← Chapters

အခန်း (၁၆၃၁-၁၆၃၅)

Vol. 85 Ch. 1631-1635

အခန်း (၁၆၃၁-၁၆၃၅)

Vol. 85 Ch. 1631-1635

Chapter 1631

မဟာနတ်ဆိုးဘိုးဘေးကိုးယောက်လုံး တပြိုင်နက်တည်း ထွက်ပေါ်လာသဖြင့် ဧကရာဇ်မင်း၏အမိန့်စာများအားလုံး ပို၍မှိန်ဖျော့စပြုလာသည်။

"သောက်ချေးပဲ...ငါ ဘာလို့ ကောင်းကင်ဘုံဧကရာဇ်ကို နားပူနားဆာလုပ်ပြီး အမိန့်စာလွှာတွေ ပိုပြီးမရေးခိုင်းခဲ့မိပါလိမ့်"

တာဟေးက အဆက်မပြတ် ညည်းတွားနေပေ၏။

အမိန့်စာလွှာများမှစွမ်းအားများသည် နတ်ဆိုးစွမ်းအားများ၏ တိုက်စားခြင်းခံရသဖြင့် ပို၍ပို၍ မှိန်ဖျော့လာသည်။

အမှောင်ထုအတွင်းမှ ပုံရိပ်ကိုးခုသည် သူတို့၏လက်ဝါးများကို ဆန့်ထုတ်လိုက်ကြ၏။

သူတို့၏လက်ဝါးများ ကျဆင်းလာသည့်အချိန်တိုင်း အမိန့်စာလွှာများ၏စွမ်းအားများကို ပို၍အားနည်းသွားစေသည်။

"မကောင်းတော့ဘူး...အဲ့ဒီအမိန့်စာလွှာတွေက ကြာကြာတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

တာဟေးသည် တခြားသူများဘက်သို့ သူ၏ခေါင်းကိုပြန်လှည့်၍ ပြောဆိုလိုက်၏။

"ငါတို့ နေဝင်ချိန်အထိတောင့်ခံပြီး နောက်ထပ်အိမ်မက်တစ်ခု မွေးဖွားလာတဲ့အချိန်ထိစောင့်ရမယ်...အဲ့ဒီနတ်ဆိုးတွေ အိမ်မက်ထဲကိုပြန်ရောက်သွားတာနဲ့ သူတို့ ဒီနေရာမှာပဲထာဝရ ချိပ်ပိတ်ခံထားရမှာ"

ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာရှိလူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းနေပေ၏။

အကယ်၍ ဤနေရာ၌သာ သူတို့ သတ်ဖြတ်ခံရပါက ပြင်ပလောကတွင်လည်း သူတို့ သေဆုံးသွားရပေမည်။

"နောက်မဆုတ်နဲ့...မင်းတို့ရဲ့အားအကောင်းဆုံးနည်းစနစ်တွေကို ထုတ်ပြီးအသုံးပြုကြတော့"

လီကျီးက အရင်ဆုံးဦးဆောင်၍ တိုက်ခိုက်လိုက်၏။ကောင်းကင်ပျံဝဲနန်းတော်တစ်ခုလုံး အင်မော်တယ်အလင်းရောင်များဖြင့် တောက်ပသွားတော့သည်။

ကြည့်ရသည်မှာ ဤနေရာရှိလူများသည်လည်း ကံကောင်းမှုများဖြင့် ကြုံတွေ့ခဲ့ရပုံပေါ်လွင်နေသည်။သူတို့က အကောင်းဆုံးကြိုးစား၍ အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

"တစ္ဆေအင်မော်တယ်တစ်စုကများ...ပုရွက်ဆိတ်လိုကောင်တွေက ဒီအရှင်ကိုတားဆီးဖို့ ထိုက်တန်လို့လား"

မဟာနတ်ဆိုးဘိုးဘေးတချို့သည် အေးစက်စက်နှာမှုတ်ပြီး သူတို့၏လက်များကို ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် သူတို့၏ရှေ့ရှိအင်မော်တယ်အလင်းတန်းများအား ဖယ်ရှားလိုက်သည်။

မည်သူကမျှ မဟာနတ်ဆိုးဘိုးဘေးအား မယှဥ်ပြိုင်နိုင်ကြဘဲ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ နောက်သို့ဆုတ်ခွါလိုက်ကြရ၏။

"မင်းက ကောင်းကင်ဘုံဧကရာဇ် မွေးမြူခဲ့တဲ့ခွေးမဟုတ်လား...ဧကရာဇ်မင်းက အစွမ်းထက်ရတနာတစ်ခုတလေ ချန်ထားခဲ့တာမျိုး မရှိဘူးလား"

လီကျီးက တာဟေးကိုကြည့်၍ မေးမြန်းသည်။

တာဟေး၏မျက်နှာထက်၌ အခက်တွေ့နေသောအမူအယာမျိုး ထင်ဟပ်လာပြီး နောက်ဆုံး၌ သူက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

"ဒီထိုက်အန်းဓားပဲရှိတယ်....ဒါပေမယ့် ငါက ဒီဓားကို ဆင့်ခေါ်နိုင်ရုံပဲရှိတာ...ငါ မမနိုင်ဘူး"

"ငါ ကြိုးစားကြည့်မယ်"

လီကျီးသည် ခြေလှမ်းရှေ့တိုးပြီး ထိုက်အန်းဓားကိုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ဓားရိုးကိုဆုပ်ကိုင်လိုက်၏။

သို့ရာတွင် ထိုဓားသည် ကျင်းထောင်ပေါင်းများစွာ လေးလံပုံရပြီး ဓားရိုးအားဆုပ်ကိုင်နိုင်ရန်ပင် အလွန်အမင်းခက်ခဲလှသည်။

လီကျီးသည် အချိန်တခဏကြာကြိုးစားကြည့်ပြီးနောက် ဖြူရော်နေသောမျက်နှာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ဒါက ကောင်းကင်ဘုံဧကရာဇ်ကိုင်ဆောင်ခဲ့တဲ့ဓားဖြစ်ဖို့ ထိုက်တန်ပါပေတယ်...ငါက ဒါကိုအသုံးပြုနိုင်ဖို့ ခွန်အားမလုံလောက်ဘူး"

တခြားသူများသည်လည်း ရှေ့သို့ထွက်လာကာ ကြိုးစားကြသော်လည်း သူတို့၏လက်ရှိခွန်အားဖြင့်မနိုင်ရန် ဓားသည် အလွန်အမင်းလေးလံနေကြောင်း တွေ့ရှိလိုက်ရသည်။

လုယွီသည်လည်း ခြေတစ်လှမ်းရှေ့တက်ပြီး ဓားအား တိတ်တဆိတ် လေ့လာဆင်ခြင်လိုက်သည်။မည်သည့်အကြောင်းရင်းကြောင့်ဟုမသိရသော်လည်း သူ ထိုဓားကိုအသုံးပြုနိုင်မည်ဟု ခံစားနေရ၏။

သူ ဓားရိုးကိုဆုပ်ကိုင်လိုက်သည်နှင့် သူ၏သွေးများဆူပွက်လာသကဲ့သို့ ခံစားရသည်။ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခု လောင်ကျွမ်းလာသကဲ့သို့ ခံစားရပေ၏။

"နတ်ဆိုးဖိနှိပ်တောင်မှာတုန်းက မင်းက တော်တော်မောက်မာခဲ့တာပဲ...ငါ့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ် အမျှင်တန်းတစ်ခုကိုတောင် ဝါးမျိုခဲ့တယ်...ဟား ဟား ဟား...ငါက မင်းနဲ့ပဲ အစပြုတိုက်ခိုက်ရတာပေါ့"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် လူအုပ်ကြီးအကြားမှ လုယွီကိုမှတ်မိသွားသည်နှင့် အော်ဟစ်ကြုံးဝါးပြီး တဟုန်ထိုး ပြေးဝင်တိုက်ခိုက်တော့သည်။

တုန်လှုပ်ချောက်ချားဖွယ်နတ်ဆိုးအော်ရာများက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။လုယွီအားကူညီပေးရန် လူတချို့ပြေးဝင်လာကြသော်လည်း တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းအရှိန်ကြောင့် သူတို့အားလုံး နောက်သို့လွင့်စင်သွားကြ၏။

"နဂါးဖမ်းလက်..."

လုယွီက နောက်သို့လှည့်ကြည့်ပြီးနောက် သူ၏လက်မှ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ လက်သည်းတစ်ခုအသွင်သိပ်သည်းသွားပြီး ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။

"အမတ်ကြီးချွယ်ရဲ့လှုပ်ရှားမှုပဲ...မင်းက တကယ့်ကိုပဲ သူ့ရဲ့ဆက်ခံသူလား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏မျက်နှာပေါ်၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ထင်ဟပ်လာပြီး ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

နဂါးဖမ်းလက်သည် မည်သည့်အရာကိုမျှ ထိခတ်သွားခြင်းမရှိသော်လည်း ခန်းမကြီးတစ်ခုလုံးအား တုန်ခါသွားစေသည်။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီသည်လက်တစ်ဖက်ဖြင့် ထိုက်အန်းဓားကို ဆုပ်ကိုင်ပြီး တခြားလက်တစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ထို့နောက် သူသည် ဓားချီတစ်လှိုင်းကိုဆင့်ခေါ်လိုက်ရာ အလင်းတန်းများက ထိုက်အန်းဓားတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ဝှစ်....

ထိုက်အန်းဓားသည် အင်မော်တယ်သုတ်သင်ဓားချီများ၏ရစ်ပတ်ခြင်းကိုခံရပြီး နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်အား ထွင်းဖောက်သွားပေ၏။

နဝမမြောက်စိတ်ဝိညာဥ်နတ်ဆိုးဘိုးဘေးသည် ကြီးကျယ်ခမ်းနားသောဓားချီ ထွင်းဖောက်ခံရပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားလုနီးပါးပင်။

"အား...အား...အား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးထံမှ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

အမှန်အားဖြင့် လုယွီသည် သူ ထိုက်အန်းဓားအား အသုံးပြုနိုင်မည်ဟု ခံစားမိပြီးဖြစ်သည်။သူသည် နဝမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး ပေါ့ပေါ့တန်တန်နေနေသော အချိန်ကိုအခွင့်ကောင်းယူရန် စောင့်ဆိုင်းနေခြင်းဖြစ်ပေ၏။

Chapter 1632

"အတင့်ရဲလှချည်လား"

တခြားမဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်သည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး ကြီးမားသောအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကိုတွေ့သော်လည်း လှုပ်ရှားကြခြင်းမရှိချေ။

သူတို့၏ခန္ဓာကိုယ်ပုံရိပ်များအားလုံး တွန့်လိမ်သွားပေ၏။မူလက ထူထပ်သိပ်သည်းသောအနက်ရောင်မြူခိုးများက သူတို့အားလုံး၏ခန္ဓာကိုယ်များကို လွှမ်းခြုံထားသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ နဝမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်အား ထိုက်အန်းဓား ထိုးဖောက်သွားချိန်တွင် ကျန်ရှိသောမဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်၏ခန္ဓာကိုယ်များ တပြိုင်နက်တည်းပျောက်ကွယ်သွားသည်။

တခြားသူများအားလုံး ကြက်သေသေသွားကြ၏။မည်သို့ ဖြစ်ပျက်သွားသနည်း။

တာဟေးတစ်ယောက်တည်းကသာလျှင် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား...ဘာတွေဖြစ်နေတာလဲဆိုတာ ငါ သိသွားပြီ"

"ကောင်းကင်ဘုံဧကရာဇ်ရဲ့နည်းလမ်းတွေကို ဒီသောက်သုံးမကျတဲ့နတ်ဆိုးတွေက ယှဥ်ပြိုင်နိုင်မှာလား...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ဒီနတ်ဆိုးတွေကို ချိပ်ပိတ်ထားတာ အချိန်အတော်ကြာနေပြီ...သူတို့ရဲ့အသိစိတ်တွေက ဝေဝါးနေပြီလေ...ငါက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ရင်တောင် ဘယ်လိုလုပ်ပြီး မဟာနတ်ဆိုးဘိုးဘေးကိုးယောက်လုံးရဲ့မှတ်ဥာဏ်ကို နိုးထစေနိုင်မှာလဲ"

"နဝမမြောက်ကလေးငယ် နတ်ဆိုးဘိုးဘေးကသာ အသိစိတ်နိုးထလာတဲ့ တစ်ကောင်တည်းသောနတ်ဆိုးပဲ...သူ့ကိုသတ်ကြ...သူ သေသွားတာနဲ့ ငါတို့ အသက်ရှင်ရက်လွတ်မြောက်နိုင်ပြီ"

တာဟေးသည် တစ်စုံတစ်ခုကိုရှာဖွေတွေ့ရှိသွားပုံဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေလေ၏။

တခြားသူများသည်လည်း စိတ်အားတက်ကြွသွားသည်။အကယ်၍ မဟာနတ်ဆိုးဘိုးဘေးတစ်ကောင်တည်းကိုသာ ရင်ဆိုင်ရပါက သူတို့ အနိုင်ရရှိနိုင်သည်။

"နတ်ဘုရားအဆင့်လက်နက်တစ်ခုတည်းနဲ့ မင်းက ငါ့ကိုသတ်ချင်နေတာလား...ငါ့မှာ အသက်ကိုးချောင်းရှိတယ်...မင်းတို့ ငါကိုတစ်ကြိမ်သတ်နိုင်ရုံနဲ့ ဘာဖြစ်လာမှာမလို့လဲ"

ပြင်းထန်သောဓားချီ၏အောက်တွင် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားတော့သည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုနီးပါးပင် တခြားတစ်ဖက်ရှိလေထုအတွင်းမှနေ၍ တွန့်လိမ်ပြီးနက်မှောင်နေသော ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာပေ၏။ထိုပုံရိပ်သည် တဖြည်းဖြည်း နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ပုံစံသို့ ပြောင်းလဲသွားသည်။

သူ၏အစစ်အမှန်ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာသည်။

ဤသည်က မုန့်ချာ၏မူလပုံစံဖြစ်သော မြွေနတ်ဆိုးနှင့် အလားသဏ္ဍာန်တူညီသည်။သို့ရာတွင် မုန့်ချာနှင့်နှိုင်းယှဥ်ပါက နဝမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏အသွင်အပြင်သည် ပို၍ရက်စက်ကြမ်းကြုတ်ပေ၏။

သူ့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် ကောက်ကျစ်ယုတ်မာသော နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သိရှိနိုင်သည်။

"မင်းက ကောင်းကင်ဘုံဧကရာဇ်ရဲ့နတ်ဘုရားလက်နက်ကို တကယ်ကြီးဆုပ်ကိုင်နိုင်ခဲ့တာပဲ...ငါ မင်းကို လျော့တွက်မိသွားတယ်"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် လုယွီအား စူးစိုက်၍ကြည့်နေပြီး သူ၏ကြွင်းကျန်သောခေါင်းရှစ်လုံးရှိမျက်လုံးများမှ ရုတ်တရက် အေးစက်စက်အလင်းရောင်များကို ထုတ်လွှက်လိုက်သည်။

"ဒါဆိုရင်...ငါ မင်းကို အလွတ်မပေးနိုင်ဘူး"

"ခင်ဗျား ကြိုးစားကြည့်နိုင်တယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။သူ၏လက်ချောင်းများကြားတွင် ဓားချီများစီးဆင်းနေဆဲဖြစ်ပြီး ထိုက်အန်းဓားကို မြဲမြံစွာဆုပ်ကိုင်ထားပေ၏။

"ဟား ဟား ဟား...ငါ ဘာမှမသိဘူးလို့ မင်း ထင်နေတာလား...မင်းက တစ္ဆေအင်မော်တယ်ရုပ်ခန္ဓာကိုယ်အဆင့်နဲ့ ကောင်းကင်ဘုံဧကရာဇ်ရဲ့ဓားကိုထိန်းချုပ်ရတာ မင်းရဲ့စွမ်းအားတွေ အများကြီးကုန်ဆုံးမှာပဲ...ဒီဓားကို မင်း ဘယ်နှစ်ကြိမ်အသုံးပြုနိုင်မှာလဲ...တစ်ကြိမ်လား ဒါမှမဟုတ် နှစ်ကြိမ်လား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏မျက်နှာထက်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

တာဟေးက ဒေါသတကြီး အော်ငေါက်လိုက်၏။

"မင်းတို့ကောင်တွေကို ကောင်းကင်ဘုံဧကရာဇ်က အလွတ်မပေးခဲ့သင့်ဘူး...အခုတော့ သူက မင်းတို့ကောင်တွေ အသက်ရှင်ရက်လွတ်မြောင်ဖို့ အခွင့်အရေးတစ်ခုကို ချန်ထားခဲ့တယ်"

သူက အမိန့်စာလွှာတစ်ဆုပ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လုယွီအား ပြောဆိုသည်။

"သူ့ရဲ့ထောင်ချောက်ထဲ ကျမသွားစေနဲ့...ငါသိမ်းထားတဲ့ အမိန့်စာလွှာတချို့ကျန်နေသေးတယ်...အဲ့ဒါတွေနဲ့ဆိုရင် ငါတို့ နေဝင်ချိန်အထိ အချိန်ဆွဲနိုင်တယ်"

လုယွီက ခေါင်းခါပြသည်။

"မလိုအပ်ဘူး"

သူသည် အမိန့်တော်များကာကွယ်ပေးထားသောနေရာမှ ထွက်လိုက်၏။သူ၏လက်ချောင်းများကမူ ထိုက်အန်းဓားကို ဆုပ်ကိုင်ထားဆဲပင်။

လူတိုင်း ကြက်သေသေသွားသည်။

လုယွီ မည်သည့်အရာအားပြုလုပ်ရန် ကြံစည်နေသနည်း။

တစ်ဖက်လူသည် မြောက်များစွာသော အင်မော်တယ်များကို သတ်ဖြတ်ခဲ့သည့် မဟာနတ်ဆိုးဘိုးဘေးဖြစ်သည်။လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏နတ်ဘုရားလက်နက်ကို တစ်ကြိမ်အသုံးပြုနိုင်ခဲ့သည့်တိုင် သူ၏ရုပ်ခန္ဓာကိုယ်သည် တစ္ဆေအင်မော်တယ်အဆင့်သာရှိသည်။မည်သည့်နည်းဖြင့် သူ တောင့်ခံနိုင်မည်နည်း။

လုယွီသည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ပြိုင်ဘက် မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှ၏။

"မင်းက မင်းကိုယ်မင်း သတ်သေချင်တာလား...ဟား ဟား ဟား...ငါက လူအများကြီးနဲ့ ကြုံတွေ့ခဲ့ဖူးတယ်...ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ်လာအသေခံတဲ့ လူမျိုးကိုတော့ ငါ ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက ပြက်ရယ်ပြုရယ်မောပြီး ပြောဆိုသည်။

လုယွီက သူ၏လှောင်ပြောင်သရော်မှုကို လျစ်လျှူရှုပြီး ထိုက်အန်းဓားကို ထပ်မံ၍ လွှဲယမ်းလိုက်၏။

ထိုက်အန်းဓားမှဓားချီများသည် လေဟာနယ်ကိုဖြတ်သန်းလာသဖြင့် နဝမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက အလျင်စလိုရှောင်ရှားလေသည်။

"ဒါက ဓားတစ်လက်ပါပဲ...ငါ ဘာမှမလုပ်နိုင်ဘူးလို့ မင်း ထင်......"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စကားမဆုံးမီမှာပင် လုယွီက ဓားတစ်ချက် ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။

ဓားချက် တစ်ချက်...

ဓားချက်နှစ်ချက်...

သုံးချက်....

ထိုက်အန်းဓား၏အရှိန်အဝါများသည် လုယွီအား မည်သည့်သက်ရောက်မှုမျှ ရှိပုံမရချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...မင်းက တစ္ဆေအင်မော်တယ်တစ်ယောက်လေ...ဘာလို့ ဒီလိုမျိုး ဓားချက်တွေအများကြီး ဝှေ့ယမ်းနိုင်တာလဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် မယုံကြည်နိုင်မှုဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

Chapter 1633

ဓားရှည်အား မနိုင်ရုံမျှသာရှိသော ကလေးတစ်ယောက်သည် ကြောက်ရွံဖွယ်မကောင်းချေ။သို့ရာတွင် ဓားတစ်လက်အား လူကြီးတစ်ယောက်ကဲ့သို့ အသုံးပြုနိုင်သောကလေးတစ်ယောက်သည် လူအများအား ထိတ်လန့်ကြောက်ရွံစေရန် လုံလောက်ပေ၏။

ကောင်းကင်ပျံဝဲနန်းတော်အတွင်းတွင် လူအမြောက်အများရှိနေသော်လည်း အကယ်၍ ကျင့်ကြံမှုအရပြောဆိုပါက မည်သူမျှ နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

သို့ရာတွင် လုယွီ၏လက်အတွင်းရှိထိုက်အန်းဓားသည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးအား သတ်ဖြတ်ရန်လုံလောက်သည်။

"ငါက မဟာနတ်ဆိုးကိုးယောက်ထဲကတစ်ယောက်ပဲ...မင်းလို နိမ့်ကျတဲ့ တစ္ဆေအင်မော်တယ်တစ်ယောက်ကို ငါ ကြောက်မယ်လို့ မင်း ထင်နေတာလား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ ကြွင်းကျန်သောခေါင်းရှစ်လုံးမှနေ၍ နားအူလုမတက်စူးရှရှအော်သံများကို တပြိုင်နက်တည်း ထုတ်လွှက်လိုက်သည်။

ထိုအော်သံကိုကြားရသောမည်သူမဆို သူတို့၏စိတ်နှလုံးသားအတွင်းမှ တုန်လှုပ်ချောက်ချားလာမှုကို ခံစားရပေ၏။

"နောက်ပြန်ဆုတ်စမ်း"

တာဟေးသည် ဆုံးဖြတ်ချက်အခိုင်အမာချလိုက်ပုံဖြင့် သူ၏လက်အတွင်းမှအမိန့်စာလွှာများကို လေထုအတွင်းသို့ ပစ်လွှက်လိုက်သည်။

ထိုစူးရှရှအော်သံသည် ဆင့်ခေါ်အမိန့်သံတစ်ခုအလားပင်။

ပတ်ဝန်းကျင်ရှိအမှောင်ထုအတွင်းမှနေ၍ မရေမတွက်နိုင်သောနတ်ဆိုးများ ထွက်ပေါ်လာပြီး ကောင်းကင်ပျံဝဲနန်းတော်ထံသို့ ဦးတည်၍ ပျံဝဲလာကြ၏။

သူတို့သည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏အမြှောက်စာများ ဖြစ်ပေသည်။

သူသည် အဆင့်နိမ့်နတ်ဆိုးများကိုအသုံးပြုပြီး လုယွီ၏စွမ်းအားကို ကုန်ခမ်းသွားစေရန် ရည်ရွယ်ထားပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

မြေပြင်ပေါ်၌ ပြင်းထန်သော ခြေလှမ်းသံများ မြည်ဟီးလာသည်။မြောက်မြားစွာသောနတ်ဆိုးများ အတူတကွစုစည်း၍ လုယွီထံသို့ ဦးတည်၍လျှောက်လှမ်းနေကြသည်။

"အရှက်မဲ့လိုက်တာ"

"ငါတို့အပြင်ထွက်ပြီး အရှင့်ကို ကူညီကြစို့"

လူအုပ်ကြီးထံမှ တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။တချို့လူများသည် အေးစက်စက်အကြည့်ဖြင့် လေ့လာဆန်းစစ်နေသော်လည်း တချို့လူများသည် ပြင်ပသို့ထွက်၍ လုယွီအားကူညီရန် ကြံရွယ်နေကြ၏။

"စိတ်အေးအေးထားကြစမ်း...နောက်မှာပဲနေကြ"

တာဟေးက လေးနက်သောအသံဖြင့် ပြောဆိုသည်။

"မင်းတို့ အပြင်ကိုထွက်သွားရင်...ပိုပြီးရှုပ်ထွေးသွားတာပဲရှိမှာ...ငါ အဲ့ဒီကောင်လေးအကြောင်းကိုသိတယ်...သူမသေချာတဲ့အလုပ်ကို သူ ဘယ်တော့မှမလုပ်ဘူး"

လူအားလုံးစောင့်ကြည့်နေစဥ်မှာပင် နတ်ဆိုးများသည် ဒီရေအလား လုယွီထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

လုယွီသည် သူ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုဆင့်ခေါ်ပြီး ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးရှေ့၌ မတ်တတ်ရပ်နေသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် သူ၏လက်မောင်းကြားမှနေ၍ ရိုးရှင်းသောအရိုးတစ်ခုကို ထုတ်ယူလိုက်သည်။

ဤသည်က ကျားသင်္ကေပင်။

လုယွီသည် အမတ်ကြီးချွယ်၏အမွေအနှစ်ကို ဆက်ခံထားသူဖြစ်၍ သူ၏လက်အတွင်း၌ရှိသော အရာများအကြောင်းကို သူ ကောင်းစွာသိရှိသည်။

ကျားသင်္ကေတထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအမှောင်ထုကြီးသည် သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား အလျင်စလိုနောက်ဆုတ်သွားပေ၏။

"ကောင်းကင်ဘုံဧကရာဇ်ရဲ့ဖျက်ဆီးခြင်းအဆောင်သင်္ကေတလား...မင်းမှာ အဲ့ဒီပစ္စည်းတောင် ရှိနေခဲ့တာလား...ဟား ဟား ဟား...မြန်မြန်လေး...ငါက အဲ့ဒီပစ္စည်းကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မင်းကိုသင်ပေးမယ်"

တာဟေးသည် အပျော်လွန်သွားပြီး ချက်ချင်းပင် ကျားသင်္ကေတအား ထိန်းချုပ်သည့်နည်းစနစ်ကို လုယွီထံ လွှဲပြောင်းပေးလိုက်သည်။

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"မြင့်တက်စမ်း"

လုယွီ၏နှုတ်မှ မန္တန်တစ်ပုဒ်ရွတ်ဆိုသံ ထွက်ပေါ်လာပြီးနောက် ကျားသင်္ကေတသည် ချက်ချင်းဆိုသလို လင်းလက်တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံတရားရုံးအတွင်းရှိ နေရာအနှံ့အပြားမှ အလွန်အမင်းဟောင်းနွမ်းနေသော ကျောက်ရုပ်ထုကြီးများ၏မျက်လုံးများ တပြိုင်နက်တည်း ပွင့်လာလေ၏။

သူတို့သည် ကောင်းကင်ဘုံတရားရုံး၏အစောင့်အကြပ်များဖြစ်သည်။

ကျားသင်္ကေတ၏ဆင့်ခေါ်မှုကြောင့် ထိုကျောက်ရုပ်ထုကြီးများသည် ကောင်းကင်ပျံဝဲနန်းတော်သို့ ဦးတည်၍ပျံဝဲလာကြသည်။

မူလက လုယွီထံ တဟုန်ထိုးပြေးဝင်လာသော နတ်ဆိုးများသည် ထိုကျောက်ရုပ်ထုများကြောင့် ရပ်တန့်သွားသည်။

"မြေကမ္ဘာအင်မော်တယ်ရုပ်သေးရုပ်အဆင့်တွေနဲ့များ...ငါ့ကိုဟန့်တားဖို့ ထိုက်တန်လို့လား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် လှောင်ပြောင်သရော်ပြီး လက်ဝါးချက်များ ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်၏။

သူ လက်ဝါးရိုက်နှက်လိုက်သည့်အချိန်တိုင်း ပြင်းထန်သည့်အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး လေထုအတွင်းသို့ ပျံ့နှံ့သွားသည်။

ဘန်း...ဘန်း...ဘန်း...

အသက်ဝင်လာသောကျောက်ရုပ်ထုများသည် မည်သည့်ခုခံတိုက်ခိုက်မှုမျှ မလုပ်နိုင်ဘဲ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ကျားသင်္ကေတတစ်ဝက်နဲ့များ...မင်းက အများဆုံးအနေနဲ့ မြေကမ္ဘာအင်မော်တယ်ရုပ်ထုအဆင့်ကိုပဲ ဆင့်ခေါ်နိုင်မယ်...လိမ်လိမ်မာမာနဲ့ မင်းရဲ့သေခြင်းကို လက်ခံစမ်း"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်ပြောဆိုသည်။

လုယွီသည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးကို တစ်ချက်ကြည့်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။

"ကျုပ်မှာ ကျားသင်္ကေတတစ်ဝက်ပဲရှိတာလို့ ခင်ဗျား ထင်နေတာလား"

စကားဆုံးသည်နှင့် လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ခုနစ်ခု ထွက်ပေါ်လာသည်။

မူအစောင့်အရှောက်ရွှေစည်းတံဆိပ်များသည် တစ်ချိန်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များအား ကောင်းကင်ဘုံဧကရာဇ်ချီးမြှင့်ခဲ့သောအရာများဖြစ်သည်ဟု အမတ်ကြီးချွယ်ပြောဆိုခဲ့သည်ကို လုယွီ အမှတ်ရနေဆဲပင်။

နှစ်သန်းပေါင်းဆယ်နှင့်ချီ၍ ကုန်လွန်လာခဲ့သည့်တိုင် ထိုရွှေစည်းတံဆိပ်များအတွင်း၌ အတိတ်မှစွမ်းအားတချို့ ကျန်ရှိနေဆဲဖြစ်ပေ၏။

"ငါက နယ်မြေခုနစ်ခုရဲ့မူအစောင့်အရှောက်ရွှေစည်းတံဆိပ်တွေနဲ့ အမိန့်ပေးမယ်...နေရာအားလုံးက အစွမ်းထက်ဆုံးကျောက်ရုပ်ထုတွေ နိုးထလာကြစမ်း"

လုယွီက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

Chapter 1634

လုယွီ၏အသံသည် မှောင်မည်းနေသောကောင်းကင်ဘုံတရားရုံးအတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

မူအစောင့်အရှောက်ရွှေစည်းတံဆိပ်များသည် ကောင်းကင်ဘုံလမ်းကြောင်းအား အောင်မြင်နိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အမတ်ကြီးချွယ်က ပြောဆိုခဲ့ဖူးသည်။

လုယွီသည် ထိုအရာအား ယခင်က တစ်ချိန်လုံး ကြိုးစားကြည့်နေခဲ့၏။သူ၏မူအစောင့်အရှောကိရွှေစည်းတံဆိပ်များသည် ကောင်းကင်ဘုံတရားရုံးနှင့်ဆက်သွယ်နိုင်ကြောင်း သူ သိရှိသွားချိန်တွင် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးအား ရင်ဆိုင်နိုင်သောနည်းလမ်းကို သူ ရှာဖွေ့တွေ့ရှိသွားခဲ့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အင်မော်တယ်နန်းတော်များမှနေ၍ အလင်းရောင်များ လင်းလက်တောက်ပလာပေ၏။

ထိုနန်းတော်များမှနေ၍ မြောက်များစွာသော ကျောက်ရုပ်ထုများထွက်ပေါ်လာပြီး နတ်ဆိုးများထံသို့ ဦးတည်၍ပျံဝဲသွားသည်။

ထိုကျောက်ရုပ်ထုများသည် ယခင်ကထွက်ပေါ်လာသောရုပ်ထုများနှင့် အပြည့်အဝကွဲပြားခြားနားသည်။သူတို့သည် အရွယ်အစားပို၍ကြီးမားပြီး သူတို့၏ခန္ဓာကိုယ်များပေါ်၌ မြောက်မြားစွာသောရှေးဟောင်းအက္ခရာများကို ရေးထွင်းထားသည်။

"မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို ခြေလှမ်းတစ်ဝက်ပဲရောက်သေးတဲ့ ကျောက်ရုပ်ထုအဆင့်ကလည်း...ငါ့ကိုတားဖို့ မထိုက်တန်သေးဘူး"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏မျက်နှာသည် တစတစ ပို၍ပျက်ယွင်းလာပေ၏။

ထိုကျောက်ရုပ်ထုများသာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပါက နတ်ဆိုးများ၏အခြေအနေ အလွန်အမင်းအခွင့်မသာနိုင်တော့ချေ။

"ကောင်စုတ်လေး...မင်းက သေလမ်းရှာနေတာပဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြီး လုယွီထံဦးတည်၍ ပျံဝဲလိုက်သည်။

လုယွီသည်သာ သူ့အားနှောက်ယှက်နိုင်သည့် တစ်ခုတည်းသော အနှောက်အယှက်ဖြစ်သည်ဟု သူ ယုံကြည်ထားပေ၏။

သူ လုယွီကိုသာ သတ်ဖြတ်လိုက်ပါက ကျန်ရှိသောလူများအား စိုးရိမ်ပူပန်စရာမရှိချေ။

"အင်မော်တယ်သုတ်သင်ဓားချက်"

လုယွီသည် သူ၏အင်မော်တယ်စွမ်းအင်များကို ထပ်မံ၍နှိုးဆွပြီး ထိုက်အန်းဓားကိုထိန်းချုပ်ကာ နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးနှင့် တိုက်ခိုက်လိုက်သည်။

သူနှင့် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးကြား ကျင့်ကြံဆင့်သည် အလွန်အမင်းကွာခြားပေ၏။

သို့ရာတွင် ထိုက်အန်းဓားတည်ရှိနေမှုကြောင့် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် လုယွီအား အသာစီးမှတိုက်ခိုက်နိုင်စွမ်းမရှိချေ။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏ဓားဖြင့် တိုက်ခိုက်နေသည့်တိုင် စွမ်းအားများစွာကုန်ဆုံးခြင်းမရှိဘဲ သူ၏ကိုယ်ပိုင်ဓားရှည်အလား အသုံးပြုနေသည်။

သူတို့နှစ်ယောက် ဖီလာဆန့်ကျင်တိုက်ခိုက်နေကြသဖြင့် မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါနေသည်။သူတို့၏နံဘေးပတ်ဝန်းကျင်တွင် အဆောက်အအုံးများနှင့် တောင်များရှိနေလေရာ တိုက်ပွဲမှထွက်ပေါ်လာသည့် ပြင်းထန်သောအားလှိုင်းအရှိန်ကြောင့် တမဟုတ်ချင်း ပြိုလဲသွားပေ၏။

"သူ ဘယ်လိုများ လုပ်လိုက်တာပါလိမ့်"

"ကောင်းကင်ဘုံဧကရာဇ်ရဲ့နတ်ဘုရားလက်နက်ကို ငါတို့ မတောင်မမနိုင်ခဲ့ဘူး...သူက လူငယ်တစ်ယောက်ဖြစ်နေတာတောင် ကံတော်တော်ကောင်းတာပဲ...ဘာလို့ သူ့ရဲ့ကံက ဒီလောက်ထိကောင်းနေရတာလဲ"

ယန်ရှန်းကုံးနှင့်လုဝူယာတို့၏ မျက်လုံးများ နီမြန်းနေသည်။

သို့ရာတွင် သူတို့ ဤနေရာမှအသက်ရှင်ရက် လွတ်မြောက်နိုင်ရန် လုယွီအား လိုအပ်နေဆဲပင်။ထို့ကြောင့် သူတို့၏စိတ်နှလုံးသားအတွင်းမှ မနာလိုမှုများကို ကြိတ်မှိတ်၍မျိုသိပ်ထားရ၏။

လီကျီးက သက်ပြင်းတစ်ချက်ရှိုက်ပြီး ​ရေရွတ်လိုက်သည်။

"အဲ့ဒီကောင်လေးက တကယ့်ကိုသာမာန်မဟုတ်ဘူးပဲ...ကံဆိုးချင်တော့ သူ့ကို ငါ့အတွက် အသုံးပြုလို့မရဘူး"

အောင်းကွမ်းတို့လူစုသည် လုယွီနှင့်နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ တိုက်ပွဲကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ လေအေးများရှိုက်သွင်းလိုက်ကြသည်။

ပြိုင်ဘက်ကင်းလုနီးပါးတည်ရှိမှုကြီးဖြစ်သော နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် လုယွီ၏ဓားချက်အောက်၌ နောက်သို့အဆက်မပြတ်ဆုတ်ခွါနေရသည်ကို သူတို့အားလုံး တွေ့မြင်နေရ၏။

သူတို့သည် လုယွီ သန်မာအားကောင်းသည်ကို သိရှိပြီးဖြစ်သော်လည်း ဤမျှထိသန်မာအားကောင်းနေမည်ဟု မျှော်လင့်မထားမိကြချေ။

"အရင်တုန်းက သူ သန်မာအားကောင်းနေတာဟာ သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကြောင့်လို့ ငါ ထင်ခဲ့မိတယ်...ဒါပေမယ့် အခုကြည့်လိုက်တော့ သူ့စိတ်ဝိညာဥ်ရဲ့စွမ်းအားက ငါတို့ စိတ်ကူးယဥ်နိုင်စွမ်းထက် ကျော်လွန်နေပြီ"

အောင်းကွမ်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

တိုက်ပွဲအတွင်း၌ လုယွီ၏ဓားချက်များမှာ ပြင်းထန်သည်ထက် ပို၍ပြင်းထန်လာသည်။

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် တဖြည်းဖြည်း တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ခံစားမိသွားသည်။သူ၏ရှေ့မှလူငယ်ကိုစူးစိုက်ကြည့်ပြီးနောက် ရုတ်တရက် သူ နားလည်သဘောပေါက်သွားပေ၏။

"သောက်ချေးပဲ...သူ့ရဲ့စိတ်ဝိညာဥ်ကိုထိန်းညှိဖို့ သူက ငါ့ကို အသုံးပြုနေတာပါလား"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး အလွန်အမင်း ဒေါသထွက်သွားပေ၏။

သို့ရာတွင် ထိုက်အန်းဓားတည်ရှိနေမှုကြောင့် သူ လုယွီအား နာကျင်အောင် မည်သို့မျှပြုလုပ်နိုင်စွမ်းမရှိချေ။

ထိုအချိန်မှာပင် ကောင်းကင်ဘုံတရားရုံး၏တစ်ဖက်ခြမ်းရှိ နတ်ဆိုးဖိနှိပ်တောင်ရှိနေသောနေရာမှနေ၍ ရုတ်တရက် အဖြူရောက်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအဖြူရောင်အလင်းတန်းများ၏နောက်၌ အသစ်တဖန်ဖြစ်တည်လာသော ကောင်းကင်ဘုံတရားရုံးရှိနေပေ၏။

အဖြူရောင်အလင်းတန်းများသည် အမှောင်ထုကြီးအား ဝါးမျိုပြီးသည်နှင့် နောက်ထပ်အိမ်မက်တစ်ခု ထပ်မံ၍အစပျိုးလေပြီ။ထိုအချိန်ကျလျှင် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် အိမ်မက်အတွင်းသို့ ပြန်လည်ကျရောက်ပြီး ထပ်မံ၍ချိပ်ပိတ်ခံရပေမည်။

"ငါ ချိပ်ပိတ်မခံနိုင်ဘူး...အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် ရုတ်တရက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူသည် သူ့လက်မောင်းကိုသူ ပြန်ထိုးဖောက်လိုက်ရာ သွေးများယိုစီးထွက်လာပြီး နေရာအနှံ့ ပြန့်ကြဲသွားသည်။

သူသည် သူ့ကိုယ်သူ နာကျင်စေသောနည်းလမ်းကိုအသုံးပြု၍ ယဇ်ပူဇော်ကာ နံဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များအားလုံးနှင့် ဆက်သွယ်လိုက်သည်။

"နတ်ဆိုးဘိုးဘေး ပြန်လည်မွေးဖွားခြင်း"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက စူးရှကျယ်လောင်စွာအော်ဟစ်လေ၏။

ရုတ်ချည်းဆိုသလိုပင် အမှောင်ထုအတွင်းမှနေ၍ ကြီးမားသောပုံရိပ်ကြီးရှစ်ခု ထွက်ပေါ်လာသည်။

Chapter 1635

ထိုပုံရိပ်ကိုးခုထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိအမှောင်ထု ပို၍တည်ငြိမ်လာသည်။အားကောင်းသောဖိအားအရှိန်အဝါတစ်ရပ်က လူများအားလုံးပေါ်သို့ လွှမ်းခြုံထားပေ၏။ကြမ်းတမ်းပြီးစူးရှသော လေပြင်းများကလည်း ဝေ့ဝိုက်၍တိုက်ခိုက်နေပေရာ လူအများအား သူတို့၏ကျောရိုးများအတွင်းမှ စိမ့်အေးလာမှုကို ခံစားရစေသည်။

မဟာနတ်ဆိုးဘိုးဘေးကိုးယောက်လုံး နိုးထလာလေပြီ။

"တခြားနတ်ဆိုးဘိုးဘေးတွေ နိုးထလာတာလား"

တာဟေးက ချက်ချင်းဆိုသလိုပင် သတိပြုမိသွားသည်။

ယခုထွက်ပေါ်လာသော မဟာနတ်ဆိုးဘိုးဘေးများသည် နှစ်ခြိုက်စွာအိပ်မောကျနေသကဲ့သို့ သူတို့၏မျက်လုံးများကို စုံမှိတ်ထားပေ၏။သူတို့၏ခန္ဓာကိုယ်များမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါများ ထွက်ပေါ်နေသော်လည်း သူတို့ကိုကြည့်ရသည်မှာ သူတို့၏အိမ်မက်အတွင်းမှ ယခုထိတိုင် မနိုးထသေးသကဲ့သို့ပင်။

"ကောင်လေး...ငါ့မှာ အသက်ရှစ်ချောင်းကျန်သေးတယ်...ငါရဲ့အသက်ရှစ်သက်ကို တခြားမဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်ကို အသက်သွင်းနိုင်တယ်...မင်းက အရမ်းသန်မာအားကောင်းပေမယ့် ထိုက်အန်းဓားနဲ့ဆိုရင်တောင် ငါတို့ထဲကတစ်ယောက်ကိုပဲ မင်း သတ်နိုင်မယ်...အချိန်ကျလာတဲ့အခါကျရင် နောင်တဆိုတာဘာလဲဆိုတာကို ငါ မင်းသိအောင် လုပ်ပြမယ်"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးထံမှ ကြောက်ရွံထိတ်လန့်ဖွယ်ရယ်မောသံကြီး ထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်ကို အနက်ရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ တခြားမဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် မဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး သူတို့၏နီမြန်းနေသောမျက်လုံးများ တပြိုင်နက်တည်းပွင့်လာသည်။

လုယွီသည် ထိုမဟာနတ်ဆိုးဘိုးဘေးများအနက် သူ သိရှိသော ကောင်းကင်နတ်ဆိုးဘိုးဘေးနှင့်မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို တွေ့မြင်မိပေ၏။

ထိုမဟာနတ်ဆိုးဘိုးဘေးများသည် ရှေးဟောင်းအချိန်ကာလများမှဖရိုဖရဲခေတ်၏ အခြေခံအုတ်မြစ်များဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်ပင်လျှင် သူတို့အား ယာယီချိပ်ပိတ်နိုင်ခဲ့ရုံသာရှိပြီး သတ်ဖြတ်နိုင်ခြင်းမရှိခဲ့ချေ။

"သေစမ်း"

မဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်၏မျက်လုံးများ ပွင့်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့သည် လုယွီအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြ၏။

ဘုန်း....ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသော တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုများက လုယွီထံသို့ ကျရောက်လာသည်။

လုယွီသည် ထိုက်အန်းဓားကို ကိုင်ဆောင်ထားသော်လည်း အဆုံးသတ်၌ သူသည် တစ္ဆေအင်မော်တယ်အဆင့်သာရှိသည်။မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသွားသည်။မြေအောက်လောက နတ်ဘုရားပုံရိပ်ကြီးပင်လျှင် မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ တစတစပျောက်ကွယ်သွားပေ၏။

"ဟား ဟား ဟား ...ငါ့ကိုဆန့်ကျင်တိုက်ခိုက်တာရဲ့ အဆုံးသတ်ရလဒ်ကို သိပြီမလား"

ထိုမြင်ကွင်းကိုမြင်သည်နှင့် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

ယခုချိန်၌ သူ့အားဟန့်တားနိုင်စွမ်းရှိသည့် တစ်ယောက်တည်းသောသူကို သူ သတ်ဖြတ်ပြီးလေပြီ။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းမှထွက်ခွါကာ ပြင်ပလောကသို့ သွားနိုင်ပေတော့မည်။

"သောက်ချေးပဲ...ငါ မင်းနဲ့တိုက်ခိုက်မယ်"

တာဟေး၏မျက်လုံးများ နီမြန်းနေသည်။သူသည် အမိန့်စာလွှာတစ်ဆုပ်ကိုဆုပ်ကိုင်ထားပြီး ပစ်လွှက်ရန် ဟန်ပြင်လိုက်သည်။

လုယွီ၏ဘက်မှ လူများအားလုံး အလွန်အမင်း ဒေါသထွက်နေပေ၏။

ပိုင်ဆုချင်က အံ့တင်းတင်းကြိတ်ထားသည်။သူမသည် အမျိုးသမီးအင်မော်တယ်တစ်ယောက်၏ခန္ဓာကိုယ်ကို ပူးကပ်ထားခြင်းဖြစ်သည်။ဤအချိန်အခိုက်အခိုက်အတန့်တွင် သူမ၏လက်ညှိုးကိုကိုက်ဖောက်၍ သူမ၏သွေးဖြင့် လေထုအတွင်း၌ သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။

သူတို့အားလုံးသည် တစ္ဆေအင်မော်တယ်များသာဖြစ်သော်လည်း ယခုချိန်တွင် သူတို့ ခုခံသည်ဖြစ်စေ မခုခံသည်ဖြစ်စေ သေဆုံးရတော့ပေမည်။သူတို့ မသေဆုံးမီ အစွမ်းကုန်ကြိုးစားတိုက်ခိုက်သည်က ပို၍ကောင်းမွန်ပေလိမ့်မည်။

"ထပ်လာခဲ့စမ်း"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက လေထုအားဖြတ်သန်းလာပေ၏။

ထိုအသံသည် သူတို့နှင့်အလွန်ရင်းနှီးကျွမ်းဝင်သဖြင့် လူများအားလုံးသည် သူတို့၏မိန်းမောတွေဝေနေမှုမှ အသိပြန်ဝင်လာကြပြီး နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏နောက်ဘက်သို့ ကြည့်လိုက်ကြသည်။

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏နောက် လုယွီသေဆုံးသွားသည့်နေရာတွင် ယဲ့ရွှင်း၏ခန္ဓာကိုယ်ပုံသဏ္ဍာန် တဖန်ပြန်၍ကျစ်လစ်သိပ်သည်းလာသည်။

ထို့နောက် လုယွီ၏စိတ်ဝိညာဥ်သည်လည်း တဖန်ပြန်၍ ဖြစ်တည်လာပြီး ယခင်ကထက်ပင် ပို၍ကျစ်လစ်သိပ်သည်းကာ ပို၍အစွမ်းထက်လာပေ၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေးသည် အံ့အားတသင့်အော်ဟစ်ပြီးနောက် ရုတ်တရက် သူက တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွားပုံရကာ လေဟာနယ်အတွင်းသို့ စူးစိုက်၍ကြည့်လိုက်သည်။

"ဒါက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပဲ...သူက မင်းကို ကူညီနေတာလား...ဟုတ်တယ်...ဒါက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင် ကျမ်းစာရဲ့ကမ္ဘာလောကပဲ...ဒီအထဲမှာရှိတဲ့ အရာရာတိုင်းကို သူက လွှမ်းမိုးနိုင်တယ်...ဒါပေမယ့် ဒီနေရာမှာရှိတဲ့အရာရာတိုင်း လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တယ်လို့ ကောင်းကင်ဘုံဧကရာဇ်က အမိန့်ပေးထားခဲ့တာ...ဘာလို့ သူက မင်းတစ်ယောက်တည်းကိုကွက်ပြီး ကူညီပေးနေတာလဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စကား မဆုံးမီမှာပင် ကျမ်းစာတစ်စောင်က လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

ဤသည်က အလွန်လျှို့ဝှက်ဆန်းကြယ်ပြီးအစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်ပေ၏။ထိုအရာသည် လုယွီ အမတ်ကြီးချွယ်ထံမှသင်ယူခဲ့သော နည်းစနစ်များထက်ပင် ပို၍အစွမ်းထက်သည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ...

လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်း၌ ထူထပ်သောကျမ်းစာတစ်အုပ် ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုကျမ်းစာပေါ်၌ မြောက်များစွာသော ရှေးဟောင်းအက္ခရာများကို ထင်ရှားပြတ်သားစွာ ရေးသားထားပေ၏။ထိုအက္ခရာများသည် ပင်လယ်ပြင်တမျှ အလွန်များပြားကျယ်ပြန့်သဖြင့် တစ်ချက်ကြည့်မိရုံဖြင့်ပင် လူများသည် ထိုအရာအတွင်း၌ နစ်မြုပ်သွားစေနိုင်သည်။

All Chapters