အခန်း (၃၀၉-၃၁၀)
Vol. 16 Ch. 309-310
၃၀၉)ရေမြေအပြောင်းအလဲ
အချိန်မရွေး မြေငလျင် လှုပ်နိုင်သည့်အတွက် လော်ယွမ်သည် ညတွင်းချင်း ခရီးမဆက်တော့ဘဲ ရှေ့လမ်း၌ ကျောက်စရစ်ကွင်းပြင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာ၌ ရပ်နားရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာ၏ မြေသားသည် မာကျောပြီး ခြေအောက်၌ ကျောက်သားများဖြင့် ပြည့်နှက်နေသည့်အတွက် ငလျင်လှုပ်သည့်တိုင်အောင် ပြိုကျနိုင်ခြေ နည်းပါးသည်။
ထို့နောက် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့ကိုလည်း လော်ယွမ်က အဝေးသို့ မောင်းထုတ်လိုက်သည်။ ငလျင်လှုပ်သည့်အခါ သတိလစ်ဟင်းပြီး နင်းမိခြင်းများ မဖြစ်ပွားစေရန်အတွက် ဖြစ်၏။
လရောင်မရှိသော ည၌ မည်သည့်အလင်းရောင်မျှ မရှိချေ။
လူအုပ်စုသည် မီးပုံတစ်ပုံကို ဖိုလိုက်ပြီး ဝိုင်းဖွဲ့ထိုင်ကာ ငလျင်လှုပ်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အချိန်သည် တစ်စက္ကန့်ချင်း ကုန်လွန်သွားခဲ့သည်။ ကောင်းကင်ပေါ်မှ ဥတ္တရအလင်းတန်းများသည် ခြောက်နာရီကြာအောင် တောက်ပနေခဲ့ပြီး နံနက်မိုးလင်းခါနီးမှသာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ထို့နောက် အရာအားလုံးသည် တိတ်ဆိတ်သွားတော့သည်။
ကွင်းပြင်ပေါ်မှ ပိုးမွှားသံများ၊ သားရဲဟိန်းဟောက်သံများသာမက လေထုသည်ပင်လျှင် ရပ်တန့်သွားသည့်အလား ဖြစ်နေသည်။
အဝေးမှ ဧရာမဖွတ်ကြီးသည် တစ်စုံတစ်ခုကို ကြိုတင်ခံစားမိသည့်အလား မူလနေရာ၌ ခြေထောက်များကို တံဆိပ်ခတ်သကဲ့သို့ နင်းနေပြီး စိတ်မငြိမ်မသက်ဖြင့် နှာမှုတ်သံများ ပြုလုပ်နေသည်။ မျောက်ဝံကြီးသည်လည်း ဂနာမငြိမ်ဖြစ်နေပြီး နားရွက်များကို ကုတ်ကာ သွားများကို ဖြီးပြနေသည်။
မကြာမီမှာပင် အလွန်အမင်း ဖိနှိပ်ထားသော အငွေ့အသက်တစ်ခုသည် နေရာလပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်း၏ နှလုံးသားသည် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသကဲ့သို့ ခံစားရပြီး အသက်ရှူသံများသည် တဖြည်းဖြည်း မြန်ဆန်လာသည်။ ထိုအချိန်၌ အာရုံခံစားမှု အနှေးကွေးဆုံးလူပင်လျှင် ကြီးမားသော ဘေးအန္တရာယ် ကျရောက်တော့မည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
"လော်ယွမ်" ကျိုးယလီက စိုးရိမ်တကြီးဖြင့် ခေါ်လိုက်သည်။
လော်ယွမ်သည် သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့ ငါတို့ ဘာမှမဖြစ်ပါဘူး... သတိသာ မလွတ်စေနဲ့"
ကျိုးယလီသည် ခေါင်းကို အားကုန်သုံး၍ ညိတ်လိုက်သော်လည်း မျက်နှာသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေသည်။
"ရှီရှီ... ခဏနေကျရင် ကယ်ဆယ်ဖို့ အသင့်ပြင်ထားနော်... ကျန်တဲ့သူတွေ ကိုယ့်ကိုယ်ကို ကာကွယ်ကြ" လော်ယွမ်က အလွန်မြန်ဆန်သော လေသံဖြင့် ပြောလိုက်သည်။ မြေစွမ်းအင် ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် သူသည် မြေကြီးအောက်၌ ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ဖိနှိပ်ခံထားရပြီး အကန့်အသတ်သို့ ရောက်ရှိနေကာ မကြာမီ ပေါက်ကွဲထွက်လာတော့မည်ကို ခံစားနေရသည်။
စကားဆုံးသည်နှင့် နောက်တစ်ခဏ၌ သူ၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူသည် တောင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ကောင်းကင်အဆုံး၌ လက်ခနဲ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထို့နောက် ဘုန်းဟူသော အသံကျယ်ကြီးတစ်သံသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်သွားတော့သည်။
ကျိုးယလီနှင့် ဟွမ်ကျားဟွေတို့သည် မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျလုမတတ် ဖြစ်သွားရာ လော်ယွမ်က အလျင်အမြန် ဆွဲထိန်းလိုက်သည်။ ဝမ်ရှီရှီသည်လည်း လေထဲသို့ ပျံတက်သွားပြီး ဝမ်ရှကွမ်ကို တစ်ချက် ဆွဲတင်လိုက်သည်။ ထိုသူများမှလွဲ၍ အခြားသူများအားလုံးသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ဦးခေါင်းများ ကွဲအက်ကာ သွေးများ စီးကျကုန်ကြသည်။
သို့သော် ဤငလျင်သည် အစပျိုးရုံသာ ရှိသေးသည်။ ကျန်းဝူနှင့် အခြားသူများ မထနိုင်သေးမီမှာပင် ပို၍ပြင်းထန်သော တုန်ခါမှုသည် ရောက်ရှိလာခဲ့လေပြီ။
လူအများအပြားသည် မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားပြီး အဆက်မပြတ် လိမ့်နေကြသည်။ ကျောက်စရစ်ကွင်းပြင်မှ ကျောက်စရစ်ခဲများသည် အလွန်အမင်း ချွန်ထက်လှရာ သူတို့၏ ခန္ဓာကိုယ်များ၌ ဒဏ်ရာများ လျင်မြန်စွာ ပြည့်နှက်လာခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်ကျားယီ၏ စွမ်းဆောင်ရည်သည် အခြားသူများထက် များစွာ ပိုမိုကောင်းမွန်နေသည်။ ရေညှိများ ကပ်ပါးကပ်တွယ်ခံထားရသည့်အတွက် တိတ်ဆိတ်ငြိမ်သက်နေသော ဤမိန်းကလေးသည် ပထမအကြိမ် အငိုက်မိ၍ လဲကျသွားခြင်းမှလွဲ၍ မကြာမီမှာပင် ပြန်လည်ထရပ်နိုင်ခဲ့သည်။ လော်ယွမ်ထံမှ သိုင်းပညာသင်ယူခဲ့သော ကလေးငယ်သုံးဦးထဲမှ တစ်ဦးဖြစ်သည့်အတွက် သူမ၏ ခြေထောက်အောက်ပိုင်း တည်ငြိမ်မှုသည် အခြားဆင့်ကဲပြောင်းလဲသူ သုံးဦးထက် များစွာ သာလွန်နေသည်။ သူမသည် ယိုင်နဲ့နေပြီး လဲကျလုမတတ် ဖြစ်နေသော်လည်း ဇွဲရှိစွာဖြင့် မတ်မတ်ရပ်နေနိုင်ပြီး နောက်တစ်ကြိမ် ထပ်မံလဲကျခြင်း မရှိခဲ့ပေ။
ပြင်းထန်သော တုန်ခါမှုကြောင့် အနီးအနားမှ ပေ၃၀ခန့်မြင့်မားသော ကျောက်စရစ်ကုန်းမြင့်၌ အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများသည် တောင်ကုန်းထိပ်မှ ရေစီးကြောင်းကဲ့သို့ လိမ့်ဆင်းလာပြီး ကြီးမားသော ဖုန်မှုန့်လုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ အဝေးမှ မြက်ခင်းပြင်ကြီးမှာမူ ပို၍ပင် ပြင်းထန်စွာ ပြောင်းလဲနေသည်။ မြေပြင်တစ်ခုလုံးသည် ပျော့ပျောင်းသော မုန့်အနှစ်ပြားတစ်ချပ်ကဲ့သို့ ငလျင်လှုပ်ခတ်မှုအောက်၌ လိုသလို ပုံသွင်းခံနေရသည်။ လော်ယွမ်သည် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ငလျင်လှုပ်ခတ်မှုအောက်၌ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ကီလိုမီတာများစွာ ရှည်လျားသွားကာ ဘေးနှစ်ဖက်သို့ ဆက်လက်ပြန့်ကားနေသည်ကိုပင် မြင်တွေ့လိုက်ရသည်။
လော်ယွမ်သည် မူလနေရာ၌ မတ်မတ်ရပ်နေပြီး မြေပြင်တုန်ခါမှုနှင့်အတူ ခန္ဓာကိုယ်၏ ဟန်ချက်ကို အဆက်မပြတ် ညှိယူနေသည်။ သန္ဓေပြောင်းသားရဲများ၏ ကိုယ်ပေါ်သို့ ခုန်တက်၍ တိုက်ခိုက်လေ့ရှိသော လော်ယွမ်အတွက်မူ ဤသို့သော တုန်ခါမှုမျိုးကို သူ ကျင့်သားရနေပြီဖြစ်သည်။
ဤငလျင်သည် သုံးမိနစ်ကျော်ကြာအောင် ဆက်တိုက် လှုပ်ခတ်နေပြီးမှ နောက်ဆုံး၌ ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။ အဝေးမှ ပင်လယ်ကုန်းမြေ အပြောင်းအလဲ၊ ကောင်းကင်နှင့် မြေကြီး ပြောင်းလဲမှုတို့ကို ကြည့်ရင်း ရုတ်တရက် ပြောမပြနိုင်သော ဝမ်းနည်းမှုတစ်မျိုး နှလုံးသားထဲမှ ပေါ်ပေါက်လာခဲ့သည်။
ကမ္ဘာပျက်ကပ် စတင်ကတည်းက လူသားမျိုးနွယ်သည် ကံကောင်းမှုအားလုံးကို သုံးစွဲကုန်ဆုံးသွားခဲ့သည့်အလား ကံဆိုးမိုးမှောင်ကျမှုများ အဆက်မပြတ် ကြုံတွေ့နေရသည်။ ကမ္ဘာပျက်ကပ် ကျရောက်ပြီး နှစ်နှစ်ပင် မပြည့်သေးမီအချိန်အတွင်း၌ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီး၏ အရှင်သခင်အဖြစ်မှ အစွန်အဖျားဆုံး ထောင့်စွန်းသို့ မောင်းထုတ်ခံလိုက်ရပြီး အသက်ဆက်ရန် ရုန်းကန်နေရသည်။ ယခုအခြေအနေ အနည်းငယ် တည်ငြိမ်လာသော်လည်း သဘာဝဘေးအန္တရာယ်များက အဆက်မပြတ် ကျရောက်လာပြန်သည်။
လော်ယွမ်က ဖုန်များကို ခါလိုက်သည်။ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး ကြောက်ရွံ့တုန်လှုပ်မှု မပြေသေးချေ။ ကံကောင်းသည်မှာ လူအုပ်ထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှ ပြင်းထန်စွာ ဒဏ်ရာရခြင်းမရှိခြင်းပင်။ အဆိုးရွားဆုံးဟု ထင်ရသော ကုမိန်ယန်ပင်လျှင် အရေပြားပွန်းပဲ့ဒဏ်ရာအချို့နှင့် အညိုအမည်းစွဲခြင်းအချို့သာ ရရှိခဲ့သည်။
ဘေးအန္တရာယ်မှ လွတ်မြောက်လာသော လူအုပ်စုသည် စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း ပွေ့ဖက်လိုက်ကြသည်။
"ဟော်တုံနဲ့ ချောင်လင်တို့ ဘယ်လိုနေမလဲမသိဘူးနော်... ပြီးတော့ ဗုံးခိုကျင်းက လူတွေရောပဲ" စိတ်လှုပ်ရှားမှု လွန်သွားပြီးနောက် ဟွမ်ကျားဟွေက ရုတ်တရက် ပြောလိုက်ရာ လူအုပ်စု၏ စိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း အေးစက်သွားခဲ့သည်။
"အမဟွမ်... ဒီလိုမျိုး ဘယ်သူကဖြစ်ချင်မှာလဲ... ကျွန်မတို့ လုပ်နိုင်တာက ဆုတောင်းပေးဖို့ပဲ ရှိတော့တယ်" ဝမ်ရှကွမ်က ခေါင်းခါလိုက်ပြီး မျက်နှာ၌ အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။
လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤငလျင်သည် အနည်းဆုံး ရစ်ခ်ျတာစကေး ကိုးအဆင့်အထက် ရှိပေလိမ့်မည်။ ဤမျှ ပြင်းထန်သော ငလျင်ဒဏ်ကို သူတို့ ခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။
"ကိုကြီးယွမ်... သမီးတို့ပြန်သွားကြည့်ကြမလား" ဝမ်ရှီရှီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အသက်ရှင်သေးတဲ့သူတွေ ရှိနေနိုင်သေးတယ်"
"ဟုတ်တယ်... လော်ယွမ်" ကျိုးယလီကလည်း ထောက်ခံလိုက်ပြီး မျက်နှာသည် ဖြူဖျော့နေသည်။
လော်ယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူသည် မူလနေရာ၌ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး ရပ်တန့်ကာ မော့ကြည့်လိုက်သည်။ "ဒါဆိုလည်း ငါတို့ ပြန်သွားကြည့်ကြတာပေါ့... ကံကြမ္မာကို လက်ခံပြီးငါတို့အစွမ်းကုန်ကြိုးစားရမယ်... တစ်ယောက်ကယ်နိုင်လည်း တစ်ယောက်ပေါ့"
လူအုပ်စုသည် စိတ်ဓာတ်တက်ကြွလာကြပြီး နှလုံးသားထဲမှ အမှောင်ရိပ်များသည် လျင်မြန်စွာ လွင့်ပြယ်သွားကာ စိတ်ထဲ၌ ရှင်းလင်းသွားခဲ့သည်။ ဤတစ်ကြိမ် သူတို့ တစ်ကိုယ်တည်း ထွက်ခွာလာခြင်းသည် အသက်ရှင်ရပ်တည်ရေးအတွက်သာ ဖြစ်သော်လည်း စိတ်ထဲ၌ အပြစ်ရှိသလိုခံစားနေရသည်သာပင်။ သူတို့က ဤအကြောင်းအရာကို အလိုအလျောက် ရှောင်ဖယ်ထားခဲ့ကြခြင်းသာ ဖြစ်သည်။
အထူးသဖြင့် ယခုကဲ့သို့ လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်သော အရေးကြီးသည့် အချိန်ကာလမျိုး၌ အဖွဲ့အစည်းမှ ခွဲထွက်ပြီး တစ်ကိုယ်တည်း လှုပ်ရှားခြင်းသည် စစ်ပြေးခြင်းနှင့် ခြားနားမှုမရှိပေ။ ယခုအခါ အပြစ်ကို ပြန်လည်ပေးဆပ်ရန် အခွင့်အရေးတစ်ခု ရရှိလာသည့်အတွက် သူတို့ ငြင်းဆန်စရာ အကြောင်းမရှိတော့ပေ။
...............................................................................................................
မျောက်ဝံကြီးနှင့် ဧရာမဖွတ်ကြီးတို့သည် ငလျင်လှုပ်စဉ်က အဝေးသို့ ထွက်ပြေးသွားခဲ့ကြရာ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။ လော်ယွမ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး သူတို့ကိုသဲသောင်ခုံတစ်ခု၏ နောက်ကွယ်၌ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်၌ ၎င်းတို့သည် မြေပြင်ပေါ်၌ ဝပ်တွားနေပြီး တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ အထူးသဖြင့် ဧရာမဖွတ်ကြီးသည် ၎င်း၏ ဦးခေါင်းတစ်ခုလုံးကို သဲသောင်ခုံထဲ၌ မြှုပ်နှံထားပြီး လော်ယွမ် မည်သို့ပင် အမိန့်ပေးစေကာမူ ထရပ်ရန် မဝံ့ရဲချေ။
တိရစ္ဆာန်များသည် သဘာဝဘေးအန္တရာယ်အပေါ် လူသားများထက် ပို၍ ဗီဇအလျောက် ကြောက်ရွံ့တတ်ကြဟန်တူသည်။ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးကဲ့သို့ အားကောင်းသော သတ္တဝါများပင်လျှင် သဘာဝဘေးအန္တရာယ်၏ ရှေ့မှောက်၌ တုန်လှုပ်ချောက်ချားနေကြသည်။
လော်ယွမ်သည် ဆယ်မိနစ်ကျော်ကြာအောင် နှစ်သိမ့်ပေးခဲ့ရပြီး ကြားထဲ၌ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကာ ခြိမ်းခြောက်ခဲ့ရမှသာလျှင် ဧရာမသားရဲနှစ်ကောင်သည် ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ခဲ့ပြီး တုန်တုန်ယင်ယင်ဖြင့် ထရပ်နိုင်ခဲ့ကြသည်။
............................................................................................................
လူအုပ်စုသည် ဧရာမဖွတ်ကြီးပေါ်သို့ တက်ရောက်ပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ရှေ့လမ်းသည် လုံးဝ စိမ်းသက်နေပြီး ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းများကို ရှာမတွေ့နိုင်တော့ချေ။ လျှပ်စစ်မျှော်စင်အများစုသည် ပြိုကျပျက်စီးနေပြီး မြေပြင်ပေါ်၌ အက်ကွဲကြောင်းများနှင့် ပြတ်ရွေ့ကြောများဖြင့် ပြည့်နှက်နေသည်။ မူလက မြေပြန့်လွင်ပြင်ဖြစ်ခဲ့သော နေရာတစ်ခုသည် ယခုအခါ ရေကန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကိုပင် လော်ယွမ် တွေ့ရှိလိုက်ရသည်။
မြေအောက်ရေအမြောက်အမြားသည် ရေပန်းကဲ့သို့ ပန်းထွက်လာပြီး ရေကန်အလယ်၌ ပေ၃၀၀ကျော်မြင့်သော ဧရာမ ရေပန်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုမြို့ပျက်ကြီးကို နောက်တစ်ကြိမ် ဖြတ်သန်းသွားသောအခါ ထိုနေရာသည် လုံးဝ ပြိုကျပျက်စီးသွားပြီး အရှေ့မှ အနောက်သို့ သွယ်တန်းနေသော ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုသည် မြို့တော်တစ်ခုလုံးကို ဖြတ်သန်းသွားကာ ဘယ်ဘက်မှ မြို့တော်၏ သုံးပုံနှစ်ပုံခန့် တစ်ခုလုံးမြေကြီးထဲသို့ ပေ၃၀ခန့် နိမ့်ကျသွားသည်ကို တွေ့လိုက်ရသည်။
မျက်စိရှေ့မှ မြင်ကွင်းများသည် ရင်သပ်ရှုမောဖွယ်ကောင်းသော်လည်း နောက်ဆက်တွဲအနေဖြင့် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။
ကန္တာရမြို့၏ အခြေအနေသည်လည်း သိပ်ကောင်းမွန်လိမ့်မည် မဟုတ်ကြောင်း ထင်ရှားလှ၏။
လော်ယွမ်သည် ဧရာမဖွတ်ကြီးကို အရှိန်မြှင့်တင်ရန် တိုက်တွန်းလိုက်သည်။ ကယ်ဆယ်ရေးလုပ်ငန်း မြန်ဆန်ပါက အသက်ရှင်ကျန်ရစ်သူအချို့ ရှိနိုင်သေးသည်။
သို့သော် ဤပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် မြေအောက်ကျောက်လွှာ ဖိအားသည် များစွာ လျော့နည်းသွားခဲ့ပြီး ယခုအခါ မြေပြင်၏ သေးငယ်သော တုန်ခါမှုများသည် ယာယီ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ အချိန်တိုအတွင်း၌ ကြီးမားသော ငလျင်ထပ်မံလှုပ်ခတ်ရန်မှာ ခဲယဉ်းပေလိမ့်မည်။
လူအုပ်စုသည် ဧရာမဖွတ်ကြီး၏ လှုပ်ခါမှုကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီး ဧရာမဖွတ်ကြီး၏ အရှိန်ကို များစွာ မြှင့်တင်နိုင်ခဲ့သည်။ လာစဉ်က တစ်ဆယ့်ခြောက်နာရီနီးပါး ကြာမြင့်ခဲ့သော်လည်း ပြန်သွားသည့်အခါ ဆယ်နာရီသာ ကြာမြင့်ခဲ့သည်။ ညနေ နှစ်နာရီ ဆယ်မိနစ်တွင် ကန္တာရမြို့ကို အဝေးမှ လှမ်းမြင်နေရပြီဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျိုးယလီသည် ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ပြီး မျက်နှာသည် ကြောက်လန့်တကြား ဖြစ်သွားသည်။
လော်ယွမ်သည်လည်း မယုံနိုင်စွာဖြင့် ကြည့်နေမိသည်။ စိတ်ထဲ၌ ကန္တာရမြို့၏ အခြေအနေကို အဆိုးရွားဆုံး ကြိုတင်တွက်ဆထားခဲ့သော်လည်း မျက်စိရှေ့မှ မြင်ကွင်းက သူ၏ စိတ်ဓာတ်ကို အောက်ဆုံးထိ ကျဆင်းသွားစေခဲ့သည်။
မျက်စိတစ်ဆုံး ကြည့်လိုက်သည့်အခါ ကန္တာရမြို့ တည်ရှိခဲ့သော မြေပြန့်လွင်ပြင်သည် ပျောက်ကွယ်သွားပြီး ၎င်း၏အစား တောင်ကုန်းငယ်လေးများ သို့မဟုတ် တောင်တန်းအစပြုရာ နေရာများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။ ဤတောင်ကုန်းများသည် အမြင့် ပေရာပေါင်းများစွာ ရှိပြီး အနိမ့်ဆုံးမှာ ပေ၃၀ခန့်သာ ရှိသည်။ ၎င်းတို့သည် ပုလဲကုံးရှည်ကြီးတစ်ကုံးပမာ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် အဆုံးမဲ့သော အဝေးသို့ သွယ်တန်းနေကြသည်။
တောင်ကုန်းတစ်ခု၏ ဘေးတစ်ဖက်တွင် လော်ယွမ်သည် ကန္တာရမြို့၏ လက်ကျန် အပျက်အစီးများကို တွေ့လိုက်ရသည်။ ကြေမွနေသော ကွန်ကရစ်များနှင့် သစ်သားပြားအမြောက်အမြားက မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။
လော်ယွမ်၏ စိတ်ထဲတွင် လေးလံသွားသည်။ ဤကဲ့သို့သော မြေအောက်ကျောက်လွှာများ၏ ကြီးမားသော ဖိအားအောက်၌ ကန္တာရမြို့အောက်မှ ဗုံးခိုကျင်းသည် စက္ကူဖြင့် ပြုလုပ်ထားသည်ထက် ပို၍ ခိုင်ခံ့မည်မဟုတ်ပေ။ ယခုအခါ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာရန် ဆုတောင်းရုံသာ ရှိတော့သည်။
သူသည် ဧရာမဖွတ်ကြီးကို မောင်းနှင်၍ ထိုနေရာသို့ ပြေးသွားခဲ့ပြီး မကြာမီမှာပင် ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။
ကျောက်တုံးများသည် ယခုလေးတင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် လှုပ်ရှားမှုကြောင့် ကျန်ရှိနေသေးသည့် အပူငွေ့များကို ထုတ်လွှတ်နေဆဲဖြစ်သည်။ မြေပြင်တစ်ခုလုံး ရှုပ်ပွနေပြီး ကျန်ရစ်ခဲ့သော ကျောက်တုံးများနှင့် သစ်သားပြားများမှလွဲ၍ အနီးအနား၌ အဆောက်အအုံတစ်ခု၏ အရိပ်အယောင်ကိုမျှ မမြင်တွေ့ရတော့ချေ။
လော်ယွမ်က လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး အခြားသူများလည်း ကြိုးကို အသုံးပြု၍ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။
"လော်ယွမ် ဘယ်လိုလုပ်ကြမလဲ" ဟွမ်ကျားဟွေက စိတ်ဓာတ်ကျစွာဖြင့် မေးလိုက်သည်။
"တူးကြည့်ကြတာပေါ့... ငါတို့ အသက်ရှင်တဲ့သူရှိမရှိ ရှာကြည့်ကြမယ်" လော်ယွမ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
ကျန်းဝူနှင့် အခြားသူများ ကြောင်သွားကြပြီး မျက်နှာပေါ်၌ မေးခွန်းထုတ်သည့် အမူအရာ မပေါ်ပေါက်မီမှာပင်...
လော်ယွမ်က မျောက်ဝံကြီးကို လှမ်းခေါ်လိုက်ပြီး ပါးစပ်မှ ပြောဆိုရင်း လက်ဖြင့် အမူအရာအမျိုးမျိုး ပြုလုပ်ပြနေသည်။ မျောက်ဝံကြီး၏ ဉာဏ်ရည်သည် ကိုးမှတ်အထိ ရောက်ရှိနေပြီဖြစ်ရာ သာမန်လူများထက် အနည်းငယ်သာ နိမ့်ကျသည်။ ရိုးရှင်းသော အမိန့်များကို နားလည်ရန် အခက်အခဲမရှိသကဲ့သို့ ရှုပ်ထွေးသော အမိန့်များကိုပင် လက်ဟန်ခြေဟန်နှင့် သရုပ်ပြမှုများ ပါဝင်ပါက လျင်မြန်စွာ နားလည်နိုင်သည်။
လော်ယွမ်က မြေပြင်ကို တူးဆွသည့်ပုံစံ လုပ်ပြလိုက်ရာ မျောက်ဝံကြီးသည် ခေါင်းကို ကုတ်လိုက်ပြီး စမ်းသပ်သည့်အနေဖြင့် တစ်ချက် တူးကြည့်လိုက်သည်။ လော်ယွမ် ခေါင်းညိတ်သည်ကို မြင်သောအခါ မျောက်ဝံကြီးက သွားဖြီးလိုက်ပြီး စတင်တူးဆွတော့သည်။
ခိုင်မာသော အရေပြားနှင့် သဘာဝအရ အားကြီးသော ဧရာမသားရဲတစ်ကောင်ဖြစ်ပြီး ထို့အပြင် လှုပ်ရှားမှု လျင်မြန်သော လက်နှစ်ဖက်ကို ပိုင်ဆိုင်ထားသည့်အတွက် တူးဖော်ရေးလုပ်ငန်းကို လုပ်ဆောင်ရန် ၎င်းထက် ပို၍ သင့်လျော်သူ မရှိတော့ပေ။ ထိုအချိန်၌ ၎င်းသည် ဧရာမ စက်ယန္တရားကြီးတစ်စီးအလား စွမ်းဆောင်ရည် အံ့ဩဖွယ်ကောင်းလှသည်။ တစ်ချက်တူးလိုက်ရုံမျှဖြင့် တန်ဆယ်ဂဏန်းခန့် လေးလံသော ကျောက်စရစ်ခဲများကို ပေသုံးရာကျော်အကွာသို့ လွင့်ပစ်လိုက်နိုင်သည်။
လူအုပ်စုသည် ကြောက်လန့်တကြားဖြင့် ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ကြသည်။
ဆက်ရန်...
အပိုင်း(၃၁၀)အသက်ရှင်သူများ
တစ်မိနစ်ခန့်အကြာတွင် လော်ယွမ်က ဧရာမမျောက်ဝံကြီးကို ရပ်ခိုင်းလိုက်၏။
ယခုအချိန်တွင် မြေကြီးပေါ်၌ ၂၄ပေကျော်နက်ပြီး ပေ၃၀ကျော်ကျယ်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ လော်ယွမ်သည် ထိုတွင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အတွင်းသို့ ခုန်ဆင်းသွားကာ အသေအချာ နားစွင့်နေလိုက်သည်။ သို့သော် ဝမ်းနည်းစရာမှာ မည်သည့်အသံမျှ မကြားရပေ။ တိုးညှင်းသော အသက်ရှူသံလေးတစ်ခုပင် မကြားရ။
လော်ယွမ်က တွင်းထဲမှ ပြန်ခုန်တက်လာပြီး ဧရာမမျောက်ဝံကြီးကို ဆက်လက်တူးဖော်ခိုင်းလိုက်သည်။
မိနစ်နှစ်ဆယ်အကြာတွင် မူလတွင်းကြီးသည် ပေ၃၀ကျော်နက်ပြီး ပေ၃၀ခန့်ကျယ်သော တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤအနက်သည် ဗုံးခိုကျင်းရှိခဲ့သော နေရာထက် ကျော်လွန်နေပြီဖြစ်သော်လည်း လော်ယွမ်သည် ဗုံးခိုကျင်း၏ အရိပ်အယောင်ကို လုံးဝမတွေ့ရပေ။ သွေးညှီနံ့သင်းသင်းတစ်ခုသာ တွင်းနက်ထဲမှ ဖြည်းညှင်းစွာ လွင့်ပျံထွက်ပေါ်လာ၏။
တွင်းနက်အောက်ခြေရှိ ကျောက်စရစ်ခဲများ၏ ဖွဲ့စည်းပုံကို ကြည့်ခြင်းအားဖြင့် ဗုံးခိုကျင်းသည် မြေလွှာအပြောင်းအလဲကြောင့် လုံးဝဖိသိပ်ခံလိုက်ရပြီး အမှုန့်များအဖြစ် ကြေမွသွားပြီဖြစ်ကြောင်းနှင့် ကျောက်တုံးများနှင့် ရောနှောကာ တစ်သားတည်း ဖြစ်သွားပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
လော်ယွမ်က ဧရာမမျောက်ဝံကြီးကို မရပ်ခိုင်းဘဲ ဆက်လက်တူးဖော်ခိုင်းလိုက်သည်။ ဤမျှကြီးမားသော ဗုံးခိုကျင်းကြီးတစ်ခုလုံးတွင် အသက်ရှင်သူ တစ်ဦးတစ်လေမျှ မရှိတော့ဟု သူ မယုံကြည်နိုင်ပေ။
တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ သွေးညှီနံ့မှာ ပိုမိုပြင်းထန်လာပြီး မြေသားများပင် မည်းနက်သော အနီရောင်သန်းလာသည်။ မကြာမီမှာပင် ဧရာမမျောက်ဝံကြီးသည် အလောင်းများကို တူးဖော်တွေ့ရှိလာသည်။ သူက ကျောက်စရစ်ခဲများနှင့်အတူ ထိုအလောင်းများကို အဝေးသို့ ပြင်းထန်စွာ လွှင့်ပစ်လိုက်ရာ လူအများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
အမှန်စင်စစ် အလောင်းဟုခေါ်လျှင် မမှန်ကန်တော့ပေ။ ၎င်းသည် ရွှံ့နွံများနှင့် ရောနှောနေသော အသားတစ်ပုံသာ ဖြစ်နေသည်။ ဖိအားကြောင့် အရိုးများမှာ ကြေမွသွားပြီဖြစ်ပြီး အပြင်ဘက်တွင် စုတ်ပြဲနေသော အဝတ်အစားများသာ မရှိခဲ့လျှင် လူသေအလောင်းဖြစ်ကြောင်း မည်သူမျှ ခွဲခြားနိုင်မည်မဟုတ်ပေ။
ဧရာမမျောက်ဝံကြီးသည် လူအများ၏ ထူးခြားသော အမူအရာကို သတိပြုမိလိုက်ပြီး အလျင်အမြန် ရပ်တန့်လိုက်သည်။ စောစောက တူးဖော်ရရှိခဲ့သည်မှာ မည်သည့်အရာဆိုသည်ကို ရိပ်မိလိုက်သကဲ့သို့ ဖြစ်နေပြီး လော်ယွမ်ကို ဘာလုပ်ရမှန်းမသိသော အမူအရာဖြင့် ကြည့်နေကာ မျက်နှာတွင် အပြစ်ကင်းသောဟန် ပေါက်နေသည်။
လူသားများနှင့် အချိန်ကြာမြင့်စွာ အတူနေထိုင်ပြီး လော်ယွမ်၏ မကြာခဏ ဆိုဆုံးမမှုကြောင့် သူသည် အဝတ်အစားဝတ်ထားသော သတ္တဝါငယ်လေးများ (လူသားများ) အပေါ် အလွန်အာရုံခံစားလွယ်သည်။ စောစောက လွှင့်ပစ်လိုက်သည်မှာ အလောင်းတစ်ခုသာ ဖြစ်သော်လည်း၊ သူ တစ်ခုခုမှားယွင်းသွားသလို ခံစားနေရသည်။
သို့သော် ဤတစ်ကြိမ်တွင် လော်ယွမ်က သူ့ကို မဆူပူဘဲ ဆက်လက်တူးဖော်ရန် အမိန့်ပေးလိုက်သည်။
ဧရာမမျောက်ဝံကြီး၏ မျက်နှာတွင် သိသိသာသာ တွန့်ဆုတ်မှု ဖြစ်ပေါ်လာသော်လည်း ဆက်လက်တူးဖော်လိုက်သည်။ တူးဖော်မှု နက်ရှိုင်းလာသည်နှင့်အမျှ အလောင်းများ ပိုမိုများပြားလာသည်။ စက္ကန့်အနည်းငယ်ကြာတိုင်း အလောင်းတစ်ခု တူးဖော်ရရှိနေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဧရာမမျောက်ဝံကြီးသည် အလောင်းများကို ဂရုတစိုက် မ,ယူပြီး တွင်းနုတ်ခမ်းတွင် စိတ်ရှည်လက်ရှည် ချထားပေးနေသည်။
ဤကဲ့သို့သော သန္ဓေပြောင်းသတ္တဝါကိုကြည့်ရင်း ကျန်းဝူနှင့် အခြားသူများမှာ ကြက်သီးမွေးညင်းထသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိကြသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးက ဤမျှမြင့်မားသော ဉာဏ်ရည်ရှိနေလိမ့်မည်ဟု မည်သူထင်မှတ်မိမည်နည်း။
သို့သော် လော်ယွမ်၏ မျက်လုံးထဲတွင်မူ မည်သည့်ထူးခြားမှုမျှ မရှိပေ။ ဉာဏ်ရည်ရှိသော သတ္တဝါတစ်ကောင်က ဉာဏ်ရည်ရှိသော မျိုးနွယ်စုလောက် ကြောက်မက်ဖွယ်မကောင်းကြောင်း သူကောင်းစွာသိသည်။ ဉာဏ်ရည် ဆယ်ဆပိုကောင်းနေပါစေ လူသားများအပေါ် ခြိမ်းခြောက်မှုမှာ အကန့်အသတ်ရှိသည်။
မကြာမီမှာပင် ဧရာမမျောက်ဝံကြီး အောက်ခြေသို့ ရောက်ရှိသွားသည်။ အောက်တွင် သဲနုများနှင့် ကျောက်တုံးများသာ ရှိတော့သည်။ လော်ယွမ်သည် ခေတ္တမျှ အကဲခတ်ကြည့်ပြီးနောက် ဘေးတိုက် ဆက်လက်တူးဖော်ခိုင်းလိုက်သည်။
သို့သော် ဗုံးခိုကျင်းတစ်ခုလုံးသည် လုံးဝဖိသိပ်ခံလိုက်ရသကဲ့သို့ ရှေ့တွင် မည်သည့်အခေါင်းပေါက်မျှ ပေါ်ထွက်မလာပေ။ မိုးချုပ်ခါနီးအချိန်ရောက်မှသာ မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာသည်။
ကျောက်စရစ်ခဲများ ပြိုကျသံကြီးတစ်ခု နက်ရှိုင်းသော ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာရာ လော်ယွမ် တစ်ချက်ကြောင်သွားပြီး မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအရိပ်အယောင် ပေါ်လာကာ အလျင်အမြန် ခုန်ဆင်းသွားလိုက်သည်။
ယခုအခါ တွင်းကြီးတစ်ခုလုံးသည် ပေတရာကျော်နက်ပြီး ပေရာဂဏန်းခန့် ကျယ်ဝန်းနေပြီဖြစ်ရာ ဥက္ကာခဲကျရောက်ထားသော နေရာတစ်ခုအလားပင်။ ဤမျှကြီးမားသော လုပ်ငန်းပမာဏသည် ဧရာမမျောက်ဝံကြီး၏ နေ့ဝက်တာ လုပ်အားမျှသာ ဖြစ်သည်။ အောက်ခြေတွင် ပေရာဂဏန်းခန့်ရှည်သော ဥမင်လှိုဏ်ခေါင်းကြီးတစ်ခု ရှိနေသေးသည်ကို ထည့်မတွက်ရသေးပေ။ အကယ်၍ ကမ္ဘာမပျက်မီကသာ ဤကဲ့သို့သော ဧရာမသတ္တဝါကြီးတစ်ကောင် ရှိခဲ့ပါက မြေတူးဥမင်ဖောက်လုပ်ငန်း လုပ်ကိုင်ရုံဖြင့် တစ်နှစ်အတွင်း ဘီလျံနာသူဌေးကြီး ဖြစ်သွားနိုင်သည်။
လော်ယွမ်က ဟွမ်ကျားဟွေကို လက်နှိပ်ဓာတ်မီးတစ်လက် ပစ်ချပေးရန် ပြောလိုက်သည်။ ဓာတ်မီးရရှိပြီးနောက် သူသည် ဓားကိုကိုင်ကာ ဥမင်လှိုဏ်ခေါင်းအတိုင်း လျှောက်လှမ်းသွားပြီး မကြာမီမှာပင် ဥမင်လှိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိသွားသည်။ ဥမင်လှိုဏ်ခေါင်း၏ ဘယ်ဘက်ခြမ်းတွင် ပြိုကျမှုတစ်ခု ဖြစ်ပွားထားပြီး တန်ပေါင်းဆယ်ဂဏန်းလေးသော ကျောက်စရစ်ခဲများက ဧရာမမျောက်ဝံကြီး၏ ကိုယ်ခန္ဓာအောက်ပိုင်းကို ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။
ဧရာမမျောက်ဝံကြီးကဲ့သို့ သတ္တဝါကြီးတစ်ကောင်အတွက် ဤမျှဒဏ်ရာမျိုးသည် အယားပြေရုံလောက်သာ ဖြစ်သည်။ သူ လုံးဝဂရုမစိုက်ဘဲ ရှေ့ဆက်တူးဖော်ရန် ပြင်ဆင်နေစဉ် လော်ယွမ်ရောက်လာသည်ကို သတိပြုမိလိုက်မှ ရပ်တန့်လိုက်ပြီး ကျောက်ပုံထဲမှ ရုန်းထွက်လာသည်။
ဧရာမမျောက်ဝံကြီး ရှိနေခြင်းကြောင့် ကျယ်ဝန်းသော ဥမင်လှိုဏ်ခေါင်းက အလွန်ကျဉ်းမြောင်းသွားသည်။ လော်ယွမ်က သူ့ကို ဘေးကပ်ခိုင်းလိုက်ပြီး လက်နှိပ်ဓာတ်မီးကိုဖွင့်ကာ ပြိုကျထားသော နေရာကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။ ပြိုကျထားသောနေရာမှ ကျောက်စရစ်ခဲများမှာ အလွန်ပွယောင်းနေပြီး မြေလွှာဖိအားဒဏ်ကို ပြင်းထန်စွာ မခံစားခဲ့ရကြောင်း ထင်ရှားသည်။ ရှေ့တွင် ပကတိအတိုင်း ကျန်ရှိနေသော နေရာလွတ်တစ်ခု ရှိနိုင်ခြေ အလွန်များသည်။
"ဒီနေရာကို တူး" လော်ယွမ်က ဥမင်လှိုဏ်ခေါင်း၏ ဘယ်ဘက်ခြမ်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ "ဖြည်းဖြည်းပဲတူး... ငြင်ငြင်သာသာလုပ်"
လော်ယွမ်က နောက်တစ်ကြိမ် ထပ်ပြောလိုက်မှ ဧရာမမျောက်ဝံကြီးက လော်ယွမ်၏ ဆိုလိုရင်းကို နားလည်သွားသည်။ ညနေခင်းတစ်ခုလုံး သူ ဤအလုပ်ကို လုပ်နေခဲ့ရပြီး ဤအမိန့်မျိုးကို ဆယ်ကြိမ်မက ကြားခဲ့ရသဖြင့် အကြမ်းဖျင်း နားလည်နေပြီဖြစ်သည်။
ထပ်မံပြိုကျမည့်အန္တရာယ်ကို ရှောင်ရှားရန်အတွက် လော်ယွမ်သည် ပေ၃၀ခန့် နောက်ဆုတ်လိုက်သည်။
ဧရာမမျောက်ဝံကြီးသည် နံရံ၏ ဘယ်ဘက်ခြမ်းကို နှစ်ချက်မျှသာ တူးလိုက်ရုံဖြင့် ဘယ်ဘက်နံရံတစ်ခုလုံး ပြိုကျသွားပြီး ၃ပေကျော်မြင့်သော အပေါက်တစ်ခု ပေါ်ထွက်လာသည်။ အလွန်ပြင်းထန်သော သွေးညှီနံ့နှင့် အလောင်းပုပ်နံ့များ ရောနှောနေသော အနံ့ဆိုးကြီးတစ်ခု အပေါက်ထဲမှ ထွက်ပေါ်လာရာ လော်ယွမ်ပင်လျှင် သည်းမခံနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဧရာမမျောက်ဝံကြီးကို ဖယ်ခိုင်းလိုက်သည်။ ထို့နောက် ကိုယ်ကိုနှိမ့်၍ အပေါက်ထဲသို့ ဝင်ရောက်သွားသည်။
အတွင်းတွင် လေထုမှာ ညစ်ညမ်းနေပြီး အမှောင်ထုကြီး စိုးမိုးနေသည်။ လက်နှိပ်ဓာတ်မီး၏ ဖြူဖွေးသော အလင်းရောင်အောက်တွင် အတွင်းပိုင်းမှာ ဖရိုဖရဲဖြစ်နေသည်။ နေရာတိုင်းတွင် ကျိုးပဲ့ပျက်စီးနေသော နံရံများနှင့် ကျောက်စရစ်ခဲများ ပြည့်နှက်နေသည်။ အချို့နေရာများတွင် ပြိုကျလာသော ကျောက်တုံးများကသာ ထောက်ကန်ထားသဖြင့် ယိုင်နဲ့နဲ့ဖြစ်နေပြီး အချိန်မရွေး ပြိုကျနိုင်မည့်အန္တရာယ် ရှိနေသည်။
များပြားလှသော အလောင်းများမှာ မြေပြင်ပေါ်တွင် ကန့်လန့်ဖြတ် လဲလျောင်းနေကြသည်။ အများစုမှာ မျက်နှာများ ပြာနှမ်းနေပြီး အမူအရာများ ကြောက်မက်ဖွယ်ကောင်းလှသည်။ အချိန်ကြာမြင့်စွာ အောက်ဆီဂျင်ပြတ်လပ်ပြီး အသက်ရှူကြပ်သေဆုံးသွားကြခြင်းဖြစ်ကြောင်း ထင်ရှားသည်။ လော်ယွမ်သည် တစ်ပတ်ပတ်ကြည့်လိုက်သော်လည်း အလောင်းများမှလွဲ၍ အသက်ရှင်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
ထိုအချိန်တွင် သူ၏ နားရွက်များ အနည်းငယ်လှုပ်ရှားသွားပြီး နားစွင့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခု ပေါ်လာပြီး ပြိုကျနေသော ကွန်ကရစ်ပုံကြီးတစ်ခုဆီသို့ အမြန်လျှောက်သွားသည်။ အသံများမှာ ပိုမိုထင်ရှားလာသည်။ အားနည်းသော စကားပြောသံများနှင့် နာကျင်စွာ ညည်းတွားသံများမှာ ကွန်ကရစ်ပုံကြီး၏ ကျောက်ကြားများထဲမှ တိုးတိုးတိတ်တိတ် ထွက်ပေါ်နေသည်။
"အသက်ရှင်တဲ့လူတွေ ရှိသေးတာပဲ" လော်ယွမ်က စိတ်ထဲတွင် ဝမ်းသာအားရ ရေရွတ်လိုက်သည်။
သူသည် ရှေ့မှ တောင်ပုံရာပုံ စုပုံနေသော ကျောက်တုံးကြီးများနှင့် ကျဉ်းမြောင်းသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသို့ ဧရာမမျောက်ဝံကြီးကို ခေါ်ဆောင်လာ၍ မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက ထပ်မံပြိုကျသွားနိုင်သည်။ သူ လက်နှိပ်ဓာတ်မီးနှင့် ဓားအိမ်ကို ချထားလိုက်ပြီး ကျောက်တုံးများကို စတင်ရွှေ့လိုက်သည်။ ဤကျောက်တုံးအများစုမှာ မျက်နှာကြက်မှ ပြုတ်ကျလာသော ကွန်ကရစ်တုံးများဖြစ်ပြီး အတုံးတိုင်းက အလွန်ကြီးမားလှသည်။ အများစုမှာ တန်ပေါင်းများစွာ လေးလံပြီး အသေးဆုံးမှာပင် ကီလိုဂရမ်ရာပေါင်းများစွာ ရှိသည်။ လော်ယွမ်သည် ကျန်းမာတောက်ဓားကို ဆောင်ထားသဖြင့် မနိုင်ဝန်ထမ်းရသော ကျောက်တုံးများကို အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။
ဤလှုပ်ရှားမှုသံများသည် အတွင်းမှ ရှင်သန်ကျန်ရစ်သူများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိသွားသည်။
"အပြင်မှာ လူရှိလား" အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ခဏစောင့်... ခင်ဗျားတို့ကို အခုချက်ချင်း ကယ်ထုတ်ပေးမယ်" လော်ယွမ်က အသံကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ နားအာရုံမှာ ထက်မြက်သော်လည်း အခြားသူများမှာမူ ထိုသို့မဟုတ်ပေ။ ဤမျှထူထဲသော ကျောက်ပုံကြီး ပိတ်ဆို့ထားသဖြင့် အော်မပြောပါက အသံမှာ ဖြတ်သန်းနိုင်မည်မဟုတ်ပေ။
"အပင်ပမ်းမခံပါနဲ့တော့... ကျွန်တော်တို့ ထွက်လို့ရမှာ မဟုတ်တော့ဘူး... စောစောသေတာနဲ့ နောက်ကျမှသေတာပဲ ကွာသွားတော့မှာ" အတွင်းမှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အခြားအသံတစ်ခုက မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။
"ဘယ်သူပြောလဲ ထွက်မရဘူးလို့... ခင်ဗျားပြောသလိုဆို ကျွန်တော်က ဒီကိုဘယ်လိုလုပ်ဝင်လာနိုင်မှာလဲ" လော်ယွမ်က ကီလိုဂရမ်သုံးလေးရာလေးသော ကျောက်တုံးကြီးတစ်တုံးကို အားစိုက်၍ ဘေးသို့ပစ်လိုက်ရင်း ပြောလိုက်သည်။
အတွင်းမှ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အသံများ စိတ်လှုပ်ရှားလာကြသည်။ "နေဦး... ခင်ဗျားက အပေါ်ကနေ ကျွန်တော်တို့ကို လာကယ်တာလား"
"ခဏနေသိရမှာပေါ့... အဲ့ဒီမှာ လူဘယ်နှယောက် အသက်ရှင်သေးလဲ" လော်ယွမ်က မေးလိုက်သည်။
"ရှစ်ယောက်... ဟာ... မဟုတ်ဘူး ကိုးယောက်... တစ်ယောက်က ဒဏ်ရာအရမ်းပြင်းလို့ သတိလစ်နေတယ်... ဒါပေမဲ့ ကုလို့ရနိုင်သေးတယ်" တစ်ယောက်က အလျင်အမြန် ဖြေသည်။
အသက်ရှင်ရန် မျှော်လင့်ချက်ရလာသောအခါ အတွင်းမှလူများလည်း ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ကြိုးစားလာကြပြီး ကျောက်တုံးများ ရွှေ့ပြောင်းရာတွင် ပါဝင်ကူညီလာကြသည်။
"ဒီနေရာကလွဲရင် တခြားဘယ်နေရာမှာ လူတွေအသက်ရှင်နိုင်သေးလဲ သိလား" လော်ယွမ်က မေးလိုက်သည်။
"မသိဘူး... ငလျင်စလှုပ်တုံးကတော့ အကူအညီတောင်းသံတချို့ ကြားလိုက်ရတယ်... ဒါပေမဲ့ အခုတော့ ပျောက်သွားပြီ အသက်ရှင်တဲ့လူ ရှိမရှိ မသေချာဘူး"
......................................................................................................
"လော်ယွမ်... ရှင် ဘယ်မှာလဲ" ထိုအချိန်တွင် အပြင်ဘက်မှ ဟွမ်ကျားဟွေ၏ အော်ခေါ်သံ ထွက်ပေါ်လာသည်။ လော်ယွမ် အချိန်ကြာမြင့်စွာ ပြန်မလာသောကြောင့် စိတ်ပူပြီး လိုက်ဆင်းလာခြင်းဖြစ်ဟန်တူသည်။
"ငါဒီမှာ" လော်ယွမ်က အလျင်အမြန် ပြန်အော်လိုက်သည်။ "ဝင်လာရင် သတိထားနော်... ဒီနေရာက နည်းနည်းအန္တရာယ်ရှိတယ်"
ရောက်လာသူများမှာ မနည်းလှပေ။ အပြင်ဘက်တွင်ရှိနေသော လူအားလုံး တစ်ယောက်မကျန် ရောက်ရှိလာကြပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေကြသည်။ လမ်းတစ်လျှောက် တွေ့ခဲ့ရသော အလောင်းများနှင့် ပြင်းထန်သော သွေးညှီနံ့များက သူတို့ကို အတော်လေး ထိခိုက်စေခဲ့ပုံရသည်။
"မြန်မြန် လာကူကြ... အထဲမှာ အသက်ရှင်တဲ့လူတွေ ရှိသေးတယ်" လော်ယွမ်က ပြောလိုက်သည်။
လူတိုင်း စိတ်အားတက်ကြွသွားပြီး ဝိုင်းဝန်းကူညီကြသည်။ လူအင်အားများလာသည်နှင့်အမျှ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုမိုမြန်ဆန်လာသည်။
ညကိုးနာရီဆယ်မိနစ်ခန့်တွင် တောင်ကုန်းငယ်တစ်ခုပမာရှိသော ကျောက်ပုံကြီးကို နောက်ဆုံး၌ ဖောက်ထွင်းနိုင်ခဲ့ပြီဖြစ်သည်။
ဆက်ရန်...