← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 16 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 16 Ch. 301-302

အပိုင်း(၃၀၁)စိတ်စွမ်းအားနှင့်ဝိညာဉ်

လော်ယွမ် သက်ပြင်းချရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်နှာပျက်သွားပြီး မော်လီ၏အလောင်းကို စိုက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲမှ အလင်းရောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ငွေရောင်မှိန်ပျပျ ပုံရိပ်ယောင်တစ်ခုသည် အေးစက်နေသောခန္ဓာကိုယ်ထဲမှ ရုန်းကန်ထွက်ပေါ်လာနေသည်။ လော်ယွမ်၏စိတ်ထဲတွင် အေးစိမ့်သောခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားရာ ကြက်သီးများပင် ထလာတော့သည်။

"ဝိညာဉ်" လော်ယွမ်သည် ထိုပုံရိပ်ယောင်ကို မယုံနိုင်စွာ ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ပုံရိပ်ယောင်သည် ငွေရောင်မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်နေပြီး ထူထဲသောမြူမှုန်များဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။ မျက်နှာပေါက်၊ ခြေလက်အင်္ဂါများ အားလုံးပါဝင်ပြီး မော်လီ၏ပုံစံအတိုင်း တစ်ထပ်တည်းဖြစ်သည်။

နောက်ဆုံးတွင် သူမသည် ခန္ဓာကိုယ်မှ လုံးဝရုန်းထွက်လာပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ မတ်တပ်ရပ်သည်ဟုဆိုခြင်းသည် တိကျမည်မဟုတ်ပေ။ ပို၍တိကျစွာပြောရလျှင် လေထဲတွင် မျောလွင့်ရင်း မတ်တပ်ရပ်နေခြင်းဖြစ်သည်။

ယခုအချိန်တွင် သူမ၏မျက်နှာသည် တစ်စုံတစ်ခုကို မေ့လျော့နေသကဲ့သို့ တွေဝေငေးငိုင်နေသည်။ ခေါင်းငုံ့ကာ ဟိုဟိုဒီဒီကြည့်ရှုနေပြီး နောက်ဆုံးတွင် သူမ၏အလောင်းကို တွေ့လိုက်ရသောအခါ မျက်နှာပေါ်တွင် သံသယနှင့် နားမလည်နိုင်သော အမူအရာများ ပေါ်ပေါက်လာသည်။

မတော်တဆအဖြစ်များကို ရှောင်ရှားရန် လော်ယွမ်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သို့သော် ခြေလှမ်းလှမ်းလိုက်သည်နှင့် သူသည်လည်း ဝိညာဉ်ကဲ့သို့ လေထဲတွင် မျောလွင့်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့အပြင် ခန္ဓာကိုယ်ကို ရှေ့နောက်၊ အပေါ်အောက် ရွေ့လျားလိုသည့်အတိုင်း စိတ်ဆန္ဒဖြင့် လွယ်ကူစွာ ရွေ့လျားနိုင်နေသည်။

သူ၏မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာပြီး ပေ၃၀ခန့် နောက်ဆုတ်လိုက်သည်။ မော်လီ၏ဝိညာဉ် သို့မဟုတ် တစ္ဆေက သူမ၏ခန္ဓာကိုယ်ကို စိုက်ကြည့်နေစဉ်တွင် သူသည် စနစ်ကို လျင်မြန်စွာ ကြည့်ရှုလိုက်ရာ လွတ်သွားသော သတင်းအချက်အလက်နှစ်ခုကို တွေ့ရှိလိုက်ရသည်။ တစ်ခုမှာ မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးချက်ဖြစ်သည်။

လက်ရှိမစ်ရှင် - (ဒီ)အဆင့်မစ်ရှင် - နောက်ကွယ်မှကြိုးကိုင်သူ (လျှို့ဝှက်ဆန်းကြယ်သော စိတ်ထိန်းချုပ်သူကို ရှာဖွေသတ်ဖြတ်ရန်)

အချိန်- ၅ ရက်

မစ်ရှင်အခြေအနေ - ပြီးမြောက်

အကဲဖြတ်ချက် - ပြီးပြည့်စုံသည်

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၁၀၀%

အတွေ့အကြုံမှတ် +၉၆၀၀ x ၁၀၀% ရရှိသည်။

အကဲဖြတ်ချက်ပြီးပြည့်စုံသည်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၁၀၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၄၃၉၂၀/၁၅၃၆၀၀

လော်ယွမ်က တစ်ချက်သာကြည့်ပြီး ကျော်သွားလိုက်သည်။ ယခုအခါ သူအဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံများသည် ပို၍များပြားလာရာ (ဒီ)အဆင့်မစ်ရှင်က အဆင့်တက်ရန် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပေ။ ပြီးပြည့်စုံသော အကဲဖြတ်ချက်ရရှိလျှင်ပင် အဆင့်တက်ရန်မှာ ဝေးကွာနေသေးသည်။

လော်ယွမ် အဓိကအာရုံစိုက်သည်မှာ ဒုတိယအချက်ဖြစ်သည်။

ဒင်... သင်သည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ခုခံကာကွယ်စဉ်တွင် စိတ်စွမ်းအား တိုးတက်သွားပါသည်။

စိတ်စွမ်းအား - +၁

စိတ်စွမ်းအား တစ်မှတ်တိုးလာပြီးနောက် သူ၏စိတ်စွမ်းအားက ၁၇ မှတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ စိတ်စုစည်းထားသောအခြေအနေတွင် ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီး၏ဆွဲငင်အားမှ လွတ်မြောက်နိုင်ပြီး လေထဲတွင် ပျံသန်းနိုင်ပြီဖြစ်သည်။ သူ၏စိတ်ထဲတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထားလိုက်သည်။

ယခုအချိန်တွင် အခြေအနေမကောင်းသေးသဖြင့် စိတ်ပျံ့လွင့်နေ၍မဖြစ်ပေ။

စိတ်ဆန္ဒနှင့်အတူ သူ၏ခြေထောက်များက မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်သွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လေထဲတွင်ရှိနေခြင်းသည် မည်သို့ပင်ဖြစ်စေ နေသားမကျပေ။ ထို့အပြင် သိုင်းပညာလေ့ကျင့်သူများအနေဖြင့် အားသည် မြေကြီးမှလာသည်ဟု ခံယူထားကြပြီး အားထုတ်မှုအားလုံးသည် မြေကြီးကို အမှီပြုထားရသည်။ လေထဲတွင်ရှိနေခြင်းသည် သူ့ကို လုံခြုံမှုမရှိသကဲ့သို့ ခံစားရစေသည်။

ထိုအချိန်တွင် တစ်ဖက်လူသည် နောက်ဆုံး၌ လှုပ်ရှားလာသည်။ သူမသည် အလောင်းပေါ်မှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ခေါင်းမော့ကာ လော်ယွမ်ကို ရုတ်တရက် ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် စူးရှနေပြီး အသက်မဲ့နေကာ လော်ယွမ်ကို တည့်တည့်ကြည့်နေသည်။

သူမ ရုတ်တရက် ပါးစပ်ဟလိုက်သည်။ လော်ယွမ် သံသယမဖြစ်မီမှာပင် သူ၏ဦးနှောက်ထဲတွင် မော်လီ၏ အသံတိုးတိုးလေး ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအသံသည် ဖော်ပြ၍မရနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်ပြီး ငိုရှိုက်သံနှင့် တူနေသည်။

"ရှင် ကျွန်မကို သတ်လိုက်တာလား"

သာမန်လူတစ်ယောက်သာဆိုလျှင် ဤအခြေအနေကို ကြုံတွေ့ရပါက ကြောက်လန့်တကြားဖြစ်သွားပေလိမ့်မည်။ သို့သော် လော်ယွမ်၏မျက်နှာတွင်မူ ကြောက်ရွံ့မှုများစွာမရှိပေ။ ဤကဲ့သို့သောရန်သူမျိုးကို သူ ကြုံဖူးသည်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိကောင်းရှိနိုင်သော်လည်း စိတ်စွမ်းအားနှင့် ဖိအားပေးမှုကိုမူ ခုခံနိုင်စွမ်းမရှိပေ။ တစ်ခုတည်းသော စိုးရိမ်စရာမှာ တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြစ်သည်။ အသက်ရှင်နေသူကိုပင် သတ်ဖြတ်ပြီးပြီဖြစ်ရာ သေသူတစ်ယောက်ကို ကြောက်စရာအကြောင်းမရှိပေ။ သူက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ "ဒီမှာ ငါကလွဲပြီး ဘယ်သူရှိသေးလို့လဲ"

လော်ယွမ် သတိထားနေစဉ်မှာပင် မော်လီ၏အသံသည် မထင်မှတ်ဘဲ ထွက်ပေါ်လာပြန်သည်။

"ဒါဆို ရှင် ကျွန်မကို သိမှာပေါ့... ရှင်က ဘယ်သူလဲ... ပြီးတော့... ကျွန်မကရော ဘယ်သူလဲ" သူမ၏မျက်နှာသည် တွေဝေငေးငိုင်သွားပြီး မှတ်ဉာဏ်များ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။

လော်ယွမ်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။ "ငါက လော်ယွမ်... မင်းက မော်လီ"

"လော်ယွမ်... မော်လီ... ရင်းနှီးနေတဲ့ နာမည်တွေပဲ... ဟုတ်တယ် ငါက မော်လီပဲ" မော်လီသည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ စက္ကန့်အနည်းငယ် ငေးငိုင်နေပြီးနောက် ရုတ်တရက် လော်ယွမ်ကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်ပြန်သည်။ "ရှင် ဒီမှာ ဘာလုပ်နေတာလဲ... ရှင်က ဘယ်သူလဲ"

လော်ယွမ် အနည်းငယ် ထူးဆန်းသွားသော်လည်း ထပ်မံဖြေကြားလိုက်သည်။ "လော်ယွမ်ပါ"

"ရင်းနှီးနေတဲ့ နာမည်ပဲ... ဒါဆို ကျွန်မနာမည်ကရော ဘာလဲ"

လော်ယွမ် ဘာမှထပ်မပြောတော့ပေ။ သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည်။ မကြာမီတွင် သူမသည် လော်ယွမ်ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ အလားတူစကားများကို ထပ်မံပြောဆိုပြန်သည်။

ဝိညာဉ်များ အမှန်တကယ်ရှိခဲ့လျှင် မှတ်ဉာဏ်မရှိနိုင်၊ သို့မဟုတ် ယာယီမှတ်ဉာဏ်သာရှိပြီး ချက်ချင်းမေ့ပျောက်သွားသည်ဟူသော ဆောင်းပါးတစ်ပုဒ်ကို သူ ဖတ်ဖူးသည်ကို သတိရလိုက်သည်။ မှတ်ဉာဏ်သိုလှောင်ရာ ဦးနှောက်မရှိတော့သဖြင့် ဝိညာဉ်၏မှတ်ဉာဏ်သည် တည်မြဲစရာနေရာမရှိတော့ပေ။

သို့သော် လော်ယွမ် တွေ့ရှိလိုက်သည်မှာ ထိုဆောင်းပါး၏အမြင်တွင် လိုအပ်ချက်အချို့ ရှိနေသေးသည်။ မော်လီ၏ဝိညာဉ်သည် အလွန်အားကောင်းသောကြောင့် ဝိညာဉ်ထဲတွင် မှတ်ဉာဏ်ပုံရိပ်ယောင်များ ပေါ်ထွက်လာခြင်းဖြစ်နိုင်သည်။ သူမ၏ဝိညာဉ်တွင် မသဲမကွဲမှတ်ဉာဏ်အချို့ ရှိနေသေးပြီး သူမ၏အမည်ကို ပြန်လည်မှတ်မိနိုင်ကာ စက္ကန့်အနည်းငယ်ကြာခံသော မှတ်ဉာဏ်များပင် ရှိနေသေးသည်။

...........................................................................................................................................................................

သို့သော် ဤမျှအားကောင်းသော ဝိညာဉ်သည်ပင် ကြာရှည်စွာ တည်မြဲနေနိုင်ခြင်းမရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ပုံရိပ်သည် မှေးမှိန်လာပြီး ဆယ့်ငါးမိနစ်ခန့်အကြာတွင် ပုံရိပ်ယောင်သည် ပျောက်ကွယ်လုနီးပါးဖြစ်ကာ မူလငွေရောင်အလင်းတန်းများသည် အစက်အပျောက်မရှိအောင် ကြည်လင်သွားသည်။

ယခုအချိန်တွင် သူမသည် စကားမပြောနိုင်တော့ဘဲ မျက်နှာအမူအရာသည်လည်း အသက်မဲ့ကာ အသိစိတ်ကင်းမဲ့သော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။

နောက်ထပ် တစ်မိနစ်ခန့်အကြာတွင် ပုံရိပ်ယောင်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲကာ ဤကမ္ဘာလောကကြီးမှ လုံးဝကွယ်ပျောက်သွားတော့သည်။

မှိန်ဖျော့သောမီးရောင်အောက်တွင် မော်လီ၏ဝိညာဉ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လော်ယွမ်သည် စိတ်ထဲတွင် ဟာတာတာဖြစ်ကာ သက်ပြင်းချလိုက်မိသည်။

ရန်သူဟူသော အနေအထားကို ဖယ်ထားလိုက်လျှင် ဤအဆင့်ထိရောက်ရှိအောင် စွမ်းဆောင်နိုင်ပြီး သေဆုံးပြီးနောက်တွင်ပင် ထင်ရှားသောဝိညာဉ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားရသော်လည်း လေးစားဖွယ်ကောင်းလှသည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ဆန္ဒဖြင့် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ပျံတက်စေကာ ရှေ့သို့ ပျံသန်းသွားတော့သည်။

......................................................................................................................................................................................

ဤသည်မှာ သူ၏ပထမဆုံး ပျံသန်းခြင်းဖြစ်သော်လည်း ထူးဆန်းသည်မှာ သူသည် မည်သည့်အခက်အခဲမျှ မရှိဘဲ မွေးရာပါပျံတတ်သူတစ်ဦးကဲ့သို့ အသက်ရှူသလို သဘာဝကျနေခြင်းပင်ဖြစ်သည်။ ခန္ဓာကိုယ်သည် စိတ်ဆန္ဒအတိုင်း ကွေ့ဝိုက်ခြင်း၊ အရှိန်မြှင့်ခြင်းများကို ပြုလုပ်နိုင်သည်။

လေပြင်းများ တဟူးဟူးတိုက်ခတ်လာပြီး သူ၏ဆံပင်များကို လွင့်ပျံစေသည်။ ဖိနှိပ်ထားသော စိတ်လှုပ်ရှားမှုများက သူ့ရင်ထဲတွင် လှိုင်းထနေသည်။ သူ ပျံသန်းလေလေ စိတ်ထဲတွင် ပို၍လွတ်လပ်ပေါ့ပါးလေလေဖြစ်သည်။ ယခုအချိန်သည် ညနက်သန်းခေါင်မဟုတ်ဘဲ လူသတ်မှုဖြစ်ပွားရာနေရာမှ ပြန်လာခြင်းမဟုတ်ပါက သူသည် ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်မိမည်မှာ သေချာသည်။

ထိုကဲ့သို့အော်ဟစ်ခြင်းမပြုသော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးရိပ်များ ပိုမိုထင်ရှားလာသည်။

ပျံသန်းခြင်းသည် လူသားတို့၏ အိပ်မက်တစ်ခုဖြစ်သည်။ ဤအိပ်မက်ဖြင့် လူသားတို့သည် ပျံသန်းနိုင်သည့်ယာဉ်အမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ သို့သော် ယာဉ်အကူအညီဖြင့် ပျံသန်းခြင်းသည် မိမိကိုယ်ပိုင်စွမ်းရည်ဖြင့် ပျံသန်းခြင်းကဲ့သို့ လွတ်လပ်ပေါ့ပါးမှုမရှိပေ။ ယခုအခါ ဝမ်ရှီရှီ ပျံသန်းတတ်သွားပြီးနောက် အဘယ်ကြောင့် မြေပြင်ပေါ်တွင် လမ်းမလျှောက်တော့သည်ကို လော်ယွမ် နားလည်သွားပြီဖြစ်သည်။ စွမ်းရည်လေ့ကျင့်ခြင်းသည် ဒုတိယအချက်ဖြစ်ပြီး ဤခံစားမှုက လူကို အလွန်စွဲလမ်းစေသောကြောင့်ဖြစ်သည်။

သူ့၏ပျံသန်းနှုန်းမှာ မမြန်လှပေ။ လော်ယွမ်ခန့်မှန်းချက်အရ တစ်စက္ကန့်လျှင် ပေ ၆၀ ခန့်၊ တစ်နာရီလျှင် ၇၂ ကီလိုမီတာခန့်သာ ရှိမည်ဖြစ်သည်။ အားကုန်ပြေးလွှားချိန်တွင် ပေသုံးရာကို နှစ်စက္ကန့်ဖြင့် ပြေးနိုင်သောနှုန်းနှင့် ယှဉ်လျှင် များစွာနှေးကွေးနေသည်။

သို့သော် ဤသည်မှာ အကြွင်းမဲ့မဟုတ်ပေ။ ခရီးသွားရာတွင်၊ အထူးသဖြင့် တောင်ပေါ်လမ်းများတွင် ပျံသန်းခြင်းက ခရီးကိုပို၍မြန်ဆန်ပေလိမ့်မည်။ ကောင်းကင်တွင် အတားအဆီးမရှိဘဲ ဖြောင့်တန်းစွာ သွားနိုင်သောကြောင့် ပြေးလွှားခြင်းသကဲ့သို့ မြေပြင်အနေအထားကို ထည့်သွင်းစဉ်းစားစရာမလိုပေ။

..................................................................................................................................................................................

စိတ်စွမ်းအားမြင့်မားခြင်းသည် စိတ်ခံစားချက်ကို ထုတ်ဖော်ပြသခြင်းရှိမရှိအပေါ် မူတည်သည်မဟုတ်ဘဲ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း၊ အန္တရာယ်ကြုံလျှင် မတုန်လှုပ်ခြင်း၊ အဖြစ်အပျက်ကြုံလျှင် မထိတ်လန့်ခြင်း၊ စွဲလမ်းသော်လည်း မနစ်မွန်းခြင်း၊ ပြင်းထန်သောနာကျင်မှု၊ အထီးကျန်မှု၊ ခြောက်သွေ့မှုနှင့် ဖိအားများကို ခံနိုင်ရည်ရှိခြင်းတို့ကို ဆိုလိုသည်။ လော်ယွမ်သည် မူလနေအိမ်သို့ ပြန်ရောက်သောအခါ စိတ်နှလုံးသည် တည်ငြိမ်သွားပြီဖြစ်သည်။

ဖုန်များတက်နေသော ကြမ်းပြင်ကိုကြည့်ရင်း လော်ယွမ် ခဏမျှ တိတ်ဆိတ်နေပြီးနောက် တံမြက်စည်းကို ကောက်ယူလိုက်သည်။ သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး တံမြက်စည်းကို ပြန်ချလိုက်ပြီး စိတ်စွမ်းအားကို စုစည်းကာ စမ်းသပ်သည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

မမြင်ရသော စွမ်းအားတစ်ခုသည် ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကြမ်းပြင်၊ နံရံ၊ ဖုန်မှုန့်၊ အမှိုက်စသည်ဖြင့် အမှိုက်အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအောက်တွင် လျင်မြန်စွာ ပျံတက်လာပြီး လေထဲတွင် စုစည်းကာ ဘောလုံးအရွယ် မီးခိုးရောင်အလုံးကြီးတစ်ခု ဖြစ်လာသည်။

ထိုအမှိုက်လုံးကို ကြည့်ရင်း လော်ယွမ်က လက်ညှိုးထိုးလိုက်ရာ အလုံးကြီးသည် တံခါးပေါက်မှ လျင်မြန်စွာ ပျံထွက်သွားသည်။

သစ်သားပြားနှင့် တိုက်မိသံသဲ့သဲ့ကြားလိုက်ရပြီးနောက် လော်ယွမ်က တံခါးပေါက်မှထွက်ကာ စင်္ကြံလမ်းအတိုင်း ပေ၁၀၀ခန့် လျှောက်သွားလိုက်သည်။ နံရံကပ်သစ်သားအမှိုက်ပုံးထဲသို့ ကြည့်လိုက်ရာ အမှိုက်လုံးသည် ထိုနေရာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

လော်ယွမ်၏မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာသည်။ စောစောက ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်မက်နေသကဲ့သို့ မယုံနိုင်စရာကောင်းလှသည်။

ပို၍ထူးခြားသည်မှာ ဤအရာအားလုံးသည် ကြမ်းတမ်းပြီး ယေဘုယျဆန်သော အတွေးနှစ်ခုဖြင့်သာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ပထမအတွေးမှာ အမှိုက်ကောက်ရန်ဖြစ်ပြီး ဒုတိယအတွေးမှာ အမှိုက်ကို အမှိုက်ပုံးထဲသို့ ထည့်ရန်ဖြစ်သည်။

အမှိုက်ဆိုတာ ဘာလဲ၊ ဖုန်မှုန့်လား၊ အစအနလား၊ စက္ကူစုတ်လားဟု သူ မစဉ်းစားခဲ့ပေ။ ဖုန်မှုန့်တစ်စေ့ချင်းစီကို လိုက်ကောက်ရန် စိတ်ကိုခွဲခြားထားခြင်းလည်း မရှိပေ။ မသိစိတ်က ထိုအတွေးကို ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်ပြီး စိတ်ထဲတွင် အမှိုက်ဟု သတ်မှတ်နိုင်သော အရာအားလုံးကို စုစည်းပေးလိုက်ခြင်းဖြစ်သည်။

ဒုတိယအတွေးသည်လည်း ထိုနည်း၎င်းပင်။ သူ အပြင်မထွက်ခဲ့သလို အမှိုက်ပုံးမည်သည့်နေရာတွင်ရှိသည်ကိုလည်း မစဉ်းစားခဲ့ပေ။ မသိစိတ်က အရာအားလုံးကို ပြီးမြောက်အောင် ကူညီပေးလိုက်သည်။ ယခင်ကလည်း ထိုကဲ့သို့မနိုင်ဝန်ထမ်းကာ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ စိတ်တိုင်းကျ၊ လွယ်ကူပေါ့ပါးပြီး အားစိုက်ထုတ်စရာမလိုသော အခြေအနေမျိုး လုံးဝမရှိခဲ့ပေ။

........................................................................................................................................................................

မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းလုံးတစ်လုံးသည် အခန်းထဲတွင် ပေါ်ထွက်လာသည်။ မူလက မှောင်မိုက်နေသောအခန်းသည် နေ့ခင်းကဲ့သို့ လင်းထိန်သွားပြီးနောက် တဟုန်းဟုန်းတောက်လောင်နေသော မီးလုံးအဖြစ် ပြောင်းလဲသွားကာ အပူလှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် မီးလုံးသည် ရှည်လျားသွားပြီး မီးတောက်ဓားရှည်တစ်ချောင်း ဖြစ်သွားသည်။

နောက်တစ်ခဏတွင် မီးတောက်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လေထုထဲတွင် ပြင်းထန်သော အေးစိမ့်မှုတစ်ခု ပေါ်ထွက်လာကာ အခန်းထဲတွင် နှင်းခဲများ ဖုံးလွှမ်းသွားသည်။ သူသည် ကစားစရာအသစ်ရရှိသော ကလေးငယ်တစ်ဦးကဲ့သို့ မမောနိုင်မပန်းနိုင် စမ်းသပ်နေတော့သည်။

ယခုအချိန်တွင် သူ၏စိတ်လှုပ်ရှားမှုသည် စောစောက ပျံသန်းစဉ်ကထက်ပင် ပိုမိုပြင်းထန်နေသည်။

စိတ်စွမ်းအားသည် ဤအဆင့်ထိ ရောက်ရှိလာသောအခါ ဓားကို ပိုမိုထက်မြက်စေရုံ၊ ခန္ဓာကိုယ်ကို ကာကွယ်ပေးရုံသာ မဟုတ်တော့ပေ။ ၎င်းပြသနေသော စွမ်းရည်များသည် ရုပ်ပိုင်းဆိုင်ရာနှင့် ကွဲပြားသော စွမ်းအားသစ်တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

သူက လက်သီးကို ဆုပ်လိုက်ရာ မမြင်ရသော စိတ်စွမ်းအားသည် လက်သီးထဲတွင် စုစည်းသွားပြီး မှောင်မိုက်နေသော အခန်းထဲတွင် ရေလှိုင်းများကဲ့သို့ တလက်လက်တောက်ပနေကာ ဒြပ်ရှိသောအရာဝတ္ထုတစ်ခုကဲ့သို့ ထင်မှတ်ရသည်။

ဆက်ရန်...

အပိုင်း(၃၀၂)ဒုတိယအကြိမ်ရွှေ့ပြောင်းခြင်း

နံနက်အစောပိုင်းတွင် ဇီဝနာရီက လော်ယွမ်ကို အလိုအလျောက် နှိုးလိုက်သည်။

သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာကြက်ကို ခေတ္တမျှ ငေးကြည့်နေလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ အခန်းကို သူက သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားသော်လည်း ယခင်က လူနေသည့်အငွေ့အသက်များ မရှိတော့ဘဲ အထီးကျန်ဆန်ပြီး အေးစက်နေသည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ အနီးအနားမှ ကျန်းမာတောက်ဓားက သူ၏လက်ထဲသို့ လျင်မြန်စွာ ပျံသန်းလာသည်။ စိတ်စွမ်းအား တိုးတက်လာပြီးနောက် ကျန်းမာတောက်ဓား၏ ပျံသန်းနိုင်သော အရှိန်သည်လည်း သိသိသာသာ မြန်ဆန်လာခဲ့ပြီး ယခင်ကကဲ့သို့ နှေးကွေးခြင်းမရှိတော့ချေ။ သို့သော် သတ်ဖြတ်နိုင်စွမ်းမှာမူ အကန့်အသတ်ရှိနေဆဲပင်။

သူ့၏ "ဓားပျံ" ကို ပိုင်ဆိုင်လိုသော စိတ်ကူးက အလှမ်းဝေးနေဆဲ ဖြစ်သည်။

လော်ယွမ်သည် ဓားကို လေထဲတွင် ဝှေ့ယမ်းကစားလိုက်ပြီးနောက် ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အပေါ်အင်္ကျီတစ်ထည်ကို ကောက်ယူဝတ်ဆင်ကာ အခန်းတံခါးမှ ထွက်ခွာသွားသည်။

မော်လီ၏ အလောင်းကို တွေ့ရှိသွားပြီဖြစ်ကြောင်း ထင်ရှားလှပြီး လမ်းပေါ်တွင် စစ်ရဲများ ပိုမိုများပြားလာခဲ့သည်။ သို့သော် လော်ယွမ်သည် ယခင်က လှုပ်ရှားမှုများတွင် စောင့်ကြည့်ကင်မရာများကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့ပြီး ရှောင်ရှား၍မရသော အချို့ကိုမူ ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် ထိုအချိန်က ညသန်းခေါင်ယံဖြစ်ပြီး လမ်းမပေါ်တွင်လည်း လူသူကင်းမဲ့နေသောကြောင့် ရှာဖွေတွေ့ရှိခံရမည်ကို စိုးရိမ်စရာမလိုပေ။

လော်ယွမ် ဖြတ်သန်းသွားသောအခါ စစ်ရဲအချို့က သူ့ကို အကြိမ်အနည်းငယ် ကြည့်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာလွှဲသွားကြသည်။

သူသည် ဒုတိယအလွှာတွင် လှည့်လည်သွားလာပြီး စစ်တပ်စခန်းသို့ ရောက်သောအခါ ဟော်တုံက စောင့်ဆိုင်းနေပြီဖြစ်သည်။

"ခေါင်းဆောင်ယွမ်"

လော်ယွမ်က ဟော်တုံ၏ ပခုံးကို ပုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း ပင်ပမ်းသွားပြီထင်တယ်... ငါ့ကိုအဲ့ဒီလိုက်ပို့တော့"

မနေ့ညက တပ်မမှူးလျိုနှင့် မတွေ့ဆုံမီ သူသည် ဟော်တုံနှင့် သီးသန့်တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ဟွမ်ကျားဟွေ၏ လက်ရှိအခြေအနေကို ကြားသိရသောအခါ သူသည် ဝမ်ရှီရှီ ချန်ထားခဲ့သော ပန်းချီကားကို အမှတ်မထင် သတိရသွားပြီး အရာအားလုံးကို ရှင်းလင်းစွာ နားလည်သွားတော့သည်။

တိမ်တိုက်များ ဖုံးလွှမ်းနေသော နေမင်းသည် နေရာဒေသတစ်ခုကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ရှကွမ်(နေရောင်ခြည်)၊ ဝမ်ရှကွမ်ကို ရည်ညွှန်းခြင်းသာ ဖြစ်သည်။

ဟော်တုံသာ မပြောပြခဲ့လျှင် လော်ယွမ် မည်သို့မျှ စဉ်းစားမိမည်မဟုတ်ပေ။ ဤသည်မှာ ဉာဏ်ရည်ပြဿနာမဟုတ်ဘဲ တွေးခေါ်မှုလမ်းကြောင်း မှားယွင်းနေခြင်းသာ ဖြစ်သည်။

....................................................................................

"ရေနည်းနည်းသောက်လိုက်ပါဦး" ဟွမ်ကျားဟွေက ဘေးတစ်ဖက်တွင် ပုန်းကွယ်နေသော ဝူရှောင်ရှောင်ကို ကြည့်ပြီး ရေခွက်ကို ကမ်းပေးလိုက်သည်။

ထိတ်လန့်သွားသကဲ့သို့ ဝူရှောင်ရှောင်သည် အလိုအလျောက်ပင် ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ စွန်းရုံတ အဖြစ်ဆိုးနှင့် ကြုံတွေ့ပြီးကတည်းက သူမသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

အခြားသူများ သတိမထားမိကြသော်လည်း စွန်းရုံတ၏ အနီးကပ်လူတစ်ယောက်အနေဖြင့် သူမ မည်သို့လျှင် ဘာမှမသိဘဲ နေမည်နည်း။ သူမက အမြဲတမ်း အအိပ်ဆတ်လေ့ရှိပြီး အနည်းငယ် လှုပ်ရှားမှုရှိလျှင်ပင် သူမ နိုးထတတ်သည်။ အမှန်တကယ်တွင် စွန်းရုံတ အပြင်ထွက်သွားကတည်းက သူမ နိုးနေခဲ့ပြီဖြစ်သည်။

ဝမ်ရှီရှီကလည်း ရှေ့ဆင့်နောက်ဆင့် လိုက်ပါသွားသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သို့သော် ပြန်လာသောအခါ ဝမ်ရှီရှီတစ်ယောက်တည်းသာ ပြန်လာပြီး စွန်းရုံတမှာမူ ပျောက်ဆုံးနေခဲ့သည်။

စွန်းရုံတသည် ပြီးပြည့်စုံသော ခင်ပွန်းတစ်ဦးမဟုတ်ပေ။ သူသည် အရပ်ပုပြီး ရုပ်ရည်သာမန်မျှသာဖြစ်ကာ စိတ်ဓာတ်မှာလည်း အစွန်းရောက်တတ်သဖြင့် အားနည်းချက်များစွာ ရှိသည်ဟု ဆိုရမည်။ ကမ္ဘာပျက်ကပ်အချိန်သာ မဟုတ်ခဲ့လျှင် သူမ စွန်းရုံတကို ရွေးချယ်ခဲ့မည်မဟုတ်ပေ။ သို့သော် သူနှင့် လက်ထပ်ပြီးကတည်းက တစ်ဖက်လူသည် သူမအပေါ် အရာရာ လိုက်လျောခဲ့သည်။ ပါးစပ်ထဲငုံထားလျှင် အရည်ပျော်သွားမည်၊ လက်ပေါ်တင်ထားလျှင် ပြုတ်ကျသွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။ လူသည် သစ်ပင်၊ မြက်ပင်မဟုတ်သည့်အတွက် သံယောဇဉ်ကတော့ ရှိတတ်သည်ပင်။ ကျောက်တုံးကဲ့သို့ မာကျောသော စိတ်နှလုံးပင်လျှင် ထိုသို့အရေးပေးခံရလျှင် အရည်ပျော်သွားနိုင်သည်။

ထိုအချိန်မှစ၍ သူမသည် စကားပြောနည်းသွားပြီး လူအုပ်စုနှင့် ခပ်ခွာခွာနေခဲ့သည်။ အခြားသူများ ရိပ်မိသွားမည်ကို စိုးရိမ်၍ ခေါင်းကို အမြဲငုံ့ထားကာ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုနှင့် နာကြည်းမှုများကို နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့သည်။

ထိုအချိန်၌ လူအုပ်စုသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး မူလက ထိုင်နေသော ဟွမ်ကျားဟွေ၊ ဝမ်ရှီရှီနှင့် အခြားသူများသည် ထရပ်လိုက်ကြကာ မျက်နှာများ၌ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။

ဝူရှောင်ရှောင်သည် မော့ကြည့်လိုက်ရာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်နှာသည် ရှုပ်ထွေးသွားသည်။

"လော်ယွမ်"

သူမ၏ စိတ်ထဲ၌ ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။ ဤအရာအားလုံးသည် လော်ယွမ်၏ အပြစ်မဟုတ်ကြောင်း သူမသိသော်လည်း လော်ယွမ်နှင့် မတွေ့ဆုံခဲ့ပါက သူမသည် ဤအခြေအနေသို့ ရောက်ရှိမည်မဟုတ်သကဲ့သို့ စွန်းရုံတသည်လည်း သေသည် ရှင်သည် မသိဘဲ ပျောက်ဆုံးသွားမည်မဟုတ်ပေ။

ဤအရာအားလုံးကို သူက ယူဆောင်လာခြင်းဖြစ်သည်။

ဝူရှောင်ရှောင်သည် မူလနေရာ၌ မလှုပ်မယှက် ရပ်နေပြီး မျက်ဝန်းများ နီရဲနေသည်။ လော်ယွမ်၏ အကြည့်က သူမထံသို့ ရောက်ရှိလာမှသာလျှင် သူမသည် ခါးသီးသော အပြုံးတစ်ချက်ကို အနိုင်နိုင် ပြုံးပြလိုက်သည်။

လော်ယွမ်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေ့မှ ဟွမ်ကျားဟွေကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ခံစားရင်း ကျောပြင်ကို ပုတ်ကာ ပြောလိုက်သည်။ "ဒီအတောအတွင်း တော်တော်ဒုက္ခရောက်လိုက်ရပြီထင်တယ်"

"ရှင် ဘာမှမဖြစ်ရင်ဘဲ ရပါပြီ" ဟွမ်ကျားဟွေသည် စိတ်ခံစားချက်ကို အစွမ်းကုန် ထိန်းချုပ်ရင်း တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

လော်ယွမ်က ဟွမ်ကျားဟွေကို လွှတ်လိုက်သည်နှင့် ဝမ်ရှီရှီသည် လူအများ၏ အကြည့်ကို ဂရုမစိုက်ဘဲ လျင်မြန်စွာ ပြေးဝင်လာပြီး သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ လော်ယွမ်က သက်ပြင်းချလိုက်ပြီး ညင်သာစွာ ပြန်လည်ပွေ့ဖက်လိုက်သည်။ သူတွန်းဖယ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ပခုံးထက်၌ စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် သူက ခပ်တိုးတိုး နှစ်သိမ့်လိုက်သည်။ "အားလုံးပြီးသွားပါပြီ"

"ကိုကြီးဘာမှမဖြစ်ဘူးဆိုတာ သမီး သိနေတယ်... သမီး သိတယ်" ဝမ်ရှီရှီသည် အားရပါးရ ငိုကြွေးလိုက်သည်။

ဤရက်ပိုင်းများအတွင်း၌ သူမသည် လော်ယွမ်၏ ဘေးကင်းရေးကို စိုးရိမ်ရသည်သာမက အဖွဲ့ထဲတွင် လော်ယွမ်မှလွဲ၍ အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ကြီးမားသော ဖိအားများကို ခံစားခဲ့ရသည်။ ဤအချက်က သူမကို လျင်မြန်စွာ ရင့်ကျက်လာစေသကဲ့သို့ အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့သည်။

မိန်းမပျိုလေး၏ မီးတောက်ကဲ့သို့ ပူပြင်းသော ခံစားချက်များက လော်ယွမ်ကဲ့သို့သော လူကြီးတစ်ဦးကို အနေရခက်စေသည်။ "အေးပါ... အေးပါ... ဟိုမှာ သူများတွေ ကြည့်နေတယ်လေ"

ထိုအခါမှသာ ဝမ်ရှီရှီက လက်ကို လွှတ်လိုက်ပြီး မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။

ကျိုးယလီသည် လော်ယွမ်က သူမကို ကြည့်လိုက်သည်ကို မြင်သောအခါ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူမသည် ရှက်တတ်သူဖြစ်ရာ လူအများရှေ့၌ ဤသို့ ပွေ့ဖက်ရသည်ကို မနှစ်သက်သည်မှာ ထင်ရှားလှ၏။ လော်ယွမ်သည် သူမ၏ စရိုက်ကို သိသည့်အတွက် အတင်းအကျပ် မပြုလုပ်ပေ။

လော်ယွမ်သည် နောက်ဆုံး၌ ဝမ်ရှကွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "နင်လည်းငါတို့နဲ့ပြန်လိုက်ခဲ့... ဒီမှာ တစ်ယောက်တည်းနေရင်မလုံခြုံဘူး"

ဝမ်ရှကွမ်၏ မျက်နှာသည် ရှုပ်ထွေးနေပြီး လော်ယွမ်ကို စိုက်ကြည့်ကာ အနည်းငယ် ဟန်ဆောင်ပြုံးလိုက်သည်။ "မလိုက်တော့ပါဘူး... ကျွန်မက ဒီလို မိသားစုကြီးနဲ့ နေရတာ အသားမကျဘူး... အပြင်လူတစ်ယောက်လို ခံစားရတယ်"

"ဒီမှာ နင့်ကို ဘယ်သူမှ အပြင်လူလို့ သဘောမထားပါဘူး... ငါတို့အားလုံးက အချစ်ဆုံး ညီအစ်မတွေပဲလေ" ဟွမ်ကျားဟွေက လျှောက်လာပြီး ဝမ်ရှကွမ်၏ လက်ကို ဆုပ်ကိုင်ကာ ရိုးသားစွာ ပြောလိုက်သည်။

"ကျွန်မ သိပါတယ်" ဝမ်ရှကွမ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "တကယ်တော့ ကျွန်မလည်း ရှင်တို့ကို မခွဲချင်ပါဘူး... ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်းနေရတာ အကျင့်ဖြစ်နေပြီ... ရှင်တို့ ဆက်ပြီး မတိုက်တွန်းပါနဲ့တော့"

လော်ယွမ်၏ မျက်နှာသည် မှောင်မိုက်သွားသည်။ ခံစားချက်ပြဿနာသည် အရှုပ်ထွေးဆုံး ပြဿနာဖြစ်၏။ ဝမ်ရှကွမ်၏ သူ့အပေါ်ထားရှိသော ခံစားချက်ကို သူ မသိဘဲ နေမည်လော။ သို့သော် ခံစားချက်ဟူသည် အတင်းအကျပ် လုပ်ယူ၍မရနိုင်ပေ။ ထို့အပြင် သူမ လိုချင်သည်မှာ နှစ်ဦးသဘောတူ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်ရာ ဤအရာကို သူ မည်သည့်အခါမျှ ပေးစွမ်းနိုင်မည်မဟုတ်ပေ။

နူးညံ့သိမ်မွေ့ဟန်ရှိသော ဝမ်ရှကွမ်သည် တကယ်တမ်းတွင် လူတိုင်းထက် စိတ်ဓာတ်ခိုင်မာသည်။ လော်ယွမ်က သက်ပြင်းချလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း ငါ အတင်းအကျပ် မခေါ်တော့ဘူး... ကိစ္စရှိရင် အချိန်မရွေး ငါတို့ကို လာရှာ... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေပဲလေ... ကမ္ဘာမပျက်ခင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေပဲမလား"

ဝမ်ရှကွမ်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ခေါင်းကို လှည့်လိုက်သည်။ သို့သော် လော်ယွမ်သည် ကြည်လင်သော မျက်ရည်စက်တစ်စက် သူမ၏ ပါးပြင်ပေါ်မှ စီးကျသွားသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။

သူ၏ နှလုံးသားထဲ၌ ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။ သူသည် စိတ်ကိုတင်းကာ အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ ဝူရှောင်ရှောင်ကို တွေ့သောအခါ လူတစ်ယောက် လျော့နည်းနေသည်ကို သတိပြုမိလိုက်ပြီး မေးလိုက်သည်။ "စွန်းရုံတကော"

ပတ်ဝန်းကျင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောကြချေ။ နောက်ဆုံး၌ ဟွမ်ကျားဟွေက မရေမရာဖြင့် ပြောလိုက်သည်။ "သူ ပျောက်နေတယ်"

လော်ယွမ်သည် ဝမ်ရှီရှီ၏ မျက်လုံးများ လှုပ်ရှားနေသည်ကို သတိပြုမိလိုက်ပြီး ဝူရှောင်ရှောင်၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်နေသည်ကို တွေ့လိုက်ရသဖြင့် ဤကိစ္စ၌ အခြားအကြောင်းရင်းများ ရှိနေကြောင်း သိလိုက်ရသည်။ သူသည် အကင်းပါးစွာဖြင့် ဆက်လက်မမေးမြန်းတော့ဘဲ ဝူရှောင်ရှောင်ကို နှစ်သိမ့်လိုက်သည်။ "မပူနဲ့... ငါနဲ့ မြို့တော်ဝန်ဝူကရင်းနီးတယ်... ငါတို့သူ့ကိုသေချာပေါက်ရှာတွေ့မှာပါ"

ဝူရှောင်ရှောင်က ခေါင်းကို အနည်းငယ် ခါလိုက်ပြီး ခေါင်းငုံ့လျက် စကားမပြောပေ။

လော်ယွမ်သည် နောက်ဆုံးကျန်ရှိသော ချန်ကျားယီနှင့် မုဝမ်ဝမ်တို့ကို ကြည့်လိုက်သည်။ "ကဲ... ငါတို့ အိမ်ပြန်ရအောင်"

ဝမ်ရှကွမ်သည် လော်ယွမ်နှင့် လူအုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း ရုတ်တရက် ပြောပြ၍မရနိုင်သော အထီးကျန်ဆန်မှုမျိုး နှလုံးသားထဲမှ ပေါ်ပေါက်လာခဲ့သည်။ သူမသည် မြေပြင်ပေါ်၌ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

............................................................................................................

အချိန်သည် လျင်မြန်စွာဖြင့် သုံးရက် ကုန်လွန်သွားပြန်သည်။

အကြောင်းရင်းကို မသိသော်လည်း ဤရက်ပိုင်းများအတွင်း၌ ငလျင်လှုပ်ခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။

သို့သော် ကံကောင်းသည်မှာ ငလျင်ငယ်လေးများသာ ဖြစ်ပြီး ကြာချိန်လည်း တိုတောင်းသောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်း မရှိခဲ့ပေ။ သို့သော် ဤမျှ မကြာခဏ ငလျင်လှုပ်ခြင်းသည် ဗုံးခိုကျင်းအတွင်း၌ လူထုကို ထိတ်လန့်စေပြီး အခြေအနေကို တင်းမာစေခဲ့သည်။

ပြန်လည်တည်ဆောက်ရေးဇုန် တည်ရှိသော တာကလာမာကန် သဲကန္တာရသည် ခွန်လွန်တောင်တန်း ငလျင်ကြောပေါ်၌ တည်ရှိပြီး မူလကတည်းက ငလျင်လှုပ်ခတ်မှု များပြားသော ဒေသဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မြေအောက်ဖိအား ပြောင်းလဲခြင်း၊ အထူးသဖြင့် အာကာသ မုန်တိုင်းကြောင့် ကမ္ဘာမြေအူတိုင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်းနှင့် ကြီးမားသော အနုမြူဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာပျက်ကပ် စတင်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ကျောက်လွှာလှုပ်ရှားမှုများသည် အလွန်ပြင်းထန်နေပြီး ငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

စိုးရိမ်စရာကောင်းသည်မှာ ဤမျှ မကြာခဏ လှုပ်ခတ်နေသော ငလျင်များကို ကြည့်လျှင် ယခု ငလျင်များသည် ရှေ့ပြေးနိမိတ်များသာ ဖြစ်နိုင်ပြီး ပိုမိုကြီးမားသော ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာရန် တာစူနေခြင်း ဖြစ်နိုင်သည်။

ဗုံးခိုကျင်းသည် မြေအောက်၌ တည်ရှိရာ ကြီးမားသော ငလျင်တစ်ခု ဖြစ်ပွားခဲ့ပါက အကျိုးဆက်ကို တွေးရဲစရာပင် မရှိချေ။

လော်ယွမ်သည် ဤရက်ပိုင်းများအတွင်း၌ မြို့တော်ခန်းမသို့ မကြာခဏ ဝင်ထွက်သွားလာနေပြီး အခြေအနေများကို ပိုမိုသိရှိလာရသည်။ သူ၏ မျက်နှာထားသည် တစ်ရက်ထက်တစ်ရက် ပို၍ မှောင်မိုက်လာပြီး နှလုံးသားထဲ၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားနေရသည်။

ဗုံးခိုကျင်းသည် ဤရက်ပိုင်းများအတွင်း၌ ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ပြန်လည်အဆက်အသွယ် ရရှိခဲ့ပြီဖြစ်ပြီး ထိုနေရာမှ ရရှိသော သတင်းအချက်အလက်များသည် လုံးဝ အကောင်းမြင်စရာ မရှိချေ။ သူတို့ တည်ရှိနေသော ဒေသသည် ကံဆိုးစွာပင် မြေအောက်ကျောက်လွှာ လှုပ်ရှားမှု ပြင်းထန်သော နေရာ၌ ကျရောက်နေသည်။

အချက်အလက်များအရ ဤဒေသ၏ မြေအောက်ကျောက်လွှာများသည် ပွတ်တိုက်မှု ဖြစ်ပွားနေပြီး တောင်တန်းအသစ်တစ်ခုက သဲကန္တာရထဲမှ အချိန်တိုအတွင်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။ သေချာသည်က ဤအချိန်တိုဆိုသည်မှာ နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် နှစ်သောင်းပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ကန္တာရမြို့အတွက်မူ တောင်တန်းတစ်ခု ဖြစ်ပေါ်လာမည့် နိမိတ်လက္ခဏာများကပင် ပျက်စီးစေရန် လုံလောက်နေပြီဖြစ်သည်။ မည်မျှပင် ခိုင်ခံ့သော လူလုပ်အဆောက်အအုံဖြစ်စေ သဘာဝတရား၏ စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤဧရိယာသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ တစ်ဝက်နီးပါး ပါဝင်နေသည်။

ကံဆိုးမသွားရာ မိုးလိုက်၍ရွာသကဲ့သို့ပင်တည်း။

ပြန်လည်တည်ဆောက်ရေးဇုန်သည် ပိုးကောင်လှိုင်းလုံးကြီးကို အသည်းအသန် ခုခံကာကွယ်နေရစဉ်မှာပင် ဤသို့သော ဒုက္ခမျိုးနှင့် ထပ်မံကြုံတွေ့ရပြန်သည်။

ထို့အပြင် မြို့တော်ခန်းမမှ ရရှိသော သတင်းအရ ယခုအချိန်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ် ကြီးမားသော ပြောင်းရွှေ့မှုကို စတင်နေပြီဖြစ်ပြီး။ အချိန်မီ ဆက်သွယ်မှု မရရှိခဲ့ပါက သူတို့သည် ဘာမှမသိဘဲ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ထို့အတူ ကန္တာရမြို့၏ ပြောင်းရွှေ့မှုသည်လည်း အလွန်နီးကပ်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ မည်မျှပင် ရည်မှန်းချက်ကြီးမားသော၊ အာဏာမက်မောသော လူဖြစ်စေကာမူ ဤသို့သော ရှင်သန်ရပ်တည်ရေး ဖိအားအောက်၌ လူသားအားလုံး စုပေါင်းညီညွတ်မှသာလျှင် ရှင်သန်ခွင့် အနည်းငယ် ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ခံရပေမည်။

စတုတ္ထနေ့တွင် နေ့မအား ညမအား အသည်းအသန် ပြုပြင်ပြီးနောက် မြေအောက်မီးရထားလမ်းက နောက်ဆုံး၌ ပြန်လည်ဆက်သွယ်မိခဲ့သည်။

ပဉ္စမနေ့တွင် ဗုံးခိုကျင်း ဒုတိယအလွှာမှ ဂိုဒေါင်များကို ဖွင့်လှစ်လိုက်ပြီး ယာဉ်အမြောက်အမြားသည် လမ်းကြောင်းများ၌ အသွားအလာများပြားနေကာ ပစ္စည်းအမြောက်အမြားကို ဘူတာရုံသို့ ပို့ဆောင်ပြီး ရထားပေါ်သို့ တင်ဆောင်နေကြသည်။

ညကိုးနာရီ ဆယ်မိနစ်တွင် လော်ယွမ်သည် မြို့တော်ဝန်စုံ့နှင့်အတူ ရထားနှစ်စင်း ဖြည်းညင်းစွာ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ အပေါ်၌ အရေးကြီးသော စက်မှုပစ္စည်းကိရိယာများနှင့် တန်ဆာပလာများမှလွဲ၍ လူတစ်ဦးတစ်ယောက်မျှ လိုက်ပါစီးနင်းခွင့် မရရှိခဲ့ချေ။

ဤသည်မှာ ဆိုးသည်ထက် ပို၍ဆိုးသော သတင်းတစ်ခုပင်။ ကန္တာရမြို့၌ လုံလောက်သော ရထားမရှိကြောင်း လော်ယွမ် တွေ့ရှိလိုက်ရသည်။ ပြောင်းရွှေ့လိုပါက ရထားပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ပို၍ ဆိုးရွားသည်မှာ ဤရထား၏ ခရီးဆုံးသည် အနီးအနားတဝိုက်မှ မြို့များမဟုတ်ပေ။ ဤမြို့များသည် ကျဆုံးသွားခြင်း သို့မဟုတ် ပြောင်းရွှေ့သွားပြီဖြစ်သည်။ သူတို့သည် ဤတစ်ကြိမ်၌ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးသော မျှော်လင့်ချက်မြို့တော်သို့ သွားရောက်ရမည်ဖြစ်ရာ အသွားအပြန် တစ်ရက်နှင့် တစ်ည ကြာမြင့်မည်ဖြစ်သည်။ ဤသည်မှာ လမ်းခရီး၌အရာအားလုံး အဆင်ပြေချောမွေ့မှသာ ဖြစ်သည်။

ဗုံးခိုကျင်းရှိပစ္စည်းအားလုံးကို သယ်ယူပို့ဆောင်ရန်အတွက် နှစ်ရက်တိတိ ကြာမြင့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ရက်ကြာမှသာလျှင် လူများကို အမှန်တကယ် စတင်ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ ရထားတစ်စင်းလျှင် အတွဲ ၁၈ တွဲ ပါဝင်ပြီး ထိုင်ခုံများနှင့် မလိုအပ်သော အဆောက်အဦများကို ဖယ်ရှားလိုက်ပါက တွဲတစ်တွဲလျှင် အများဆုံး လူ ၅၀၀၊ ၆၀၀ ခန့် တင်ဆောင်နိုင်သည်။ ရထားတစ်စီးလျှင် လူ တစ်သောင်း၊ နှစ်စီးလျှင် နှစ်သောင်းဖြစ်ရာ ကန္တာရမြို့၏ လူဦးရေ တစ်သိန်းနှင့် တွက်ချက်ကြည့်ပါက အနည်းဆုံး အသွားအပြန် ငါးခေါက် ပြေးဆွဲရမည်ဖြစ်သည်။

ထို့ကြောင့်လူအားလုံးကို ပြောင်းရွှေ့ပြီးစီးရန် ခုနစ်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

ဤခုနစ်ရက်အတွင်း မည်သည့်အရာ ဖြစ်ပျက်လာမည်ကို ဘုရားသာ သိပေလိမ့်မည်။

လော်ယွမ်သည် စိုးရိမ်ပူပန်မှုများဖြင့် အဆောင်သို့ ပြန်ရောက်လာပြီး မျက်နှာထား တည်ကြည်နေသည်။ သူသည် ဤကဲ့သို့ ဘာမျှမတတ်နိုင်သော ခံစားချက်ကို မုန်းတီးသော်လည်း ကမ္ဘာပျက်ကပ်ထဲ၌ နေထိုင်ရသူအနေဖြင့် ဤရက်စက်ကြမ်းကြုတ်မှုကို အသားကျအောင် နေထိုင်ရမည်ဖြစ်ပြီး ကံကြမ္မာ၏ ရေစီးကြောင်းအတိုင်း လိုက်ပါကာ ရုန်းကန်ရှင်သန်ရမည်သာ ဖြစ်သည်။

ကုတင်ပေါ်၌ လှဲလျောင်းရင်း မြေပြင်၏ ရံဖန်ရံခါ တုန်ခါမှုကို ခံစားနေရသည့်အတွက် လော်ယွမ်သည် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မပျော်နိုင်ဘဲ မျက်နှာကြက်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။

............................................................................................................

နောက်တစ်နေ့ နံနက်စောစော မနက်စာ စားနေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

လော်ယွမ် တံခါးဖွင့်ကြည့်လိုက်ရာ ကျန်းဝူနှင့်အတူ ရန်ကျိချင်းနှင့် အခြားမမြင်ဖူးသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူ ကျန်းဝူကို မေ့လျော့နေခဲ့ကြောင်း သတိရသွားသည်။ ဤရက်ပိုင်းအတွင်း သူသည် ကျန်းဝူနှင့် လုံးဝ အဆက်အသွယ်မလုပ်ခဲ့မိပေ။

"အားလုံး အထဲဝင်ထိုင်ကြပါ... ဒီတစ်ယောက်က ဘယ်သူလဲ" လော်ယွမ်က မေးလိုက်သည်။

"ဆရာယွမ် မင်္ဂလာပါ... ကျွန်တော့်နာမည်က ယန်မုန်ကျွင်းပါ" သူစိမ်း ဆင့်ကဲပြောင်းလဲသူက အလျင်အမြန် ရိုသေစွာ ပြောလိုက်သည်။

လော်ယွမ်က ပြုံးလိုက်သည်။ "အားမနာပါနဲ့... အားလုံး ဝင်လာကြပါ"

"ဆရာယွမ်... နောက်သုံးလေးရက်နေရင် ရွှေ့ပြောင်းတော့မှာဆိုတော့... ဆရာယွမ်မှာ ဘာအစီအစဉ်ရှိလဲမသိဘူး" ယန်မုန်ကျွင်းက ထိုင်လိုက်သည်နှင့် တဲ့တိုးပင် မေးလိုက်သည်။

"အစီအစဉ်လား" လော်ယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ခင်ဗျားတို့က အတူ မလိုက်ကြဘူးလား"

"အခု ငလျင်တွေက အရမ်းစိပ်နေတာ တော်တော်စိုးရိမ်ဖို့ကောင်းတယ်... ကျွန်တော် သိထားတဲ့ သတင်းအရဆိုရင် ပြောင်းရွှေ့ဖို့က တော်တော်စောင့်ရဦးမှာတဲ့... ပြီးတော့ ငလျင်ကြောင့် မီးရထားလမ်း ပျက်သွားမှာကိုလည်း အချိန်မရွေး စိုးရိမ်နေရတယ်... ဆရာယွမ်က ကျဆုံးနယ်မြေတွေကနေ ဒီအထိ တောက်လျှောက် ပြောင်းရွှေ့လာခဲ့တာလို့ ကြားတယ်... အတွေ့အကြုံလည်း ကြွယ်ဝတယ်ဆိုတော့ ဆရာယွမ်ကို စည်းရုံးပြီး အတူတူ ပြောင်းရွှေ့ချင်လို့ပါ"

ပြောပြီးနောက် ယန်မုန်ကျွင်းသည် လော်ယွမ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ သူသည်လည်း ထိုစဉ်က ထောင်ဖောက်ပြေးသူများထဲမှ တစ်ဦးဖြစ်သော်လည်း ပစ်မှတ်ကြီးမားမည်ကို စိုးရိမ်သည့်အတွက် လော်ယွမ်နှင့်အတူ မလိုက်ပါခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကျန်းဝူနှင့် စကားပြောဖြစ်မှသာ ထောင်ဖောက်ပြေးပြီးနောက် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ကြောင်းနှင့် ပုန်ကန်မှုတစ်ခုလုံးကို လော်ယွမ်တစ်ယောက်တည်း၏ စွမ်းအားဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဤရက်ပိုင်းအတွင်း အခြေအနေသည် တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာခဲ့သည်။ သူတို့ လူအနည်းငယ်သည် မကြာခဏ တွေ့ဆုံ၍ သတင်းအချက်အလက်များ ဖလှယ်ကြရာ အခြေအနေက အလွန်အန္တရာယ်ရှိသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့သည် ဗုံးခိုကျင်း၌ ပုန်းအောင်းပြီး ကံကြမ္မာ၏ စီရင်ချက်ကို စောင့်ဆိုင်းနေမည့်အစား အပြင်ထွက်၍ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် သူတို့ချည်းသက်သက်ဖြင့်မူ လုံခြုံမှုကို အာမမခံနိုင်သည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် လော်ယွမ်၏ သဘောထားက ဤဆုံးဖြတ်ချက်၏ အဓိကသော့ချက် ဖြစ်လာခဲ့သည်။

ဤစကားတစ်ခွန်းက အိပ်မက်မက်နေသူကို နှိုးလိုက်သကဲ့သို့ပင်တည်း။

လော်ယွမ်သည် ကြောင်သွားပြီး စိတ်ထဲ၌ ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။ ဟုတ်ပေသည်... သူဒီကနေအချိန်မရွေး ထွက်သွားလို့ရသည် မဟုတ်ပါလော။

သာမန်လူများသည် တစ်ကိုယ်တည်း ပြောင်းရွှေ့နိုင်စွမ်းမရှိသော်လည်း သူတို့၌ ရှိနေသည် မဟုတ်ပါလော။ ကမ္ဘာပျက်ကပ် စတင်ကတည်းက သူတို့သည် တရုတ်ပြည်တစ်ခုလုံးနီးပါးကို ဖြတ်သန်းခဲ့ပြီး လမ်းတစ်လျှောက်လုံး ဤသို့ပင် လာခဲ့ကြသည်။ ဤနေရာမှ သက်တောင့်သက်သာရှိသော ဘဝက မိမိကို နစ်မွန်းသွားစေသည်လော။

လော်ယွမ်သည် ခဏတာ စဉ်းစားလိုက်သည်။ "ခင်ဗျားတို့ ကျွန်တော့်ကို သတိပေးလိုက်တာပဲ... အခု အခြေအနေက လုံးဝ အကောင်းမြင်စရာမရှိဘူး... အချိန်ဆွဲလို့မဖြစ်ဘူး... ဒီနေ့နေ့လည်ပဲ စထွက်ရအောင်"

လာရောက်သူ လူအနည်းငယ်၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှုများ ပေါ်ထွက်လာသည်။ "ဒါဆို ကျွန်တော်တို့ အရင်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်"

ကျန်းဝူနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် အဆောင်၏ လေထုသည် ချက်ချင်းပင် လေးလံသွားခဲ့သည်။

သို့သော် လူတိုင်း၌ ဤကဲ့သို့သော သတ္တိမျိုး ရှိကြသည်မဟုတ်ပေ။ သာမန်လူများသည် သန္ဓေပြောင်းသားရဲများ သောင်းကျန်းနေသော တောရိုင်းနယ်မြေကို မြွေနှင့် ကင်းကို ရှောင်ရှားသကဲ့သို့ မွေးရာပါ ကြောက်ရွံ့စိတ် ရှိကြသည်။

"ကျွန်မ မလိုက်တော့ဘူး" ဝူရှောင်ရှောင်သည် ဘေးတစ်ဖက်၌ ကျုံ့ကျုံ့လေးထိုင်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမ ငြင်းဆန်လိုက်သည်ကို သိပ်အံ့ဩစရာမရှိလှပေ။ တကယ်တမ်းတွင် ပြန်ရောက်လာကတည်းက ဝူရှောင်ရှောင်သည် ကိုယ်ပျောက်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး လူအုပ်စုနှင့် သိသာထင်ရှားသော အကွာအဝေးတစ်ခု ရှိနေခဲ့သည်။ တစ်ခါတစ်ရံ ဝမ်ရှီရှီကို ခိုးကြည့်သောအခါ မျက်ဝန်းများ လှုပ်ရှားနေတတ်သည်။

ထိုအချိန်၌ လော်ယွမ်သည် အကြောင်းရင်းကို သိရှိပြီးဖြစ်သည်။ သို့သော် လူ၌ ရင်းနှီးမှု ပမာဏ ရှိကြသည်။ ထို့အပြင် စွန်းရုံတသည် သတင်းပေးရန် ကြိုးစားခဲ့သည့်အတွက် အကြိမ်တစ်သောင်း သေဆုံးသွားသည့်တိုင်အောင် သူ၏ စိတ်ထဲ၌ လှိုင်းဂယက်ထလိမ့်မည်မဟုတ်ပေ။ သူ၏ ဝူရှောင်ရှောင်အပေါ် သဘောထားက အသိမိတ်ဆွေတစ်ဦးကို တွေ့ရှိ၍ ကူညီပေးလိုသော စိတ်သဘောထားမျှသာ ဖြစ်သည်။ ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်သွားသည့်အတွက် သူမ ထွက်ခွာသွားခြင်းသည် အကောင်းဆုံး ရလဒ်ပင်ဖြစ်သည်။

သို့သော် လော်ယွမ်ကို အံ့ဩဆုံးဖြစ်စေသည်မှာ မုဝမ်ဝမ်ကဲ့သို့သော အစွမ်းထက်သည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးကလည်း ငြင်းဆန်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော် သူမ၏ စရိုက်ကို စဉ်းစားကြည့်လိုက်သောအခါ လော်ယွမ်သည် နားလည်သဘောပေါက်သွားခဲ့သည်။ သူမသည် တိတ်ဆိတ်ပြီး မိမိကိုယ်ကို ပိတ်လှောင်ထားတတ်သော စရိုက်ရှိပြီး အန္တရာယ်ရှိသော ပတ်ဝန်းကျင်အပေါ်အပေါ်၌ ကြီးမားသော မလုံခြုံမှု ခံစားချက်တစ်မျိုး ရှိနေဟန်တူသည်။ တောနက်ထဲသို့ သွားရောက်ရန်မှာ သူမအတွက် အမှန်တကယ်ပင် အနည်းငယ် အခက်အခဲ ရှိနေပေလိမ့်မည်။

ဆက်ရန်...

All Chapters