← Chapters

အခန်း (၁၆၃၆-၁၆၄၀)

Vol. 85 Ch. 1636-1640

အခန်း (၁၆၃၆-၁၆၄၀)

Vol. 85 Ch. 1636-1640

Chapter 1636

လူများအားလုံးသည်လည်း ကောင်းကင်ပျံဝဲနန်းတော်၏ပြင်ပမှမြင်ကွင်းကို မြင်တွေ့ပြီး အံ့အားသင့်နေကြသည်။

"အဲ့ဒီအလင်းတန်းက ဘာလဲ...ဘာလို့ လုယွီပေါ်ကျသွားတာလဲ"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

တာဟေးသည် သူ၏ရှေ့မှမြင်ကွင်းကို ထင်ထင်ရှားရှားမြင်ရသည်အထိ သူ၏မျက်လုံးများကို ပွတ်သပ်နေပေ၏။သူသည်လည်း မယုံကြည်နိုင်တော့သဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။

"အဲ့ဒီကောင်စုတ်လေးရဲ့ကံကောင်းမှုက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နေပြီပဲ...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက အဲ့ဒီကောင်လေးအပေါ် အကုန်ပုံအောဖို့ သူ့သဘောနဲ့သူ ရွေးချယ်ခဲ့တယ်"

ဘာ....

အနီးပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားသည်။

ဤသည်က ရှေးခေတ်ရှိ မဟာကျမ်းစာသုံးခုအနက်မှ တစ်ခုမဟုတ်လော။

လူများသည် အစဥ်အမြဲ ရတနာများကို ရှာဖွေလေ့ရှိသော်လည်း ယခုလက်ရှိအချိန်၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် သူ၏သဘောဆန္ဒအလျောက် လူရွေးချယ်သွားခဲ့သည်။

ဤသည်က တစ်စုံတစ်ယောက်ကို ထိပ်တန်းကျင့်ကြံနည်းစနစ်တစ်ခုအား ဖတ်ရှုရန်နှင့်သင်ယူရန်မလိုအပ်ဘဲ တိုက်ရိုက်လွှဲပြောင်းပေးလိုက်သည်နှင့် တူညီပေ၏။

ဤသည်က မမျှတချေ။

"ကောင်းကင်နဲ့မြေပြင်ကြားက သဘာဝရတနာတွေကို အကျင့်သီလပြည့်စုံတဲ့ သူတော်ကောင်းတွေကပဲ ရရှိတတ်တာ...လုယွီဆိုတဲ့ကောင်က ဘယ်လိုအကျင့်သီလတွေ အရည်အချင်းတွေရှိနေလို့ ရတနာက သူ့ကိုရွေးချယ်သွားတာလဲ"

လုဝူယာ၏စိတ်နှလုံးသားအတွင်းရှိ မနာလိုမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

သူ မွေးဖွားလာစဥ်အချိန်မှစ၍ ကောင်းကင်ဘုံ၏ကောင်းချီးပေးခြင်းခံရပြီး မြောက်မြားစွာသောကံကောင်းမှုကြီးများနှင့် ကြုံတွေ့ခဲ့ရသည်။

သို့ရာတွင် လုယွီနှင့်နှိုင်းယှဥ်ပါက သူ ကြုံတွေ့ခဲ့ရသော ကံကောင်းမှုများသည် ဖော်ပြရန်ပင်မထိုက်တန်ချေ။

"ငါတို့ သူ့ကို ဒီအတိုင်းဆက်ထားလို့မဖြစ်ဘူး"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ကြီးစိုးလာပေ၏။

လုယွီကိုသာ ဤအတိုင်းဆက်၍ လွှက်ထားပေးလိုက်ပါက သတ်ဖြတ်နိုင်တော့မည်မဟုတ်ဟု သူ ကြိုတင်ခန့်မှန်းမိသည်။

ထိုအချိန်သို့ရောက်ရှိသွားပါက သူသည် နောက်ထပ်အိမ်မက်တစ်ခုအတွင်း၌ နစ်မြုပ်သွားပေမည်။

နတ်ဆိုးဘိုးဘေးရှစ်ယောက်သည် လုယွီထံ​ပြေးဝင်၍ တဟုန်ထိုးတိုက်ခိုက်လိုက်ကြ၏။

ကြောက်မက်ဖွယ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီသည် မျက်လုံးစုံမှိတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှ မှတ်တမ်းများကို လေ့လာဆင်ခြင်နေသည်။သူက လက်ညှိုးတစ်ချောင်းဆန့်ထုတ်ပြီး ရှေ့သို့ညွှန်ပြလိုက်၏။

ထိုလက်ညှိုးတွင် ဥပဒေသတစ်ခုပါဝင်နေသည့်အလား ပတ်ဝန်းကျင်ရှိအရာရာတိုင်း ပြောင်းလဲသွားသည်။

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်နှင့်ဥပဒေသများသည် လုယွီ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပုံရသည်။

"လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်လက်ညှိုး"

လုယွီသည် မဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်ရှိနေသော လေဟာနယ်နေရာသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုလက်ချောင်းကျရောက်သွားသည်နှင့် မဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်၏ နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် အေးခဲသွားပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

သို့ရာတွင် ဤအခြေအနေသည် အချိန်တခဏသာ ကြာမြင့်ပေ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် တစ္ဆေအင်မော်တယ်တစ်ယောက်ဖြစ်သည်။သူ၏စွမ်းအားဖြင့် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်လက်ညှိုး၏အစွမ်း ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်သည်။

သို့သော် ထိုအောင်မြင်မှုအဆင့်ဖြင့်ပင် မဟာနတ်ဆိုးဘိုးဘေးရှစ်ယောက်အား အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် အချိန်ဆွဲထားနိုင်ပေ၏။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီသည် မဟာနတ်ဆိုးရှစ်ယောက်အနက်မှ လေးယောက်ကို သူ၏ဓားဖြင့် တိုက်ခိုက်လိုက်သည်။

ထိုက်အန်းဓားမှ ပြင်းထန်သောဓားချီများ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် မဟာနတ်ဆိုးဘိုးဘေးလေးယောက် ပြာအဖြစ်ပြောင်းလဲသွားတော့သည်။

"ကောင်လေး...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက နည်းစနစ်တွေကို မင်း တစ်ကြိမ်ပဲအသုံးပြုနိုင်မှာ....တစ္ဆေအင်မော်တယ်အဆင့်နဲ့ ဒီစွမ်းအားကို တစ်ကြိမ်အသုံးပြုတာက မင်းရဲ့အကန့်အသတ်ပဲ"

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသံက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပေ၏။

ကြွင်းကျန်သောမဟာနတ်ဆိုးဘိုးဘေးလေးယောက်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လုယွီ၏အနီးသို့ ဆက်လက်၍ချဥ်းကပ်လာကြသည်။

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ ရည်ရွယ်ချက်သည် ရှင်းလင်းပေ၏။အကယ်၍ သူ ဤအခြေအနေမျိုး၌သာ နောက်ဆုတ်ပေးလိုက်ပါက အကန့်အသတ်မရှိသောအိမ်မက်များအတွင်းသို့ ထပ်မံ၍ကျရောက်သွားမည်ဖြစ်ကာ ပြန်လည်နိုးထနိုင်တော့မည်မဟုတ်ချေ။

"ကျုပ်က ခင်ဗျားတို့ကို စောင့်နေတာ"

မဟာနတ်ဆိုးဘိုးဘေးလေးယောက် သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာသည်ကိုကြည့်ပြီး လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာသည်။

လုယွီက ရုတ်တရက် သူ၏ဓားကိုမြှောက်ကာ ကျန်လက်တစ်ဖက်မှနေ၍ လက်သင်္ကေတတချို့ကို ဖွဲ့စည်းလိုက်၏။သူထံမှနေ၍ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

အကန့်အသတ်မဲ့သောအင်မော်တယ်စွမ်းအင်များသည် ထိုက်အန်းဓားပေါ်၌ စတင်၍သိပ်သည်းလာပြီး ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

"ကောင်းကင်ဆန့်ကျင်ဓားချက်"

လုယွီသည် ထိုက်အန်းဓားကို ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သောဓားချီလှိုင်းများက ကောင်းကင်ဘုံတရားရုံးအနှံ့ ဖြတ်သန်းသွားသည်။

ဤှအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံတရားရုံးတစ်ခုလုံး ထိုဓားချီဖြင့် လွှမ်းခြုံသွားပေ၏။

ထိုဓားနည်းစနစ်သည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် အစွမ်းထက်ဆုံးဓားနည်းစနစ်ပင်။

လုယွီသည် ထိုနည်းစနစ်ကိုဖိအားပေး၍ အသုံးပြုခဲ့သဖြင့် သူ၏ပါးစပ်ထောင့်မှ သွေးတချို့ယိုစီးကျလာကာ သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးလည်း ပျောက်ကွယ်သွားပေ၏။

တစ်ချိန်တည်းမှာပင် ထိုဓားချီလှိုင်းသည် မဟာနတ်ဆိုးဘိုးဘေးလေးယောက်ထံသို့ သက်ရောက်သွားခဲ့သည်။

Chapter 1637

နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး ထိန်းချုပ်ထားသော မဟာနတ်ဆိုးဘိုးဘေးလေးယောက်သည် ထိုဓားချီလှိုင်းကြောင့် ပြာများအဖြစ်​ပျံ့လွင့်သွားတော့သည်။

"တစ္ဆေအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီတိုက်ခိုက်မှုကို အသုံးပြုနိုင်တာလဲ...မဖြစ်နိုင်ဘူး"

နဝမမြောက်နတ်ဆိုးဘိုးဘေးသည် မယုံကြည်နိုင်မှုဖြင့် စူးရှကျယ်လောင်စွာအော်ဟစ်လိုက်၏။သူ၏ပုံရိပ်သည်လည်း ကြီးကျယ်ခမ်းနားသော ဓားချီလှိုင်းများအောက်တွင် တစတစပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးအချိန်အခိုက်အတန့်တွင် နဝမမြောက်ကလေးငယ်နတ်ဆိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခု ပျံဝဲထွက်လာပြီး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပေ၏။

ဖူး...

လုယွီသည် သူ၏နှလုံးသားအတွင်းမှ တလိမ့်လိမ့်တက်လာသော သွေးများကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သတိလစ်မေ့မျောသွားတော့သည်။

ထိုဓားချက်သည် သူ၏လက်ရှိစိတ်ဝိညာဥ် ခံနိုင်ရည်စွမ်းထက် အကန့်အသတ်ကျော်လွန်နေလေပြီ။

လုယွီ သတိလစ်မေ့မျောနေသည့် အချိန်အခိုက်အတန့်တွင် ဓားချီကြောင့် သေဆုံးသွားရသော နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်က သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။

အချိန်တခဏအတွင်းမှာပင် လုယွီ၏စိတ်ဝိညာဥ်စွမ်းအားများ ပြန်လည်ပြည့်တင်းလာပြီး ပို၍ပင်သန်မာအားကောင်းလာပေ၏။

လုယွီသည် နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်အား ဝါးမျိုခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက သူ အသုံးပြုခဲ့သောဓားချက်ကြောင့် သူ၏စွမ်းအားများစွာ ကုန်ဆုံးခဲ့ရသည်။ယခု နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်ကို ဝါးမြိုပြီးနောက် သူ၏စိတ်ဝိညာဥ်စွမ်းအားများ ယခင်ထက်တစ်ဝက်ခန့် ပို၍တိုးပွါးလာပေ၏

ဖူး....

လုယွီသည် တောင့်မခံနိုင်တော့ဘဲ နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

'ယဲ့ရွှင်း'၏ အင်မော်တယ်ခန္ဓာကိုယ်သည် ကွဲအက်စပြုလာပေ၏။

လုယွီသည် တုန်လှုပ်ချောက်ချားဖွယ်ဓားချက်အား ဖိအားပေး၍ အသုံးပြုခဲ့သဖြင့် ဤခန္ဓာကိုယ်၏ခံနိုင်ရည်စွမ်းထက် များစွာကျော်လွန်သွားခဲ့သည်။

တခြားတစ်ဖက်တွင်မူ နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး သေဆုံးသွားမှုနှင့်အတူ နတ်ဆိုးအမြောက်အမြား မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။

ထိုနတ်ဆိုးများသေဆုံးသွားစဥ်အချိန်မှာပင် ကောင်းကင်ယံကြီးအား ဖုံးလွှမ်းနေသော အမှောင်ထုကြီး တစတစလွင့်ပါးသွားခဲ့သည်။

ဤသည်က အိမ်မက်တစ်ခုသက်သက်ပင်။

လုယွီသည် မရေမတွက်နိုင်သောအိမ်မက်များကြားမှ နဝမမြောက်ကလေးငယ်နတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဥ်အပိုင်းအစတစ်ခုကိုသာ သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အိမ်မက်တစ်ခု စတင်လာသည်နှင့် သေဆုံးသွားသော အင်မော်တယ်များအားလုံး အသစ်တဖန်ပြန်လည်မွေးဖွားလာပြီး ကောင်းကင်ဘုံတရားရုံးသည်လည်း ဖျက်ဆီးခံရမည့် ကံကြမ္မာတစ်ပတ်ပြန်လည်လာပေမည်။

"မြန်မြန်...ငါတို့ ကောင်းကင်ပျံဝဲနန်းတော်ထဲကို သွားကြရအောင်"

တာဟေးသည် လုယွီအားအင်္ကျီဂုတ်မှ ကိုက်ချီ၍ ကောင်းကင်ပျံဝဲနန်းတော်အတွင်းသို့ အလျှင်အမြန်သွားလိုက်၏။

တခြားသူများသည်လည်း နှောင့်နှေးမနေဝံ့သဖြင့် ကောင်းကင်ပျံဝဲနန်းတော်သို့ ပျံသန်းခဲ့ကြတော့သည်။

မကြာမီမှာပင် သူတို့သည် ကောင်းကင်ပျံဝဲနန်းတော်သို့ ရောက်ရှိလာတော့သည်။

သူတို့အားလုံး နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် တခဏအကြာမှာပင် အဖြူရောင်အလင်းတန်းကြီးက အရာအားလုံးကို လွှမ်းခြုံသွားပေ၏။

ထိုအဖြူရောင်အလင်းတန်းများ၏နောက်၌ ကောင်းကင်ဘုံတရားရုံး အသစ်တစ်ခုထွက်ပေါ်လာသည်။နတ်ဆိုးများကြောင့် သေဆုံးသွားခဲ့သော အင်မော်တယ်များအားလုံးလည်း အသစ်တဖန်ပြန်လည်မွေးဖွားလာပေ၏။

လူအုပ်ကြီး၏တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင် အဖြူရောင်အလင်းတန်းသည် တစတစ ကောင်းကင်ပျံဝဲနန်းတော်အား လွှမ်းခြုံလာတော့သည်။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

တာဟေး၏တရွတ်တိုက်ဆွဲခြင်းခံထားရသော လုယွီသည် ယဲ့ရွှင်း၏ခန္ဓာကိုယ်မှနေ၍ သူ၏စိတ်ဝိညာဥ်ကင်းကွာပြီး လေထုအတွင်း၌ပျံဝဲနေခြင်းကို ခံစားမိသည်။

လုယွီ မတုံ့ပြန်နိုင်သေးမီမှာပင် ကောင်းကင်နှင့်မြေကြီးချာချာလည်နေသကဲ့သို့ ခံစားချက်မျိုးက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီနှင့် တခြားသူများအားလုံး ပြင်ပကမ္ဘာလောကသို့ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့သည် ကောင်းကင်ဘုံတရားရုံးအတွင်းရှိ လျှိုဝှက်လမ်းကြောင်းတွင် ရှိနေဆဲဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာကမူ ပျောက်ကွယ်သွားလေပြီ။

"ဖြစ်နိုင်တာတော့ ငါတို့ရဲ့စိတ်ဝိညာဥ်တွေက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကို ရောက်သွားတာများလား"

"ငါ နိုးထလာတာ တော်တော်လေးနောက်ကျသွားတယ်...အဲ့ဒီ အဖိုးတန်ရှားပါးတဲ့ ရှေးဟောင်းကျင့်ကြံနည်းစနစ်တွေကို ငါ တစ်ခုမှမမှတ်မိတော့တာ စိတ်ပျက်စရာပဲ"

တချို့လူများသည် သူတို့ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သင်ယူခဲ့သော ရှေးဟောင်းကျင့်ကြံနည်းစနစ်များကို ပြန်လည်တွေးတောနေကြ၏။

ဤသည်က စိတ်ကူးယဥ်ပုံဖော်၍ပင်မရနိုင်သော ကံကောင်းမှုကြီးပင်။

လူအများစုအတွက် ဤကံကောင်းမှုကြီးသည် သူတို့၏အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းတွင် များစွာအထောက်အပံ ဖြစ်စေနိုင်သောအရာဖြစ်သည်။

လုယွီ၏စိတ်ဝိညာဥ်သည် သူ၏ရုပ်ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသော်လည်း အနည်းငယ်အားနည်းနေသကဲ့သို့ ခံစားနေရဆဲပင်။

"ကောင်လေး...မင်းရဲ့ကံက တကယ်မဆိုးဘူး...တကယ်လို့ မင်းသာ သာမာန်တစ္ဆေကျင့်ကြံသူတစ်ယောက်ဆိုရင်...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာထဲက အားကောင်းတဲ့နည်းစနစ်တွေကို အသုံးပြုလိုက်တာနဲ့ မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး အမှုန်အမွှားဖြစ်သွားလိမ့်မယ်"

တာဟေးက သက်ပြင်းတစ်ချက်ရှိုက်ပြီးပြောဆိုသည်။

လုယွီက ခေါင်းခါယမ်းပြလေ၏။ထို့နောက် သူ၏အားနည်းနေသောစိတ်ဝိညာဥ်ကို တည်ငြိမ်အောင်ဖိအားပေး၍ ထိန်းသိမ်းကာ ဖျော့တော့တော့လေသံဖြင့် ပြောဆိုလိုက်သည်။

"ကျုပ်ဆီမှာ ကျားသင်္ကေတရှိနေတဲ့အတွက် အပြင်မှာရှိတဲ့ ကျောက်ရုပ်ထုတွေကို ထိန်းချုပ်နိုင်တယ်...ကျုပ်တို့အားလုံး သာမာန်လမ်းကြောင်းကနေ ဖြတ်သွားလို့ရတယ်"

ထိုအချိန်မှာပင် လုဝုယာက ရုတ်တရက် အေးစက်စက်အသံဖြင့် ပြောဆိုလေ၏။

"လုယွီ....မင်း တစ်ခုခုကို မေ့နေပြီထင်တယ်...လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာက အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ရတနာတစ်ပါးပဲ...ငါတို့ကြည့်လို့ရအောင် မျှဝေပေးသင့်တယ်လို့ မင်း မထင်ဘူးလား"

Chapter 1638

"အမှန်ပဲ...ငါတို့အားလုံး ကြည့်ခွင့်ရအောင် မျှဝေပေးသင့်တယ်လို့ ငါထင်တယ်"

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက မင်း တစ်ယောက်တည်းရဲ့ အပိုင်မဟုတ်ဘူး....အဲ့ဒီကျမ်းစာက မင်းကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတာ ငါ မသိပေမယ့်...ငါတို့ လူသားမျိုးနွယ်တွေရဲ့ခွန်အား တိုးတက်စေဖို့အတွက် မင်း အဲ့ဒါကို မျှဝေပေးသင့်တယ်"

ယန်ရှန်းကုံးနှင့်စီနီယာမှော်ဆရာကျူးတို့သည်လည်း လုဝူယာ၏အမြင်ကို ထောက်ခံပြောဆိုကြ၏။

လုဝူယာသည် ချက်ချင်းပင် ယုံကြည်ချက်ပိုရှိသွားသော အသံမျိုးဖြင့်ပြောဆိုသည်။

"လုယွီ...မင်း ငါပြောတာကြားလား...ငါ မင်းကို သတိပေးလိုက်မယ်...မင်း တစ်ကိုယ်ကောင်းမဆန်သင့်ဘူး"

ထိုစကားကိုကြားသည်နှင့် လုယွီ၏ဘက်မှလူများ ချက်ချင်းဆိုသလို ဒေါသထွက်သွားကြသည်။

တာဟေးက ပို၍ပင် ဒေါသူပုန်ထသွားပေ၏။

"ငါ ဒီလိုအရေထူတဲ့ကောင်မျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး...တကယ်လို့ လုယွီကြောင့်သာမဟုတ်ရင် မင်းတို့အားလုံး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ သေနေလောက်ပြီ...ဒါတောင် မင်းတို့က ကျေးဇူးတင်ရကောင်းမှန်းမသိဘဲနဲ့ လုယွီကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ကြသေးတယ်...မင်းတို့ကိုယ်မင်းတို့ ဘာထင်နေကြတာလဲ"

အောင်းကွမ်းကလည်း အေးစက်စက်နှာတစ်ချက်မှုတ်ပြီး မြေပြင်ပေါ်သို့ တံတွေးထွေးကာ ပြောဆိုသည်။

"ဒါက အမှန်ပဲ...မင်းတို့က အမှိုက်ကောင်တွေဆိုတာ မင်းတို့ကိုယ်မင်းတို့ရော သိကြလား...မင်းတို့က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ကျင့်ကြံဖို့ ထိုက်တန်လို့လား"

"မင်း..."

လုဝူယာ၏မျက်နှာ နီမြန်းနေပေ၏။လုမိသားစု၏ပါရမီရှင်တစ်ယောက်ဖြစ်သော သူသည် ဤကဲ့သို့အရှက်ခွဲခံရခြင်းမျိုးအား မည်ကဲ့သို့ခံစားနိုင်မည်နည်း။

"ဒါက လူသားမျိုးနွယ်အတွက်ပဲလေ...တကယ်လို့ လောကကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသာ ပြန်လည်ထွက်ပေါ်လာရင် ငါတို့ကျင့်ကြံသူတွေအားလုံးအတွက် အကျိုးကျေးဇူးအများကြီးရနိုင်တယ်"

နံဘေးဘက်မှစောင့်ကြည့်နေသော ပိုင်ဆုချင်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"နင်မှာ ဒီလိုမျိုးမြင့်မြတ်တဲ့နှလုံးသားရှိနေမှတော့....လင်ရှောင်းဂိုဏ်းမှာတုန်းက ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ် နင့်ကိုပေးခဲ့တဲ့လှံရှည်ကြီးကို ကျင့်ကြံသူတွေအားလုံး အသုံးပြုလို့ရအောင် ပေးလိုက်ပါလား"

ထိုအချိန်တုန်းက လင်ရှောင်းဂိုဏ်းတွင်ကျင်းပသော ကောင်းကင်နန်းတော်ပြိုင်ပွဲတွင် တာယွီကောင်းကင်ဘုံအင်ပါယာမှ အစွမ်းထက်ပုဂ္ဂိုလ်သည် လုဝူယာအား မှော်လက်နက်တစ်ခုပေးခဲ့သည်။

လုဝူယာသည် ထိုမှော်လက်နက်အား သူ၏နောက်ဆုံးဝှက်ဖဲအဖြစ်ထားထားပြီး မည်သည့်အခါမျှ ထုတ်ဖော်အသုံးပြုခြင်းမရှိချေ။

ပိုင်ဆုချင် လှံရှည်အကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် လုဝူယာ၏အမူအယာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားပေ၏။

"ဘာလို့ ငါ့ရဲ့မှော်လက်နက်ကိုပေးရမှာလဲ...ငါ မသိဘူး...ဒါက မှော်လက်နက်တစ်ခုလေ...တကယ်လို့ ငါ ဒါကိုပေးရင်တောင် မင်းတို့ အသုံးပြုနိုင်မှာမလို့လား"

လုဝူယာက အေးစက်တင်းမာသောအသံဖြင့် အော်ငေါက်လိုက်သည်။

ပိုင်ဆုချင်က ထပ်မံပြောဆိုသည်။

"ကောင်းပြီလေ...နင်တို့လုမိသားစုခွဲမှာရှိတဲ့ ကျင့်ကြံနည်းစနစ်တွေက မဆိုးဘူး...အထူးသဖြင့် မဟာလဝန်းဓားနည်းစနစ်က တော်တော်နက်နဲသိမ်မွေ့တယ်လို့ ငါ ကြားထားတယ်...ဘာလို့ ငါတို့ကိုမပြတာလဲ"

လုဝူယာ၏မျက်နှာအမူအယာ ထပ်မံ၍ပျက်ယွင်းသွားသည်။

မဟာလဝန်းဓားနည်းစနစ်သည် သူတို့လုမိသားစုခွဲ၏ ဝှက်ဖဲဖြစ်ပေ၏။မိသားစုအတွင်းမှ အဓိကကျသောသူများသာလျှင် ထိုဓားနည်းစနစ်အား သင်ယူခွင့်ရသည်။

သူသည် ထိုဓားနည်းစနစ်ကြောင့် အစဥ်အမြဲ မောက်မာဝင့်ကြွားနေခဲ့၏။မည်သည်ကြောင့် ထိုနည်းစနစ်ကို တခြားသူများအား ပြသနိုင်မည်နည်း။

"ဒီနည်းစနစ်က လုမိသားစုခွဲရဲ့ပိုင်ဆိုင်မှုလေ...ငါ့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အရေးမရှိဘူး...ဒါက မင်းရဲ့လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနဲ့မတူဘူး"

လုဝူယာက စကားလှီးလွှဲ၍ပြောဆိုသည်။

သူ၏အမြင်အရ တခြားသူများကသာ သူတို့၏ကျင့်ကြံနည်းစနစ်များကို မျှဝေပေးရမည်ဖြစ်သော်လည်း သူကိုယ်တိုင်ကမူ မပေးနိုင်ချေ။ဤကဲ့သို့ သတ်မှက်ချက်စကားများကို သူ ဟူသောလုဝူယာကသာ ပြောဆိုနိုင်ပေ၏။

လုယွီက ရုတ်တရက် တည်ငြိမ်သောအသံဖြင့်ပြောဆိုသည်။

"မင်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ကြည့်ချင်နေတယ်ဆိုမှတော့ ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး"

သူက ရုတ်တရက် သူ၏လက်အားဆန့်ထုတ်လိုက်၏။လုယွီ၏အင်္ကျီလက်မောင်းကြားမှနေ၍ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ လွင့်ပျံထွက်လာပြီး ပွင့်သွားခဲ့သည်။

ထိုကျမ်းစာထွက်ပေါ်လာသည်နှင့် လင်းလက်တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး လူတိုင်း၏မျက်လုံးအား ရိုက်ခတ်မိသည်။

ဤသည်က ရှေးဟောင်းမဟာကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာပင်။

ယခုလက်ရှိနေရာတွင်ရှိနေသော လူအားလုံးအနက် တာဟေးမှလွဲ၍ ကျန်ရှိသူများအားလုံးသည် ထိုကျမ်းစာအား စူးစိုက်၍ကြည့်နေကြ၏။

ဤသည်က အခွင့်အရေးတစ်ခုပင်။အကယ်၍ လုယွီ သူတို့အား မပေးပါက သူတို့လုယူ၍မရချေ။ယခုလက်ရှိချိန်တွင် လုယွီသည် သူတို့အား အခွင့်အရေးပေးနေသဖြင့် သူတို့ လက်လွတ်မခံနိုင်ပေ။

သူတို့အားလုံးသည် သူတို့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို အာရုံစူးစိုက်နေကြသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကုန်လွန်သွားလေပြီ။

လုဝူယာ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်တုန်ရီလာပြီး နောက်ဆုံး၌ သူ ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ သူ၏ပါးစပ်မှသွေးတစ်လုတ် အန်ထွက်လာကာ မြေပြင်​ပေါ်သို့လဲကျသွားတော့သည်။

သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအား ကြည့်ခွင့်ရခဲ့သော်လည်း လေ့လာဆင်ခြင်နိုင်ရန် အရည်အချင်းမမီခဲ့ချေ။

Chapter 1639

နောက်ထပ်အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့်ကြာပြီးချိန်၌....

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့် လင်ရှောင်းဂိုဏ်းမှလူများအားလုံး ကျရှုံးသွားသည်။

နောက်ထပ်အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင်မူ လူတချို့သာ တောင့်ခံနိုင်တော့သည်။

နောက်ဆုံး၌ ထန်နိုင်ငံတော်၏ဧကရာဇ်လီကျီးနှင့် အရှေ့ပင်လယ်နဂါးဘုရင်အောင်းကွမ်းသာ ကျန်ရှိပေ၏။

နောက်ထပ်အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် အောင်းကွမ်း၏ပါးစပ်မှ သွေးများအံထွက်လာပြီး ကျရှုံးသွားသည်။

ထန်နိုင်ငံတော်၏ဧကရာဇ်လီကျီးကမူ တောင့်ခံနေဆဲပင်။

"ကျွတ် ကျွတ် ကျွတ်...ဒီဧကရာဇ်မင်းမှာ အရည်အချင်းတချို့တော့ ရှိသားပဲ....သူက ရှေးဟောင်းအင်ပါယာတွေရဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ပြင်ဆင်နေခဲ့တာ...ဒါကြောင့် သူရဲ့နိုင်ငံတော်ထဲမှာရှိတဲ့အရာအားလုံးကို သူ့ရဲ့စွမ်းအားနဲ့ဖိနှိပ်ပြီး သူ့ကိုယ်ပိုင်ကံကြမ္မာကိုမြှင့်တင်ခဲ့တယ်...အခုလက်ရှိချိန်မှာ ဒီလမ်းကြောင်းကိုရွေးချယ်တဲ့ ကျင့်ကြံသူဆိုလို့ အနည်းစုပဲရှိတော့တယ်....သူရဲ့စိတ်ဝိညာဥ်က တော်တော်လေးအစွမ်းထက်တယ်"

နံဘေးဘက်၌ရှိနေသော တာဟေးက လီကျီးအပေါ်မှတ်ချက်ချပြီးနောက် ရယ်သွမ်းသွေး၍ ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် ကံဆိုးချင်တော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က နည်းနည်းနိမ့်ပါးနေတယ်...တကယ်လို့ သူ့ရဲ့ကျင့်ကြံဆင့်သာ ခုထက်နည်းနည်းပိုမြင့်မားပြီး လောကီအင်မော်တယ်လောက်ဆိုရင်...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ဆယ်ပုံတစ်ပုံလောက်ကို သူ နားလည်သဘောပေါက်နိုင်လိမ့်မယ်"

လုယွီသည် ထိုစကားကိုကြားသည်နှင့် ကူကယ်ရာမဲ့စွာ အံ့အားသင့်သွားပေ၏။သူ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအား နားလည်သဘောပေါက်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ ထိုကျမ်းစာ၏စိတ်ဆန္ဒကိုယ်တိုင် သူနှင့်လိုလိုလားလား ပေါင်းစပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုကျမ်းစာအား နားလည်သဘောပေါက်ခဲ့သော်လည်း ခက်ခက်ခဲခဲကြိုးစားခဲ့ရခြင်းမရှိချေ။

ထိုအကြောင်းအရင်းကြောင့်ပင် လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ခက်ခဲနက်နဲမှုများကို သိရှိထားသည်။ထိုကျမ်းစာအား နားလည်သဘောပေါက်နိုင်သည့် မည်သူမဆို သာမာန်လူမဟုတ်ပေ။

"ငါ လီကျီးဆိုတဲ့နာမည်ကို အရင်က မကြားခဲ့ဖူးဘူး...သူ့ရဲ့နောက်ခံဇစ်မြစ်က ဘာလဲဆိုတာ ငါ သိချင်မိတယ်"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ ရေရွတ်လိုက်မိသည်။

နောက်ဆုံး၌ တာဟေး၏စကားသံ ပျောက်ကွယ်သွားသည့်အချိန်မှာပင် လီကျီးသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးတစ်ယောက်သည် လီကျီးထံသို့ အလျင်စလိုသွားရောက်၍ တွဲကူပေးလေသည်။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက မဟာရှေးဟောင်းကျမ်းစာသုံးခုထဲကတစ်ခုဖြစ်ဖို့ ထိုက်တန်ပါပေတယ်...ဒါက ငါ့ကို အမြင်ကျယ်သွားစေတယ်"

လီကျီးသည် အနီရောင်ဝတ်စုံဝတ်မိန်းမစိုးအား နံဘေးဘက်သို့တွန်းထုတ်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ လုယွီအား ကျေးဇူးတင်စကားပြောဆိုသည်။

ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအား လေ့လာဆင်ခြင်ခဲ့ကြသော တခြားသူများကလည်း လုယွီအား ကျေးဇူးတင်စကားပြောဆိုကြ၏။

ဤသည်က လုယွီ သူတို့အားပေးခဲ့သော အခွင့်အရေးဖြစ်သည်။သူတို့ လက်ခံရယူပြီးဖြစ်သဖြင့် လုယွီအား ကျေးဇူးတင်ကြောင်း ဖော်ပြရပေမည်။

ဤသည်မှာ မရှိမဖြစ်လိုအပ်ချက်မျိုး မဟုတ်သော်လည်း မိုးကောင်းကင်တာအိုမှ ပြဋ္ဌာန်းထားသော စည်းမျဥ်းတစ်ခုဖြစ်ပေ၏။

သူတို့ လက်သီးပူးဆုပ်၍ ကျေးဇူးတင်စကားပြောဆိုလိုက်သည်နှင့် ကံကြမ္မာ၏ရိုက်ခတ်မှုဒဏ်ကို ဖြေရှင်းပြီးဖြစ်ပေမည်။

ထောင့်တစ်နေရာတွင် ပါးစပ်မှသွေးများအန်ထွက်နေသော လုဝူယာကို မည်သူမျှ ဂရုမစိုက်ကြချေ။သူသည် မည်သူမျှသဘောကျနှစ်ခြိုက်ခြင်းမရှိသော လူပြက်တစ်ယောက်နှင့်သာ တူညီနေသည်။

အတိတ်တွင် လျှို့ဝှက်နဂါးစာရင်း၏ထိပ်ပိုင်း၌ ရပ်တည်နိုင်ခဲ့သော လုဝူယာသည် ဤလူများအကြားတွင် ပုရွက်ဆိတ်တစ်ကောင်အဆင့်သာရှိသည်။

ထို့ပြင် ထိုပုရွက်ဆိတ်သည် အငြိမ်မနေဘဲ ခုန်ပေါက်ပြီး ပတ်ဝန်းကျင်ရှိလူများ ပြက်ရယ်ပြုဖွယ်ဖြစ်အောင် ပြုလုက်နေပေ၏။

"ဟား ဟား ဟား...အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ကြည့်ခွင့်ရဖို့ ခေါင်းမာမာနဲ့တောင်းဆိုနေတာ ဘယ်သူပါလိမ့်...အဆုံးသတ်ကျတော့ သူက အမွှေးတိုင်တစ်တိုင်စာတောင် တောင့်မခံနိုင်ခဲ့ဘူး"

တာဟေးသည် ယခင်ကတည်းက လျှာစောင်းထက်သူဖြစ်၍ ယခုလက်ရှိချိန်တွင် တစ်စုံတစ်ယောက်အား ဆူပူအော်ငေါက်နိုင်သည့်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ချေ။

လုဝူယာက အေးစက်စက်နှာမှုတ်ပြီး ပြောဆိုသည်။

"ဒါက အစကတည်းက သူ လုပ်သင့်တဲ့အရာပဲလေ...ငါက သူ့ကို ဒီကိစ္စအတွက် ကျေးဇူးတင်နေမှာမဟုတ်ဘူး"

လုယွီက ခေါင်းခါယမ်းနေလေ၏။သူသည် လုဝူယာကဲ့သို့ လူစားမျိုးနှင့်အငြင်းအခုံလုပ်ရန် ပျင်းရိငြီးငွေ့မိသည်။

ထို့နောက် လူအုပ်ကြီးသည် လျှို့ဝှက်လမ်းကြောင်းကိုဖြတ်ကျော်၍ ပြင်ပသို့ပြန်လည်ထွက်ခွါခဲ့တော့သည်။

လုယွီသည် ကျားသင်္ကေတအား ထိန်းချုပ်ထားခြင်းကြောင့် ကျောက်ရုပ်ထုများ တဟုန်ထိုးပြေးဝင်လာသည်နှင့် ပြန်လည်ထိန်းချုပ်ကာ သူတို့၏မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားစေသည်။

ထိုကျောက်ရုပ်ထုများသည် အလွန်အစွမ်းထက်ပုံရသော်လည်း ကျားသင်္ကေတ၏ထိန်းချုပ်မှုအောက်၌ ငြိမ်သက်သွားပေ၏။

"ငါ ဒီနေရာကို မှတ်မိတယ်"

"ပြန်တွေးကြည့်ရင် အင်မော်တယ်နန်းတော်ထဲမှာ လျှို့ဝှက်ထားတဲ့ရတနာတွေ ရှိနေနိုင်သေးတယ်...ဒီအချိန်က အဲ့ဒီရတနာတွေကိုရှာဖွေဖို့ အခွင့်အရေးပဲ"

စီနီယာမှော်ဆရာကျူးတို့လူစုသည် ရုတ်တရက် ထူးဆန်းသောရယ်မောသံကြီးများဖြင့် ရယ်မောပြီး အဝေးတနေရာသို့ ပျံသန်းသွားသည်။

တခြားလူများ၏မျက်လုံးများသည်လည်း တောက်ပနေပေ၏။

သူတို့သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အိမ်မက်ကမ္ဘာမှ ထွက်ခွာလာရခြင်းဖြစ်သဖြင့် မည်သည့်အရာကိုမျှ ယူဆောင်လာရခြင်းမရှိသည့်တိုင် ရတနာတချို့ရှိနေသောနေရာများကို အမှတ်ရနေဆဲပင်။

နှစ်သန်းပေါင်းဆယ်ချီ၍ ကျော်လွန်လာပြီးနောက်...

ထိုရတနာများအား သူတို့ယူဆောင်နိုင်မည့် အချိန်သို့ ရောက်ရှိလာလေပြီ။

Chapter 1640

လူများအားလုံးသည် သူတို့အမှတ်ရသောနေရာအသီးသီးသို့ အပြေးအလွှား ထွက်ခွါသွားကြတော့သည်။

ဘန်း...ဘန်း...ဘန်း...

​နန်းတော်၏တံခါးများအား တွန်းဖွင့်ခြင်းခံလိုက်ရသည်။ယခင်မှတ်ဥာဏ်များရှိခြင်းကြောင့် သူတို့သည် ဤနေရာရှိကန့်သတ်ချက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

တချို့အင်မော်တယ်နန်းတော်များအတွင်း၌ ရှေးဟောင်းနတ်ဘုရားလက်နက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။

နှစ်သန်းပေါင်းများစွာ ကျော်လွန်လာခဲ့သဖြင့် ထိုနတ်ဘုရားအဆင့်လက်နက်များ၏အရည်အသွေးများ လျော့ကျလာခဲ့သည်။သို့ရာတွင် ထိုလက်နက်များအား သွန်းလုပ်ထားသော ပါဝင်ပစ္စည်းများသည် အလွန်အဖိုးတန်ရှားပါးပေ၏။ထိုအရာများအား အနည်းငယ်ပြန်လည်သန့်စင်လိုက်ရုံဖြင့် မှော်လက်နက်အသစ်များ ပြန်လည်ရရှိနိုင်သည်။

"ကံကောင်းချင်တော့...ဒီနေရာမှာ နတ်ဘုရားလက်နက်တွေရှိနေသေးတယ်"

"ဒီနေရာမှာ ကျင့်ကြံနည်းစနစ်တွေထိန်းသိမ်းထားတဲ့ နေရာတစ်ခုရှိတာ ငါ မှတ်မိသေးတယ်...မြန်မြန်သွားကြရအောင်"

ဤအချိန်တွင် ယန်ရှန်းကုံးတို့လူစုသည် သူတို့၏ဂုဏ်သတင်းများ ကျဆင်းမည်ကိုပင် ဂရုစိုက်နိုင်ခြင်းမရှိကြတော့ချေ။သူတို့က အင်မော်တယ်နန်းတော်များအတွင်းသို့ဝင်ရောက်ပြီး စတင်၍ရှာဖွေကြတော့၏။

ကောင်းကင်ဘုံတရားရုံးအတွင်းရှိနေရာအများစုသည် ဖျက်ဆီးခံရပြီးဖြစ်သည်။အတိတ်တွင် နတ်ဆိုးများ ဒီရေအလားတိုးဝင်လာမှုကြောင့် နတ်ဆိုးဖိနှိပ်တောင်ပြိုလဲသွားခဲ့ရာ နတ်ဘုရားအဆင့်လက်နက်များသည် အင်မော်တယ်နန်းတော်များနှင့်အတူ ပျက်စီးခဲ့ရသည်။

သို့ရာတွင် လူအများသည် ပြင်းပြင်းထန်ထန်ကြိုးစားရှာဖွေပြီးနောက် မှော်ရတနာများကို ရှာဖွေတွေ့ရှိခဲ့ပေ၏။

ထို့ပြင် သူတို့သည် လှိုဏ်ဂူများနှင့်မြင့်မြတ်နယ်မြေများမှလည်း မှော်ရတနာများ ရရှိခဲ့သည်။

"အရှင်မင်းကြီး...ဒါက ဒီငယ်သား ပုံရိပ်ယောင်ကမ္ဘာထဲမှာတုန်းက မှတ်မိခဲ့တဲ့မှော်ရတနာပါ...ကျေးဇူးပြုပြီး အရှင်မင်းကြီးက အကဲဖြတ်ပေးပါအုံး"

မိန်းမစိုးများနှင့်စစ်ဗိုလ်ချုပ်များသည် လီကျီး၏နံဘေး၌ မတ်တတ်ရပ်နေကြပြီး ရိုသေလေးစားစွာဖြင့် သူတို့၏မှော်ရတနာများကို ပြသနေကြသည်။

ထိုမြင်ကွင်းကိုမြင်သော တခြားသူများသည် အံ့အားသင့်တုန်လှုပ်နေပေ၏။

ထိုမိန်းမစိုးနှင့်စစ်ဗိုလ်ချုပ်များသည် အနိမ့်ဆုံးသိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံဆင့်ရှိသည်။

သို့ရာတွင် လီကျီး၏ရှေ့သို့အရောက်တွင် သူတို့သည် သာမာန်ထက်လွန်ကဲသော ရိုသေလေးစားမှုမျိုးကို ပြသနေကြ၏။

"ထန်နိုင်ငံတော်ကလူတွေက တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်တာပဲ"

လူအများက သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ညည်းတွားနေကြသည်။

ဘုန်း...

တခြားသူများ မှော်ရတနာတစ်ခုရရှိရန် အငြင်းပွါးနေချိန်တွင် လုဝူယာသည် ရုတ်တရက် လျှို့ဝှက်ရတနာသိုလှောင်ခန်းတစ်ခန်းအား ဖွင့်လိုက်သည်။

ထိုသိုလှောင်ခန်းအတွင်းတွင် ရွှေရောင်အလင်းတန်းများ တောက်ပစွာဖြာထွက်နေပေ၏။မြောက်များစွာသောရတနာပစ္စည်းများသည် အနည်းဆုံး အရည်အသွေးခုနစ်ဆယ်ရာခိုင်နှုန်းခန့် ကျန်နေသေးသဖြင့် တောက်ပလင်းဖြာနေသည်။

"ငါပူးကပ်ခဲ့ရတဲ့အင်မော်တယ်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့သားပဲ..ဒါတွေက မြေကမ္ဘာအင်မော်တယ် ချန်ထားခဲ့တဲ့ မှော်ရတနာပစ္စည်းတွေ...ဒီမှော်ရတနာတွေက မင်းတို့ရထားတဲ့ဟာတွေနဲ့ အဆင့်ချင်းမတူဘူး"

လုဝူယာသည် စိတ်ကြီးဝင်မောက်မာဟန်ဖြင့် သူ၏ခေါင်းကိုမော့ပြီး ပတ်ဝန်းကျင်ရှိလူများကို အထင်အမြင်သေးသောအကြည့်ဖြင့် ဝေ့ဝိုက်၍ကြည့်လိုက်၏။သူ့ကိုကြည့်ရသည်မှာ သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေပုံရသည်။

ထိုလူများသည် အစောပိုင်းက သူ့အား လှောင်ပြောင်သရော်ခဲ့ကြသည်မဟုတ်လော။

ယခုလက်ရှိချိန်၌ သူသည် မှော်ရတနာများစွာကို ရရှိထားသည်။ထိုလူများသည် သူ့ထံသို့လာရောက်၍ ရတနာတစ်ခု နှစ်ခုခန့်ရရှိရန် အသနားခံတောင်းဆိုသင့်သည်မဟုတ်လော။

သို့ရာတွင် သူ အံ့အားသင့်ရသည်မှာ လူအုပ်ကြီးသည် သူ့အား စောင်းငဲ့ကြည့်ရုံမျှသာကြည့်ပြီး ဆက်လက်၍အာရုံစူးစိုက်ကြခြင်းမရှိချေ။

ဤနေရာသို့ရောက်လာသူများသည် အောက်ဘုံအတွင်း၌ အထွတ်အထိပ်နေရာတွင်ရပ်တည်နေသော ကျင့်ကြံသူများဖြစ်သည်။ထိုကဲ့သို့လူစားမျိုးများသည် မှော်ရတနာတစ်ခုနှစ်ခုအတွက်နှင့် မည်သည်ကြောင့် လုဝူယာအား အသနားခံတောင်းဆိုမည်နည်း။

'ငနုံငအတွေပဲ...သူတို့အတွက် ဘယ်အရာကကောင်းတယ်ဆိုတာ မသိကြဘူး...ဒီရတနာတွေရဲ့အကူအညီနဲ့ဆိုရင် ငါ ကောင်းကင်ဘုံနယ်မြေကိုရောက်တာနဲ့ တခြားသူတွေကို ဖိနှိပ်ထားနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းတို့ကောင်တွေနဲ့ငါနဲ့က အဆင့်ချင်းတူမှာမဟုတ်တော့ဘူး'

လုဝူယာသည် အေးစက်စက်နှာမှုတ်ပြီး သူ၏ပါးစပ်ထောင့်၌ အထင်အမြင်သေးသောအပြုံးမျိုးရှိနေသည်။

သူသည် မှော်ရတနာတစ်ခုကိုကောက်ယူပြီး သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်၏။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ထိုသိုလှောင်အိတ်ပေါက်ကွဲသွားပြီး အတွင်းရှိမှော်ရတနာလည်း ပျောက်ကွယ်သွားတော့သည်။

"ဟား ဟား ဟား...ငါ အရမ်းပျော်တာပဲ....ဒါတွေအားလုံးက ထိပ်တန်းအရည်အသွေးရှိတဲ့ မှော်ရတနာပစ္စည်းတွေ...ဒီပစ္စည်းတွေက ထိခိုက်ပျက်စီးနေတယ်ဆိုပေမယ့် အောက်ဘုံက အဆင့်နိမ့်သိုလှောင်အိတ်တွေထဲမှာ ထည့်သွင်းလို့ရတဲ့ အရာမျိုးတွေမဟုတ်ဘူး...တကယ်လို့ မင်း ဒီအချက်ကို နားမလည်ဘူးဆိုရင်...ဘာလို့ ဒီနေရာမှာ မောက်မာဝံ့ကြွားပြနေရတာလဲ"

တာဟေးသည် တခြားသူများအား ပြက်ရယ်ပြုရမည့်အခွင့်အရေးကို လက်လွတ်ခံသူမဟုတ်သဖြင့် ချက်ချင်းပင် သရော်တော်တော်ပြောဆိုလိုက်၏။

"မင်း...."

လုဝူယာ၏မျက်နှာ နီမြန်းသွားသည်။သူသည် လုမိသားစုခွဲ၏ကောင်းကင်ဘုံချီးမြှောက်ခံဖြစ်သော်လည်း ခွေးတစ်ကောင်၏လှောင်ပြောင်သရော်ခြင်းကို ခံနေရသည်။

တာဟေးသည် မောက်မာဝံ့ကြွားဟန်ဖြင့် သူ၏အမြှီးကိုခါယမ်းပြီး လုယွီဘက်သို့လှည့်ကာ ပြောဆိုသည်။

"တကယ်လို့ မင်း မှော်ရတနာတချို့လိုချင်တယ်ဆိုရင်....ငါ နေရာကောင်းတစ်ခုကိုသိတယ်"

လုယွီက ခေါင်းခါယမ်းပြပြီး ပြောဆိုလေ၏။

"ကျုပ်တို့ အဲ့ဒီကိစ္စအကြောင်းကို နောက်မှပြောကြရအောင်...အရင်ဆုံး သွားစရာနေရာတစ်ခုရှိတယ်"

"သွားမှာလား...မင်းက ဘယ်ကိုသွားမှာလဲ"

"လျန့်ကျီးတောင်...ကျုပ် လီချမ်ရဲ့အလောင်းကို မိုးကြိုးပင်လယ်ထဲကနေ အပြင်ကိုရွှေ့ချင်တယ်"

All Chapters