အခန်း (၁၆၀၆-၁၆၁၀)
Vol. 84 Ch. 1606-1610
Chapter 1606
"ငါရဲ့ရှေ့ရောက်လာမှတော့...မင်း ထွက်ပြေးဖို့မကြိုးစားနဲ့"
လုယွီ၏နောက်မှနေ၍ မှုန်တေတေမျက်နှာအမူအယာဖြင့် အဖိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။
ထိုအဖိုးအိုကိုကြည့်ရသည်မှာ သာမာန်ဆန်ပြီး လယ်သမားတစ်ယောက်နှင့်တူညီသည်။သို့ရာတွင် သူ၏ဖြူရော်နေသောဆံပင်များအကြားရှိ မှုံမှိုင်းနေသော မျက်လုံးတစ်စုံသည် အပြည့်အဝနီမြန်းနေလေပြီ။
သူထံမှ တလိမ့်လိမ့်ထွက်ပေါ်နေသော နတ်ဆိုးအရှိန်အဝါများကိုလည်း ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။ထိုအရှိန်အဝါများသည် အဖိုးအို၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စုဝေးပြီး ရစ်ဝဲနေပေ၏။
ဘုန်း...
လုယွီသည် သူနှင့်မလှမ်းမကမ်းအကွာအဝေးရှိ တောင်တစ်လုံးထံသို့ ထွက်ပြေးရန်ကြံရွယ်လိုက်သော်လည်း အဖိုးအို၏လက် သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုတောင်ပြိုလဲသွားသည်။ကျောက်တုံးတချို့ ပျံလွင့်လာသော်လည်း လေဟာနယ်အတွင်းမှာပင် အေးခဲသွားပြီး အောက်သို့ကျဆင်းလာခြင်းမရှိချေ။
"သူ့ရဲ့ လေဟာနယ်ထိန်းချုပ်နိုင်စွမ်းက စိတ်ကူးယဥ်တွေးတောကြည့်လို့မရတဲ့ အဆင့်ထိရောက်နေပြီပဲ"
လုယွီ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။
အဖိုးအိုသည် ခြေတစ်လှမ်းဖြင့်ပင် ရှေ့မိုင်အနည်းငယ်ကွာဝေးသောနေရာသို့ ရောက်ရှိလာသည်။သူနှင့်လုယွီကြားရှိ အကွာအဝေးသည် နီးကပ်သည်ထက်ပို၍ နီးကပ်လာလေပြီ။
"ငါ နောက်တစ်ကြိမ် စွန့်စားပြီး အင်မော်တယ်သုတ်သင်ဓားချက်ကို အသုံးပြုနိုင်သေးတယ်"
လုယွီသည် နောက်သို့ပြန်လှည့်ပြီး အဖိုးအိုရှိနေသောနေရာသို့ လက်ညှိုးညွှန်လိုက်၏။အင်မော်တယ်သုတ်သင်ဓားချက်သည် လေဟာနယ်ကိုဖြတ်တောက်၍ ပျံဝဲသွားတော့သည်။
ဘုန်း....
ထိုဓားချက်ထွက်ပေါ်လာသည်နှင့် လုယွီ၏ရှေ့ရှိအရာအားလုံး ပုံရိပ်ယောင်ကဲ့သို့ဖြစ်သွားပြီး ကျယ်ပြန့်သော အဖြူရောင်အလင်းတန်းများက မြင်ကွင်းတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
"အမတ်ကြီးချွယ်က သူ ဂုဏ်ယူအားထားရဆုံး နည်းစနစ်ကိုတောင် မင်းကို သင်ပေးထားတာပါလား...ကြည့်ရတာတော့ မင်းက တကယ်ကို သူ့တပည့်ဖြစ်နေပုံပဲ...ပြီးတော့ မင်းရဲ့အဆင့်အတန်းက နိမ့်ကျမှာမဟုတ်ဘူး...တကယ်လို့ ငါ မင်းကိုသာ ဖမ်းခေါ်သွားနိုင်ရင် ငါ့အတွက် အောင်မြင်မှုရမှတ်တွေ အများကြီးရနိုင်တယ်"
အဖိုးအိုသည် ပို၍စိတ်လှုပ်ရှားလာပြီး သူ၏လက်ကိုမြှောက်ကာ အင်မော်တယ်သုတ်သင်ဓားအား ရိုက်နှက်လိုက်၏။
ကျယ်လောင်သောဆူညံသံကြီး ထပ်မံ၍ထွက်ပေါ်လာသည်။အဖိုးအို သိပ်သည်းထားသော အနက်ရောင်နတ်ဆိုးလက်ဝါးကြီးသည် အင်မော်တယ်သုတ်သင်ဓားချီနှင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိတော့သည်။
အစဥ်မမြဲပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်ခဲ့သော အင်မော်တယ်သုတ်သင်ဓားသည် ထိုလက်ဝါးရိုက်ချက်၏အောက်တွင် အရည်ပျော်စပြုလာပြီး နောက်ဆုံး၌ တစတစပျောက်ကွယ်သွားပေ၏။
လုယွီထံမှ ညည်းသံတစ်သံထွက်ပေါ်လာသည်။အင်မော်တယ်သုတ်သင်ဓားချက်ကို အတင်းအကျပ်ဖိအားပေး၍ အသုံးပြုလိုက်ခြင်းသည် သူ၏အကန့်အသတ်ထက် ကျော်လွန်နေလေပြီ။
သူ၏မူရင်းခန္ဓာကိုယ်ဖြင့်ပင် အထွက်အထိပ်မခြေအနေမျိုး၌ အင်မော်တယ်သုတ်သင်ဓားချက်ကို သူ တစ်ကြိမ်သာအသုံးပြုနိုင်ပေ၏။
"ငါ့နဲ့အတူ လိမ်လိမ်မာမာလိုက်ခဲ့စမ်း...ငါ မင်းကို မသတ်ဘူး...ငါက မင်းကို ဓားစာခံအနေနဲ့အသုံးပြုပြီးတော့ အကျိုးအမြတ်များများရအောင်လုပ်ရမယ်"
အဖိုးအိုသည် လုယွီအား ဖမ်းဆုပ်ရန် သူ၏လက်ကိုမြှောက်လိုက်သည်။
သို့ရာတွင် သူ၏အနက်ရောင်လက်ဝါးကြီး လုယွီထံ ရောက်ခါနီးဆဲဆဲအချိန်တွင် မီးတောက်တစ်ခု၏ဟန့်တားခြင်းခံရသည်။
သေရေးရှင်ရေးအခြေအနေမျိုး၌ လုယွီသည် ကျူးရုံ၏အစစ်အမှန်ခန္ဓာကိုယ်အား အလိုအလျောက် ထုတ်ဖော်အသုံးပြုလိုက်မိ၏။
"ကောင်လေး...မင်းမှာ နည်းစနစ်တွေအများကြီး ရှိနေတာပါလား...မင်းရဲ့နည်းစနစ်တွေက ငါ့ကို နည်းနည်းတော့ အာရုံနောက်စရာဖြစ်ပေမယ့် ငါ့အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး"
အဖိုးအိုသည် အေးစက်စက်အပြုံးနှင့်ပြောဆိုပြီး သူ၏လက်ကိုမြှောက်၍ ကျူးရုံ၏မီးတောက်အား ဖြတ်သန်းကာ လုယွီ၏ပခုံးအား ဖိနှိပ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီက သူ၏ခန္ဓာကိုယ်တစ်ခြမ်းသည် ရေခဲလှိုဏ်ဂူအတွင်းသို့ ကျရောက်သွားသည့်အလား ထိန်းချုပ်မှုလွတ်ကင်းသွားသည်ကို ခံစားမိပေ၏။
"ဒါဆို ခင်ဗျား...ဒီတစ်ခုကို ကြိုးစားကြည့်စမ်း"
လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထံမှ ရွှေရောင်မီးတောက်တစ်ခုထွက်ပေါ်လာပြီး အဖိုးအိုထံ ပျံလွင့်သွားသည်။
ဤသည်က ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ပင်။
ထိုအရာသည် လုယွီ၏ နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။အကယ်၍ နောက်ဆုံးအခြေအနေမျိုးသာမဟုတ်ပါက လုယွီသည် ဤမီးတောက်အား အသုံးပြုမည်မဟုတ်ချေ။
ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သဖြင့် အဖိုးအိုအား မသတ်နိုင်လျှင်ပင် သူ ထွက်ပြေးလွတ်မြောက်ရန် အချိန်ရရှိနိုင်သည်။
သို့ရာတွင် အဖိုးအို၏ခန္ဓာကိုယ်ပေါ်သို့ မီးတောက်ကျရောက်သွားချိန်တွင် စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာပေ၏။
"မဟုတ်ဘူး...ဒါက မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ရဲ့အစစ်အမှန်မီးတောက်လား..အဲ့ဒီထက်တောင် နည်းနည်းပိုအားကောင်းနေတယ်......."
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"ငါ...."
အဖိုးအို၏အသံ အက်ရှရှဖြစ်လာပြီး အချိန်တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ရွှေရောင်မီးတောက်များ လွှမ်းခြုံသွားသည်။သူသည် ရုန်းကန်လိုက်သော်လည်း မီးစွဲနေသောထင်းတုံးတစ်တုံးနှင့်တူညီနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေပေ၏။
အချိန်တခဏကြာပြီးနောက် အဖိုးအို၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များ တဖြည်းဖြည်း ပျက်ပြယ်သွားပြီး ရွှေရောင်မီးတောက်သည်လည်း ပျောက်ကွယ်သွားတော့သည်။
မီးတောက်အမျှင်တန်းတစ်ခုသည် အဖိုးအို၏ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားစေသည့်အပြင် စိတ်ဝိညာဥ်ပင် မကျန်ရှိစေချေ။
"ကောင်းကင်ဘုံဧကရာဇ်ရဲ့အစစ်အမှန်မီးတောက်က နတ်ဆိုးတွေကို အကြီးအကျယ်ထိန်းချုပ်နိုင်ပုံရတယ်"
လုယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ရှေ့မှမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားနေသည်။
ဒေါင်...
လုယွီ၏တံဆိပ်ပြား ထပ်မံ၍ လင်းလက်တောက်ပလာသည်။
ပထမတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ် ၁
Chapter 1607
ထိုနတ်ဆိုးစစ်ဗိုလ်ချုပ်အား သတ်ဖြတ်ပြီးနောက် လုယွီ၏တံဆိပ်ပြားလည်း ပြောင်းလဲသွားသည်။
မူလက လုယွီ၏တံဆိပ်ပြားသည် ကြည်လင်သန့်စင်သည်ဟု ဆိုနိုင်သော်လည်း သူ သတ်ဖြတ်ခဲ့သော နတ်ဆိုးအရေအတွက်များပြားလာသည်နှင့်အမျှ တံဆိပ်ပြား၏အရည်အသွေး အနည်းငယ်ပြောင်းလဲသွားပေ၏။
ဤတစ်ကြိမ်တွင် တံဆိပ်ပြား၏မျက်နှာပြင်သည် ကျောက်စိမ်းနှင့်ပြုလုပ်ထားသကဲ့သို့ အလင်းတန်းများ ဖြတ်ပြေးနေသည်။
"ကံဆိုးချင်တော့ ကောင်းကင်ဘုံဧကရာဇ်ရဲ့အစစ်အမှန်မီးတောက်က အရမ်းပူပြင်းတော့ နတ်ဆိုးစစ်ဗိုလ်ချုပ်ရဲ့စိတ်ဝိညာဥ်ပါ လောင်ကျွမ်းသွားတယ်...တကယ်လို့ အဲ့ဒီစိတ်ဝိညာဥ်ကိုသာ ငါ ဝါးမျိုနိုင်ခဲ့ရင် နှစ်ဝက်စာလောက် ပင်ပင်ပန်းပန်းလေ့ကျင့်ရမှာကနေ သက်သာသွားမှာပဲ"
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်မိသော်လည်း ချက်ချင်းပင် ထိုစိတ်ခံစားချက် ပျောက်ကွယ်သွားခဲ့သည်။
သူသည် နတ်ဆိုးစစ်ဗိုလ်ချုပ်၏စိတ်ဝိညာဥ်ကို မရရှိခဲ့သော်လည်း သူသေရမည့်အခြေအနေမှ အသက်ရှင်လာသည်ကပင် ကံကောင်းသည်ဟု ယူဆနိုင်ပေ၏။
"လူအိုကြီးမသေခင်က ဒါကို မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ရဲ့အစစ်အမှန်မီးတောက်လို့ ပြောသွားတယ်...ကောင်းကင်ဘုံဧကရာဇ် အသက်ရှင်နေတုန်းက မဟာမိုးကောင်ကင်ရွှေအင်မော်တယ်တစ်ယောက်များ ဖြစ်နေမလား"
လုယွီ၏စိတ်နှလုံးသား လေးလံနေပြီး သူက တီးတိုးရွေရွတ်နေလေသည်။
အကယ်၍ ကောင်းကင်ဘုံဧကရာဇ်သာ အလွန်သန်မာအားကောင်းနေပါက မည်သည်ကြောင့် အတိတ်ဘဝတွင် သူနှင့်အတူ သေဆုံးခဲ့သနည်း။
ဝေါင်း...
ထိုအချိန်မှာပင် ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
လုယွီ၏နောက်ဘက်ရှိ သစ်တောအုပ်မှနေ၍ နတ်ဆိုးများထွက်လာပြီး သူ့ထံဦးတည်၍ တဟုန်ထိုး ပြေးဝင်လာကြသည်။
"သေချင်နေတာပဲ"
လုယွီ၏မျက်လုံးများသည် အေးစက်စက်တောက်ပလာပြီး ထိုနတ်ဆိုးများထံ လျှောက်လှမ်းသွားလိုက်သည်။
သူသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားတချို့အား ပြန်လည်စုစည်းပြီးဖြစ်၍ ရှေးဟောင်းသိုင်းပညာရပ်တချို့ကိုအသုံးပြုကာ သူ၏လမ်းကြောင်းကို လာရောက်ပိတ်ဆို့သူများအား သတ်ဖြတ်နိုင်သည်။
တခြားသူများသည် နတ်ဆိုးများအား သတ်ဖြတ်ပြီးနောက် အချိန်တခဏကြာ အနားယူရမည်ဖြစ်သော်လည်း လုယွီကမူ မတူကွဲပြားပေ၏။
သူ၏တာအိုသခင်စိတ်ဝိညာဥ်သည် နတ်ဆိုးစိတ်ဝိညာဥ်တစ်ကောင်ကို ဝါးမျိုပြီးတိုင်း ပို၍သန်မာအားကောင်းလာသည်။နတ်ဆိုးစိတ်ဝိညာဥ်များ ပို၍ဝါးမျိုနိုင်လေလေ လုယွီ ပို၍အစွမ်းထက်လာလေလေပင်။
ဘုန်း...ဘုန်း...ဘုန်း...
ကျယ်လောင်သောဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိနတ်ဆိုးများအားလုံး လုယွီ၏သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ထိုနတ်ဆိုးများ၏စိတ်ဝိညာဥ်များအားလုံးကို လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးမှ ဝါးမြိုသွားလေသည်။
ကောင်းကင်ဘုံတရားရုံး...နတ်ဆိုးဖိနှိပ်တောင်...
အင်မော်တယ်သင်္ကေတခန်းမအတွင်းရှိ ကျောက်ပြားတစ်ခုပေါ်သို့ နတ်ဘုရားစိတ်အာရုံအမြောက်အများ ကျရောက်လာပေ၏။ထိုကျောက်ပြားသည် အလင်းရောင်တန်းများ တောက်ပနေပြီး အပေါ်ရှိကိန်းဂဏန်းများ မကြာခဏပြောင်းလဲနေသည်။
ကောင်းကင်ဘုံတရားရုံးရှိ လှိုဏ်ဂူသုံးဆယ့်ခြောက်လုံးနှင့်မြင့်မြတ်နေရာခုနစ်ဆယ့်နှစ်နေရာမှ အင်မော်တယ်များသည် နတ်ဆိုးဖိနှိပ်တောင်သို့မဝင်ရောက်မီ ကျောက်ပြားပေါ်၌ သူတို့၏နာမည်များကို ချန်ထားခဲ့ရ၏။
ထိုနာမည်များ၏နောက်တွင် သူတို့၏တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်ထားသည်။
ဤအချိန်တွင် ခရမ်းမြူခိုးတောင်လှိုဏ်ဂူ အမှတ်အသားရှိသော ကျောက်ပြားပေါ်တွင် နာမည်တစ်ခုသည် အလျှင်အမြန် မြင့်တက်လာပေ၏။
အစပထမတွင် သိသာထင်ရှားခြင်းမရှိသော်လည်း အချိန်တခဏကြာပြီးနောက် ထိုနာမည်သည် ကျောက်ပြားပေါ်ရှိ ယခင်နာမည်များအားကျော်ဖြတ်၍ စာရင်း၏ထိပ်ပိုင်းနေရာသို့ တဟုန်ထိုးထိုးတက်သွားသည်။
"ယဲ့ရွှင်းက ဘယ်သူလဲ...တစ်ရက်တောင်မပြည့်သေးဘူး...သူ့ရဲ့တိုက်ပွဲအောင်မြင်မှုက လူရာနဲ့ချီကို ဖိနှိပ်ထားနိုင်ပြီ"
"သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က မမြင့်မားဘူး...ဒါပေမယ့် သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်က တစတစ ပိုပိုတိုးလာတယ်...ဒီအရှိန်နှုန်းက နည်းနည်းတော့မြန်နေတယ်မဟုတ်လား"
လူများသည် လုယွီ၏တိုက်ပွဲအောင်မြင်မှုများကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ သူတို့၏မျက်ခုံးများ ရှုံလိုက်ကြသည်။
အဆင့်နိမ့်ဆုံး ဒုတိယတန်းစားနတ်ဆိုးတစ်ကောင်အတွက် တိုက်ပွဲအောင်မြင်မှုရမှတ် အနည်းငယ်သာရရှိသည်။ပထမတန်းစားနတ်ဆိုးတစ်ကောင်အတွက် ထိုရမှတ်ပမာဏ၏ဆယ်ဆရရှိပြီး တတိယတန်းစား နတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ကောင်အတွက် ရမှတ်အဆတစ်ရာရရှိပေမည်။
လုယွီသည် ဒုတိယတန်းစားနတ်ဆိုးများကို အစုလိုက်အပြုံလိုက် သုတ်သင်ပြီးချိန်မှစ၍ သူ၏တိုက်ပွဲအောင်မြင်မှုရမှတ်များ ရူးသွပ်လုမခမ်း မြင့်တက်လာသည်။
"ဒုတိယတန်းစားနတ်ဆိုးတွေက အုပ်စုဖွဲ့နေတာများတယ်...သူ လူဘယ်လောက်များများ ခေါ်သွားတာလဲ...သူက အဆင်အခြင်မဲ့လွန်းမနေဘူးလား"
"ဒီလောက်အားကောင်းတဲ့ တိုက်ခိုက်မှုမျိုးနဲ့ဆိုရင်...နတ်ဆိုးကမ္ဘာလောကရဲ့အစွမ်းထက်သူတွေက သူ့ကို လျစ်လျှူရှုထားမှာမဟုတ်ဘူး"
ထိုအချိန်မှာပင် နတ်ဆိုးဖိနှိပ်တောင်၌ရှိနေသော အဖိုးအိုတစ်ယောက်၏မျက်လုံး ရုတ်တရက်ပွင့်လာပြီး သူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
"အဲ့ဒီလူရဲ့ကျင့်ကြံဆင့်နယ်ပယ်က ခုထိ လောကီအင်မော်တယ်အဆင့်ကိုတောင် မရောက်သေးဘူး"
"နယ်မြေနှစ်ခုရဲ့စည်းမျဥ်းတွေအရ အစွမ်းထက်သူတွေဟာ နတ်ဆိုးတွေနဲ့တစ္ဆေအင်မော်တယ်တွေကြား တိုက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး...နတ်ဆိုးကမ္ဘာလောကက ခုထိ တုံ့ပြန်မှုမရှိသေးတာကိုကြည့်ရင် အဲ့ဒီကောင်လေးက ခုထိ တစ္ဆေအင်မော်တယ်အဆင့်ပဲရှိသေးတာကို ညွှန်ပြနေတယ်...ဒါပေမယ့် သူ့ရဲ့အစစ်အမှန်ခွန်အားက တစ္ဆေအင်မော်တယ်အဆင့်ထက် အများကြီး ကျော်လွန်နေပြီ"
"ခုဏက အဲ့ဒီကောင်လေးရဲ့တိုက်ပွဲအောင်မြင်မှုရမှတ် ရုတ်တရက်ကြီး အမှတ်တစ်ထောင်မြင့်တက်သွားတယ်...ဒါက သူ ပထမတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုလိုတာပဲ"
ပတ်ဝန်းကျင်ရှိလူအုပ်ကြီးထံမှ ပင့်သက်ရှိုက်လိုက်သံများ ထွက်ပေါ်လာပေ၏။
ပထမတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ကောင်ကို အနည်းဆုံး လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ရှိသူမှသာ ရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။
"သူ့ကိုရှာပြီး ပြန်ခေါ်ခဲ့ကြစမ်း...သူက ငါတို့ကောင်းကင်ဘုံတရားရုံးမှာ ပါရမီရှင်တစ်ယောက် ဖြစ်နေပြီ...နတ်ဆိုးတွေရဲ့လက်ထဲကို ရောက်သွားလို့မဖြစ်ဘူး"
Chapter 1608
အခြားတစ်ဖက်တွင်...
စီနီယာအမထန်သည် အင်မော်တယ်တစ်စုနှင့်အတူ မြို့ငယ်လေး၏ရှေ့သို့ ရောက်ရှိလာသည်။
"ငါ နင်တို့ကို အရင်ကပြောထားတာတွေ မှတ်မိကြလား"
စီနီယာအမထန်သည် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အင်မော်တယ်များအားလုံးကိုကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါရထားတဲ့ သတင်းအချက်အလက်တွေအရ ဒီနေရာမှာ နတ်ဆိုးစွမ်းအင်တွေ အရမ်းများပြားတယ်...ပထမတန်းစားနတ်ဆိုးတွေနဲ့နတ်ဆိုးစစ်ဗိုလ်ချုပ်တွေတောင် မြို့ထဲမှာပုန်းအောင်းပြီး နေနေနိုင်တယ်"
"အရင်လက ချန်းယန်လှိုဏ်ဂူက တစ္ဆေအင်မော်တယ်တွေ ငါတို့နဲ့ ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားတယ်....ချန်းယန်လှိုဏ်ဂူကလူတွေက ဒီနေရာကိုလာပြီး သူတို့ရဲ့ တစ္ဆေအင်မော်တယ်တွေကို ရှာဖွေခဲ့ကြတယ်"
"သူတို့လူအများစု သေဆုံးသွားခဲ့ပြီးတော့ အနည်းစုပဲ အသက်ရှင်ရက် လွတ်မြောက်လာခဲ့တယ်...ငါတို့သာ လက်ဗလာနဲ့ ပြန်သွားမယ်ဆိုရင် ချန်းယန်လှိုဏ်ဂူက ငါတို့ကို ဘာဆုလာဘ်မှ ပေးမှာမဟုတ်ဘူး"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က ညည်းတွားပြောဆိုသည်။
"တကယ်လို့ အဲ့ဒီနေရာမှာ နတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ယောက် ပုန်းအောင်းနေမယ်ဆိုရင်...ငါတို့က သေလမ်းသွားရှာတာနဲ့ အတူတူပဲမဟုတ်လား"
နတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ယောက်သည် လောကီအင်မော်တယ်အဆင့်နှင့် ညီမျှပေ၏။
သူတို့သည် တစ္ဆေအင်မော်တယ်များသာဖြစ်၍ နတ်ဆိုးစစ်ဗိုလ်ချုပ်သာ အမှန်တကယ်ရှိနေပါက ခုခံတိုက်ခိုက်ခြင်းပင် ပြုနိုင်မည်မဟုတ်ချေ။
"ငါ ဒီနေရာကို မလာခင်ကတည်းက အဲ့ဒီကိစ္စကို စဥ်းစားထားပြီးသားပါ"
စီနီယာအမထန်သည် သူမ၏အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူပြီး အတွင်းသို့ သူမ၏အင်မော်တယ်စွမ်းအားများ ထည့်သွင်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထိုအဆောင်လက်ဖွဲ့မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ထိုရွှေရောင်အလင်းတန်းများသည် ကြိုးတစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး သူတို့၏ခန္ဓာကိုယ်များအားလုံးကို ရစ်ပတ်သွားပေ၏။
"ဒါက ငါ့ရဲ့ဆရာသခင်ဆီက ရထားတဲ့ လွတ်မြောက်အဆောင်လက်ဖွဲ့ပဲ...တစ်ယောက်ယောက် လွတ်မြောက်သွားတာနဲ့ အဲ့ဒီလူနဲ့အတူ တခြားလူတွေကိုပါ ခေါ်ဆောင်သွားနိုင်တယ်"
စီနီယာအမထန်က တည်ငြိမ်စွာ ပြောဆိုသည်။
အမှန်အားဖြင့် ဤသည်က အဆင့်နိမ့်အဆောင်လက်ဖွဲ့ဖြစ်ပြီး အားနည်းချက်များစွာရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ကံကောင်းထောက်မ၍ ထိုအဆောင်လက်ဖွဲ့နှင့်အတူ လွတ်မြောက်သွားလျှင်ပင် ထိုသူအား လမ်းတစ်ဝက်၌ ဖမ်းဆီးခံရပါက တခြားသူများလည်း ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သူတို့သည် ဤနေရာသို့ တာဝန်လာရောက်ထမ်းဆောင်ခြင်းဖြစ်၍ ဤထက်ပို၍အဖိုးတန်သော အဆောင်လက်ဖွဲ့ကို အသုံးမပြုနိုင်ချေ။
ကျွီ....
စီနီယာအမထန်က မြို့တံခါးအား တွန်းဖွင့်လိုက်၏။
သူတို့၏ရှေ့၌ တိတ်ဆိတ်ငြိမ်သက်မှုကသာ လွှမ်းမိုးနေပြီး မြို့တစ်ခုလုံးမှနေ၍ မည်သည့်အသံဗလံမျှ မကြားရချေ။
"နင်တို့အားလုံး မပေါ့လျော့ကြနဲ့...နတ်ဆိုးတွေက ငါတို့ကို ဇဝေဇဝါဖြစ်စေတဲ့နည်းလမ်းမျိုး အသုံးပြုနေတာပဲဖြစ်မယ်"
စီနီယာအမထန်က တည်ငြိမ်စွာ ပြောဆိုသည်။
"အဆောက်အအုံ တစ်လုံးပြီးတစ်လုံးလိုက်ရှာကြစမ်း...ချန်းယန်လှိုဏ်ဂူကလူတွေ ဒီနေရာမှာသေဆုံးခဲ့တယ်ဆိုမှတော့ သူတို့ရဲ့ရုပ်အလောင်းတွေက အင်မော်တယ်အငွေ့အသက်တွေ ကျန်နေခဲ့မှာပဲ"
အင်မော်တယ်များသည် အဆောက်အအုံများအား စေ့စေ့စပ်စပ် စတင်ရှာဖွေလိုက်ကြတော့သည်။
သို့ရာတွင် မည်သည့်အဆောက်အအုံမဆို ဗလာဟင်းလင်းဖြစ်နေသည်။
ဤနေရာ၌ ချန်းယန်လှိုဏ်ဂူမှလူများ၏ ရုပ်အလောင်းများ ရှိမနေသည့်အပြင် နတ်ဆိုးများလည်း ရှိမနေချေ။
တဖြည်းဖြည်း စီနီယာအမတန်တို့လူစု၏သတ္တိများ မြင့်တက်လာပေ၏။
ဗလာ...ဗလာ...ဗလာ...
မြို့တစ်မြို့လုံးရှိ အဆောက်အအုံများအားလုံး ဗလာဟင်းလင်းဖြစ်နေသည်။
ဤသည်က သာမာန်ထက်ပို၍ ထူးခြားနေပေ၏။
"ဒါက ထောင်ချောက်လား"
အပြာရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
စီနီယာအမထန်က ခေါင်းခါပြပြီး သူမ၏မျက်ခုံးများကို တင်းတင်းကြပ်ကြပ် ကျုံထားသည်။ဤအရာသည် အနည်းငယ်ထူးဆန်းနေသော်လည်း သူမက သတိလက်လွတ်မနေဝံ့ချေ။
သို့သော် ထိုအချိန်မှာပင် အင်မော်တယ်တစ်ယောက်သည် မြို့၏တခြားတစ်ဖက်ခြမ်းရှိ အခြေအနေအား သူမထံ သတင်းလာပို့လေ၏။
မြို့၏အလယ်ဗဟို၌ မြောက်မြားစွာသော အလောင်းများရှိနေသည်။ထိုအရာများအားလုံးသည် နတ်ဆိုးများ၏ရုပ်အလောင်းများ ဖြစ်သည်။ထိုအလောင်းများပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်မျှရှိမနေဘဲ ရုတ်တရက် သတ်ဖြတ်ခံရသည့်ပုံစံမျိုး တွေ့မြင်ရသည်။
"တစ်ယောက်ယောက်က အရင်လှုပ်ရှားသွားပြီပဲ"
"လောကီအင်မော်တယ်တစ်ယောက်များ ဖြစ်နေမလား"
သူတို့သည် မြို့လယ်ခေါင်ရှိ အလောင်းပုံကြီးအား မြင်တွေ့ချိန်တွင် အလွန်အမင်းတုန်လှုပ်ချောက်ချားသွားကြ၏။
ထိုအချိန်မှာပင် လူတချို့သည် မိုးကောင်းကင်ယံ၌ ပျံသန်းနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
စီနီယာအမထန်သည် ထိတ်လန့်တုန်လှုပ်သွားပြီးဂရုတစိုက်ကြည့်လိုက်ရာ ကောင်းကင်ယံ၌ အဖြူရောင်ဝတ်စုံဝတ်လူငယ်တချို့ ပျံသန်းနေသည်ကို သတိပြုမိသွား၏။
ထိုလူငယ်များ၏ဆံပင်များသည် ရှည်လျားပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသောဝတ်စုံများကို ဝတ်ဆင်ထားကြသည်။သူတို့သည် ရှေးဟောင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားခံရသော အင်မော်တယ်များနှင့် အတိအကျတူညီသည်။
"သူတို့က လောကီအင်မော်တယ်တွေပဲ"
ထိုလူငယ်များ၏အရှိန်အဝါများသည် သူတို့၏ပျော်ရွှင်မှုဝါဒနန်းတော်မှအင်မော်တယ်များထက် ပို၍မြင့်မားပေ၏။
"စီနီယာတို့...ကျွန်မတို့ကိုရှာတာ ဘာကိစ္စရှိလို့ပါလဲ"
စီနီယာအမထန်က မေးမြန်းသည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်များသည် သူတို့ရှေ့ရှိမြင်ကွင်းကိုမြင်သည်နှင့် သူတို့၏မျက်လုံးများ တောက်ပသွားပေ၏။
"သူက မြို့တစ်မြို့လုံးကိုတောင် တကယ်ကြီးဖျက်ဆီးနိုင်ခဲ့တာပဲ...ဘယ်သူက ယဲ့ရွှင်းလဲ...ငါတို့နဲ့အတူလိုက်ခဲ့ပါ"
Chapter 1609
ပျော်ရွှင်မှုဝါဒနန်းတော်မှလူများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြပြီး မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မသိကြတော့ချေ။
ထိုအချိန်မှာပင် လူတစ်ယောက်သည် တုန်တုန်ရီရီဖြင့် ရှေ့သို့ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ကျွန်တော်က ယဲ့ရွှင်းပါ...စီနီယာတို့က ကျွန်တော်ကို ဘာလို့လာရှာတာလဲမသိဘူး"
"မင်းက ယဲ့ရွှင်းလား"
အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်သည် ယဲ့ရွှင်းအား စုန်ချည်ဆန်ချည်ကြည့်ပြီး ပြောဆိုလေ၏။
"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကိုကြည့်ရတာ ထူးချွန်ပုံမရဘူး...မင်းမှာဖုံးကွယ်ထားတဲ့ အရည်အချင်းတချို့ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်...ငါတောင် မင်းဆီကနေ ပြန်သင်ယူချင်မိတယ်...သွားကြစို့...ရွှယ်အင်မော်တယ်ကွမ်ရှင်းက မင်းကိုတွေ့ချင်နေတယ်"
"ရွှယ်အင်မော်တယ်ကွမ်ရှင်းကလား..."
ယဲ့ရွှင်းသည် နှလုံးခုန်ရပ်လုမတက် စိတ်လှုပ်ရှားသွားသည်။
ထိုသူသည် နတ်ဘုရားအဆင့်တိုက်ပွဲစင်မြင့်ကို စောင့်ကြပ်သော ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များနှင့်သာ နှိုင်းယှဥ်နိုင်သော တည်ရှိမှုကြီးဖြစ်ပေ၏။
"ဟုတ်ကဲ့...ကျွန်တော်ကိုခေါ်ဆောင်သွားဖို့ စီနီယာတွေကို ဒုက္ခပေးမိပြီ"
ယဲ့ရွှင်းက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့တိုးလိုက်သည်။
ထိုအချိန်မှာပင် ထန်ယုဝေက ကြားဖြတ်၍ပြောဆိုလေသည်။
"ခဏနေပါဦး"
"အမ်...မင်းက ဘယ်သူလဲ"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ထန်ယုဝေကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ကျွန်မက ပျော်ရွှင်မှုဝါဒနန်းတော်က ထန်ယုဝေပါ...ပြီးတော့ ယဲ့ရွှင်းရဲ့စီနီယာအမပဲ...သူ့မှာ ဘာအမှားအယွင်းရှိလို့ ရွှယ်အင်မော်တယ်ကွမ်ရှင်းက ခေါ်ဆောင်ခိုင်းလိုက်တယ်ဆိုတာ ကျွန်မ သိခွင့်ရှိမလား"
ထန်ယုဝေက ပြောဆိုသည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်က စိတ်သက်သာရာရသွားသော အမူအယာဖြင့် ပြောဆိုလေ၏။
"မင်းတို့က အတူရှိနေတာ မဟုတ်ဘူးလား...မင်းက ယဲ့ရွှင်းရဲ့ခွန်အားကို သိသင့်တယ်လေ...လမ်းတလျှောက်လုံးမှာ သူက မရေမတွက်နိုင်တဲ့နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့ပြီးတော့ ပထမတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်ကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်...ဒါကြောင့် သူက ရွှယ်အင်မော်တယ်ကွမ်ရှင်းရဲ့အာရုံစိုက်မှုကို ရသွားတာပဲ"
ဘာ...
ပျော်ရွှင်မှုဝါဒနန်းတော်မှလူများသည် ဤအဖြေအား မျှော်လင့်ထားမိခြင်းမရှိချေ။
ပထမတန်းစား နတ်ဆိုးစစ်ဗိုလ်ချုပ်...ဤသည်က မည်ကဲ့သို့ ဟာသပြက်လုံးမျိုးဖြစ်သနည်း။
အဆင့်နိမ့်ဆုံးဖြစ်သော တတိယတန်းစားနတ်ဆိုးစစ်ဗိုလ်ချုပ်ကိုပင် သူတို့ ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိချေ။
"စီနီယာတို့...."
ယဲ့ရွှင်းက ရှင်းပြရန် အလျင်စလိုပြောဆိုလိုက်၏။
သို့သော် ထိုအချိန်မှာပင် ထန်ယုဝေက ကြားဖြတ်၍ ပြောဆိုသည်။
"ဟုတ်ပါတယ်...ကျွန်မတို့ အတူပူးပေါင်းပြီး နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တာ...ဒါပေမယ့် ကျွန်မတို့က ရမှတ်တွေကို ယဲ့ရွှင်းကိုထိန်းသိမ်းခိုင်းထားခဲ့တယ်"
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်၌ သူမသည် အခွင့်အရေးရရှိနိုင်ရန် တိုက်ပွဲဝင်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ တံဆိပ်ပြားများသည် သေဆုံးသွားသော နတ်ဆိုးများ၏အဆင့်နှင့်အရေအတွက်ကိုသာ ဖော်ပြပြီး နတ်ဆိုးများ၏အမည်များကို မှတ်တမ်းယူခြင်းမရှိချေ။
ထို့ပြင် ယဲ့ရွှင်းတို့လူစုသည် ပျော်ရွှင်မှုဝါဒနန်းတော်တွင် သူမ၏စကားကို အစဥ်အမြဲနာခံလေ့ရှိသည်။ယခုလက်ရှိအချိန်တွင် သူမ၏စကားများကို ပို၍ပင်ငြင်းဆန်မည်မဟုတ်ချေ။
ဤကဲ့သို့အခွင့်အရေးမျိုးသည် ဘဝတသက်တာအတွင်း၌ တစ်ကြိမ်ရရှိရန်ပင် မလွယ်ကူရာ သူမ လက်လွတ်အရှုံးပေးလိုခြင်းမရှိပေ။
"အော်...အဲ့ဒီလိုမျိုးကိစ္စ ရှိသေးတာလား"
လောကီအင်မော်တယ်လူငယ်၏ မျက်လုံးများအတွင်း၌ စိတ်ဝင်စားသွားသောအရိပ်အယောင်များ ပြည့်နှက်သွားပေ၏။
"ရှေ့ထွက်လာခဲ့...မင်း ဘယ်လောက်သန်မာအားကောင်းလဲဆိုတာ ငါ ကြည့်ကြည့်ရအောင်"
ထန်ယုဝေသည် သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပြောဆိုလိုက်သည်။
"အပြစ်ပြုမိပါပြီ"
သူမက ချက်ချင်းပင် ဓားပျံတစ်လက်ကိုဆင့်ခေါ်လေ၏။ထို့နောက် သူမ၏အင်မော်တယ်စွမ်းအားများကို ထိုဓားရှည်ပေါ်သို့ မှုတ်ထုတ်လိုက်သည်။
"သက်တန့်ဖီးနစ် တောင်ပံဖြန့်ခြင်း...."
ဓားချီများကြားမှနေ၍ သက်တံရောင်စုံဖီးနစ်တစ်ကောင် ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံဝတ်လူငယ်ထံသို့ ဦးတည်၍ပျံဝဲသွားသည်။
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် အလွန်အမင်း သိချင်စိတ်ပြင်းပြသွားကာ သူ၏လက်ချောင်းများကိုမြှောက်၍ ခုခံရန် ဟန်ပြင်လိုက်၏။
ဘုန်း...
လေပြင်းတစ်ချက်ဝှေ့ယမ်းတိုက်ခတ်သွားမှုကြောင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ဝတ်စုံ လူးလွန့်သွားသော်လည်း မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိချေ။
ထိုဓားချက်သည် အလွန်အမင်းအစွမ်းထက်ပုံရသော်လည်း သူ၏ခန္ဓာကိုယ်အရေပြားကိုပင် နာကျင်စေခြင်းမရှိပေ။
ထန်ယုဝေ၏မျက်နှာအမူအယာ ပြောင်းလဲခြင်းမရှိဘဲ သူမက ပြောဆိုလိုက်၏။
"စီနီယာက ခွန်အားပြည့်အသုံးမပြုထားတော့... ကျွန်မလည်း ခွန်အားပြည့် အသုံးမပြုဝံ့ပါဘူး"
အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်သည်။
"ကောင်းပြီလေ...ငါ အင်အားကုန်ထုတ်သုံးပေးမယ်"
စကားဆုံးသည်နှင့် သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်သည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားပေ၏။
ထန်ယုဝေက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောဆိုသည်။
"စီနီယာ...ရွှယ်အင်မော်တယ်ကွမ်ရှင်းက ကျွန်မတို့ကို ရှာနေတယ်ဆိုမှတော့ မြန်မြန်သွားကြတာမကောင်းဘူးလား...သူ့ကို အချိန်အကြာကြီး မစောင့်ခိုင်းသင့်ဘူးလေ"
"ဟုတ်တယ်...မင်းပြောတာအမှန်ပဲ"
အဖြူရောင်ဝတ်ရုံဝတ်လူငယ်သည် သူ၏စွမ်းအားများကို ပြန်ရုတ်သိမ်းပြီး ထန်ယုဝေတို့လူစုအား အင်မော်တယ်သင်္ကေတခန်းမထံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တော့သည်။
လုယွီသည် သူထွက်ခွာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သိရှိခြင်းမရှိမည်မှာ သေချာပေ၏။သူ ငှားရမ်းအသုံးပြုရသော ခန္ဓာကိုယ်ပိုင်ရှင်နှင့် နာမည်တူသူတစ်ယောက်သည် အခွင့်အရေးကြီးတစ်ခု ရရှိသွားလေပြီ။
လုယွီ၏ရှေ့၌ ကြီးမားသောမြို့ကြီးတစ်မြို့ရှိနေသည်။သူ၏ခန့်မှန်းချက်အရ နတ်ဆိုးများနေထိုင်သော နယ်မြေပို၍ကျယ်ပြန့်လေလေ ထိုနေရာရှိနတ်ဆိုးများ ပို၍သန်မာအားကောင်းလေလေပင်။
မြို့ငယ်တစ်မြို့ရှိ နတ်ဆိုးများသည်ပင် အလွန်သန်မာအားကောင်းနေသည်။ဤမြို့ကြီးအတွင်း၌ မည်ကဲ့သို့နတ်ဆိုးမျိုး ရှိနေသနည်း။
သူ ဝင်ရမလား...မဝင်ရဘူးလား....
Chapter 1610
လုယွီသည် မဆင်မခြင် မလှုပ်ရှားဝံ့ချေ။ထို့ကြောင့် သူသည် သစ်တောအုပ်တစ်ခုအတွင်းရှိ ချုံပုတ်များအကြား၌ ငြိမ်သက်စွာနေနေခဲ့သည်။သူသည် ဘုန်းကြီးအိုတစ်ပါး တရားထိုင်နေသကဲ့သို့ နေနေပြီး သူထံမှ မည်သည့်အရှိန်အဝါမျှ ထုတ်လွှက်ထားခြင်းမရှိချေ။
ဤနေရာတွင် သူသည် ပြိုင်ဘက်ကင်းတည်ရှိမှုမျိုး မဟုတ်ပေ။သူထံတွင် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက် ရှိနေသည့်တိုင် သူ လွယ်လင့်တကူအသုံးမပြုနိုင်ချေ။
"ငါ့စိတ်ဝိညာဥ်ရဲ့စွမ်းအားက အရင်ထက် နှစ်ဆလောက် တိုးတက်လာပြီ...ဒါပေမယ့် အတားအဆီးကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မည်ကဲ့သို့အဆင့်ချိုးဖျက်ရမည်ကို တွေးတောနေမိသည်။
အမတ်ကြီးချွယ်သည် သူ့အား သိုင်းပညာနည်းစနစ်ကိုသာ လက်ဆင့်ကမ်းပေးခဲ့ပြီး ကျင့်ကြံနည်းစနစ်များကို ပေးခဲ့ခြင်းမရှိချေ။ထို့ကြောင့် လုယွီသည် ရှေးဟောင်းခေတ်အတွင်း၌ လောကီအင်မော်တယ်နယ်ပယ်သို့ မည်ကဲ့သို့ အဆင့်ချိုးဖျက်ဝင်ရောက်ရမည်ကို သူ မသိတော့ပေ။
ထိုအချိန်မှာပင် ခရမ်းရောင်အလင်းတိုင်လုံးတစ်တိုင်သည် မိုးကောင်ကင်ယံထံ မြင့်တက်သွားသည်ကို လုယွီ တွေ့မြင်မိသည်။
သူ၏နံဘေးပတ်ဝန်းကျင်၌ ကောင်းကင်ယံသို့ ထိုးတက်နေသော အနက်ရောင်အလင်းတိုင်လုံးများရှိသော်လည်း ယခုအလင်းတိုင်လုံးနှင့် နှိုင်းယှဥ်၍မရချေ။
လုယွီက ခရမ်းရောင်နှင့်အစိမ်းရောင်အလင်းတိုင်လုံးများသည် အစွမ်းထက်နတ်ဆိုးများကိုညွှန်ပြကြောင်း သိရှိထားပြီးလေပြီ။
"အစွမ်းထက်နတ်ဆိုးတစ်ကောင် ရောက်လာတာပါလား"
လုယွီသည် သူ၏စိတ်ကိုထိန်းညှိပြီး သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ ပုန်းအောင်းနေလိုက်၏။
မြို့ကြီး၏အနောက်ဘက်အကျဆုံးနေရာတွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုရှိသည်။ထိုနေရာတွင် ယခင်က လူအမြောက်အများနေထိုင်ခဲ့သည့် အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။ထိုနန်းတော်အတွင်းရှိ အဆောင်အအုံများအားလုံးသည် အလွန်အမင်းလက်ရာမြောက်ပြီး ကြီးကျယ်ခမ်းနားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုနေရာတွင် သွေးဆာသောနတ်ဆိုးတစ်စု နေထိုင်နေပေ၏။
နန်းတော်၏အနက်ရှိုင်းဆုံးနေရာတွင် မြင့်မားသောယဇ်ပလ္လင်တစ်ခုရှိသည်။ထိုယဇ်ပလ္လင်ပေါ်၌ ဖြည်းညှင်းစွာခုန်နေသော သွေးရောင်နှလုံးတစ်ခု ရှိနေပေ၏။
ထိုနှလုံး တစ်ကြိမ်ခုန်လိုက်တိုင်း ပတ်ဝန်းကျင်ရှိလေထုသည် တသိမ့်သိမ့်တုန်သွားပြီး ကျယ်လောင်သောမြည်ဟီးသံများ ထွက်ပေါ်လာသည်။
ယဇ်ပလ္လင်၏နံဘေးပတ်လည်တွင် နတ်ဆိုးအမြောက်အများရှိနေသည်။သူတို့သည် မြေပြင်ပေါ်၌ ဒူးထောက်နေကြကာ ရှေးကျပြီးရှုပ်ထွေးသောမန္တန်များကို ရွတ်ဆိုနေပေ၏။
လုယွီသည် မြို့အတွင်းသို့ဝင်ကာ ယဇ်ပလ္လင်အနီးသို့ တိတ်တဆိတ်ချဥ်းကပ်လိုက်သည်။သူ၏အရှိန်အဝါကိုဖုံးကွယ်ထားပြီး မည်သည့်နတ်ဆိုးမျှ ရှာဖွေတွေ့ရှိသွားခွင့်မပြုချေ။
"ငါတို့က နတ်ဆိုးဘိုးဘေးရဲ့နှလုံးသားကို ယဇ်ပူဇော်ပေးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို စုဆောင်းပြီးသွားပြီ"
"အချိန်တခဏကြာတာနဲ့ နတ်ဆိုးဘိုးဘေးက ဆင်းသက်လာတော့မှာ...အဲ့ဒီအချိန်ကျရင် အင်မော်တယ်လောကကလူတွေ ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူး"
ယဇ်ပလ္လင်၏နံဘေးတွင် အဆင့်မြင့်နတ်ဆိုးဘိုးဘေးများရှိနေပြီး သူတို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တိုင်ပင်ဆွေးနွေးနေကြ၏။
ထိုအချိန်မှာပင် အစွမ်းထက်သောနတ်ဆိုးအရှိန်အဝါတစ်ရပ် ယဇ်ပလ္လင်မှနေ၍ စတင်ပျံ့နှံ့လာသည်။
မြက်ခင်းများအကြား၌ ပုန်းအောင်းနေသော လုယွီသည် ထိုအရှိန်အဝါအား အလွန်အမင်းရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားမိပေ၏။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေးလား...ဖြစ်နိုင်တာတော့ အရင်က ငါတွေ့ခဲ့ရတဲ့ ရှေးဟောင်းနတ်ဆိုးက ဒီနေရာကနေများ မွေးဖွားလာတာလား"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
ကောင်းကင်ဘုံနယ်မြေမှလူများသည် နတ်ဆိုးများအား ပြင်ပကမ္ဘာလောကမှရောက်လာသူများဖြစ်သည်ဟု ယုံကြည်လက်ခံထားသည်။မည်သူကမျှ ရှေးဟောင်းနတ်ဆိုးများ၏မူလဇစ်မြစ်ကို ပြောဆိုနိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်အခိုက်အတန့်တွင် လုယွီသည် ဥာဏ်အလင်းပွင့်သွားခဲ့သည်။ယဇ်ပလ္လင်ပေါ်ရှိနှလုံးသားမှထွက်ပေါ်နေသော အရှိန်အဝါသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အရှိန်အဝါဖြစ်ကြောင်း သူ အတိအကျပြောနိုင်သည်။
"ဘယ်သူလဲ"
ရုတ်တရက် အဆင့်မြင့်နတ်ဆိုးဘိုးဘေးတစ်ကောင်သည် သင်္ကာမကင်းဖြစ်နေဟန်ဖြင့် လုယွီရှိနေသော မြက်ပင်များရှိရာသို့ကြည့်ပြီး အော်ဟစ်လိုက်၏။
သူ၏လက်အားဆွဲဆုပ်သည့် လှုပ်ရှားမှုမျိုး ပြုလုပ်လိုက်သည်နှင့် အနက်ရောင်မီးတောက်များထွက်ပေါ်လာပြီး မြက်ပင်များပေါ်သို့ ကျရောက်ပြီး လောင်ကျွမ်းသွားစေသည်။
မီးတောက်များငြိမ်းသွားပြီးနောက် ပြာများမှလွဲ၍ မည်သည့်အရာမျှရှိမနေချေ။
"ငါ အစိုးရိမ်လွန်သွားတယ်"
ထိုအဆင့်မြင့်နတ်ဆိုးဘိုးဘေးက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"ခုလတ်တလောမှာ ကောင်းကင်ဘုံတရားရုံးကအင်မော်တယ်တွေက ငါတို့ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြို့တွေဆီကို ရောက်လာနေကြတယ်...မင်းနဲ့ငါက မြို့တံခါးလေးဘက်လုံးကို စောင့်ကြပ်ရမယ်...ယဇ်ပူဇော်ပွဲအခမ်းအနားကို ကောင်းကင်ဘုံတရားရုံးကလူတွေနှောက်ယှက်ခွင့် ပြုလို့မရဘူး"
အချိန်တခဏကြာပြီးနောက် အဆင့်မြင့်နတ်ဆိုးဘိုးဘေးများသည် ယဇ်ပလ္လင်နေရာမှ ထွက်ခွါသွားကြ၏။
သို့ရာတွင် လုယွီသည် မဆင်မခြင်လှုပ်ရှားခြင်း မပြုဝံ့ချေ။
အစောပိုင်းက အဆင့်မြင့်နတ်ဆိုးဘိုးဘေး လှုပ်ရှားမှုပြုလုပ်လိုက်သဖြင့် သူ၏အနေအထားအား ပြောင်းလဲခဲ့ရသည်။
သူက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။နှစ်နာရီခန့်စောင့်ကြည့်ပြီးနောက် ထိုနတ်ဆိုးများ၏ကင်းလှည့်ပုံကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားသည်။
နောက်ဆုံးနတ်ဆိုးတစ်စု သူ၏နံဘေးမှ ဖြတ်လျှောက်သွားစဥ်တွင် လုယွီ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပေ၏။
"အခုချိန်ပဲ"
လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုဆင့်ခေါ်၍ ယဇ်ပလ္လင်၏နံဘေးပတ်လည်၌ ဒူးထောက်နေသောနတ်ဆိုးများကို ရိုက်နှက်ပြီး သွေးမြူများအဖြစ်ပြောင်းလဲသွားစေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် နတ်ဆိုးနှလုံးသားထံသို့ ရောက်ရှိလာပေ၏။