အခန်း (၁၅၅၆-၁၅၆၀)
Vol. 81 Ch. 1556-1560
Chapter 1556
လုယွီသည် ဆောင်အန်းချီအား သူ၏ထိုးထွင်းသိုမြင်မှုများကို လက်ဆင့်ကမ်းပြီးနောက် သူက စိတ်ကျေနပ်မှုရရှိသွားပေ၏။
ဆောင်အန်းချီ၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိသော်လည်း သူမ၏ကွန်ဖြူးရှပ်တာအိုကျင့်ကြံမှုအခြေခံသည် ကျစ်လစ်သိပ်သည်းသည်။
ဤကဲ့သို့ကျစ်လစ်သိပ်သည်းမှုမျိုးကို သူမ စကားပြောဆိုနေစဥ် ထွက်ပေါ်လာသည့် ကွန်ဖြူးရှပ်တာအိုအရှိန်အဝါများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
အကယ်၍ ဆောင်အန်းချီသာ ပြင်းပြင်းထန်ထန်ကြိုးစားလေ့လာထားခြင်း မရှိပါက သူမထံမှ ယခုကဲ့သို့အရှိန်အဝါမျိုး ထွက်ပေါ်နေမည်မဟုတ်ချေ။
လုယွီထံ၌ ကွန်ဖြူးရှပ်တာအိုဥပဒေသရှိနေသဖြင့် ရှေးဟောင်းကွန်ဖြူးရှပ်ပညာရှင်များ၏ပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားပေးရန် တာဝန်ရှိသည်။အကယ်၍ သူ၏ထိုးထွင်းသိမြင်မှုများကို တခြားသူများအား သင်ကြားပေးပါက သူကိုယ်တိုင်အတွက်လည်း ကောင်းမှုကုသိုလ်စွမ်းအားများ ရရှိနိုင်ပေ၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုယွီ၏နောက်၌ တောက်ပသောအလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်က ကံကြမ္မာစွမ်းအားဖြစ်သည့်အပြင် လုယွီ၏ကောင်းမှုကုသိုလ်စွမ်းအားလည်းဖြစ်သည်။
ကောင်းမှုကုသိုလ်စွမ်းအားသည် လူတစ်ယောက်၏ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်ပေးနိုင်ရုံမက ပါရမီအရည်အချင်းကိုပင်တိုးတက်စေကာ ကံကြမ္မာကိုလည်းပြောင်းလဲပေးနိုင်စွမ်းရှိသဖြင့် အကျိုးကျေးဇူးများစွာရရှိသည်။
"နင်ရဲ့အသိပညာတွေက တကယ့်ကိုများပြားတာပဲ...နင်က ကွန်ဖြူးရှပ်သူတော်စင်ရဲ့တပည့်ဖြစ်တာ အံ့အားသင့်စရာမရှိတော့ဘူး"
ဆောင်အန်းချီသည် ခေါင်းမော့ပြီး လုယွီကိုကြည့်လိုက်ရာ သူမ၏မျက်လုံးများက တောက်ပနေသည်။သူမ၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှုအရိပ်အယောင်များပင် ထင်ဟပ်နေပေ၏။
လုယွီ၏ နည်းလမ်းများနှင့်နက်နဲသိမ်မွေ့သောအသိပညာများကြောင့် သူမ၏စိတ်နှလုံးသားအတွင်း၌ အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်စေသည်။
"မင်းရဲ့ခွန်အားကို တက်နိုင်သမျှမြန်မြန် မြှင့်တင်ထားတော့....ဒီလောကကြီးက မကြာခင် ပြောင်းလဲတော့မှာ"
လုယွီက ပြောဆိုလိုက်သော်လည်း သူက ထိုအကြောင်းများကို ရှင်းပြခြင်းမပြုချေ။
သူ ပြောဆိုသည့်တိုင် ဆောင်အန်းချီ၏လက်ရှိအဆင့်ဖြင့် နားလည်သဘောပေါက်မည်မဟုတ်ပေ။
လုယွီသည် ကောင်းကင်ဘုံလမ်းကြောင့်ပွင့်ပြီးနောက် ဤအဆင့်နိမ့်ဘုံအတွင်း၌ လောကကြီးအားတုန်ခါသွားစေမည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကိုပင် ဝိုးတဝါးခံစားမိနေသည်။
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်က ပျက်စီးသွားပြီ...ဒါပေမယ့် အဲ့ဒါက ပြဿနာမရှိဘူး...ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကို ထိန်းချုပ်နိုင်တဲ့အခါကျရင် ဒီအပြစ်သားနယ်မြေကို ပယ်ဖျက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှိလာမှာပဲ...ဒါဆိုရင် ဒီနယ်မြေမှာရှိတဲ့ဘယ်သူမဆို ပိုပြီးမြင့်မားတဲ့ကျင့်ကြံဆင့်နယ်ပယ်တွေကိုရောက်အောင် ကျင့်ကြံနိုင်လိမ့်မယ်"
လုယွီသည် အသူရာဗုဒ္ဓ၏လက်အတွင်းမှ ရွှေစည်းတံဆိပ်ကို ဖျက်ဆီးခဲ့မိသော်လည်း နောင်တရခြင်းမရှိချေ။
သူ လုပ်ဆောင်ရမည့်ကိစ္စကို လုပ်ဆောင်လိုက်ရုံသာဖြစ်ပြီး နောင်တရနေပါက စိုးရိမ်ပူပန်မှုများသာ တိုးပွါးလာနိုင်သည်။
တခြားတစ်ဖက်တွင် မင်းယီ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပေ၏။သူသည် နတ်ဆိုးဂိုဏ်းဝင်များနှင့်အတူ အနောက်ဘက်သုခဘုံတစ်ခုလုံးအား ဖျက်ဆီးနေခဲ့သည်။
ခမ်းနားထည်ဝါသောဗုဒ္ဓဘုရားကျောင်းများ ပြိုကျသွားစဥ်တွင် မြောက်များစွာသောမြေအောက်လမ်းကြောင်းများ လျှို့ဝှက်တည်ရှိနေသည်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။ထိုလမ်းကြောင်းများအတွင်း၌ လူသေလောင်းများ တောင်ပုံရာပုံရှိနေပြီး သွေးများက မြစ်ပြင်တမျှစီးဆင်းနေသည်။
ဤဘုန်းကြီးများသည် စစ်မှန်သောဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံခြင်းမဟုတ်ဘဲ နတ်ဆိုးနည်းစနစ်မျိုးကိုကျင့်ကြံခြင်းသာဖြစ်သည်။သူတို့၏ခွန်အားများကိုမြှင့်တင်နိုင်ရန်အတွက် လူအများ၏အသက်နှင့်ကျင့်ကြံဆင့်တို့ကို ယဇ်ပူဇော်စတေးကြ၏။သူတို့၏ဖမ်းဆီးခြင်းခံရသည့် မည်သူမဆို အဆုံးမရှိသော နှိပ်စက်ညှင်းပန်းမှုများအောက်တွင် သေသည်ထက်ဆိုးရွားသောဘဝသို့ ရောက်ရှိခဲ့ရသည်။
ဗုဒ္ဓဂိုဏ်း၏အကျဥ်းထောင်အတွင်း၌ အသက်ရှင်ကျန်ရစ်နေသူတချို့ကို နတ်ဆိုးဂိုဏ်းဝင်များက ရှာဖွေတွေ့ရှိခဲ့သည်။
သို့ရာတွင် အသက်ရှင်နေသူများသည် ဖုတ်ကောင်များကဲ့သို့ဖြစ်နေပြီး သူတို့၏မျက်လုံးအကြည့်များသည် လေးလံထိုင်းမှိုင်းနေ၏။
တချို့လူများဆိုလျှင် သူတို့၏ခြေလက်များ ပြတ်တောက်နေပြီး သွေးအိုင်များအတွင်း လဲကျနေကာ သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေရသည်။
"ငါယိုးမသားတွေ...လောကကြီးတစ်ခုလုံးက ငါတို့ကို နတ်ဆိုးတွေလို့ပြောကြတယ်...ဒါပေမယ့် ဒီဘုန်းကြီးတွေက ငါတို့ထက်တောင်ပိုပြီး ရက်စက်ကြမ်းကြုတ်နေတယ်"
နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီက တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလူတွေကို ကယ်တင်လိုက်ပါ...သူတို့ရဲ့အသက်တွေကို ဆေးဝါးတွေအသုံးပြုပြီး ကုသပေးဖို့ ကြိုးစားကြည့်လိုက်"
ထိုကိစ္စများအားလုံးကိုပြုလုပ်ပြီးနောက် လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားတချို့ ထပ်မံရရှိသည်။
သို့ရာတွင် ထိုကောင်းမှုကုသိုလ်စွမ်းအားများသည် သိသာထင်ရှားအောင် များပြားခြင်းမရှိချေ။ဤနေရာတွင် ချုပ်နှောင်ခံထားရသော လူအများစုသည် သေဆုံးရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။အကယ်၍ လုယွီက သူတို့ကို ကယ်တင်လျှင်ပင် ကျေးဇူးတင်ကြမည်မဟုတ်ပေ။
"ဗုဒ္ဓကျင့်ကြံသူတွေဟာ သနားကြင်နာမှုနဲ့ဂရုဏာအပြည့်ရှိပြီး သတ္တဝါတွေကိုတောင်မသတ်ဘူးလို့ ငါ ကြားထားတယ်....ဘာလို့ ဒီဗုဒ္ဓကျင့်ကြံသူတွေက ရက်စက်ကြမ်းကြုတ်တာလဲ"
ဆောင်အန်းချီက မျက်မှောင်ကြုတ်လိုက်၏။
လုယွီက ပြောဆိုသည်။
"ဒီနတ်ဆိုးဘုန်းကြီးတွေက ယင်ဗုဒ္ဓဂိုဏ်းရဲ့ကျင့်ကြံနည်းစနစ်အတိုင်းကျင့်ကြံတာ...စည်းမျဥ်းတွေလိုက်နာမှုမရှိ ပြန်လည်ဝင်စားခြင်းကိုလည်း ဂရုစိုက်မှုမရှိဘဲနဲ့...သူတို့ရဲ့ခွန်အား တိုးတက်ဖို့ကိုပဲအာရုံစိုက်တယ်...သူတို့က ဗုဒ္ဓဂိုဏ်းအမည်ခံပြီး ယုတ်ညံတဲ့အလုပ်တွေကိုပဲ ကျူးလွန်ကြတာ"
လုယွီ၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ၏လည်ဂုတ်ပေါ်ရှိ အနက်ရောင်ဗုဒ္ဓကျိန်စာအမှတ်အသားအကြောင်းကို တွေးတောမိသွားသည်။
သူ၏ယခုလက်ရှိကျင့်ကြံဆင့်ဖြင့် ထိုကျိန်စာအမှတ်အသားအား အမြစ်ပြတ်ဖယ်ရှားနိုင်အုံးမည်မဟုတ်ချေ။
သို့ရာတွင် သူ လောကီအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်လျှင် ထိုအမှတ်အသားအား အချိန်တိုအတွင်း ဖြေရှင်းနိုင်ပေမည်။
Chapter 1557
တာလျန့်နိုင်ငံတော်...လုမိသားစု
လုယွီသည် နျူနျူကို လုမိသားစုသို့ ပြန်လည်ခေါ်ဆောင်လာပြီး နောက်ဆုံး၌ မိသားစုပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။
ဤအချိန်အတောအတွင်းတွင် လုယွီသည် သူ၏မိဘနှစ်ပါး အဒေါ်နှင့်အမဖြစ်သူအတွက် သူတို့၏ရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနိုင်ပြီး ခွန်အားများတိုးတက်စေသော ဆေးဝါးများကို သန့်စင်ပေးခဲ့သည်။
အထူးသဖြင့် လုလမ်ရွှမ်းသည် ရေခဲစိတ်ဝိညာဥ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူဖြစ်၍ သူမသည် အထူးမွေးရာပါပါရမီရှင်တစ်ယောက်ဖြစ်သည်။
လုယွီသည် သူမအား ဆေးလုံးများနှင့်စိတ်ဝိညာဥ်ကျောက်တုံးများ ပေးလိုက်စဥ်တွင် လုလမ်ရွှမ်း၏ကျင့်ကြံဆင့်သည် တစ်ရက်လျှင် မိုင်တစ်ထောင်ခရီးသွားလာခြင်းနှင့်ညီသည်ဟု ညွှန်းဆိုနိုင်ပေ၏။
လုမိသားစု အနောက်ဘက်ခြံဝန်းအတွင်း၌...
ဘုန်း...
အိမ်အတွင်း၌ လုလမ်ရွှမ်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောမှော်စွမ်းအင်လှုပ်ခတ်မှုများ ထွက်ပေါ်လာခြင်းနှင့်အတူ သူမ၏ကျင့်ကြံဆင့် အဆင့်တစ်ဆင့် မြင့်တက်သွားသည်။
သူမ၏မျက်လုံးကိုဖွင့်လိုက်ချိန်တွင် ရေခဲများက သူမ၏မျက်တောင်တွင် အေးခဲနေပြီး သူမ၏ခန္ဓာကိုယ်ပတ်လည်ရှိ အေးစိမ့်နေသောအရှိန်အဝါများသည် လွင့်ပြယ်သွားခြင်းမရှိချေ။
လုလမ်ရွှမ်းက မှော်စွမ်းအားများ ထုတ်လွှက်လိုက်သည့် အချိန်မှသာ သူမ၏ခန္ဓာကိုယ်မှ ရေခဲများ ကျိုးပျက်သွားပြီး အဖြူရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားတော့သည်။
"ငါ အဝိုင်းသေးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ"
လုလမ်ရွှမ်းက အပျော်လွန်သွားပေ၏။
ဤှကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ အလွန်ရှားပါးသည်။ထို့ကြောင့် နောက်ဆုံး၌ သူမ၏မိသားစုကို ကာကွယ်ပေးနိုင်သောခွန်အားမျိုး ရရှိလေပြီ။
"သခင်လေး...သခင်မလေး...နန်းတော်က တစ်စုံတစ်ယောက်ကို စေလွှက်ပြီးတော့...သခင်လေး ဗုဒ္ဓဂိုဏ်းကိုဖျက်ဆီးပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ငြိမ်းချမ်းစေတဲ့အတွက် ဂုဏ်ပြုလက်ဆောင်တွေ ပေးပို့ပါတယ်"
အိမ်တော်ထိန်းသည် အိမ်တော်အတွင်းသို့ အပြေးဝင်လာပြီး လုယွီအား ဂုဏ်ပြုစကားပြောဆိုလေ၏။
လုယွီက ခေါင်းညိတ်ပြသည်။
"အဲ့ဒီပစ္စည်းတွေကို ယူထားလိုက်ပါ...ပြီးတော့ ငါက ဧကရာဇ်မင်းကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ"
လုယွီ၏လက်ရှိအဆင့်အတန်းဖြင့် သေမျိုးဧကရာဇ်တစ်ယောက်ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံနေရန် မလိုအပ်ချေ။
ညချမ်းအချိန်တွင် လုမိသားစုသည် ညစာစားပွဲတစ်ခု ကျင်းပသည်။
လုယွီသည် မြောက်ပိုင်းနယ်မြေ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအားလုံးကို သူ၏မိဘနှစ်ပါးနှင့်အဒေါ်အား ပြောပြလေ၏။
လုခိုင်ရှမ်နှင့်လုလမ်ရွှမ်းတို့သည် လုမိသားစုမှ ထွက်ခွါလာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။လုမိသားစုမှအပြောင်းအလဲများအကြောင်း ကြားချိန်တွင် သူတို့အားလုံး၏စိတ်ခံစားချက်များ ရှုပ်ထွေးကုန်သည်။
"အဖေ အဆင်ပြေနေတယ်ဆိုတာသိရလို့ ငါ ဝမ်းသာမိတယ်...သူက နှစ်တွေအကြာကြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာ...ဒါပေမယ့် ငါတို့ကတော့ သူကို ပြန်သွားမတွေ့ဖြစ်ခဲ့ဘူး"
လုဝမ်ရှင်း၏အမူအယာသည် ဆွေးမြည့်နေပြီး သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တစ်စုံတစ်ခုအား တမ်းတလွမ်းဆွတ်နေပုံရသည်။
လုယွီက အပြုံးနှင့် ပြောဆိုသည်။
"အဖေ ဒေါ်လေး...ကျွန်တော် ဒီတစ်ခါ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ပြန်လာတာက...အဖေတို့ရဲ့ ထင်မြင်ချက်တွေကို မေးကြည့်ချင်လို့ပဲ...အဖေတို့တွေ အဖိုးကို ပြန်သွားတွေ့ချင်လား"
လုခိုင်ရှမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ဟူး.....နှစ်တွေအများကြီး ကုန်လွန်လာပြီးမှတော့...အိမ်ပြန်ပြီး သွားကြည့်သင့်ပါတယ်လေ"
အတိတ်မှ လုမိသားစု၏ ငယ်ရွယ်မောက်မာသောသခင်လေးသည် ထပ်မံ၍မတည်ရှိတော့ချေ။ထိုအစား သူသည် အခက်အခဲများစွာကို ဖြတ်ကျော်နေရသော လူလတ်ပိုင်းကြီးတစ်ယောက်သာဖြစ်သည်။
ရှီထျန်းနယ်ပယ်ဒုတိယအဆင့်မှ စတင်ခဲ့ရသည့် သူ ကြုံတွေ့ခဲ့ရသည်များကို မည်သူမျှမသိနိုင်သော်လည်း သူ၏မိန်းမနှင့်ကလေးများကို စောင့်ရှောက်ကာကွယ်ပေးနိုင်ခဲ့သည်။
နောက်တစ်နေ့တွင် လုယွီသည် မှော်မန္တန်ရွတ်ဆို၍ သူ၏လုအိမ်တော်တစ်ခုလုံးကို ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် သူတို့သည် အလယ်ပိုင်းကုန်းမြေသို့ ထွက်ခွါခဲ့ပြီး မြောက်ပိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
လုမိသားစုအတွင်း၌ လုခိုင်ရှမ်နှင့်လုဝမ်ရှင်း ပြန်လာသည်ကိုကြားသည်နှင့် လုမိသားစုတစ်စုလုံး ဝမ်းသာပီတိဖြစ်သွားကြ၏။
ဤသည်က အတိတ်မှပင်မလုမိသားစု၏ သခင်လေးနှင့်သခင်မလေးဖြစ်ပြီး သူတို့နှစ်ယောက် ထွက်ခွါသွားခဲ့သည်မှာ အချိန်အတော်ကြာသည့်တိုင် သူတို့၏နာမည်ဂုဏ်သတင်းက မိသားစုအတွင်း ကျန်ရှိနေဆဲပင်။
လုဝူသီသည် အပျော်လွန်နေပြီး လုယွီ၏မိသားစုအိမ်တော်ကို လုမိသားစုခြံဝန်း၏အလယ်ဗဟို၌ နေရာချထားပေးလိုက်သည်။လုမိသားစုခြံဝန်း၏အလယ်ဗဟိုသည် စိတ်ဝိညာဥ်စွမ်းအင်များ အကြွယ်ဝဆုံးနေရာဖြစ်ပေ၏။
လုခိုင်ရှမ်နှင့်တခြားသူများသည် အစကတည်းက ပါရမီအရည်အချင်းရှိပြီးသူများဖြစ်သည်။ယခုလက်ရှိချိန်တွင် သူတို့ထံတွင် ကျင့်ကြံဆင့်ကန့်သတ်ထားခံရမှုလည်း မရှိတော့သဖြင့် သူတို့သည် အတိတ်မှပါရမီများကိုပြသပြီး သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ အလျှင်အမြန်တိုးတက်လာသည်။
လုယွီ၏မိခင် ဟန်ယွီရုံပင်လျှင် ဆေးလုံးများသောက်သုံးပြီး ရိုးတွင်းခြင်ဆီသန့်စင်ခံပြီးနောက် ကျင့်ကြံသူတစ်ယောက်ဖြစ်လာပေ၏။
လုအိမ်တော်၏အနောက်ဘက်ခြံဝန်းအတွင်း၌...
လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေလေ၏။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဒီရေအလားစီးဝင်နေပြီး သူ၏အရိုးအရွတ်နှင့် မရီးဒါန်းများကို သန့်စင်ပေးနေသည်။
ပြင်ပမှကြည့်နေသူများအဖို့ လုယွီသည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားလေသည်။သူ၏မရီးဒါန်းများအားလုံး ရွှေရောင်တောက်ပလင်းလက်နေပေ၏။
Chapter 1558
လုယွီသည် ယခုလက်ရှိအချိန်၌ သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် တခြားသာမာန်ကျင့်ကြံသူများထက် များစွာပို၍သာလွန်နေသဖြင့် သူ ဤအဆင့်သို့ရောက်ပြီး အချိန်တိုအတွင်းမှာပင် လောကီအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်တော့ပေမည်။
သို့ရာတွင် လုယွီသည် အလျင်စလိုအဆင့်တက်ခြင်းမရှိဘဲ သူက မှော်စွမ်းအားအမြောက်အများ စုစည်းနေ၏။
လောကီအင်မော်တယ်နယ်ပယ်သို့ရောက်ရှိပါက အဆင့်ငယ်တစ်ခုစီအကြားကွာခြားချက်မှာ အလွန်ကြီးမားသည်။
လုယွီထံတွင် အတိတ်ဘဝမှအတွေ့အကြုံများ ရှိနေရုံသာမက ရှေးဟောင်းအမွေအနှစ်ပညာရပ်များကိုပါ အမွေဆက်ခံထားသည်။ယခုလက်ရှိချိန်တွင် သူ၏အနာဂတ်ကျင့်ကြံရေးလမ်းကြောင်း ပိုမိုကောင်းမွန်စေရန်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံအား ကျစ်လစ်သိပ်သည်းအောင်ပြုလုပ်ရန် အလွန်အရေးပါပေ၏။
လုယွီ အတွေးနက်နေစဥ်မှာပင် အလယ်ပိုင်းကုန်းမြေ၏မိုးကောင်ကင်ယံမှနေ၍ ရုတ်တရက် တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
တစ်ချိန်တည်းမှာပင် မည်သည့်နေရာသို့ ရောက်ရှိနေသူဖြစ်စေ ထိုအလင်းတန်းအား တွေ့မြင်မိပေ၏။
"မိုးကောင်းကင်တာအို ပြောင်းလဲသွားပြီ"
"ဒီလိုမျိုး ထူးဆန်းတဲ့သဘာဝလွန်ပုံရိပ်...ဘာလို့ ငါ အဲ့ဒါကို ရင်းနှီးကျွမ်းဝင်နေသလို ခံစားရတာလဲ"
ထိုအလင်းရောင်များ ဖြာထွက်မှုကြောင့် အဆင့်နိမ့်ကျင့်ကြံသူများ တုန်လှုပ်ချောက်ချားသွားသကဲ့သို့ ခံစားနေရ၏။မည်သို့ပင်ဆိုစေကာမူ မြောက်များစွာသောသိုင်းသူတော်စင်များနှင့်လေလွင့်အင်မော်တယ်များ၏မျက်နှာများပေါ်တွင်ပင် တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည်။
တချို့ကျင့်ကြံသူများသည် အခြေအနေအား သိလိုသဖြင့် ချက်ချင်းဆိုသလိုပင် အမျိုးမျိုးသောနည်းလမ်းများကိုအသုံးပြု၍ ထိုပြောင်းလဲမှု၏နေရာအတိအကျကို ရှာဖွေကြသည်။
"ဒါက ကောင်းကင်ဘုံလမ်းကြောင်း ပွင့်တော့မယ့်အချိန်ပဲ"
လုယွီက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
သူက ကျင့်ကြံခြင်းကို ရပ်နားပြီး မတ်တတ်ထရပ်လိုက်သည်။ဤသည်က သူ လှုပ်ရှားရန် အချိန်ကျရောက်လာလေပြီ။
ကျွီ....
အခန်းတံခါးက ရုတ်တရက် ပွင့်လာပေ၏။
"ခွေးနက်ကြီး...အထဲဝင်ကြစို့"
နျူနျူသည် သစ်သားဓားတစ်လက်ကိုဝှေ့ယမ်းပြီး တာဟေးကိုစီးနင်းကာ လုယွီ၏အခန်းအတွင်းသို့ ဝင်ရောက်လာသည်။
ခွေးနက်ကြီးသည် များသောအားဖြင့် ပြောင်ချော်ချော်မျက်နှာထားမျိုးရှိသော်လည်း ကလေးမလေး နျူနျူအပေါ်တွင် အလွန်သနားကြင်နာစွာဆက်ဆံပြီး စောင့်ရှောက်ပေးနေသည်။
တာဟေးအတွက် နျုနျူသည် သူ၏မိတ်ဆွေဟောင်းတစ်ဦးကဲ့သို့ ခံစားရပေ၏။အမှန်အားဖြင့် သူ၏မိတ်ဆွေဟောင်း မည်သူမည်ဝါဖြစ်သည်ကို သူ အတိအကျမသိဘဲ သံသယဝင်ရုံသာရှိသော်လည်း ဆက်လက်၍စုံစမ်းခြင်းမပြုတော့ချေ။
လုယွီက တာဟေးအား စောင်းငဲ့ကြည့်ပြီးပြောဆိုသည်။
"သွားဖို့ အချိန်ကျပြီ"
"ဟား ဟား ဟား ဟား...ဒါက ဒီခွေးဘိုးဘေး ပွဲဦးထွက်ဖို့ အချိန်ရောက်ပြီပဲ"
တာဟေးသည် သူ၏ကျောပေါ်မှ နျူနျူအား ညင်သာစွာ အောက်သို့ချပေးလိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် အနည်းငယ်အံ့အားသင့်နေသောအရိပ်အယောင်များ ထွက်ပေါ်နေသည်။
လုယွီသည် ယခင်က အမတ်ကြီးချွယ်ပြောဆိုခဲ့သော စကားများကို တာဟေးအား ပြောပြခဲ့ပြီးလေပြီ။
တာဟေးသည် ရှေးဟောင်းအချိန်ကာလမှဆင်းသက်လာသူဖြစ်ပြီး သူ၏စိတ်ဝိညာဥ်သည် လုယွီ၏လက်အတွင်း၌ ရှိနေပေ၏။နှိုင်းယှဥ်ကြည့်ပါက သူသည် တာဟေးအပေါ် ယုံကြည်နိုင်စွမ်းမှာ အမတ်ကြီးချွယ်ထက် ပို၍မြင့်မားသည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်နယ်မြေ ပွင့်တော့မည့်အကြောင်းကြားချိန်တွင် တာဟေး၏မျက်လုံးအတွင်း၌ အလင်းရောင်များ ဖြတ်ပြေးသွားပေ၏။
"ပြန်တွေးကြည့်ရင် ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှာ ရှိနေတဲ့အချိန်တုန်းက အဖိုးတန်ရှားပါးလှတဲ့ရတနာတွေကို မထိတွေ့ခဲ့ရဘူး"
"ဟား ဟား ဟား...အခု ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှာရှိတဲ့သူတိုင်း သေဆုံးသွားပြီ...အဲ့ဒီအကြောင်းကိုတွေးတောမိရင် ငါက အခု လွတ်လွတ်လပ်လပ် သွားလာနိုင်တာ ပျော်ရွှင်စရာတစ်ခုပဲ"
တာဟေးသည် ဤကိစ္စအား အလွန်စိတ်ဝင်စားနေသည်မှာ သိသာထင်ရှားလှ၏။
တာဟေးလိုက်ပါနိုင်ရန်အတွက် မြောက်ပိုင်းနယ်မြေမှနေရာတစ်နေရာကို လုယွီက သူ့အား ပေးအပ်ခဲ့သည်။ဤအဆင့်နိမ့်ဘုံအတွင်းရှိကျင့်ကြံသူအားလုံးပေါင်းလျှင်ပင် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးနှင့်ပတ်သက်သည်များအား တာဟေးလောက်ရင်းနှီးကျွမ်းဝင်သူ ရှိမည်မဟုတ်ချေ။သူနှင့်အတူ တာဟေးကိုခေါ်ဆောင်သွားခြင်းသည် လေလွင့်အင်မော်အယောက်နှစ်ဆယ်ထက်ပို၍ အကျိုးရှိပေမည်။
"ကောင်မလေး...ဒီဘိုးဘေးက အရင်ဘယ်သူမှမလုပ်ဖူးတဲ့အရာတစ်ခုကိုလုပ်ဖို့ တစ်နေရာရာကို ခဏသွားအုံးမယ်...ပြန်လာရင် မင်းအတွက် ကောင်းတာတစ်ခုခု ယူလာခဲ့မယ်"
တာဟေးသည် လေးနက်တည်ကြည်သောအသံဖြင့် နျူနျူအား ပြောဆိုလေ၏။
လုယွီသည် သူ၏မိသားစုအားနှုတ်ဆက်ပြီးနောက် တာဟေး အောင်းကွမ်းတို့နှင့်အတူ အလယ်ပိုင်းကုန်းမြေသို့ ထွက်ခွါခဲ့တော့သည်။
ဤအချိန်တွင် မြောက်များစွာသော အစွမ်းထက်ကျင့်ကြံသူများသည် အလယ်ပိုင်းကုန်းမြေ၌ စုဝေးရောက်ရှိနေပြီး တံခါးပိတ်ကျင့်ကြံနေသူများပင် ထွက်လာကြသည်။
ကောင်းကင်ဘုံလမ်းကြောင်း ပွင့်လာတော့ပေမည်။
ဤသတင်းသည် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် လောကကြီးတခွင်လုံးအား ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။
အောက်ဘုံရှိကျင့်ကြံသူများသည် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သည့်နည်းလမ်းအပြင် ကောင်းကင်ဘုံလမ်းကြောင်းတစ်ခုတည်းကသာ သူတို့ အထက်ဘုံသို့တက်လှမ်းနိုင်သည့်အခွင့်အရေးဖြစ်သည်။
မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ၏နေ့ရောညပါ ကြိုးစားရှာဖွေမှုအပြီးတွင် နောက်ဆုံး၌ ကောင်ကင်ဘုံလမ်းကြောင်း၏တည်နေရာ ထွက်ပေါ်လာတော့သည်။
ထိုနေရာသည် အလယ်ပိုင်းကုန်းမြေ၏တောင်ပိုင်းရှိ အမည်မသိစွန့်ပစ်တောင်တန်းပေါ်တွင် တည်ရှိနေပေ၏။
Chapter 1559
အလယ်ပိုင်းကုန်းမြေ၏တောင်ပိုင်းရှိစွန့်ပစ်တောင်တန်း...
ဤနေရာသည် အလယ်ပိုင်းကုန်းမြေ၏တောင်ပိုင်း အလွန်ဝေးလံခေါင်သီသောအရပ်တွင်တည်ရှိသည်။စွန့်ပစ်တောင်တန်းတစ်ဝိုက်တွင် မည်သည့်စိတ်ဝိညာဥ်စမ်းရေအိုင် စိတ်ဝိညာဥ်အရင်းအမြစ်မျှရှိမနေသဖြင့် မည်သည့်ကျင့်ကြံသူမျှ ဤနေရာသို့လာရောက်ခြင်း မရှိကြချေ။
သို့ရာတွင် ဤကဲ့သို့သာမာန်နေရာလေးတစ်ခုသည် လောကကြီးအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဤနေရာသည် ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာမည့်နေရာ ဖြစ်နေပေ၏။
ဤသည်က မြောက်များစွာသောအစွမ်းထက်ကျင့်ကြံသူများ၏နေ့မအားညမနား တွက်ချက်ထားမှု၏ရလဒ်ပင်။
သို့ရာတွင် ထိုနေရာ၏အထက်မိုးကောင်းကင် မီတာသုံးသောင်းကျော်အား တောက်ပသောအလင်းရောင်များ လွှမ်းခြုံထားသဖြင့် ကောက်ချက်ချနေရန်ပင် မလိုအပ်ချေ။
လုယွီသည် နဂါးတစ်ကောင် ခွေးတစ်ကောင်နှင့်အတူပျံဝဲခဲ့ပြီး သုံးရက်အကြာ၌ တောင်ပိုင်းစွန့်ပစ်တောင်တန်းသို့ ရောက်ရှိခဲ့သည်။
ဤနေရာတွင် မြောက်များစွာသောကျင့်ကြံသူများ စုဝေးနေပေ၏။မူလက ပြောင်ရှင်းနေသောတောင်တန်းများပေါ်တွင် ယခုချိန်၌ ယာယီတဲများဖြင့် ပြွတ်သိပ်နေသည်။တချို့ဂိုဏ်းများသည် သူတို့နေထိုင်ရန် မှော်ရတနာများကို သယ်ဆောင်လာကြပြီး ခမ်းနားထည်ဝါသောနန်းတော်အဆောက်အအုံကြီးများအဖြစ်ပြောင်းလဲကာ တောင်များအကြား၌ နေရာချထားသည်။
လုယွီသည် စိတ်ဝိညာဥ်ကိုအသုံးပြု၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား စစ်ဆေးလိုက်၏။တောင်တန်းများအတွင်း၌ အားကောင်းသောအရှိန်အဝါ အမြောက်အများရှိနေပြီး ကျင့်ကြံဆင့်နယ်ပယ်နက်နဲသိမ်မွေ့သူတချို့ပင်ရှိနေသည်။
ထို့ပြင် ဤနေရာသို့ အပျော်သဘောလာရောက်ကြည့်ရှုသူတချို့လည်း ရောက်နေပေ၏။
ကောင်းကင်ဘုံလမ်းကြောင်း ပွင့်တော့မည်ဖြစ်သည့်တိုင် သူတို့သည် အားနည်းနေသဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်သော အရည်အချင်းမရှိချေ။သို့ရာတွင် အကယ်၍ အခွင့်အရေးတစ်ခုရရှိလာပါက ထိုအခြေအနေမှနေ၍ အကျိုးကျေးဇူးတချို့ရရှိရန် သူတို့က လာရောက်ကြခြင်းပင်။
"တာအိုမိတ်ဆွေ...မင်း ဒီနေရာကိုစရောက်ကတည်းက တစ်ချိန်လုံးလှည့်ပတ်ကြည့်နေတာ ငါ မြင်တယ်..မင်းက ဂိုဏ်းဂဏမရှိတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား"
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး လုယွီထက် အသက်ငယ်ရွယ်ပုံရသော လူငယ်တစ်ယောက်က မေးမြန်းသည်။
လုယွီ စကားပြောဆိုခြင်းမပြုရသေးမီမှာပင် တာဟေး၏အသံ ထွက်ပေါ်လာပေ၏။
"မင်းက ဒီခွေးဘိုးဘေးရဲ့မြင်ကွင်းကို လာပိတ်နေတာပဲ...ငါ အလှအပလေးတွေကိုကြည့်နေတာ...ငါ့ရှေ့ကနေ ဖယ်စမ်း"
"ဒီခွေးနက်ကြီးက စကားပြောနိုင်တာလား"
လူငယ်သည် မသိစိတ်မှနေ၍ နောက်သို့လှည့်ကြည့်လိုက်မိရာ မလှမ်းမကမ်းအကွာအဝေး၌ အမျိုးသမီးကျင့်ကြံသူတစ်စုရှိနေသည်ကို တွေ့မြင်မိပေ၏။သူမတို့ထံမှ ဆည်းလည်းသံကဲ့သို့ချိုသာသော ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။
လုယွီက တာဟေးအား နံဘေးသို့ကန်ထုတ်လိုက်သည်။
"ငါတို့က တကယ်ကိုပဲ လေလွင့်ကျင့်ကြံသူတွေပါ...ငါ မင်းအတွက် ဘာများကူညီပေးနိုင်မလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်က အားယူ၍ပြုံးလိုက်၏။
"တာအိုမိတ်ဆွေက ဒီနေရာကို ပထဆုံးအကြိမ်ရောက်လာတာဖြစ်မယ်...ငါက ပုံရိပ်ယောင်ပင်လယ်ဂိုဏ်းရဲ့အပြင်စည်းတပည့် ကျိုးယုပါ"
ပုံရိပ်ယောင်ပင်လယ်ဂိုဏ်း.....
လုယွီသည် ထိုဂိုဏ်းအား မသိရှိပေ။သူက ကျိုးယုအား တိတ်တဆိတ် အကဲခတ်လိုက်သည်။
ကျိုးယုသည် သံပူတုန်း နှက်ရမည့်ဟူသောစကားအတိုင်း အလျှင်အမြန်ပြောဆိုသည်။
"မင်းက လမ်းပြအဖြစ်နဲ့ ငါ့ကိုငှါးရမ်းနိုင်တယ်...ဒီနေရာကိုရောက်လာတဲ့ ကျင့်ကြံသူတိုင်းရဲ့မှတ်တမ်းတွေ ငါတို့ ပုံရိပ်ယောင်ပင်လယ်ဂိုဏ်းမှာရှိတယ်...ပြောရမယ်ဆိုရင် မင်းရဲ့ရန်သူအကြောင်း မင်းသိရရင် တိုက်ပွဲတစ်ရာကိုတောင် အောင်မြင်နိုင်တယ်ဆိုတဲ့ စကားလိုပဲ...တာအိုမိတ်ဆွေက များများသိလေလေ ကောင်းကင်ဘုံလမ်းကြောင်းအတွက် အခွင့်အရေးက ပိုများလေလေပဲ"
ကျိုးယုသည် သတင်းရောင်းချသူတစ်ယောက် ဖြစ်ပေ၏။
လုယွီသည် ကျိုးယု၏စကားကို သဘောတူလက်ခံလိုက်သည်။
ကျိုးယု၏သတင်းအချက်များအတွက် အထကြေးငွေသည် လူအရေအတွက်အရ တွက်ချက်ပေ၏။လူတစ်ယောက်ခြင်းစီအတွက် အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်သိန်းကျသင့်သည်။ထိုအဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးပမာဏသည် အနည်းငယ်များသော်လည်း အကယ်၍ ကျိုးယုကသာ အသုံးဝင်သောသတင်းအချက်များပေးနိုင်ပါက လုယွီအတွက် ထိုစိတ်ဝိညာဥ်ကျောက်တုံးအနည်းငယ်ခန့်သည် အသေးအဖွဲပင်။
"ငါတို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းက သာမာန်ထက်ထူးကဲတယ်....အရင်အကြိမ်တွေတုန်းကဆိုရင် ဘာစည်းမျဥ်းမှသတ်မှတ်ထားတာမျိုးမရှိတော့ ကျင့်ကြံဆင့်မြင့်မြင့် နိမ့်နိမ့် ဘယ်သူမဆို ကြိုးစားကြည့်နိုင်တယ်"
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ မူအစောင့်အရှောက်တွေကပဲ လူတွေကို ကောင်းကင်ဘုံလမ်းကြောင်းထဲ ခေါ်ဆောင်သွားခွင့်ရှိတယ်...လူအရေအတွက် အကန့်အသတ်ရှိတယ်လို့လည်း ငါ ကြားထားတယ်...တာအိုမိတ်ဆွေလေး....ဒီနေရာမှာလူတွေအများကြီးရှိနေပေမယ့် လူအများစုက အပျော်သဘောလာပြီး လောကကြီးဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ လာကြည့်ကြတာပဲ...မူအစောင့်အရှောက်ရဲ့အဆင့်အတန်းက အရမ်းမြင့်မားတယ်...သာမာန်လူတွေက သူနဲ့သိကျွမ်းဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
လုယွီက ခေါင်းညိမ့်ပြလိုက်၏။ဤသည်က သူ သိရှိထားပြီးဖြစ်သော ကိစ္စများဖြစ်သည်။
"အခု ဒီနေရာကို မူအစောင့်အရှောက် ဘယ်လောက်များများ ရောက်နေပြီလဲ"
လုယွီက မေးမြန်းသည်။
ကျိုးယုသည် အပြုံးနှင့်အတူ စကားပြောရန်ဟန်ပြင်လိုက်စဥ်မှာပဲ ဆံပင်များဖွာလန်ကျဲနေသောသူတောင်းစားအိုကြီးတစ်ယောက်သည် ရူးသွပ်နေသောအမူအယာဖြင့် လူများကြားသို့ အပြေးဝင်လာသည်။
"ဟား ဟား ဟား ဟား....သူတို့အားလုံး သေသွားကြပြီ....နောက်ထပ်လူတွေကလည်း သေဖို့သွားကြအုံးမှာ...ဟား ဟား ဟား"
သူတောင်းစားအိုကြီးသည် ပြေးလွှားနေစဥ်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကိုလက်ညှိုးညွှန်၍ ရူးသွပ်လုမခမ်း အော်ဟစ်ရယ်မောပြီး ပြောဆိုလေ၏။
Chapter 1560
"တာအိုမိတ်ဆွေ...ဒီလမ်းအတိုင်းသွားကြရအောင်...ဒီနေ့ ကံမကောင်းပါလား"
ကျိုးယုက အလျှင်အမြန်ပြောဆိုသည်။
ဤအချိန်တွင် သူတောင်းစားအိုကြီး၏အရူးစကားများသည် အနီးပတ်ဝန်းကျင်ရှိကျင့်ကြံသူများအား စိတ်ဆိုးဒေါသထွက်သွားစေသည်။
"ဒီအရူးက ဘယ်နေရာက ရောက်လာတာလဲ...ပေါက်ကရတွေ လာပြောနေတယ်...သေချင်နေတာလား"
ထိုကျင့်ကြံသူများအနက်မှတစ်ယောက်သည် မျက်မှောင်ကြုတ်ပြီး မှော်မန္တန်တစ်ပုဒ်ရွတ်ဆိုပြီး သူတောင်းစားအိုကြီးထံ ပစ်လွှက်လိုက်၏။
မှော်မန္တန်အလင်းတန်း၏ရိုက်ခတ်ခံရမှုကြောင့် သူတောင်းစားအိုကြီးသည် မီတာသုံးဆယ်လေးဆယ်ခန့်လွင့်ထွက်သွားပြီး သူ၏အဝတ်အစားများပင် အနည်းငယ်စုတ်ပြဲသွားသည်။
သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ အပြင်းအထန်ဒဏ်ရာရရှိသွားပုံမပေါ်ချေ။သူသည် အကြိမ်အနည်းငယ်ခန့်ညည်းညူပြီးနောက် ရုန်းကန်၍မတ်တတ်ထရပ်ကာ ပေါက်ကရစကားများကို ထပ်မံပြောဆိုတော့သည်။
လုယွီသည် သူတောင်းစားအိုကြီးကိုတစ်ချက်ကြည့်လိုက်ရာ စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်ကို တွေ့ရှိမိသဖြင့် သူက အနည်းငယ်အံ့အားသင့်သွားပေ၏။
ဤကဲ့သို့ခွန်အားမျိုးသည် အလယ်အလတ်ဆင့်ဂိုဏ်းတစ်ဂိုဏ်းတွင် အကြီးအကဲတစ်ယောက် ဖြစ်နိုင်သည့်အဆင့်မျိုးပင်။ယခုကဲ့သို့ စိတ်ပျက်ဖွယ်ဘဝမျိုးနှင့် သူ နေထိုင်နေစရာ မလိုအပ်ချေ။
"သူက တောင်ပိုင်းကောင်းကင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ...နောက်ဆုံးတစ်ကြိမ် မိုးကောင်းကင်မှာသဘာဝလွန်ပုံရိပ်တွေ ထွက်ပေါ်လာတဲ့အချိန်တုန်းက သတင်းတွေ အပြင်လောကကို ပျံ့နှံ့မသွားအောင် သူက အမိန့်ပေးပြီးဖုံးကွယ်ခဲ့တယ်"
"ကံဆိုးချင်တော့ အဲ့ဒီကိစ္စကိုလုပ်ပြီးတာနဲ့ သူက မိုးကောင်းကင်တာအိုရဲ့အမျက်သင့်တာကိုခံရပြီးတော့ အပြစ်ပေးခံရတယ်...သူကလွဲပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးမှာရှိတဲ့လူတွေအားလုံး ချွင်းချက်မရှိ သေဆုံးသွားခဲ့တယ်...တခြားသူတွေ သူ့ကိုရှာတွေ့တဲ့အချိန်မှာ သူက အလောင်းတွေကြားထဲမှာထိုင်နေပြီးတော့ ရူးသွပ်နေခဲ့ပြီ"
ကျိုးယုသည် ထိုကိစ္စနှင့်ပတ်သက်၍ များစွာပြောဆိုခြင်းမပြုချေ။သူကိုကြည့်ရသည်မှာ သူတောင်းစားအိုကြီး၏ကံဆိုးမှုကို မနှစ်သက်ပုံရသည်။
ထိုအချိန်မှာပင် ကျယ်လောင်သောမြည်ဟီးသံကြီးတစ်သံသည် တောင်ပိုင်းစွန့်ပစ်တောင်တန်း၏အထက်ကောင်းကင်ယံမှနေ၍ ပဲ့တင်ထပ်ထွက်ပေါ်လာပေ၏။
မူလက လူတိုင်း၏မျက်နှာပေါ်သို့ ကျရောက်နေသောအလင်းရောင် ရုတ်တရက်မှုန်မှိုင်းသွားသည်။
ထိုအလင်းရောင်အားပိတ်ဖုံးသွားစေသောအရာသည် အဝေးရှိလေထုအတွင်းမှ ပျံဝဲလာသော ဧရာမသင်္ဘောကြီးတစ်စီးဖြစ်ပေ၏။ထိုသင်္ဘောသည် အလွန်ကြီးမားပြီး တချို့စစ်သင်္ဘောကြီးများ၏အရွယ်အစားထက် သုံးဆနီးပါးရှိသည်။
ထိုသင်္ဘော၏ကုန်းပတ်ပေါ်တွင် ခမ်းနားထည်ဝါပြီး လက်ရာမြောက်သော စင်မြင့်အမြောက်အများရှိနေပေ၏။ထိုစင်မြင့်တစ်ခုစီပေါ်တွင် အလံတစ်ခုစီကို စိုက်ထူထားသည်။သင်္ဘောပေါ်တွင် မြောက်များစွာသောကျင့်ကြံသူများသည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏လက်အတွင်း၌ မှော်လက်နက်များကိုကိုင်ဆွဲထားကာ သူတို့ထံမှပြင်းထန်သောသတ်ဖြတ်လိုခြင်းအရှိန်အဝါများ ထွက်ပေါ်နေသည်။
"အရှေ့ပိုင်းကုန်းမြေကလူတွေပဲ...သူတို့က ကောင်းကင်ဘုံလမ်းကြောင်းကို ဝင်ကြမလို့လား"
ကျိုးယုက အံ့အားတသင့် ရေရွတ်သည်။
အရှေ့ပိုင်းကုန်းမြေ...
လုယွီ၏နှလုံးခုန်နှုန်း အနည်းငယ်မြန်သွားပြီး သူက တစ်ချက်ကြည့်လိုက်မိသည်။
အောက်ဘုံ၌ လျှို့ဝှက်ဆန်းကြယ်ဆုံးနယ်မြေသည် အရှေ့ပိုင်းကုန်းမြေဖြစ်ပေ၏။ကောလဟာလများအရ အရှေ့ပိုင်းကုန်းမြေသည် အနောက်ပိုင်းခြင်္သေ့နယ်မြေကဲ့သို့ပင် ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံသာရှိသည်ဟု ဆိုကြသည်။ထို့နယ်မြေနှစ်ခုကြား ကွာခြားချက်မှာ အရှေ့ပိုင်းကုန်းမြေစစ်တပ်သည် အနောက်ပိုင်းခြင်္သေ့နယ်မြေထက် ပို၍အားကောင်းခြင်းပင်။
အရှေ့ပိုင်းကုန်းမြေရှိနိုင်ငံတော်ကို 'ထန်'နိုင်ငံတော်ဟု ခေါ်ဆိုသည်။ထိုနိုင်ငံသည် အလွန်အမင်းရှေးကျသော ကျင့်ကြံခြင်းနိုင်ငံတော်ဖြစ်ပေ၏။မည်မျှအစွမ်းထက်သောကျင့်ကြံသူဖြစ်စေ ထန်နိုင်ငံတော်၏ထိန်းချုပ်မှုအောက်တွင် အရှုံးပေးအညံခံရသည်။
အရှေ့ပိုင်းကုန်းမြေနှင့်အလယ်ပိုင်းကုန်းမြေအကြားတွင် မိုင်ပေါင်းသိန်းနှင့်ချီ၍ ရှည်လျားသော မဟာတံတိုင်းကြီးတစ်ခုရှိနေပြီး နယ်မြေနှစ်ခုကို အပြည့်အဝပိုင်းခြားထားပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် အရှေ့ပိုင်းကုန်းမြေသို့သွားလိုပါက အထီးကျန်နတ်ဘုရားလှေကို စီးနင်းသွားလျှင်ပင် အလွန်အမင်းခက်ခဲပေမည်။
"သူတို့ရဲ့ထိပ်သီးကျင့်ကြံသူတွေက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ပြီး အမြဲတမ်း တက်လှမ်းကြတာပါ...ဘာလို့ ငါတို့နဲ့အတူလာပြီး ကောင်းကင်ဘုံလမ်းကြောင်းမှာ ရုန်းကန်ချင်ရတာလဲ"
ကျိုးယုက ရေရွတ်လိုက်သည်။
ထိုသင်္ဘောကြီးသည် တောင်တစ်လုံး၏ထိပ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာပေ၏။ထိုတောင်ထိပ်ပေါ်တွင် မူလကရှိနေသောကျင့်ကြံသူများအားလုံး နေရာဖယ်ပေးလိုက်ကြပြီး မည်သူမျှ သင်္ဘောကြီးကို မတားဆီးဝံ့ချေ။
သင်္ဘောကြီး၏ကုန်းပတ်မှနေ၍ လှေခါးတစ်စင်း ကျဆင်းလာသည်။အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်သည် မြောက်များစွာသောမိန်းမစိုးနှင့်စစ်ဗိုလ်ချုပ်များခြံရံ၍ သင်္ဘောပေါ်မှ ဆင်းလာပေ၏။
"အဲ့ဒီလူက ထန်နိုင်ငံတော်ရဲ့တော်ဝင်မိသားစုဝင်ပဲဖြစ်မယ်...တာအိုမိတ်ဆွေ...ငါ မင်းကို သတိတစ်ခုပေးအုံးမယ်...သူ့ကို ရန်မစမိစေနဲ့...အလယ်ပိုင်းကုန်းမြေမှာ အစွမ်းထက်ကျင့်ကြံသူတွေ အလုံအလောက်ရှိပေမယ့်....သူ့နေရာသူမသိဘဲ ထန်နိုင်ငံတော်ရဲ့သံတမန်ကို ရန်စစော်ကားဘူးတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက် ရှိခဲ့တယ်...ရလဒ်အနေနဲ့ အဲ့ဒီလူဟာ အရိုးအစအနတောင်မကျန်ဘဲ သေဆုံးသွားရတယ်"
ကျိုးယုသည် လုယွီအား ထပ်ခါထပ်ခါ သတိပေးနေတော့သည်။
ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက လုယွီ၏နောက်မှ ရုတ်တရက်မြည်ဟီးလာသည်။
"ငါ့ရှေ့ကနေဖယ်စမ်း....လမ်းပိတ်မထားစမ်းနဲ့"
ရုန့်ရင်းကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာပေ၏။