← Chapters

အခန်း (၁၅၆၆-၁၅၇၀)

Vol. 82 Ch. 1566-1570

အခန်း (၁၅၆၆-၁၅၇၀)

Vol. 82 Ch. 1566-1570

Chapter 1566

မဟာခန်းမကြီး၏တံခါးထိပ်တွင် ရှေးဟောင်းစည်းတံဆိပ်အက္ခရာများဖြင့် ရေးသားထားသော ကမ္ပည်းပြားတစ်ခုရှိသည်။

ထိုစာလုံးများအား ဖုန်မှုန့်များ အထပ်ထပ်ဖုံးအုပ်နေပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေပေ၏။သို့ရာတွင် စုတ်ချက်များမှတဆင့် ထိုစာလုံးများအတွင်း၌ အေးစက်စက်အရှိန်အဝါတစ်ရပ် ကိန်းအောင်းနေသည်ကို ခံစားရနိုင်သည်။

လုယွီက ထိုစာလုံးများသည် 'ကောင်းကင်ဘုံစင်မြင့်'ဟု ရေးသားထားခြင်းကို သတိပြုမိသည်။

ရှေးခေတ်အချိန်ကာလများတွင် ဤစင်မြင့်သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်သည့်နေရာ ဖြစ်ပုံရသော်လည်း ယခုလက်ရှိချိန်တွင်မူ မတူညီတော့ချေ။

ဤနေရာသည် ​ကျင့်ကြံသူအမြောက်အများ သူတို့၏ကျင့်ကြံမှုလမ်းကြောင်း၌ အောင်မြင်မှုရရှိခဲ့သောနေရာဖြစ်သည်။အောက်ဘုံများမှကျင့်ကြံသူများသည် အင်မော်တယ်တက်လှမ်းခြင်းအား ဖြတ်ကျော်ပြီးမှသာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိနိုင်ပေမည်။

လုယွီက တာဟေးအား စောင်းငဲ့၍ကြည့်လိုက်သည်။

"ခင်ဗျား ဒီနေရာအကြောင်း သိလား"

အစဥ်အမြဲမောက်မာနေတက်သော တာဟေး၏မျက်နှာပေါ်၌ ဤအချိန်တခဏတွင် သတိကြီးစွာထားနေသော အမူအယာမျိုး ထင်ဟပ်လာသည်။

"ရှောင်ယွီလေး...ဒါက တောင်ပိုင်းကောင်းကင်ဘုံဂိတ်တံခါးဖြစ်မယ်လို့ ငါ ထင်တယ်...ဒီအတိုင်းဆိုရင်တော့ ငါ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို သိထားတယ်...ဒါပေမယ့် မင်းက အခုချိန်မှာ မင်းအတွက်ကိုပဲ မင်း ဆုတောင်းထားသင့်တယ်"

တာဟေးက ခေါင်းညိမ့်ပြပြီး ပြောဆိုသည်။သူသည် အလွန်မောက်မာသူဖြစ်သော်လည်း သူ၏အသက်အန္တရာယ်နှင့် ပတ်သတ်ပါက အလွန်အမင်းစိုးရိမ်ပူပန်တက်ပေ၏။

လုယွီသည် တာဟေး ဤမျှထိ ကြောက်ရွံနေသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် သာမာန်ထက်ထူးကဲသော တစ်စုံတစ်ခု ရှိနေနိုင်ဟု ခံစားမိသည်။

တာဟေးသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"ဒီလမ်းကြောင်းက ရှေးဟောင်းကျင့်ကြံသူတွေ အင်မော်တယ်အဖြစ်တက်လှမ်းနိုင်ဖို့အတွက် အထူးသီးသန့် တည်ဆောက်ထားတာ...လမ်းကြောင်း အောက်ခြေကနေ ထိပ်အထိ လှေကားထစ်ပေါင်း ၉၉၉ထစ်ရှိပြီးတော့....အထစ်တိုင်းမှာ စမ်းသပ်မှုတစ်မျိူးစီရှိတယ်"

"ကောလဟာလတွေအရတော့ ဒီလှေကားထစ်တစ်ထစ်စီရဲ့အောက်မှာ အရိုးစုတွေအများကြီး ပုန်းအောင်းနေတယ်လို့ ဆိုကြတယ်...ဒီလမ်းအတိုင်း တက်လှမ်းမယ့် ကျင့်ကြံသူတွေက လှေကားထစ်၉၉၉ထစ်ကိုဖြတ်ပြီး ကောင်းကင်ဘုံဂိတ်တံခါးကို ဖွင့်နိုင်မှသာ အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်"

လုယွီက အံ့အားသင့်သွားပေ၏။အတိတ်ဘဝတုန်းက သူသည် ရှေးဟောင်းကျမ်းစာတချို့ကို ဖတ်ရှုခဲ့ရာမှ ရှေးခေတ်အချိန်ကာလများတွင် အင်မော်တယ်အဖြစ်တက်လှမ်းရန်မှာ လွန်စွာခက်ခဲကြောင်း သိရှိခဲ့ရသည်။သို့ရာတွင် ယခုလက်ရှိ အင်မော်တယ်တက်လှမ်းခြင်းမှာ အတိတ်နှင့် များစွာကွဲပြားခြားနားနေပေ၏။

"ခင်ဗျား ဒီလမ်းကို အရင်ကကြိုးစားခဲ့ဖူးလား"

လုယွီက မေးမြန်းသည်။

တာဟေးသည် ဆိုးရွားသောကိစ္စတစ်ခုကို တွေးတောမိသွားသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။သူက ခေါင်းခါယမ်းပြလေသည်။

"ဘယ်လိုလုပ် လုပ်ဖူးမှာလဲ...ငါက အင်မော်တယ်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာတာလေ...မင်းတို့ လူသားတွေနဲ့ မတူဘူး"

ရှေးဟောင်းခန်းမကြီး အပြည့်အဝထွက်ပေါ်လာချိန်တွင် ရောင်စုံအလင်းတန်းများအားလုံး တဖြည်းဖြည်းလွင့်ပြယ်စပြုလာသည်။နောက်ဆုံး၌ ရှေးဟောင်းခန်းမ၏တံခါးဝရှေ့ရှိ အလင်းတန်းများအားလုံး ပျောက်ကွယ်သွားတော့သည်။

"ဒီခန်းမထဲမှာ ကောင်းကင်ဘုံလမ်းကြောင်း ရှိနေတာပဲ"

"လာကြတော့...အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး...ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ အထဲကို ဝင်ကြည့်ကြရအောင်"

ဤအချိန်အခိုက်အတန့်တွင် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် သူတို့၏ကိုယ်ပိုင်နည်းလမ်းများကို အစွမ်းကုန်အသုံးပြု၍ တံခါးထံသို့ တရကြမ်းပြေးဝင်သွားကြသည်။

ထိုလေလွင့်ကျင့်ကြံသူများအနက်မှ အများစုသည် မူအစောင့်အရှောက်ရွှေစည်းတံဆိပ်၏ ကာကွယ်စောင့်ရှောက်မှုမရှိကြချေ။

မည်သို့ပင်ဆိုစေကာမူ ဤလောကအတွင်း၌ လေလွင့်အင်မော်တယ်ကျင့်ကြံသူ အမြောက်အများရှိနေသော်လည်း မူအစောင့်အရှောက်အရှင်ကဲ့သို့ တည်မြဲသောအဆင့်အတန်းရှိသူမှာ အနည်းစုသာရှိသည်။

သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတချို့ပင် လူအုပ်ကြားထဲသို့ အပြေးဝင်သွားကြ၏။

ဘုန်း...

ခန်းမကြီး၏တံခါးသည် မည်သည့်ခုခံတားဆီးမှုမျှမရှိဘဲ ဖြည်းညှင်းစွာပွင့်သွားသည်။ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာပြီး တဟုန်ထိုး ပြေးဝင်ကြတော့သည်။

အချိန်တိုအတွင်းမှာပင် ရာနှင့်ချီသောကျင့်ကြံသူများသည် ခန်းမကြီး၏တံခါးအနီးသို့ စုရုံး၍ရောက်ရှိသွားပေ၏။

"ဒီနေရာက ထွက်သွားစမ်း"

ရုတ်တရက် ဧရာမနှင်းလူဝံကြီးတစ်ကောင်သည် လေထုအတွင်းသို့ခုန်တက်ပြီး အက်ကွဲကြောင်း၏အစွန်းနှစ်ဖက်ကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ ခန်းမ၏ဝင်ပေါက်အား အပြည့်အဝပိတ်ဆို့လိုက်သည်။

တချို့ကျင့်ကြံသူများသည် သတိလက်လွတ်နေမိသဖြင့် နှင်းလူဝံကြီး၏ရိုက်နှက်ခြင်းခံရပြီး အသားစများအဖြစ်သို့ ပြောင်းလဲသွားရသည်။

ထိုနှင်းလူဝံကြီး၏ခေါင်းထက်မှနေ၍ နှင်းဘုရင်၏ပုံရိပ်ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ပြောဆိုသည်။

"ခြေတစ်လှမ်းရှေ့တိုးဝံ့တဲ့ဘယ်သူမဆို....သေရမယ်"

နှင်းလူဝံကြီး၏နောက်တွင် မြောက်များစွာသော လူထွားကြီးများက မတ်တတ်ရပ်နေကြ၏။ထိုလူထွားကြီးများသည် အကန့်အသတ်မဲ့နှင်းလွင်ပြင်မှကျင့်ကြံသူများဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤကဲ့သို့တားဆီးခြင်းသည် တခြားကျင့်ကြံသူများအား အင်မော်တယ်တက်လှမ်းခြင်း မလုပ်နိုင်ရန် ဟန့်တားသည့် သဘောမျိုး သက်ရောက်သွားပေ၏။

"ကောင်းကင်ဘုံလမ်းကြောင်းမှာ...တက်လှမ်းနိုင်ဖို့က ကိုယ့်ကြမ္မာနဲ့ကိုယ်ပဲ...မင်းတို့က ဘာလို့ ငါတို့ကို တားဆီးတာလဲ"

ကျင့်ကြံသူတချို့က ဒေါသတကြီး ​အော်ဟစ်ပြောဆိုလေသည်။

Chapter 1567

သူတို့၏စကားသံ ရပ်တန့်သွားသော အချိန်မှာပင်...

ဖူး....ဖူး....

ခပ်အုပ်အုပ်အသံတချို့ ထွက်ပေါ်လာပြီးနောက် အစောပိုင်းက ဒေါသစကားပြောဆိုခဲ့သော ကျင့်ကြံသူများအားလုံး သတ်ဖြတ်ခံလိုက်ရသည်။

သွေးမြူများလွင့်ပြယ်သွားချိန်တွင် မိန်းမစိုးနှစ်ယောက် ထွက်ပေါ်လာပြီး သူတို့က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။

"ဧကရာဇ်မင်းရဲ့အမိန့်တော်အရ...ရွှေစည်းတံဆိပ်ရဲ့ကာကွယ်မှုမရှိဘဲ အထဲကိုဝင်လို့မရဘူး....တကယ်လို့ မင်းတို့ဝင်သွားရင်လည်း မင်းတို့သေလမ်းကို မင်းတို့ရှာတာပဲ...ထွက်သွားကြစမ်း...."

"ရယ်စရာပဲ....ဒါက တစ်သက်မှာတစ်ခါပဲရတဲ့ အခွင့်အရေးလေ...မင်းတို့သွားခိုင်းတိုင်း ငါတို့က သွားရမှာလား"

သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူငါးယောက်သည် မတ်တတ်ထရပ်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့က မျက်နှာထားတင်းတင်းဖြင့် ပြောဆိုသည်။

ငါးယောက် နှစ်ယောက်တိုက်ခိုက်ရမည်ဖြစ်ရာ သူတို့ဘက်မှ အကြွင်းမဲ့အားသာပေ၏။

"ဒါက အမှန်ပဲ...တာအိုမိတ်ဆွေတို့...ငါတို့တွေက ဒီလူတွေရဲ့အကြံအစည်ကို အောင်မြင်ဖို့ခွင့်မပြုသင့်ဘူး"

"အရှေ့ပိုင်းနယ်မြေကလူတွေ အားကောင်းပေမယ့် အခု ဒီနေရာက အလယ်ပိုင်းကုန်းမြေလေ...သူတို့က ငါတို့ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး"

နံဘေးဘက်မှ ကျင့်ကြံသူများကလည်း စတင်၍ဝေဖန်ပြောဆိုကြတော့သည်။

ထို့နောက် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူငါးယောက်သည် မိန်းမစိုးနှစ်ယောက်အား တပြိုင်နက်တည်း ဝိုင်းဝန်း၍တိုက်ခိုက်ကြတော့သည်။

သူတို့ငါးယောက်လုံးသည် အစွမ်းထက်ကျင့်ကြံသူများဖြစ်၍ သူတို့တိုက်ခိုက်လိုက်သောအချိန်အခိုက်အတန့်တွင် အလင်းတန်းများက ကောင်းကင်ယံတခွင်လုံးအနှံ့ ပျံ့နှံ့သွားပြီး ပြင်းထန်သောမှော်စွမ်းအားများက လေဟာနယ်ကိုပင် ထွင်းဖောက်သွားပေ၏။

တုန်လှုပ်ချောက်ချားဖွယ် မှော်စွမ်းအားလှိုင်းများဖြင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် မိန်းမစိုးနှစ်ယောက်၏မျက်နှာ ဖြူရော်သွားတော့သည်။

မိန်းမစိုးတစ်ယောက်သည် သူ၏အင်္ကျီလက်ကို ဆတ်ခနဲခါယမ်းပြီး ခြေတစ်လှမ်းရှေ့တက်လိုက်သည်။

ဘုန်း....

ထိုမိန်းမစိုး၏အောက်မှနေ၍ ကောင်းကင်ဘုံအပြစ်ပေးသူပုံရိပ်ယောင်ကြီးထွက်ပေါ်လာပြီး ဧရာမပုဆိန်ကြီးကို ဝှေ့ယမ်း၍ သူ့ရှေ့ရှိ လူငါးယောက်အား ခုတ်ပိုင်းလိုက်၏။

'ဘုန်း'ခနဲအသံတစ်သံနှင့်အတူ ရှေ့သို့ရောက်ရှိနေသော သိုင်းသူတော်စင်လေးယောက် ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

နောက်ဆုံးကျန်ရှိသော သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူသည် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို သတိပြုမိသည်နှင့် သူက နောက်သို့ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်သည်။ထို့နောက် သူ၏သိုလှောင်အိတ်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူပြီး မှော်မန္တန်တစ်ပုဒ်ရွတ်ဆိုကာ ထွက်ပြေးရန်ကြံရွယ်လေ၏။

"စုစည်းစမ်း"

မိန်းမစိုးက သူ၏လက်ကို ဆန့်တန်းပြီးအော်ဟစ်သည်။

ဝီ....

ထိုသိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ၏ နံဘေးပတ်ဝန်းကျင်မှလေဟာနယ်သည် သလင်းကျောက်အလား ကျစ်လျစ်သိပ်သည်းသွားပေ၏။ထိုသူသည် ကြက်သေသေသွားပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"အရှင်...ကျေးဇူးပြုပြီး ကျွန်တော်ကိုခွင့်လွှတ်ပေးပါ...ကျွန်တော် ခုချက်ချင်းထွက်သွားပေးပါ့မယ်...ဘယ်တော့မှပြန်မလာတော့ပါဘူး"

သို့ရာတွင် သူ၏စကားမဆုံးမီမှာပင် သူ၏နံဘေးပတ်လည်ရှိလေဟာနယ် ရုတ်တရက်ပေါက်ကွဲသွားသည်။

ထိုသူသည်လည်း ပေါက်ကွဲသွားသောလေဟာနယ်နှင့်အတူ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့သည်။

"အမိန့်ကိုမလိုက်နာတဲ့သူတွေအတွက်ကတော့ သေဒဏ်ပဲ"

မိန်းမစိုးက ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိလူများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့၏မျက်နှာများသည် သေလုမျောပါး ဖြူဖျော့သွားပေ၏။

သိုင်းသူတော်စင်ငါးယောက်ပင်လျှင် လွယ်လင့်တကူသတ်ဖြတ်ခြင်းခံခဲ့ရသဖြင့် တစ်ခုတည်းသောအကြောင်းပြချက်မှာ ထိုမိန်းမစိုးနှစ်ယောက်သည် လေလွင့်အင်မော်တယ်ကျင့်ကြံသူများသာ ဖြစ်ပေမည်။

ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

မိန်းမစိုးများသည်ပင် လေလွင့်အင်မော်တယ်ဖြစ်နေပေရာ သူတို့အား အုပ်ချုပ်သူအရှင်သခင်သည် မည်မျှထိအင်အားကြီးမားနေသနည်း။

ထိုမိန်းမစိုးနှစ်ယောက်၏နောက်တွင် မြောက်မြားစွာသောမိန်းမစိုးများနှင့်စစ်ဗိုလ်ချုပ်များခြံရံထားသော နဂါးပလ္လင်ကြီးရှိနေသည်။သူတို့သည် ရှေးဟောင်းခန်းမ၏တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေပေ၏။

နဂါးပလ္လင်ပေါ်၌ အဝါရောင်ဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်။

ထိုလူလတ်ပိုင်းကြီးသည် ထန်နိုင်ငံတော်၏ဧကရာဇ်မင်း လီကျီးဖြစ်ပေ၏။

နှင်းဘုရင်က အပြုံးနှင့်ပြောဆိုသည်။

"မင်းက ဒီနေရာမှာပဲဆက်နေအုံးမယ်လို့ ငါထင်ထားတာ....မင်းကိုကြည့်ရတာ ကောင်းကင်ဘုံလမ်းကြောင်းကိုစိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပုံပဲ"

နှင်းဘုရင်နှင့်လီကျီးတို့နှစ်ယောက်လုံး ဤနေရာသို့ရောက်နေသည်ကိုမြင်သည်နှင့် ကျင့်ကြံသူများအားလုံး ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ကြတော့ဘဲ နောက်ဆုတ်လိုက်ကြသည်။

"ထန်နိုင်ငံတော်ရဲ့အရှင်မင်းကြီးကို မတွေ့ရတာ နှစ်အတော်တောင်ကြာနေပြီ...အရှင်မင်းကြီးက အရင်ကအတိုင်း ကျက်သရေရှိနေတုန်းပဲ"

ယန်ရှန်းကုံးက သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြောဆိုသည်။

လီကျီးက ယန်ရှန်းကုံးကိုတစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေ၏။

"မင်းတို့ယန်မိသားစုက ငါတို့ထန်နိုင်ငံတော်နဲ့ ပူးပေါင်းဖို့ဆန္ဒရှိတယ်ဆိုရင်...မဟာသူတော်စင်နေရာကို မင်းအတွက် ငါ ချန်ထားပေးမယ်"

ယန်ရှန်းကုံးသည် စိတ်လှုပ်ရှားသွားသော်လည်း သူက ငြင်းဆန်လိုက်သည်။

"ကျွန်တော်ရဲ့ဘိုးဘေးက ကျွန်တော်အတွက် ကောင်းကင်ဘုံနယ်မြေရဲ့တော်ဝင်နန်းတော်မှာ အရာရှိနေရာတစ်နေရာ စီစဥ်ပေးပြီးသားပါ...ကျွန်တော်က အရှင်မင်းကြီးရဲ့စေတနာထားမှုအတွက် ကျေးဇူးတင်ပါတယ်"

"ကောင်းပြီလေ"

လီကျီးသည် ခေါင်းတစ်ချက်သာညိတ်ပြပြီး သူ့ကိုကြည့်ရသည်မှာ အလေးအနက်ထားပုံမရချေ။

"ဒီဧကရာဇ်လီရဲ့ဇစ်မြစ်က ရိုးရှင်းပုံမရဘူး"

လုယွီက လီကျီးအား စောင်းငဲ့ကြည့်ပြီး ရေရွတ်လိုက်သည်။

သူ၏စိတ်ဝိညာဥ်ဖြင့်ပင် လီကျီး၏အစစ်အမှန် ကျင့်ကြံဆင့်နယ်ပယ်အား ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။

လီကျီးသည် ကျင့်ကြံဆင့်ဖုံးကွယ်နိုင်သော အထူးနည်းစနစ်တစ်မျိုးကို အသုံးပြုမထားပါက ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ လီကျီး၏စိတ်ဝိညာဥ်သည် သူ၏တာအိုသခင်စိတ်ဝိညာဥ်နှင့် အဆင့်တူဖြစ်နေခြင်းကြောင့်ပင်။

အကယ်၍ ထိုသို့ဆိုပါက လီကျင်းသည် အပေါ်ယံတွင်မြင်နေရသော အောက်ဘုံရှိကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံ၏ဧကရာဇ်မင်း ဟူသောအနေအထားကဲ့သို့ ရိုးရှင်းသူမဟုတ်နိုင်ချေ။

"ယန်ရှန်းကုံးရဲ့လူတွေ အထဲဝင်လို့ရတယ်...ဒါပေမယ့် မြောက်ပိုင်းနယ်မြေကလူတွေ မရဘူး"

ထိုအချိန်မှာပင် နှင်းဘုရင်သည် ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုးနှင့် အော်ဟစ်ပြောဆိုလေ၏။

Chapter 1568

လုကျန်းဟိုင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

လုမိသားစုဝင်များအားလုံးသည်လည်း ဒေါသထွက်သွားကြသည်။

သူတို့သည် မြောက်ပိုင်းနယ်မြေရှိမူအစောင့်အရှောက်အရှင်၏ ရွှေစည်းတံဆိပ်အကာအကွယ်ကို ရရှိထားသူများဖြစ်သည်။မည်သူကြောင့် သူတို့ ခန်းမအတွင်းသို့ မဝင်ရမည်နည်း။

နှင်းဘုရင်၏အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာသည်။

"မင်းတို့မိသားစုဝင်တစ်ယောက်က ငါတို့ရဲ့သခင်လေးကို ရန်စစော်ကားခဲ့လို့ပဲ...ဘာလဲ မင်းတို့က လက်မခံနိုင်ဘူးလား"

နှင်းဘုရင်သည် လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်သည်။သူ၏အသံသည် တောင်တန်းများအကြား၌ ပဲ့တင်ထပ်ပျံ့နှံ့နေပြီး လေဟာနယ်ပင် တုန်ခါသွားပေ၏။

လုကျန်းဟိုင်က ဒေါသတကြီး ပြောဆိုသည်။

"မင်း လုပ်ဝံ့လား...."

သူက ရှေ့တစ်လှမ်းရှေ့တက်ပြီး သူ၏သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့်စွမ်းအားကို ထုတ်ဖော်လိုက်၏။

သိုင်းသူတော်စင်နယ်ပယ်သည် လေလွင့်အင်မော်တယ်နယ်ပယ်နှင့် အဆင့်ကြီးတစ်ခုလုံးကွာခြားသည်။သို့ရာတွင် အကယ်၍ သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လာပါက လေလွင့်အင်မော်တယ်တစ်ယောက်ပင် လွယ်လင့်တကူ မခြိမ်းခြောက်နိုင်ချေ။

လုယွီက လုကျန်းဟိုင်ကိုတားဆီးပြီး တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ ကျုပ် အထဲကိုဝင်ချင်တယ်ဆိုရင်...ခင်ဗျားတို့ ကျုပ်ကို မတားဆီးနိုင်ဘူး"

နှင်းဘုရင်က ရယ်မောလိုက်သည်။

"မင်းရဲ့အနောက်က အမှိုက်တွေအားကိုးနဲ့လား...ဒီနေရာမှာလာပြီး ရှုပ်မနေစမ်းနဲ့"

လီကျီးသည် တည်ငြိမ်နေသောမျက်နှာအမူအယာဖြင့် နဂါးပလ္လင်ပေါ်၌ထိုင်နေပြီး မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။ယန်ရှန်းကုံးတို့လူစုဘက်တွင် လုဝူယာနှင့်စီနီယာမှော်ဆရာကျူးတို့သည် အေးစက်တင်းမာသောအကြည့်ဖြင့် ပြပွဲကောင်းတစ်ခုကိုစောင့်ကြည့်ရန် အဆင်သင့်ပြင်နေကြသည်။

"ဒါက မင်းနဲ့ သူတော်စင်ရဲ့လက်အောက်ကို အတူသွားမယ့် လုယွီ မဟုတ်လား....သူက ဒီလိုလူစားမျိုးလား...တကယ်လို့ သူ့မှာ လုံလောက်တဲ့ခွန်အားမရှိသေးရင် သူ သည်းခံနိုင်ရမယ်လေ....သူက ဒီနေရာကို ထင်ရှားကျော်ကြားအောင်လုပ်ဖို့ ရောက်လာသလိုပဲ...အဆင်အခြင်မဲ့လိုက်တာ"

မုန့်ရွှမ်ကျိုး၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

"ယွင်အာ....မင်း ကောင်းကင်ဘုံနယ်မြေကိုရောက်တဲ့အခါကျရင်...ဒီလိုလူစားမျိုးတွေနဲ့ အဆတ်အဆံ မလုပ်နဲ့နော်...တကယ်တော့ သူက နိမ့်ပါးနေတဲ့မိသားစုက သခင်လေးတစ်ယောက်အဆင့်ပဲရှိတာ...သူ ကောင်းကင်ဘုံလမ်းကြောင်းကို ဖြတ်ကျော်နိုင်ပါ့မလားဆိုတာတောင် မသိနိုင်ဘူး"

မုန့်ကျုးယွင်က ခေါင်းမော့လိုက်ရာ သူမ၏မျက်နှာပေါ်၌ စိတ်ကြီးဝင်မောက်မာမှုများက အထင်းသားထင်ဟပ်နေသည်။

"သူနဲ့သမီးက တကယ့်ကို ကံကြမ္မာမတူတဲ့ လူနှစ်ယောက်ပါ...အဖေ စိတ်မပူပါနဲ့"

တခြားနယ်မြေများရှိ ကျင့်ကြံသူများသည်လည်း လုယွီအား ကူညီထောက်ပံပေးရန် ဆန္ဒရှိပုံမပေါ်ချေ။

"နှင်းဘုရင်...မင်းက ငါတို့ရဲ့အရှင်သခင်ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့လေ...မင်း သေချင်နေတာလား"

တောင်တန်းများ၏တစ်ဖက်ခြမ်းမှနေ၍ နားအူလုမတက် အော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာပေ၏။

ထိုအသံနက်ကြီးအတွင်း၌ ပြင်းထန်သောမှော်စွမ်းအင်လှိုင်းများ ရောယှက်နေသည်။ရုတ်ချည်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားတော့သည်။

ဤကဲ့သို့သောအရှိန်အဝါမျိုးအား ထုတ်လွှက်နိုင်သူသည် မည်သည့်နည်းနှင့်မျှ သာမာန်ကျင့်ကြံသူ မဖြစ်နိုင်ချေ။

မိုးကောင်ကင်ယံ၏တိမ်တိုက်များအကြားမှနေ၍ ဧရာမရေခဲနဂါးလှေကြီးကိုမောင်းနှင်လာသော ကျင့်ကြံသူတစ်စု ထွက်ပေါ်လာသည်။မကြာမီမှာပင် သူတို့သည် လူအားလုံး၏မြင်ကွင်းရှေ့သို့ ရောက်ရှိလာပေ၏။

ထိုရေခဲနဂါးလှေ၏နံဘေးပတ်လည်မှ အေးစက်စက်အခိုးအငွေ့များ ထွက်ပေါ်နေလေရာ ကျင့်ကြံသူတချို့၏ခန္ဓာကိုယ်များ တုန်ရီသွားတော့သည်။

ရေခဲနယ်မြေမှကျင့်ကြံသူများ ရောက်ရှိလာလေပြီ။

"နှင်းဘုရင်...ခုဏက ငါတို့ရဲ့အရှင်သခင်ကို မလေးမစားဆက်ဆံနေတာ မင်း မဟုတ်လား"

ရေခဲနဂါးလှေမှနေ၍ အကြီးအကဲသုံးယောက် ထွက်လာပြီး သူတို့၏မှော်စွမ်းအားလှိုင်းများကို ထုတ်လွှက်လိုက်ရာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး သူတို့၏အရှိန်အဝါများကြောင့် အရောင်ပြောင်းလဲသွားသည်။

သူတို့သုံးယောက်လုံးသည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။

"ဒါက ရေခဲနယ်မြေရဲ့မဟာအကြီးအကဲသုံးယောက် မဟုတ်လား"

"ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းကြောင်းက တကယ့်ကို သာမာန်မဟုတ်ဘူးပဲ...နှစ်တွေအကြာကြီး တံခါးပိတ်ကျင့်ကြံနေတဲ့ လူအိုကြီးတွေတောင် ထွက်လာကြတယ်"

မဟာအကြီးအကဲသုံးယောက်ကိုကြည့်ပြီး နှင်းဘုရင်၏မျက်လုံးများ တောက်ပသွားသည်။

"အရှုံးသမားသုံးယောက်ကများ...တကယ့်လို့ မင်းတို့ သေချင်နေတယ်ဆိုရင်လည်း ငါက မင်းတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အဆင်သင့်ပဲ"

ရေခဲနယ်မြေနှင့်အကန့်အသတ်မဲ့နှင်းလွင်ပြင်သည် နယ်နမိတ်ခြင်းထိစပ်နေသည်။ထိုနယ်မြေနှစ်ခုမှ ကျင့်ကြံသူများသည် မကြာခဏ တိုက်ပွဲများဆင်နွှဲလေ့ရှိသည်။

ထိုအချိန်တုန်းက မဟာအကြီးအကဲသုံးယောက်သည် နှင်းဘုရင်အား စိတ်ခေါ်ခဲ့သော်လည်း သူတို့သည် အရှုံးနှင့်နောက်ဆုတ်ပြန်ခဲ့ရ၏။

"မင်းတို့ ရေခဲနယ်မြေရဲ့မူအစောင့်အရှောက်က မင်းတို့ကို သေလုမျောပါးဖိနှိပ်ထားတယ်လို့ ငါ ကြားထားတယ်...သူ ဒီနေရာကို ပါမလာဘူးလား"

နှင်းဘုရင်က လေသံနှိမ့်၍ ပြောဆိုသည်။

ကျင့်ကြံသူများအားလုံး၏မျက်လုံးအကြည့်များသည် မဟာအကြီးအကဲသုံးယောက်ထံသို့ စူးစိုက်၍ကျရောက်သွားပေ၏။

သူတို့အားလုံးသည် ရေခဲနယ်မြေမူအစောင့်အရှောက်၏ဂုဏ်သတင်းအား ကြားသိပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင် လူအိုကြီးသုံးယောက်လုံး အတူတကွ ရောက်ရှိလာပေရာ မူအစောင့်အရှောက်အရှင်များတွင်သာ သူတို့အားထိန်းချုပ်နိုင်မည့်ခွန်အားမျိုးရှိပေမည်။

"မူအစောင့်အရှောက်လား...မင်းတို့ရဲ့သတင်းရယူတဲ့နည်းလမ်းတွေက တကယ့်ကိုစိတ်ပျက်ဖို့ကောင်းတာပဲ...သူ သေသွားတာဖြင့် အရိုးတောင်ဆွေးနေလောက်ပြီ"

မဟာအကြီးအကဲသုံးယောက်သည် လုယွီအား ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။

"ကျွန်တော်တို့ တွေးတောပြီးပါပြီ...ကျွန်တော်တို့က မူအစောင့်အရှောက်အရှင်ရဲ့လက်အောက်ခံဖြစ်ဖို့ ဆန္ဒရှိပါတယ်"

"ကျွန်တော်တို့က အရှင်သခင်ကို အရိုအသေပြုပါတယ်"

ရေခဲနယ်မြေမှကျင့်ကြံသူများအားလုံးသည် လုယွီကိုဦးညွှတ်၍ အရိုအသေပြုလိုက်ကြ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး သေလုမတက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ရေခဲနယ်မြေရဲ့အရှင်သခင်က မြင့်မြတ်ဘိုးဘေးမဟုတ်ဘူးလား....ဘာလို့ သူ ဖြစ်သွားရတာလဲ"

နှင်းဘုရင်သည် သူ့ရှေ့ရှိမြင်ကွင်းကို ယုံကြည်ရန် လွန်စွာခက်ခဲနေပေ၏။

Chapter 1569

နှင်းဘုရင်သည် လုယွီအား ထပ်မံ၍ စေ့စေ့စပ်စပ် ကြည့်လိုက်၏။သူ၏ရှေ့ရှိ လူငယ်၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှမရှိချေ။အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက် ကြည့်လျှပင် ထိုလူငယ်၏ကျင့်ကြံဆင့်နယ်ပယ်ကို ပြောဆိုနိုင်ခြင်းရှိမည်မဟုတ်ပေ။

ဤကဲ့သို့ဖြစ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ လုယွီ၏ကျင့်ကြံမှုဖုံးကွယ်သည့်နည်းလမ်းသည် အလွန်အမင်းအစွမ်းထက်နေသောကြောင့်သာ ဖြစ်နိုင်ပေ၏။နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ လုယွီ၏ကျင့်ကြံဆင့်သည် သူထက်မြင့်မားနေသောကြောင့် ဖြစ်ပေမည်။

သို့ရာတွင် နှင်းဘုရင်သည် ဒုတိယဖြစ်နိုင်ချေအား ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။သူသည် နှစ်ပေါင်းများစွာတိုင် ကျင့်ကြံပြီးမှသာ ဤအဆင့်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။

တစ်ဖက်မှ လုယွီသည် အသက်ကြီးရင့်သေးပုံ မရပေ။အကယ်၍ လုယွီသည် သူ့မိခင်၏ဝမ်းဗိုက်အတွင်းမှစတင်၍ ကျင့်ကြံလာခဲ့လျှင်ပင် သူ့အား ကျော်ဖြတ်နိုင်မည်မဟုတ်ချေ။

"လျှို့ဝှက်ဆန်းကြယ်နေသလိုမျိုး လာလုပ်နေသေးတယ်...မင်းတို့ရဲ့မြင့်မြတ်ဘိုးဘေးက သူ့ရဲ့နေရာကိုဆက်ခံဖို့ ဒီလိုလူမျိုးကို ရွေးချယ်ခဲ့တာလား"

နှင်းဘုရင်သည် ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုလိုက်သော်လည်း သူ၏မျက်လုံးအတွင်း၌ သိချင်စိတ်ပြင်းပြမှုများနှင့် ပြည့်နှက်နေပေ၏။

သူ့ကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိသူများသည် မည်သူကို လွယ်လင့်တကူကိုင်တွယ်နိုင်ပြီး မည်သူအား သတိထား၍ဆက်ဆံရမည်ကို သိရှိနိုင်စွမ်းရှိသည်။

သို့ရာတွင် သူ၏စကားကို မည်သူကမျှ အရေးတယူလုပ်၍ပြောဆိုခြင်း မရှိကြချေ။

အထူးသဖြင့် ရေခဲနယ်မြေမှကျင့်ကြံသူများသည် ထူးဆန်းသောအကြည့်မျိုးဖြင့် နှင်းဘုရင်အား စူးစိုက်၍ ကြည့်နေကြ၏။

"အဲ့ဒီကောင်လေးက အရမ်းမောက်မာနေတာ မထူးဆန်းတော့ဘူး...ရေခဲနယ်မြေရဲ့မြင့်မြတ်ဘိုးဘေးက သူ့ရဲ့နောက်ကနေ ထောက်ပံပေးနေတာကိုး"

မုန့်ရွှမ်ကျိုးက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"စိတ်ပျက်ဖို့ကောင်းတာကတော့....တခြားသူရဲ့စွမ်းအားကို အမှီပြုနေတဲ့သူက ကြေးမုံမှန်ထဲက လတစ်စင်းလိုပဲဖြစ်နေမှာ"

ထိုအချိန်မှာပင်...

တောင်ကြား၏အပြင်ဘက်သို့ ဧရာမစစ်သင်္ဘောကြီးတစ်စီးသည် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ချဥ်းကပ်လာပေ၏။

ထိုစစ်သင်္ဘောကြီးပေါ်၌ မရေမတွက်နိုင်သောအလံများက လူးလွန့်နေပေရာ အလွန်ပင်ခမ်းနားကြီးကျယ်လှသည်။

ထိုလူးလွန့်နေသောအလံများပေါ်တွင် ဝံပုလွေတစ်ကောင်၏ပုံကို သက်ဝင်လှုပ်ရှားစွာ ရေးထိုးထားသည်။ထိုဝံပုလွေသည် အစွယ်များကိုဖြဲဟထားပြီး ဟိန်းဟောက်နေပုံကို ရေးထိုးထားရာ ကြည့်မိသူများအား ချောက်ချားမှုကို ခံစားရစေသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့တိုက်ပွဲဝင်အလံပဲ.....သူတို့တွေ ရောက်လာကြပြီ"

သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး အလယ်ပိုင်းကုန်းမြေမှကျင့်ကြံသူများသည် ကူကယ်ရာမဲ့စွာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။

အနောက်ပိုင်းခြင်္သေ့နယ်မြေသည် အလယ်ပိုင်းကုန်းမြေအား ကျူးကျော်တိုက်ခိုက်ပြီးနောက် အလယ်ပိုင်းကုန်းမြေမှကျင့်ကြံသူများ၏ စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းသောခံစားချက်များ စွဲထင်ကျန်ရစ်ခဲ့သည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေ၏အလံများ လူးလွန့်နေသည်ကို မြင်တွေ့မိသောအချိန်အခိုက်အတန့်တွင် သူတို့အားလုံး၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ တဖွားဖွားပေါ်ထွက်လာသည်။

"ကောလဟာလတွေအရတော့ အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့တော်ဝင်နန်းတော်မှာ အပြောင်းအလဲတွေအများကြီး ဖြစ်ပျက်သွားခဲ့တယ်ဆိုပဲ...ပြီးတော့ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်လည်း သေဆုံးသွားပြီလေ"

"ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်နေတာက တော်ဝင်မိသားစုရဲ့နတ်ဆရာကြီးမဟုတ်လား...အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့ဘုရင်အသစ် ရောက်လာတာများလား"

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် သူတို့၏လည်ပင်းများကိုဆန့်၍ အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ဘုရင်အသစ် မည်သူဖြစ်ဝါဖြစ်သည်ကို ကြည့်လိုက်ကြ၏။

စစ်သင်္ဘောကြီးရပ်တန့်သွားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသောအဖိုးအိုနှစ်ယောက် ကုန်းပတ်ပေါ်မှ ဆင်းသက်လာသည်။သူတို့နှစ်ယောက်သည် အမူအယာကင်းမဲ့သောမျက်နှာအမူအယာမျိုးဖြင့် လေထုအတွင်း၌ မတ်တတ်ရပ်နေကြ၏။

ထိုအဖိုးအိုနှစ်ယောက်သည် သာမာန်လယ်သမားများကဲ့သို့ အလွန်ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသည်။သို့ရာတွင် သူတို့၏မျက်နှာအား သဲသဲကွဲကွဲမြင်မိသောမည်သူမဆို သူတို့အားရန်စစော်ကားရန်မလွယ်ကူကြောင်း သိရှိကြပေမည်။

ဤအဖိုးအိုနှစ်ယောက်သည် အနောက်ပိုင်းခြင်္သေ့နယ်မြေတော်ဝင်နန်းတွင်း၏ နတ်ဆရာကြီးများဖြစ်ပေ၏။

သူတို့သည် လေလွင့်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် အနောက်ပိုင်းခြင်္သေ့နယ်မြေရှိ ကျင့်ကြံသူအမြောက်အများကိုဖိနှိပ်၍ တော်ဝင်မိသားစုအားပုန်ကန်ရန် ရည်ရွယ်ချက်မထားဝံ့စေရန် ပြုလုပ်ခဲ့သူများဖြစ်သည်။

သူတို့နှစ်ယောက်ရှိနေခြင်းကြောင့် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏တော်ဝင်မိသားစု ဘေးကင်းလုံခြုံနေခြင်းပင်။

"မင်းတို့လူအိုကြီးနှစ်ယောက် ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

နှင်းဘုရင်၏အသံတွင် အလွန်သတိဝီရိယထားနေမှုများ ရောယှက်နေသည်မှာ သိသာထင်ရှားလှ၏။

ရေခဲနယ်မြေမှမဟာအကြီးအကဲသုံးယောက်နှင့် နှိုင်းယှဥ်ပါက တော်ဝင်မိသားစုမှနတ်ဆရာကြီးနှစ်ယောက်သည် သူ့အား ခြိမ်းခြောက်နိုင်သောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

ဤအချိန်မှာပင် စစ်သင်္ဘောကြီးထံမှနေ၍ ကျင့်ကြံသူတစ်စု ဆင်းသက်လာသည်။

ထိုသူများကိုကြည့်ပြီး လုဝူယာက အံ့အားတသင့်ရေရွတ်လိုက်၏။

"ဘယ်လိုလုပ်ပြီး မင်းတို့ ဖြစ်နေတာလဲ"

စစ်သင်္ဘောပေါ်မှဆင်းသက်လာသူများသည် လင်ရှောင်းဂိုဏ်းဝင်များ ဖြစ်နေသည်။ထိုလူစုအား လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ဦးဆောင်လာပြီး အကြီးအကဲရှင်း နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့်တခြားအကြီးအကဲများ ပါဝင်သည်။

သူတို့၏နောက်တွင် ပိုင်ဆုချင်နှင့်လင်ရှောင်းဂိုဏ်းဝင်တချို့ လိုက်ပါလာကြ၏။

မည်သည်ကြောင့် လင်ရှောင်းဂိုဏ်းဝင်များသည် အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်သင်္ဘောနှင့် လိုက်ပါလာကြသနည်း။

"မင်းတို့က အနောက်ပိုင်းခြင်္သေ့နယ်မြေနဲ့ ပူးပေါင်းလိုက်တာလား"

လုဝူယာသည် အံ့တင်းတင်းကြိတ်၍ သူ၏ခန့်မှန်းချက်အား အလျှင်အမြန် ပြောဆိုလိုက်သည်။

ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ လင်ရှောင်းဂိုဏ်းမှလူများ ဤနေရာသို့ ရောက်ရှိလာနိုင်ပေသည်။

"လင်ရှောင်းမြို့ထဲကနေ အနောက်ပိုင်းခြင်္သေ့နယ်မြေစစ်တပ် မြန်မြန်ဆန်ဆန်နောက်ဆုတ်သွားတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းတို့တွေက သူတို့တွေနဲ့ ပူးပေါင်းပြီးသား ဖြစ်နေတာကိုး....ဟား ဟား ဟား...သူခိုးလိုက်ဖမ်းရင်းနဲ့ သူခိုးဖြစ်သွားတဲ့ကောင်တွေပါလား"

လုဝူယာက သရော်တော်တော် ပြောဆိုသည်။

Chapter 1570

"ဒီနေရာမှာ မင်းကို ဘယ်သူက စကားဝင်ပြောခိုင်းလို့လဲ"

နတ်ဆရာကြီးတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ထိုစကားသံထွက်ပေါ်လာသည်နှင့် မမြင်နိုင်သောဖိအားလှိုင်းတစ်ရပ်က လုဝူယာထံသို့ ချက်ချင်းဆိုသလို ကျရောက်လာပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုဝူယာသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လေးလံသောတောင်ကြီးများ ဝိုင်းရံထားသကဲ့သို့ ခံစားလိုက်ရပြီး သူ့အား အသက်ရှုမွန်းကြပ်စေသည်။

လုဝူယာက ချက်ချင်းပင် သူ၏ပါးစပ်ကို ပိတ်လိုက်၏။သူရှေ့ရှိလူနှစ်ယောက်သည် လုဝူဟိုင်ကဲ့သို့ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူမဟုတ်ချေ။

အကယ်၍ သူတို့သာ သူ့အားသတ်လိုပါက အနီးအနားတွင် ယန်ရှန်းကုံးရှိနေသည့်တိုင် သူ့အားကယ်တင်နိုင်မည်မဟုတ်ချေ။

ယန်ရှန်းကုံးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်းတို့နှစ်ယောက်ရဲ့အတွေ့အကြုံတွေကို ဂျူနီယာလေးတွေနဲ့ မျှဝေရင်မကောင်းဘူးလား...ငါတို့ အတူတူပူးပေါင်းပြီး ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းကြတာပေါ့"

"ဘယ်သူက မင်းနဲ့အတူ ပူးပေါင်းမှာလဲ....မင်း အတွေးလွန်နေပြီ"

နတ်ဆရာကြီးတစ်ယောက်သည် ချိုသာယဥ်ကျေးမှု တစိုးတစိမျှမရှိသောအသံဖြင့် ပြောဆိုလေ၏။

အမ်...

ယန်ရှန်းကုံး၏မျက်နှာပေါ်၌ ဒေါသထွက်သွားသောအရိပ်အယောင်များ ဖျတ်ခနဲပေါ်ထွက်လာသော်လည်း သူက ကောင်းမွန်စွာဖုံးကွယ်လိုက်သည်။

"မင်းတို့နှစ်ယောက်...စကားအပြောအဆို နည်းနည်းသတိထားပေးပါ"

"ငါတို့က အမှန်အတိုင်းပြောနေတာ"

နတ်ဆရာကြီးက အေးစက်စက်အသံဖြင့် ဆက်လက်ပြောဆိုသည်။

"ဟမ့်...တကယ်လို့ ငါတို့ရဲ့အရှင်ကြောင့်သာမဟုတ်ဘူးဆိုရင်...ငါတို့ အလယ်ပိုင်းကုန်းမြေကို သိမ်းပိုက်ပြီးတာ တော်တော်တောင်ကြာနေလောက်ပြီ"

ယန်ရှန်းကုံးက မျက်မှောင်ကြုတ်လိုက်သည်။

"စကားကို ရှင်းရှင်းလင်းလင်းပြောစမ်း....မင်းတို့ရဲ့စစ်ဗျူဟာမှာ အမှားအယွင်းတစ်ခုဖြစ်ပြီးတော့ မင်းတို့ရဲ့တပ်တွေအားလုံးကို ပြန်ရုတ်သိမ်းသွားရတာ အသိသာကြီးပဲ...တကယ်လို့ မင်းတို့က အလယ်ပိုင်းကုန်းမြေကို ဖျက်ဆီးချင်တယ်ဆိုရင်...အဆင့်မမီသေးဘူး"

ထို့နောက် သူက လက်ဝှေ့ယမ်းပြီး ဆက်လက်ပြောဆိုသည်။

"ထားလိုက်တော့...မင်းတို့ အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့ဘုရင်အသစ်ကို ထွက်လာခိုင်းလိုက်...မင်းတို့က ငါနဲ့စကားပြောဖို့ မထိုက်တန်ဘူး"

နတ်ဆရာကြီးနှစ်ယောက်သည် ယန်ရှန်းကုံးကို လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့်ကြည့်ပြီး လုယွီထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားကြသည်။

ဒါက...မင်းတို့ ဘာလုပ်ကြတာလဲ...

လက်ရှိနေရာရှိ လူအားလုံး ကြက်သေသေနေသောအချိန်မှာပင် နတ်ဆရာကြီးနှစ်ယောက်က ဂါရဝပြုပြောဆိုလိုက်သည်။

"အရှင့်ကို အရိုအသေပြုပါတယ်"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ နောက်ကျသွားမှုအတွက် ခွင့်လွှက်ပေးပါ"

နတ်ဆရာကြီးနှစ်ယောက်သည် အလွန်အမင်း ရိုသေလေးစားစွာ ပြုမူဆက်ဆံနေပေ၏။သူတို့နှင့် မျက်နှာချင်းဆိုင်၌ရှိနေသူမှာ လူငယ်တစ်ယောက်ဖြစ်သော်လည်း သူတို့အား တုန်လှုပ်ချောက်ချားစေခဲ့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ...

နှင်းဘုရင်က အံ့အားသင့်တုန်လှုပ်နေသည်။ဤအချိန်တခဏတွင် လုယွီသည် သာမာန်လူတစ်ယောက် မဖြစ်နိုင်သည်ကို သူ သိရှိသွားပေ၏။

အကယ်၍ လုယွီသည် ရေခဲနယ်မြေမြင့်မြတ်ဘိုးဘေး၏ရွေးချယ်မှုကြောင့် ရေခဲနယ်မြေ၏မူအစောင့်အရှောက်ဖြစ်လာလျှင်ပင် အနောက်ပိုင်းခြင်္သေ့နယ်မြေအား မည်သည့်သက်ရောက်မှုမျှ ရှိစေမည်မဟုတ်ချေ။

ထို့ပြင် အနောက်ပိုင်းခြင်္သေ့နယ်မြေသည် ကောင်းကင်ဘုံလမ်းကြောင်းအတွက် နေရာတော်တော်များများကို စွန့်လွှက်ပြီး လင်ရှောင်းဂိုဏ်းအား ပေးခဲ့သည်။အကယ်၍ လုယွီသည် အနောက်ပိုင်းခြင်္သေ့နယ်မြေအား အပြည့်အဝထိန်းချုပ်မထားနိုင်ပါက ဤကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ကိစ္စမရှိပါဘူး...မင်းတို့က နောက်ဆုံးမဟုတ်သေးဘူး"

ယခုထိတိုင် နောက်ဆုံးမဟုတ်သေးဟု ဆိုသလော။နောက်ထပ်လာရန် အင်အားစုများ ကျန်နေသေးသည်ဟု သူ ဆိုလိုချင်သလော။

လုယွီ၏စကားကို တုံ့ပြန်သည့်အနေဖြင့် မိုးကောင်းကင်ယံတခွင်လုံး ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားသည်။

ထိုတိမ်များအကြားရှိ လေထုအတွင်းတွင် နဂါးပုံရိပ်များ ထွက်ပေါ်လာပြီး နဂါးကြေးခွံများက အေးစက်စက်အလင်းရောင်ဖြင့် တောက်ပနေသည်။

"ဒီလောက်တောင် အားကောင်းတဲ့အရှိန်အဝါမျိုး...အရင်လူတွေတုန်းကထက်တောင် ပိုပြီး အားကောင်းနေပါလား"

"ငါ့ရဲ့နတ်ဆိုးသားရဲက ရုတ်တရက်ကြီး မြေပြင်ပေါ်ဒူးထောက်ချပြီးတော့ မလှုပ်မယှက်နေနေတယ်"

ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားနေပေ၏။ကြောက်ရွံထိတ်လန့်နေသူတချို့သည် သူတို့၏မှော်ရတနာများကိုထုတ်ယူ၍ ထွက်ပြေးရန် ဟန်ပြင်နေကြသည်။

သို့ရာတွင် သူတို့ အဝေးသို့ထွက်မပြေးရသေးမီမှာပင် တိမ်မည်းများဖုံးလွှမ်းနေသော ကောင်းကင်ယံမှနေ၍ ဧရာမဦးခေါင်းတချို့ ထွက်ပေါ်လာပေ၏။

ထို့နောက် တိမ်စိုင်များကြားမှနေ၍ နဂါးများ၏ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"မြောက်ပင်လယ်နဂါးဘုရင်အောင်းကွမ်းက အရှင့်ကို အရိုအသေပြုပါတယ်"

"အနောက်ပင်လယ်နဂါးဘုရင် အောင်းဟန်က ဧကရာဇ်ကို အရိုအသေပြုပါတယ်"

"တောင်ပင်လယ်နဂါးဘုရင် အောင်းချင်က ဧကရာဇ်ကို အရိုအသေပြုပါတယ်"

နဂါးများ၏အော်ဟစ်ကြုံးဝါးသံများသည် မိုးကောင်းကင်ယံတခွင်လုံး ချက်ချင်းပျံ့နှံ့သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် လှည့်ပတ်ကြည့်ရှုပါက သူရှေ့ရှိ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဧရာမနဂါးမျိုးနွယ်များနှင့် ပြည့်နှက်နေကြောင်း တွေ့မြင်ရပေမည်။

ထိုနဂါးမျိုးနွယ်များသည် လူသားအသွင်ပြောင်းလဲပြီး လုယွီ၏နံဘေး၌ မတ်တတ်ရပ်လိုက်ကြသည်။

ထိုအချိန်မှာပင် အောင်းကွမ်းသည် လေးနက်တည်ကြည်သောအသံဖြင့် အော်ဟစ်လိုက်၏။

"အရှေ့ပင်လယ်နဂါးမျိုးနွယ်ကလူတွေ...ဒီနေရာကို လာကြစမ်း"

လက်သည်းငါးချောင်းရွှေရောင်နဂါးမျိုးနွယ်များသည် ချက်ချင်းပင် မိုးကောင်းကင်ယံမှဆင်းသက်လာပြီး လူသားအသွင် ပြောင်းလိုက်ကြသည်။

ထို့နောက် ပင်လယ်လေးခုမှနဂါးမျိုးနွယ်များအားလုံးသည် လုယွီအား ဦးညွှတ်၍အရိုအသေပြုကြလေ၏။

"ငါ အိမ်မက်မက်နေတာများလား"

ကျိုးယုသည် အဝေးတစ်နေရာ၌ ပုန်းအောင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုလက်ရှိချိန်တွင် သူ၏မျက်လုံးများကို ပွတ်သပ်နေပေ၏။သူ့မျက်လုံးရှေ့၌ ဖြစ်ပျက်နေသောအရာမှန်သမျှကို သူ မယုံကြည်နိုင်ချေ။

All Chapters