← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 16 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 16 Ch. 313-314

အပိုင်း(၃၁၃)မျှော်လင့်ချက်မြို့တော် - ၃

နာရီဝက်အကြာတွင် လော်ယွမ်တို့အဖွဲ့သည် မြို့တော်ဧည့်ဂေဟာသို့ ရောက်ရှိသွားကြသည်။

ဝန်ထမ်းတစ်ဦးက သူတို့အတွက် အခန်းများ စီစဉ်ပေးပြီးနောက် ပြန်ခါနီးတွင် ဖုန်းတစ်ချက် ဝင်လာ၏။ ဖုန်းပြောပြီးသည်နှင့် သူသည် လော်ယွမ်ဘက်သို့ လှည့်ကာ လေးစားသမှုဖြင့် ပြောလိုက်သည်။ "ဆရာယွမ်... မြို့တော်ဝန်က ခင်ဗျားနဲ့ တွေ့ချင်နေပါတယ်"

လော်ယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကမ္ဘာပျက်ကာလတွင် အုပ်ချုပ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် အုပ်ချုပ်ရေးစနစ်ကို အနည်းငယ် ပြုပြင်ပြောင်းလဲထားသည်။ ယခုအခါ မြို့တော်ဝန် တာဝန်ယူမှုစနစ်ကို ကျင့်သုံးနေပြီး မြို့တော်ဝန်သည် အမြင့်ဆုံးခေါင်းဆောင် ဖြစ်၏။

သို့သော် မြို့တော်ဝန်ချင်း အတူတူပင် ဖြစ်သော်ငြားလည်း မျှော်လင့်ချက်မြို့ ကဲ့သို့သော မဟာဗျူဟာမြောက် အရေးပါသည့် မြို့ကြီး၏ မြို့တော်ဝန်နှင့် ကန္တာရမြို့ ကဲ့သို့သော နယ်စပ်မြို့ငယ်လေး၏ မြို့တော်ဝန်တို့၏ အဆင့်အတန်းမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် ပြည်ထောင်စုဝန်ကြီးအဆင့်နှင့် ဦးစီးမှူးအဆင့် ကွာခြားချက်မျိုးပင် ဖြစ်၏။

လော်ယွမ်သည် စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားပြီး "ဒါဆို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်" ဟု ဆိုလိုက်သည်။

"ရပါတယ်ဗျာ... ရပါတယ်... ဆရာယွမ်က တကယ်ကို အားနာတတ်လွန်းတာပဲ" ဝန်ထမ်းမှာ ချီးမွမ်းခံရသဖြင့် ဝမ်းသာအားရ ဖြစ်သွား၏။

"မင်းတို့ ငါ့ကို စောင့်မနေကြနဲ့... ထမင်းစားပြီးရင် အရင်နားနှင့်ကြတော့... ငါ ခဏနေပြန်လာခဲ့မယ်" လော်ယွမ်က ကျန်းမာတောက်ဓားကို ချထားလိုက်ပြီး ဟွမ်ကျားဟွေကို ပြောလိုက်သည်။

ထို့နောက် လော်ယွမ်သည် ဝန်ထမ်းနှင့်အတူ ဧည့်ဂေဟာမှ ထွက်ခွာလာခဲ့ပြီး ဆယ်မိနစ်ကျော်ခန့်အကြာတွင် မြို့တော်ဝန်ရုံး အဆောက်အအုံသို့ ရောက်ရှိလာခဲ့သည်။

"ခင်ဗျားက လော်ယွမ် ဆိုတာလား... ကျုပ်က မြို့တော်ဝန်ရဲ့ အတွင်းရေးမှူး လိုင်ယုံလိုင်ပါ... မြို့တော်ဝန်က ခင်ဗျားကို စောင့်နေတာ ကြာပြီ... ကျုပ်နောက် လိုက်ခဲ့ပါ" ဧည့်ခန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက ကြိုဆိုလိုက်သည်။

သူ လမ်းလျှောက်သည့်ပုံစံမှာ သွက်လက်ဖျတ်လတ်ပြီး ခြေလှမ်းများမှာ ရွှံ့အိုင်ထဲတွင် လျှောက်လှမ်းနေသကဲ့သို့ ခိုင်မြဲလှသည်။ မျက်လုံးများမှာလည်း စူးရှတောက်ပနေ၏။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ဆင့်ကဲပြောင်းလဲသူမဟုတ်လျှင်ပင် သိုင်းပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။ သို့သော် ကမ္ဘာပျက်ကာလတွင် အတွင်းရေးမှူး ရွေးချယ်မှု ထုံးစံအရဆိုလျှင် နှစ်မျိုးစလုံး ဖြစ်နိုင်ပြီး အစွမ်းသတ္တိမှာလည်း အလွန်မြင့်မားပေလိမ့်မည်။

"အတွင်းရေးမှူးလိုင် လမ်းပြပေးပါဦး" ထိုလူကလက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ လော်ယွမ်က ပြုံး၍ ပြောလိုက်သည်။

အတွင်းရေးမှူးလိုင်က ဘာမျှပြန်မပြောဘဲ မျက်နှာသေဖြင့် ကြည့်နေသည်။ သူသည် လော်ယွမ်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်ရှုစစ်ဆေးနေပြီး ဖုံးကွယ်ထားနိုင်သော လက်နက်များ ရှိမရှိ ရှာဖွေနေသကဲ့သို့ ခန္ဓာကိုယ်ကိုရှာဖွေလိုစိတ် ဖြစ်ပေါ်နေပုံရသည်။

နောက်ဆုံးတွင် အတွင်းရေးမှူးလိုင်သည် ခန္ဓာကိုယ်ကိုရှာဖွေခြင်း မပြုလုပ်တော့ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ဦးအတွက် သာမန်လူတစ်ဦးကို သတ်လိုလျှင် လက်နက်ပင် လိုအပ်မည်မဟုတ်ပေ။

တစ်ဖက်လူက မိမိကို ရန်သူတစ်ဦးကဲ့သို့ ကြည့်ရှုနေသည်ကို မြင်သော်လည်း လော်ယွမ် ဂရုမစိုက်ပေ။ လူတိုင်းက မိမိကို ယဉ်ကျေးစွာ ဆက်ဆံမည်မဟုတ်သလို လူတိုင်းက မိမိကို နှစ်သက်မည်ဟုလည်း မျှော်လင့်ထား၍ မရပေ။

ယခုအချိန်မှာ ည (၁၀) နာရီခန့် ရှိနေပြီဖြစ်သော်လည်း အဆောက်အအုံထဲတွင် လူများ ဝင်ထွက်သွားလာနေကြပြီး အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။

သူတို့နှစ်ဦးသည် အတွင်းဘက်အကျဆုံး မြို့တော်ဝန်ရုံးခန်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။ အတွင်းရေးမှူးလိုင်က တံခါးကို ခေါက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မြို့တော်ဝန်... လော်ယွမ် ရောက်ပါပြီ"

"ဝင်လာခိုင်းလိုက်ပါ" စကားပြောလိုက်သူ၏ အသံမှာ အနည်းငယ် အက်ကွဲပြီး အသံနိမ့်နေကာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

အတွင်းရေးမှူးလိုင်က လော်ယွမ်ကို သတိပေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဝင်ရန် လက်ဟန်ပြလိုက်ရာ လော်ယွမ် တံခါးတွန်းဖွင့်ဝင်လိုက်သည်။

"မောင်ရင်ယွမ် ထိုင်ပါဦး" ထိုသူက အသက် (၅၀)၊ (၆၀) ခန့်ရှိမည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် အနက်ရောင် ဘောင်ကွပ်ထားသော မျက်မှန်တစ်လက် တပ်ထားပြီး ဆံပင်များမှာ ဖြူနေပြီ ဖြစ်သည်။ လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ သူက မျက်မှန်ကို ချွတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

လော်ယွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဘေးရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"မောင်ရင့်ကို ဒီလောက် ညဉ့်နက်နေမှ ခေါ်လိုက်ရတာ စိတ်မရှိနဲ့နော်" ထိုမြို့တော်ဝန်က ဖော်ရွေစွာ ပြုံးလျက် ပြောလိုက်သည်။

လော်ယွမ်က ခေါင်းခါလိုက်ပြီး အနည်းငယ် မြှောက်ပင့်ကာ ပြောလိုက်သည်။ "မြို့တော်ဝန်က အခုလိုခေါ်တွေ့တာကိုပဲ ကျွန်တော်ဂုဏ်ယူရမှာပါ"

"မောင်ရင့်အချက်အလက်တွေကို ရပြီးကတည်းက ဦးကမောင်ရင်နဲ့ တွေ့ချင်နေတာ... ဒါပေမဲ့ မောင်ရင်တို့ ကန္တာရမြို့ကို စုံ့ကွမ်းမင်က လုံးဝ အလျော့မပေးဘဲ ဆွဲထားလို့ ကြာသွားတာ... အခုလို ကန္တာရမြို့က ချက်ချင်း ပျက်စီးသွားပြီး စုံ့ကွမ်းမင်ပါ ကျဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" မြို့တော်ဝန်က ရင်းနှီးစွာ ပြောဆိုရင်း ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ညည်းတွားလိုက်သည်။

"ကျွန်တော်က သာမန်ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပါ... မြို့တော်ဝန် ဒီလောက် အလေးထားစရာ မလိုပါဘူး" လော်ယွမ်က သံသယဖြင့် ပြောလိုက်သည်။

"မောင်ရင်ယွမ်... ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် နှိမ့်ချနေတာ မကောင်းဘူးနော်" မြို့တော်ဝန်က လော်ယွမ်ကို လက်ညှိုးထိုးကာ ရယ်မောရင်း ဆူပူလိုက်သည်။ "မောင်ရင့်မှာ စိတ်ပူစရာတွေရှိနေတာ ဦးသိပါတယ်... မကောင်းတဲ့ ကောလာဟလတချို့ ကြားထားတာလည်း ရှိမှာပဲ... ဒါပေမဲ့ ဒါတွေက အကျင့်ပျက်နေတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ စနစ်ထဲက အဆိပ်အတောက်တွေကိုပဲ ရည်ရွယ်တာပါ... မောင်ရင်နားလည်မယ်လို့ထင်တယ်"

လော်ယွမ် ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက စစ်တပ်တွင်း ရှင်းလင်းရေးကိစ္စကို ပြောနေခြင်းဖြစ်ကြောင်း သူ သိသည်။ ထိုဖြစ်ရပ်ကြောင့် မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ သတ်ဖြတ်ခံခဲ့ရပြီး အချို့သော အစွမ်းထက်သူများမှာ တောနက်ထဲသို့ ထွက်ပြေးကာ လေလွင့်သူများ ဖြစ်သွားကြရသည်။

"အခုဆိုရင် လူသားမျိုးနွယ်က သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရတယ်... လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်သွားမယ်ဆိုတာက ဟာသမဟုတ်ဘူး တကယ့်လက်တွေ့ပဲ... ဦးတို့ နောက်ထပ် ငါးနှစ်လောက် တောင့်ခံနိုင်ရင်လည်းခံနိုင်မယ်... ဒါမှမဟုတ် တစ်နှစ်တောင် မခံနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်"

"မောင်ရင်သိမှာမဟုတ်ဘူး... အခု ကမ္ဘာပေါ်မှာ လူသားတွေ သိပ်မကျန်တော့ဘူး... အာဖရိက... တောင်အမေရိကနဲ့ ဩစတြေးလျတိုက်တွေဆိုရင် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီ... ငါတို့ရဲ့ အိမ်နီးချင်း ဂျပန်ဆိုရင်လည်း ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ရေအောက် ရောက်သွားပြီ... အခု ဆက်သွယ်လို့ရတာဆိုလို့ ရုရှား... အမေရိကန်နဲ့ ဥရောပ သုံးနေရာပဲ ရှိတော့တယ်... စုစုပေါင်း လူဦးရေ သန်း ၃၀၀ တောင် မပြည့်လောက်တော့ဘူး... အဲ့ဒီအထဲမှာမှ အများစုက သက်ကြီးရွယ်အိုတွေ... ကလေးတွေနဲ့ အမျိုးသမီးတွေပဲ... လူသားမျိုးနွယ်က အန္တရာယ်နှုတ်ခမ်းဝကို ရောက်နေပြီ"

ထိုမြို့တော်ဝန်၏ အသံမှာ လေးလံနေသည်။ "ဒါပေမဲ့ လူသားမျိုးနွယ်က နောက်ဆုံး မျိုးသုဉ်းသွားမယ်ဆိုရင်တောင် နောင်တမရတဲ့ မျိုးသုဉ်းခြင်းမျိုးပဲ ဖြစ်လိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အစွမ်းကုန် ကြိုးစားခဲ့ပြီး ငါတို့မျိုးနွယ်စုရဲ့ တတ်နိုင်သမျှ အစွမ်းအစအားလုံးကို ထုတ်သုံးခဲ့ကြလို့ပဲ"

လော်ယွမ်၏ မျက်နှာအမူအရာလည်း တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ မြို့တော်ဝန်၏ အသံမှာ မကျယ်လောင်ဘဲ လေသံမှာလည်း ရေကဲ့သို့ အေးဆေးငြိမ်သက်နေသော်လည်း သူ့ကို နက်ရှိုင်းစွာ တွေးတောဆင်ခြင်မိစေပြီး စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။

ဤအကြောင်းအရာက လေးလံလွန်းနေသည်ဟု ထင်သောကြောင့် ဖြစ်မည် မြို့တော်ဝန်က စကားလမ်းကြောင်းလွှဲလိုက်သည်။ "ဆင့်ကဲပြောင်းလဲသူတွေက ကမ္ဘာပျက်ကပ်ဘေးကြီးကို အနိုင်ယူနိုင်မယ့် လူသားတွေရဲ့ မျှော်လင့်ချက်ပဲ... အခု နည်းပညာတွေ ဒီလောက် ခုန်ပျံကျော်လွှား တိုးတက်လာတာက လူသားအခြေစိုက်စခန်းတွေအချင်းချင်း နည်းပညာဖလှယ်မှုကို လုံးဝ လွတ်လပ်ခွင့်ပေးလိုက်လို့ဆိုပေမယ့် တချို့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့တာပဲ... သူတို့ရဲ့ စွမ်းရည်တွေက ခေတ်မီနည်းပညာနဲ့ မလုပ်နိုင်တဲ့ အရာတွေကို လုပ်ပေးနိုင်ခဲ့တယ်လေ... ဒါ့အပြင် အထူးအစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတချို့ကလည်း စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေကြပြီး လူသားတွေအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ဆောင်ပေးနေကြတယ်"

မြို့တော်ဝန်က လော်ယွမ်ကို စိုက်ကြည့်လိုက်ရာ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။ အဘယ်ကြောင့်မှန်းမသိ၊ ဤသာမန်မြို့တော်ဝန်တစ်ဦးကို ရင်ဆိုင်နေရသော်လည်း လော်ယွမ် ရုတ်တရက် စိုးရိမ်စိတ်ဝင်လာသည်။

"လူငယ်တွေ... အထူးသဖြင့် ဆင့်ကဲပြောင်းလဲသူတွေက လွတ်လပ်မှုကို မြတ်နိုးကြတယ်ဆိုတာ ဦးသိပါတယ်... ဒါပေမဲ့ အခုအခြေအနေက ဒီလို ဇိမ်ခံဖို့အတွက် ခွင့်ပြုပေးနိုင်စွမ်း မရှိတော့ဘူး"

"ဒီတစ်ခေါက် မောင်ရင့်ကို ခေါ်လိုက်တာ... ပထမအချက်က မောင်ရင်ရဲ့ သဘောထားကို သိချင်လို့ပဲ... ဘယ်လို တာဝန်မျိုး ထမ်းဆောင်ချင်လဲ ဆိုတာကိုပေါ့... ဒုတိယအချက်ကတော့ မောင်ရင့်နဲ့ တွေ့ချင်လို့ပဲ... ကျဆုံးသွားတဲ့နယ်မြေကနေ ဒီအထိ ရောက်အောင်လာနိုင်ရုံတင်မဟုတ်ဘူး သာမန်လူတစ်စုကိုပါ ဦးဆောင်ခေါ်လာနိုင်တဲ့သူက ဘယ်လိုလူစားမျိုးလဲ... ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ပါနေသလားဆိုတာ သိချင်လို့"

"ဒါဆိုရင်တော့ မြို့တော်ဝန်ကို စိတ်ပျက်စေမိပြီ ထင်တယ်" လော်ယွမ်က ရိုသေစွာ ပြောလိုက်သည်။

"မပျက်ပါဘူး... စိတ်မပျက်ပါဘူး... မောင်ရင့်မျက်လုံးတွေကို ကြည့်တာနဲ့ မောင်ရင်က တစ်ကိုယ်ကောင်းဆန်တဲ့သူမျိုး မဟုတ်မှန်း ဦးသိတယ်... ဒါဆိုရင်ပဲ လုံလောက်ပါပြီ" မြို့တော်ဝန်က ကျေနပ်အားရစွာ ပြောလိုက်သည်။ "မောင်ရင်က သိုင်းပညာ လေ့ကျင့်ဖူးတယ်လို့ ကြားတယ်... နည်းပြလုပ်ဖို့ စိတ်ဝင်စားလား"

လော်ယွမ်က သံသယဖြစ်သော မျက်နှာထား ဖြစ်သွားသည်ကို မြင်သောအခါ မြို့တော်ဝန်က ပြုံး၍ ပြောသည်။ "မအံ့ဩပါနဲ့... မောင်ရင်လို အစွမ်းထက်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ဦးတို့က ဘယ်လိုလုပ် ဒီတိုင်းထားနိုင်မှာလဲ"

လော်ယွမ်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ "ကျွန်တော် စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို သိပ်မကြိုက်ဘူး... ဒါပေမဲ့လူနှစ်ယောက်တော့ မိတ်ဆက်ပေးလို့ရတယ်... တန့်ဝေနဲ့ ကျုံးချူ့ချန်ပဲ... သူတို့က ကျွန်တော့်ဆီမှာ အချိန်အတန်ကြာ သင်ယူဖူးတယ်... အခုဆိုရင် အဖွဲ့ကြီးနဲ့အတူ ဒီကို ရောက်နေလောက်ပြီ"

သူ ငြင်းပယ်လိုက်သည်ကို မြို့တော်ဝန်က မအံ့ဩပေ။ ဤသည်မှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ ရှင်းလင်းရေးကိစ္စ၏ သက်ရောက်မှုကြောင့် စစ်တပ်က မွေးထုတ်ပေးလိုက်သူမဟုတ်သော ဆင့်ကဲပြောင်းလဲသူများသည် စစ်တပ်အပေါ် အနည်းနှင့်အများ ဆန့်ကျင်ဘက် သဘောထား ရှိတတ်ကြသည်။ ထိုအချိန်တွင် တစ်ဖက်လူက အခြားသူများကို နည်းပြအဖြစ် ထောက်ခံပေးသည်ကို ကြားလိုက်ရသောအခါ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မေးလိုက်သည်။ "သူတို့ကသာမန်လူတွေလား... အစွမ်းအစရော ဘယ်လောက်ရှိလဲ"

လော်ယွမ်က ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။ "အခြေခံအားဖြင့် အဆင့်နှစ်... အဆင့်သုံး သန္ဓေပြောင်းသတ္တဝါတွေကို သတ်နိုင်တယ်"

မြို့တော်ဝန်၏ မျက်နှာ တည်ကြည်သွားပြီး မှတ်စုစာအုပ်ကို အလျင်အမြန် ထုတ်ကာ အမည်များကို မှတ်သားလိုက်သည်။

ကန္တာရမြို့မှ ပေးပို့လိုက်သော သတင်းအချက်အလက်များမှာ တိကျပုံမရပေ။ သူနှင့် သိုင်းပညာသင်ယူဖူးသော အဖော်များ၏ အစွမ်းသတ္တိမှာ စာရွက်ပေါ်တွင် ရေးထားသည်ထက် ပိုမို အားကောင်းနေသည်။

သာမန်လူတစ်ယောက်သည် သိုင်းပညာသင်ယူပြီးနောက် အဆင့်နှစ်၊ အဆင့်သုံး သန္ဓေပြောင်းသတ္တဝါများကို သတ်နိုင်သည်ဆိုခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူ အများစုသည်ပင် ဤအဆင့်၌သာ ရှိကြသည်။

ယခုအခါ ပြန်လည်တည်ဆောက်ရေးဇုန်တွင် သိုင်းပညာကို တွင်ကျယ်စွာ ဖြန့်ဖြူးသင်ကြားပေးနေပြီ ဖြစ်သော်လည်း လက်တွေ့တွင်မူ ရလဒ်များမှာ ကျေနပ်လောက်စရာ မရှိဘဲ မျှော်မှန်းထားသည်ကို လုံးဝ မမီပေ။ မထင်မှတ်ဘဲ ဤလော်ယွမ်က သူ့ကို ကြီးမားသော အံ့အားသင့်မှုတစ်ခု ယူဆောင်လာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ ကျဆုံးသွားသော နယ်မြေမှ ဤနေရာအထိ တစ်လမ်းလုံး လာခဲ့ရာတွင် အန္တရာယ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရမည်မှာ သေချာသည်။ သာမန်လူတစ်ယောက်ဖြစ်လျှင်ပင် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော် သူက လုံးဝ ယုံကြည်လိုက်သည်တော့ မဟုတ်ပေ။ အရာအားလုံးကို လက်တွေ့စမ်းသပ်ကြည့်မှသာ သိနိုင်မည် ဖြစ်သည်။

သူ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။ "စစ်တပ်ကို မသွားချင်ဘူးဆိုရင် ဦးအထူးဌာနတစ်ခုကို ထောက်ခံပေးမယ်... မောင်ရင် သဘောကျမှာသေချာတယ်"

ဆက်ရန်...

အပိုင်း (၃၁၄)ဦးချိုးခြင်း - ၁

လော်ယွမ်က မြို့တော်အစိုးရရုံး အဆောက်အအုံကြီးထဲမှ ထွက်လာပြီးနောက် လေပူတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။

ထိုမြို့တော်ဝန်က သူ့အား အတော်လေး ဖိအားပေးနိုင်ခဲ့သည်။ ထိုလူကြီး၏ အမူအရာက ကြင်နာဟန်ရှိပြီး လေသံကလည်း နူးညံ့သိမ်မွေ့ကာ အစမှအဆုံးထိ မည်သည့် အတင်းအကျပ် တိုက်တွန်းမှုမျိုးကိုမျှ မလုပ်ခဲ့သော်လည်း လော်ယွမ့်စိတ်ကို တစ်ချိန်လုံး တင်းမာနေစေခဲ့ပြီး အနည်းငယ်မျှပင် အလျှော့မပေးရဲအောင် ဖြစ်စေခဲ့သည်။

ထိုသူကလေးစားဖွယ်ကောင်းသူ တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။ ထိုလူကြီးတွင် အားကောင်းသော သိုင်းပညာစွမ်းအားများ မရှိသည့်အပြင် သာမန်လူတစ်ယောက်ထက်ပင် အားနည်းကောင်း အားနည်းနေနိုင်သော်လည်း ထိုအချက်များက သူ၏ ကြံ့ခိုင်လှသော အတွင်းစိတ်ဓာတ်ခွန်အားကို စိုးစဉ်းမျှ မထိခိုက်စေနိုင်ခဲ့ပေ။

လော်ယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ည(၁၀)နာရီခွဲပင် ကျော်နေချေပြီ။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ စက်ရုံများတွင် မီးရောင်များ ထိန်ထိန်လင်းနေဆဲ ဖြစ်ပြီး စောစောက သူ့ကို လိုက်ပို့ပေးသည့် ဝန်ထမ်းမှာလည်း ပြန်နှင့်ပြီဖြစ်ရာ ပြန်လည်ထူထောင်ရေးဇုန်သို့ ပြန်ရန်မှာ လမ်းလျှောက်ပြန်ရုံသာ ရှိတော့သည်။

ကံကောင်းသည်မှာ သူ၏ မှတ်ဉာဏ်ကမဆိုးသလို ဧည့်ရိပ်သာ၏ တည်နေရာမှာလည်း ဤနေရာနှင့် သိပ်မဝေးလှပေ။

သူက လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားရင်း အတွေးများကို စုစည်းနေလိုက်သည်။ ထိုလူကြီး နောက်ဆုံး အကြံပြုပေးလိုက်သည့် အထူးဌာနသည် ဗဟိုကွပ်ကဲမှု၏ အောက်တွင် တိုက်ရိုက်ရှိနေပြီး မျှော်လင့်ချက်မြို့တော် တွင်လည်း ဌာနခွဲတစ်ခု ရှိနေသည်။ ထိုဌာနသည် ပုံမှန်အားဖြင့် အထူးစွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူများကိုသာ လက်ခံလေ့ရှိသည်။

လော်ယွမ် ခန့်မှန်းမိသည်မှာ ဤအချက်သည် တစ်ဖက်တွင် အချိန်မရွေးပြဿနာဖြစ်စေနိုင်သော အန္တရာယ်များကို စည်းရုံးသိမ်းသွင်းပြီး တစ်နေရာတည်းတွင် စုစည်းအုပ်ချုပ်ရန် ဖြစ်နိုင်သလို အခြားတစ်ဖက်တွင်မူ စစ်တပ်က လက်လှမ်းမမီနိုင်သော သို့မဟုတ် မဖြေရှင်းနိုင်သော အထူးမစ်ရှင်များကို လုပ်ဆောင်ခိုင်းရန် ဖြစ်တန်ရာ၏။

သူ့အတွက်မူ ဤအရာက ကွက်တိဖန်တီးပေးထားသလိုပင် ဖြစ်နေသည်။

ပြီးခဲ့သည့်တစ်ခေါက် အဆင့်တက်ပြီးကတည်းက ဘာမျှပြောင်းလဲမှုမရှိသည်မှာ (၆)လ တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေးဇုန်သို့ ဝင်ရောက်ပြီးနောက်ပိုင်း မကြာသေးမီက လုပ်ဆောင်ခဲ့သော မစ်ရှင်အချို့မှလွဲ၍ သူ၏ အဆင့်တက်နှုန်းမှာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။ ထိုမစ်ရှင်နှစ်ခုမှ ရရှိသော အတွေ့အကြုံမှတ်များမှာလည်း မပြောပလောက်သည့် ပမာဏသာဖြစ်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ ရေအေးတစ်ခွက် ရောလိုက်သကဲ့သို့ ဘာမှထူးမသွားခဲ့ပေ။

မသိလိုက်မဘာသာဖြင့်ပင် (ဒီ) အဆင့် မစ်ရှင်များသည် "စားရမှာလည်း သဲရှပ်ရှပ် ပစ်ရမှာလည်း အဆီဝင်းဝင်း" ဆိုသကဲ့သို့ ဖြစ်လာခဲ့ချေပြီ။

သို့သော် (ဒီ+) အဆင့် မစ်ရှင်များ၊ သို့မဟုတ် အစိမ်းရင့်ရောင်အဆင့် သတ္တဝါများနှင့် တွေ့ဆုံရန်မှာလည်း ထင်သလောက် မလွယ်ကူလှပေ။ တောနက်ထဲတွင်ပင် ထိုကဲ့သို့သော ထိပ်တန်းသတ္တဝါများကို တွေ့ရခဲလှရာ ပြန်လည်ထူထောင်ရေးဇုန်ထဲတွင် ဆိုဖွယ်ရာပင် မရှိတော့။

အနည်းဆုံးတော့ ယခုအချိန်ထိ လော်ယွမ်တစ်ကောင်မှ မတွေ့ဖူးသေးပေ။

ဤသို့ မတွေ့ရခြင်းမှာ သူကံကောင်းနေခြင်းအပြင် သတင်းအချက်အလက် ရရှိမှု အလွန်နောက်ကျနေခြင်းကြောင့်လည်း ဖြစ်သည်။ သူ မြင်နိုင်တွေ့နိုင်သည်မှာ သူရှိနေသော နေရာအနီးတဝိုက်သာဖြစ်ပြီး ပိုဝေးသောနေရာများအတွက်မူ မျက်စိစုံမှိတ်ကာ ကံကိုသာ ပုံချနေရသည့် အခြေအနေဖြစ်သည်။ သို့သော် ပြန်လည်ထူထောင်ရေးဇုန် တစ်ခုလုံး၏ အတိုင်းအတာဖြင့် ကြည့်လျှင်မူ အစိမ်းရင့်ရောင်အဆင့် သတ္တဝါများ၊ သို့မဟုတ် ထိုထက်ပို၍ အားကောင်းသော ထိပ်တန်းသက်ရှိများသည် ပေါများလှသည် မဟုတ်တိုင် ရှားပါးလိမ့်မည်တော့ မဟုတ်ပေ။

……………………………………………………………………………………………………………

နောက်တစ်နေ့ နံနက်စောစော လော်ယွမ် မနက်စာစားပြီးသည်နှင့် လူတစ်ယောက် ရောက်လာခဲ့သည်။

"မင်္ဂလာပါ ဆရာယွမ်... ဆရာယွမ်ကျွန်တော့်ကိုသိမှာမဟုတ်ဘူး... ကျွန်တော်က အဖွဲ့အစည်းပိုင်းဆိုင်ရာ ဒုတိယဝန်ကြီး ရန်ဟုန်ယွမ် ပါ... ဒီတစ်ခေါက် ဆရာယွမ်တာဝန်ထမ်းဆောင်မယ့်နေရာကို ကျွန်တော်လိုက်ပို့ပေးမှာပါ"

ထိုသူက လော်ယွမ့်ကို အကဲခတ်ကြည့်ရှုရင်း လေးစားသမှုရောယှက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်တော့ ဒုဝန်ကြီးရန်ကို ဒုက္ခပေးရတော့မယ်" လော်ယွမ်က သူ့အား လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။

"ရပါတယ်ဗျာ... အားမနာပါနဲ့"

နှစ်ဦးသား ဧည့်ရိပ်သာမှ ထွက်လာပြီး ကားပေါ်သို့ တက်လိုက်ကြသည်။ ဒုဝန်ကြီးရန်က စတင်မိတ်ဆက်ပေးသည်။

"ဓားတရားဌာန ဆိုတာ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ အထူးလျင်မြန်တုံ့ပြန်ရေး တပ်ဖွဲ့တစ်ခုပဲ... သူ့မှာလေတပ်အပါအဝင် ထောက်ပံ့ရေးတပ်ဖွဲ့လည်းရှိတယ်... ဒါပေမဲ့ ဒီနေ့အထိ အဲ့ဌာနရဲ့ တရားဝင်အဖွဲ့ဝင်က (၅၁) ယောက်ပဲ ရှိသေးတယ်... သူတို့ကိုပြန်လည်ထူထောင်ရေးဇုန် အသီးသီးမှာ ဖြန့်ကြက်ထားပြီး မျှော်လင့်ချက်မြို့တော်မှာတော့ (၈) ယောက် ရှိတယ်"

"ဒါဆို ကျွန်တော်က ကိုးယောက်မြောက်ပေါ့" လော်ယွမ်က ပြုံး၍ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ တဖြည်းဖြည်း လေးနက်လာသည်။

ပြန်လည်ထူထောင်ရေးဇုန်တစ်ခုလုံးတွင် လူဦးရေ သန်းတစ်ရာကျော်နှင့် ဆင့်ကဲပြောင်းလဲသူသိန်းချီရှိသည့်အနက် (၅၁) ယောက်သာ ရှိသည်ဆိုရာ ဤအထဲမှ လူများသည် "လက်ရွေးစင်များထဲမှ ထိပ်တန်း လက်ရွေးစင်" များဖြစ်ကြောင်း ထင်ရှားနေသည်။ ယခင်က သူသည် စနစ်၏ အကူအညီဖြင့် မည်သူမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု ယုံကြည်မှု လွန်ကဲခဲ့ဖူးသည်။ သို့သော် ကန္တာရ မြို့ ပုန်ကန်မှုနောက်ပိုင်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသော စွမ်းအားရှင်များကို တွေ့ရသောအခါ "ဝပ်နေသောကျားနှင့် ပုန်းနေသောနဂါး" ဟူသည် မည်သို့သော အရာမျိုးဖြစ်ကြောင်း သူ အမှန်တကယ် သဘောပေါက်လာခဲ့သည်။ လူဦးရေ အခြေခံပမာဏ လုံလောက်စွာ ကြီးမားနေသမျှ ကာလပတ်လုံး မည်မျှပင် သေးငယ်သော ဖြစ်နိုင်ခြေဖြစ်ပါစေ ဖြစ်လာနိုင်သည်သာပင်။

ဒုဝန်ကြီးရန်က အနည်းငယ် အားနာသော အမူအရာဖြင့် ပြန်ဖြေသည်။

"အတိအကျ ပြောရရင်... ဆရာယွမ်က အရန်အဖွဲ့ဝင်ပဲ ရှိပါသေးတယ်... ဒီစမ်းသပ်ကာလ အတွင်းမှာပေါ့... မြို့တော်ဝန်ဟူက ထောက်ခံပေးထားပေမယ့် ကျွန်တော်တို့ မျှော်လင့်ချက်မြို့တော်မှာက တိုက်ရိုက်ခန့်အပ်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာမရှိဘူးလေ... ဒါပေမဲ့ ဆရာယွမ် အတွက်တော့ ဒါက ပြဿနာတစ်ခု မဟုတ်လောက်ပါဘူး"

လော်ယွမ် မျက်နှာတွင် အံ့သြဟန်အနည်းငယ် ပေါ်လာပြီး ရယ်မောကာ ပြောလိုက်သည်။

"ဪ... ကျွန်တော်က ယာယီဝန်ထမ်းပဲ ရှိသေးတာပေါ့လေ"

"အာ... ဒါတွေက ပုံမှန်လုပ်ထုံးလုပ်နည်းတွေမို့ပါ... မြို့တော်ဝန်ဟူ ကိုယ်တိုင်တောင်မှ ချိုးဖောက်လို့ မရဘူး" ဒုဝန်ကြီးရန်မှာ လော်ယွမ် စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့် တုန်လှုပ်စွာ ရှင်းပြရှာသည်။ လော်ယွမ်က နောက်ပြောင်လိုက်မှန်း သိတော့မှ သက်ပြင်းချနိုင်ပြီး ကျောပြင်တွင် ချွေးစေးများပင် ပြန်လာခဲ့သည်။

သူတို့ကဲ့သို့ သာမန်လူများအတွက်မူ ဤလျှို့ဝှက်ဌာနမှ လူများသည် လူစွမ်းကောင်းများနှင့် တူပြီး ဘေးတွင် ထိုင်နေရုံမျှဖြင့်ပင် နေရထိုင်ရ ခက်လှသည်။ အကယ်၍များ ရုတ်တရက် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းလာခဲ့ပါက တပ်မတခုလောက်နှင့် ကာကွယ်ထားလျှင်ပင် လုံခြုံမည် မဟုတ်ပေ။

……………………………………………………………………………………

လော်ယွမ်က လူ (၈) ယောက်သာ ရှိသော ဌာနတစ်ခုဖြစ်၍ ရုံးခန်းအဆောက်အအုံ ငယ်ငယ်လေးတစ်ခုသာ ဖြစ်မည်ဟု ထင်ထားခဲ့မိသော်လည်း ထိုနေရာသို့ ရောက်သောအခါ သူထင်ထားသည်မှာ လုံးဝလွဲမှားကြောင်း သိလိုက်ရသည်။

ကားမောင်းချိန် နာရီဝက်ခန့် ကြာပြီးနောက် "စစ်ရေးအချက်အခြာဇုန်၊ မသက်ဆိုင်သူ မဝင်ရ" ဟူသော သတိပေးဆိုင်းဘုတ်ကို ကျော်ဖြတ်လိုက်သည်နှင့် မျက်စိရှေ့တွင် ဆူးခြုံများဖြင့် ဖွဲ့စည်းထားသော ကျယ်ပြန့်လှသည့် ခြံစည်းရိုးတံတိုင်းကြီး ပေါ်လာသည်။ ဂိတ်ပေါက်ဝရှိ လုံခြုံရေးအစောင့်များက စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ကားက ထိုလျှို့ဝှက်ဌာနအတွင်းသို့ ဖြည်းညှင်းစွာ မောင်းဝင်သွားသည်။

ဧရိယာတစ်ခုလုံးမှာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး လေယာဉ်ပြေးလမ်း နှစ်ခု၊ ရဟတ်ယာဉ်ကွင်း ငါးခုနှင့် (၃) ထပ် အဆောက်အအုံ သုံးလုံးရှိသည်။

ကားက အလယ်ရှိ အဆောက်အအုံရှေ့တွင် ထိုးရပ်လိုက်သည်။ ဒုဝန်ကြီးရန်မှာ ခြေလှမ်းများ တွန့်ဆုတ်ကာ အနည်းငယ် ထိတ်လန့်နေပြီး ရှေ့မှ အဆောက်အအုံကြီးက နဂါးအိုင်၊ ကျားဂူကြီး တစ်ခုအလား ဖြစ်နေပုံရသည်။

နှစ်ယောက်သား အဆောက်အအုံထဲသို့ ဝင်လိုက်ကြသည်။ အတွင်းတွင် လူအများ သွားလာလှုပ်ရှားနေကြပြီး ခြောက်ကပ်နေသည့်ပုံစံ လုံးဝမရှိပေ။ ဤလူများမှာ ထောက်ပံ့ရေး ဝန်ထမ်းများ ဖြစ်ပုံရပြီး အမျိုးသမီးဦးရေ အတော်များကာ အားလုံးလိုလိုပင် ရည်မွန်သော ပုံစံများ ရှိကြသည်။

လော်ယွမ် တစ်ချက် ဝေ့ကြည့်လိုက်ရာ ရုတ်တရက် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ သူ့ရှေ့တွင် လူတစ်ယောက် ရုတ်တရက် ဘွားခနဲ ပေါ်လာသောကြောင့်ပင်တည်း။ သူပင်လျှင် ထိုလူ မည်သို့မည်ပုံ ရောက်လာသည်ကို သေချာ မမြင်လိုက်ရပေ။

"အော်... လူသစ် ရောက်လာတာပဲ"

ထိုသူက ပြုံးစိစိဖြင့် ပြောလိုက်ရာ မျက်နှာကြွက်သားများက ရံဖန်ရံခါ တွန့်သွားတတ်ပြီး ကြည့်ရသည်မှာ အာရုံကြော မကောင်းသည့် ပုံစံမျိုး ပေါက်နေသည်။

သူ၏ ပုံစံမှာ ဖရိုဖရဲနှင့် သပ်ရပ်မှုမရှိ၊ အပေါ်ပိုင်းတွင် စွပ်ကျယ်အင်္ကျီ တစ်ထည် ဝတ်ထားပြီး အောက်ပိုင်းတွင် ဘောင်းဘီတိုအနက်ရောင်ကို ဝတ်ဆင်ထားသည်။ ခြေထောက်တွင်လည်း ညှပ်ဖိနပ်တစ်ရန်ကို စီးကာ ဆံပင်စုတ်ဖွာဖွာနှင့် မုတ်ဆိတ်မွေးများ ရှည်နေသည်မှာ သူတောင်းစားနှင့် သိပ်မထူးလှပေ။

"ဟုတ်ပါတယ် ဆရာဝမ်... ခင်ဗျားတို့ ခေါင်းဆောင် ရှိလား" ဒုဝန်ကြီးရန်က မျက်နှာချိုသွေးကာ ပြုံးပြရင်း မေးလိုက်သည်။

"ဟမ်... တိုက်ဆိုင်လိုက်တာ... ခေါင်းဆောင်က မြို့သစ်ကို သွားတယ်" ထိုသူက ပေါ့ပေါ့ဆဆ ပြောရင်း သူ၏ မျက်လုံးများက လော်ယွမ့်ကို ရှိသည်လား၊ မရှိသည်လား မသဲကွဲသော အကြည့်ဖြင့် အကဲခတ်နေသည်။ လော်ယွမ် ခံစားလိုက်ရသည်မှာ အေးစက်သော အဆိပ်ပြင်းမြွေဆိုးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ပင်။

"ဒါဆို ဒုခေါင်းဆောင်ရော"

"သူ့ကို ဘာလုပ်ဖို့တွေ့ချင်တာလဲ... သူက အပြင်မှာတာဝန်ထမ်းဆောင်နေတယ်... ကျုပ်ကို ပြောလည်း ရတာပဲ... ဘာလဲ... ခင်ဗျားက ကျုပ်ကို အထင်သေးတာလား" သူက ပါးစပ်ဖြဲကာ ဒုဝန်ကြီးရန်၏ ဘေးပတ်ပတ်လည်ကို လျှောက်သွားရင်း အနံ့ခံသလို တရှုံ့ရှုံ့ လုပ်နေသည်။ မျက်နှာထားကလည်း အရသာခံနေသလိုမျိုး ဖြစ်နေသဖြင့် အနီးနားရှိ ဝန်ထမ်းများမှာ ကြောက်လန့်တကြားဖြင့် ဝေးရာသို့ ရှောင်ဖယ်သွားကြသည်။

ဒုဝန်ကြီးရန်၏ အပြုံးများ ပျက်ပြယ်စပြုလာသည်။ ဟိန်းဟောက်ငေါက်ငမ်းပစ်ချင်သော်လည်း အသံသည် လည်ချောင်းဝတွင်ပင် တစ်ဆို့ကာ ပြန်မျိုချလိုက်ရသည်။

လော်ယွမ်က ဒုဝန်ကြီးရန်၏ အနေရခက်နေမှုကို သတိထားမိသဖြင့် သူ့ကို ဆွဲယူကာ နောက်သို့ ပို့လိုက်ပြီး ထိုလူ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"လွန်မလာနဲ့"

ထိုသူသည် လန့်ဖျပ်သွားသကဲ့သို့ ချက်ချင်းပင် ပေအနည်းငယ် အကွာသို့ နောက်ဆုတ်သွားပြီး လော်ယွမ့်ကို ကြည့်ကာ ပုံကြီးချဲ့သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"ဟေး... မျက်နှာချောလေး... မင်းက ဆရာလုပ်ချင်တာလား... ဘယ်သူမဆို ဒီနေရာမှာ ရောယောင်ပြီး နေလို့ရမယ် မထင်နဲ့နော်... လာ... လာ... မင်း အရည်အချင်း ဘယ်လောက်ရှိလဲ ငါ စစ်ဆေးကြည့်ပေးမယ်"

သည်နေရာမှ ဆူညံသံများကြောင့် အခြားလူများလည်း သတိထားမိသွားကြသည်။ လူနှစ်ယောက် လှေကားပေါ်မှ ဆင်းလာကြပြီး မြင်ကွင်းကို ကြည့်ကာ စိတ်ဝင်စားသွားပုံဖြင့် ရပ်ကြည့်နေကြသည်။

လော်ယွမ်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

"ဪ... လူသစ်ကို ဦးချိုးချင်တာလား... ဒါဖြင့်စောစောကတည်းက ပြောပါ့လား... ငါက ဒီလို အကွက်မျိုးကို သိပ်သဘောကျတာ"

ဆက်ရန်...

All Chapters