← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 16 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 16 Ch. 307-308

အပိုင်း(၃၀၇)သွေးဆာနေသောမျောက်ဝံ

ကန္တာရမြို့ကဲ့သို့ပင် ဤမြို့သည်လည်း စစ်ပွဲ၏ဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး ယခုအခါ အပျက်အစီးပုံအတိ ဖြစ်နေလေပြီ။ ပြိုပျက်နေသော တံတိုင်းများနှင့် ကျိုးပဲ့နေသော နံရံများကသာ ကျန်ရစ်ခဲ့ပြီး ကြည့်လေရာရာတွင် ခြောက်သွေ့ညှိုးနွမ်းကာ သေမင်းတမန်တိတ်ဆိတ်ခြင်းတို့သာ လွှမ်းခြုံလျက်ရှိသည်။

လော်ယွမ်က မြို့အနီးရှိ ဆင်ခြေဖုံးရပ်ကွက်တွင် ဧရာမဖွတ်ကြီးကို ရပ်တန့်စေလိုက်သည်။ ဤနေရာသည် မြေမျက်နှာသွင်ပြင် ပြန့်ပြူးကျယ်ဝန်းပြီး မြို့တွင်းပိုင်းကဲ့သို့ ရှုပ်ထွေးပွေလီခြင်းမရှိသဖြင့် အန္တရာယ်တစ်စုံတစ်ရာရှိလာလျှင်ပင် အချိန်မီ တုံ့ပြန်နိုင်မည်ဖြစ်သည်။

လူတိုင်းသည် ဧရာမဖွတ်ကြီးပေါ်မှ ဆင်းသက်လိုက်ကြပြီး အားလုံးခြေကုန်လက်ပမ်းကျနေကြကာ မျက်နှာများတွင်လည်း ပင်ပန်းနွမ်းနယ်မှုတို့က အထင်းသားပေါ်နေသည်။ နေ့လယ်ပိုင်းမှစ၍ ယခုအချိန်ထိ သူတို့တစ်တွေ ထမင်းတစ်နပ်မျှ မစားရသေးပေ။ လော်ယွမ်သည် ဗိုက်သိပ်မဆာသော်လည်း အခြားသူများမှာမူ သူ့ကဲ့သို့ အစာခံနိုင်သူများ မဟုတ်ကြချေ။ ထို့အပြင် ညလုံးပေါက် ခရီးနှင်ခဲ့ရသည့်အတွက် လူအများစုမှာ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

လော်ယွမ်က ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကို အဝေးသို့သွားရောက် အမဲလိုက်ရန် စေခိုင်းလိုက်၏။

ဤဧရာမသားရဲကြီးနှစ်ကောင် အနားတွင်ရှိနေခြင်းက လူများကို ကြီးမားသော ဖိအားတစ်ရပ် ပေးစွမ်းနေသည်။ အန္တရာယ်မရှိမှန်း သိထားသော်လည်း လူတိုင်း၏စိတ်မှာ အမြဲတမ်း တင်းကြပ်နေရပြီး သူတို့မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှု အများစုမှာ ဤဖိအားကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။

ထင်ထားသည့်အတိုင်းပင် သားရဲကြီးနှစ်ကောင် ထွက်ခွာသွားသည်နှင့် အားလုံး သိသိသာသာ စိတ်သက်သာရာ ရသွားကြသည်။

ကျောပိုးအိတ်ထဲတွင် သယ်ဆောင်ရလွယ်ကူသော စစ်သုံးရိက္ခာများ မနည်းမနောရှိနေရာ တစ်နပ်စာအတွက် လုံလောက်ပေသည်။ ထို့ကြောင့် လူတိုင်းက အမဲလိုက်ရန် စိတ်မကူးကြတော့ဘဲ ဧရာမဖွတ်ကြီး နင်းဖြတ်သွားခဲ့သည့် နေရာတစ်ခုကို ရွေးချယ်ကာ စားပွဲခင်း ခင်းလိုက်ကြသည်။ တောထဲတွင် နေထိုင်ရသည်မှာ သတိကြီးစွာ ထားရပြီး အနည်းငယ် ပေါ့ဆလိုက်သည်နှင့် အသက်အန္တရာယ် ထိခိုက်စေနိုင်သည်။

ယခုအခါ ဧရာမဖွတ်ကြီး၏ ကိုယ်အလေးချိန်မှာ တန်ချိန်ဆယ်ဂဏန်းခန့်ရှိရာ ၎င်းနင်းဖြတ်သွားသော မြေကြီးသည် မြေကြိတ်စက်ကြီး ကြိတ်သွားသည်ထက်ပင် ပို၍ကျစ်လစ်သိပ်သည်းနေသည်။ သဲမြေထဲတွင် ပုန်းအောင်းနေသော ပိုးမွှားများရှိလျှင်ပင် အစောပိုင်းကတည်းက ဖိချေခံလိုက်ရပြီဖြစ်သည်။

လူတိုင်းသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မိမိတို့ရရှိထားသော စစ်သုံးအသင့်စားရိက္ခာထုပ်များကို ဖောက်လိုက်ကြသည်။ စစ်သုံးရိက္ခာများသည် ကိုယ်တိုင်အပူပေးစနစ်ပါရှိပြီး ရေထည့်လိုက်ရုံဖြင့် အပူဓာတ်ရရှိလာသည်။

(ဒီနည်းက ပေါ်တာကြာပါပြီ။ စစ်အတွင်းသုံးရိက္ခာထုပ်တွေမှာဓာတုနည်းပညာနဲ့လုပ်ထားတဲ့လက်တဝါးခန့်အထုပ်လေးတွေပါပါတယ်။ သူ့ကိုရေနဲ့လောင်းလိုက်တာနဲ့ ရေငွေ့တွေမရပ်မနား နာရီဝက်ခန့်ကြာတဲ့အထိထွက်ပါတယ်။ အပူချိန်ကလည်းတော်တော်မြင့်ပါတယ်။ သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲ့ဒီအထုပ်ထဲမှာ အလုံပိတ်ထည့်ထားတဲ့ ကယ်ဆီယမ်အောက်ဆိုက်တွေက ရေနဲ့ထိတဲ့အခါ ဓာတ်ပြုမှုဖြစ်ပြီး ပူခြစ်နေတဲ့ရေခိုးရေငွေ့တွေထွက်လာပါတယ်။ ကိုယ်အပူပေးချင်တဲ့အလုံပိတ်အစာထုပ်တွေကို အဲ့ဒီရေငွေ့ထွက်နေတဲ့အထုပ်နဲ့ရောပြီး အိတ်ထဲထည့်လိုက်ရတာပါ။ အဲ့နည်းနဲ့မီးမလိုပဲ အစားအစာတွေကို အချိန်မရွေး၊ နေရာမရွေး ပူပူနွေးနွေးစားလို့ရပါတယ်၊ အခုနောက်ပေါ်တဲ့အသင့်စား ဟော့ပေါ့ဗူးတွေမှာဆို အဲ့လိုအထုပ်တွေပါနေပါပြီ။ ဒါက တခြားနိုင်ငံတွေက စစ်တပ်မှာပြောတာပါ မြန်မာနိုင်ငံက စစ်တပ်မှာတော့ မရှိဖို့များတယ်)

လော်ယွမ်သည် ဤကဲ့သို့သော အစားအစာမျိုးကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ရာ အလွန်ဆန်းသစ်နေသည်ဟု ခံစားလိုက်ရ၏။ အပူချိန် လုံလောက်စွာရရှိသောအခါ သူက ထုပ်ပိုးအိတ်ကို ဖွင့်ပြီး လက်ဖဝါးအရွယ်အစားရှိသော အသားညှပ်ပေါင်မုန့်နှင့်တူသည့် အစားအစာကို ထုတ်ယူလိုက်သည်။ မုန့်သားမှာ ကြမ်းတမ်းပြီး ရှားစောင်းလက်ပပ်မှုန့်ဖြင့် ပြုလုပ်ထားပုံရသည်။ အထဲတွင် အသားမှုန့်အနှစ်ကြီးတစ်တုံးနှင့် ဟင်းသီးဟင်းရွက်အနှစ်များ ပါဝင်လေသည်။

လော်ယွမ်သည် ထိုအသားညှပ်ပေါင်မုန့်ကို နှစ်ကိုက်၊ သုံးကိုက်ဖြင့် မျိုချလိုက်ရာ ဝမ်းဗိုက်ထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။ သူ၏အတွေ့အကြုံအရ ဤအထဲမှ အသားမှုန့်သည် အပြာရင့်ရောင်အဆင့်ရှိသော အသားဖြစ်မည်ဟု ခန့်မှန်းမိသည်။

သာမန်စစ်သားများအတွက်မူ ဤအစားအစာသည် တစ်နေ့တာအတွက် လုံလောက်သော်လည်း သူ့အတွက်မူ သွားကြားညှပ်ရုံလောက်သာ ရှိပြီး စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ သိပ်ထူးခြားမှုမရှိလှ။ အကယ်၍သာ သူ စိတ်ကြိုက်လွှတ်စားလိုက်မည်ဆိုပါက မြို့တော်ဝန်စုံ့ မေတ္တာလက်ဆောင်ပေးလိုက်သော စစ်ရိက္ခာအားလုံးပင်လျှင် လုံလောက်မည် မဟုတ်ပေ။

လော်ယွမ်က ရေတစ်ငုံသောက်လိုက်ပြီးနောက် အနီးအနားရှိ အပျက်အစီးများကို လှမ်းကြည့်လိုက်သည်။

မြေပုံအရကြည့်လျှင် ဤမြို့သည် ခရိုင်အဆင့်မြို့ဖြစ်သော ကန္တာရမြို့ထက် ပိုမိုကြီးမားသော တိုင်းဒေသကြီးအဆင့် မြို့တော်တစ်ခုဖြစ်ပြီး အနီးဝန်းကျင်ဒေသ၏ စစ်ရေးအရ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ မြင့်မားသော မြို့ရိုးပေါ်တွင် ကျန်ရစ်ခဲ့သည့် ဧရာမအမြောက်ကြီးများနှင့် လေယာဉ်ပစ်အမြောက်များကို ကြည့်ခြင်းအားဖြင့် ထိုအချက်ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

အချို့သော ဧရာမအမြောက်ကြီးများကို ဒုတိယကမ္ဘာစစ်နှောင်းပိုင်း သမိုင်းမှတ်တမ်းများတွင်သာ လော်ယွမ် တွေ့ဖူးခဲ့သည်။ မည်းနက်နေသော ပြောင်းဝကြီးများက မိုးပေါ်သို့ ထောင်မတ်နေပြီး အတွင်းထဲသို့ လူတစ်ယောက်၊ နှစ်ယောက်ခန့် ဝင်ရောက်နိုင်လောက်အောင် ကြီးမားသည်။ ဤကဲ့သို့သော အမြောက်ကြီးများနှင့် ပစ်ခတ်လိုက်ပါက ဧရာမဖွတ်ကြီးကဲ့သို့သော သားရဲမျိုးပင် အမှုန့်ကြေသွားနိုင်သည်။

ကမ္ဘာမပျက်မီခေတ်က ပိုမိုတိကျ၊ ပိုမိုဝေးကွာပြီး ဈေးပိုကြီးသော ဒုံးကျည်များဖြင့် အစားထိုးခံရတော့မည့် ဤအမြောက်ကြီးများသည် ကမ္ဘာပျက်ကာလတွင်မူ တဖန်ပြန်လည် အသက်ဝင်လာခဲ့လေပြီ။

လူသားများနှင့် သန္ဓေပြောင်းသတ္တဝါများ၏ စစ်ပွဲသည် လူသားချင်းတိုက်ခိုက်သော စစ်ပွဲများနှင့် လုံးဝကွာခြားလှပေသည်။

၎င်းတို့တွင် မဟာဗျူဟာမြောက်နေရာဟူ၍ မရှိ၊ အဓိကအချက်အချာဒေသဟူ၍ မရှိ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ထုပ်ဝန်ပိုးဟူ၍ မရှိပေ။ ထို့ကြောင့် တိကျစွာပစ်ခတ်တိုက်ခိုက်နိုင်ခြင်း၏ အကျိုးသက်ရောက်မှုက များစွာလျော့နည်းသွားသည်။ ပို၍ရက်စက်ကြမ်းကြုတ်သည်မှာ ၎င်းတို့သည် ကောင်းကင်မှ မြေပြင်အထိ၊ သမုဒ္ဒရာမှ မြေအောက်အထိ နေရာတိုင်းတွင် ရှိနေခြင်းပင်ဖြစ်သည်။

စစ်မြေပြင်တစ်ခုလုံးသည် ရှုပ်ထွေးပွေလီနေပြီး နေရာပေါင်းစုံတွင် တစ်ပြိုင်နက်တည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ဤသည်မှာ ယခင်က မည်သည့်စစ်ပွဲနှင့်မျှမတူဘဲ အဆပေါင်းရာချီ ပိုမိုရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သော မျိုးနွယ်စုရှင်သန်ရပ်တည်ရေး စစ်ပွဲကြီးဖြစ်သည်။

အထူးသဖြင့် ယခုအခါ အာကာသအတွင်းရှိ လျှပ်စစ်သံလိုက်မုန်တိုင်း၏ သက်ရောက်မှုကြောင့် ဒုံးကျည်များ၏ တိကျမှုကို ကြီးစွာသော ထိခိုက်မှုဖြစ်စေခဲ့သည်။ ဤကဲ့သို့ ဈေးကြီးသော ကစားစရာများသည် အထူး စစ်ဆင်ရေးများမှလွဲ၍ စစ်မြေပြင်တွင် တွေ့ရခဲသွားခဲ့ပြီဖြစ်သည်။

ယခုအခါစွမ်းအားပြင်းထန်သော အမြောက်ကြီးများကသာ ကမ္ဘာပျက်ကာလ၏ အဓိကဇာတ်လိုက် ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ဧရာမဖွတ်ကြီးသည် တစ်စုံတစ်ခုကို တွေ့ရှိသွားသကဲ့သို့ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

လော်ယွမ်၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ထိုနေရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံတို့သည် သူသတိမထားမိလိုက်ခင်မှာပင် လူအုပ်စုနှင့် မိုက်ဝက်ခန့် ဝေးကွာသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အဝေးရှိ ဧရာမဖွတ်ကြီးသည် မြေကြီးကိုကြည့်ကာ ထိန်းချုပ်ထားသော ဒေါသသံဖြင့် ဟိန်းဟောက်နေပြီး နှာခေါင်းပေါက်မှ မီးပွားများ တဖျစ်ဖျစ် လွင့်စင်ထွက်ပေါ်နေကာ အလွန်အမင်း စိတ်ဆတ်နေပုံရသည်။ ဘေးမှ မျောက်ဝံသည်လည်း အထက်အောက် ခုန်ဆွခုန်ဆွလုပ်ကာ ခေါက်တုံ့ခေါက်ပြန်ပြေးလွှားနေပြီး အလွန်အမင်း ဂနာမငြိမ် ဖြစ်နေလေသည်။

ဒင်... အဆင့် (ဒီ) မစ်ရှင် - ဒဏ်ရာအပြင်းအထန်ရထားသော မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို ရှင်းလင်းရန်

အချိန် - တစ်ရက်။ လက်ခံမည်/ငြင်းပယ်မည်။

မစ်ရှင်အကြောင်းကြားချက်က လော်ယွမ်၏ ဦးနှောက်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာသည်။ သူ၏စိတ်ထဲတွင် လေးလံသွားပြီး ဘေးလူများကို ပြောလိုက်သည်။ "မင်းတို့ ဒီမှာပဲ နေခဲ့ကြ... ငါသွားကြည့်လိုက်မယ်"

"ဂရုစိုက်နော်" ဟွမ်ကျားဟွေက စိုးရိမ်တကြီး ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြပြီး ထိုနေရာသို့ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားလိုက်သည်။ ပြေးလွှားနေရင်း စိတ်စွမ်းအားကို စုစည်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအင်စက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ဖုန်မှုန့်အမြောက်အမြားသည် လေလှိုင်းသဖွယ် သူ၏ဘေးဘက်သို့ ကွဲထွက်သွားကြကာ သူ၏အမြန်နှုန်းမှာ တစ်ဖန်ပြန်လည် မြင့်တက်လာပြန်သည်။

စိတ်စွမ်းအား အနည်းငယ် ပိုမိုအားကောင်းလာပြီးနောက် သူသည် အိပ်မက်မက်ခဲ့ရသော ပျံသန်းနိုင်စွမ်းကို ရရှိခဲ့ရုံသာမက မြေပြင်ပေါ်တွင် ပြေးလွှားရာ၌လည်း ကြီးမားသော တွန်းကန်အားကို ပေးစွမ်းသဖြင့် ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ တစ်ခဏအတွင်းမှာပင် ပေသုံးရာကို နှစ်စက္ကန့်နှုန်းမှ တစ်စက္ကန့်နှုန်းအထိ ရောက်ရှိသွားခဲ့လေပြီ။

ကျန်းဝူနှင့် အခြားသူများသည် လော်ယွမ်၏ခန္ဓာကိုယ် အရိပ်သဖွယ် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။ ဤသည်မှာ အမှန်တကယ်ပင် လူသားတစ်ယောက် ရောက်ရှိနိုင်သော အမြန်နှုန်းလော။ သူတို့စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားကြသည်။

ကျန်းဝူက ပါးစပ်ကိုဟ၍ အသံအက်အက်ဖြင့် ပြောလိုက်သည်။ "ဆ... ဆရာယွမ်က တကယ်ပဲ အဆင့် ၅ ဆင့်ကဲပြောင်းလဲသူလား"

သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ထိုမေးခွန်းကို ဖြေကြားရန် အားအင်မရှိကြတော့ပေ။ လူအားလုံးသည် အရှိန်ပြင်းစွာ ရွေ့လျားသွားသော လော်ယွမ်၏ ပုံရိပ်ကိုသာ အာရုံစိုက်နေမိကြသည်။

ထိုအချိန်တွင် မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ လော်ယွမ် မရောက်ရှိသေးခင်မှာပင် ဧရာမဖွတ်ကြီးသည် ရုတ်တရက် မိုးခြိမ်းသံပမာ ဟိန်းဟောက်လိုက်သည်။ နောက်တစ်ခဏတွင် မြေကြီးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ဧရာမဖွတ်ကြီးနှင့် အရွယ်အစားမတိမ်းမယိမ်းရှိသော ကြောက်မက်ဖွယ်သတ္တဝါကြီးတစ်ကောင်သည် အတွင်းထဲမှ ခုန်ထွက်လာခဲ့သည်။

လျှပ်တစ်ပြက်အချိန်လေးအတွင်းမှာပင် ဧရာမဖွတ်ကြီးသည် လူကဲ့သို့ မတ်တပ်ရပ်လိုက်ပြီး သေးသွယ်ရှည်လျားသော မီးတောက်အမျှင်တန်းတစ်တန်းသည် ဧရာမဖွတ်ကြီးဆီသို့ ခုန်အုပ်လာသော သန္ဓေပြောင်းသတ္တဝါကြီးကို ချက်ချင်းထိမှန်သွားတော့သည်။

"ဝုန်း" ခနဲ ပေါက်ကွဲသံနှင့်အတူ ဗုံးပေါက်ကွဲသကဲ့သို့ ကြီးမားသော လေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

လေပေါ်သို့ ခုန်ပျံတက်လာသော ထိုသတ္တဝါကြီးသည် စူးရှစွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လွင့်စင်ကျသွားသည်။ မီးတောက်များသည် ၎င်း၏ကိုယ်ပေါ်တွင် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ပြင်းပြသော ပူလောင်မှုဒဏ်ကြောင့် ၎င်းသည် အတောင်ပံများကို ရူးသွပ်စွာ ခတ်နေမိရာ သဲမြေမှုန့်များသည် သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ လေထဲသို့ လွင့်ပျံတက်လာကြသည်။

ထို့အတူ လက်သီးဆုပ်အရွယ်အစားရှိသော မီးတောက်များသည်လည်း ဥက္ကာပျံများသဖွယ် နေရာအနှံ့သို့ လွင့်စင်ကျကုန်သည်။

ဧရာမဖွတ်ကြီးသည် မီးစွမ်းအင်ပိုင်ဆိုင်သော သန္ဓေပြောင်းသားရဲမဟုတ်ပေ။ ၎င်းမှုတ်ထုတ်လိုက်သော မီးတောက်သည် အမှန်တကယ်မီးမဟုတ်ဘဲ လေနှင့်ထိတွေ့သည်နှင့် ချက်ချင်းလောင်ကျွမ်းတတ်သော ဆီကဲ့သို့ အရည်တစ်မျိုးဖြစ်သည်။ တစ်ခါကပ်ငြိသွားသည်နှင့် ဖယ်ရှားရန် အလွန်ခက်ခဲသည်။

မျက်စိရှေ့မှ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကိုကြည့်ရင်း လော်ယွမ် မရပ်တန့်ဘဲ မနေနိုင်တော့ပေ။

ထိုအချိန်တွင် မျောက်ဝံသည် စိတ်ဝင်စားသွားဟန်တူပြီး တိုက်ပွဲထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ်ပေါ်သို့ မီးတောက်များ ကျရောက်ပြီး ပူလောင်နာကျင်စေမှုကို လုံးဝဂရုမစိုက်ဘဲ တစ်ချက်ခုန်လိုက်ရုံဖြင့် သဲမုန်တိုင်းထဲသို့ ဝင်ရောက်သွားသည်။ ၎င်းက လက်သီးနှစ်ဖက်ကို မြှောက်ကာ တစ်ကိုယ်လုံးမှကြွက်သားများကို ဖောင်းကြွစေလျက် သန္ဓေပြောင်းသတ္တဝါကြီးကို ပြင်းထန်စွာ ထုချလိုက်တော့သည်။

လေးလံသော "ဘုန်း" ခနဲ အသံကြီးနှင့်အတူ မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး အရိုးများကျိုးပဲ့သွားသော ကြွပ်ဆတ်ဆတ်အသံများလည်း ထွက်ပေါ်လာသည်။

"တောင်ရွှေ့မျောက်ဝံ" ဟူသော ဘွဲ့ထူးနှင့်အညီ မျောက်ဝံ၏ ခွန်အားမှာ လူကို တုန်လှုပ်ချောက်ချားစေသည်။ စားပွဲဝိုင်းအရွယ်အစားရှိသော လက်သီးတစ်ဖက်စီတွင် ပါဝင်သော စွမ်းအားမှာ တန်ချိန်ဆယ်ဂဏန်းအောက် မလျော့နည်းပေ။ သံမဏိတုံးတစ်တုံးဖြစ်လျှင်ပင် ဤကဲ့သို့သော အားဖြင့် ဖိချေခံရပါက ပြားကပ်သွားမည်မှာ သေချာသည်။

သန္ဓေပြောင်းသတ္တဝါကြီးမှာ မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခံလိုက်ရပြီး ထုနှက်ခံလိုက်ရသော ကျောကုန်းမှာ နက်ရှိုင်းစွာ ချိုင့်ဝင်သွားကာ အပြင်ခွံတစ်ခုလုံး အမှုန့်ကြေသွားသည်။ သို့သော် အားကောင်းလှသော အသက်စွမ်းအင်ကြောင့် ၎င်းသည် အသည်းအသန် ရုန်းကန်နေဆဲဖြစ်သည်။ ချွန်ထက်သော ခြေသည်းများသည် ဖြတ်စက်များကဲ့သို့ မျောက်ဝံ၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ ကုတ်ဖဲ့နေရာ ချက်ချင်းပင် သွေးသံရဲရဲ ဖြစ်သွားစေသည်။ မျောက်ဝံမှာ နာကျင်လွန်းသဖြင့် မျက်နှာထားများ ရှုံ့မဲ့ကာ အစွယ်များ ပေါ်ထွက်လာသည်။

သို့သော် သွေးဆာစိတ်ကို နှိုးဆွခံလိုက်ရသော မျောက်ဝံသည် အလွန်အမင်း ကြမ်းကြုတ်လာပြီး ရူးသွပ်သွားသကဲ့သို့ ဖြစ်နေသည်။ ခန္ဓာကိုယ်မှ ဒဏ်ရာများကို လုံးဝဂရုမစိုက်ဘဲ နောက်တစ်ကြိမ် ပြင်းထန်စွာ ထုချလိုက်ပြန်သည်။

ဘုန်း...

ဘုန်း...

ဘုန်း...

.................................................................................

မျောက်ဝံကကြီးမားသော မြေကော်စက်ကြီးတစ်စီးကဲ့သို့ပင် တရစပ် ထုနှက်နေပြီး တဖြည်းဖြည်းနှင့် သန္ဓေပြောင်းသတ္တဝါကြီး၏ လှုပ်ရှားမှုများ သေးငယ်သွားသည်။ လေထဲမှ ဖုန်မှုန့်များကြားမှတစ်ဆင့် လော်ယွမ်ကြည့်လိုက်သောအခါ သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်လုံးသည် မြေကြီးထဲသို့ လုံးဝနစ်မြုပ်သွားပြီး သွေးသံရဲရဲဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လက်ရှိမစ်ရှင် - ဒဏ်ရာပြင်းထန်စွာရနေသော မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို ရှင်းလင်းရန်

အချိန် - တစ်ရက်

မစ်ရှင်အခြေအနေ - ပြီးမြောက်

သုံးသပ်ချက် - ပြီးပြည့်စုံသည်

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ဝ%

အတွေ့အကြုံမှတ် +၉၆၀၀ x ဝ% ရရှိသည်။

အကဲဖြတ်ချက်ပြီးပြည့်စုံသည်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ဝ% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၄၃၉၂၀ / ၁၅၃၆၀၀

တိုက်ခိုက်ရေးသားရဲ - ဖွတ်နဂါး

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၄၀%

အတွေ့အကြုံမှတ် +၉၆၀၀ x ၄၀% ရရှိသည်။

အကဲဖြတ်ချက်ပြီးပြည့်စုံသည်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၄၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၈၈၂၀ / ၁၉၂၀၀

တိုက်ခိုက်ရေးသားရဲ - တောင်ရွှေ့မျောက်ဝံ

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၆၀%

အတွေ့အကြုံမှတ် +၉၆၀၀ x ၆၀% ရရှိသည်။

အကဲဖြတ်ချက်ပြီးပြည့်စုံသည်သဖြင့် အတွေ့အကြုံမှတ်အပို +၉၆၀၀ x ၆၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၄၃၂၀ / ၉၆၀၀

အဆင့်တက်သွားပါပြီ...

အဆင့်တက်သွားပါပြီ...

......................................................................................................................

လော်ယွမ်သည် မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးသော စနစ်၏အသံကို တစ်ချက်နားထောင်လိုက်ပြီး စိတ်မချနိုင်သကဲ့သို့ ထပ်ခါတလဲလဲ ထုနှက်နေဆဲဖြစ်သော မျောက်ဝံကို ကြည့်ကာ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ "ဒီလိုနဲ့ပြီးသွားတာလား... ဒါက(ဒီ)အဆင့်မစ်ရှင်ကို အခုကျဝင်တောင်မပါလိုက်ရဘူး... ပိုဆိုးတာက အတွေ့အကြုံမှတ် တစ်စက်လေးတောင် မရလိုက်တာပဲ"

အဆင့်နှစ်ဆင့်ဆက်တိုက်တက်သွားပြီး အရည်အသွေးအမှတ် နှစ်မှတ်နှင့် ကျွမ်းကျင်မှုအမှတ် ဆယ်မှတ် ပိုရလာသော မျောက်ဝံကိုကြည့်ရင်း လော်ယွမ်တစ်ယောက် ရယ်ရခက်ငိုရခက် ဖြစ်နေမိသည်။

သူသည် စိတ်ကို အမြန်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ မည်သို့ပင်ဖြစ်စေ မျောက်ဝံ အဆင့်နှစ်ဆင့် ဆက်တိုက်တက်သွားခြင်းသည် မမျှော်လင့်ထားသော ဝမ်းသာစရာကိစ္စပင်။ မျောက်ဝံသည် မူလကတည်းက အစွမ်းထက်ပြီးသားဖြစ်ရာ ယခု အရည်အသွေး နှစ်မှတ်ထပ်တိုးလာပြီးနောက် ၎င်း၏စွမ်းအားသည် ပိုမိုကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။ ဤအချက်က နောင်တွင် အဆင့် (ဒီ+) မစ်ရှင်များကို ပြီးမြောက်ရန် သူ့အတွက် ပို၍ယုံကြည်မှု ရှိလာစေသည်။

ဉာဏ်ရည်ရှိသော သက်ရှိမျိုးစိတ်ဖြစ်သဖြင့် ယဉ်ပါးအောင်ပြုလုပ်ရန် ပို၍လွယ်ကူဟန်တူသည်။ မျောက်ဝံ၏ သစ္စာစောင့်သိမှုမှာ အမြဲတမ်းမြင့်မားနေခဲ့သဖြင့် စွမ်းအားမြင့်တက်လာပြီးနောက် ရုတ်တရက် ပုန်ကန်မည်ကို လော်ယွမ် သိပ်မစိုးရိမ်ပေ။ သူက မျောက်ဝံ၏ အရည်အသွေးပြဇယားကို ကြည့်ရှုပြီး ခဏမျှ စဉ်းစားလိုက်ကာ အရည်အသွေးအမှတ်နှစ်ခုကို အလျင်နှင့် စိတ်စွမ်းအားတို့တွင် တစ်မှတ်စီ ထည့်ပေါင်းလိုက်သည်။

အလျင်သည် မျောက်ဝံ၏ ပေါ့ပါးဖျတ်လတ်မှုကို အဓိက မြှင့်တင်ပေးပြီး တိုက်ခိုက်စွမ်းရည်ကို အဆများစွာ တိုးတက်စေသည်မှာ ပြောစရာမလိုပေ။ စိတ်စွမ်းအားတွင် ထည့်ပေါင်းရခြင်းမှာမူ နောင်တွင် အဆင့်မြင့်သတ္တဝါများ၏ ဖိအားပေးမှုကို မကြောက်ရွံ့စေရန်အတွက် ဖြစ်သည်။

တိုက်ခိုက်ရေးသားရဲများအတွက် စိတ်စွမ်းအားက အလွန်အရေးကြီးပြီး ရန်သူကို ရင်ဆိုင်ရသည့်အခါ တိုက်ပွဲမဝင်ဘဲ ထွက်ပြေးခြင်းမျိုး မဖြစ်ပွားစေရန် များစွာကာကွယ်ပေးနိုင်သည်။ မူလက သူ၏စီမံကိန်းတွင် ဧရာမဖွတ်ကြီးကို အသားဒိုင်းသဖွယ် ရန်သူ၏အာရုံကို ဆွဲဆောင်ပြီး ထိန်းထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် ဧရာမဖွတ်ကြီး၏ စိတ်စွမ်းအားမှာ နိမ့်လွန်းသဖြင့် တိုက်ပွဲကို ကြောက်ရွံ့သည့်အခြေအနေများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မတိုက်ဘဲ ထွက်ပြေးတတ်သည်။ နောက်မှဖမ်းဆီးရမိသော မျောက်ဝံကမူ သွေးဆူလွယ်ပြီး တိုက်ခိုက်ရသည်ကို နှစ်သက်သော စိတ်ဓာတ်ရှိသော်လည်း စွမ်းအားနိမ့်ကျနေခဲ့သည်။

သို့သော် ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲပြီးနောက် မျောက်ဝံ၏ စွမ်းအားမှာ နောက်မှပေါ်သော်လည်း ရွှေကြာပင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် လော်ယွမ်၏ ပစ်မှတ်သည်လည်း ၎င်းအပေါ်သို့ ရောက်ရှိသွားတော့သည်။

............................................................................................................

အရည်အသွေး မြှင့်တင်လိုက်သည်နှင့် တပြိုင်နက် မျောက်ဝံသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ ၎င်း၏မျက်နှာမှာ နီရဲနေပြီး မျက်လုံးများမှာ တွေဝေငေးငိုင်နေ၏။ တစ်ကိုယ်လုံးမှ ကြွက်သားများသည် ရေစီးကြောင်းသဖွယ် မရပ်မနား လှုပ်ရှားနေပြီး သွေးသံရဲရဲဖြစ်နေသော ဒဏ်ရာများသည်လည်း မျက်စိရှေ့မှာပင် လျင်မြန်စွာ ပြန်လည်ကျက်သွားကြသည်။

၎င်းသည် မူလကတည်းက အရေထူအသားမာဖြစ်သဖြင့် ဒဏ်ရာများမှာ သိပ်မနက်ရှိုင်းလှပေ။ ယခု အဆင့်တက်ခြင်းနှင့်အတူ ပါလာသော အပျော့စား ကိုယ်တိုင်ကုစားနိုင်စွမ်းကြောင့် ဒဏ်ရာအများစုမှာ ချက်ချင်းသက်သာသွားလေသည်။

ခန္ဓာကိုယ်၏ ထူးခြားမှုကို ခံစားမိသကဲ့သို့ ၎င်းသည် မလှုပ်မယှက် ငြိမ်သက်နေသည်။

သို့သော် တဖြည်းဖြည်းနှင့် မူလက တွေဝေငေးငိုင်နေသော ၎င်း၏မျက်လုံးများသည် စူးရှထက်မြက်လာပြီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်မှလည်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်လာတော့သည်။

ဆက်ရန်...

အပိုင်း(၃၀၈)ရှေ့ပြေးနိမိတ်

ဧရာမဖွတ်ကြီးသည် စိတ်မလုံခြုံသလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး တအီအီ ဟိန်းဟောက်နေ၏။

လော်ယွမ်ပင်လျှင် ရင်တုန်ပန်းတုန် ဖြစ်လာတော့သည်။ ယခုကဲ့သို့သော မျောက်ဝံကြီးသည် သူ့အား ကြီးမားသော ဖိအားကို ပေးစွမ်းနေပြီး အစိမ်းရောင်အဆင့်သတ္တဝါတစ်ကောင်ပင် ဤမျှသာ ရှိပေလိမ့်မည်။ သတိကြီးသောအနေဖြင့် လော်ယွမ်က မျောက်ဝံကြီး၏ သစ္စာစောင့်သိမှုကို တစ်ချက်ကြည့်လိုက်ရာ သိသိသာသာ ပြောင်းလဲမှုမရှိသည်ကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားရသည်။

အတန်ကြာသော် မျောက်ဝံကြီးသည် သတိပြန်ဝင်လာပြီး စမ်းသပ်သည့်အနေဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်ခြင်း၊ ခုန်ပေါက်ခြင်းများ ပြုလုပ်ကြည့်သည်။ အစပိုင်းတွင် လမ်းစလျှောက်ခါစ ကလေးငယ်တစ်ဦးကဲ့သို့ ယိမ်းယိုင်နေသော်လည်း မကြာမီတွင် သူ၏လှုပ်ရှားမှုများသည် ပို၍တည်ငြိမ်လာပြီး ပို၍မြန်ဆန်လာတော့သည်။

လော်ယွမ်က တည်ကြည်သောမျက်နှာထားဖြင့် လျှောက်လာသောအခါမှ မျောက်ဝံကြီးသည် စိုးရိမ်တကြီး ရပ်တန့်သွားသည်။ သူသည် လည်ပင်းကို ကျုံ့ထားပြီး အမှားလုပ်မိသော ကလေးတစ်ဦးကဲ့သို့ ခေါင်းငုံ့ထား၏။ ကြီးမားပြီး ကြမ်းတမ်းသော ကိုယ်ခန္ဓာကြီးနှင့် ယခုအမူအရာသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။

လော်ယွမ်က သူ့ကို ဂရုမစိုက်ဘဲ ပေ၃၀ခန့်ကျယ်ဝန်းပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော အလောင်းပုံကြီးဆီသို့ လျှောက်သွားလိုက်သည်။

အမျိုးအမည်ခွဲခြားအစွမ်းကို မသုံးလျှင်ပင် ဤသည်မှာ အစိမ်းရောင်အဆင့် သန္ဓေပြောင်းပိုးကောင်တစ်ကောင်ဖြစ်ကြောင်း လော်ယွမ် သိသည်။ ဤအဆင့်ရှိသော သတ္တဝါများသည် အလွန်တန်ဖိုးရှိလှသည်။ အပြင်ခွံ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းများကို ဖယ်ထားလိုက်လျှင်ပင် အတွင်းမှ တက်ကြွစွမ်းအင်ကြွယ်ဝသော အသားများက သူ့အား တံတွေးမျိုချစေရန် လုံလောက်နေပြီဖြစ်သည်။

ထိုပြင်းထန်သောဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် သူ၏နှလုံးသားထဲမှ တက်ကြွစွမ်းအင်အစိုင်အခဲက ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် အနည်းငယ် ပြန်လည်ဖြည့်တင်းနိုင်ခဲ့သော်လည်း အဆင့်နိမ့်အသားများ၏ အကျိုးသက်ရောက်မှုမှာ အလွန်နည်းပါးလှရာ ယခုအချိန်အထိ နှမ်းစေ့ပမာဏခန့်သာ ရှိနေသေးသည်။ သူစတင်ရရှိသည့်အချိန်က ပဲစေ့ပမာဏခန့်နှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။

ခန္ဓာကိုယ်ကျန်းမာနေချိန်တွင် စွမ်းအင်စုစည်းမှုသည် အဆာခံနိုင်ခြင်းမှလွဲ၍ အခြားအကျိုးကျေးဇူးမရှိဟု ထင်ရသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိချိန်တွင်မူ အသက်ကယ်ဆေးတစ်လက် ဖြစ်လာနိုင်ပေသည်။

ယခုအချိန်တွင် ဤအစိမ်းရောင်အဆင့် သန္ဓေပြောင်းပိုးကောင်ကြီး၏ အခြေအနေသည် အလွန်ဆိုးရွားနေသည်။ အပြင်ခွံတစ်ခုလုံး ကြေမွနေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းမှာလည်း ချိုင့်ဝင်သွားကာ အရောင်စုံကလီစာများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေရာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။

သို့သော် လော်ယွမ်ကမူ ဂရုမစိုက်ပေ။ သူ၏အမြင်တွင် သန္ဓေပြောင်းသတ္တဝါအလောင်းသည် နှစ်မျိုးသာရှိသည်။ အဆိပ်မရှိ၍ စားကောင်းသော အလောင်းနှင့် အဆိပ်ရှိ၍ စားမရသော အလောင်းဟူ၍သာ။

ထို့အပြင် ရွံရှာဖွယ်ကောင်းသော ကလီစာများကို ဖယ်ရှားလိုက်လျှင် လူအများထင်ထားသလိုမဟုတ်ဘဲ ပိုးကောင်များတွင် ကြွက်သားများ မရှားပါးလှပေ။ အထူးသဖြင့် ရင်ဘတ်ပိုင်းတွင် စုစည်းနေတတ်သည်။ ဥပမာအားဖြင့် ရင်ခေါင်းနံရံရှိ လက်စွပ်ပုံစံကြွက်သားများသည် ၂၄ပေ x ၁၈ပေခန့် ကျယ်ဝန်းပြီး ယှက်နွယ်နေသော ကြွက်သားကွန်ရက်ကြီးတစ်ခုဖြစ်သည်။ အသေးဆုံးကြွက်သားမျှင်သည်ပင်လျှင် ပေါင်လုံးခန့် တုတ်ခိုင်ပြီး ခိုင်မာကာ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမွန်ပုံရသည်။

လော်ယွမ်၏ ခန့်မှန်းချက်အရ ဤကြွက်သားထုထည်သည် တန်နှင့်ချီ၍ လေးလံပေလိမ့်မည်။

မျောက်ဝံကြီးသည် လော်ယွမ် သူ့ကို လုံးဝဂရုမစိုက်သည်ကို တွေ့သောအခါ ခိုးကြောင်ခိုးဝှက်ဖြင့် အပြင်သို့ ထွက်သွားသည်။ အတန်ငယ်ဝေးကွာသွားသောအခါ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာပြီး ကွင်းပြင်ကျယ်ကြီးထဲတွင် ရူးသွပ်မတတ် ခုန်ပေါက်ပြေးလွှားကာ ထူးဆန်းသော အော်သံကြီးများကို ပြုလုပ်နေတော့သည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်ပြီးနောက် အာရုံကို ပြန်လည်စုစည်းကာ ဤဧရာမပိုးကောင်ကြီးအပေါ် အာရုံစိုက်လိုက်သည်။ မျောက်ဝံကြီးက ပိုးကောင်၏ အရိုးများကို တစ်စစီရိုက်ချိုးပေးထားသဖြင့် သူ အတော်လေး အလုပ်သက်သာသွားသည်။ သူက ကျိုးပဲ့နေသော အရိုးများကို ဖယ်ရှားလိုက်ပြီး ပိုးကောင်၏ကြွက်သားများကို စတင်လှီးဖြတ်လိုက်သည်။

တန်နှင့်ချီသော ကြွက်သားအားလုံးကို သယ်ဆောင်သွားရန် မဖြစ်နိုင်ပေ။ ဤသို့ တက်ကြွစွမ်းအင်ကြွယ်ဝသော အသားများသည် အလွယ်တကူ ပုပ်သိုးနိုင်ပြီး အထူးသဖြင့် ဤကဲ့သို့ ပူပြင်းသောရာသီဥတုတွင် မီးကင်ထားလျှင်ပင် ကြာရှည်အထားခံမည် မဟုတ်ပေ။

နောက်ဆုံးတွင် လော်ယွမ်က ကီလိုဂရမ် သုံးရာခန့်သာ လှီးဖြတ်ယူလိုက်သည်။ ကျန်ရှိနေသည်များလည်း အလဟဿဖြစ်မည်မဟုတ်ချေ။ သူ အသားများကို ဆွဲယူထွက်ခွာသွားပြီး မကြာမီမှာပင် ဧရာမဖွတ်ကြီးသည် အလောင်းနားသို့ ရောက်လာပြီး အနံ့ခံကြည့်ကာ ခေါင်းငုံ့၍ အားရပါးရ စားသောက်တော့သည်။

ယခင်က အစိမ်းရောင်အဆင့် အစားအစာအနံ့ရသည်နှင့် ရူးသွပ်မတတ် ဖြစ်သွားလေ့ရှိသည်နှင့် နှိုင်းယှဉ်လျှင် ယခု ဆင့်ကဲပြောင်းလဲလာသော ဧရာမဖွတ်ကြီး၏ စားသောက်ပုံသည် ပို၍ယဉ်ကျေးလာသည်။ အစိမ်းရောင်အဆင့် အစားအစာများသည် သူတို့အတွက် ယခင်ကလောက် ဆွဲဆောင်မှုမရှိတော့ကြောင်း ထင်ရှား၏။

................................................................................................

မူလက လော်ယွမ်သည် ထမင်းစားပြီး အနည်းငယ်အနားယူကာ ဆက်လက်ထွက်ခွာရန် စီစဉ်ထားသော်လည်း ဤမမျှော်လင့်သော အဖြစ်အပျက်ကြောင့် ခရီးစဉ် ကြန့်ကြာသွားရသည်။

အသားအမြောက်အမြားကို အချိန်မီ ချက်ပြုတ်ပြုပြင်ရန် လိုအပ်သည်။ သို့မဟုတ်လျှင် ပုပ်သိုးသွားနိုင်သည်။ ဟွမ်ကျားဟွေနှင့် အခြားသူများက ကူညီရန် ပြောသော်လည်း သူတို့၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများကို ကြည့်ပြီး လော်ယွမ်က အနားယူရန် အတင်းအကျပ် စေခိုင်းလိုက်သည်။

ယောက်ျားလေးများအတွက်မူ လော်ယွမ်က ညှာတာနေမည်မဟုတ်ပေ။ ကျန်းဝူ၊ ယန်ကျစ်ချင်နှင့် ရန်မုန်ကျွင်းတို့သည် လော်ယွမ်၏ ခိုင်းစေမှုအောက်တွင် ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေကြသည်။

ဤနေရာသည် ယခင် လုံခြုံရေးဇုန်နေရာဖြစ်သောကြောင့် ဒေသခံအဖွဲ့အစည်းများ ရိတ်သိမ်းထားသော မြက်ခြောက်များ မနည်းလှပေ။ မြက်ပင်များကို ဖယ်လိုက်သည်နှင့် အောက်တွင် သိပ်သည်းစွာ စုပုံထားသော မြက်ခြောက်များကို တွေ့မြင်နိုင်သည်။ ယခုတလော မိုးမရွာထားသဖြင့် မြက်ခြောက်များသည် အလွန်ခြောက်သွေ့နေပြီး မီးလောင်လွယ်၏။

သို့သော် ကီလိုဂရမ် သုံးရာကျော်သော အသားပမာဏသည် မနည်းလှပေ။ အားလုံး မီးကင်ပြီးချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်သည်။

မွှေးကြိုင်သော အနံ့များသည် နေရာတစ်ခုလုံး ပျံ့နှံ့နေသည်။ မီးကင်ထား၍ မည်းနက်ကာ ဆီဝင်းနေသော အသားခြောက်များကို လော်ယွမ်က ကျောပိုးအိတ်ထဲသို့ တစ်တုံးချင်း ထည့်နေပြီး တစ်ခါတစ်ရံ တစ်တုံးကောက်ဝါးကာ အားရပါးရစားနေသည်ကို ကြည့်ရင်း ကျန်းဝူတို့အဖွဲ့မှာ တံတွေးမျိုချကာ ငေးကြည့်နေရုံသာ တတ်နိုင်ကြသည်။

လော်ယွမ်က ကပ်စေးနည်း၍ မဟုတ်ပေ။ ဤအသားခြောက်များသည် မွှေးကြိုင်သော်လည်း ရော်ဘာကဲ့သို့ အလွန်မာကျောလှရာ သူတို့ မည်သို့ပင် ကိုက်ဝါးစေကာမူ ပြတ်မည်မဟုတ်ပေ။ ဤသည်မှာ အဆင့်မြင့်သက်ရှိများ၏ ကြွက်သားများဖြစ်ပြီး နူးညံ့သော ကလီစာများမဟုတ်သဖြင့် ခွန်အားအမျိုးအစား ဆင့်ကဲပြောင်းလဲသူမဟုတ်သော သူတို့အတွက် စားသောက်ရန် မဖြစ်နိုင်ပေ။

နောက်ဆုံးတွင် သူတို့သည် အလယ်အလတ်နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်ရသည်။ လော်ယွမ်၏ဓားကို ငှားကာ အသားခြောက်တစ်တုံးကို ပါးပါးလှီးပြီး အိုးထဲထည့်ကာ အသားဟင်းရည်ချက်သောက်ရန် ပြင်ဆင်လိုက်ကြသည်။

ဤကြွက်သားများသည် မူလကတည်းက လေးလံပြီး ကျုံ့သွားသောအခါ ပို၍သိပ်သည်းလာသည်။ ကီလိုဂရမ် သုံးရာရှိသော အသားခြောက်များသည် ကျောပိုးအိတ်နှစ်လုံးထဲသို့ အကုန်ဝင်ဆံ့သွားသည်။ လော်ယွမ်က ဇစ်ဆွဲပိတ်ကာ ဘေးတွင်ချထားလိုက်ပြီး အသားဟင်းရည် ကျက်သောအခါ ဟွမ်ကျားဟွေတို့ကို နှိုးလိုက်သည်။

အသားဟင်းရည်တစ်ခွက်စီ သောက်ပြီးနောက် အားလုံး ခရီးဆက်ကြသည်။

နေ့လယ် တစ်နာရီခန့်တွင် မြေအောက်မှ ရထားသံ တဒုန်းဒုန်းကို ကြားလိုက်ရသည်။ အသံသည် အဝေးမှ အနီးသို့ရောက်လာပြီး လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ဤသည်မှာ ရထား ပထမအကြိမ် ပြန်လာခြင်းဖြစ်ပြီး လော်ယွမ် ခန့်မှန်းထားသည်ထက် တစ်ရက်နီးပါး နောက်ကျနေသဖြင့် လမ်းခရီး ချောမွေ့ခြင်းမရှိကြောင်း ထင်ရှား၏။

သူ၏စိတ်ထဲတွင် လေးလံသွားသည်။ ဆိုလိုသည်မှာ ကန္တာရမြို့မှ ပြည်သူများ ရွှေ့ပြောင်းခြင်းသည် အကြီးအကျယ် ကြန့်ကြာသွားမည်ဖြစ်သည်။ ငလျင်ကြီးအချိန်မရွေး လှုပ်နိုင်သော ဤအန္တရာယ်ရှိသည့် အချိန်တွင် ဤသည်မှာ အဆိုးရွားဆုံး သတင်းပင် ဖြစ်သည်။

ပို၍ဆိုးရွားသည်မှာ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း မပြီးဆုံးသေးသည်ပင်။ မြို့တော်ဝန်စုံ့၏ အစီအစဉ်အရ ရထားသည် အနည်းဆုံး နောက်တစ်ခေါက် ထပ်ဆွဲရဦးမည်ဖြစ်ရာ တန်ဖိုးရှိသော အချိန်များ ပိုမိုကုန်ဆုံးသွားပေလိမ့်မည်။

ပစ္စည်းနှင့် လူ့အသက် မည်သည်က ပိုအရေးကြီးသနည်းဟူသည်ကို လော်ယွမ် မဆုံးဖြတ်နိုင်သလို ဝေဖန်ရန်လည်း အရည်အချင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျဆုံးသွားသော နယ်မြေများမှ တန်ဖိုးရှိသော စက်ပစ္စည်းကိရိယာများကို ရှာဖွေရင်း လူအများအပြား အသက်ပေးခဲ့ရပြီးပြီဖြစ်ကာ ယခုအချိန်အထိ ရှာဖွေရေးအဖွဲ့များစွာသည် အန္တရာယ်ရှိသော နယ်မြေများထဲသို့ ဝင်ရောက်ကာ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သောကြောင့်ပင်။

ညဘက်ရောက်သောအခါ မိုးကုပ်စက်ဝိုင်းတွင် လှပသော ဥတ္တရအလင်းတန်းများ ပေါ်ထွက်လာပြီး ဆွဲဆောင်မှုရှိသော ဖဲကြိုးများကဲ့သို့ ကောင်းကင်တွင် ယိမ်းနွဲ့ကာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေ၏။

ဤသည်မှာ သူ ဥတ္တရအလင်းတန်းကို တတိယအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ ဤသည်မှာ ကပ်ဘေး၏ နိမိတ်ပုံ၊ သေမင်း၏ ကြိုးကွင်းပင် ဖြစ်သည်။ ဟယ်တုန်မြို့ အမြန်လမ်းမကြီးပေါ်မှ မီးတောင်ပေါက်ကွဲမှုဖြစ်စေ၊ ခွန်လွန်တောင်တန်းမှ မိုးကြိုးမုန်တိုင်းဖြစ်စေ၊ အကြိမ်တိုင်းသည် လော်ယွမ်အား နက်ရှိုင်းပြီး နာကျင်ဖွယ်ကောင်းသော အမှတ်တရများကို ချန်ရစ်ခဲ့သည်။

"ငလျင်လှုပ်တော့မှာလား" ဝမ်ရှီရှီက စိုးရိမ်သောမျက်နှာဖြင့် အသံတိုးတိုး မေးလိုက်သည်။

လော်ယွမ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "မသိဘူး... ဒါပေမဲ့ငါတို့ကတော့လွတ်ပါတယ်"

လူတိုင်း၏ မျက်နှာများ ညှိုးငယ်သွားကြသည်။

ဆက်ရန်...

All Chapters