အခန်း (၃၁၅-၃၁၆)
Vol. 16 Ch. 315-316
အပိုင်း(၃၁၅)ဦးချိုးခြင်း - ၂
ဒုဌာနမှူးရန်က လော်ယွမ်ကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် မျှော်လင့်ချက်မြို့၏ အုပ်ချုပ်ရေးဌာန ဒုတိယဌာနမှူးဖြစ်ရာ အခြားနေရာ သို့မဟုတ် အခြားလူတစ်ယောက်သာဆိုလျှင် ဤမျှ အရှက်ကွဲစရာအဖြစ်မျိုး ကြုံရမည်မဟုတ်ပေ။
ပြဿနာမှာ ဤလူသည် တကယ့်အရူးတစ်ယောက် ဖြစ်နေခြင်းပင်။ သူက ကမ္ဘာမပျက်မီကတည်းက စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ခဲ့သည်ဟု ဆိုကြသည်။ စရိုက်ထူးဆန်းရုံသာမက အပြုအမူများမှာလည်း စည်းကမ်းမဲ့လွန်းလှပြီး ရွံရှာဖွယ်အကျင့်စရိုက်အချို့လည်း ရှိနေသေးသည်။ မြို့တော်ဝန်ပင်လျှင် သူ့ကိုမြင်လျှင် ခေါင်းကိုက်ရသည်။ အကယ်၍ သူ၏စွမ်းအားသာ မကြီးမားခဲ့လျှင်၊ ထို့အပြင် လူသတ်မှုမျိုးလည်း မဖြစ်ခဲ့ဖူးဘဲ စည်းကမ်းဖောက်ဖျက်မှု ကြီးကြီးမားမားလည်း မရှိခဲ့လျှင် အထက်လူကြီးများက ဤကဲ့သို့မျက်နှာလွှဲထားမည်မဟုတ်ပေ။
ဒုတိယဌာနမှူးရန်သည် တစ်စုံတစ်ယောက်က သူ့ကို ကောင်းကောင်းပညာပေးလိုက်လျှင် ကောင်းမည်ဟု မျှော်လင့်မိသော်လည်း အစိုးရဝန်ထမ်းတစ်ဦးအနေဖြင့် ထိုသို့သောအဖြစ်အပျက်မျိုးကို ခွင့်ပြု၍မရပေ။ သူက အလျင်အမြန် ဝင်ပြောလိုက်သည်။ "အားလုံး စိတ်လျော့ကြပါဗျာ... လက်ပါတာတွေ မလုပ်ကြပါနဲ့... နောက်ဆို အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြမှာပဲ"
"ဒုတိယဌာနမှူးရန်... ခင်ဗျား ကျွန်တော့်ကို ဒီအထိလိုက်ပို့ပေးပြီးပြီဆိုတော့ ခင်ဗျားတာဝန်ကျေပါပြီ... အခုက ကျွန်တော်တို့ဌာနတွင်း ပြဿနာဆိုတော့ ခင်ဗျား ဝင်မပါရင် ပိုကောင်းလိမ့်မယ်" ဟု လော်ယွမ်က ပြောလိုက်သည်။ ဤကဲ့သို့သောနေရာမျိုးတွင် နှိမ့်ချနေခြင်းသည် အရာမရောက်ကြောင်း သူ ကောင်းစွာသိသည်။ အကယ်၍ မိမိ၏စွမ်းရည်ကို မပြသလျှင် လူအထင်သေးခံရမည်သာ ဖြစ်သည်။
ဒုတိယဌာနမှူးရန်လည်း ကျေးဇူးတင်သွားမိသည်။ တစ်ဖက်လူက ဤသို့ပြောလိုက်ခြင်းသည် သူ့အား ဤပြဿနာထဲမှ ဆွဲထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထင်ရှား၏။
"ဟမ်... ဒါ ဘယ်သူလဲဟ... လေကြီးလှချည်လား... ငါတို့အဖွဲ့ထဲကဆိုရင် ငါ ဘာလို့မသိရတာလဲ" အရူးဝမ်က နားဖာကလော်ရင်း ဟန်ဆောင်ပန်ဆောင် ပြောလိုက်ပြီး ဘေးမှကြည့်နေသော နှစ်ယောက်ကို အက်ကွဲနေသောအသံကြီးဖြင့် လှမ်းမေးလိုက်သည်။ "ဟေ့ကောင် လီတုံးကွာ... ဒီလူကို မင်းသိလား... ဒါဆိုဟိုတစ်ယောက်ရော... သူဘယ်သူလဲသိလား... ဟာ... ဘယ်သူမှမသိကြဘူးပဲ"
"ဒါဆို မင်းက ဘယ်သူမို့လို့လဲကွ" အရူးဝမ်က လော်ယွမ်ဘက်သို့လှည့်ကာ အကျယ်ကြီး အော်ဟစ်ဆဲဆိုလိုက်သည်။
သို့သော် ဘေးမှကြည့်နေသော နှစ်ယောက်မှလွဲ၍ မည်သူမျှ ရယ်မောခြင်းမရှိကြပေ။ သာမန်ဝန်ထမ်းများအနေဖြင့် ထိုသူများထဲမှ မည်သူ့ကိုမျှ ပြစ်မှား၍မရပေ။ ထိုလူသည် တရားဝင်အဖွဲ့ဝင်မဟုတ်သေးဘဲ စမ်းသပ်ကာလတွင်သာ ရှိသေးလျှင်ပင် သူတို့အတွက် အန္တရာယ်ရှိနေဆဲဖြစ်သည်။
အရူးဝမ်၏ ညစ်ညမ်းသောစကားလုံးများကြောင့် လော်ယွမ်၏မျက်နှာထားသည် တဖြည်းဖြည်း မည်းမှောင်လာသည်။ သူက ကျန်းမာတောက်ဓားကို ဘေးသို့ပစ်ချလိုက်ပြီး "ခဏနေရင်လည်း မင်းပါးစပ်က ဒီလောက်သတ္တိကောင်းနေပါစေလို့ ငါဆုတောင်းတယ်" ဟု ပြောလိုက်သည်။
အရူးဝမ်က နှုတ်ခမ်းကိုမဲ့ကာ ပြန်လည်လှောင်ပြောင်ရန် ဟန်ပြင်လိုက်သော်လည်း ပါးစပ်ဟရုံရှိသေး၊ မျက်စိရှေ့မှ လော်ယွမ် ပျောက်ကွယ်သွားသည်။ သတိပြန်ဝင်လာချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ရင်ဘတ်ထဲတွင် တင်းကျပ်သွားကာ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားတော့သည်။
လော်ယွမ်က အရူးဝမ်၏ ကော်လာစကိုဆွဲကာ မြေကြီးပေါ်သို့ အားကုန်ဆောင့်ချလိုက်သည်။
သူ၏ ၁၅ မှတ်ရှိသော ခွန်အားသည် သာမန်လူတစ်ယောက်ထက် ၇.၅ ဆ ပိုမိုသန်မာသည်။ ထို့အပြင် ဤနေရာသည် ကွန်ကရစ်ခင်းထားသော ကြမ်းပြင်ဖြစ်သဖြင့် ထူထဲခိုင်ခံ့လှသည်။ နွားသိုးတစ်ကောင်ကဲ့သို့ သန်မာသူဖြစ်လျှင်ပင် ဤမျှပြင်းထန်သော ဆောင့်ချမှုကို ခံရပါက ခေါင်းမူးသွားပြီး အသက်ရှူရပ်မတတ် ဖြစ်သွားပေလိမ့်မည်။
သို့သော် မထင်မှတ်ဘဲ သူ၏ခန္ဓာကိုယ် မြေကြီးနှင့်မရိုက်မိမီမှာပင် လော်ယွမ်၏မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး သူ၏လက်ထဲတွင် စုတ်ပြတ်နေသော စွပ်ကျယ်စတစ်စသာ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လော်ယွမ်၏ အာရုံခံစားမှုသည် သူ၏တည်နေရာကို ချက်ချင်းဖမ်းယူမိလိုက်သည်။ သူသည် ပေ၃၀အကွာတွင် ရုတ်တရက် ပေါ်ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်လျက် အမောဖြေနေသည်။
"နည်းနည်းလေးပဲ လိုတော့တာ... နည်းနည်းလေးပဲ လိုတော့တာနော်" သူက ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ တဟားဟားရယ်မောနေပြီး မျက်နှာထားမှာ တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ရူးသွပ်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာကာ အရိပ်ပေါင်းများစွာ ထပ်နေသကဲ့သို့ ဖြစ်လာသည်။
ဘေးမှကြည့်နေသော နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်နှာထားများ တည်ကြည်လာသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက "အားလုံး ဒီကနေ ထွက်သွားကြ" ဟု အော်ဟစ်လိုက်သည်။
ဝန်ထမ်းများနှင့် ဒုတိယဌာနမှူးရန်တို့သည် မျက်နှာပျက်သွားကြပြီး ပထမထပ်ခန်းမကြီးထဲမှ အုံလိုက်ကျင်းလိုက် ထွက်ပြေးသွားကြသည်။
လော်ယွမ်တို့နှစ်ယောက်က ချက်ချင်းတိုက်ခိုက်ခြင်းမပြုဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
အရူးဝမ်၏ မျက်လုံးများသည် ဒဏ်ရာရနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေသော်လည်း လော်ယွမ်၏မျက်နှာမှာမူ ရေကဲ့သို့ တည်ငြိမ်နေပြီး ခံစားချက်ကင်းမဲ့နေသည်။
တစ်ဖက်လူ၏ စွမ်းရည်သည် စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ နေရာရွှေ့ပြောင်းခြင်းအစွမ်း နှင့်တူပြီး အလွန်ထူးဆန်းနက်နဲလှသည်။ သို့သော် ဘာဖြစ်သနည်း။ မကြာသေးမီက လော်ယွမ်သည် အတွေ့အကြုံများစွာ ရရှိခဲ့ပြီးဖြစ်ကာ လေးဖက်မြင်သက်ရှိများနှင့် အချိန်စွမ်းရည်များကိုပင် မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ထိုထူးဆန်းသောစွမ်းရည်များကို ကြောက်ရွံ့ခြင်းမရှိတော့ပေ။
ထိုစွမ်းရည်များ အစွမ်းမထက်ဟု ဆိုလိုခြင်းမဟုတ်ဘဲ မည်သူ့လက်ထဲတွင်ရှိပြီး မည်မျှကျွမ်းကျင်သည်အပေါ်တွင် မူတည်သည်။
အကယ်၍ နေရာရွှေ့ပြောင်းခြင်းသက်သက်သာဆိုလျှင် လော်ယွမ်အတွက် ခြိမ်းခြောက်မှုမရှိပေ။
အရူးဝမ်သည် စိတ်ရှည်ပုံမရပေ။ သူက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် လော်ယွမ်၏နောက်ကျောတွင် ပေါ်လာကာ တံတောင်ဆစ်ဖြင့် ဦးခေါင်းနောက်ဘက်ကို အားကုန်ထုချလိုက်သည်။
လော်ယွမ်၏ကျောဘက်တွင် မျက်စိပါသကဲ့သို့ ခေါင်းကို အနည်းငယ်တိမ်းလိုက်ရာ တိုက်ခိုက်မှုက သီသီလေးလွဲသွားသည်။ ထို့နောက် ခါးကိုလှည့်ကာ ခြေထောက်ဖြင့် ဦးခေါင်းကို အားကုန်ကန်လိုက်သည်။ အားအကုန်မသုံးလိုက်သော်လည်း ပေါက်ကွဲထွက်သောအားကြောင့် အရူးဝမ်သည် ၁၇ပေ၊ ၁၈ပေခန့် လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် လိမ့်သွားသည်။
"ဖွီး"
အရူးဝမ်သည် တစ်ပတ်လိမ့်ပြီး ချက်ချင်းထရပ်လိုက်ပြီး သွေးစများကပ်နေသော သွားနှစ်ချောင်းကို ထွေးထုတ်လိုက်ရာ ဘယ်ဘက်ပါးသည် မုန့်နယ်ထားသကဲ့သို့ ချက်ချင်း ဖောင်းကားလာသည်။
"ချာတိတ်... မင်း အချခံထားရလို့ အားပြတ်နေတာလား... နည်းနည်းလောက် အားထည့်ပါဦးကွ" သူက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ဖောင်းကားနေသော ပါးကြောင့် သူ၏အသံက ပုံပျက်နေ၏။
"ဒါဆိုလည်း အားထည့်ပေးရတာပေါ့" လော်ယွမ်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ ဤကဲ့သို့သောလူစားမျိုးသည် လက်သီးထက် ပါးစပ်က ပိုမာတတ်သည်။ အကယ်၍ လုံးဝကြောက်သွားအောင် မရိုက်နှက်ပါက နောင်တွင် ခွေးရူးတစ်ကောင်ကဲ့သို့ တကောက်ကောက်လိုက်ကာ အနှောင့်အယှက်ပေးနေပေလိမ့်မည်။
အရူးဝမ်သည် လော်ယွမ်၏ဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ခြေလှမ်းများကို အဆက်မပြတ် ပြောင်းလဲနေရာ လော်ယွမ်ပင်လျှင် စိတ်ရှုပ်လာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။ သို့သော် လော်ယွမ်၏နောက်ကျောတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မထင်မှတ်သော ခြေကန်ချက်တစ်ခုကြောင့် နောက်တစ်ကြိမ် လွင့်စင်သွားပြန်သည်။
ဤတစ်ကြိမ်တွင် လော်ယွမ်၏ အားက သိသိသာသာ ပိုပြင်းထန်လာသည်။ အရူးဝမ်သည် စက္ကန့်အနည်းငယ်ကြာအောင် လဲလျောင်းနေပြီးမှ သတိပြန်ဝင်လာသည်။ သူ ရုန်းကန်ထရပ်လိုက်သောအခါ ပါးနှစ်ဖက်စလုံး ဖောင်းကားနေပြီး မျက်နှာတစ်ခုလုံး ဝိုင်းစက်နေသည်ဟု ထင်ရသည်။
"ကျေနပ်ရဲ့လား... ဒါငါ အားမထည့်ရသေးဘူးနော်... ထပ်စမ်းချင်လာခဲ့" လော်ယွမ်က အရူးဝမ်ကို လက်ယပ်ခေါ်ကာ စိန်ခေါ်လိုက်သည်။
ဘေးမှကြည့်နေသော နှစ်ယောက်၏ မျက်နှာထားများသည် တည်ကြည်သွားကြသည်။ အရူးဝမ်သည် ဦးနှောက်မကောင်းသော်လည်း အစွမ်းထက်ဆုံးမဟုတ်သည့်တိုင် သူ၏ ထူးဆန်းသော စွမ်းရည်ကြောင့် အခက်ခဲဆုံး ရန်သူတစ်ဦးဖြစ်သည်။ အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် လက်တစ်ဖက်တည်းဖြင့် ရင်ဆိုင်နိုင်ပြီး ပေါက်ကွဲစေတတ်သော လက်နက်များနှင့် ပေါင်းစပ်လိုက်လျှင် သူ၏စွမ်းဆောင်ရည်သည် အဖွဲ့ထဲတွင် အံ့မခန်း ဖြစ်သည်။
သို့သော် ဤလူသစ်နှင့် ရင်ဆိုင်ရသောအခါ အရူးဝမ်သည် လုံးဝအနိုင်ကျင့်ခံနေရပြီး လူကြီးက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသကဲ့သို့ ဖြစ်နေသည်။
"ဘာလို့ ငါလာရမှာလဲ... သတ္တိရှိရင် မင်းလာပါလား" အရူးဝမ်က လည်ပင်းကိုဆန့်ကာ ပြောလိုက်သည်။ ရှုံးသော်လည်း အရှုံးမပေးသော သဘောဖြင့် သူသည် ဆက်လက်ခေါင်းမာနေမည်မှာ ထင်ရှား၏။ သူ၏ နေရာရွှေ့ပြောင်းနိုင်စွမ်းဖြင့် မည်သူမျှ သူ့ကို ဖမ်းမိနိုင်မည်မဟုတ်ဟု ယုံကြည်နေသည်။
"ဒါက မင်းကိုယ်တိုင် တောင်းဆိုတာနော်" လော်ယွမ်က ရုတ်တရက် ပြုံးလိုက်ရာ သပ်ရပ်သိပ်သည်းသော သွားဖြူများကို မြင်လိုက်ရပြီး အရူးဝမ်၏ စိတ်ထဲတွင် ကြက်သီးထသွားသည်။
သူ၏သွားများသည် သိပ်သည်းစွာ စီတန်းနေပြီး နေရာလပ်မရှိသလောက်ပင်။ သွားတစ်ချောင်းချင်းစီသည် ခရုခွံကဲ့သို့ ကျဉ်းမြောင်းရှည်လျားနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သွားအရေအတွက်သည် သာမန်လူထက် သုံးပုံတစ်ပုံခန့် ပိုများနေကြောင်း တွေ့ရသည်။
ဤသည်မှာ ခန္ဓာကိုယ်ဟောင်းကိုစွန့်၍ ခန္ဓာကိုယ်သစ်လဲလှယ်ခြင်း၏ လက္ခဏာပင်တည်း။ ဤအဖြစ်မျိုးကို အဖွဲ့ခေါင်းဆောင်ထံတွင်သာ သူ မြင်ဖူးသည်။ သူက လော်ယွမ်၏ အရေပြားကို ထပ်ကြည့်လိုက်ရာ အရေပြားသည် နူးညံ့ချောမွေ့ပြီး ချွေးပေါက်များကိုပင် မမြင်ရဘဲ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ဆင့်ကဲပြောင်းလဲခြင်းကာလပြီးနောက် လော်ယွမ်၏ မူလသွားများ ကျွတ်ထွက်သွားပြီး သွားသစ်များ ပေါက်လာခဲ့သည်။ လော်ယွမ်ကိုယ်တိုင်ပင် သူ၏သွားများက မည်မျှထူးဆန်းနေသည်ကို သတိမထားမိခဲ့ပေ။
လော်ယွမ် ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်သောအခါ သူက အလျင်အမြန် ပြောလိုက်သည်။ "ခဏနေဦး"
သူသည် စိတ်မနှံ့သော်လည်း အသိဉာဏ်မဲ့နေသူမဟုတ်ပေ။ ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် သူ ရန်စနိုင်သူမဟုတ်ပေ။ သို့သော် စကားဆုံးသည်နှင့် လော်ယွမ်သည် ခြေတစ်လှမ်းတည်းဖြင့် ၂၄ပေ၊ ၂၅ပေအကွာအဝေးကို ကျော်ဖြတ်ကာ သူ၏ဆံပင်ကို လှမ်းဆွဲလိုက်သည်။
အရူးဝမ်သည် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး သီသီလေးအလိုတွင် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။ အကြိမ်ကြိမ်ဆက်တိုက် လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ရာ အခြားသူများ သတိမပြုမိခင်မှာပင် ခန်းမကြီးထဲမှ အဝေးသို့ ရောက်ရှိသွားသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ ရုတ်တရက် ဆံပင်မွှေးများ ထောင်ထသွားသည်။
ဝေဝါးနေသော လူရိပ်တစ်ခုသည် အရှိန်ပြင်းစွာဖြင့် သူ့ဆီနီးကပ်လာနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိရှေ့သို့ ရောက်ရှိလာသည်။
သူ၏ နေရာရွှေ့ပြောင်းခြင်းသည် တစ်ကြိမ်လျှင် ပေ၆၀၊ ၇၀ခန့် ရောက်ရှိနိုင်ပြီး အချိန်ပေးရခြင်းမရှိဘဲ စိတ်ကူးလိုက်သည်နှင့် ချက်ချင်း ရောက်ရှိနိုင်သည်။ သူသည် အကြိမ်ကြိမ်ဆက်တိုက် ခုန်ပျံကျော်လွှားကာ ပေ၃၀၀ကျော်ထိ ထွက်ပြေးခဲ့သော်လည်း အကွာအဝေးက ဘာမျှမကွာခြားသွားသကဲ့သို့ ဖြစ်နေသည်။
"ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ" သူ၏စိတ်ထဲတွင် ရူးသွပ်မတတ် အော်ဟစ်နေပြီး နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်ရတော့သည်။
...........................................................................................................................
သူ အကြိမ်ကြိမ် နေရာရွှေ့ပြောင်းနေသည်ကို ကြည့်ရင်း လော်ယွမ်သည် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်သည်။ တစ်ဖက်လူ နေရာရွှေ့ပြောင်းတိုင်းတွင် တတိယမျက်လုံးနေရာ၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာတတ်သည်။ နေရာရွှေ့ပြောင်းခြင်းသည်လည်း လေးဖက်မြင်လောကနှင့် သက်ဆိုင်နေသလော။ သူသည် မူလလောကမှ ပျောက်ကွယ်သွားပြီး လေးဖက်မြင်လောကထဲသို့ ခေတ္တဝင်ရောက်သွားကာ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်နိုင်သလော။
လော်ယွမ်သည် ကံကောင်းထောက်မစွာဖြင့် လေးဖက်မြင်အမြင်အာရုံကို ရရှိပြီးနောက် စွမ်းရည်အများစုသည် ပိုမိုမြင့်မားသောလောကများနှင့် သက်ဆိုင်နေကြောင်း တွေ့ရှိလာရသည်။ ဤအချက်ကြောင့် သက်ရှိများ၏ နောက်ဆုံးပြောင်းလဲမှုလမ်းကြောင်းသည် လေးဖက်မြင်သက်ရှိများ ဖြစ်လာနိုင်သည်ဟု သံသယဝင်မိသည်။
(Fourth dimension ကို လေးဘက်မြင်လောက လို့ ဘာသာပြန်ထားပါတယ်။ အရှေ့မှာ စတုတ္ထဒိုင်မင်းရှင်းလို့ပဲ တိုက်ရိုက် ပြန်ခဲ့ပေမယ့် အခုကစပြီး လေးဘက်မြင်လောကလို့ပဲ သုံးပါမယ်)
လော်ယွမ်၏အတွေးသည် ဖြတ်ခနဲပေါ်လာပြီး အသေးစိတ်မစဉ်းစားတော့ဘဲ အရူးဝမ် ပေါ်လာမည့်နေရာသို့ လျင်မြန်စွာ လိုက်သွားသည်။ သူကိုယ်တိုင် သတိမထားမိသော်လည်း သူ၏ နေရာရွှေ့ပြောင်းခြင်းသည် လက္ခဏာမပြဘဲ ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ သူ ပေါ်လာတော့မည့်အချိန်တွင် အနီးအနားရှိလေထုသည် ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားပြီး သူပျောက်ကွယ်သွားသောနေရာတွင်မူ လေများချက်ချင်း ပြည့်နှက်သွားသည်။
လေထုသည် အရူးဝမ်ကဲ့သို့ပင် ဟင်းလင်းပြင်ဖြတ်ကျော် ဖလှယ်မှု ဖြစ်ပေါ်နေသည်။ ဤပြောင်းလဲမှုသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အရာအားလုံးသည် တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေသဖြင့် သာမန်လူ၏မျက်စိဖြင့် ကွာခြားချက်ကို သတိပြုမိရန် မဖြစ်နိုင်ပေ။ သို့သော် ၇.၅ ဆ နှေးကွေးသွားပါက ဤပြောင်းလဲမှုသည် အလွန်ထင်ရှားနေပေလိမ့်မည်။
ပျောက်ကွယ်သွားခြင်းမှ ပြန်လည်ပေါ်လာခြင်းအထိ ကြားကာလသည် ဝ.၁ စက္ကန့်ခန့် ကြာမြင့်သည်။ ဤကြားကာလအတွင်း လေထုစီးဆင်းမှုလမ်းကြောင်းနှင့် အလင်းယိုင်မှုပြောင်းလဲခြင်းတို့ကို ကြည့်ကာ သူပေါ်လာမည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်သည်။
ထို့ကြောင့် သူသည် ခန်းမအနှံ့ နေရာရွှေ့ပြောင်းကာ ရှောင်တိမ်းနေသော်လည်း ထူးဆန်းသည်မှာ နှစ်ဦးကြားအကွာအဝေးသည် ဝေးကွာသွားခြင်းမရှိဘဲ တဖြည်းဖြည်း နီးကပ်လာနေသည်။
"မရိုက်ပါနဲ့တော့ အစ်ကိုကြီး... ကျွန်တော် အရှုံးပေးပါပြီ" တစ်မိနစ်အကြာတွင် လော်ယွမ်က အရူးဝမ်၏ ဆံပင်ကို ဖမ်းဆွဲမိလိုက်သည်။ လက်မပါရသေးခင်မှာပင် အရူးဝမ်သည် လက်နှစ်ဖက်မြှောက်ကာ အသံကုန်အော်ဟစ်ပြီး မျက်နှာချိုသွေးကာ တောင်းပန်တော့သည်။
ဆက်ရန်...
အပိုင်း(၃၁၆)ဧရာမမြေအောက်ကမ္ဘာကြီး
လော်ယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ တစ်မိနစ်အတွင်းမှာပင် သူသည် ၂မိုင်၊ ၃မိုင်ခန့် ပြေးလွှားခဲ့ပြီး ခြံဝင်းတစ်ခုလုံးနီးပါး နေရာအနှံ့ ရောက်ရှိခဲ့သည်။ ဤမျှ ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူ၏ အရေပြားသည် နီရဲပူခြစ်နေပြီး တစ်ကိုယ်လုံးမှ အပူငွေ့များ ထွက်ပေါ်နေသည်။ ဦးခေါင်းထိပ်မှ ရေငွေ့များ တလူလူ ထွက်ပေါ်နေသည်မှာ အဝေးမှကြည့်လျှင် မီးလောင်နေသည့်အလား ထင်မှတ်ရ၏။
သူသည် အရူးဝမ်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ကို လွှတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ အစပိုင်း၌ အသက်ရှူမြန်နေသေးသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် သူ၏ အသက်ရှူသံသည် ပုံမှန်ပြန်ဖြစ်သွားပြီး နီရဲနေသော အရေပြားသည်လည်း မူလအရောင်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
အရူးဝမ်သည် မြေကြီးပေါ်၌ ထိုင်ချလိုက်ပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်လာနိုင်ခဲ့ပေ။ လော်ယွမ်၏ ကျောပြင်ကို ကြည့်ရင်း မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
တံခါးဝတွင် ရပ်ကြည့်နေသော လူနှစ်ဦးသည် လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။
စောစောက လော်ယွမ်၏ အရှိန်ပြင်းစွာ ပြေးလွှားနေပုံက သူတို့၏ စိတ်ထဲ၌ နက်ရှိုင်းသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်။ မည်မျှပင် မိမိကိုယ်ကို ယုံကြည်မှုရှိသူဖြစ်ပါစေ ဤသို့သော ပြိုင်ဘက်နှင့် တွေ့ဆုံရပါက စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားမည်သာ ဖြစ်သည်။
လော်ယွမ်သည် ပထမထပ် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး ဘေး၌ ပစ်ထားသော ကျန်းမာတောက်ဓားကို ကောက်ယူလိုက်သည်။ ထိုအချိန်၌ ဌာနမှူးရန်နှင့် အခြားသော "ဓားတရား"အထူးတပ်ဖွဲ့ဝင် နှစ်ဦးလည်း ဝင်ရောက်လာကြသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါအထက်ကို အတိအကျ တင်ပြမယ်" ဌာနမှူးရန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်နှာထား တည်ကြည်နေသော်လည်း မည်သူမဆို သူ စိတ်အခြေအနေ ကောင်းမွန်နေကြောင်းကို သိရှိနိုင်ပေသည်။
ဤအဖြစ်က သူ့ကို အလွန် ကျေနပ်အားရစေခဲ့သည်။ ဤ "ဓားတရား"အထူးတပ်ဖွဲ့ဝင်များသည် မျှော်လင့်ချက်မြို့ ၏ ကျွေးတာကိုစား၊ အသုံးအဆောင်များကို သုံးစွဲနေသော်လည်း မျှော်လင့်ချက်မြို့အပေါ်၌ လုံးဝ ယဉ်ကျေးမှုမရှိပေ။ အကူအညီအနည်းငယ် တောင်းဆို၍ လူအချို့ကို ထောက်ခံပေးရန် ပြောလျှင်ပင် အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းဆန်ပြီး မျက်နှာထား တင်းမာလေ့ရှိသည်။
အထူးသဖြင့် အဖွဲ့အစည်းဆိုင်ရာ ဒုတိယဌာနမှူးတစ်ဦးအနေဖြင့် ဤနေရာသို့ လာရောက်ရတိုင်း သူ၏အသက် နှစ်အနည်းငယ် တိုသွားသည်ဟု ခံစားနေရသည်။
ယခုအခါ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဆုံးမပေးလိုက်ပြီး တောင်တတောင်ထက် မြင့်သောတောင်ရှိသေးကြောင်း၊ လူ့အထက်တွင် လူရှိသေးကြောင်း၊ လူတစ်ဦးအနေဖြင့် နှိမ့်ချစွာ နေထိုင်သင့်ကြောင်း သင်ခန်းစာပေးလိုက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အခြားနှစ်ဦးက လော်ယွမ်ကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် ရိုသေလေးစားဟန် ပြသနေသည်ကို မြင်လိုက်ရသောအခါ ပူပြင်းသော နွေရာသီ၌ ရေခဲရေတစ်ခွက် သောက်လိုက်ရသကဲ့သို့ စိတ်ထဲ၌ အလွန်အမင်း ကြည်နူးသွားမိသည်။
သေချာသည်မှာ လော်ယွမ်သည်လည်း နောင်တွင် "ဓားတရား"အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်ဖြစ်သော်လည်း အနည်းဆုံးတော့ ယခုအချိန်၌ မဟုတ်သေးပေ။
ကံဆိုးသည်မှာ ဌာနမှူးရန်၏ ထိရောက်မှုမရှိသော ခြိမ်းခြောက်မှုကို အခြားနှစ်ဦးက လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်ကြသည်။
"မင်္ဂလာပါ... ငါက လီတုန်းပါ... နောက်ဆိုရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေရော ရဲဘော်ရဲဘက်တွေရော ဖြစ်သွားကြပြီပေါ့" သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးရင်း လက်ကမ်းပေးလိုက်သည်။
သူသည် အရပ်ပုပြီး ငါးပေငါးခန့်သာ ရှိသော်လည်း လုံးဝန်းသော ဦးခေါင်းကြီးတစ်ခု ပါရှိသည်။ ထို့အပြင် နာမည်၏ အသံထွက်နှင့်လည်း ဆင်တူနေသောကြောင့် အရူးဝမ်က သူ့ကို "ဖရဲသီးလီ" (လီတုန်းကွာ) ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်တန်ရာ၏။
"ငါ့နာမည် ရှဲ့ကျွင်းပန်... အဖွဲ့မှ ကြိုဆိုပါတယ်" အခြားအဖွဲ့ဝင်တစ်ဦးကလည်း ပြောလိုက်သည်။ သူသည် လော်ယွမ်နှင့် ရွယ်တူခန့်ရှိပြီး နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိဦးမည်။ လော်ယွမ်ကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် ရှက်ရွံ့နေဟန်တူသည်။
"လော်ယွမ်ပါ "ဓားတရား"အထူးတပ်ဖွဲ့ကို ဝင်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်" လော်ယွမ်က ယဉ်ကျေးစွာဖြင့် နှစ်ဦးသားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
အလုပ်လုပ်သည့်အခါ ထင်ရှားစွာ လုပ်ဆောင်ပြီး နေထိုင်သည့်အခါ နှိမ့်ချစွာ နေထိုင်သင့်သည်ဟု ဆိုကြသည်။ ယခု အရှိန်အဝါ ပြသပြီးပြီဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် မိမိ၏ အနေအထားကို လျှော့ချပြီး အဖွဲ့အစည်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပေါင်းစည်းရန် လိုအပ်သည်။ ဤနေရာမှ အဖွဲ့ဝင်များသည် သာမန်ဆင့်ကဲပြောင်းလဲသူများ မဟုတ်ကြဘဲ ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခုလုံးမှ အကောင်းဆုံး ရွေးချယ်ထားသော အထူးဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။
လော်ယွမ်၏ ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသော အရူးဝမ်ပင်လျှင် လော်ယွမ်၏ အလွန်အမင်း ထက်မြက်သော အာရုံကြောတုံ့ပြန်မှုကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ အကယ်၍သာ အာရုံကြောတုံ့ပြန်မှု အနည်းငယ် အားနည်းသော ပြိုင်ဘက်၊ ဥပမာအားဖြင့် ခန္ဓာကိုယ်ကြီးမားပြီး လှုပ်ရှားမှု နှေးကွေးသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် တွေ့ဆုံခဲ့ပါက လုံလောက်သော တိုက်ခိုက်နိုင်စွမ်းရှိရုံဖြင့် အသာစီးဖြင့် သတ်ဖြတ်နိုင်မည် ဖြစ်သည်။
အားကောင်းသော စွမ်းရည်၊ ထူးခြားသော အဆင့်အတန်းတို့ကြောင့် ၎င်းတို့သည် မူလကတည်းက မိမိကိုယ်ကို အထင်ကြီးလေ့ရှိပြီး မောက်မာတတ်ကြသည်။ အလွန်အမင်း ထင်ရှားစွာ နေထိုင်ပါက အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံရမည်သာ ဖြစ်သည်။
လီတုန်းနှင့် ရှဲ့ကျွင်းပန်တို့သည် လော်ယွမ်က ဆက်ဆံရမခက်ခဲကြောင်း တွေ့ရှိလိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြသည်။
"လောလောဆယ် အဖွဲ့ခေါင်းဆောင်က ဒီမှာမရှိဘူး... ဒုခေါင်းဆောင်ကလည်း ဝူချင်းယုကို ခေါ်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်... ဒီမှာ ကျန်ခဲ့တာဆိုလို့ ငါတို့အပြင် ရွှီချန်ရှန်နဲ့ ဖန်းဖေ့ပင်တို့ပဲ ရှိတယ်" လီတုန်းက ပြုံးရင်း အဖွဲ့ဝင်များကို လော်ယွမ်အား မိတ်ဆက်ပေးလိုက်ပြီး ရှဲ့ကျွင်းဟွေဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဒါနဲ့ သူတို့ ဘယ်သွားလဲဆိုတာ မင်းသိလား"
"အားကစားခန်းမမှာ ဖြစ်လောက်တယ်" ရှဲ့ကျွင်းဟွေက စဉ်းစားပြီး ပြောလိုက်သည်။
"အဲ့သွားကြည့်ကြမလား... ငါကြွားပြောတာ မဟုတ်ဘူး အဲ့ဒီက လေ့ကျင့်ရေးကိရိယာတွေက ပြန်လည်တည်ဆောက်ရေးဇုန်တစ်ခုလုံးမှာ မြို့သစ် ဌာနချုပ်ကလွဲရင် ဒီထက်ပိုကောင်းတာ မရှိဘူး... ခင်ဗျား ကြားတောင် ကြားဖူးမှာ မဟုတ်ဘူး" လီတုန်းက စိတ်ဝင်စားစရာကောင်းအောင် ပြောလိုက်သည်။
"ဒါဆိုစိတ်ဝင်စားစရာပဲ အားကစားခန်းမက ဝေးလား" လော်ယွမ်က ပြုံးရင်း မေးလိုက်သည်။
"ဟိုဘက် တိုက်မှာလေ... နည်းနည်းပဲလျှောက်ရမှာ" ရှဲ့ကျွင်းဟွေက တိုတိုတုတ်တုတ် ပြောလိုက်သည်။
ဆေးလိပ်တစ်လိပ်သောက်ချိန်အတွင်းမှာပင် လူအများ၏ ရည်ရွယ်ချက်ရှိရှိ ဖန်တီးမှုကြောင့် ဆက်ဆံရေးသည် ချက်ချင်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ သုံးဦးသားသည် အတူတကွ ခန်းမဆောင်ကြီးမှ ထွက်ခွာကာ အခြားအဆောက်အအုံတစ်ခုသို့ လျှောက်သွားကြသည်။ သနားစရာကောင်းသော ဌာနမှူးရန်မှာမူ လုံးဝ လျစ်လျူရှုခံလိုက်ရပြီး နောက်မှ လိုက်ပါသွားရတော့သည်။
"မင်းအရင်က ဘယ်မှာ တာဝန်ကျတာလဲ... ရှေ့တန်းလား... သတ္တုတွင်းလား" လီတုန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူတို့ဌာနမှ ဆင့်ကဲပြောင်းလဲသူအများစုသည် ဤနေရာနှစ်ခုမှ ရွေးချယ်ခေါ်ယူထားခြင်း ဖြစ်သည်။ ရှေ့တန်းတွင် ဆင့်ကဲပြောင်းလဲသူ အများဆုံးရှိပြီး အရေအတွက် များပြားသောကြောင့် ရံဖန်ရံခါ စွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူတစ်ဦးစ နှစ်ဦးစ ပေါ်ထွက်လာတတ်သည်။
သတ္တုတွင်း၊ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်ပြင်ပမှ အရေးကြီးသော သတ္တုတွင်းများတွင် စစ်အင်အားအပြည့် ချထားပြီး တိုက်ပွဲများ ပိုမိုပြင်းထန်သကဲ့သို့ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းအားသည်လည်း ရှေ့တန်းမှ စစ်သည်များထက် ပို၍ အစွမ်းထက်လေ့ရှိသည်။
"ငါကဒီကို ရောက်တာ သိပ်မကြာသေးဘူး" လော်ယွမ်က ပြောလိုက်သည်။
လော်ယွမ်၏ အဖြေသည် လီတုန်း မျှော်လင့်ထားသည်နှင့် ကွဲလွဲနေသောကြောင့် ခြေလှမ်းများ တုန့်ဆိုင်းသွားပြီး သေချာမကြားလိုက်ရသကဲ့သို့ မေးလိုက်သည်။ "ရောက်တာမကြာသေးဘူးဟုတ်လား... မျှော်လင့်ချက်မြို့ကို အခုမှ ရောက်တာလား"
"ပြန်လည်တည်ဆောက်ရေးဇုန်ကို အခုမှ ရောက်တာလို့ပြောရင်ပိုမှန်မယ်... အရင်က တောထဲမှာပဲ နေခဲ့တာ" နှစ်ဦးသား တစ္ဆေမြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်ကို မြင်သောအခါ သူက ရှင်းပြလိုက်သည်။ "မင်းတို့ ထင်သလို လေလွင့်သူတွေ မဟုတ်ဘူး... အရင်က အကြီးစား ပြောင်းရွှေ့မှု လုပ်တုန်းက ငါတို့ဘက်က ကျဆုံးနယ်မြေဖြစ်ပြီးနေပြီ... လမ်းတစ်လျှောက်လုံး နားလိုက် သွားလိုက်နဲ့ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ဒီကို ရောက်လာတာ"
လီတုန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ "ဓားတရား"အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူတို့၏ တာဝန်သည် ပြန်လည်တည်ဆောက်ရေးဇုန်မှ လူသားတို့၏ အာဏာသက်ရောက်နိုင်သော နေရာတိုင်းနီးပါး ပါဝင်သည်။ သူသည်လည်း တောထဲသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးသော်လည်း အများအားဖြင့် လေယာဉ်ပေါ်မှ အကြမ်းဖျင်း ကြည့်ရှုခြင်းသာ ဖြစ်သည်။
ယခုအခါ ကြီးမားကျယ်ပြန့်သော ကမ္ဘာလောကကြီးသည် လူသားတို့ စုဝေးနေထိုင်ရာ နေရာများမှလွဲ၍ ကျန်နေရာအားလုံးသည် အဆုံးအစမရှိသော အစိမ်းရောင်ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ မူလက သွေးကြောများပမာ ရှုပ်ထွေးနေသော လမ်းမများ၊ မိုးထိအောင် မြင့်မားသော အဆောက်အအုံများ ရှိခဲ့သည့် မြို့ကြီးများသည် ယခုအခါ လူသားတို့၏ အရိပ်အယောင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာလောကတစ်ခုလုံးတွင် အစိမ်းရောင်မှလွဲ၍ အစိမ်းရောင်သာ ရှိတော့သည်။
ဤသို့သော နေရာမျိုး၌ အသက်ရှင်နေထိုင်နိုင်သူ ရှိသေးသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
"ကျဆုံးနယ်မြေတွေမှာ လူတွေရှိသေးလား" လီတုန်းက မေးလိုက်သည်။
"မရှိလောက်တော့ဘူး ထင်တယ်... နောက်ပိုင်းကျတော့ လူတစ်ယောက်မှ မတွေ့ရတော့ဘူး" လော်ယွမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ပတ်ဝန်းကျင်သည် ချက်ချင်းပင် လေးလံသွားသည်။ ဤလူများထဲ၌ ထိုရှုပ်ထွေးသော ကာလအတွင်း ဆွေမျိုးမိတ်ဆွေများနှင့် အဆက်အသွယ် ပြတ်တောက်မသွားခဲ့သူ မည်သူရှိမည်နည်း။ ထိုသူများသည် ကံကောင်းသော လူနည်းစုမှလွဲ၍ အများစုမှာ နောက်ဆုံး ရထားကို မမီလိုက်ဘဲ ရန်သူ့လက်အောက်ခံနယ်မြေ၌ ကျန်ရစ်ခဲ့ကြသူများ ဖြစ်သည်။
.........................................................................................................
မကြာမီ သုံးဦးသားသည် အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားပြီး ဓာတ်လှေကားဆီသို့ တည့်တည့်သွားကာ မြေအောက် ၁၅ ထပ် ခလုတ်ကို နှိပ်လိုက်သည်။
ဤဓာတ်လှေကား၌ ခလုတ်များ အများအပြား ရှိသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ သို့သော် သာမန်ဓာတ်လှေကားများနှင့် မတူသည်မှာ အပေါင်းကိန်း လုံးဝမရှိဘဲ အနုတ် ၁ မှ အနုတ် ၁၅ အထိသာ ရှိခြင်းဖြစ်သည်။ ဤနေရာ၌ မြေအောက်ကမ္ဘာသည် အလွန်နက်ရှိုင်းကြောင်း ထင်ရှားလှ၏။
"အနုတ် ၁ ကနေ အနုတ် ၅ အထိက ဂိုဒေါင်တွေ... အနုတ် ၆ ကနေ အနုတ် ၁၀ အထိက လူနေရပ်ကွက်တွေနဲ့ ညစ်ညမ်းမှုနည်းတဲ့ စက်မှုဇုန်တွေ... အနုတ် ၁၁ ကနေ အနုတ် ၁၂ ကတော့ စိုက်ပျိုးရေးဇုန်တွေနဲ့ နောက်ဆုံး ၃ ထပ်ကတော့ အခုထိအလွတ်ထားတုန်းပဲ... နောက်ပိုင်း လူအရေအတွက်နဲ့ စက်မှုလုပ်ငန်း တိုးချဲ့ဖို့အတွက် ပြင်ဆင်ထားတာလေ... လမ်းမှာ မင်းမြင်ခဲ့ရတဲ့ စက်ရုံတွေက ညစ်ညမ်းမှုများတဲ့ အကြီးစား စက်မှုလုပ်ငန်းတွေပဲ" လော်ယွမ်သည် ဤနေရာသို့ ရောက်ကာစဖြစ်၍ ဘာမှမသိသေးကြောင်း ဌာနမှူးရန် သိသည့်အတွက် ဘေးမှနေ၍ ရှင်းပြလိုက်သည်။
လော်ယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တုန်လှုပ်အံ့ဩသွားမိသည်။ မနေ့က လမ်းတစ်လျှောက်လုံး ကြည့်ရှုလာရာ၌ စက်ရုံများမှလွဲ၍ လူနေရပ်ကွက်များကို လုံးဝ မမြင်တွေ့ခဲ့ရသည့် အကြောင်းရင်းကို သူ သိရှိသွားပြီဖြစ်သည်။ အားလုံးသည် မြေအောက်၌ နေထိုင်ကြပြီး စက်ရုံများသည် မျှော်လင့်ချက်မြို့တော်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နေသည်။
သို့သော် ဤသေးငယ်သော အစိတ်အပိုင်းကပင် လော်ယွမ်ကို အံ့ဩမှင်သက်သွားစေခဲ့သည်။ ဤသည်မှာ သူ ယခင်က မြင်ဖူးသမျှ စက်မှုဇုန်များထက် မရေမတွက်နိုင်အောင် ကြီးမားသော စတုရန်းကီလိုမီတာ နှစ်ရာ၊ သုံးရာခန့် ကျယ်ဝန်းသည့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ဖြစ်သည်။
ကမ္ဘာမပျက်မီက လူဦးရေ သုံးသန်းကျော်ရှိသော မြို့တစ်မြို့၌ စက်မှုလုပ်ငန်းလုပ်ကိုင်သူ ဦးရေသည် သုံးပုံတစ်ပုံခန့်သာ ရှိတတ်ပြီး ကျန် သုံးပုံနှစ်ပုံမှာ ဝန်ဆောင်မှုလုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ သို့သော် ကမ္ဘာပျက်ကပ်၌ ဝန်ဆောင်မှုလုပ်ငန်းများသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး စက်မှုလုပ်ငန်းလုပ်ကိုင်သူ ဦးရေအချိုးအစားသည် ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ ရှိနေရာ လူဦးရေ တစ်သန်းကျော်ရှိသော မြို့ကြီးတစ်မြို့နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။
ဤသည်မှာ ရူးသွပ်သော ခေတ်ကာလတစ်ခု ဖြစ်သည်။ မျှော်လင့်ချက်မြို့၏ မြေအောက်ကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ကန္တာရမြို့၏ မြေအောက်ဗုံးခိုကျင်းက အလျင်စလို တည်ဆောက်ထားသော မပြီးပြည့်စုံသည့် လက်ရာတစ်ခုမျှသာ ဖြစ်နေတော့သည်။
ဆက်ရန်...