← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 16 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 16 Ch. 305-306

(၃၀၅)ဧရာမသားရဲကြီးများ၏တိုက်ပွဲ

တိုက်ခတ်လာသော လေပြင်းသည် မျက်နှာပေါ်သို့ ရိုက်ခတ်ပြီး လော်ယွမ်၏ဆံပင်များကို လွတ်လပ်စွာ လွင့်ပျံသွားစေ၏။ စောစောက လိုဏ်ဂူလမ်းကြောင်း၌ အစမ်းသဘောပျံသန်းခဲ့သည်နှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ် ကောင်းကင်ယံတွင် ပျံသန်းခြင်းကမှ စိတ်လှုပ်ရှားဖွယ်အစစ်အမှန် ဖြစ်လေသည်။

ဤသည်မှာ လွတ်လပ်မှု၏အရသာပင်တည်း။ အတားအဆီးမရှိ ကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးကြားတွင် စိတ်တိုင်းကျ ပျံသန်းနိုင်ခြင်းပင်တည်း။

ခေါင်းပေါ်တွင် ထူထပ်၍ နူးညံ့သော တိမ်တိုက်များက တစ်ဆက်တစ်စပ်တည်း ဖုံးလွှမ်းထားပြီး နေရောင်ခြည်ကို ကာကွယ်ထား၏။ ဤကဲ့သို့သော မိုးအုံ့သည့်ရာသီဥတုသည် ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်သည်။ အနည်းဆုံးတော့ လော်ယွမ် အပြင်ထွက်တိုင်း တစ်ရက်မျှ နေသာခြင်း မရှိခဲ့ပေ။

ထူထပ်သော တိမ်တိုက်များကို ကြည့်ရင်း သူ၏စိတ်ထဲတွင် ပြင်းပြသောဆန္ဒတစ်ခု ပေါ်ပေါက်လာသည်။ တိမ်တိုက်များကို ဖောက်ထွင်း၍ အပေါ်ဘက်သို့ သွားရောက်ကြည့်ရှုချင်စိတ် ဖြစ်ပေါ်လာ၏။

ဝမ်ရှီရှီ၏ စိတ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို မ၍ ပျံသန်းသည့်နည်းလမ်းနှင့် ယှဉ်ပါက လော်ယွမ်၏ စိတ်စွမ်းအားဖြင့် ပျံသန်းခြင်းသည် ပိုမိုအားကောင်းလှသည်။ ၎င်းတွင် အမြင့်ကန့်သတ်ချက် မရှိပေ။ စိတ်စွမ်းအားက ထောက်ပံ့နိုင်သရွေ့ သူသည် ဆက်လက်ပျံသန်းနေနိုင်မည်ဖြစ်ပြီး အသက်ရှူခြင်းနှင့် ခန္ဓာကိုယ်တွင်းဖိအားပြောင်းလဲမှုကို ထည့်မတွက်ပါက ကမ္ဘာ့လေထုအပြင်ဘက်သို့ပင် ပျံသန်းသွားနိုင်ပေသည်။

မြေပြင်မှ ရှုခင်းများ တဖြည်းဖြည်း သေးငယ်သွား၏။ မိနစ်အနည်းငယ်အကြာတွင် သူသည် ထူထပ်သော တိမ်တိုက်ဖြူများကို ဖြတ်သန်းသွားခဲ့ပြီး နေရောင်ခြည်သည် ရေငွေ့များကို ဖြတ်သန်း၍ မှော်ဆန်သော အလင်းရောင်များကို ဖြာထွက်စေသည်။ သူ ခေါင်းမော့၍ အပေါ်သို့ ကြည့်လိုက်သောအခါ ကြည်လင်ပြာလဲ့နေသော ကောင်းကင်နှင့် နွေးထွေးသော နေရောင်ခြည်ကို ခံစား၍မဆုံးခင်မှာပင် နဖူးတွင် ချွေးစေးများ ရုတ်တရက် စို့တက်လာ၏။ မြင်ကွင်းတစ်ဆုံးတွင် မရေမတွက်နိုင်သော အကြီးအသေး ငှက်အပေါင်းတို့သည် တိမ်တိုက်များအထက်တွင် ပျံဝဲနေကြပြီး ရံဖန်ရံခါ အော်ဟစ်သံများ ပြုလုပ်နေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်တည်း။

ရံဖန်ရံခါတွင် တောင်ပံအလျား ပေ၃၀ကျော်၊ တစ်ခါတစ်ရံ ပေသုံးလေးရာကျော်အထိ ရှည်လျားသော ဧရာမငှက်ကြီးအချို့သည် အရိပ်မည်းကြီးများသဖွယ် ခေါင်းပေါ်မှ ဖြတ်သန်းပျံသန်းသွားကြရာ မြင်ရသူကို ရင်တုန်ပန်းတုန်ဖြစ်စေပြီး အံ့အားသင့်စေ၏။

မပျံသန်းမီက သူသည် ကောင်းကင်ကို အကဲခတ်ခဲ့သော်လည်း တိမ်တိုက်များ ဖုံးလွှမ်းနေသဖြင့် ဤအခြေအနေကို လုံးဝမမြင်ခဲ့ရပေ။ အပေါ်တွင် ဤမျှလောက်များပြားသော ငှက်များ ပျံဝဲနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

သူသည် အလျင်အမြန် ရပ်တန့်လိုက်ပြီး ထူထပ်သော တိမ်တိုက်များထဲသို့ ဝင်ရောက်ပုန်းအောင်းလိုက်သည်။

မြေပြင်ပေါ်တွင်ဆိုလျှင် လော်ယွမ်သည် တိုက်ခိုက်နိုင်သေးသော်လည်း ယခု ကောင်းကင်ယံတွင် သူတို့၏ပိုင်နက်ဖြစ်နေသဖြင့် သူလုပ်နိုင်သည်မှာ တွေ့မသွားပါစေနဲ့ဟု ဆုတောင်းရုံသာ ရှိတော့သည်။ သူ၏ တစ်စက္ကန့်လျှင် ပေခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်ရှိသော ပျံသန်းနှုန်းဖြင့် ထွက်ပြေးမည်ဆိုပါက သဘာဝအတိုင်း ပျံသန်းနိုင်သော ဤသတ္တဝါများရှေ့တွင် ခရုတစ်ကောင်ထက် များစွာမမြန်လှပေ။

စိတ်အေးသွားသောအခါ လော်ယွမ်သည် ဤငှက်များ၏ အပြုအမူမှာ အနည်းငယ်ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။

၎င်းတို့သည် တစ်နေရာတည်းတွင် အဆက်မပြတ် ပျံဝဲနေကြသော်လည်း အမဲလိုက်နေခြင်းမဟုတ်ပေ။ ထွက်ပေါ်လာသော အသံများသည်လည်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသံနှင့် ပိုတူ၏။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို လော်ယွမ် ရင်းနှီးဖူးသလို ခံစားရသည်။

ဤသည်မှာ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မည့် နိမိတ်လက္ခဏာပင်။ ကမ္ဘာမပျက်မီက သတ္တဝါများနှင့် ယှဉ်လျှင် ဤသန္ဓေပြောင်း သတ္တဝါများသည် အဆပေါင်းများစွာ ပိုမိုသန်မာကြသော်လည်း မည်မျှပင်သန်မာစေကာမူ သဘာဝကပ်ဘေးကို ကြောက်ရွံ့သည့် ပင်ကိုယ်အသိစိတ်ကို ပြောင်းလဲနိုင်ခြင်းမရှိပေ။ ဤသည်မှာ သက်ရှိများ နှစ်သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာမှုမှ ကျန်ရစ်ခဲ့သော အဖိုးတန်အမွေအနှစ်တစ်ခုပင် ဖြစ်သည်။

ထိုပျံဝဲနေသော ငှက်အုပ်ကြီးကို ကြည့်ရင်း သူ၏စိတ်ထဲတွင် လေးလံသွားသည်။ အချိန်မဆွဲဝံ့တော့ဘဲ ဂြိုဟ်တုဖုန်းကို ထုတ်ယူလိုက်ပြီး ထည့်သွင်းထားသော ချစ်ပ်ပြားမှတစ်ဆင့် ဧရာမသားရဲကြီးနှစ်ကောင်၏ တည်နေရာကို ရှာဖွေလိုက်သည်။

ဗုံးခိုကျင်းတွင် အခြေအနေများ ပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ပစ္စည်းများအားလုံး၊ ဂြိုဟ်တုဖုန်းအပါအဝင် ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။

ဖန်သားပြင်ပေါ်တွင် အစိမ်းရောင်အစက်နှစ်ခုသည် အတူတကွရှိနေဆဲဖြစ်သော်လည်း မူလနေရာတွင် မဟုတ်တော့ဘဲ ကီလိုမီတာရာပေါင်းများစွာ ကွာဝေးနေပြီဖြစ်သည်။ အမှန်တကယ်တွင် လော်ယွမ်သည် ဧရာမသားရဲကြီးနှစ်ကောင်၏ လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။

ပိုးကောင်အုပ်မကျရောက်မီကပင် ၎င်းတို့သည် အန္တရာယ်ကို ကြိုတင်သိရှိခဲ့ပုံရပြီး အရှေ့ဘက်သို့ စတင်ရွှေ့ပြောင်းခဲ့ကြသည်။ ကီလိုမီတာရာပေါင်းများစွာ ပြေးလွှားခဲ့ကြပြီး ပိုးကောင်လှိုင်းပြီးဆုံးသွားမှသာ ပြန်လည်လှည့်ပြန်လာခဲ့ကြသည်။ သို့သော် အကြောင်းရင်းမသိရဘဲ မူလနေရာနှင့် ကီလိုမီတာတစ်ရာအကွာတွင် ရပ်တန့်လိုက်ကြပြီး ရှေ့ဆက်မတိုးရဲကြတော့ချေ။

ယခင်က မသိခဲ့သော်လည်း ယခု ကန္တာရမြို့အထက်မှ ငှက်များ၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါ လော်ယွမ်က အကြောင်းရင်းကို ခန့်မှန်းမိသွားသည်။

သူ၏မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး လမ်းကြောင်းကို အကဲခတ်ပြီးနောက် မမြင်ရသော စွမ်းအားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် သူသည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းအလား အောက်ဘက်သို့ စောင်းငဲ့၍ ထိုးဆင်းသွားတော့သည်။

ကမ္ဘာ့မြေဆွဲအားကို အသုံးပြုလိုက်သဖြင့် ဤတစ်ကြိမ်တွင် သူ၏အရှိန်သည် လျင်မြန်စွာ မြင့်တက်လာသည်။ စက္ကန့်သုံးဆယ်အတွင်းမှာပင် သူ၏အရှိန်သည် တစ်စက္ကန့်လျှင် ပေ၃၀၀အထိ ရောက်ရှိသွားပြီး တစ်စက္ကန့်လျှင် ၉ပေနှုန်းဖြင့် အရှိန်မြှင့်တင်နေဆဲဖြစ်သည်။

လေထုသည် ပိုမိုသိပ်သည်းလာပြီး ရေထဲသို့ ငုတ်လိုက်ရသကဲ့သို့ ခံစားရသည်။ ပြင်းထန်သော လေစီးကြောင်းရိုက်ခတ်မှုကြောင့် လော်ယွမ်သည် အသက်ရှူ၍ပင် မရတော့ချေ။ "လေပေါ်ပျံ အားကစားဝတ်စုံ" မရှိတော့သဖြင့် လေထုခုခံမှုသည် သူ၏အရှိန်ကို များစွာထိခိုက်စေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရှေ့မှ ခုခံမှုသည် ပိုမိုကြီးမားလာပြီး ထူထဲသော အကာအရံကြီးတစ်ခုကို တိုးဝှေ့နေရသကဲ့သို့ ဖြစ်နေသည်။ ယခုအချိန်တွင် သူ၏အရှိန်သည် အသံ၏အမြန်နှုန်း သုံးပုံနှစ်ပုံခန့်အထိ ရောက်ရှိနေပြီဖြစ်သော်လည်း ဤသည်မှာ အကန့်အသတ်ပင်ဖြစ်သည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော လေထုခုခံမှုအောက်တွင် မြေဆွဲအား၏ အထောက်အပံ့သည် ပျက်ပြယ်သွားပြီး ဆက်လက်အရှိန်မြှင့်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် ဤအရှိန်သည်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၁၀ ဒီဂရီစောင်းလျက် အောက်ဘက်သို့ ပျံသန်းရာတွင် ရေပြင်ညီအကွာအဝေးအရ တစ်စက္ကန့်လျှင် ပေ ၇၅၀ အထိ ရောက်ရှိနေသည်။ ဤအရှိန်ဖြင့် နှစ်မိနစ်ခန့် ပျံသန်းလိုက်ရုံဖြင့် လော်ယွမ်သည် ဧရာမသားရဲကြီးများ မူလနေထိုင်ခဲ့သော တောင်ကြားနေရာသို့ ရောက်ရှိသွားသည်။

သို့သော် ထိုအချိန်တွင် သူသည် မြေပြင်နှင့် နီးကပ်နေပြီဖြစ်၍ မြေဆွဲအားစွမ်းအင်ကို ဆက်လက်အသုံးမပြုနိုင်တော့ဘဲ စိတ်စွမ်းအားဖြင့်သာ ဖြည်းဖြည်းချင်း ဆက်လက်ပျံသန်းရတော့သည်။ နောက်ထပ် တစ်နာရီခွဲခန့် ပျံသန်းပြီးနောက် ကြီးမားသော ရေကန်ကြီးတစ်ခုသည် မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။

ကီလိုမီတာအနည်းငယ်ကျယ်ဝန်းသော ဤရေကန်ကြီးသည် မြေပုံပေါ်တွင် လုံးဝအမှတ်အသားမရှိသဖြင့် မကြာသေးမီကမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ကမ္ဘာမပျက်မီက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်အတူ ကမ္ဘာ့ရာသီဥတုသည် ပြင်းထန်စွာ ပြောင်းလဲခဲ့သည်။ မူလက ခြောက်သွေ့သော သဲကန္တာရများသည်လည်း စိုစွတ်လာပြီး တစ်ခါတစ်ရံ မိုးသည်းထန်စွာရွာသွန်းမှုတစ်ခုတည်းဖြင့် မြစ်ချောင်းများ၊ ရေကန်များ ဖြစ်ပေါ်လာတတ်သည်။

အပေါ်စီးမှကြည့်လျှင် ရေကန်တစ်ခုလုံးသည် ရှုခင်းသာယာပြီး ကြည်လင်သန့်ရှင်းနေသည်။ သစ်ပင်အုပ်ကြီးသည် ရေကန်ကို ဝန်းရံထားပြီး စိမ်းလန်းစိုပြေကာ ထူထပ်စွာ ပေါက်ရောက်နေသည်။ တိုတောင်းသောအချိန်အတွင်းမှာပင် သစ်တောတစ်ခု ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။

ဂြိုလ်တုဖုန်းမှအချက်ပြမှုအရဆိုလျှင် ဧရာမသားရဲကြီးနှစ်ကောင်သည် ဤအနီးအနားတစ်နေရာတွင် ရှိနေသည်။

လော်ယွမ်က အောက်ဘက်ကို သေချာစွာ ကြည့်ရှုလိုက်သည်။ ဤသစ်တောသည် သက်တမ်းနုနယ်သေးသဖြင့် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကဲ့သို့သော ကြီးမားသည့်ခန္ဓာကိုယ်များကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ သစ်တောတစ်ခုလုံးတွင် ၎င်းတို့သွားလာထားသော ခြေရာများ နေရာအနှံ့ ရှိနေသည်။

ခြေရာများကိုလိုက်၍ ရှာဖွေရာ မကြာမီ ရေကန်အနီးတစ်နေရာတွင် လော်ယွမ်က ၎င်းတို့၏ အရိပ်အယောင်ကို တွေ့ရှိလိုက်သည်။

လော်ယွမ်သည် စိတ်ကို စေညွှတ်လိုက်ပြီး ထိုနေရာသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

ဧရာမသားရဲကြီးနှစ်ကောင်သည် ဆော့ကစားနေကြသည်၊ သို့မဟုတ် မျောက်ဝံက ဧရာမဖွတ်ကြီးကို နှောင့်ယှက်နေသည်ကို သူတွေ့လိုက်ရသည်။ မျောက်ဝံသည် ဧရာမဖွတ်ကြီး၏ ပတ်ပတ်လည်တွင် အလွန်တက်ကြွစွာ ပြေးလွှားနေပြီး ၎င်း၏အမြီးကို ဆွဲကိုင်ရန် ကြိုးစားနေသည်။

လော်ယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ နောက်ဆုံးအကြိမ် မျောက်ဝံကို တွေ့ခဲ့စဉ်က ကြောက်ရွံ့တုန်လှုပ်ပြီး သနားစရာကောင်းသော မျက်နှာထားဖြင့် အနိုင်ကျင့်ခံရသော ဇနီးလေးကဲ့သို့ ဖြစ်နေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သတ္တိများ ဤမျှရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် အနီးသို့ရောက်လာလေ သူ၏မျက်နှာအမူအရာ ပြောင်းလဲလာလေဖြစ်သည်။ အစိမ်းနုရောင်အဆင့်သို့ တိုးတက်ပြောင်းလဲပြီး ပုံစံလုံးဝပြောင်းလဲသွားသော ဧရာမဖွတ်ကြီးကို ထည့်မတွက်လျှင် ယခု မျောက်ဝံကြီးက ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး သူ့ကိုပင် စိမ်းသက်သွားစေသည်။

မူလက အမည်းရောင်အမွေးအမျှင်များသည် ယခုအခါ ပွယောင်းနေသော ရွှေဝါရောင်အမွေးများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ရွှေရောင်အမွေးများသည် ၎င်း၏ ခုန်ပေါက်လှုပ်ရှားမှုနှင့်အတူ မီးတောက်များကဲ့သို့ လှုပ်ခါနေသည်။ ခန္ဓာကိုယ်အရွယ်အစားမှာလည်း နှစ်ဆနီးပါး ကြီးထွားလာပြီး အဝေးမှကြည့်လျှင် ဧရာမဖွတ်ကြီးထက်ပင် အနည်းငယ် ပိုမြင့်မားနေသကဲ့သို့ ထင်ရသည်။

ကြွက်သားများသည် အလွန်အမင်း ထုံးဖွဲ့နေပြီး ၃၈ပေခန့် မြင့်မားသော အရပ်အမောင်းသည် အဝေးမှကြည့်လျှင်ပင် ကြီးမားသော လွှမ်းမိုးမှုတစ်ရပ်ကို ပေးစွမ်းနေ၏။

လော်ယွမ်က မျောက်ဝံ၏ အရည်အသွေးပြဇယားကို ဖွင့်ကြည့်လိုက်သည်။

တိုက်ခိုက်ရေးသားရဲ - တောင်ရွှေ့မျောက်ဝံ

အဆင့် - ၀ (အစိမ်းနုရောင်)

အရည်အသွေးများ

------------------

ခွန်အား - ၂၃

အလျင် - ၁၄

ကြံ့ခိုင်မှု - ၂၁

ဉာဏ်ရည် - ၉

အာရုံခံနိုင်စွမ်း - ၁၁

စိတ်စွမ်းအား - ၁၃

အတွေ့အကြုံမှတ် - ဝ/၂၄၀၀

ကျွမ်းကျင်မှုများ

-----------------

ထုနှက်ခြင်း - ၁၅

ဆွဲဖြဲခြင်း - ၁၆

တိုးဝင်တိုက်ခိုက်ခြင်း - ၁၃

ပစ်ပေါက်ခြင်း - ၈

ကိုက်ဖြတ်ခြင်း - ၁၅

တောင်တက်ခြင်း - ၁၉

တောတွင်းရှင်သန်နိုင်စွမ်း - ၁၈

ပင်ကိုစွမ်းရည် - သဘာဝနတ်ခွန်အား၊ မာကြောသောအရေခွံ

အခြေအနေ - ထိပ်တန်း

သစ္စာစောင့်သိမှု - ၇၅ (၅၀ အောက်ရောက်ပါက အချိန်မရွေး သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ အမြင့်ဆုံး ၁၀၀)

လက်ကျန်အရည်အသွေးမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ဝ

လော်ယွမ်သည် အရည်အသွေးများကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ပြောင်းလဲမှုမှာ အလွန်ကြီးမားလွန်းသည်။ အမည်က "ခွန်အားမျောက်ဝံ" မှ "တောင်ရွှေ့မျောက်ဝံ" သို့ ပြောင်းလဲသွားသည်မှာ သာမန်မျှသာဖြစ်ပြီး အံ့ဩစရာအကောင်းဆုံးမှာ အရည်အသွေးများ၏ ကြီးမားသော ပြောင်းလဲမှုပင်။

ဤတစ်ကြိမ် အဆင့်တက်ရာတွင် ခွန်အားက နှစ်မှတ်တိုးလာသည်။ ထို့အပြင် လျင်မြန်မှု တစ်မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်မှတ်၊ ဉာဏ်ရည် တစ်မှတ် တိုးလာသည်။ စုစုပေါင်း အရည်အသွေးလေးခု တိုးတက်ပြောင်းလဲလာပြီး အထူးသဖြင့် ခွန်အားမှာ နှစ်မှတ်အထိ ခုန်တက်သွားခြင်းဖြစ်သည်။

လျင်မြန်မှု အရည်အသွေးမှတ်မှလွဲ၍ ဧရာမဖွတ်ကြီး၏ အရည်အသွေးတိုင်းသည် ယခုအခါ မျောက်ဝံအောက် နိမ့်ကျနေပြီဖြစ်သည်။

သူသည် အရည်အသွေးပြဇယားရှိ "ထိပ်တန်း" ဟူသော စာလုံးကို မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားသည်။ ဤစကားလုံးနှစ်လုံးတွင် ထူးခြားသော အဓိပ္ပာယ်များ ပါဝင်နေပုံရသည်။

လော်ယွမ် မှတ်မိသေးသည်။ ဧရာမဖွတ်ကြီးကို စတင်ဖမ်းဆီးစဉ်က "ထိပ်တန်း" ဟူသော စာလုံးမရှိဘဲ "အားနည်းသည်" ဟူ၍သာ ရှိခဲ့သည်။ နောက်ပိုင်းတွင် "ကျန်းမာသည်"၊ "သန်မာသည်" ဟူ၍ ပြောင်းလဲလာပြီး စနစ်က အဆင့်အကြိမ်ကြိမ်တက်ပြီးမှသာ ဤအရည်အချင်းကို တဖြည်းဖြည်း ရရှိလာခဲ့ခြင်းဖြစ်သည်။

တစ်ကောင်က နောက်မှ စနစ်ဖြင့် မြှင့်တင်ယူရပြီး၊ တစ်ကောင်က မွေးရာပါ ပါလာခြင်းဖြစ်ရာ ဒုတိယတစ်ကောင်၏ အလားအလာသည် ရှေ့တစ်ကောင်ထက် များစွာသာလွန်သည်မှာ ထင်ရှားသည်။

လော်ယွမ်၏ အငွေ့အသက်ကို ခံစားမိသည့်အလား မျောက်ဝံသည် ရုတ်တရက် လေကို ရှူရှိုက်လိုက်စဉ် သတိလစ်ဟင်းသွားသဖြင့် ဧရာမဖွတ်ကြီး၏ လေခွင်းသံနှင့်အတူ ရောက်ရှိလာသော အမြီးရိုက်ချက်ကို ပြင်းထန်စွာ ခံလိုက်ရသည်။ ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ လေလှိုင်းများ ထကြွလာ၏။

မျောက်ဝံသည် သနားစရာကောင်းစွာ အော်ဟစ်လိုက်ပြီး ၃၈ပေခန့်ရှိသော ကြီးမားသည့် ခန္ဓာကိုယ်သည် အမြီးရိုက်ချက်ကြောင့် လိမ့်ထွက်သွားကာ လမ်းတစ်လျှောက်ရှိ သစ်ပင်များစွာ ကျိုးပဲ့သွားသည်။ မျောက်ဝံ၏ ကြီးမားသော ခန္ဓာကိုယ်ရှေ့တွင် ခါးလုံးပတ်ခန့်ရှိသော ဤသစ်ပင်များသည် ကျူရိုးများထက် များစွာမပိုလှပေ။

မျောက်ဝံကရပ်တန့်သွားသည်နှင့် ချက်ချင်းပင် ပြန်ကုန်းထလိုက်သည်။ ၎င်း၏ တက်ကြွလန်းဆန်းနေပုံကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော ပြင်းထန်သောရိုက်ချက်သည် ၎င်းအတွက် ဘာမှမဟုတ်ကြောင်း ထင်ရှားသည်။ သို့သော် ရုတ်တရက် အရိုက်ခံလိုက်ရသဖြင့် ရှက်ရမ်းရမ်းကာ ဒေါသထွက်လာပြီး မျက်လုံးများ နီရဲလာသည်။ ရင်ဘတ်ကို အားကုန်ထုရိုက်၍ "ဘုန်း ဘုန်း" ဟူသော အသံကျယ်ကြီးများ ထွက်ပေါ်စေပြီးနောက် လက်ရောခြေပါအသုံးပြု၍ ဧရာမဖွတ်ကြီးထံသို့ ပြေးဝင်သွားသည်။ စောစောက ရင်းနှီးသော အငွေ့အသက်ကိုပင် မေ့လျော့သွားတော့သည်။

တန်ချိန်ဆယ်ဂဏန်းလေးသော ခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်တွင် ခုန်ပေါက်ပြေးလွှားလာရာ အရှိန်အဝါနှင့် လှုပ်ရှားမှုသက်သက်ဖြင့်ပင် လူကို ထိတ်လန့်၍ ဝပ်သွားစေနိုင်သည်။

သို့သော် ဧရာမဖွတ်ကြီးသည် အမြီးကို ဖြည်းညင်းစွာ ယမ်းခါရင်း အေးဆေးစွာ စောင့်ဆိုင်းနေသည်။ နှစ်ကောင်ကြား အကွာအဝေး ပေ၈၀၊ ၉၀ ခန့်ရောက်မှသာ ဦးခေါင်းကို မျောက်ဝံဘက်သို့ လှည့်လိုက်သည်။

နှစ်ကောင် ဝင်တိုက်မိတော့မည့်ဆဲဆဲတွင် မျောက်ဝံသည် ဧရာမဖွတ်ကြီး၏ ဦးချိုချွန်နှင့် အတွေ့အကြုံရှိဖူးသဖြင့် အရှိန်လျှော့လိုက်ပြီး ဧရာမဖွတ်ကြီးကို ပတ်၍ လည်ပတ်နေတော့သည်။ တိုက်ပွဲသည် ယခင်ကကဲ့သို့ မရေမရာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ဤကဲ့သို့သော ဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုသည် ကြည့်ရသူကို အလွန်ထိတ်လန့်ဖွယ်ကောင်းစေပြီး ၎င်းတို့ပြေးလွှားခုန်ပေါက်ရုံမျှဖြင့်ပင် အံ့မခန်းလှုပ်ရှားမှုများ ဖြစ်ပေါ်စေသည်။ ဤသည်မှာ ကစားနေခြင်းသာဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်ခြင်း မဟုတ်သေးပေ။ ထက်မြက်သော ခြေသည်းလက်သည်းများနှင့် ပင်ကိုယ်စွမ်းရည်များကို အသုံးပြုခြင်းမရှိသေးပေ။ သို့မဟုတ်ပါက မြင်ကွင်းသည် ပိုမိုကြမ်းတမ်းပြီး သွေးထွက်သံယို ဖြစ်ပေလိမ့်မည်။

လော်ယွမ်သည် ခေတ္တမျှ ကြည့်ရှုပြီးနောက် ကောင်းကင်မှ ဆင်းသက်လိုက်သည်။

ကောင်းကင်မှ ကျဆင်းလာသော လော်ယွမ်ကို ကြည့်ရင်း ဧရာမသားရဲကြီးနှစ်ကောင်သည် အနည်းငယ် ကြောင်သွားပြီး ရန်ဖြစ်နေသည်ကို ချက်ချင်းရပ်တန့်လိုက်ကြသည်။

မျောက်ဝံသည် ကြောက်ရွံ့စွာဖြင့် လည်ပင်းကို ကျုံ့လိုက်ပြီး မျက်လွှာချထားကာ မျက်လုံးထောင့်မှ လော်ယွမ်ကို ခိုးကြည့်နေသည်။ ဉာဏ်ရည်တစ်မှတ် တိုးလာပြီးနောက် ၎င်း၏ ကြမ်းတမ်းသော မျက်နှာတွင် မျက်နှာလိုမျက်နှာရ အမူအရာအချို့ ပေါ်လာသည်ကို တွေ့မြင်နိုင်သည်။

အစပိုင်းတွင် ဖမ်းဆီးခံရစဉ်က သင်ခန်းစာသည် အလွန်ပြင်းထန်ခဲ့သောကြောင့် လော်ယွမ်အပေါ်ထားရှိသော ကြောက်ရွံ့မှုသည် အရိုးထဲထိ စွဲမြဲနေပုံရသည်။ ယခု အစိမ်းနုရောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကြောက်ရွံ့မှုမှာ လုံးဝလျော့ပါးသွားခြင်း မရှိချေ။

ကြောက်ရွံ့နေသော မျောက်ဝံနှင့် နှိုင်းယှဉ်လျှင် ဧရာမဖွတ်ကြီးသည် ပိုမိုရင်းနှီးမှုရှိသည်။ လော်ယွမ်ကို တွေ့သောအခါ ဝမ်းသာအားရဖြစ်ပြီး ခေါင်းခါအမြီးယမ်းကာ တိုးကပ်လာသည်။ တောင်ကုန်းငယ်တစ်ခုအလား ပေ၃၀ခန့်မြင့်မားသော ဤဧရာမသားရဲကြီး တစ်လှမ်းချင်း လျှောက်လာသည်ကို ကြည့်ရင်း ဖိစီးသော အငွေ့အသက်တစ်ခု မျက်နှာသို့ တိုးဝင်လာရာ လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားပြီး လက်ကာပြလိုက်သည်။

ရင်းနှီးနေသော လက်ဟန်အမူအရာကို မြင်သောအခါ ဧရာမဖွတ်ကြီးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "ဘုန်း" ကနဲ ဒူးထောက်ချလိုက်သည်။

လော်ယွမ်၏ ခန္ဓာကိုယ်သည် လေပေါ်သို့ ပျံတက်သွားပြီး ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။

လော်ယွမ်အမိန့်ပေးလိုက်သည်နှင့် နောက်တစ်ခဏတွင် ဧရာမဖွတ်ကြီးသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားတော့သည်။

ဆက်ရန်...

အပိုင်း(၃၀၆)စစ်မြေပြင်

ပြန်လမ်းတစ်လျှောက်တွင် ယင်၊ ခြင် အမြောက်အမြား စတင်ပေါ်ထွက်လာသည်။ အစပိုင်းတွင် ကျဲပါးပြီး ဟိုတစ်ကောင် ဒီတစ်ကောင်သာ ရှိသော်လည်း ရှေ့ဆက်သွားလေလေ ပို၍ များပျားလေလေ ဖြစ်သည်။ ကီလိုမီတာ ဆယ်ဂဏန်းခန့် ခရီးဆက်ပြီးနောက်တွင်မူ ရှေ့သို့ ဆက်သွားရန် ခက်ခဲလုနီးပါး ဖြစ်လာသည်။ မရေမတွက်နိုင်သော ယင်ကောင်၊ ခြင်ကောင်များသည် ပိတုန်းအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ နေရာလပ်မကျန် ပြည့်နှက်နေပြီး ထူထဲသော မြူခိုးတိမ်တိုက်ကြီးများသဖွယ် ဟိုစုသည်စုဖြင့် လွင့်ပျံနေကြသည်။

ဧရာမဖွတ်ကြီးသည် အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ရှေ့ဆက်မသွားဘဲ ရပ်တန့်နေသည်။ လော်ယွမ်က အကြိမ်ကြိမ် တိုက်တွန်းပြီးမှသာ မတတ်သာဘဲ ဆက်လက်ထွက်ခွာရတော့သည်။

လေထုထဲတွင် အပုပ်နံ့များဖြင့် ပြည့်နှက်နေပြီး အလောင်းကောင်များ ပုပ်သိုးနေသော အနံ့အသက်ဆိုးများ ထွက်ပေါ်နေသည်။ မြေပြင်သည်လည်း ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး ကြီးကြီးငယ်ငယ် ချိုင့်ခွက်များ နေရာအနှံ့တွင် ရှိနေရာ လကမ္ဘာမျက်နှာပြင်ပေါ်သို့ ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။

မြေပြင်ပေါ်တွင် သန္ဓေပြောင်းပိုးကောင်များနှင့် လူသားများ၏ ရုပ်အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလောင်းများ တောင်လိုပုံနေသည်ကို တွေ့ရပြီး မြင်ရသူ၏ စိတ်နှလုံးကို အေးစိမ့်သွားစေသည်။

အလောင်းများ၏ အသားနှင့် သွေးများမှာ အပုပ်ကောင်စားသတ္တဝါများ၏ စားသောက်ခြင်းကို ခံလိုက်ရပြီဖြစ်ပြီး အေးစက်ဖြူဖွေးသော အရိုးစုများသာ ကျန်ရစ်တော့သည်။

လော်ယွမ်က ဧရာမဖွတ်ကြီးကို အရှိန်လျှော့ခိုင်းလိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ယခင် ကောင်းကင်ထက်တွင် ရှိနေစဉ်က သူ သတိမထားမိခဲ့သော်လည်း ယခု ဧရာမဖွတ်ကြီးစီး၍ ပြန်လာမှသာ စစ်မြေပြင်သည် ကန္တာရမြို့နှင့် မဝေးကွာသောနေရာတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ဤနေရာသည် သေးငယ်ပြီး အရေးမပါသော စစ်မြေပြင်အစိပ်အပိုင်းတစ်ခုသာ ဖြစ်မည်မှာ သေချာသော်လည်း ဧရိယာမှာမူ အလွန် ကျယ်ဝန်းလှသည်။ လော်ယွမ်သည် စစ်မြေပြင်ကို တစ်ပတ်ပတ်ကြည့်လိုက်ရာ ကီလိုမီတာ ဆယ်ဂဏန်း ပတ်လည်ရှိသော နေရာတစ်ခုလုံးသည် စစ်မြေပြင်၏ နယ်ပယ်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

ပျက်စီးပြီး ပုံပျက်နေသော တင့်ကားအမြောက်အမြားနှင့် လေယာဉ်ပစ်အမြောက်များသည် သံတိုသံစများသဖွယ် စစ်မြေပြင်တွင် ပြန့်ကျဲနေသည်။ ပစ်ခတ်ရန် အချိန်မရလိုက်သော အမြောက်ဆံအချို့မှာ ဘေးတစ်ဖက်တွင် လိမ့်ကျနေပြီး ၎င်းတို့အပေါ်တွင် ပိုးကောင်ငယ်လေးများ အခါအားလျော်စွာ တွားသွားနေကြသည်။ အဝေးမှ လှမ်းကြည့်ရုံမျှဖြင့်ပင် စစ်ပွဲ၏ ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များကို လော်ယွမ် ခံစားနိုင်နေပြီ ဖြစ်သည်။

လော်ယွမ်သည် ခံတပ်တစ်ခုကို ဖြတ်သန်းသွားစဉ် အမြောက်ကြီးများ၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသော ဤခိုင်ခံ့သည့် ခံတပ်ကြီး၏ ထောင့်တစ်နေရာ ပြိုကျပျက်စီးနေသည်ကို တွေ့လိုက်ရသည်။ သူ တမင်သက်သက် အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ သံချောင်းများ လိမ်ကောက်နေသော အပေါက်ကြီးမှတစ်ဆင့် မရေမတွက်နိုင်သော အလောင်းများ ကန့်လန့်ဖြတ် လဲလျောင်းနေသည်ကို တွေ့လိုက်ရပြီး အတွင်းပိုင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေသည်။

ဘိလပ်မြေ ကြမ်းခင်းပေါ်တွင် ခွေးသွားစိတ်ကဲ့သို့သော ခြစ်ရာကြီးများ ထင်ကျန်နေပြီး မြောင်းကြီးများသဖွယ် ကြမ်းခင်းတစ်ခုလုံးကို အပိုင်းပိုင်း ခွဲခြားထားသည်။ သို့သော် လက်သည်မှာမူ ပျောက်ဆုံးနေပြီ ဖြစ်သည်။

………………………………………………………………………………

အချိန်ကားမိုးချုပ်စပြုလာပြီ ဖြစ်သည်။ ယန်မုန်ကျွင်းသည် နာရီကို မကြာခဏ ကြည့်ရှုနေပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ယခုအချိန်တွင် ညနေ ငါးနာရီ ထိုးလုနီးပါး ဖြစ်နေပြီး အများဆုံး နောက်ထပ် တစ်နာရီကြာလျှင် မိုးချုပ်တော့မည် ဖြစ်သည်။

ညဘက် ကျဆုံးနယ်မြေက အလွန်အန္တရာယ်များလှသည်။ ဤနေရာသည် မူလက သဲကန္တာရဖြစ်ပြီး နေ့နှင့်ည အပူချိန်ကွာခြားမှု အလွန်ကြီးမားသဖြင့် သတ္တဝါများစွာသည် ညဘက်ရောက်မှသာ အပြင်ထွက် လှုပ်ရှားတတ်ကြသည်။ ယခုအခါ ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲသွားပြီး သဲကန္တာရသည်လည်း မြက်ခင်းပြင်ကြီး ဖြစ်လာပြီ ဖြစ်သော်လည်း ဤသတ္တဝါများ၏ ယခင်အကျင့်စရိုက်များမှာမူ ကျန်ရှိနေဆဲ ဖြစ်သည်။

အကယ်၍ ယခင်ကသာဆိုလျှင် သူ၏ အဆင့်သုံး စွမ်းရည်ဖြင့်ဆိုပါက အန္တရာယ် မရှိလှပေ။ ဤနေရာသည် ကန္တာရမြို့နှင့် နီးကပ်ပြီး လူသားတို့၏ ကာကွယ်ရေးစည်းအတွင်း၌ ရှိသောကြောင့် နယ်မြေအတွင်းရှိ သန္ဓေပြောင်းသတ္တဝါများကို အကြိမ်ကြိမ် ရှင်းလင်းထားပြီးဖြစ်သည်။ သာမန်လူတစ်ဦးပင်လျှင် သတ္တိရှိပါက လာရောက်သွားလာနိုင်သေးသည်။

သို့သော် ယခုအခါ ဤနေရာသည် ကျဆုံးသွားပြီ ဖြစ်ပြီး မူလက လုံခြုံသောဇုန်သည် လုံခြုံမှု မရှိတော့ပေ။ ပြီးခဲ့သော ပိုးကောင်လှိုင်းလုံး ကျရောက်ပြီးနောက် ကျန်ရစ်ခဲ့သော အစွမ်းထက် သန္ဓေပြောင်းပိုးကောင် မည်မျှသည် ဤအဆုံးမရှိသော မြက်ခင်းပြင်ကြီးထဲတွင် ပုန်းအောင်းကာ သားကောင်ကို ချောင်းမြောင်းနေကြမည်ကို မည်သူမျှ မသိနိုင်ပေ။

မူလက လော်ယွမ်ကို အားကိုးနိုင်သေးသော်လည်း ယခု လော်ယွမ်မှာ ပြန်မလာသေးဘဲ ကြာမြင့်နေပြီ ဖြစ်သည်။ မိုးချုပ်လာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင်လည်း တင်းကြပ်လာသည်။

မျက်နှာဖြူဖျော့နေပြီး သူ၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသော ဇနီးသည်ကို ကြည့်ရင်း သူ အားယူပြုံးကာ နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့... ဘာပဲဖြစ်ဖြစ် ကိုယ် ရှိပါတယ်"

"အစ်မ စိတ်ချပါ... ကျွန်တော်တို့ ဒီလောက်လူအများကြီး ရှိတာပဲ... အစ်မရဲ့ လုံခြုံရေးကို အာမခံနိုင်ပါတယ်" ဘေးမှ ကျန်းဝူကလည်း ဝင်ရောက်နှစ်သိမ့်သည်။

"ဟိုဘက်က မိန်းမတွေကို ကြည့်လိုက်ဦး... ဘာမှမဖြစ်သလိုပဲ" ရန်ကျိချင်းက လူအုပ်ထဲတွင် အများနှင့်ယှဉ်လျှင် တည်ငြိမ်သူတစ်ဦး ဖြစ်ပြီး ထူးဆန်းစွာ ပြောလိုက်သည်။

အမျိုးသမီးများ သက်သက်ဖြစ်နေသောကြောင့် ဖြစ်မည် လူအုပ်စုသည် သိသာထင်ရှားသော အုပ်စုနှစ်စု ကွဲသွားသည်။ သို့သော် သူတို့ဘက်မှ စိတ်ဖိစီးနေမှုနှင့် နှိုင်းယှဉ်ပါက အခြားတစ်ဖက်မှ အမျိုးသမီးတစ်စုမှာမူ ပုံမှန်အတိုင်းပင် ထွေရာလေးပါးများကို ပြောဆိုနေကြသည်။

"ကျွန်တော် သွားမေးကြည့်မယ်" ယန်မုန်ကျွင်းက တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ ယခင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအနေဖြင့် သာမန်လူများကဲ့သို့ သူစိမ်းများနှင့် တွေ့ဆုံရာတွင် တွန့်ဆုတ်နေလေ့မရှိပေ။ ပြောပြောဆိုဆိုဖြင့် သူသည် ကုမိန်ယန်ကို ခေါ်ဆောင်ကာ လျှောက်သွားလိုက်သည်။ "အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်နော်... ဆရာယွမ် ဘယ်တော့လောက် ပြန်လာမလဲဆိုတာများ သိကြလားမသိဘူး"

"သူခဏနေရင် ပြန်လာပါလိမ့်မယ်" ဟု ဟွမ်ကျားဟွေက နာရီကို ကြည့်ပြီး ပြုံးလျက် ဆိုသည်။ အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ပြီးဖြစ်၍၊ ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုးကို သူမ ကျင့်သားရနေပြီ ဖြစ်သည်။ "ခဏလောက် ထပ်စောင့်ပေးကြဦးနော်"

"ရပါတယ်... ရပါတယ် ကျွန်တော်က စိုးရိမ်လို့မေးတာပါ... အခုကမိုးချုပ်တော့မယ်ဆိုတော့ မှောင်လာရင် အန္တရာယ် နည်းနည်းရှိလာနိုင်လို့လေ" ယန်မုန်ကျွင်းက အလျင်အမြန် ရှင်းပြသည်။ ဤသူများမှာ ဆရာယွမ်နှင့် နီးစပ်သူများဖြစ်ရာ အကယ်၍ သူ စိတ်မရှည်တော့ဟု အထင်လွဲသွားပါက ပြဿနာတက်ပေလိမ့်မည်။

"သတိပေးတာ ကျေးဇူးပါ... ကျွန်မတို့ သတိထားပါ့မယ်" ဟွမ်ကျားဟွေက ယဉ်ကျေးစွာ ဆိုသော်လည်း စိတ်ထဲတွင်မူ ဂရုမစိုက်လှပေ။ ဝမ်ရှီရှီ၏ အံ့မခန်း အစွမ်းသတ္တိကို ထားလိုက်ဦး သူမကိုယ်တိုင်ပင်လျှင် သာမန်သန္ဓေပြောင်းသတ္တဝါများကို ရင်ဆိုင်ရာ၌ လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။ မုန်တိုင်းကြီးများကို ဖြတ်ကျော်လာခဲ့ပြီးဖြစ်၍ ကန္တာရမြို့ဆင်ခြေဖုံးမှ ဤတောရိုင်းမြေကို သူမ အမှန်တကယ် စိုးရိမ်မနေပေ။

ယန်မုန်ကျွင်းမှာ စိတ်ထဲတွင် မတတ်သာဘဲ ဇနီးသည်နှင့်အတူ မူလလူအုပ်စုထံ ပြန်လာကာ ကျန်းဝူတို့ကို ခေါင်းခါပြလိုက်သည်။

အချိန်သည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားပြီး မိုးချုပ်တော့မည့်အချိန်တွင် ထူထပ်သော မြက်ခင်းပြင်ကြီးသည် တဖြည်းဖြည်း လှုပ်ရှားလာသည်။ မြက်ခင်းပြင်ပေါ်တွင် မြေပုံငယ်များ အခါအားလျော်စွာ မူလနေရာမှ ဖောင်းပွလာပြီး ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် တွားသွားထွက်ပေါ်လာကြသည်။

ဤနေရာသည် ကျဆုံးသွားသည်မှာ တစ်လပင် မပြည့်သေးသော်လည်း သန္ဓေပြောင်းသတ္တဝါများ၏ အရေအတွက်ဖြစ်စေ အစွမ်းသတ္တိဖြစ်စေ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် အဆင့်နှစ်၊ အဆင့်သုံး သန္ဓေပြောင်းသတ္တဝါများ မနည်းမနော ရှိနေသည်ကို တွေ့ရသည်။

သို့သော် တဖြည်းဖြည်းနှင့် ဤသတ္တဝါများ ကစဉ်ကလျား ဖြစ်လာကြသည်။ လေထုထဲတွင် ပျံ့နှံ့နေသော စိတ်မလုံခြုံမှုကို ခံစားမိလိုက်သကဲ့သို့ သူတို့၏ အမူအရာများ ထူးဆန်းလာကြသည်။ အချို့က ဘေးဘီဝဲယာကို သတိကြီးစွာ ကြည့်ရှုနေကြပြီး အချို့က နေရာတွင်ပင် လှည့်ပတ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ အချို့ဆိုလျှင် မြေကြီးထဲသို့ ပြန်လည်တိုးဝင်သွားကြသည်။

"ဘာဖြစ်တာလဲ" ယန်မုန်ကျွင်းက ဇဝေဇဝါဖြစ်စွာဖြင့် "တခုခုဖြစ်လို့များလား"

"ငလျင် ထပ်လှုပ်ဦးမလို့လားမသိဘူး" ကျန်းဝူက ခန့်မှန်းလိုက်သည်။

"တကယ် ငလျင် နည်းနည်းလှုပ်နေသလိုပဲ" ရန်ကျိချင်းက စမ်းသပ်ကြည့်လိုက်ရာ မသဲမကွဲ တုန်ခါမှုကို ခံစားလိုက်ရသည်။

"ကြည့်စမ်း... အဲ့ဒါ ဘာကြီးလဲ" ကုမိန်ယန်က ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိလိုက်ပြီး ဘေးမှ ယန်မုန်ကျွင်းကို အားနှင့်ဆွဲကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

အဝေးမှ အစက်အပျောက်ငယ် နှစ်ခု မသဲမကွဲ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအစက်အပျောက်နှစ်ခုမှာ ပို၍ ရှင်းလင်းလာပြီး လျင်မြန်စွာ ကြီးထွားလာသည်။ တစ်ချိန်တည်းမှာပင် မြေပြင်သည်လည်း စတင် တုန်ခါလာသည်။

မြင်ကွင်း ပို၍ ရှင်းလင်းလာသည်နှင့်အမျှ လူတိုင်း၏ မျက်နှာများ ဖြူဖျော့လာကြသည်။ မျက်စိတစ်ဆုံးတွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီးနှစ်ကောင်သည် ပို၍ ပြင်းထန်လာသော မြေငလျင်နှင့်အတူ ဤဘက်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေကြသည်။

ပထမဆုံး မြင်လိုက်ရချိန်တွင် ဧရာမသားရဲကြီးနှစ်ကောင်မှာ နှစ်မိုင်၊ သုံးမိုင် အကွာအဝေးတွင် ရှိနေသေးသော်လည်း ဆယ်စက္ကန့်ကျော် ကြာပြီးနောက်တွင်မူ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ဤကဲ့သို့သော ဧရာမသားရဲကြီးများ၏ ရှေ့မှောက်တွင် လူသားများသည် အလွန်တရာ သေးငယ်လှပေသည်။ ပြေးလွှားမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် တုန်ခါမှုတစ်ခုတည်းဖြင့်ပင် သူတို့ကို မတ်တပ်မရပ်နိုင်အောင် ဖြစ်စေသည်။ ယန်မုန်ကျွင်းနှင့် အခြားသူများမှာ မျက်နှာဖြူဖျော့နေပြီး နဖူးမှ ချွေးစေးများ ပြန်နေသည်။ စိတ်ထဲတွင် အသက်လုပြေးချင်သော်လည်း တစ်ကိုယ်လုံး ပျော့ခွေနေပြီး လှုပ်ရှား၍မရနိုင်ချေ။

ထွက်ပြေးရန် အချိန်မရလိုက်သော သန္ဓေပြောင်းသတ္တဝါ အနည်းငယ်မှာ မူလနေရာတွင် တောင့်တင်းသွားပြီး ဖြတ်သန်းသွားသော ဧရာမသားရဲကြီး၏ နင်းချေမှုကို ခံလိုက်ရကာ အသားဖတ်များအဖြစ်သို့ ပေါက်ကွဲသွားကြသည်။

ဧရာမဖွတ်ကြီးနှင့် မျောက်ဝံတို့ကို ပထမဆုံးအကြိမ် မြင်ဖူးသော ယန်မုန်ကျွင်းတို့နှင့် နှိုင်းယှဉ်ပါက ဟွမ်ကျားဟွေတို့အဖွဲ့မှာ သေချာပေါက် ပို၍ အခြေအနေကောင်းမွန်ကြသည်။ သို့သော် သူတို့လည်း ထိုနည်းတူစွာ အံ့အားသင့်နေကြ၏။ ဤဧရာမသားရဲကြီးနှစ်ကောင်မှာ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားရုံသာမက ကိုယ်လုံးကိုယ်ပေါက်မှာလည်း နှစ်ဆနီးပါး ကြီးထွားလာခဲ့သည်။ ကျောပေါ်မှ လော်ယွမ်ကို မမြင်ရပါက အန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟုပင် ထင်မှတ်မိပေမည်။

အကွာအဝေး နီးကပ်လာသည်နှင့်အမျှ မီတာရာဂဏန်း အကွာသို့ ရောက်သောအခါ ဧရာမသားရဲကြီးနှစ်ကောင် အရှိန်လျှော့လိုက်သည်။

ဧရာမသားရဲကြီး၏ ကြီးမားသော ကိုယ်လုံးကိုယ်ထည်ရှေ့တွင် လော်ယွမ်၏ တည်ရှိမှုမှာ သတိမပြုမိဘဲ ကျော်သွားရန် လွယ်ကူကြောင်း ဝန်ခံရပေမည်။ ယခုအချိန်ကျမှသာ သားရဲကြီးတစ်ကောင်၏ ကျောပေါ်မှ လူရိပ်ကို သတိပြုမိလိုက်ကြပြီး ယန်မုန်ကျွင်းနှင့် အခြားသူများမှာ အကြီးအကျယ် သက်ပြင်းချလိုက်နိုင်တော့သည်။ ခန္ဓာကိုယ် ယိုင်နဲ့သွားမှသာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

…………………………………………………………………………………………………………

"မဟုတ်ဘူး... ကျွန်တော် နားကြားမှားတာ ဖြစ်လောက်တယ်... ဆရာယွမ် ကျွန်တော်တို့ကို ဧရာမသားရဲကြီးရဲ့ ကျောပေါ်မှာ လိုက်စီးခိုင်းတာလား" ယန်မုန်ကျွင်းက ပါးစပ်အဟောင်းသားဖြင့် ခက်ခဲစွာ ပြောလိုက်သည်။ ပုံမှန်လူတစ်ယောက်အတွက် ဤသည်မှာ ရူးသွပ်လွန်းရာ ရောက်နေသည်။ ဤသည်မှာ ပေ၃၀ခန့်မြင့်သော ကြောက်မက်ဖွယ် ဧရာမသားရဲကြီး ဖြစ်သည်။ မတော်တဆ ပွတ်တိုက်မိရုံဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာရနိုင်၏။

"ပြဿနာ ရှိလို့လား... မိုင်ခြောက်ရာကျော်ခရီးကို လမ်းလျှောက်ရုံနဲ့ ကျွန်တော်တို့ သွားနိုင်မှာ မဟုတ်ဘူး" လော်ယွမ်က ဆိုလိုက်ပြီး ပြုံးစစဖြင့် ဤလူအုပ်စုကို ကြည့်နေ၏။

"မ... မရှိပါဘူး" ယန်မုန်ကျွင်းက မျက်နှာဖြူဖျော့စွာဖြင့် ခေါင်းခါလိုက်သည်။

"အ... အမှန်ပဲ... ကျွန်တော်လည်း ကန့်ကွက်စရာ မရှိပါဘူး" ကျန်းဝူကလည်း တောင့်တင်းသော မျက်နှာဖြင့် ဆိုသည်။

"သူ လူကို အန္တရာယ်မပေးရင် ပြီးတာပါပဲ" ရန်ကျိချင်းက ထိုဧရာမသားရဲကြီးနှစ်ကောင်ကို ခိုးကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခင်က နွယ်ပင်ကော်ဇောမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မိုးမချုပ်မီအချိန်ကို အခွင့်ကောင်းယူ၍ လူအများသည် ရက်လုပ်ရန်အတွက် သင့်တော်သော နွယ်ပင်များကို ကြိုးစားရှာဖွေကြသည်။

ဧရာမဖွတ်ကြီး ပြေးလွှားသောအခါ အတက်အကျ ကြမ်းတမ်းလှသည်။ အကယ်၍ ကိုင်စရာ နွယ်ပင်ကော်ဇော မရှိပါက ပြုတ်ကျရန် လွယ်ကူလှသည်။ အထူးသဖြင့် ယခု ဧရာမဖွတ်ကြီး၏ အရပ်မှာ ပေ၃၀နီးပါး ရှိနေပြီဖြစ်ရာ အရှိန်ပြင်းပြင်းဖြင့် သွားနေစဉ် ပြုတ်ကျသွားပါက နောက်ဆက်တွဲဆိုးကျိုးမှာ တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းလှသည်။

ယခု အရိုင်းမြေတွင် ဘာမဆို ရှားပါးနိုင်သော်လည်း ဤနွယ်ပင်များကတော့ မရှားပါးချေ။ ဤသန္ဓေပြောင်း နွယ်ပင်များသည် အလွန် ပျော့ပျောင်းပြီး ခိုင်ခံ့သည်။ သံကြိုးလောက် တုတ်သော နွယ်ပင်အမျှင်လေး အနည်းငယ်ကို ကျစ်ထားလျှင်ပင် ခွန်အားအကြီးဆုံး လော်ယွမ်ကတောင် ဆွဲဖြတ်၍ မရနိုင်ပေ။

နွယ်ပင်ကော်ဇော ရက်လုပ်ရန်အတွက် လိုအပ်သော နွယ်ပင်များကတော့ ပို၍တုတ်ခိုင်ပြီး တစ်ချောင်းလျှင် ကလေးလက်မောင်းလုံးခန့် ရှိဖို့လိုအပ်သည်။ ကျစ်ရမည့် အဆင့်ကို ကျော်နိုင်ရုံသာမက ပို၍ လေးလံပြီး အလွယ်တကူ ပြုတ်ထွက်ခြင်း မရှိနိုင်သလို ကိုင်တွယ်ရန်လည်း ပို၍ လွယ်ကူသည်။

ကမ္ဘာပျက်ကာလမှ လူများတွင် အလိုလိုက်ခံထားရသူဟူ၍ မရှိပေ။ ဧရာမသားရဲကြီးများ ပေါ်လာကတည်းက မျက်နှာမကောင်းဖြစ်နေသော ကုမိန်ယန်ပင်လျှင် ဟိုဒီကူညီလုပ်ကိုင်ပေးနေပြီး အလွန်သွက်လက်နေ၏။

ထိုအတောအတွင်း သာမန်လယ်သမားကြီးတစ်ဦးနှင့်တူသော ရန်ကျိချင်းကမူ လော်ယွမ်ကို အထင်ကြီးသွားစေသည်။

ယခင်က ငါးဖမ်းပိုက်ကွန် ရက်လုပ်ဖူးသောကြောင့် ဖြစ်မည် သူသည် ကွန်ရက်လုပ်ရာတွင် အလွန်ကျွမ်းကျင်သည်။ သူ၏ လမ်းညွှန်မှုအောက်တွင်၊ ယခုတစ်ကြိမ် နွယ်ပင်ကော်ဇောမှာ စစ်မှန်သော ကော်ဇောကြီးတစ်ခုနှင့် တူလာသည်။ ကော်ဇောတစ်ခုလုံး၏ အကွာအဝေးမှာ ညီညာပြီး ခိုင်ခံ့သည်။ ယခင်က လော်ယွမ်တို့ နွယ်ပင်အချို့ကို ဆွဲယူပြီး ဖြစ်သလို ကျစ်ထားသော ကြမ်းတမ်းသည့် ကော်ဇောနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်မှာ အနုပညာလက်ရာတစ်ခုနှင့်ပင် တူနေ၏။

ဧရာမဖွတ်ကြီး၏ ကျောပြင်မှာ အလွန်ကျယ်ဝန်းသောကြောင့် နွယ်ပင်ကော်ဇောမှာလည်း အလွန်ကြီးမားပြီး အကြမ်းဖျင်း ခန့်မှန်းရလျှင် စတုရန်းပေ သုံးရာကျော်ခန့် ရှိသည်။ ထို့ကြောင့်ပင် အလေးချိန်မှာလည်း အလွန်များပြားလှသည်။ အခြားသူများကို မဆိုထားနှင့် လော်ယွမ်ပင်လျှင် မနိုင်ဘဲ အနည်းဆုံး နှစ်တန်ကျော် လေးလံနေ၏။

နောက်ဆုံးတွင် မျောက်ဝံကို ခေါ်လိုက်မှသာ ဤဧရာမနွယ်ပင်ကော်ဇောကြီးကို ဧရာမဖွတ်ကြီး၏ ကိုယ်ပေါ်သို့ တင်ပေးနိုင်လိုက်သည်။

ဤလုပ်ငန်းစဉ်မှာ ကြီးမားလှပြီး အရာအားလုံး ပြီးစီးသောအခါ ည ကိုးနာရီ ထိုးနေပြီ ဖြစ်သည်။ သို့သော် လော်ယွမ်သည် ဤနေရာ၌ စခန်းချရန် အစီအစဉ် လုံးဝမရှိပေ။ ဤနေရာသည် မြေကြောလှုပ်ရှားမှုများသော ဇုန်တွင် တည်ရှိသည်။ တိမ်တိုက်များအထက်တွင် အော်မြည်နေသော သန္ဓေပြောင်းငှက်များဖြစ်စေ ပြန်လည်တည်ဆောက်ရေးဇုန်၏ ငလျင်တိုင်းတာရေး အချက်အလက်များဖြစ်စေ အားလုံးက အခြေအနေကို ရှင်းလင်းစွာ ပြသနေပြီ ဖြစ်သည်။

အောက်သို့ တွဲလောင်းချထားသော နွယ်ပင်များကို အားပြု၍ လူအများသည် လော်ယွမ်၏ တိုက်တွန်းမှုအောက်တွင် တုန်ယင်နေသော ခန္ဓာကိုယ်များဖြင့် ဧရာမဖွတ်ကြီးပေါ်သို့ တက်ရောက်လိုက်ကြသည်။ လူအားလုံး နေရာယူပြီးသောအခါ လော်ယွမ်က ၎င်း၏ခေါင်းကို ပုတ်လိုက်ရာ ဧရာမဖွတ်ကြီးသည် စိတ်မရှည်စွာဖြင့် နှာမှုတ်လိုက်ပြီး မီးပွားများ မှုတ်ထုတ်လိုက်သည်။ ထို့နောက် မစောင့်နိုင်တော့သကဲ့သို့ မတ်တပ်ထရပ်လိုက်၏။ လော်ယွမ်က ဧရာမဖွတ်ကြီး၏ အရှိန်ကို တမင်တကာ ထိန်းချုပ်မထားခဲ့လျှင် ယခုအချိန်၌ ၎င်းသည် ဒုန်းစိုင်းပြေးထွက်နေလောက်ပြီ ဖြစ်သည်။

ကြယ်ရောင်လရောင်ကင်းမဲ့သော ညသည် မင်ရည်ကဲ့သို့ မည်းမှောင်နေ၏။ လော်ယွမ်ပင်လျှင် တဖြည်းဖြည်း ဝေးကွာသွားသော ကန္တာရမြို့၏ ဝေဝါးသော ပုံရိပ်ကိုသာ မြင်တွေ့နိုင်တော့သည်။

ထိုပျက်စီးနေသော မြို့ပျက်ကြီးကို ကြည့်ရင်း မြေအောက်ဘက် ဗုံးခိုကျင်းတွင် ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေသော ပြည်သူများကို တွေးမိသောအခါ၊ သူ၏စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားမှုများ ဖြစ်ပေါ်လာသည်။

…………………………………………………………………………………………

လမ်းခရီးတွင် ကောင်းကင်သို့ မြင့်မားစွာ ထိုးတက်နေသော လျှပ်စစ်တာဝါတိုင်များကို အခါအားလျော်စွာ တွေ့မြင်နေရသည်။ သို့သော် ဤတာဝါတိုင်များသည် ဤနေရာ ကျဆုံးသွားမှုနှင့်အတူ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီဖြစ်ပြီး ယခုအခါတွင်မူ သန္ဓေပြောင်းပိုးကောင်များ၏ အသိုက်အမြုံများ ဖြစ်လာကြသည်။

ဧရာမသားရဲကြီးနှစ်ကောင် ဖြတ်သန်းသွားသောအခါ မရေမတွက်နိုင်သော ပိုးကောင်များ လန့်ဖျပ်၍ ပျံတက်သွားကြသည်။

ဧရာမသားရဲကြီးနှစ်ကောင်၏ အရှိန်အဝါကြောင့် လမ်းခရီးမှာ အလွန်ချောမွေ့ခဲ့ပြီး မည်သည့် မျက်စိမပါသော သန္ဓေပြောင်းသတ္တဝါမျှ အနားကပ်၍ ရန်စဝံ့ခြင်း မရှိခဲ့ပေ။

သူတို့အဖွဲ့ခရီးဆက်ခဲ့ကြရာ နံနက် လေးနာရီခန့်တွင် စိမ်းစိုနေသော မြို့တစ်မြို့သည် မနက်ခင်း၏ မှိန်ဖျော့သော အလင်းရောင်အောက်၌ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

ဆက်ရန်...

All Chapters