← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 16 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 16 Ch. 311-312

အပိုင်း(၃၁၁)မျှော်လင့်ချက်မြို့ - ၁

မီးပုံသည် အမှောင်ထဲတွင် ပျော်ရွှင်စွာ ကခုန်နေပြီး အိုးအောက်ခြေကို အဆက်မပြတ် ပွတ်သပ်နေ၏။

"ဒါဆို ငလျင်မလှုပ်ခင်က လူတစ်သုတ် ထွက်သွားနှင့်ပြီးပြီပေါ့" လော်ယွမ်က မေးလိုက်သည်။

"အမှန်ပဲ... အစက ကုန်ပစ္စည်းတွေ တင်ဖို့စီစဉ်ထားတာ... ဒါပေမဲ့ ဒီတစ်ခါ ငလျင်လှုပ်မယ့်လက္ခဏာတွေက အရမ်းသိသာနေတော့ အစီအစဉ်ကို ချက်ချင်းပြောင်းလိုက်ကြတာ" လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ၏သမီးလေးကို ပွေ့ဖက်ထားရင်း တိုးညင်းစွာပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် သေဘေးမှလွတ်မြောက်လာသော ထိတ်လန့်မှုနှင့် ကံကောင်းခြင်းတို့ ရောထွေးနေ၏။

သူ၏ရင်ခွင်ထဲမှ ကလေးငယ်မှာ သုံး၊ လေးနှစ်အရွယ်ခန့်သာ ရှိသေးပြီး အိပ်ချင်စိတ်ကို မလွန်ဆန်နိုင်ဘဲ အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။ သူမ၏ မျက်မှောင်များကြုတ်ထားပုံနှင့် တစ်ခါတစ်ရံ တောင့်တင်းသွားသော ခန္ဓာကိုယ်လေးကို ကြည့်လျှင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို အိပ်မက်မက်နေပုံရ၏။

လော်ယွမ် အကြည့်လွှဲလိုက်ပြီး ဆက်မေးလိုက်သည်။ "ဒီတခေါက်ကန္တာရမြို့ကနေ လူဘယ်လောက် ထွက်ပြေးလွတ်မြောက်သွားလဲဆိုတာ ခင်ဗျားသိလား"

"သေချာတော့ မသိဘူး... အဲ့ဒီတုန်းက အရမ်းရှုပ်ထွေးနေတာလေ... အချိန်ကလည်းကပ်နေတော့ ရထားက လူအပြည့်ပဲ... နှစ်သောင်းလောက်လည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် သုံးသောင်းလည်း ဖြစ်နိုင်တယ်" လူလတ်ပိုင်းအမျိုးသားက ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ သူ၏နာမည်မှာ ချွေးဝေ့ချွမ်း ဖြစ်ပြီး ငလျင်မလှုပ်ခင်က အစိုးရဌာနတစ်ခုမှ အောက်ခြေဝန်ထမ်းတစ်ဦးဖြစ်သည်။ ရွှေ့ပြောင်းချိန်တွင် အစိုးရဝန်ထမ်းအားလုံးနီးပါး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ပါဝင်ကူညီခဲ့ရသောကြောင့် အခြေအနေကို အနည်းငယ်သိရှိထားခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ကယ်ဆယ်ရရှိသော အသက်ရှင်သူများမှာ ကလေးအပါအဝင် ကိုးဦးရှိ၏။ ကံကောင်းသည်မှာ တစ်ဦး၏ဘယ်ဘက်လက် ကျောက်တုံးပိ၍ ပြတ်တောက်သွားသည်မှလွဲ၍ ကျန်လူများမှာ ကြီးကြီးမားမားဒဏ်ရာရရှိခြင်းမရှိကြပေ။

ဒဏ်ရာရရှိထားသောသူကို လော်ယွမ်က စိတ်စွမ်းအားဖြင့် အကြမ်းဖျင်းကုသပေးလိုက်သောကြောင့် သွေးတိတ်သွားပြီဖြစ်သော်လည်း ပြတ်တောက်သွားသော ဘယ်ဘက်လက်မောင်းမှာမူ ပြန်လည်ပေါက်လာနိုင်မည်မဟုတ်တော့ပေ။

"စွပ်ပြုတ်ရပြီ... အားလုံး စွပ်ပြုတ်သောက်လိုက်ကြပါဦး" ထိုအချိန်တွင် ဟွမ်ကျားဟွေက သူတို့၏စကားဝိုင်းကို ဖြတ်ပြောလိုက်ပြီး အခြားအမျိုးသမီးများနှင့်အတူ လူတစ်ဦးချင်းစီ၏ရှေ့တွင် စွပ်ပြုတ်တစ်ခွက်စီ ချပေးလိုက်သည်။ စွပ်ပြုတ်မှာ ဖြူဖွေးနေပြီး မွှေးကြိုင်သောရနံ့များ ထွက်ပေါ်နေ၏။

"ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ပါတယ်"

.........................................................................................................

အသက်ရှင်သူများ၏ မျက်နှာများတွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေ၏။ စွပ်ပြုတ်သောက်ပြီးနောက် သူတို့၏ ဖြူဖျော့နေသောမျက်နှာများမှာ အနည်းငယ် နီမြန်းလာပြီး စိတ်ဓာတ်များလည်း တက်ကြွလာကြသည်။

လော်ယွမ်သည် သူတို့နှင့် ခေတ္တမျှ ဆက်လက်စကားပြောပြီးနောက် တဲနှစ်လုံးခွဲပေးလိုက်ပြီး ကောင်းစွာအနားယူစေလိုက်သည်။

................

ညနက်သန်းခေါင်ယံတွင် လော်ယွမ်သည် တဲထဲတွင် လှဲလျောင်းနေပြီး မျက်လုံးဖွင့်ကာ ငေးငိုင်နေမိ၏။

သူတို့၏စကားများအရ အခြေအနေမှာ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေသည်။ ရထားသည် ည ၈ နာရီတွင် ထွက်ခွာခဲ့ပြီး ငလျင်မှာ မနက် ၄ နာရီတွင် လှုပ်ခတ်ခဲ့သောကြောင့် ၈ နာရီနီးပါးခရီးနှင်နိုင်လိုက်သည့်အတွက် ငလျင်ဧရိယာမှ လွတ်မြောက်ရန်လုံလောက်ပြီဖြစ်သည်။

ဆိုလိုသည်မှာ အနည်းဆုံး လူဦးရေ၏ ငါးပုံတစ်ပုံခန့် ဤဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ ဤအထဲတွင် ကျောင်းသားများ၊ သုတေသီများ၊ အင်ဂျင်နီယာများနှင့် စစ်သားအချို့ ပါဝင်သည်။

ဤအချက်က လော်ယွမ်တို့ကို စိတ်အနည်းငယ်သက်သာရာရစေသည်။ အနည်းဆုံးတော့ သေဆုံးသူစာရင်းတွင် ကျုံးချူ့ချန်နှင့် တန့်ဝေတို့ခလေးနှစ်ယောက် မပါဝင်ပေ။ သို့သော် ဟော်တုံ၊ ချောင်လင်းနှင့် မုဝန်ဝန်တို့၏ အခြေအနေကိုမူ မသိရသေးပေ။ လော်ယွမ် လေးစားမိသည်မှာ မြို့တော်ဝန်စုံ့နှင့် အစိုးရဝန်ထမ်းအများစုသည် ထွက်ခွာမသွားဘဲ နေရာတွင်ကျန်ရစ်ကာ ငလျင်ဒဏ်ကို ရင်ဆိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

"ကျွန်မတို့သာ အဲ့ဒီတုန်းက မထွက်လာခဲ့ဘူးဆိုရင် ခုဆိုသေကုန်လောက်ပြီထင်တယ်နော်" ဘေးမှ ဟွမ်ကျားဟွေက ရုတ်တရက် မေးလိုက်သည်။

လော်ယွမ် ခေတ္တမျှတိတ်ဆိတ်သွားပြီး "လျှောက်တွေးမနေနဲ့... စောစောအိပ်တော့" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ အိပ်လို့မပျော်ဘူး... မျက်လုံးမှိတ်လိုက်တာနဲ့ အရင်က ရင်းနှီးခဲ့တဲ့သူတွေကိုပဲ ပြန်မြင်နေတာ... အခုတော့ သူတို့အလောင်းတွေဖြစ်ကုန်ကြပြီ... ပြီးတော့ ဟော်တုံနဲ့ ချောင်လင်းတို့ရော ဘယ်လိုနေလဲမသိဘူး" ဟွမ်ကျားဟွေက စိတ်ထိခိုက်စွာဖြင့် ပြောလိုက်ပြီး နောက်ဆုံးတွင် အသံမှာ တိမ်ဝင်သွား၏။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒါက ကမ္ဘာပျက်ကပ်ကြီးပဲလေ... ငါတို့ တစ်လျှောက်လုံး ဒီလိုပဲ ဖြတ်သန်းလာခဲ့ကြတာပဲမဟုတ်လား"

"ဒါပေမဲ့... ဒီနေရာက ပြန်လည်ထူထောင်ရေးဇုန်လေ" ဟွမ်ကျားဟွေက အားငယ်စွာ ပြောလိုက်သည်။

"အရင်ကတော့ ဟုတ်ချင်ဟုတ်မှာပေါ့... ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး... ဒီနေရာလည်း ကျဆုံးနယ်မြေဖြစ်သွားပြီ" လော်ယွမ်က လေးနက်သောမျက်နှာထားဖြင့် "စောစောအိပ်တော့... မနက်ဖြန် စောစောထရဦးမယ်"

..........................................................................................

ကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးပေါ်တွင် လှုပ်ရှားမှုများ ပြင်းထန်နေ၏။ မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများမှာ ဝရုန်းသုန်းကား ပြေးလွှားနေကြသည်။ မကြာမီမှာပင် ဧရာမသားရဲကြီးနှစ်ကောင်မှာ မိုးကုပ်စက်ဝိုင်းပေါ်တွင် ပေါ်ထွက်လာပြီး ဤနေရာသို့ လျင်မြန်စွာ လျှောက်လှမ်းလာနေကြသည်။

သူတို့ခရီးပြန်လည်စတင်ခဲ့သည်မှာ လေးရက်ရှိခဲ့ပြီဖြစ်သည်။

အသက်ရှင်သူအသစ်များ၊ ဒဏ်ရာရသူများနှင့် ကလေးများပါဝင်နေသောကြောင့် ခရီးသွားနှုန်းမှာ များစွာနှေးကွေးသွားခဲ့သည်။ သို့သော် အလျင်အမြန်သွားလာခဲ့ကြသောကြောင့် ပန်းတိုင်သို့ ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

မြေပုံအရ နောက်ထပ် နေ့တစ်ဝက်ခန့်သွားပြီး ညနေစောင်းမတိုင်မီ မျှော်လင့်ချက်မြို့သို့ ရောက်ရှိနိုင်ပေမည်။

ဤနေရာသို့ရောက်သောအခါ ကန္တာရမြို့ဘက်မှ ငလျင်ဒဏ်သက်ရောက်မှုမှာ အလွန်သေးငယ်သွားပြီဖြစ်ပြီး ပျက်စီးမှုအစအနများကို လုံးဝမတွေ့ရတော့ပေ။

အဝေးတွင် များပြားလှသော စက်ယန္တရားများနှင့် ကုန်တင်ကားကြီးများမှာ နဂါးတစ်ကောင်သဖွယ် မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေကြပြီး ဖုန်မှုန့်များ တလူလူထနေသည်။ ဘေးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဧရာမကရိန်းကြီးများ မြင့်မားစွာ မတ်တပ်ရပ်နေကြပြီး အောက်ဘက်တွင် ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်ကျပ်နေသော အလုပ်သမားများမှာ သောင်းနှင့်ချီ၍ ရှိနေ၏။

ဤကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ တစ်တန်းတည်းစီတန်းနေပြီး အဆုံးအစမရှိအောင် ရှည်လျားလှကာ မျက်စိဖြင့် မြင်နိုင်သလောက်ပင် ခုနစ်ခု၊ ရှစ်ခုမက ရှိနေသည်။

ဧရာမကွန်ကရစ်ခံတပ်ကြီးအချို့မှာ အခြေခံအုတ်မြစ်ချပြီးစီးနေပြီဖြစ်ပြီး အပေါ်ပိုင်းအဆောက်အအုံများကို တည်ဆောက်နေကြသည်။ ပြောင်းရွှေ့မှုကြီးလုပ်နေသော ပြန်လည်ထူထောင်ရေးဇုန်သည် ဤနေရာတွင် ခံတပ်အသစ်များ ပြန်လည်တည်ဆောက်နေမှန်း ထင်ရှားသည်။

လော်ယွမ်တို့ အနီးသို့မရောက်မီမှာပင် စစ်ကားတစ်စီး အလျင်အမြန်မောင်းနှင်လာပြီး ဧရာမသားရဲကြီးများနှင့် ပေတရာ့ငါးဆယ်၊ တရာ့ခြောက်ဆယ်ခန့်အကွာတွင် ရပ်တန့်လိုက်ကာ စစ်သားတစ်ဦးက လော်စပီကာဖြင့် အော်ပြောလိုက်၏။

"မိတ်ဆွေတို့ ဒီနေရာက စစ်ဘက်ဆိုင်ရာ အထူးဇုန်မို့ အပြင်လူဝင်ရောက်ခွင့်မရှိပါဘူး... ကျေးဇူးပြုပြီး ခပ်ဝေးဝေးကနေ ရှောင်သွားပေးပါ"

ဤမျှကြီးမားသော ဧရာမသားရဲကြီးများမှာ စစ်မြေပြင်တွင်ပင် တွေ့ရခဲလှပြီး ၎င်းတို့အပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ သာမန်လူများ မဖြစ်နိုင်ပေ။ သို့သော် သူတို့တွင်လည်း တာဝန်ကရှိနေသည်။ ဤနေရာသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး အများစုမှာ စစ်သင်တန်းအနည်းငယ်သာတက်ဖူးသော သာမန်ပြည်သူများဖြစ်သည်။ ဤသားရဲကြီးများကို အနီးသို့ကပ်ခွင့်ပြုလိုက်ပါက ကြီးမားသော ထိတ်လန့်မှုနှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး မတော်တဆမှုတစ်ခုခုဖြစ်ပွားပါက မည်သူမျှ တာဝန်ယူနိုင်မည်မဟုတ်ပေ။

"ကျွန်တော်တို့က ကန္တာရမြို့ကနေ အခုမှ ပြောင်းရွှေ့လာကြတာဆိုတော့ အခြေအနေကို မသိလို့ပါ... မိတ်ဆွေကျွန်တော်တို့ကိုလမ်းညွှန်ပေးနိုင်မလား" အပေါ်မှထိုင်၍ စကားပြောခြင်းမှာ မလေးစားရာရောက်သဖြင့် လော်ယွမ် အလျင်အမြန် ခုန်ဆင်းလိုက်ပြီး လျှောက်သွားလိုက်သည်။

"ခင်ဗျားတို့က ကန္တာရမြို့က လာတာလား" လော်ယွမ် လျှောက်လာသည်ကိုမြင်သောအခါ စစ်အရာရှိ၏ မျက်နှာထားမှာ အနည်းငယ်ကောင်းမွန်သွားပြီး စပ်စုစွာမေးလိုက်သည်။ "အဲ့ဒီနေရာက ငလျင်ဗဟိုချက်နားမှာမလား... အခုကန္တာရမြို့တစ်ခုလုံး ပြိုကျသွားပြီလို့ ကြားတယ်"

"အခြေအနေက ခင်ဗျားတို့ထင်ထားတာထက် ပိုဆိုးတယ်... ပြောရရင် ယုံတောင်ယုံနိုင်စရာမရှိဘူး... ဒါနဲ့ ဒီရက်ပိုင်းအတွင်း ကန္တာရမြို့က ပြောင်းရွှေ့လာတဲ့ လူတစ်သုတ် ဒီကိုရောက်လာသေးလား" လော်ယွမ်က အကျယ်တဝင့်မရှင်းပြလိုဘဲ သတင်းမေးလိုက်သည်။

"ဒါတော့ ကျွန်တော်မသိဘူး... ခင်ဗျား မျှော်လင့်ချက်မြို့ကိုရောက်မှပဲ စုံစမ်းကြည့်လိုက်ပါ" စစ်အရာရှိက ပြောသည် "ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးသားရဲနှစ်ကောင်က အလုပ်သမားတွေကို အထိတ်တလန့်ဖြစ်စေနိုင်လို့ တခြားဘက်ကသွားမှရမယ်... ကျွန်တော့်နောက်လိုက်ခဲ့ပါ"

စစ်ကားက ရှေ့မှလမ်းပြပြီး ဧရာမသားရဲကြီးနှစ်ကောင်က နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာကြသည်။

ဆယ်ပေကျော်မြင့်သော ဧရာမသားရဲကြီးများဖြစ်သည့်အားလျော်စွာ လမ်းလျှောက်ရုံမျှဖြင့်ပင် ရှေ့မှစစ်ကား၏အရှိန်ကို မီအောင်လိုက်နိုင်သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အဝေးမှပတ်သွားပြီးနောက် စစ်ကားရပ်တန့်သွားသည်။ စောစောက စစ်အရာရှိက ခေါင်းပြူထွက်လာပြီး လှိုက်လှဲစွာ လမ်းညွှန်ပေးလိုက်သည်။ "ဒီကနေ မိုင်၁၂၀လောက် ဆက်သွားရင် မျှော်လင့်ချက်မြို့ကို တွေ့လိမ့်မယ်"

နှုတ်ဆက်လမ်းခွဲပြီးနောက် လော်ယွမ်တို့အဖွဲ့သည် စစ်အရာရှိညွှန်ပြသော လမ်းအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

......................................................................................................

"ခုရက်ပိုင်း နေကတော်တော်ပူတာပဲ... ကျွန်မအရေပြားတွေတောင် ကွာကုန်ပြီ"

ဤနေရာသို့ရောက်ရှိလာပြီးနောက် လူတိုင်း၏စိတ်ထဲမှ ညိုးငယ်မှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။

ဝမ်ရှကွမ်က သူမ၏လက်ဖမိုးကို ပွတ်သပ်ရင်း ညည်းတွားလိုက်သည်။ လက်ဖမိုးတင်မကဘဲ မျက်နှာပေါ်တွင်လည်း အရေပြားများ ကွာကျနေပြီး ကြည့်ရဆိုးနေသည်။

အခြားသူများလည်း ထူးမခြားနားပေ။ ငလျင်လှုပ်ပြီးနောက် ရာသီဥတုမှာ သာယာလာခဲ့ပြီး ရက်ပေါင်းများစွာ နေသာနေခဲ့သည်။ အမှောင်ထုထဲမှ ထွက်လာခါစတွင် နေရောင်ခြည်ကိုမြင်ရ၍ လူတိုင်း ပျော်ရွှင်ခဲ့ကြသော်လည်း ထိုပျော်ရွှင်မှုမှာ နေပူရှိန်အောက်တွင် ရေခဲကဲ့သို့ လျင်မြန်စွာ အရည်ပျော်ပျောက်ကွယ်သွားခဲ့သည်။

နေပူရှိန်မှာ ပုံမှန်မဟုတ်အောင် ပြင်းထန်လှသဖြင့် ရက်အနည်းငယ်အတွင်းမှာပင် လူတိုင်း၏အရေပြားများ ကွာကျကုန်သည်။

"ငါတို့ ဗုံးခိုကျင်းထဲမှာ နေပြီး နေရောင်မထိတာကြာသွားလို့များလား" ဟွမ်ကျားဟွေက မေးလိုက်ပြီး လော်ယွမ်နှင့် ချန်ကျားယီကို အားကျမနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အခြားသူများ၏အရေပြားများ ပျက်စီးနေချိန်တွင် သူတို့နှစ်ဦးမှာမူ မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။

လော်ယွမ်ကမူ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ခရမ်းလွန်ရောင်ခြည်ကို မကြောက်ခြင်းဖြစ်ပြီး ချန်ကျားယီမှာမူ ကပ်ပါးရေညှိပင်ကြောင့်ဖြစ်ကာ ဤသို့သောပတ်ဝန်းကျင်တွင် ရေထဲမှငါးတစ်ကောင်ကဲ့သို့ ပို၍ပင် လန်းဆန်းတက်ကြွနေပြီး မျက်နှာလေးမှာ ဝင်းပနေ၏။

ဟွမ်ကျားဟွေ၏ ထူးဆန်းသောအကြည့်ကို လော်ယွမ်က ဂရုမစိုက်သော်လည်း အရှက်သည်းသော ချန်ကျားယီမှာမူ နေစရာမရှိဖြစ်သွားပြီး ထိတ်လန့်နေသောယုန်ကလေးပမာ ခေါင်းပေါ်မှရေညှိပင်များကို ချက်ချင်းပြန်သိမ်းလိုက်ပြီး မျက်နှာနီနီလေးဖြင့် "အခု အပူချိန်ကပိုပြင်းလာလို့ပါ... နေရောင်မထိတာကြာလို့ မဟုတ်ပါဘူး" ဟု ရှင်းပြသည်။

"ဒါပေမဲ့ သိပ်ပြီးပူတယ်လို့လည်း မခံစားရပါဘူး... ဟိုတုန်းက မိုးကြိုးမုန်တိုင်းပြီးကာစ အချိန်လောက်တောင် မပူဘူး" ကျိုးယလီကလည်း ဝင်ပြောလိုက်သည်။ အမျိုးသမီးများအတွက် အသားအရေနှင့်ပတ်သက်လာလျှင် ပြောစရာမကုန်နိုင်ပေ။

"ဒါက သမီးကို ရေညှိပင်က ပြောပြတာပါ... သမီးလည်း သေချာမသိဘူး" ချန်ကျားယီက ကြောက်ရွံ့စွာ ပြောလိုက်သည်။

"ခရမ်းလွန်ရောင်ခြည် အရမ်းများနေလို့ ဖြစ်နိုင်တယ်" ထိုအချိန်တွင် ကျန်းဝူက ရုတ်တရက် ဝင်ပြောလိုက်သည်။ ခရီးသွားဖော်ဖြစ်လာပြီးနောက် သူ၏စိတ်နေသဘောထားမှာ များစွာပွင့်လင်းလာခဲ့သည်။ "ကမ္ဘာမပျက်ခင်တုန်းက ကျွန်တော် ခရီးသွားလုပ်ငန်းလုပ်ဖူးတော့ နိုင်ငံအနှံ့သွားဖူးတယ်... ချင်းဟိုင်-တိဘက် ကုန်းပြင်မြင့်ဘက်ကိုလည်း ရောက်ဖူးတယ်... အဲ့ဒီမှာဆို အပူချိန်မမြင့်ပေမဲ့ ခရမ်းလွန်ရောင်ခြည်က အရမ်းပြင်းတာ... အဲ့ဒီမှာ ခဏလောက်နေလိုက်တာနဲ့ အရေပြားတွေ အလွှာလိုက်ကွာကျတာပဲ"

လော်ယွမ် မျက်မှောင်ကြုတ်သွားသည်။ ဤနေရာမှာ ကုန်းပြင်မြင့်မဟုတ်၊ လေထုပါးလွှာသောနေရာလည်း မဟုတ်ပေ။ ဤနေရာသည် တာရမ်မြစ်ဝှမ်းဒေသဖြစ်ပြီး အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီးနောက် ဤနေရာ၏အမြင့်မှာ ပေ ၃၀၀၀ အောက်သာ ရှိတော့သည်။ ထို့ပြင် ယခုအခါ အပင်များပေါများလာပြီး သက်ရှိများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် လေထုသိပ်သည်းဆမှာလည်း ကမ္ဘာမပျက်မီကထက် များစွာမြင့်မားနေသည်။

သူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကမ္ဘာပျက်ကပ်စတင်ပြီးနောက်ကောင်းကင်မှာ ကြည်လင်ပြာလဲ့နေပြီး ပြီးပြည့်စုံသော နီလာတစ်ပွင့်ကဲ့သို့ ဖြစ်နေခဲ့သော်လည်း ယခုအခါ ကောင်းကင်မှာ နက်ရှိုင်းမည်းမှောင်နေသလိုဖြစ်နေပြီး နေ့ခင်းဘက်တွင်ပင် ကြယ်များကို မှိန်ဖျော့ဖျော့ မြင်နေရသည်။ ဤမြင်ကွင်းက လူကို ကျောချမ်းစေသည်။

အမှန်တကယ်တွင် ပိုးကောင်အုပ်မကျရောက်မီကတည်းက လော်ယွမ်သည် ပြောမပြတတ်သော ထူးဆန်းမှုတစ်ခုကို မထင်မရှား ခံစားခဲ့ရပြီးဖြစ်သည်။ ရင်းနှီးနေသော ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ပြောင်းလဲနေသလိုဖြစ်ပြီး နေ့စဉ်ပြောင်းလဲမှုမှာ အလွန်သေးငယ်သော်လည်း တည်ငြိမ်စွာ ပြောင်းလဲနေခဲ့သည်။

ဖြစ်နိုင်သည်မှာ ပိုးကောင်အုပ်ကျရောက်ခြင်းနှင့် ယခင်ငလျင်ကြီးလှုပ်ခတ်ခြင်းတို့သည်လည်း ဤပြောင်းလဲမှုနှင့် သက်ဆိုင်နေပေလိမ့်မည်။

ဤမျှသိသာထင်ရှားသောပြောင်းလဲမှုကို ပြန်လည်ထူထောင်ရေးဇုန်၏ အထက်လူကြီးများ မသိရှိဘဲနေမည်မဟုတ်ပေ သို့သော် သူတို့လျှို့ဝှက်ထားခဲ့ကြသည်။ ကန္တာရမြို့မှ မြို့တော်ဝန်စုံ့ပင်လျှင် သေချာသိပုံမရပေ။ တစ်ခုတည်းသော အဖြေမှာ ဤပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများမှာ ထင်ထားသည်ထက် ပိုမိုကြီးမားရှုပ်ထွေးနေသောကြောင့် ဖြစ်နိုင်သည်။

.............................................................................................

သူတို့အဖွဲ့အလျင်အမြန် ခရီးဆက်ပြီးနောက် ညနေသုံးနာရီအချိန်တွင် စစ်ခံတပ်ကြီးတစ်ခုနှင့်တူသော ခမ်းနားထည်ဝါသည့် မြို့တော်ကြီးတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရပြီဖြစ်သည်။

ဆက်ရန်...

အပိုင်း (၃၁၂)မျှော်လင့်ချက်မြို့တော် -၂

"မျှော်လင့်ချက်မြို့တော်ကို ကမ္ဘာမပျက်ခင် အစောပိုင်းကတည်းက စတင်တည်ဆောက်ခဲ့တာလေ... အစကတော့ ပင်မမြို့တော်အဆင့်နဲ့ တည်ဆောက်ခဲ့ပြီး နိုင်ငံရဲ့ နောက်ဆုံးဆုတ်ခွာရာလမ်းကြောင်းအဖြစ် ရည်ရွယ်ထားခဲ့တာ... ဒီမှာ ရွှေ့ပြောင်းလာတဲ့ စက်မှုလုပ်ငန်းကြီးတွေနဲ့ ဓာတ်ခွဲခန်းကြီးတွေ တော်တော်များများ ရှိနေရုံတင်မဟုတ်ဘူး နိုင်ငံရဲ့တစ်ခုတည်းသော ဂြိုဟ်တုလွှတ်တင်ရေးစခန်းလည်း ဒီမှာရှိတယ်"

"ဒါပေမဲ့ နောက်ဆုံးကျတော့ ဘာကြောင့်မှန်းမသိပဲ အထက်က ဒီမြို့ကို မြို့တော်သစ်အဖြစ် မရွေးချယ်ခဲ့ဘဲ နောက်ထပ်မြို့သစ်တစ်ခုကို ထပ်ပြီးတည်ဆောက်ခဲ့တယ်" ချွေးဝေ့ချွမ်းသည် အဝေးမှ ကြီးမားသောမြို့ကြီးကို လှမ်းမျှော်ကြည့်ရင်း သက်ပြင်းချလိုက်၏။ "ဒါပေမဲ့ ဒီမြို့ကလည်း အရေးပါနေတုံးပါပဲ... သူကပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အဓိကစက်မှုဇုန်တွေထဲက တစ်ခုဖြစ်သလို စစ်ရေးအရလည်း အရေးပါတဲ့မြို့တစ်မြို့ ပဲ... ဒီမြို့မှာလူဦးရေ သုံးသန်းကျော် နေထိုင်ကြတယ်... ကျွန်တော် အရင်က ဒီမှာနေဖူးတယ် နောက်မှ ကန္တာရမြို့ကို ကူညီတည်ဆောက်ဖို့ တာဝန်ကျသွားတာ"

လော်ယွမ်သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။ ခေတ်မီမြို့ပြတစ်ခုဟု ဆိုရသည်ထက် ကြောက်မက်ဖွယ်ကောင်းသော စစ်ခံတပ်ကြီးတစ်ခုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

အသားစားနွယ်ပင်များဖြင့် ဖွဲ့စည်းထားသော ၂၄ ပေ၊ ၂၅ ပေခန့်မြင့်သည့် တံတိုင်းကြီး၏ အတွင်းဘက်တွင် ထူထပ်သိပ်သည်းစွာ ဝန်းရံထားသော အမြောက်စခန်းများ ရှိနေပြီး ထိုအထဲတွင် အမြောက်စခန်းအချို့မှာ အလွန်ထူးဆန်းနေသည်ကို တွေ့ရသည်။ အမြောက်ပြောင်းမှာ သေးငယ်သော်လည်း အောက်ခြေမှာမူ အလွန်ကြီးမားပြီး ဖောင်းပွနေကာ ပတ်ဝန်းကျင်ရှိ အမြောက်စခန်းများထက် အဆများစွာ ကြီးမားနေသည်။ ဤအမြောက်စခန်းမျိုးကို ကီလိုမီတာအနည်းငယ်ခြားတိုင်း တစ်ခုစီ ချထားပြီး ပတ်ဝန်းကျင်ရှိ အမြောက်စခန်းများက အရံသဖွယ် ဝန်းရံထားသဖြင့် အလွန်ထင်ရှားနေ၏။

"အဲ့ဒါ ဘယ်လိုလက်နတ်လဲ" လော်ယွမ်က ထူးဆန်းသော အမြောက်စခန်းကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"အဲ့ဒါက လျှပ်စစ်သံလိုက်အမြောက်လေ... လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှ တီထွင်ထားတဲ့ လက်နက်အသစ်ပေါ့... အမြောက်ကျည်ထွက်နှုန်းက အသံထက် ၈ ဆမြန်ပြီး မိုင် ၃၀၀ ကျော်ထိ ပစ်ခတ်နိုင်တယ်... အမြောက်ကျည်တစ်တောင့်တည်းနဲ့တင် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်နိုင်တယ်... ဒါပေမဲ့ လျှပ်စစ်ဓာတ်အား အရမ်းစားလို့ ပုံမှန်တော့ သိပ်သုံးလေ့မရှိဘူး" ချွေးဝေ့ချွမ်းက ဂုဏ်ယူသောလေသံဖြင့် ပြောပြသည်။

စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ပြန်လည်တည်ဆောက်ရေးဇုန်သည် နည်းပညာသစ်တစ်ခု တီထွင်နိုင်တိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြေညာလေ့ရှိသဖြင့် သူက ဤအကြောင်းအရာများကို ရေလည်နေခြင်းဖြစ်သည်။

အဆင့် ၇ သန္ဓေပြောင်းသတ္တဝါဆိုသည်မှာ အစိမ်းရင့်ရောင်အဆင့်ကို ဆိုလိုသည်။ လော်ယွမ်သည် ထိုကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်သံလိုက်အမြောက်များကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ ယနေ့အထိ သူသည် ထိုအဆင့်ရှိသော သာမန်ထက်လွန်ကဲသည့် သက်ရှိမျိုးကို မကြုံတွေ့ဖူးသေးပေ။

"ဒါဆို ဟိုဟာကရော ဘာလဲ... လေသင်္ဘောနဲ့ တော်တော်တူတယ်" လော်ယွမ်က လေထဲတွင် ပျံဝဲနေသော အရာဝတ္ထုကို လက်ညှိုးထိုးပြရင်း မေးလိုက်ပြန်သည်။

ထိုအရာသည် အလွန်ကြီးမားလှပြီး ၎င်း၏အရိပ်မည်းကြီးက လမ်းမအတော်များများကို လွှမ်းခြုံထား၏။ သို့သော် ဖိစီးမှုပေးစွမ်းနိုင်သော ကြီးမားသည့်ကိုယ်ထည်နှင့် မလိုက်ဖက်စွာပင် ၎င်း၏မျက်နှာပြင်သည် အကွက်အကျားများနှင့် အရောင်အသွေးစုံလင်နေပြီး ဖာထေးထားသကဲ့သို့ ဖြစ်နေသည်။ ကြည့်ရသည်မှာ အလွန်ကြမ်းတမ်းပြီး စက်မှုလက်ရာတစ်ခုနှင့် လုံးဝမတူပေ။

ချွေးဝေ့ချွမ်းက တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "ဆရာယွမ်... ခင်ဗျားမှန်းတာ မမှားဘူး အဲ့ဒါ လေသင်္ဘောပဲ"

လော်ယွမ်၏ အံ့အားသင့်နေသော မျက်နှာကိုကြည့်ရင်း သူက ဆက်လက်ရှင်းပြသည်။ "သူ့ပုံစံက နည်းနည်းပျော့ညံ့သလို ထင်ရပေမယ့် တကယ်တော့ အဲ့ဒါကို အဆင့် ၅ နဲ့အထက်ရှိတဲ့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ အရေခွံတွေနဲ့ ချုပ်လုပ်ထားတာ... ကာကွယ်မှုအား အရမ်းကောင်းပြီး သာမန်သန္ဓေပြောင်းငှက်တွေက သူ့ကိုဘာမှမလုပ်နိုင်ဘူး... ပြီးတော့ သူ့ရဲ့ကြီးမားတဲ့ကိုယ်ထည်ကလည်း အဲ့ဒီသန္ဓေပြောင်းငှက်တွေကို ခြိမ်းခြောက်နိုင်တယ်လေ... ဒီလို 'အေ' အမျိုးအစား သယ်ယူပို့ဆောင်ရေးလေသင်္ဘောမျိုးဆိုရင် ကုန်ချိန် တန် ၃၀၀၀ အထိ သယ်ဆောင်နိုင်ပြီး သာမန်သယ်ယူပို့ဆောင်ရေးလေယာဉ်ထက် အဆ ၂၀ ပိုများတယ်"

သူ၏ရှင်းပြချက်ကို နားထောင်ရင်း လော်ယွမ်၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွား၏။ ဤမျှကြီးမားသော ဧရာမလေသင်္ဘောကြီးတစ်စင်းအတွက် အဆင့် ၅ အထက် သန္ဓေပြောင်းသတ္တဝါအရေခွံ မည်မျှလိုအပ်မည်နည်း။ အကောင်ရေ ၅၀၀၀ မက လိုအပ်ပေလိမ့်မည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော သယ်ယူပို့ဆောင်နိုင်စွမ်းသည် ကုန်တင်ရထားတစ်စင်း၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှပြီး ဒေသ၊ လမ်းခရီး ကန့်သတ်ချက်မရှိဘဲ စစ်ရေးအရ ကျယ်ပြန့်စွာ အသုံးပြုနိုင်သည်။ ဤကဲ့သို့သော သယ်ယူပို့ဆောင်ရေးလေသင်္ဘော စုစုပေါင်းမည်မျှရှိသည်ကို မသိရသော်လည်း ၁၀စင်းတော့မကျော်နိုင်ပေ။ အဆင့် ၅ အထက် သန္ဓေပြောင်းသတ္တဝါများက နေရာတိုင်းတွင် တွေ့ရန်လွယ်ကူသည်မဟုတ်ဘဲ တစ်စင်းတည်ဆောက်တိုင်း အလွန်ခက်ခဲလှပေမည်။

အနီးသို့ မရောက်မီမှာပင် လူတစ်ယောက် အလျင်အမြန် ရောက်ရှိလာသည်။ "ရှေ့က ဆရာယွမ်လား ခင်ဗျ"

"ဟုတ်ပါတယ်" လော်ယွမ်က တည်ငြိမ်စွာ ဖြေလိုက်သည်။ သူ သိပ်ပြီးမအံ့သြပေ။ သူ၏တိုက်ခိုက်ရေးသတ္တဝါများတွင် ချစ်ပ်ပြားများ ထည့်သွင်းထားပြီးဖြစ်ရာ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ထားပြီးဖြစ်သောကြောင့် တိုက်ခိုက်ရေးသတ္တဝါများ မည်သည့်နေရာသို့ ရွှေ့ပြောင်းသည်ဖြစ်စေ ရှင်းလင်းစွာ စစ်ဆေးနိုင်ပေသည်။

"ဆရာယွမ်... စိတ်မရှိပါနဲ့... တိုက်ခိုက်ရေးသတ္တဝါ စီမံခန့်ခွဲမှုစည်းမျဉ်းအရ ခင်ဗျားရဲ့ တိုက်ခိုက်ရေးသတ္တဝါတွေ မြို့ထဲဝင်လို့မရပါဘူး... သတ်မှတ်ထားတဲ့နေရာကို ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"

"သိပြီ... ဒါပေမဲ့ ခဏလောက် စောင့်ပေးပါဦး" လော်ယွမ်က ပြောလိုက်သည်။

လော်ယွမ်၏ အမိန့်ပေးမှုအောက်တွင် ဧရာမဖွတ်ကြီးသည် ဖြည်းညင်းစွာ ဝပ်ချလိုက်ပြီး အခြားလူများလည်း ဆင်းလာကြသည်။

"ရှေ့မှာ မျှော်လင့်ချက်မြို့တော်ပဲ... ကျွန်တော် ဒီလောက်အထိပဲ လိုက်ပို့တော့မယ်... အားလုံး ဂရုစိုက်ကြပါ" လော်ယွမ်က ပြောလိုက်သည်။

"ခင်ဗျားကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး... ဒါပေမဲ့ဒီကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး" ချွေးဝေ့ချွမ်းက သူ့သမီးလေးကို ပွေ့ချီထားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "နောက်မှပြန်ဆုံကြတာပေါ့"

"အခွင့်အရေး ရှိလာမှာပါ" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။

"သမီးတို့ကို ကယ်ပေးခဲ့တဲ့ ဦးဦးယွမ်နဲ့ မမတို့ကို ကျေးဇူးအများကြီးတင်ပါတယ်... ဦးဦးယွမ် နောက်ကျရင် သမီးတို့ကို လာကြည့်ဦးမှာလားဟင်" ခွဲခွာရတော့မည်ကို သိသောအခါ သူ၏ရင်ခွင်ထဲမှ ခလေးမလေးက ငိုမဲ့မဲ့လေးဖြင့် မေးလိုက်သည်။

"လာမှာပေါ့... နောက်ကျ အခွင့်အရေး ရှိမှာပါ" လော်ယွမ်က ပြောလိုက်သော်လည်း ဤဖြစ်နိုင်ခြေမှာ အလွန်နည်းပါးကြောင်း လူတိုင်းသိကြသည်။ ကမ္ဘာပျက်ကပ်သည် သာမန်လူအများစုအတွက် လွတ်လပ်သောကမ္ဘာတစ်ခုမဟုတ်ပေ။ ကိုယ်ပိုင်ဆန္ဒများကို ဖိနှိပ်ထားပြီး အတွေးအခေါ်များကို ချုပ်တည်းထားရသည်။ လူတစ်ဦးချင်းစီသည် လူ့အဖွဲ့အစည်းဆိုသော ကြီးမားသည့်စက်ယန္တရားကြီးထဲမှ အရေးမပါသော မူလီကလေးတစ်ခုမျှသာဖြစ်ပြီး မည်သည့်နေရာတွင် ရှိနေရမည်ကိုပင် ကိုယ်တိုင်မဆုံးဖြတ်နိုင်ကြပေ။

"နင်နင်လေးက လိမ္မာလိုက်တာ... စကားပြောတာလည်း ချိုနေရောပဲ... တကယ် ချစ်စရာလေးပဲ" ဟွမ်ကျားဟွေက ခလေးမလေး၏ ပါးပြင်လေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပြီး ဤခလေးမလေးကိုကြည့်ရင်း မိမိ၏သမီးလေးကို သတိရသွားမိသည်။

လော်ယွမ်သည် သူမ၏ခံစားချက်ကို နားလည်သဖြင့် နှစ်သိမ့်သောအနေဖြင့် သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ဟွမ်ကျားဟွေသည် အပြုံးကို အနိုင်နိုင်ဖန်တီးလိုက်ပြီး မျက်နှာလွှဲလိုက်ရာ မျက်ဝန်းများ စိုစွတ်နေပြီဖြစ်သည်။ ဤသည်မှာ သူမ၏ရင်ထဲမှ ထာဝရနာကျင်မှုတစ်ခုဖြစ်ပြီး အကြိမ်ကြိမ် အိပ်မက်ဆိုးမက်ကာ လန့်နိုးခဲ့ရဖူးသည်။

ထိုအချိန်တွင် အခြားလူများလည်း ရှေ့တိုးလာပြီး ကျေးဇူးတင်စကားဆိုကြပြီး ခံစားချက်အစစ်အမှန်များဖြင့် စိတ်လှုပ်ရှားနေကြသည်။ လော်ယွမ်သာ ပြန်လှည့်လာပြီး မကယ်တင်ခဲ့ပါက သူတို့သည် ယခုအချိန်တွင် မြေအောက်၌ အလောင်းကောင်များ ဖြစ်နေကြလောက်ပေပြီ။ မည်မျှပင် ကျေးဇူးတင်စေကာမူ သူတို့၏ရင်ထဲမှ ကျေးဇူးတရားကို ဆယ်ပုံတစ်ပုံမျှပင် ဖော်ပြနိုင်မည်မဟုတ်ပေ။

လော်ယွမ်သည် တစ်ဦးချင်းစီကို ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ခြင်းအစီအစဉ်တစ်ခုလုံးသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့သည်။ ဤလူများမှာ အလွန်ဖော်ရွေလွန်းလှပြီး လက်ကို အကြိမ်ကြိမ်ဆွဲကာ နှုတ်ဆက်ကြသလို ကျေးဇူးတင်စကားများမှာလည်း မဆုံးနိုင်အောင်ဖြစ်နေသဖြင့် လော်ယွမ်ပင် အနည်းငယ် အနေခက်လာသည်။

ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများအပြင် ရန်မုန့်ကျွင်းတို့ဇနီးမောင်နှံနှင့် ယန်ကျစ်ချင်းတို့လည်း လိုက်ပါသွားကြပြီး ကျန်းဝူတစ်ယောက်သာ လော်ယွမ်နောက်သို့ လိုက်ရန် ဆုံးဖြတ်ထားသည့်အလား ကျန်ရစ်ခဲ့သည်။

အဝေးမှ အစိုးရဝန်ထမ်းသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီး မျက်နှာတွင် စိတ်မရှည်သည့်အရိပ်အယောင် လုံးဝမရှိဘဲ ပုံသေဆန်ဆန် အပြုံးကိုသာ ထိန်းသိမ်းထားသည်။ သူသည် ဤပုဂ္ဂိုလ်၏ အဆင့်အတန်းကို ကောင်းစွာသိရှိထားပြီး အထက်လူကြီးများပင် အာရုံစိုက်နေကြောင်း သိသည်။ ဤပုဂ္ဂိုလ် မျှော်လင့်ချက်မြို့တော်သို့ မရောက်သေးမီ လမ်းခရီးတွင်ရှိနေစဉ်ကပင် တစ်စုံတစ်ယောက်က သီးသန့် ဖုန်းဆက်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသည် အထူးဌာနတစ်ခုမှ လာခြင်းဖြစ်ပြီး သူပင်မဟုတ် မြို့တော်ဝန်ပင်လျှင် ထိုပုဂ္ဂိုလ်ကို အလေးအနက်ထား ဆက်ဆံရပေမည်။

သို့သော် ထိုဖုန်းခေါ်ဆိုမှုမရှိလျှင်ပင် သူက ပေါ့ဆရဲမည်မဟုတ်ပေ။ ဖိစီးမှုပေးစွမ်းနေသော ထိုကြောက်မက်ဖွယ် ဧရာမသတ္တဝါကြီးနှစ်ကောင်တစ်ခုတည်းကပင် သူ့ကို အနည်းငယ်မျှ မကျေမနပ်မဖြစ်ရဲအောင် ပြုလုပ်ထားသည်။

----------------------------------------------------------------------------------------

နေရာချထားရေးဇုန်သည် မိုင်ခြောက်ဆယ်ခန့်ကွာဝေးသော သဘာဝအတိုင်းရှိနေသေးသည့် တောင်ကြားတစ်ခုတွင် တည်ရှိသည်။ ဤနေရာတွင် သစ်ပင်များ ထူထပ်စွာပေါက်ရောက်နေပြီး သက်တမ်းရင့်သစ်ပင်ကြီးများနှင့် ရှေးဟောင်းနွယ်ပင်များ ရှိနေသည်။ မျှော်လင့်ချက်မြို့တော်အနီးတွင် ဤမျှကြီးမားသော သစ်တောကြီးတစ်ခုကို ချန်လှပ်ထားနိုင်ခြင်းသည် ကြီးမားသော သတ္တိနှင့် ယုံကြည်မှုလိုအပ်သည်မှာ ထင်ရှားသည်။

"ဒီနေ့အထိ ဒီနေရာမှာ တိုက်ခိုက်ရေးသတ္တဝါ ၂၇ ကောင်ကို နေရာချထားပြီးပြီလေ... တိုက်ခိုက်ရေးသတ္တဝါတစ်ကောင်နဲ့တစ်ကောင် ခြောက်မိုင်ကျော် ကွာဝေးတယ်... ကျွန်တော်တို့က အစာကို သတ်မှတ်ထားတဲ့အချိန်... သတ်မှတ်ထားတဲ့နေရာမှာ ကျွေးမွေးတဲ့စနစ်ကို ကျင့်သုံးတာကြောင့် တိုက်ခိုက်ရေးသတ္တဝါတွေက အစာအတွက် ပူစရာမလိုဘူး... ပြီးတော့ အစာနဲ့ မြှူဆွယ်ပြီး အကြိမ်ကြိမ် လေ့ကျင့်ပေးထားတဲ့အတွက် သူတို့ရဲ့ မူလဧရိယာကနေ ထွက်ခွာလေ့မရှိဘူး... ဒါကြောင့် ဒီနေ့အထိ ဘာမတော်တဆမှု တစ်ကြိမ်မှ မဖြစ်ဖူးဘူး... ခင်ဗျား စိတ်ချလို့ရတယ်" အစိုးရဝန်ထမ်းသည် လော်ယွမ်နှင့်အတူ လိုက်ပါရင်း အားတက်သရော ရှင်းပြနေသည်။

လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ ဤနေရာ၏ အခြေအနေမှာ အမှန်တကယ် ကောင်းမွန်ပြီး ကန္တာရမြို့ဘက်ထက် များစွာသာလွန်သည်။ ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့ နှစ်သက်ကြပေလိမ့်မည်။

ထွက်ခွာခါနီးတွင် ဧရာမဖွတ်ကြီးနှင့် မျောက်ဝံကြီးတို့သည် တစ်စုံတစ်ခုကို ကြိုတင်သိရှိနေသည့်အလား အလွန်သံယောဇဉ်တွယ်နေပြီး ခွဲခွာရန် ဝန်လေးနေကြသည်။ လော်ယွမ်က အကြိမ်ကြိမ် မောင်းထုတ်ခဲ့ရပြီး အကြိမ်အနည်းငယ်တွင် ဧရာမသတ္တဝါကြီးနှစ်ကောင်စလုံး တိတ်တဆိတ် နောက်မှလိုက်ပါလာခဲ့ကြသည်။ တည်နေရာပြစနစ်က ၎င်းတို့ ရွေ့လျားလာနေကြောင်း မပြသပါက သိရှိနိုင်မည်ပင် မဟုတ်ပေ။

အမျိုးသမီးအချို့မှာ မျက်ရည်ဝဲနေကြပြီး အသိစိတ်က ထိန်းချုပ်ထားခြင်းမရှိပါက လော်ယွမ်ကို ဧရာမသတ္တဝါကြီးနှစ်ကောင်အား ခေါ်ခဲ့ရန် ပြောဆိုမိကြတော့ပေမည်။

ကျန်းဝူသည်လည်း စိတ်လှုပ်ရှားနေပြီး တိုက်ခိုက်ရေးသတ္တဝါတစ်ကောင်ကို ဖမ်းဆီးမွေးမြူလိုစိတ်များ ဖြစ်ပေါ်လာမိသည်။

သူတို့ထွက်လာစဉ်က ဧရာမသတ္တဝါကြီးများကို စီးနင်းလာခဲ့ကြသော်လည်း ပြန်ချိန်တွင်မူ တစ်ဖက်လူ စီစဉ်ပေးသော မီနီဘတ်စ်ကားကို စီးနင်းရသည်။ မီနီဘတ်စ်ကားဖြစ်နေ၍သာ တော်သေးသည် သို့မဟုတ်ပါက ဤမျှများပြားသော လူအရေအတွက်ကို ဆံ့မည်မဟုတ်ပေ။

ကား၏စွမ်းအင်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ပြီး ရေနံရှားပါးလာမှုနှင့်အတူ လောင်စာဆီသုံးကားများကို တဖြည်းဖြည်း အစားထိုးလာခဲ့ပြီဖြစ်သည်။ ယခုအခါ စွမ်းအားကြီးမားသော စက်ယန္တရားကြီးအချို့ သာဒီဇယ်ကိုအသုံးပြုနေသည်မှလွဲ၍ လျှပ်စစ်စွမ်းအင်မသုံးသော ကားများကို မြင်တွေ့ရခဲလှသည်။

ညကိုးနာရီခန့်တွင် လူတစ်စုသည် မျှော်လင့်ချက်မြို့တော်သို့ ဝင်ရောက်လာကြသည်။

လမ်းမများပေါ်တွင် လူသူကင်းမဲ့နေပြီး ဆိုင်ခန်းများလည်း မရှိသလောက်ပင်။ ဤနေရာသည် မြို့တော်တစ်ခုဟု ဆိုရသည်ထက် ကြီးမားလှသော စက်မှုဇုန်ကြီးတစ်ခုနှင့် ပိုတူသည်။ လမ်းဘေးနှစ်ဖက်ရှိ စက်ရုံများတွင် မီးရောင်များ ထိန်လင်းနေပြီး ကြီးမားသော စက်ကြီးများ၏ အသံကျယ်ကြီးများသည် အဝေးမှ ပဲ့တင်ထပ်နေကာ နားကွဲမတတ် ဆူညံနေ၏။

ကားသည် မောင်းနှင်လာခဲ့သော်လည်း လမ်းဘေးနှစ်ဖက်တွင် စက်ရုံများသာ အဆက်မပြတ်တည်ရှိနေသည်။ ကုန်တင်ကားကြီးများက ဘေးမှ မကြာခဏ ဖြတ်သန်းမောင်းနှင်သွားကြရာ လမ်းမကြီးကိုပင် အနည်းငယ် တုန်ခါသွားစေသည်။ သစ်တောပမာ ထူထပ်လှသော မီးခိုးခေါင်းတိုင်များလည်း လမ်းတစ်လျှောက် တန်းစီနေပြီး အဆုံးမရှိ ရှည်လျားနေကာ နေ့ရောညပါ မီးခိုးငွေ့အမြောက်အမြားကို မှုတ်ထုတ်နေကြသည်။

မည်သို့ပင်ဖြစ်စေ ဤမြို့သည် သံနှင့်မီးတို့ဖြင့် တည်ဆောက်ထားသော မြို့တော်ဖြစ်ပြီး လူသားတို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အနှစ်သာရကို ဖော်ကျူးနေကာ မြင်ရသူကို ထူးခြားသော ခံစားမှုတစ်ရပ် ပေးစွမ်းနေသည်။

ဤကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီးကို ကြည့်ရင်း စစ်မှန်သော လုံခြုံစိတ်ချရမှုတစ်ရပ်က လူတိုင်း၏ရင်ထဲတွင် ဖြစ်ပေါ်လာကာ သက်ပြင်းချလိုက်မိကြပြီး စိတ်များ ရုတ်ခြည်း ပေါ့ပါးသွားကြတော့သည်။

ဆက်ရန်...

All Chapters