← Chapters

အခန်း (၁၆၁၆-၁၆၂၀)

Vol. 84 Ch. 1616-1620

အခန်း (၁၆၁၆-၁၆၂၀)

Vol. 84 Ch. 1616-1620

Chapter 1616

ဘုန်း....

ထန်ယုဝေ၏လက် လုယွီအား ထိတွေ့မိလုဆဲဆဲအချိန်တွင် သူ၏ခန္ဓာကိုယ်မှစွမ်းအားများ ရုတ်တရက်ပွင့်အံထွက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ထန်ယုဝေသည် သူမ၏လက်နာကျင်သွားသည်ကို ခံစားမိပြီး နောက်သို့လွင့်ထွက်သွားတော့သည်။

အမ်...

ထန်ယုဝေတို့လူစုအား ခေါ်ဆောင်လာသော လောကီအင်မော်တယ်များ ဆွံအသွားပေ၏။

ဤထန်ယုဝေသည် ယခင်က သူမကိုယ်သူမ အလွန်ထူးချွန်သူဟု ပြောခဲ့သည်မဟုတ်လော။

မည်သည်ကြောင့် တစ္ဆေအင်မော်တယ်တစ်ယောက်နှင့်ရင်ဆိုင်ရာတွင် နောက်သို့လွင့်ထွက်သွားရသနည်း။

"နင်က ငါ့ကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ"

ထန်ယုဝေသည် သူမ၏ဒေါသများကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။

"ကြည့်ရတာတော့ နင့်ဆီမှာ ယုတ်မာတဲ့ရည်ရွယ်ချက် အမှန်တကယ် ရှိနေပုံပဲ...ငါ သတိလက်လွတ်နေမိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး နင်က ငါ့ကို အလစ်တိုက်ခိုက်ခဲ့တယ်"

သူမသည် လုယွီအား အရင်တိုက်ခိုက်ခဲ့သူဖြစ်သည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် ထန်ယုဝေ၏စကားအသွားအလာအရ လုယွီက သူမကို အငိုက်ဖမ်းတိုက်ခိုက်ခြင်းဖြစ်နေသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ပြဿနာရှာတက်သူတချို့ကို တွေ့မြင်ဖူးသော်လည်း ဤကဲ့သို့ ကျိုးကြောင်းမဆီလျော်သောလူစားမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

"ထန်ယုဝေ...မင်း သူ့ကို သိလို့လား"

လောကီအင်မော်တယ်တစ်ယောက်က မေးမြန်းသည်။

ထန်ယုဝေက ပြောဆိုလေ၏။

"စီနီယာတို့...စီနီယာတို့ကပဲ အဲ့ဒီကိစ္စကို ဆုံးဖြတ်ပေးကြပါ...ကျွန်မတို့လူစု နတ်ဆိုးတွေကို လိုက်လံသတ်ဖြတ်နေတဲ့အချိန်မှာ သူ ခိုးကြောင်ခိုးဝှက်ချောင်းမြောင်းနေတာကို တွေ့ရှိခဲ့တယ်...ကျွန်မတို့က သူ့ကိုဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့်...သူက ဘာမှန်းမသိတဲ့ လွတ်မြောက်နည်းစနစ်တစ်မျိုးကို အသုံးပြုပြီး အဝေးကို ထွက်ပြေးသွားခဲ့တယ်"

သူမသည် လုယွီအား လက်ညှိုးညွှန်ပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။

"သူက နတ်ဆိုးတွေဘက်ကခိုးဝင်လာတဲ့ သူလျှိုတစ်ယောက်ဖြစ်မယ်လို့ ကျွန်မ သံသယဝင်မိတယ်"

နံဘေးတွင်မတ်တတ်ရပ်နေသော ယဲ့ရွှင်းကလည်း ဝင်ရောက်ပြောဆိုသည်။

"ဟုတ်တယ်...သူ့ရဲ့အပြုအမူတွေက တကယ်ကို မေးခွန်းထုတ်စရာပဲ"

ထန်ယုဝေ ထိုစကားများကို ပြောဆိုလိုက်သဖြင့် နံဘေးပတ်ဝန်းကျင်မှလူများသည် ချက်ချင်းဆိုသလို လုယွီအား စူးစိုက်ကြည့်လိုက်ကြ၏။

ထန်ယုဝေတို့လူစုအား ရွှယ်အင်မော်တယ်ကွမ်ရှင်းမှ ဆင့်ခေါ်ထားသည်ဖြစ်ရာ သူတို့ဘက်တွင် အလေးသာသော အခြေအနေမျိုးရှိနေသည်။သူမသည် လုယွီအား စွပ်စွဲပြောဆိုနေသဖြင့် တခြားသူများသည် လုယွီအပေါ် သံသယဝင်လာကြသည်။

"မင်း ဘယ်နေရာကလာတာလဲ...မင်းရဲ့ဆရာက ဘယ်သူလဲ"

လောကီအင်မော်တယ်များအနက်မှတစ်ယောက်က အလေးအနက်ထားသောအသံဖြင့် မေးမြန်းလေ၏။

လုယွီက ထိုသူကို စောင်းငဲ့ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"ငါက မင်းကို ပြောပြစရာလိုအပ်လို့လား"

ထိုသူများသည် အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်များဖြစ်သည်ဟူသောအချက်ကို ဘေးဖယ်ထားကြပါစို့။

အကယ်၍ ထိုသူများသည် အစစ်အမှန်တည်ရှိမှု ဖြစ်နေလျှင်ပင် သူ့၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် လောကီအင်မော်တယ်တစ်ယောက်၏မေးခွန်းအား ဖြေဆိုရန် မထိုက်တန်ချေ။

"မင်းက ငါ့ရဲ့မေးခွန်းကို မဖြေဝံ့တာလား"

လုယွီ အဖြေပြန်မပေးသည်ကိုကြည့်ပြီး လောကီအင်မော်တယ်က လုယွီသည် ခိုးဝင်လာသောနတ်ဆိုးတစ်ကောင်ဖြစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

"အတင့်ရဲလိုက်တဲ့နတ်ဆိုး...မင်းက ဒီနေရာကို ခိုးဝင်လာဝံ့တယ်ပေါ့လေ"

အဖြူရောင်ဝတ်စုံဝတ်လောကီအင်မော်တယ်က သူ၏လက်ကိုမြှောက်လိုက်ရာ ခရမ်းရွှေရောင်ဘူးသီးခြောက်တစ်ခု ပျံဝဲ၍ထွက်လာသည်။ထိုဘူးသီးခြောက်တစ်ခုလုံးသည် လင်းလက်တောက်ပနေပြီး ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များ ပန်းထွက်လာပေ၏။

ထိုမီးတောက်များသည် လုယွီအား ဝါးမျိုရန်အတွက် တိုးဝင်သွားခဲ့သည်။

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေပြီး သူက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"မင်းက ရှင်းရှင်းလင်းလင်းသိရအောင် မစုံစမ်းဘူး...တစ်ဖက်လူရဲ့စကားကိုပဲ ယုံကြည်ပြီး တိုက်ခိုက်တော့တာပဲ"

ထို့နောက် လုယွီသည် သူ၏လက်ကိုမြှောက်ပြီးနောက် သူ၏စိတ်ဝိညာဥ်စွမ်းအားများကို ပြင်းထန်သောအားလှိုင်းတစ်ရပ်အဖြစ်ပြောင်းလဲကာ မီးတောက်များထံသို့ ပစ်လွှက်လိုက်၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ခရမ်းရွှေရောင်ဘူးသီးခြောက်မှမီးတောက်များသည် ထိုအားလှိုင်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

"မင်း လုပ်ရဲလား"

အဖြူရောင်ဝတ်စုံဝတ် လောကီအင်မော်တယ်သည် အံ့အားသင့်တုန်လှုပ်သွားပြီး သူက ဘူးသီးခြောက်ကို အဝေးသို့လွှင့်ပစ်လိုက်သည်။

တခြားသူများသည်လည်း လုယွီ၏လှုပ်ရှားမှုကိုကြည့်ပြီး ကြက်သေသေနေကြ၏။

တစ္ဆေအင်မော်တယ်တစ်ယောက်သည် တိုက်ခိုက်မှုတစ်ခုမျှဖြင့် လောကီအင်မော်တယ်တစ်ယောက်အား နောက်ဆုတ်သွားရန် ဖိအားပေးနိုင်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ဤကဲ့သို့အခြေအနေမျိုးသည် အလွန်အမင်း ရှားပါးပေ၏။

"ကောင်းတယ်...နင်က တော်တော်သတ္တိကောင်းနေတာပဲ...ငါတို့ကို ဒီနေရာဆင့်ခေါ်ထားတဲ့သူက ဘယ်သူလဲဆိုတာ နင်သိလား"

လုယွီ ခုခံတိုက်ခိုက်ဝံ့သည်ကိုမြင်ချိန်တွင် ထန်ယုဝေသည် သူမ၏ခေါင်းကိုမော့၍ ခက်ထန်တင်းမာစွာ အောက်ငေါက်လိုက်သည်။

လုယွီက သူမအားစောင်းငဲ့ကြည့်ပြီး ပြောဆိုသည်။

"မင်းတို့ကိုဆင့်ခေါ်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါက ဘာလို့ဂရုစိုက်ရမှာလဲ...ငါက ဒီနေရာကို အင်မော်တယ်နည်းစနစ်တွေလဲလှယ်ဖို့လာခဲ့တာ...မင်းတို့နဲ့ဘာမှမဆိုင်ဘူး"

"ထွီ...နင်က တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတာ...ဒီနေရာကိုလာပြီး အင်မော်တယ်နည်းစနစ်တွေလဲလှယ်တာတဲ့လား...ငါ ရယ်ရလွန်းလို့ သွားတွေတောင် ကျွတ်ထွက်တော့မယ်"

အင်မော်တယ်သင်္ကေတခန်းမရှိ အဆင့်နိမ့်ဆုံးအင်မော်တယ်နည်းစနစ်ကို လဲလှယ်နိုင်ရန် တိုက်ပွဲအောင်မြင်မှုရမှတ် သိန်းနှင့်ချီ၍လိုအပ်သည်။

ထန်ယုဝေသည် နတ်ဆိုးကမ္ဘာလောကသို့ အကြိမ်များစွာသွား၍ တိုက်ခိုက်ခဲ့သည့်တိုင် သူမ၏တိုက်ပွဲအောင်မြင်မှုရမှတ်သည် တစ်သိန်းမပြည့်သေးချေ။

ယခုလက်ရှိချိန်တွင် သူမက လုယွီအား အထင်အမြင်သေးစွာကြည့်လိုက်သည်။အမှန်အားဖြင့် လုယွီသည်သာ အင်မော်တယ်နည်းစနစ်အား အမှန်တကယ်လဲလှယ်နိုင်သော စွမ်းရည်ရှိသူဖြစ်ပါက သူမ ရန်စဝံ့မည်မဟုတ်ချေ။

Chapter 1617

ထိုအချိန်မှာပင် အင်မော်တယ်ယဇ်ပလ္လင်၏တစ်ဖက်ခြမ်းမှနေ၍ ပေသုံးထောင်ကျော်မြင့်မားသော အလင်းရောင်စဥ်တန်းကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံတရားရုံးတွင် ထူးကဲသောပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာသည့် အချိန်မျိုး၌သာ ဤကဲ့သို့ သဘာဝလွန်ပုံရိပ်မျိုး ဖြစ်ပွါးလေ့ရှိသည်။

မူလကဆူညံနေသော အင်မော်တယ်ယဇ်ပလ္လင်သည် တမဟုတ်ချင်း တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ကြာပန်းပလ္လင်များပေါ်၌ထိုင်နေသော အင်မော်တယ်များပင်လျှင် ထိုပုဂ္ဂိုလ်အား ဆီးကြိုနှုတ်ဆက်ရန် အောက်သို့ဆင်းလိုက်ကြသည်။

အချိန်တခဏကြာပြီးနောက် လွှမ်းမိုးချုပ်ကိုင်နိုင်သောအမူအယာမျိုးရှိသည့် ရွှယ်အင်မော်တယ်တစ်ယောက်သည် အင်မော်တယ်ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိလာသည်။

"ရွှယ်အင်မော်တယ်ကွမ်ရှင်းကို အရိုအသေပြုပါတယ်"

အင်မော်တယ်များအားလုံး ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြ၏။

ဤှသည်က နတ်ဆိုးဖိနှိပ်တောင်တွင် မဟာမိုးကောင်းကင်အင်မော်တယ်၏နောက် အစွမ်းထက်ဆုံးရွှယ်အင်မော်တယ်ဖြစ်သည်။

သူ၏တည်ရှိမှုကြောင့် နတ်ဆိုးကမ္ဘာလောက၏အတွင်းပိုင်းတွင်နေထိုင်သော ရှေးကျပြီးအစွမ်းထက်သည့်နတ်ဆိုးများသည် ကောင်းကင်ဘုံတရားရုံးအနီးသို့ မဆင်မခြင်မကျူးကျော်ဝံ့ကြချေ။

"မင်းတို့ ငါရှာခိုင်းတဲ့သူကို ရှာတွေ့ပြီလား"

ရွှယ်အင်မော်တယ်ကွမ်ရှင်းက မေးမြန်းသည်။

"ကျွန်တော်တို့ ရှာတွေ့ပါပြီ...သူက ယဲ့ရွှင်း...ပျော်ရွှင်မှုဝါဒနန်းတော်ရဲ့တစ္ဆေအင်မော်တယ်တစ်ယောက်ပါ...ပြီးတော့ ဒီတစ်ယောက်က ယဲ့ရွှင်းရဲ့စီနီယာအမပဲ"

အဖြူရောင်ဝတ်စုံဝတ်အင်မော်တယ်သည် ထန်ယုဝေနှင့်ယဲ့ရွှင်းကို ညွှန်ပြပြီး ပြောဆိုလေ၏။

ထိုသူနှစ်ယောက်ကိုကြည့်ပြီး ရွှယ်အင်မော်တယ်ကွမ်ရှင်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"ငါက အမှားအယွင်းတစ်ခုခုများ လုပ်မိသွားတာလား"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက သံသယအပြည့်ဖြင့် မေးမြန်းလေသည်။သူက သူကိုယ်သူ တီးတိုးပြန်လည်မေးမြန်းခြင်းသာဖြစ်သော်လည်း ယဲ့ရွှင်း၏နားအတွင်း၌ မိုးခြိမ်းသံနှင့် တူညီနေပေ၏။

သူသည် ဤနေရာသို့ ပျော်ရွှင်မှုဝါဒနန်းတော်မှလူများနှင့် အတူလာခဲ့ခြင်းဖြစ်သည်။ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက သူ့အားဆင့်ခေါ်ခဲ့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့်မှန်း သူ မသိရှိချေ။

ယဲ့ရွှင်း၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေသည်။

ထန်ယုဝေ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။

"ပျော်ရွှင်မှုဝါဒနန်းတော်ရဲ့တပည့် ထန်ယုဝေက ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းကို အရိုအသေပြုပါတယ်"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"မင်းတို့က ငါရှာနေတဲ့တစ်ယောက်မဟုတ်ဘူး...ကျေးဇူးပြုပြီး ပြန်ကြပါတော့...မင်းတို့ကို ဒီနေရာကိုခေါ်ပြီးတော့ ငါက အခက်တွေ့စေခဲ့တယ်...ငါ့ရဲ့တပည့်တွေကနေတဆင့် မင်းတို့ဆီကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်တွေ ပို့ခိုင်းလိုက်မယ်"

ကွမ်ရှင်းသည် ထိပ်သီးရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း အလွန်စာနာသနားတက်သူဖြစ်ပြီး ဂျူနီယာမျိုးဆက်များအပေါ် ကြင်နာစွာဆက်ဆံလေ့ရှိသည်။

သို့ရာတွင် ထန်ယုဝေသည် စိတ်ကျေနပ်ပုံမရချေ။သူမက ခြေတစ်လှမ်းရှေ့တက်ပြီး ပြောဆိုလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က စီနီယာရဲ့ဖိတ်ကြားမှုကြောင့် ဒီနေရာကို ရောက်လာတာပါ...အနည်းဆုံးတော့ စီနီယာက ကျွန်မတို့ကို လမ်းညွှန်မှုတချို့တော့ ပေးသင့်တယ်မဟုတ်လား"

ထိုစကားသံကိုကြားချိန်တွင် တခြားသူများအားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် သူတို့ လူမှားရှာခဲ့ကြောင်း ပြောဆိုပြီးဖြစ်သည်။သို့ရာတွင် ထိုမသိနားမလည်သူများသည် ရွှယ်အင်မော်တယ်ကွမ်ရှင်းထံမှ လမ်းညွှန်မှုအား လိုချင်နေပေ၏။

"မင်းက ငါ့ရဲ့လမ်းညွှန်မှုကို လိုချင်တာလား"

ရွှယ်အင်မော်တယ်ကွမ်ရှင်းက ထန်ယုဝေအား စောင်းငဲ့၍ကြည့်လိုက်သည်။

"ကောင်းပြီလေ...မင်း ရှေ့ကိုထွက်လာခဲ့...ငါ မင်းရဲ့ခွန်အားကို ကြည့်ကြည့်မယ်"

"အပြစ်ပြုမိပါပြီ"

ထန်ယုဝေသည် ထိုစကားအားကြားရန် စောင့်ဆိုင်းနေပုံရသည်။

သူမသည် ဓားအိမ်မှဓားဆွဲထုတ်ပြီး ပန်းပွင့်သဏ္ဍာန် ဝှေ့ယမ်းလိုက်၏။ထိုဓားချီများသည် အရောင်အသွေးစုံဖီးနစ်တစ်ကောင်အသွင် ပြောင်းလဲသွားပြီး ထိပ်သီးအင်မော်တယ်ကွမ်ရှင်းထံသို့ ဦးတည်၍ပျံဝဲသွားသည်။

"ရောင်စုံဖီးနစ် တောင်ပံဖြန့်ကျက်ခြင်း"

ဤသည်က ထန်ယုဝေ ဂုဏ်အယူရဆုံးလှုပ်ရှားမှုဖြစ်သည်။

ပျော်ရွှင်မှုဝါဒနန်းတော်အတွင်းရှိ တစ္ဆေအင်မော်တယ်များအနက် သူမ၏ ဤလှုပ်ရှားမှုကိုရင်ဆိုင်နိုင်သူမှာ အနည်းငယ်သာရှိသည်။

ရွှယ်အင်မော်တယ်ကွမ်ရှင်းသည် တစ်ချက်သာကြည့်ပြီး မည်သည့်လှုပ်ရှားမှုမျိုးမျှ ပြုလုပ်ရန်မလိုအပ်ဘဲ ဖီးနစ်ဓားချီပျက်ပြယ်သွားတော့သည်။

"ဟူး...ဒီဓားချီက ဟာကွက်တွေအများကြီးပဲ...ဒါက အချက်တစ်ချက်တည်းကို အာရုံစူးစိုက်ထားမှုမရှိဘူး...မင်းက အသုံးမဝင်တဲ့ ပန်းပွင့်ချပ်တွေအတွက် အင်မော်တယ်စွမ်းအားတွေကို ပိုအသုံးပြုရတယ်...ဒီဓားချီကိုကြည့်ရတာ ကြီးကျယ်ခမ်းနားပေမယ့် ငါ့ကို မင်း သတ်နိုင်မှာမဟုတ်ဘူး"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက စိတ်ရှည်လက်ရှည် ထောက်ပြပေးလေ၏။

ပတ်ဝန်းကျင်မှအင်မော်တယ်များကလည်း သဘောတူညီကျဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်ကြသည်။

သူတို့သည်လည်း အကြည့်တစ်ချက်ဖြင့်ပင် ထန်ယုဝေ၏လှုပ်ရှားမှုများမှ ဟာကွက်များကို တွေ့မြင်နိုင်သည်။

ထန်ယုဝေက အနည်းငယ်စောဒကတက်လိုဟန်ဖြင့် ပြောဆိုသည်။

"စီနီယာက ထိပ်သီးရွှယ်အင်မော်တယ်တစ်ယောက်လေ...ကျွန်မရဲ့လှုပ်ရှားမှုတွေက စီနီယာကို မနာကျင်စေတာ ပုံမှန်ပါပဲ...တကယ်လို့ ကျွန်မနဲ့တူညီတဲ့အဆင့်မှာရှိတဲ့ အင်မော်တယ်တစ်ယောက်ဆိုရင် ဒီဟာကွက်တွေက အမှန်လို့ပြောမရတော့ဘူးလေ"

"စကားကို ဆင်ခြင်ပြောစမ်း"

အဖြူရောင်ဝတ်စုံဝတ်အင်မော်တယ်တစ်ယောက်က အေးစက်တင်းမာသောအသံဖြင့် ​အော်ငေါက်လိုက်၏။

"မင်းက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိတာ...ထိပ်သီးရွှယ်အင်မော်တယ်တစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တဲ့သတ္တိ မင်းကို ဘယ်သူပေးထားတာလဲ"

ထန်ယုဝေသည် အနည်းငယ် ကြက်သေသေသွားသည်။သူမသည် စိတ်ကြီးဝင်မောက်မာတက်သူဖြစ်သော်လည်း ဤနေရာ၌ မမောက်မာဝံ့ချေ။

ဤနေရာရှိ မည်သည့်လောကီအင်မော်တယ်မဆို သူမအား လွယ်လင့်တကူ အနိုင်ယူနိုင်ပေ၏။

ရုတ်တရက် ထန်ယုဝေ၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားသည်။

"ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း....နတ်ဆိုးလောကက နတ်ဆိုးတစ်ကောင်က ဒီနေရာကို ခိုးဝင်လာခဲ့တာကို ကျွန်မသိထားတယ်...ကျွန်မက အဲ့ဒီနတ်ဆိုးကို တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်...ကျေးဇူးပြုပြီး ဒီတိုက်ပွဲကို စီနီယာက စောင့်ကြည့်ပေးပြီးတော့ ကျွန်မကို နောက်ထပ်တစ်ကြိမ်လောက် လမ်းညွှန်ပေးပါ"

ထန်ယုဝေက သူမ၏အသံကိုမြှင့်၍ ပြောဆိုလိုက်၏။

Chapter 1618

ထန်ယုဝေ၏စကားများကိုကြားချိန်တွင် ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

"နတ်ဆိုးဖိနှိပ်တောင်ထဲကို နတ်ဆိုးတစ်ကောင်ခိုးဝင်လာတယ်လို့ မင်းပြောချင်တာလား"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

ရွှယ်အင်မော်တစ်ယောက်ထံမှ ထုတ်လွှက်ထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် တခြားသာမာန်အင်မော်တယ်များ တောင့်ခံနိုင်သည့်အရာမျိုးမဟုတ်ချေ။

လူတိုင်းသည် သူတို့၏ရှေ့၌ ကျော်လွှား၍မရသော တောင်ကြီးတစ်လုံး ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် နတ်ဆိုးဖိနှိပ်တောင်ပေါ်ရှိ 'နတ်ဘုရားစွမ်းအားမျက်လုံး'ကို စောင့်ကြပ်ရသူဖြစ်သည်။ထိုနတ်ဘုရားစွမ်းအားမျက်လုံးကိုအသက်သွင်းလိုက်သည်နှင့် နတ်ဘုရားအလင်းတန်းများသည် တောင်များအားလုံးပေါ်သို့ ကျရောက်သွားပေမည်။တောင်များအနီးသို့ခိုးဝင်လာသော မည်သည့်နတ်ဆိုးမဆို ထိုနတ်ဘုရားအလင်းတန်းအောက်မှ လွတ်မြောက်ခြင်းမရှိနိုင်ချေ။

ထို့ကြောင့် နတ်ဆိုးတစ်ကောင်သည် သူ၏စောင့်ကြည့်မှုအောက်မှလွတ်ထွက်ပြီး ဤနေရာသို့ခိုးဝင်လာသည်ဟူသောစကားကိုကြားချိန်တွင် သူ သည်းမခံနိုင်တော့ချေ။

"ကောင်းပြီလေ...ဘယ်သူလဲဆိုတာ ငါ့ကိုပြောပြစမ်း...လိမ်ဖို့မကြိုးစားနဲ့"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းသည်။

ထန်ယုဝေသည် လုယွီကိုလက်ညှိုးညွှန်ပြီး အသံမြှင့်၍ ပြောဆိုလိုက်၏။

"ဒါက သူပဲ...အရင်က သူ့ကို နတ်ဆိုးလောကရဲ့အမဲလိုက်နယ်မြေမှာ ကျွန်မတို့တွေ့ခဲ့ရတယ်...သူ ခိုးဝင်ဖို့ကြိုးစားနေတာကိုကြည့်ပြီး ကျွန်မတို့ဟန့်တားဖို့ကြံစည်ခဲ့ပေမယ့် သူက ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်"

"အခု သူက အင်မော်တယ်နည်းစနစ်ကိုလဲလှယ်ဖို့ အင်မော်တယ်ယဇ်ပလ္လင်ကိုရောက်လာတာလို့ ပြောနေခဲ့တယ်...ဒါက လူတိုင်း သွားကျွတ်ထွက်အောင်ရယ်မောနေရမယ့် ဟာသပြက်လုံးတစ်ခုပဲ...အင်မော်တယ်ယဇ်ပလ္လင်မှာရှိတဲ့ အင်မော်တယ်နည်းစနစ်တွေ တန်ကြေးဘယ်လောက်မြင့်မားတယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်မှာပါ....သူက တစ္ဆေအင်မော်တယ်အဆင့်ပဲရှိသေးတာ...ဘယ်လိုလုပ်ပြီး သူ့ရဲ့တိုက်ပွဲအောင်မြင်မှုရမှတ်နဲ့ အင်မော်တယ်နည်းစနစ်ကိုလဲလှယ်ဖို့ အရည်အချင်းမီမှာလဲ"

ထန်ယုဝေ၏စကားအဆုံးတွင် အင်မော်တယ်များအားလုံး၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။

တစ္ဆေအင်မော်တယ်များသည် အင်မော်တယ်ယဇ်ပလ္လင်သို့ လာရောက်စဥ်တွင် အများစုသည် ဆေးလုံးများလဲလှယ်ရန်အတွက်ဖြစ်ပြီး အင်မော်တယ်နည်းစနစ်ဖြင့် လဲလှယ်မည့်သူဟူ၍ မရှိသလောက်နီးပါးပင်။

အင်မော်တယ်နည်းစနစ်တိုင်းသည် ဖန်တီးသူ၏သွေးနှင့်ချွေးများရင်း၍ အင်အားစိုက်ထုတ်ရပေ၏။ထို့ပြင် အင်မော်တယ်နည်းစနစ်များ၏အောင်မြင်မှုများသည် တခြားသာမာန်နည်းစနစ်များထက် အလွန်အမင်းသာလွန်ထူးကဲသည်။ထိုအကြောင်းအရင်းများကြောင့် အင်မော်တယ်နည်းစနစ်များသည် အလွန်စျေးကြီးနေရခြင်းပင်။

"ဟွန့်...ဒီနေရာမှာ ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းကိုယ်တိုင် စောင့်ကြည့်နေတယ်...နင် ဘာတက်နိုင်ဦးမှာလဲ"

ထန်ယုဝေက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။

အမှန်အားဖြင့် သူမနှင့်လုယွီအကြားတွင် ကြီးမားသောရန်ငြှိုးရန်စမရှိချေ။

သို့ရာတွင် သူမ၏ခွန်အားအပေါ် အလွန်အမင်းဂုဏ်ယူဝင့်ကြွားနေသော ထန်ယုဝေသည် လုယွီ၏လက်အတွင်း၌ မကြာခဏရှုံးနိမ့်ခဲ့ရပြီးနောက် တဖြည်းဖြည်း မုန်းတီးလာခဲ့သည်။

"ဒီကောင်လေးရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေက ပြည့်နှက်နေပြီ...သူက မကြာခင်မှာ လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မှာ...ဒါပေမယ့် မင်းဆီမှာ နတ်ဆိုးအော်ရာ အရိပ်အယောင်မျိုးရှိနေတာကို ငါ နည်းနည်းတော့သိချင်မိတယ်"

ထိပ်သီးအင်မော်တယ်ကွမ်ရှင်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ဘာ...နတ်ဆိုးအော်ရာလား...

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိအင်မော်တယ်များအားလုံး သတိအနေအထားသို့ ရောက်ရှိသွားပေ၏။

နတ်ဆိုးဖိနှိပ်တောင်အတွင်းသို့ နတ်ဆိုးများခိုးဝင်နိုင်ခြင်း မရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ ထန်ယုဝေ၏စကားတစ်ခုတည်းဖြင့်ဆိုပါက ထိုအင်မော်တယ်များ ယုံကြည်မည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်တွင် ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏ မှတ်ချက်စကားရှိနေသဖြင့် အခြေအနေမတူညီတော့ပေ။

သူတို့၏ရှေ့မှကောင်လေးသည် နတ်ဆိုးတစ်ကောင်မှ အသွင်ပြောင်းလဲထားခြင်းဖြစ်သည်ဟု ညွှန်ပြနေပေ၏။

"မင်းတို့အားလုံး....အထင်မှားနေကြပြီ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ရုတ်တရက် သူသည် အစောပိုင်းက နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကို ဝါးမျိုခဲ့ကြောင်း အမှတ်ရသွားသည်။ထိုနတ်ဆိုးစွမ်းအားများအား သူ အပြည့်အဝချေဖျက်နိုင်ခြင်းမရှိဘဲ တချို့တစ်ဝက်ကျန်ရှိနေသည်။

ယခုလက်ရှိချိန်တွင် ထိပ်သီးရွှယ်အင်မော်တယ်တစ်ယောက်သည် ထိုကိစ္စကို ရှာဖွေတွေ့ရှိသွားပေ၏။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီး လုယွီကို စေ့စေ့စပ်စပ်ကြည့်နေသည်။သို့ရာတွင် ရုတ်တရက် သူ၏နားအတွင်းသို့ ကြည်လင်ပြတ်သားသောအသံတစ်သံ ဝင်ရောက်လာသည်။

"ဒါဆို အရင်က မင်း ယွီဖုန်းနဲ့ဆုံပြီးပြီပေါ့...ဟုတ်လား...ဒီလိုဆိုမှတော့ မင်းမှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး...ငါက မင်းအပေါ် နားလည်မှုလွဲသွားခဲ့တယ်"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက ဖျော့တော့တော့အပြုံးနှင့် ပြောဆိုလေ၏။

သတိအနေအထားဖြင့် စောင့်ကြည့်နေကြသော အင်မော်တယ်များအားလုံး ကြက်သေသေသွားသည်။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် မည်သည်ကြောင့် နားလည်မှုလွဲမှားသွားသည်ဟု ရုတ်တရက်ကြီး ပြောဆိုသနည်း။

လုယွီသည် အချိန်တခဏကြာတွေးတောပြီးနောက် အဖိုးအိုယွီဖုန်းက သူ့အားကူညီပေးလိုက်ခြင်းဖြစ်သည်ကို သိရှိသွားပေ၏။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီးပြောဆိုသည်။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းကိုယ်တိုင် နားလည်မှုလွဲမှားသည်ဟု ပြောဆိုခဲ့သဖြင့် သူ့အတွက် ပြဿနာမရှိနိုင်တော့ချေ။

"မဖြစ်နိုင်ဘူး...ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း...စီနီယာက သူ့ကို ထပ်ပြီးစစ်ဆေးကြည့်တာ ပိုကောင်းလိမ့်မယ်...သူနဲ့ပတ်သက်ပြီး အမှားအယွင်းတစ်ခုခုရှိနေတယ်"

ထန်ယုဝေသည် ဤကဲ့သို့ရလဒ်မျိုးအား ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။

သူမသည် လုယွီကိုလက်ညှိုးညွှန်ပြီး စူးရှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။

"နင်က ဒီနေရာကို အင်မော်တယ်နည်းစနစ်လဲလှယ်ဖို့လာတာလို့ ပြောခဲ့တယ်နော်...ဒါဆို နင် အခု လဲလိုက်လေ...နင် ဘယ်လိုလဲလှယ်မှာလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

Chapter 1619

လုယွီ မလှုပ်မယှက်နေနေသည်ကိုကြည့်ပြီး ထန်ယုဝေက ဂုဏ်ယူဝင့်ကြွားသောအပြုံးနှင့် ပြောဆိုသည်။

"ဘယ်လိုလဲ...ငါ သိသွားပြီဆိုမှတော့ နင်မလှုပ်ရှားရဲတော့ဘူးမလား"

လုယွီက ခေါင်းခါပြလိုက်၏။

"မင်း ဘာလို့ ငါ့ကို ပစ်မှတ်ထားနေလဲဆိုတာကို ငါ အံ့အားသင့်မိတယ်"

အမှန်အားဖြင့် ယခုလက်ရှိချိန်တွင် ပုံရိပ်ယောင်ကမ္ဘာအတွင်းမှလူတစ်ယောက်အား သူ ရှင်းပြလိုခြင်းမရှိချေ။

လုယွီကသူ့ကိုယ်သူပင် မည်သို့ရှေ့ဆက်ရမည်မှန်း မသိသေးလေရာ ထန်ယုဝေကဲ့သို့လူစားမျိုးအား အာရုံစိုက်ပြီး အချိန်ဖြုန်းလိုစိတ်မရှိချေ။

လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး အင်မော်တယ်ယဇ်ပလ္လင်၏ကျောက်စာတိုင်ပေါ်သို့ ဖိနှိပ်လိုက်၏။

ထိုတံဆိပ်ပြား ကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားသည့် အချိန်တခဏတွင် ကျောက်စာတိုင်တစ်ခုလုံး လင်းလက်တောက်ပသွားသည်။

မြောက်များစွာသောအင်မော်တယ်အလင်းတန်းများသည် ကျောက်စာတိုင်မှ ထွက်ပေါ်လာပေ၏။

"ဒါက....ဘာတွေဖြစ်နေတာလဲ"

"ယေဘုယျအနေနဲ့ပြောရရင် တိုက်ပွဲဝင်အောင်မြင်မှုရမှတ်မှာ ထူးထူးချွန်ချွန်ရထားတဲ့သူတွေ ပစ္စည်းလဲလှယ်တဲ့အချိန်မျိုးကျမှသာ ဒီလိုသာမာန်မဟုတ်တဲ့ သဘာဝလွန်ပုံရိပ်မျိုး ထွက်ပေါ်လေ့ရှိတယ်"

"သူက တိုက်ပွဲအောင်မြင်မှုရမှတ် ဘယ်လောက်များများ ရထားပါလိမ့်"

အင်မော်တယ်များအားလုံးသည် သိချင်စိတ်ပြင်းပြသောအမူအယာဖြင့် လုယွီအား စူးစိုက်၍ကြည့်နေကြသည်။

ဤကဲ့သို့သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာစေသည်မှာ လောကီအင်မော်တယ်နှင့်မြေကမ္ဘာအင်မော်တယ်အများစုပင် ပြုလုပ်နိုင်သောအရာမဟုတ်ချေ။

ကျောက်စာတိုင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ရွှင်း...တိုက်ပွဲအောင်မြင်မှုရမှတ် ၅သန်း၁သိန်း၂သောင်း

အင်မော်တယ်များအားလုံး နေရာမှာပင် ကြက်သေသေသွားပေ၏။

အစောပိုင်းက လုယွီအားတိုက်ခိုက်ခဲ့သော လောကီအင်မော်တယ်သည်လည်း နေရာမှာပင် ကြောင်အနေသည်။

"မင်း....မင်း နတ်ဆိုးဘယ်လောက်များများကို သတ်ခဲ့တာလဲ"

ရုတ်တရက် တစ်စုံတစ်ယောက်က လုယွီ၏နာမည်ကို အမှတ်ရသွားသည်။

"နေကြဦး...သူက ယဲ့ရွှင်းလေ"

"ခရမ်းမြူခိုးတောင်လှိုဏ်ဂူရဲ့ အရမ်းထူးချွန်ထက်မြက်တဲ့ တစ္ဆေအင်မော်တယ်ယဲ့ရွှင်းလား"

ထန်ယုဝေအား အင်မော်တယ်ယဇ်ပလ္လင်သို့ခေါ်ဆောင်လာသော လောကီအင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ယဲ့ရွှင်းက ခရမ်းမြူခိုးတောင်လှိုဏ်ဂူကလား...ပျော်ရွှင်မှုဝါဒနန်းတော်က မဟုတ်ဘူးလား"

"မင်း လူမှားပြီး ခေါ်လာမိပြီ"

"ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက ခရမ်းမြူခိုးတောင်လှိုဏ်ဂူကယဲ့ရွှင်းကို ခေါ်လာခိုင်းတာလေ....မင်းက ဘယ်သူတွေကို ခေါ်လာတာလဲ"

အဖြူရောင်ဝတ်စုံဝတ်လောကီအင်မော်တယ်သည် တခြားအင်မော်တယ်များ၏ ပြက်ရယ်ပြုလှောင်ပြောင်ခြင်းကိုခံရသဖြင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏စိတ်နှလုံးသားလေးလံသွားပေ၏။

သူက ချက်ချင်းပင် နောက်သို့ပြန်လှည့်၍ အေးစက်တင်းမာသောလေသံဖြင့် ထန်ယုဝေအား မေးမြန်းလိုက်သည်။

"မင်း ငါ့နဲ့တိုက်ခိုက်ချင်တယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်မဟုတ်လား...အခုတိုက်ခိုက်ကြမယ်လေ...အဆင်ပြေလား"

ထန်ယုဝေက ချက်ချင်းပင် နောက်ဆုတ်လိုက်၏။

"စီနီယာ...အခုချိန်က ကျွန်မရဲ့အကောင်းဆုံးအခြေအနေမှာရှိမနေဘူး...ကျွန်မ မတိုက်ခိုက်ချင်ဘူး"

ယခုလက်ရှိချိန်တွင် ထန်ယုဝေသည် အလွန်ထိတ်လန့်တုန်လှုပ်နေသည်။သူမ၏ခွန်အားဖြင့် လောကီအင်မော်တယ်တစ်ယောက်၏ပြိုင်ဘက် မည်သို့မျှမဖြစ်နိုင်ချေ။

အကယ်၍ လောကီအင်မော်တယ်တစ်ယောက်သည် သူမအား အမှန်တကယ်တိုက်ခိုက်လာပါက သူမ ခုခံတိုက်ခိုက်ခြင်းပင် ပြုနိုင်မည်မဟုတ်ပေ။

"မင်းက ငါ့ကို စိန်ခေါ်ခဲ့မှတော့...ငါ မင်းကို ကူညီပေးရမှာပေါ့"

အဖြူရောင်ဝတ်စုံဝတ်လူငယ်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

စကားဆုံးသည်နှင့် သူ၏လက်ကို လေထုအတွင်းသို့ဆန့်ထုတ်၍ ထန်ယုဝေကိုဖမ်းဆုပ်ပြီး အင်မော်တယ်ယဇ်ပလ္လင်နှင့်မနီးမဝေးအကွာအဝေးရှိ တိုက်ပွဲစင်မြင့်ပေါ်သို့ ပစ်လွှက်လိုက်၏။

မျက်တောင်တခတ်စာအချိန်မှာပင် ထန်ယုဝေ၏စူးရှနာကျင်စွာအော်ဟစ်နေသောအသံကြီး ထွက်ပေါ်လာတော့သည်။

တခြားတစ်ဖက်၌....

လုယွီသည် သူ၏တိုက်ပွဲအောင်မြင်မှုရမှတ်များနှင့် အင်မော်တယ်နည်းစနစ်တစ်ခုကိုရွေးချယ်ရန် စီစဥ်နေပေ၏။

ယခုလက်ရှိချိန်၌ သူသည် တစ္ဆေအင်မော်တယ်အဆင့်သာ ရှိသေးသည်။ကောင်းကင်ဘုံတရားရုံး၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ လောကီအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းရပေမည်။

ကျောက်စာတိုင်ပေါ်၌ မီးခိုးပင်လယ်ကြီးတမျှများပြားသော အင်မော်တယ်နည်းစနစ်များ ရှိနေသည်။

"ကြည့်ရတာတော့ ဘယ်အင်မော်တယ်နည်းစနစ်မဆို ငါနဲ့သင့်တော်ပုံရတယ်...ဒါပေမယ့် ငါ အလျင်စလို ရွေးချယ်လိုက်မယ်ဆိုရင် ငါ့ရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ အနှောက်အယှက်ဖြစ်နိုင်တယ်"

လုယွီသည် အချိန်အတော်ကြာကျင့်ကြံခဲ့သူဖြစ်၍ အတွေ့အကြုံများစွာရှိသည်။

တချို့အင်မော်တယ်နည်းစနစ်များသည် အစွမ်းထက်သော်လည်း ထိုနည်းစနစ်မှမှတ်ချက်များအတိုင်း ကျင့်ကြံပါက နည်းစနစ်ဖန်တီးသူ တွေးတောခဲ့သည့် လမ်းကြောင်းအတွင်းသို့ ကျရောက်သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက သူ့အတွက် အဆင့်တက်ရန် အလွန်လွယ်ကူသွားမည်ဖြစ်သော်လည်း စစ်မှန်ပြီးပြည့်စုံသော အင်မော်တယ်နည်းစနစ်ကို ရရှိနိုင်မည်မဟုတ်ချေ။

"ကောင်းပြီလေ...ငါ အရင်ဆုံး အင်မော်တယ်နည်းစနစ်တချို့ကို ရွေးချယ်လိုက်မယ်...ပြီးတော့မှ တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်တာပေါ့"

ကျောက်စာတိုင်ပေါ်မှ မှတ်ချက်များကိုကြည့်၍ လုယွီသည် ထိပ်တန်းအဆင့် အင်မော်တယ်နည်းစနစ်ငါးခုကို လဲလှယ်ယူလိုက်သည်။သူ၏တိုက်ပွဲအောင်မြင်မှုရမှတ် ငါးသန်းလုံး ကုန်ဆုံးသွားလေပြီ။

"သူက ခဏလေးနဲ့ အမှတ်ငါးသန်းကို သုံးလိုက်တာလား"

"သူက နည်းနည်းလေးတောင်မှ ဘာလို့ချန်မထားတာလဲ...ပြီးတော့ သူက တစ္ဆေအင်မော်တယ်တစ်ယောက်လေ...သူ လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ အင်မော်တယ်နည်းစနစ်တစ်ခုပဲလိုတာ....ဒါပေမယ့် သူက နည်းစနစ်ငါးခုတောင် လဲလှယ်လိုက်တယ်...ဒါက ဖြုန်းတီးတာမဟုတ်ဘူးလား"

Chapter 1620

ပတ်ဝန်းကျင်ရှိအင်မော်တယ်များသည် လုယွီ၏အသုံးအဖြုန်းကြီးမှုကြောင့် အံ့အားသင့်တုန်လှုပ်နေကြ၏။

"မင်း...ငါ့နောက်ကိုလိုက်ခဲ့"

ရုတ်တရက် အသံပေးပို့ဆက်သွယ်မှုတစ်ခုက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီက မော့ကြည့်လိုက်ရာ သူ့အားခေါ်ဆိုသည်မှာ ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းဖြစ်ကြောင်း တွေ့မြင်မိသည်။

သူတို့နှစ်ယောက်သည် အင်မော်တယ်ယဇ်ပလ္လင်၏နံဘေးရှိ တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်နေရာသို့ ရောက်ရှိလာပေ၏။

"ယွီဖုန်းက မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ ငါ့ကိုရှင်းပြထားတယ်...အခုချိန်မှာ သူက အရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာရှိနေလို့ မင်းကို ဂရုမစိုက်နိုင်သေးဘူး...ဒါကြောင့် မင်းကိုစောင့်ရှောက်ဖို့ သူက ငါ့ကို အကူအညီတောင်းထားတယ်"

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ လဖက်ရည်ခွက်တစ်ခွက်က လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။

လုယွီက ပြောဆိုသည်။

"စီနီယာရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ယွီဖုန်းသည် လုယွီအားစောင့်ရှောက်ရန် ရွှယ်အင်မော်တယ်တစ်ယောက်အား အကူအညီတောင်းခံခဲ့ခြင်းမှာ သူ၏သရုပ်မှန်သည် အပြင်လူတစ်ယောက်ဖြစ်ခြင်းကြောင့်ပင်။

ဤနေရာရှိအရာအားလုံးသည် ပုံရိပ်ယောင်ဖြစ်ပြီး အသိစိတ်လက်ကိုင်ထားနိုင်သူဟူ၍ လူနည်းစုသာရှိသည်။

"နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက မဟာနတ်ဆိုးဘိုးဘေးကိုးယောက်ထဲကတစ်ယောက်ပဲ...နတ်ဆိုးကမ္ဘာလောကမှာ သူ့ရဲ့ဂုဏ်သတင်းက အရမ်းမြင့်မားပြီးတော့ နောက်လိုက်တွေအများကြီးရှိတယ်...မင်းက သူ ပြန်လည်မွေးဖွားမယ့် ယဇ်ပလ္လင်ကိုဖျက်ဆီးပြီး သူ့ရဲ့စွမ်းအားတွေကို ဝါးမျိုခဲ့တယ်...နတ်ဆိုးမျိုးနွယ်တွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

"မင်းက အရည်အချင်းရှိပေမယ့် နတ်ဆိုးလောကရဲ့အစစ်အမှန်အစွမ်းထက်သူတွေရှေ့ရောက်ရင် မင်းရဲ့စွမ်းအားက မလုံလောက်ဘူး...ဒါက ငါ စာဖတ်ချိန်မှာ အနားယူတက်တဲ့နေရာပဲ...နတ်ဆိုးတွေက ဒီနေရာကို မချဥ်းကပ်ဝံ့ဘူး..မင်း ဒီနေရာမှာနေပြီး အေးအေးဆေးဆေးကျင့်ကြံလို့ရတယ်"

ထို့နောက် ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းသည် လုယွီအား စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းက အင်မော်တယ်ကျင့်ကြံနည်းစနစ်ငါးမျိုးကို လဲလှယ်လာခဲ့တယ်...ဖြစ်နိုင်တာတော့ မင်းက အဲ့ဒီနည်းစနစ်တွေထဲကအနှစ်သာရတွေကို ကောက်နှုတ်ပြီး မင်းရဲ့ကိုယ်ပိုင်အင်မော်တယ်နည်းစနစ်ကို ဖန်တီးချင်ပုံရတယ်...ငါပြောတာ ဟုတ်လား...မင်းရဲ့ရည်ရွယ်ချက်က ကောင်းပါတယ်...ဒါပေမယ့် ဒီနည်းစနစ်တွေထဲကအနှစ်သာရတွေကို စုစည်းဖို့ မင်း အချိန်အများကြီးကုန်လိမ့်မယ်...အခုချိန်မှာ မင်းက အဆင့်ချိုးဖျက်ရတော့မယ့် အတားအဆီးကိုရောက်နေပြီ...လမ်းညွှန်မှုသာမရှိရင် မင်း ဒီကိစ္စကိုလုပ်ဆောင်နိုင်ဖို့ ခက်ခဲလိမ့်မယ်"

"ဒါက ငါ အရင်တုန်းက နားလည်သဘောပေါက်ခဲ့တဲ့အရာတွေကို ရေးထားတဲ့စာအုပ်ပဲ...မင်းနဲ့ငါ ကံကြမ္မာအရဆုံတွေ့ခဲ့မှတော့ ငါ မင်းကို ဒါပေးလိုက်မယ်...ကောင်းကင်ဘုံတရားရုံးမှာ မင်းလိုမျိုးပါရမီရှင်တွေ ပိုပြီးထွက်ပေါ်လာဖို့ ငါ မျှော်လင့်မိတယ်"

"စီနီယာကို ကျေးဇူးတင်ပါတယ်"

လုယွီက တည်ကြည်လေးနက်စွာပြောဆိုသည်။

ကောင်းကင်ဘုံတရားရုံးအတွင်း၌ အင်မော်တယ်အဆင့်ငါးဆင့်ရှိသည်။ထိုအဆင့်များမှာ...

တစ္ဆေအင်မောတယ်

လောကီအင်မော်တယ်

မြေကမ္ဘာအင်မော်တယ်

ရွှယ်အင်မော်တယ်

မဟာမိုးကောင်းကင်ရွှေအင်မော်တယ် ဟူ၍ဖြစ်သည်။

ရွှယ်အင်မော်တယ်များသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်၏နောက် ဒုတိယနေရာ၌ရှိသော တည်ရှိမှုမျိုးဖြစ်ရာ သူတို့၏နားလည်သဘောပေါက်မှုများသည် အလွန်အမင်းအဖိုးတန်ပေ၏။

လုယွီက ရုတ်တရက်မေးမြန်းလိုက်သည်။

"စီနီယာ....ဒီပုံရိပ်ယောင်ကမ္ဘာထဲကနေ ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ စီနီယာသိလား"

ပြင်ပသို့ထွက်ခွါသွားသော ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပေ၏။

"ပုံရိပ်ယောင်ကမ္ဘာလား...မင်း ဘာအကြောင်းပြောနေတာလဲဆိုတာ ငါမသိဘူး...မင်းရဲ့ခွန်အားကိုပဲ အရင်ဆုံးတိုးတက်အောင်လုပ်ပါ...မင်းက အခုချိန်မှာ အရမ်းအားနည်းနေတယ်"

စကားဆုံးသည်နှင့် ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း ထွက်ခွာသွားတော့သည်။

ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်းက ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်မှန်း သိရှိပုံမရချေ။

လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။ကြည့်ရသည်မှာ သူ အဖြေရရှိရန်အတွက် တာဟေးအား သွားရောက်ရှာဖွေရန်လိုအပ်သည်။

ဤနေရာသည် နန်းတော်တစ်ခုဖြစ်ပြီး နံဘေးပတ်ဝန်းကျင်၌ အင်မော်တယ်ဝင်္ကပါအမြောက်အများကို ခင်းကျင်းထားသည်။အင်မော်တယ်စွမ်းအင်များသည် မြူခိုးများကဲ့သို့ ရစ်သိုင်းနေသဖြင့် ပြင်ပမှလူများသည် အတွင်းသို့ ရှင်းရှင်းလင်းလင်းမမြင်နိုင်ချေ။

လုယွီသည် ဤနေရာ၌ ရက်ပေါင်းအတော်ကြာ အချိန်ကုန်ဆုံးခဲ့သည်။ဤရက်များအတွင်းတွင် သူသည် အင်မော်တယ်နည်းစနစ်ငါးမျိုးနှင့် ရွှယ်အင်မော်တယ်ကွမ်ရှင်း၏နားလည်သဘောပေါက်မှုများကို ဖတ်ရှုခဲ့ပေ၏။

ထိုနည်းစနစ်များကိုဖတ်ရှုပြီးနောက် သူ ယခင်ကကျင့်ကြံခဲ့သော နည်းစနစ်များနှင့် နှိုင်းယှဥ်လိုက်ရာ နောက်ဆုံး၌ သူ၏စိတ်ဝိညာဥ်စွမ်းအားများ တိုးတက်လာသည်။

လုယွီသည် ထိုအင်မော်တယ်နည်းစနစ်များကို အလျင်စလိုကျင့်ကြံခြင်း မပြုသေးချေ။ထိပ်သီးရွှယ်အင်မော်တယ်ကွမ်ရှင်း၏မှတ်တမ်းစာအုပ်အရ တစ္ဆေအင်မော်တယ်အဆင့်မှနေ၍ လောကီအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်မှုသည် အလွန်အရေးကြီးပေ၏။

သူသည် ထိုနည်းစနစ်များကိုကျင့်ကြံလိုက်ပါက လောကီအင်မော်တယ်အဆင့်သို့ လွယ်လင့်တကူ ချိုးဖျက်ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း အရည်အသွေးမြင့်မားမည်မဟုတ်ချေ။

"တကယ်လို့ ငါက အဆင့်မြင့်အင်မော်တယ်နည်းစနစ်တစ်ခုကိုသာရမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံအနေနဲ့ အသုံးပြုနိုင်မယ်...တကယ်လို့ အဲ့ဒါကို မရနိုင်တော့ဘူးဆိုရင်တော့ ငါ့မှာရွေးချယ်စရာမရှိတော့ဘူး...'မြင့်မြတ်တောင်တန်းဓား အင်မော်တယ်နည်းစနစ်'ကိုပဲ ကျင့်ကြံရမှာပဲ"

လုယွီက ထိုသို့တွေးတောပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ယခုလက်ရှိချိန်တွင် သူသည် အင်မော်တယ်နည်းစနစ်များ ရရှိပြီးပြီဖြစ်ရာ ဤနေရာ၌ဆက်နေပါက သူ့အတွက် မည်သည့်အကျိုးကျေးဇူးမျှရနိုင်မည်မဟုတ်ချေ။

သူသည် တာဟေးအား သွားရောက်ရှာဖွေပြီး ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ မည်သို့ထွက်ခွါရမည်ကို မေးမြန်းရပေမည်။

လုယွီ နန်းတော်အတွင်းမှ မထွက်ခွါရသေးမီမှာပင် တာဟေး၏မောက်မာသောအသံကြီးကို ကြားလိုက်ရ၏။

"ငါ့ကို မြန်မြန် အထဲဝင်ခွင့်ပေးစမ်း...ဘယ်ကောင် ငါ့ကိုတားဆီးဝံ့လဲဆိုတာ ငါ ကြည့်အုံးမယ်"

All Chapters