွှယ်လန်၏နံဘေးပတ်လည်၌ ငရဲဥပဒေသသည် အချိန်တခဏကြာ ရစ်ဝဲနေသော်လည်း နောက်ဆုံး၌ မလိုလားဟန်ရှိသော်လည်း နောက်ဆုတ်ထွက်သွားတော့သည်။
ထို့နောက် လုယွီသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး သူ၏နံဘေးပတ်လည်ရှိ သရဲတစ္ဆေစိတ်ဝိညာဥ်များကို စူးစိုက်၍ကြည့်လိုက်သည်။
ထိုသရဲတစ္ဆေစိတ်ဝိညာဥ်များသည် အတိတ်တွင် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေမှ အပြစ်သားများဖြစ်ပြီး လုယွီက အနက်ရောင်အသူရာခန်းမအတွင်း၌ ချုပ်နှောင်ထားခြင်းဖြစ်သည်။သူတို့သည် ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဘယ်သောအခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
"မင်းတို့အားလုံး ရွှယ်လန်ကို ကောင်းကောင်းကာကွယ်စောင့်ရှောက်ထားကြ....မင်းတို့ရဲ့ အတိတ်တွေကို အတိတ်မှာပဲ ငါ ထားခွင့်ပြုလိုက်မယ်...ငါ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းပြီးတဲ့အခါကျရင်...မင်းတို့ကို လွတ်မြောက်ခွင့်ပေးမယ်"
လုယွီ၏အသံသည် အနက်ရောင်အသူရာခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး သရဲတစ္ဆေစိတ်ဝိညာဥ်များအားလုံး ဒူးထောက်လိုက်ကြ၏။
ယုံကြည်သက်ဝင်မှုကံကြမ္မာစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။ရုတ်ချည်းဆိုသလိုပင် လုယွီ၏ကျင့်ကြံဆင့် အဆင့်တစ်ခုထိ မြင့်တက်သွားသည်။
လုယွီက မျက်လုံးမှိတ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော မှော်စွမ်းအားများကို တိတ်တဆိတ်အာရုံခံလိုက်သည်။နောက်ဆုံး၌ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်ရာ တိမ်တိုက်များကိုထိုးဖောက်၍ မိုးကောင်းကင်ယံတခွင်လုံး တုန်ခါသွားပေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများ၌ မှော်စွမ်းအားများ ပြည့်နှက်နေပြီး အကယ်၍ သူ ဆန္ဒရှိလျှင် လောကီအင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အဆင့်တက်ရမည့်အချိန်မဟုတ်သေးချေ။
"ရွှယ်လန်ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်က အချိန်အကြာကြီးခံမှာ မဟုတ်ဘူး...ဒီနေရာမှာ အေးစက်ကျောက်စိမ်းခေါင်းတလားနဲ့ထားထားတာတောင်မှ ဆယ်နှစ်အတွင်းမှာ သူ့ရဲ့စိတ်ဝိညာဥ်ပျောက်ကွယ်သွားမှာ ငါ စိုးရိမ်မိတယ်"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ တိုက်ပွဲဝင်စိတ်ဆန္ဒများ ရုတ်တရက်မြင့်တက်လာသည်။သူသည် အချိန်ကိုအကောင်းဆုံးအသုံးချ၍ သူ၏ကျင့်ကြံဆင့်ကို တက်နိုင်သမျှမြန်မြန် မြှင့်တင်ရပေမည်။
.....
အနောက်ဘက်သုခဘုံအတွင်း၌....
ဆောင်အန်းချီသည် နျူနျူနှင့်အတူ အနောက်ဘက်သုခဘုံ၏ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသည်။
လုယွီသည် ရုတ်တရက် အနောက်ဘက်သုခဘုံသို့ ဝင်ရောက်တိုက်ခိုက်ပြီး ဘုရားကျောင်းသခင်အမြောက်အများကိုသတ်ဖြတ်ခဲ့သည့်အပြင် အသူရာဗုဒ္ဓကိုပင် သတ်ဖြတ်ခဲ့ပေ၏။ထိုကိစ္စများသည် အနောက်ဘက်သုခဘုံတစ်ခုလုံးအား ဖရိုဖရဲဖြစ်သွားစေသည်။
ဘုရားကျောင်းများအားလုံးသည် သူတို့၏အမာခံကျောရိုး ဆုံးရှုံးလိုက်ရပုံ ပေါ်လွင်နေသည်။တချို့ဘုန်းတော်ကြီးများသည် လုပ်ကြံသတ်ဖြတ်သူကို နေရာအနှံ့ရှာဖွေနေကြပြီး တချို့ကမူ အခွင့်ကောင်းယူ၍ ထွက်ပြေးရန်အသင့်ပြင်နေကြသည်။
"လီရှင်းတို့လူစု ဒီနေရာကို မြန်မြန်ရောက်လာဖို့ ငါ မျှော်လင့်တယ်...မဟုတ်ရင် ငါတို့ ဒီနေရာမှာ သေသွားနိုင်တယ်"
ဆောင်အန်းချီက အံ့တင်းတင်းကြိတ်ပြီး ရေရွတ်လိုက်သည်။
ယခင်က သမင်ဖြူကျောင်းတော်မှသူလျိုတစ်ယောက်သည် အနောက်ဘက်သုခဘုံသို့ခိုးဝင်ကာ သူ၏အသက်ကိုစွန့်စား၍ မြေပုံတစ်ခုအား ခိုးယူခဲ့သည်။
သူမ ယခုလက်ရှိရောက်နေသောနေရာသည် လီရှင်းတို့လူစုနှင့် တွေ့ဆုံမည်ဟုကတိပြုထားခဲ့သောနေရာဖြစ်ပေ၏။
ဝှီး...
ဆောင်အန်းချီစောင့်ဆိုင်းနေစဥ်မှာပင် သူမ၏နောက်ရှိလေဟာနယ် ရုတ်တရက်လှုပ်ခတ်သွားပြီး လီရှင်းတို့လူစု ထွက်လာသည်။
လီရှင်းနှင့်အတူ သမင်ဖြူကျောင်းတော်မှကျောင်းတော်သားဆယ်ယောက်ကျော် ပါဝင်လာပေ၏။တခြားတစ်ဖက်တွင်မူ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူတချို့ရှိနေပြီး ဒြပ်စင်ငါးပါးဂိုဏ်းသားများ ဖြစ်ပုံရသည်။
"လီရှင်း...နောက်ဆုံးတော့ နင် ရောက်လာပြီပေါ့"
ဆောင်အန်းချီသည် ယခင်ကဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို လျစ်လျှူရှုပြီး သူမက ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကို လီရှင်းအား ပြောပြရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် လီရှင်းက သူမအားဟန့်တား၍ ပြောဆိုသည်။
"မင်း ဘာမှပြောစရာ မလိုတော့ဘူး...ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံး ငါ သိထားပြီးပြီ...မင်း ပြန်ရောက်တဲ့အခါကျရင်...အင်မော်တယ်ဂိတ်တံခါးက ပေးအပ်မယ့်အပြစ်ဒဏ်ကိုခံယူဖို့သာ ပြင်ဆင်ထားတော့"
ဘာ...
ဆောင်အန်းချီက မျက်မှောင်ကြုတ်လိုက်သည်။
"နင် ဘာတွေပြောနေတာလဲ"
မည်သည်ကြောင့် သူမ အပြစ်ဒဏ် ခံယူရမည်နည်း။လီရှင်း ရူးများရူးသွပ်သွားသလော။
လီရှင်းက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"မင်းက ငါပြောတာကို မယုံကြည်ပုံပဲ...ဒီထဲမှာ မင်းတို့ဘာတွေလုပ်နေတာလဲဆိုတာ ငါ မသိဘူးထင်နေလား"
သူက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး လုယွီ၏အရိပ်အယောင်အား မမြင်တွေ့မိသဖြင့် ပြောဆိုလိုက်သည်။သူ၏မျက်လုံးအတွင်းရှိ သရော်တော်တော်အရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာပေ၏။
"ဟိုကောင်ကတော့ လမ်းတစ်ဝက်မှာတင် သေသွားပုံရတယ်...ဟား ဟား ဟား...ငါ အရင်က မင်းကို မပြောခဲ့ဘူးလား...အဲ့ဒီလိုကောင်စားမျိုးက မင်းကို ကူညီပေးမှာမဟုတ်ဘူး...ဒုက္ခပဲရောက်စေမှာဆိုတာကို"
"ငါတို့ရဲ့အရင်အစီအစဥ်က ပြီးပြည့်စုံတယ်...အနောက်ဘက်သုခဘုံထဲကိုခိုးဝင်ပြီး ဗုဒ္ဓဂိုဏ်းကို စုံစမ်းထောက်လှမ်းရုံပဲ...ဒါပေမယ့် မင်းတို့က ဒီလောက်ဆူညံမှုကြီးဖန်တီးပြီး ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းလုံးကို သတိပြုမိသွားစေတယ်"
Chapter 1550
လီရှင်းသည် ယဥ်ကျေးမှုတစိုးတစိမျှမရှိဘဲ ဆောင်အန်းချီကို လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောဆိုသည်။
"တကယ်လို့ မင်းဟာမင်း သေချင်နေတယ်ဆိုရင်တောင်...ငါတို့ကိုပါ ဆွဲမထည့်သင့်ဘူး...ဒီတစ်ကြိမ်တော့ မင်းရဲ့စိတ်ရင်းမှန်ကို ငါ သိသွားပြီ"
"လီ...ရှင်း...."
ဆောင်အန်းချီသည် အံ့တင်းတင်းကြိတ်ထားပြီး သူမသည် လီရှင်းအား အရှင်လတ်လတ် ဝါးစားချင်လိုစိတ် ပေါက်နေသည်။
လုယွီသည် အနောက်ဘက်သုခဘုံအတွင်းရှိ အစွမ်းထက်ဗုဒ္ဓဂိုဏ်းဝင် အမြောက်အများကို သတ်ဖြတ်ခဲ့သည်မှာ သိသာထင်ရှားပေ၏။
ဤသည်က ကြီးမားသောအကျိုးဆောင်မှုဖြစ်သော်လည်း ဆောင်အန်းချီ ရှင်းမပြနိုင်မီမှာပင် လီရှင်း၏အော်ငေါက်ခြင်း ခံလိုက်ရသည်။
"တိတ်တိတ်နေကြစမ်း"
ထိုအချိန်မှာပင် လီရှင်း၏နံဘေးရှိ လူငယ်တစ်ယောက်က လေသံတိုးတိုးဖြင့် ပြောဆိုသည်။
ထိုလူငယ်သည် ရုပ်ရည်ချောမောခန့်ညားပြီး လေးနက်တည်ကြည်သောအမူအယာမျိုးဖြစ်သည်။သူ၏အဝတ်အစားကိုကြည့်၍ အကဲဖြတ်ကြည့်ပါက သူ၏နံဘေးပတ်လည်ရှိ တခြားတပည့်များနှင့် မတူကွဲပြားသည်မှာ သိသာထင်ရှားလှ၏။
သူ စကားပြောဆိုလိုက်သည်နှင့် သူ၏နံဘေးပတ်လည်မှလူအားလုံး နှုတ်ဆိတ်သွားတော့သည်။
ထိုအချိန်မှာပင် ဘုန်းကြီးတစ်စုသည် သစ်တောများပေါ်မှ ပျံဝဲ၍ကျော်ဖြတ်သွားကြသည်။သူတို့သည် အောက်၌ လီရှင်းတို့လူစု ပုန်းအောင်းနေသည်ကို တွေ့မြင်သွားပေ၏။
"မကောင်းတော့ဘူး...ငါတို့ကို အဲ့ဒီဘုန်းကြီးတွေ ရှာတွေ့သွားပြီ"
လီရှင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူတိူ့လူစုသည် ပြင်ပလောက၌ လူငယ်ပါရမီရှင်များဟုဆိုနိုင်သည်။သို့ရာတွင် ဤဗုဒ္ဓဂိုဏ်းတွင်မူ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် လုံလောက်ခြင်းမရှိချေ။
သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကြ၏။သူတို့ အနောက်ဘက်သုခဘုံအတွင်းသို့ ခိုးဝင်လာစမှာပင် ကြမ်းကြုတ်ရက်စက်သောတိုက်ပွဲအား တိုက်ခိုက်ရတော့မည်လော။
သူတို့သည် စိတ်နှလုံးသားအတွင်း၌ မှန်းဆနေစဥ်မှာပင် ဘုန်းတော်ကြီးများသည် သူတို့ကိုမြင်သော်လည်း မျက်မှောင်တစ်ချက်သာကြုတ်ပြီး မူလလမ်းကြောင်းအတိုင်း ထွက်ခွါသွားပေ၏။
ထိုဗုဒ္ဓကျင့်ကြံသူ၏လက်များအတွင်းတွင် အိတ်ကြီး အိတ်ငယ်များကို ကိုင်ဆွဲထားပြီး အလျှင်အမြန် ထွက်ပြေးသွားကြသည်ကို သူတို့အားလုံး တွေ့မြင်နေရသည်။
"သူတို့က ပြောင်းရွှေ့ဖို့လုပ်နေတာများလား"
လီရှင်းက တုန်လှုပ်ချောက်ချားသွားသည်။
သို့ရာတွင် သူ ထိုစကားကိုပြောဆိုလိုက်မိသည့်တိုင် ဖြစ်နိုင်ချေမရှိမှန်း သူ ခံစားမိသည်။အနောက်ဘက်သုခဘုံသည် ဗုဒ္ဓဂိုဏ်း၏အသိုက်ဖြစ်သည်။သူတို့သည် ဤနေရာအား စွန့်ပစ်မည်မဟုတ်ချေ။
ဆောင်အန်းချီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"အခု ငါတို့အထဲမှာ ဘာတွေလုပ်ခဲ့တာလဲဆိုတာ နင် သိပြီလား"
"လုယွီက မြင့်မြတ်ဘုန်းတော်ကြီးရှစ်ပါးကိုသတ်ပြီး သူတို့ရဲ့ဘုရားကျောင်းတွေကို ဖျက်ဆီးခဲ့တယ်...အခုချိန်မှာ ဗုဒ္ဓဂိုဏ်းဝင်တွေရဲ့ခေါင်းဆောင်တစ်ယောက်မှမရှိတော့ဘူး...သူတို့က အခြေအနေမဟန်တော့လို့ ထွက်ပြေးနေကြတာပဲ"
ပတ်ဝန်းကျင်ရှိလူအားလုံး ကြက်သေသေသွားပေ၏။
မြင့်မြတ်ဘုန်းတော်ကြီး ရှစ်ပါး...သေဆုံးသွားသလော...
သူတို့ရရှိထားသော သတင်းအချက်အလက်များအရ မည်သည့်မြင့်မြတ်ဘုန်းတော်ကြီးမဆို တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိဂိုဏ်းများမှ အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူများသည် မြင့်မြတ်ဘုန်းတော်ကြီးရှစ်ပါးကို သူတို့၏အကြီးမားဆုံးရန်သူတော်ကြီးများအဖြစ် သတ်မှတ်ထားကြ၏။
မြင့်မြတ်ဘုန်းတော်ကြီးများအားလုံး သေဆုံးသွားမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။
"မင်း ဘယ်သူ့အကြောင်းကိုပြောနေတာလဲ...လုယွီလား"
ခေါင်းဆောင်လူငယ်က မေးမြန်းသည်။
ဆောင်အန်းချီက ခေါင်းမော့ကြည့်ပြီး ပြောဆိုလိုက်သည်။
"ဟုတ်တယ်...သူက လုယွီ...ငါတို့ သမင်ဖြူကျောင်းတော်က ကျောင်းအုပ်ကြီးရဲ့တူပဲ"
လူငယ်၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်သွားသည်။သူသည် ယခင်က ဒြပ်စင်ငါးပါးဂိုဏ်း၏ စီနီယာအကိုကြီးဖြစ်ခဲ့သော ဖန်လင်းဖြစ်ပေ၏။
ယခုလက်ရှိချိန်တွင် အခြေအနေများပြောင်းလဲသွားပြီး ဖန်လင်းသည် စီနီယာအကိုကြီးအဖြစ်မှ ဂိုဏ်းခွဲမှူးအဆင့်သို့ပင် ရောက်ရှိနေလေပြီ။
သို့ရာတွင် ထိုအချိန်တုန်းက လုယွီသာ ကူညီမပေးခဲ့ပါက ယခုချိန်တွင် သူ အရိုးစုဘဝသို့ ရောက်ရှိနေလောက်ပြီကို သူ အမှတ်ရနေဆဲပင်။
ဖန်လင်းက မေးမြန်းသည်။
"လုယွီ ဘယ်ရောက်သွားလဲ"
ဆောင်အန်းချီက ခေါင်းခါပြလေ၏။
"သူက နေရာတစ်နေရာကို သွားမယ်လို့ပဲ ပြောသွားတယ်...ငါ့ကို ဒီကလေးမလေးကို စောင့်ရှောက်ခိုင်းထားခဲ့တာ"
ထိုစကားနှင့်အတူ ဆောင်အန်းချီသည် သူမ၏နောက်ရှိ ကလေးမလေးအား ထုတ်ဖော်ပြသလိုက်၏။
နျူနျူသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေသည်။သူမသည် ဆောင်အန်းချီ၏ဝတ်စုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမရှေ့ရှိလူများကို မဝံ့မရဲကြည့်နေသည်။
"ဒီကလေးမလေးလား"
ဖန်လင်းသည် နျူနျူအပေါ်၌ လေးနက်သောအမြင်ရှိသည်။
သူ လေဟာနယ်စွန့်ပစ်နယ်မြေအတွင်းသို့ ဝင်ရောက်စဥ်တွင် လုယွီသည် ကလေးမလေးတစ်ယောက်အား အတူခေါ်ဆောင်ထားသည်ကို တွေ့မြင်ဖူးသဖြင့် သူ နျူနျူ၏ပုံပန်းသွင်ပြင်အား မှတ်မိနေဆဲပင်။
ထိုအချိန်မှာပင် လီရှင်းက ရုတ်တရက် စကားပြောဆိုလိုက်သည်။
"စီနီယာအကိုဖန်လင်း...ဒီလိုမျိုး အရူးစကားတွေကို ယုံကြည်နေတာလား"
သူက မကျေမချမ်းဖြင့် ဆက်လက်ပြောဆိုလေ၏။
"မြင့်မြတ်ဘုန်းတော်ကြီးတွေကို သတ်ခဲ့တာတဲ့လား...ဒီစကားတွေကို ဘယ်သူက ယုံမှာလဲ"