အခန်း (၁၅၅၁-၁၅၅၅)
Vol. 81 Ch. 1551-1555
Chapter 1551
အမှန်အားဖြင့် လီရှင်းသည် ဆောင်အန်းချီပြောဆိုသမျှအား ယုံကြည်ခြင်းမရှိချေ။
ဆောင်အန်းချီအား ဘေးဖယ်ထားလျှင်ပင် လုယွီသည် လူငယ်တစ်ယောက်သာဖြစ်ပြီး သူ့ထက်ပင် ငယ်ရွယ်ပုံရသည်။မည်သည်နည်းဖြင့် လုယွီသည် မြင့်မြတ်ဘုန်းတော်ကြီးရှစ်ပါးကို သတ်ဖြတ်နိုင်မည်နည်း။
ဆောင်အန်းချီသည် လီရှင်း ယုံကြည်လက်ခံမည်မဟုတ်မှန်း အစကတည်းက မျှော်လင့်ထားပုံရသည်။သူမက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူမ၏သိုလှောင်အိတ်အတွင်းမှ သွေးများဖုံးလွှမ်းနေသောခေါင်းဖြတ်များကို ဆင့်ခေါ်ပြလိုက်သည်။
ထိုဦးခေါင်းပြတ်များသည် ဗုဒ္ဓဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများ၏ခေါင်းများ ဖြစ်ပေ၏။
လုယွီသည် ထိုဗုဒ္ဓကျင့်ကြံသူများကို သတ်ဖြတ်ခဲ့စဥ်အချိန်က ဆောင်အန်းချီသည် သူ့နောက်တွင်ရှိနေခဲ့သဖြင့် အခွင့်ကောင်းယူကာ ထိုဦးခေါင်းပြတ်များအား သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
ထိုဦးခေါင်းပြတ်များအား ကျောင်းတော်မှအကျိုးဆောင်ရမှတ်အမြောက်အများနှင့် သူမ လဲလှယ်နိုင်ပေ၏။
"မြင့်မြတ်ကျားကိုယ်တော်....မြင့်မြတ်ကြာပန်းသူတော်စင်...ဒါတွေက အစစ်အမှန်တွေပါလား"
"ငါ ဒီလူတွေကို သိတယ်...ငါက မြင့်မြတ်ကျားကိုယ်တော်ရဲ့ပုံစံကို အဝေးကနေ မြင်တွေ့ဖူးတယ်"
"ဒဏ်ရာတွေကိုကြည့်ရင်...သူတို့အားလုံး တစ်ချိန်တည်းအသတ်ခံရတာ သိသာထင်ရှားနေတယ်...ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ ခွန်အားမျိုးပါလိမ့်"
ဤနေရာရှိ လူများက တီးတိုးပြောဆိုနေကြ၏။ခေါင်းပြတ်များကိုကြည့်၍ သူတို့အားလုံး တုန်လှုပ်ချောက်ချားနေမိသည်။
လီရှင်း၏မျက်နှာ ညိုမည်းသွားသည်။သူသည် လုယွီ မြင့်မြတ်ဘုန်းတော်ကြီးရှစ်ပါးအား သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ခဲ့ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ ခေါင်းပြတ်များက သူ့ရှေ့တွင်ရှိနေလေရာ သူ မယုံကြည်၍မရတော့ချေ။
"တစ်ယောက်ယောက်က မြင့်မြတ်ဘုန်းတော်ကြီးရှစ်ပါးကို သတ်လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့....သူက နောက်ကနေလိုက်ပြီး နာမည်ကောင်းဝင်ယူသွားတာပဲဖြစ်မှာ"
လီရှင်းက မနာလိုသောလေသံဖြင့် ပြောဆိုသည်။
မြင့်မြတ်ဘုန်းတော်ကြီးများအား လုယွီ သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်မှာ အရေးမပါချေ။ဆောင်အန်းချီသည် ထိုခေါင်းပြတ်များဖြင့် အကျိုးဆောင်ရမှတ်အမြောက်အများကို လဲလှယ်နိုင်ပေမည်။
ရုတ်တရက် လီရှင်းက တစ်စုံတစ်ခုကို တွေးတောမိသွားကာ ရယ်မောလိုက်၏။
"ဟား ဟား ဟား....ဘုန်းကြီးတွေအားလုံး ထွက်ပြေးနေကြတာ အံ့အားသင့်စရာမရှိတော့ဘူး...မြင့်မြတ်ဘုန်းတော်ကြီးတွေအားလုံး သေသွားပြီကိုး...အခုချိန်မှာ ဗုဒ္ဓဂိုဏ်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ....ငါတို့က ဒီအခြေအနေကို အခွင့်ကောင်းယူရမယ်"
ယခုလက်ရှိနေရာတွင်ရှိနေသော လူများ၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားပေ၏။
ဗုဒ္ဓဂိုဏ်းသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးတွင် ချမ်းသာကြွယ်ဝဆုံးဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသည်။အကယ်၍ ဗုဒ္ဓဂိုဏ်းအတွင်း၌သိမ်းဆည်းထားသော ရတနာများကိုသာ သူတို့ကိုယ်ပိုင်အသုံးပြုရန် ယူဆောင်နိုင်ပါက သူတို့အတွက် ကြီးမားသောရိတ်သိမ်းမှုဖြစ်ပေမည်။
"သွားကြစို့"
လီရှင်းသည် စိတ်မရှည်တော့ဟန်ဖြင့် သူ၏လူများကိုခေါ်ဆောင်ပြီး ဗုဒ္ဓဂိုဏ်း၏နက်ရှိုင်းသောနေရာထံသို့ တရကြမ်းပြေးဝင်သွားတော့သည်။
ဒြပ်စင်ငါးပါးဂိုဏ်းမှလူများသာ်လည်း သူတို့၏လက်များကိုပွတ်သပ်၍ အလျှင်အမြန်သွားရောက်လုယက်ရန် ပြင်ဆင်နေကြသည်။ဤအခွင့်အရေးမျိုးသည် နှစ်တစ်ရာပင်လျှင် တစ်ကြိမ်မကြုံတွေ့နိုင်ရာ သူတို့အားလုံး အလွတ်ပေးလိုစိတ်မရှိကြချေ။
ဖန်လင်းက ဆောင်အန်းချီအား ကြည့်လိုက်သည်။
"မင်း သွားမှာလား"
ဆောင်အန်းချီသည် ဤအခွင့်အရေးအား ရယူလိုသော်လည်း သူမ၏အင်္ကျီစကို ဆုပ်ကိုင်ထားသော ကလေးမလေးကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"နင်တို့ပဲ သွားကြပါ"
ယခုချိန်၌ ဗုဒ္ဓဂိုဏ်းသည် ဖရိုဖရဲဖြစ်နေသော်လည်း တချို့ဘုရားကျောင်းများ၌ ဘုရားကျောင်းသခင်များရှိနေဆဲပင်။အကယ်၍ လွဲချော်မှုတစ်စုံတစ်ရာ ဖြစ်ပွါးပါက သူမနောက်၌ ကလေးမလေးရှိနေပေရာ ပြဿနာများသွားနိုင်သည်။
'ငါ ဒီနေရာမှာပဲ သူတို့ကိုကာကွယ်ဖို့ နေခဲ့တော့မယ်"
ဖန်လင်းသည် တွန့်ဆုတ်နေသော်လည်း နောက်ဆုံး၌ ဤနေရာ၌ကျန်နေခဲ့ပြီး ဆောင်အန်းချီတို့ကိုကာကွယ်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"ဂိုဏ်းခွဲမှူးက ကျွန်တော်တို့နဲ့အတူလိုက်သင့်တယ်လေ"
ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များသည် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ကြ၏။
ဖန်လင်းက ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...ငါ့ရဲ့ကျင့်ကြံနည်းစနစ်က ငါ့ရဲ့ခန္ဓာကိုယ်ကို ထိန်းညှိနိုင်ဖို့က အဓိကကျတာ...အဲ့ဒီ မှော်ရတနာတွေက ပြင်ပအကူအညီတွေ...ငါ့အတွက် အကျိုးသက်ရောက်မှုအများကြီးရှိမှာ မဟုတ်ဘူး...မင်းတို့ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ကြ...လုံခြုံဘေးကင်းဖို့ကို ဂရုစိုက်ပါ"
ဖန်လင်း၏စကားဆုံးသည်နှင့် ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များ ပျောက်ကွယ်သွားတော့သည်။
"ဖန်လင်းက တကယ့်ကို အရူးတစ်ကောင်ပဲ...ဒီလိုမျိုးအကျိုးအမြတ်တွေကိုတောင် ရယူရကောင်းမှန်းမသိဘူး"
လီရှင်းသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် ပြက်ရယ်ပြုရယ်မောလိုက်သည်။
သူသည် သမင်ဖြူကျောင်းတော်မှတပည့်များကို ဦးဆောင်၍ လမ်းတလျှောက်လုံးရှိ ဘုရားကျောင်းများအတွင်းဝင်ရောက်ကာ တွေ့ရှိသမျှ ရတနာပစ္စည်းအားလုံးကို ယူဆောင်ခဲ့သည်။
အမှန်တကယ်လည်း သူ ခန့်မှန့်ထားသည့်အတိုင်းပင်။မူလက ဘုရားကျောင်းများအား စောင့်ကြပ်နေသော ဘုန်းတော်ကြီးများသည် ထွက်ပြေးရန်သာ အလျင်လိုနေကြသဖြင့် အချိန်မရှိရာ သူတို့အား လျစ်လျှူရှုထားကြသည်။
"ဒါက ထိပ်တန်းအဆင့်မှော်လက်နက်ပဲ"
"ဒီဝတ်ရုံကို အရင်က မြင့်မြတ်ဘုန်းတော်ကြီးတစ်ပါးဝတ်ဆင်တာ ငါ မြင်တွေ့ဖူးတယ်...ဒါက အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုကိုတောင် အကြိမ်ကြိမ်ခုခံပေးနိုင်တယိလို့ ငါ ကြားဖူးတယ်"
လီရှင်း၏လက်အတွင်း၌ မြောက်များစွာသော အဖိုးတန်ရှားပါးရတနာများကို ကိုင်ဆောင်ထားပြီး သူ၏မျက်နှာပေါ်မှ ပျော်ရွှင်မှုအရိပ်အယောင်များကို ဖုံးဖိ၍မထားနိုင်တော့ချေ။
သူ ရတနာများ ပို၍ရရှိလေလေ သူ၏စိတ်နှလုံးသားအတွင်းရှိ လောဘများ ပို၍ကြီးမားလာလေလေပင်။
"သွားကြစို့...ဘုရားကျောင်းသခင်ရဲ့အခန်းထဲကို သွားကြည့်ကြရအောင်"
လီရှင်းသည် ဘုရားကျောင်းတစ်ခုအတွင်းရှိ ခြံဝန်းတစ်ခုအားကြည့်ပြီး ပြောဆိုလိုက်သည်။
Chapter 1552
"စီနီယာအကိုလီ...ဒါက အရမ်းစွန့်စားလွန်းရာမကျဘူးလား"
ဘုရားကျောင်းသခင်များသည် ဘုရားကျောင်းတစ်ခုစီ၏ အစွမ်းထက်ဆုံးဗုဒ္ဓကျင့်ကြံသူဖြစ်သည်။
အကယ်၍ သူတို့ ခိုးဝင်လာခဲ့ခြင်းကို ဘုရားကျောင်းသခင်ကသာ ရှာဖွေ့တွေ့ရှိသွားပါက မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
လီရှင်းက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ဘာကိုကြောက်နေကြတာလဲ...အခုချိန်မှာ ဗုဒ္ဓဂိုဏ်းက ပြိုလဲချိန်ရောက်နေပြီ...ငါတို့က သူတို့ကို ဂရုစိုက်နေစရာမလိုဘူး"
လီရှင်းသည် ခေါင်းမော့ရင်ကော့ပြီး ဘုရားကျောင်းသခင်၏အခန်းတံခါးအား ကန်ဖွင့်ကာ အတွင်းသို့ ခြေချလိုက်သည်။
အခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများသည်အလွန်ရိုးရှင်းပြီး စားပွဲတစ်လုံး ကုလားထိုင်တစ်လုံးနှင့် ကုတင်တစ်လုံးသာရှိသည်။
အိပ်ယာပေါ်၌ ဘုန်းကြီးအိုတစ်ပါး ငုတ်တုတ်ထိုင်နေသည်။သူ၏မျက်နှာအသားအရေသည် ခြောက်ကပ်နေပြီး မလှုပ်မယှက်နေနေကာ အချိန်အတော်ကြာကတည်းက သေဆုံးနေခဲ့ပုံရသည်။
လီရှင်းသည် အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် စားပွဲပေါ်၌ စန္ဒကူးပုတီးတစ်ကုံးကို တွေ့မြင်မိသည်။
ထိုပုတီးကုံးမှပုတီးလုံးများ၏မျက်နှာပြင်သည် ကျောက်စိမ်းတမျှ တောက်ပနေသည်။ပုတီးလုံးတစ်လုံးစီပေါ်တွင် ဗုဒ္ဓအက္ခရာများကို ထွင်းထုထားပြီး မှိန်ပျပျအလင်းရောင်အား ထုတ်လွှက်နေပေ၏။
အကြည့်တစ်ချက်ဖြင့်ပင် ထိုပုတီးကုံးသည် သာမာန်မှော်ရတနာမျိုးမဟုတ်ကြောင်း ပြောနိုင်သည်။
"ဟား ဟား ဟား...ဒီလိုရတနာမျိုးက ငါ့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်"
လီရှင်းသည် ရယ်မောပြီး ပုတီးကုံးကိုယူဆောင်ရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သို့ရာတွင် သူ၏လက်ဆန့်ထုတ်လိုက်သည့်အချိန်မှာပင် အိပ်ယာပေါ်၌ထိုင်နေသော ဘုန်းတော်ကြီး၏မျက်လုံး ရုတ်တရက် ပွင့်လာပေ၏။
"ခင်ဗျားက မသေသေဘူးလား"
လီရှင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့ပြန်လှည့်၍ အလျှင်အမြန် ထွက်ပြေးတော့သည်။
သို့ရာတွင် သူ ခြေလှမ်းအနည်းငယ်သာပြေးပြီးချိန်တွင် ပြင်းထန်သောမှော်စွမ်းအားလှိုင်းတစ်ရပ် တိုးဝင်လာသဖြင့် နောက်သို့လွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိလေ၏။
"ပုရွတ်ဆိတ်တစ်သိုက်ကများ...ငါ့ရဲ့မှော်ရတနာကို လာပြီးခိုးယူဝံ့တယ်ပေါ့လေ"
ဘုရားကျောင်းသခင်၏အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်ပြီး ဘုရားကျောင်းတစ်ခုလုံးပင် တုန်ခါသွားသည်။
လီရှင်းသည် လိပ်ပြာလွင့်လုမတက် တုန်လှုပ်ချောက်ချားသွားပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော်က သမင်ဖြူကျောင်းတော်ကနော်...ဘာမှမဆင်မခြင်လုပ်ဖို့ စိတ်မကူးနဲ့...အခုချိန်မှာ ခင်ဗျားတို့အနောက်ဘက်သုခဘုံက အဆုံးသတ်သွားပြီ...တကယ်လို့ ခင်ဗျား ကျုပ်ဆီမှာ အရှုံးပေးအညံခံလိုက်တာနဲ့....သမင်ဖြူကျောင်းတော်မှာ ခင်ဗျားအတွက် နေရာတစ်နေရာ ရရှိရမယ်လို့ ကျုပ် အာမခံတယ်"
သူ စကားပြောနေစဥ်မှာပင် ဘုရားကျောင်းသခင်၏လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားသည်။
လီရှင်းသည် တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိပြုမိသဖြင့် သူက အလျင်စလို ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ခင်ဗျား ကျုပ်နောက်ကို လိုက်ခဲ့နိုင်တယ်...အရင်ကကိစ္စတွေအားလုံး မဖြစ်ခဲ့ဘူးလို့ ကျုပ် သဘောထားပေးမယ်....ခင်ဗျားရဲ့မှော်ရတနာကိုတော့ ကျုပ်အရင်သိမ်းဆည်းထားမယ်...ကျုပ်တို့သမင်ဖြူကျောင်းတော်ကို ခင်ဗျားဝင်ရောက်ပြီးတာနဲ့ ဒီမှော်ရတနာကို ခင်ဗျားဆီပြန်ပေးမယ်"
ရုတ်တရက် လီရှင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိပေ၏။
အကြောင်းအရင်းမှာ သူ့ရှေ့ရှိဘုရားကျောင်းသခင်သည် သူ့အား တစိုးတစိမျှပင် အာရုံစိုက်ခြင်းမရှိချေ။ထိုအစား ဘုရားကျောင်းသခင်သည် အနောက်ဘက်သုခဘုံ၏အထက်ရှိ မိုးကောင်းကင်ကိုသာ စူးစိုက်ကြည့်နေသည်။
ရုတ်တရက် ဘုရားကျောင်းသခင်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားပေ၏။သူသည် လီရှင်းအား တုံ့ပြန်စကားဆိုခြင်းပင်မရှိဘဲ ပြင်ပသို့ထွက်ပြေးသွားသည်။
"အနောက်ဘက်သုခဘုံအတွင်းကနေ ဘယ်ဗုဒ္ဓဂိုဏ်းဝင်ကိုမှ ထွက်ခွာခွင့်မပြုဘူး"
စူးရှရှအော်ငေါက်သံတစ်သံသည် အနောက်ဘက်သုခဘုံ၏အထက်ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားပေ၏။
ထိုအော်ငေါက်သံနှင့်အတူ အလွန်ကြီးမားသောမှော်စွမ်းအင်လှိုင်းများသည် ကျယ်လောင်သောတုန်ခါသံနှင့်အတူ အထက်ကောင်းကင်ယံမှ ကျဆင်းလာသည်။
အစောပိုင်းက လီရှင်းနှင့်တွေ့ဆုံခဲ့သော ဘုရားကျောင်းသခင်သည် အလွန်အားကောင်းပုံရသော်လည်း ထူထပ်သိပ်သည်းသောမှော်စွမ်းအားအရှိန်အဝါအောက်တွင် အသားပြားအဖြစ်သို့ ပြောင်းလဲသွားရသည်။
ထိုကဲ့သို့မြင်ကွင်းမျိုးသည် အနောက်ဘက်သုခဘုံ၏နေရာအနှံ့အပြား၌ ဖြစ်ပွါးနေပေ၏။
အလွန်အစွမ်းထက်ခဲ့သော ဗုဒ္ဓဂိုဏ်းဝင်များသည် သူတို့၏သဘာဝရန်သူတော်ကြီးနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။
ယခုလက်ရှိချိန်တွင်...မိုးကောင်းကင်ယံအတွင်း၌...
လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"လာခဲ့စမ်း"
ရုတ်ချည်းဆိုသလိုပင် အနောက်ဘက်သုခဘုံအတွင်းရှိ နေရာတိုင်းမှ မှော်ရတနာများသည် လုယွီထံသို့ ဒီရေအလား တိုးဝင်လာကြသည်။
လီရှင်း၏လက်အတွင်းရှိ စန္ဒကူးပုတီးကုံးပင်လျှင် ပြင်းထန်သောမှော်ရတနာစီးကြောင်းနောက်သို့ လိုက်ပါပြီး လုယွီထံ ရောက်ရှိသွားပေ၏။
အနက်ရောင်အသူရာခန်းမမှနေ၍ အနောက်ဘက်သုခဘုံသို့ သူ ပြန်လာရသည့် အကြောင်းအရင်းမှာ ဤနေရာတွင် ပုန်းအောင်းနေမည့် ဗုဒ္ဓဂိုဏ်းဝင်များအား ဖယ်ရှားရှင်းလင်းရန်ပင်။
"ဒါက နတ်ဘုရားတွေ...ဒါမှမဟုတ် သရဲတစ္ဆေတွေရဲ့ လှည့်စားမှုလား"
ဤသည်မှာ ဖန်လင်းသည် လုယွီ၏လှုပ်ရှားမှုအား မြင်တွေ့ရသော ပထမဆုံးအကြိမ်မဟုတ်ချေ။သို့ရာတွင် သူ နောက်ဆုံးအကြိမ် တွေ့ခဲ့စဥ်က လုယွီသည် လုံချီနယ်ပယ်သို့ ခြေချရုံမျှသာရှိသော ကျင့်ကြံသူငယ်လေးတစ်ယောက်ဖြစ်သည်။
သို့သော် ယခုလက်ရှိချိန်၌ လုယွီ၏အော်ငေါက်သံတစ်ချက်မျှဖြင့် အနောက်ဘက်သုခဘုံတစ်ခုလုံး ပြာပုံဘဝရောက်သွားလေပြီ။ဤကဲ့သို့ နည်းလမ်းမျိုးအား သူ စိတ်ကူးယဥ်ကြည့်ရန်ပင် လွန်စွာခက်ခဲလှ၏။
လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ မှော်ရတနာဒီရေလှိုင်းကြီးက သူ၏ရှေ့လေထုအတွင်း၌ စုဝေးသွားသည်။
"ဖန်လင်း...ဒီရတနာတွေရဲ့တစ်ဝက်က မင်းအတွက်ပဲ"
လုယွီသည် မှော်ရတနာများအား တစ်ဝက်ခွဲခြမ်း၍ ဖန်လင်းအား ပေးလိုက်သည်။
Chapter 1553
ရုတ်ချည်းပင် မှော်ရတနာပင်လယ်ကြီးက ဖန်လင်း၏ရှေ့သို့ ကျရောက်လာသည်။သူက အနည်းငယ်ဆွံအသွားပေ၏။
လုယွီသည် ရုတ်တရက် သူ၏ရှေ့၌ထွက်ပေါ်လာပြီး ဘုန်းတော်ကြီးများအားလုံးကို လျှပ်ပြက်သကဲ့သို့ သတ်ဖြတ်ခဲ့သဖြင့် တုန်လှုပ်ချောက်ချားနေရခြင်းမှ သူ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။
ယခုလက်ရှိချိန်တွင် သူ၏ရှေ့၌ မှော်ရနာပင်လယ်ကြီးရောက်ရှိလာလေရာ ဖန်လင်းက နေရာမှာပင် ကြက်သေသေနေတော့သည်။
"ဒါတွေအားလုံးက ငါ့အတွက်လား"
ဖန်လင်းက လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။
လတ်တလောနှစ်များအတွင်း ဗုဒ္ဓဂိုဏ်းသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတခွင်လုံးရှိ ဂိုဏ်းများနှင့်သေမျိုးနိုင်ငံများမှ တန်ဖိုးရှိသောအရာအားလုံးကို လုယက်ခဲ့ကြသည်။ထို့ကြောင့် ဗုဒ္ဓဂိုဏ်းတွင် မှော်ရတနာများ သန်းရာနှင့်ချီ၍ စုဆောင်းမိနေသည်။
ဤမျှများပြားသောမှော်ရတနာများကို ထိပ်သီးအင်မော်တယ်ဂိုဏ်းများပင် ထုတ်ယူသုံးစွဲနိုင်မည်မဟုတ်ချေ။
သူ့အတွက် တစ်ဝက်ဟူသောပမာဏကကပင် လွန်စွာများပြားနေသည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဒါက ဘာမှအရေးပါတဲ့ကိစ္စမဟုတ်ဘူး...ငါ အားလုံးမြင်တွေ့ပြီးပြီ...မင်းက မှော်ရတနာတွေရနိုင်တဲ့အခွင့်အရေးကိုစွန့်လွှက်ပြီး သူတို့နှစ်ယောက်ကို ကာကွယ်ပေးဖို့ ကျန်နေခဲ့တယ်...ဒီမှော်ရတနာတွေက ငါ့အတွက် အသုံးမဝင်ဘူး...မင်း ယူလိုက်ပါ"
လုယွီသည် သိုင်းသူတော်စင်နယ်ပယ်သို့ ချဥ်းနင်းဝင်ရောက်ပြီးနောက် သူ၏နတ်ဘုရားစိတ်အာရုံသည် မယုံကြည်နိုင်သောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
အထူးသဖြင့် စိတ်ဝိညာဥ်ကိုသန့်စင်ပေးနိုင်သော ရှေးဟောင်းမှော်နည်းစနစ်ကို သူ ရရှိပြီးနောက် သူ၏စိတ်ဝိညာဥ်သည် အတိတ်ဘဝမှတာအိုသခင်စိတ်ဝိညာဥ်ထက်ပင် ပို၍အစွမ်းထက်လာသည်။
ထို့ကြောင့် သူသည် အနောက်ဘက်သုခဘုံသို့ မရောက်သေးသည့်တိုင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။
"ညီအကိုလု...ကျေးဇူးအများကြီးတင်ပါတယ်"
ဖန်လင်းသည် ခေါင်းမာမနေတော့ဘဲ မှော်ရတနာများကို လက်ခံလိုက်တော့သည်။သို့ရာတွင် မှော်ရတနာအရေအတွက်သည် အလွန်များပြားနေသဖြင့် သူ တစ်ယောက်တည်းဖြင့် ယူဆောင်နိုင်ခြင်းမရှိချေ။
ဖန်လင်းသည် ဤနေရာသို့အတူလိုက်ပါလာသော ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များကို စုဝေးစေပြီး သူတို့၏သိုလှောင်အိတ်များအတွင်းသို့ မှော်ရတနာများကို သိမ်းဆည်းစေသည်။နောက်ဆုံး၌ သူတို့အားလုံး၏သိုလှောင်အိတ်များ ပြည့်နှက်သွားတော့သည်။
"အကိုကြီး"
နျူနျူသည် လုယွီကိုမြင်သည်နှင့် အပြေးရောက်လာပြီး ပွေ့ဖက်လိုက်၏။
"အကိုကြီး...အမကြီးက ဘယ်နေရာကိုထွက်သွားတာလဲဆိုတာကို ပြောပြပါလား"
နျူနျူသည် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပြီး ငိုကြွေးနေသည်။သူမအတွက် ယဲ့ရွှယ်လန်သည် သူမ၏မိသားစုဖြစ်သည့်အပြင် သူမ၏စိတ်နှလုံးသားအတွင်းရှိ ကာကွယ်စောင့်ရှောက်သူလည်းဖြစ်သည်။
လုယွီက သူမကိုကောက်ချီပြီး သူမ၏နဖူးကိုပွတ်သပ်ကာ ပြောဆိုလိုက်သည်။
"မင်းရဲ့အမကြီးက နေရာတစ်ခုမှာ အနားသွားယူတယ်...မကြာခင် သူ ပြန်လာလိမ့်မယ်"
နျူနျူ၏ကြေကွဲဝမ်းနည်းနေသောအမူအယာကိုကြည့်ပြီး လုယွီက ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်မိ၏။
ထိုအချိန်တုန်းက ယဲ့ရွှယ်လန်ကျင့်ကြံသော မှော်နည်းစနစ်သည် ရှေးဟောင်းခေတ်ကာလများမှ ဆင်းသက်လာသော 'အသက်တစ်ချောင်း...သန့်စင်မှုသုံးမျိုး'ပင်။
သူမ၏စိတ်ဝိညာဥ်သုံးခုအား သက်ရှိအဖြစ်ပြောင်းလဲနိုင်သဖြင့် သူမ၏ကျင့်ကြံမှုအမြန်နှုန်းသည် သာမာန်လူများထက် သုံးဆနီးပါးပိုမြင့်မားလေရာ အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်ဖြစ်သည်။
ဤအကြောင်းအရင်းကြောင့် ယဲ့ရွှယ်လန်သည် သေဆုံးသွားခဲ့သော်လည်း သူမ၏ပြန်လည်မွေးဖွားခြင်းတွင် သူမ၏အကြွင်းအကျန်စိတ်ဝိညာဥ် ပြန်လည်တွယ်ကပ်လာခြင်းဖြစ်သည်။
"အတိတ်ဘဝမှာ ငါ မင်းအပေါ် အကြွေးအများကြီးတင်ခဲ့တယ်...ဒီဘဝမှာတော့ ငါ မင်းကို အကုန်ပြန်ဖြည့်ဆည်းပေးမယ်"
လုယွီက စိတ်နှလုံးသားအတွင်းမှနေ၍ ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူက ဆောင်အန်းချီကိုကြည့်၍ ပြောဆိုသည်။
"မင်း အဲ့ဒီမှော်ရတနာတွေထဲကနေ ကြိုက်တဲ့ဟာဆယ်ခုယူနိုင်တယ်"
ဆောင်အန်းချီသည် အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားပြီး သူမက ပြောဆိုလိုက်၏။
"ဟေး....နင့်မှာ အသိတရားမရှိဘူးလား....ငါ နင့်အတွက် ဒီကလေးမလေးကို သေချာစောင့်ကြည့်ပေးနေတာလေ"
လုယွီက ပြောဆိုသည်။
"ငါ့ဆီမှာ မင်းအတွက် နောက်ထပ်အခွင့်အရေးတစ်ခုရှိသေးတယ်...မှော်ရတနာတွေများလွန်းတာက မင်းရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းအတွက်မကောင်းဘူး"
ဆောင်အန်းချီသည် အထွန့်မတက်တော့ဘဲ မှော်ရတနာပင်လယ်အတွင်းမှ မှော်ရတနာကောင်းဆယ်ခုကိုရှာဖွေကာ သိမ်းဆည်းလိုက်တော့သည်။
လုယွီသည် ဆောင်အန်းချီအား တစ်ချက်ကြည့်လိုက်ရာ သူမထံ၌ အမြင်ကောင်းရှိသည်ကို တွေ့မြင်မိပေ၏။သူမရွေးချယ်လိုက်သော မှော်ရတနာများသည် အရည်အသွေးမြင့်မားသောအရာများဖြစ်ပေသည်။
"ကောင်းပြီလေ...နင့်ငါကိုပေးမယ်ဆိုတဲ့ အခွင့်အရေးက ဘယ်နေရာမှာလဲ"
ဆောင်အန်းချီက သူမ၏လက်ဖဝါးကိုဖြန့်ပြီး ပြောဆိုသည်။
လုယွီက စကားပြောဆိုဆော့မည့်အချိန်မှာပင် ရုတ်တရက် အံ့ကြိတ်ပြီးပြောဆိုသံတစ်သံ ထွက်ပေါ်လာသည်။
"ဟား ဟား ဟား.....ဒီလောက်များပြားတဲ့ မှော်ရတနာတွေနဲ့ဆိုရင် ငါတော့ချမ်းသာပြီ"
လီရှင်းက ရယ်မောပြီး မှော်ရတနာပင်လယ်ကြီးအတွင်းသို့ တဟုန်ထိုးပြေးဝင်သွားသည်။သူက မှော်လက်နက်တစ်ခုကို ကောက်ယူပြီး ရယ်မောလိုက်၏။
ဤမျှများပြားသော မှော်ရတနာများဖြင့်ဆိုပါက သူသည် သူသည်စွမ်းအားများစွာ စိုက်ထုတ်ရန်ပင်မလိုဘဲ သမင်ဖြူကျောင်းတော်၏အဓိကနေရာတစ်ခုအား ရယူနိုင်ပေမည်။ထို့ပြင် သူ၏ခွန်အားနှင့်ကျင့်ကြံဆင့်ပင်လျှင် အဆင့်တစ်ခုထိ တိုးတက်သွားနိုင်သည်။
Chapter 1554
လီရှင်းသည် မှော်ရတနာတစ်ခုအား ဆုပ်ကိုင်လိုက်စဥ်မှာပင် ရုတ်တရက် ထိုမှော်ရတနာမှနေ၍ အားလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပေ၏။
ဘုန်းခနဲအသံနှင့်အတူ လီရှင်းသည် နောက်သို့ခြေလှမ်းတော်တော်များများ ဆုတ်လိုက်ရပြီး သူက လုယွီအား စူးစူးဝါးဝါးကြည့်လိုက်သည်။
ထိုကိစ္စသည် လုယွီ ပြုလုပ်ခြင်းဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်းသိရှိသည်။
"မင်း ဘာလုပ်တာလဲ"
လီရှင်းက ဒေါသတကြီး အော်ဟစ်သည်။
လုယွီ၏မျက်နှာထက်၌ အမူအယာကင်းမဲ့နေသည်။သူက လက်နောက်ပစ်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ငါ မင်းကို ယူခွင့်ပြုလို့လား"
လီရှင်းက အူလှိုက်သည်းလှိုက် ရယ်မောလေသည်။
"ဒီမှော်ရတနာတွေအားလုံးက မင်းရဲ့ဟာတွေမလို့လား...မင်းက ဘာကောင်မို့ ဒီနေရာမှာလာပြီး စီမံခန့်ခွဲနေတာလဲ"
သို့ရာတွင် သူ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိလူအားလုံး၏အကြည့်များ ပြောင်းလဲသွားသည်ကို သူ ခံစားမိ၏။
အထူးသဖြင့် ဖန်လင်းသည် သူ၏ရှေ့၌ မှော်ရတနာအမြောက်အများရှိနေသည်ကို ယူဆောင်ရန်မကြိုးစားခြင်းပင်။
"ဘာတွေဖြစ်နေတာလဲ"
လီရှင်းက ထိတ်လန့်တုန်လှုပ်သွားသည်။
ဒြပ်စင်ငါးပါးဂိုဏ်းသားတစ်ယောက်က ပြောဆိုသည်။
"ဗုဒ္ဓဂိုဏ်းဝင်တွေအားလုံးကို ခုဏက သတ်ဖြတ်လိုက်သူက ဒီမိတ်ဆွေလေးပဲ...သူက ဒီမှော်ရတနာတွေအားလုံးကိုလည်း ရရှိသွားတယ်"
ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များသည် လီရှင်းအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်နေကြ၏။
သူတို့သည် ငနုံငအများမဟုတ်ချေ။လီရှင်း၏ယခင်စကားများအရ သူသည် လုယွီအား အမြဲတစေ လှောင်ပြောင်သရော်နေခြင်းကို သူတို့ သိရှိထားသည်။
သို့ရာတွင် လီရှင်းသည် လုယွီ၏အစစ်အမှန်ခွန်အားကို တစ်ကြိမ်တစ်ခါမျှ တွေးတောမိပုံမရချေ။
ဗုဒ္ဓကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ခဲ့သူမှာ လုယွီ ဖြစ်နေသလော။
သူ အစောကကြားလိုက်ရသော မိုးကောင်ကင်ယံမှထွက်ပေါ်လာသည့် ကျယ်လောင်သောအော်ငေါက်သံကြီးကို တွေးတောမိချိန်တွင် သူက ငြင်းခုံပြောဆိုလေ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါက နှစ်ပေါင်းများစွာ လူသိများကျော်ကြားခဲ့တဲ့ စီနီယာတစ်ယောက်ရဲ့လက်ချက်ပဲဖြစ်မှာ....သူက ကြားထဲကနေ အခွင့်အရေးယူသွားတာပဲဖြစ်နိုင်တယ်"
လီရှင်းသည် မည်သို့မျှ ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။သူ မွေးဖွားစဥ်အချိန်မှစ၍ ပါရမီတစ်ယောက်အဖြစ် လေ့ကျင့်ပေးခြင်းခံရသည်။သူသည် အမြဲတစေ မာန်မာနကြီးသူဖြစ်ပြီး သက်တူရွယ်တူများကြားတွင် သူ့ကိုယ်သူ အားအကောင်းဆုံးဟု ယူဆထားသူဖြစ်သည်။
ဒြပ်စင်ငါးပါးဂိုဏ်း၏ဂိုဏ်းခွဲမှူးဖြစ်သော ဖန်လင်းသည် သူနှင့် အဆင့်အတန်းတူညီခြင်းမရှိချေ။ဖန်လင်းနှင့်သူ၏အသက်အရွယ် ကွာခြားနေခြင်းကြောင့်သာမဟုတ်ပါက သူ ဖန်လင်းအား စီနီယာအကိုကြီးဟု ခေါ်ဆိုမည်မဟုတ်ချေ။
ဤသည်က သူ၏မာန်မာနပင်။အမှန်အားဖြင့် ဖန်လင်းသည်လည်း ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို အာရုံစိုက်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဖန်လင်းသည် သူ့ထက် အသက်ကြီးနေသဖြင့် လီရှင်းသည် အနည်းငယ်လက်ခံနိုင်ပေ၏။သို့ရာတွင် လုယွီ၏အသက်အရွယ်သည် သူ့ထက်များစွာပို၍ ငယ်ရွယ်ခြင်းမှာ သိသာထင်ရှားလှသည်။
လုယွီ ဤမျှထိအားကောင်းသန်မာသည်ဟူသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ထိုအချိန်တွင် အနောက်ဘက်သုခဘုံ၏တစ်ဖက်ခြမ်းမှနေ၍ ကျင့်ကြံသူတစ်စု ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုကျင့်ကြံသူများသည် အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားပြီး မှော်ရတနာများအတွက်လာခြင်းဖြစ်နိုင်သည်။ထိုလူများဖြင့် အနောက်ဘက်သုခဘုံ၏မိုးကောင်းကင်ယံတခွင်လုံး ပြည့်နှက်သွားပေ၏။
"ဗုဒ္ဓဂိုဏ်းကလူတွေ ပြန်လာကြတာများလား"
လီရှင်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏မသိစိတ်မှနေ၍ ထွက်ပြေးရန် ပြင်ဆင်ထားပြီးလေပြီ။
ဖန်လင်းသည် မိုးကောင်ကင်ယံအားမော့ကြည့်ပြီး ပြောဆိုသည်။
"ဒါက မြေအောက်လောကနတ်ဆိုးဂိုဏ်းကလူတွေပဲ"
ယခုလက်ရှိနေရာရှိလူအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။
မကြာသေးမီနှစ်များအတွင်း၌ မြေအောက်လောကနတ်ဆိုးဂိုဏ်းနှင့် ထိပ်သီးအင်မော်တယ်ဂိုဏ်းများသည် ပြန်လည်သင့်မြတ်လာကြသော်လည်း တစ်ဖက်၏အရေးကိစ္စကို တစ်ဖက်မှဝင်ရောက်စွက်ဖက်ခြင်းမရှိချေ။
သို့ရာတွင် မြေအောက်လောကနတ်ဆိုးဂိုဏ်းသည် နတ်ဆိုးဂိုဏ်းသာဖြစ်သည်။ထိုဂိုဏ်းနှင့်အင်မော်တယ်ဂိုဏ်းများအကြား ရန်ငြှိုးရန်စများကို အလျှင်အမြန်သင်ပုန်းချေနိုင်မည်မဟုတ်ချေ။
နတ်ဆိုးဂိုဏ်းဝင်များသည် တလိမ့်လိမ့်ထွက်ပေါ်နေသောနတ်ဆိုးစွမ်းအားများခြံရံ၍ ကောင်းကင်ယံမှ ဆင်းသက်လာကြ၏။ရှေ့ဆုံးမှဦးဆောင်လာသူများသည် အစင်းကြောင်းများစွာပါဝင်သော အနက်ရောင်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး အင်္ကျီကော်လံပေါ်၌ ရွှေရောင်အစင်းကြောင်းများရှိနေသည်။
"ဒါက မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့အကြီးအကဲ မင်းယီပဲ"
ဖန်လင်း၏မျက်နှာ သုန်မှုန်သွားပြီး သူက မတ်တတ်ထရပ်လိုက်၏။
ယခုလက်ရှိနေရာတွင်ရှိနေသော အင်မော်တယ်ဂိုဏ်းများမှကျင့်ကြံသူများအနက် သူ၏အဆင့်အတန်းသည် အမြင့်မားဆုံးဖြစ်သည်။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းက သတင်းရတာတယ်မြန်ပါလား....အနောက်ဘက်သုခဘုံမှာရှိတဲ့ဗုဒ္ဓကျင့်ကြံသူတွေကို အမြစ်ပြတ်သုတ်သင်ပြီးတာနဲ့ မင်းတို့ကရောက်လာကြတယ်...ဘာလဲ မင်းတို့က အကျိုးအမြတ်တွေကို ခွဲယူချင်လို့လား"
ဖန်လင်း၏စိတ်နှလုံးသားအတွင်း၌ ထိုနတ်ဆိုးဂိုဏ်းသားများသည် သတင်းရသည်နှင့် ရတနာများရယူရန် အပြေးလာကြခြင်းဖြစ်သည်ဟုသာ တွေးထင်နေမိ၏။
ရုတ်တရက်ရောက်ရှိလာသော နတ်ဆိုးဂိုဏ်းသားများသည် လေထုအတွင်းမှ မှော်ရတနာများကိုမြင်သည်နှင့် အံ့အားတသင့်ကြည့်ရှုနေကြသည်။
Chapter 1555
"ဖန်လင်း...မတားနဲ့"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"မင်းတို့ ဒီမှော်ရတနာတွေကို ယူသွားတော့"
လုယွီ၏လက်ရှိအဆင့်ဖြင့် အနောက်ဘက်သုခဘုံတွင် စုဆောင်းထားသောမှော်ရတနာများသည် သူ့အတွက် များစွာအသုံးဝင်ခြင်းမရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင်ရှိသော မြေအောက်လောကနတ်ဆိုးဂိုဏ်း၏ကျင့်ကြံသူအများစုသည် ခွန်အားကြီးမားခြင်းမရှိသဖြင့် သူတို့၏စွမ်းအားများကို တိုးမြှင့်ပေးနိုင်ရန် မှော်ရတနာများလိုအပ်သည်။
ဖန်လင်းသည် အံ့အားသင့်တုန်လှုပ်နေသော်လည်း သူက လမ်းဖွင့်ပေးလိုက်သည်။
ဗုဒ္ဓဂိုဏ်းကိုပင် ဖျက်ဆီးခဲ့သောလုယွီသည် မြေအောက်လောကနတ်ဆိုးဂိုဏ်းအား မျက်နှာသာပေးမည်ဟု သူ ထင်မထားမိချေ။
လီရှင်း၏မျက်နှာထက်တွင်မူ သရော်တော်တော်အမူအယာမျိုးရှိနေသည်။
"အားနည်းသူတွေကို အနိုင်ကျင့်ပြီး အားကြီးသူတွေကို ကြောက်ရွံတဲ့ကောင်ပဲ....နတ်ဆိုးဂိုဏ်းက အကြီးအကဲရောက်လာတာကိုမြင်တာနဲ့ သူက မှော်ရတနာတွေအားလုံးကို ပေးလိုက်တယ်"
လူအများ၏အကြည့်များအောက်တွင် မင်းယီက ရုတ်တရက်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ထိုခြေတစ်လှမ်းသည် ယခုလက်ရှိနေရာ၌ရှိနေသော အင်မော်တယ်ဂိုဏ်းများမှလူများ၏စိတ်အာရုံကို ဆွဲဆောင်သွားသည်။
မည်သို့ပင်ဆိုစေကာမူ မင်းယီသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏နာမည်ကျော်ကြားသော ထိပ်သီးကျင့်ကြံသူဖြစ်သည်။အကယ်၍ မင်းယီသာ သူတို့အားသတ်ဖြတ်လိုပါက သူတို့အားလုံး ခုခံနိုင်မည်မဟုတ်ချေ။
"အရှင်သခင်ကို ဂါရဝပြုပါတယ်"
မင်းယီက ရုတ်တရက် လုယွီ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ အရိုအသေပြုလိုက်၏။
မင်းယီဒူးထောက်ပြီးသည်နှင့် မြေအောက်လောကနတ်ဆိုးဂိုဏ်းသားများအားလုံးကလည်း လုယွီ၏ရှေ့၌ ဒူးထောက်၍ အရိုအသေပြုကြသည်။
"အရှင်သခင်ကို အရိုအသေပြုပါတယ်"
ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏သံပြိုင်အော်ဟစ်လိုက်သံသည် မိုးကောင်းကင်ယံထိတိုင် ပဲ့တင်ထပ်သွားပေ၏။
ဤမြင်ကွင်းသည် အလွန်အမင်း အံ့အားသင့်တုန်လှုပ်ဖွယ်ရာပင်။
နတ်ဆိုးကျင့်ကြံသူများသည် လုယွီ၏ရှေ့၌ ဒူးထောက်၍ အရိုအသေပြုနေကြသည်။
ဖန်လင်းနှင့်ဆောင်အန်းချီသည် နေရာမှာပင် ကြက်သေသေနေပေ၏။
အချိန်အတော်ကြာပြီးနောက် ဖန်လင်းသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး မယုံကြည်နိုင်သောလေသံဖြင့် မေးမြန်းသည်။
"မင်းက နှစ်တွေအကြာကြီးပျောက်ဆုံးနေခဲ့တဲ့ မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ အရှင်သခင်လား"
မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်သည် မြေလျှိုးမိုးပျံနိုင်သောနဂါးတစ်ကောင်နှင့်တူညီပြီး မည်သူမျှမြင်တွေ့ဖူးခြင်းမရှိဟု ဆိုကြသည်။
သို့ရာတွင် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်သည် အင်မော်တယ်ဂိုဏ်းများအမြစ်ပြတ်သုတ်သင်ခံရတော့မည့်အချိန်တွင် ကူညီပေးခဲ့ပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးကို ကယ်တင်ပေးခဲ့၏။
မြောက်များစွာသောလူတို့သည် နတ်ဆိုးဂိုဏ်းအရှင်သခင် မည်သူမည်ဝါဖြစ်ခြင်းကို ခန့်မှန်းနေကြသည်။သို့ရာတွင် အစောပိုင်းကဖြစ်ခဲ့သော ကိစ္စများတွင် ပါဝင်ပက်သက်ခဲ့သူမှန်သမျှ တားမြစ်ပိတ်ပင်ခံထားရပြီး မည်သူကမျှ ပြောဆိုရန်ဆန္ဒမရှိချေ။
ဆောင်အန်းချီသည် လုယွီအား စူးစိုက်ကြည့်နေပြီး သူမ၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေတခွင်လုံးတွင် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အင်အားကို မသိသူမရှိချေ။
သို့ရာတွင် နတ်ဆိုးဂိုဏ်းအရှင်သခင်အကြောင်းကိုသိချင်သူများသည် သူတို့၏လည်ပင်းကို သူတို့ကိုယ်တိုင်ပြန်ဖြတ်လျှင်ပင် လုယွီသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်ဟု တွေးထင်ကြမည်မဟုတ်ချေ။
"မှော်ရတနာတွေကိုယူသွားပြီးရင် ဒီနေရာကို ဖျက်ဆီးလိုက်တော့...တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ဘာဗုဒ္ဓအမွေအနှစ်ကိုမှ ငါ မမြင်ချင်ဘူး"
လုယွီက အမိန့်ပေးသည်။
မင်းယီသည် လုယွီ၏အမိန့်ကိုရသည်နှင့် သူ၏လူများကိုခေါ်ဆောင်၍ ဘုရားကျောင်းများအား စတင်၍ဖျက်ဆီးတော့သည်။
တခြားတစ်ဖက်မှ လီရှင်းသည် အလွန်တုန်လှုပ်ချောက်ချားနေပေ၏။သူက နောက်သို့ခြေလှမ်းများစွာဆုတ်ပြီး လုယွီ၏မျက်နှာကိုပင် စေ့စေ့မကြည့်ဝံ့တော့ချေ။
"ငါ ဘာလို့ နတ်ဆိုးဂိုဏ်းအရှင်သခင်ကို ရန်စစော်ကားမိခဲ့ပါလိမ့်"
လီရှင်း၏စိတ်နှလုံးသားတစ်ခုလုံး နောင်တတရားများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူကိုသာ ရွေးချယ်ရန်အခွင့်အရေးတစ်ခု ထပ်ပေးပါက လုယွီ၏ရန်သူဖြစ်ရန် သူ ရွေးချယ်မည်မဟုတ်ချေ။သူသာ လုယွီကိုသာ မိတ်ဆွေဖွဲ့ခဲ့မိပါက မှော်ရတနာများပင် ရရှိနိုင်သည်။
သို့ရာတွင် လောကကြီးအတွင်း၌ နောင်တတရားကိုကုစားနိုင်သောဆေးဝါးမျိုး မရှိချေ။
ရုတ်တရက် လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဆောင်အန်းချီ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးညွှန်လိုက်သည်ကို လီရှင်းက သတိပြုလိုက်မိသည်။
"ဒါက ကွန်ဖြူးရှပ်သူတော်စင်တစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုသဘောတရားတွေပဲ....မင်း ကောင်းကောင်းလေ့လာပါ"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
လုယွီသည် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများသည် မည်သည့်ကွန်ဖြူးရှပ်ကျင့်ကြံသူအတွက်မဆို မှော်ရတနာများထက် များစွာပို၍ အဖိုးတန်သည်။
ဆောင်အန်းချီသည် လုယွီ လက်ဆင့်ကမ်းပေးသော ထိုးထွင်းသိမြင်မှုများကို တိတ်ဆိတ်ငြိမ်သက်စွာ လေ့လာဆင်ခြင်နေပေ၏။ရုတ်တရက် သူမ၏မျက်လုံးကို ဖွင့်လိုက်ရာ ဥာဏ်အလင်းရသွားသောအရိပ်အယောင်များဖြင့် တောက်ပနေသည်။
ထိုအသိပညာများအား သူမ တဖြည်းဖြည်းချေဖျက်၍ လေ့လာဆင်ခြင်ရန် လိုအပ်သည်။
သို့ရာတွင် ဆောင်အန်းချီသည် လုယွီထံမှထိုးထွင်းသိမြင်မှုများကို အကုန်အစင် နားလည်သဘောပေါက်သွားပါက သူမအတွက် ကောင်းမွန်ပေမည်။
ရုတ်တရက် ဆောင်အန်းချီ၏ခေါင်းထက်မှနေ၍ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထိုအခိုးအငွေ့များသည် လေထုအတွင်းသို့မြင့်တက်သွားပြီး မြောက်များစွာသော သင်္ကေတအက္ခရာများအဖြစ် ပုံစံပြောင်းလဲသွားပေ၏။
"ဒါက ကွန်ဖြူးရှပ်တာအိုမှာ အဆင့်ချိုးဖျက်နိုင်သွားတာရဲ့ သင်္ကေတပဲ"
သမင်ဖြူကျောင်းတော်မှ တပည့်တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။
လီရှင်းသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် မနာလိုမှုကြောင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလောင်ကျွမ်းနေသည်။သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာပြီး သူ သတိလစ်မေ့မျောသွားတော့သည်။