← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 16 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 16 Ch. 317-318

အပိုင်း(၃၁၇)ပုံတူအရုပ်များ

တစ်မိနစ်ခန့်စောင့်ပြီးနောက် ဓာတ်လှေကားတံခါး ပွင့်သွားသည်။

လော်ယွမ်သည် ဓာတ်လှေကားထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ ကန္တာရမြို့မြေအောက်ရှိ သဲမြေလွှာနှင့် မတူဘဲ ဤနေရာ၏ မြေအောက်သည် မူလက ကျောက်လွှာဖြစ်သော်လည်း ယခုအခါတွင်မူ အခေါင်းပေါက်ကြီး ဖြစ်နေပြီဖြစ်သည်။ နေရာတစ်ခုလုံးမှာ အလွန်ကျယ်ဝန်းနေပြီး ပေ၄၀ခန့် မြင့်မားသည်။ လုံးပတ် ၁၇ပေ၊ ၁၈ပေရှိသော ဧရာမကျောက်တိုင်ကြီးများက အပေါ်မှ အမိုးကို ထောက်ကန်ထားကြသည်။

တစ်ချက်ကြည့်လိုက်လျှင် မရေမတွက်နိုင်သော ကျောက်တိုင်ကြီးများသည် စစ်သည်များသဖွယ် ညီညာစွာ တန်းစီနေကြပြီး အဆုံးကိုပင် မမြင်ရပေ။

ကျောက်တိုင်များသည် အကြမ်းထည်ဖြစ်နေပြီး ပြောင်ချောအောင် မွမ်းမံထားခြင်းမရှိဘဲ အစွန်းအထင်းများ ထင်ရှားနေကာ ကြမ်းတမ်းရက်စက်သော အလှတရားတစ်မျိုး ရှိနေသလိုပင်။ ဤကျောက်တိုင်ကြီးလေးခုတိုင်းက ညီညာသော စတုရန်းကွက်လပ်တစ်ခုကို ဖွဲ့စည်းထားပြီး တစ်ဖက်လျှင် ပေ၁၅၀ခန့် ရှည်လျားသည်။ ထိုနေရာတွင် ရောက်ရှိနေခြင်းက လော်ယွမ်အား လူဘီလူးတိုင်းပြည်ထဲ လျှောက်လှမ်းနေရသကဲ့သို့ ခံစားရစေပြီး ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်ပေါ်စေသည်။

ဤနေရာသည် အသုံးပြုရန် အဆင်သင့်မဖြစ်သေးသော်လည်း ရေနှင့်မီးသွယ်တန်းမှုများ ပြီးစီးနေပြီဖြစ်သည်။ ခေါင်းပေါ်မှ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် မလှမ်းမကမ်း၌ သစ်သားအိမ်ကြီးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤနေရာတွင် ထိုအိမ်တစ်လုံးတည်းသာ ရှိနေသဖြင့် အလွန်ထင်ရှားနေသည်။

သစ်သားအိမ်ကို ကျောက်တိုင်များအား အမှီပြု၍ ဆောက်လုပ်ထားပြီး ဧရိယာစတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသည်။ လူတစ်စုသည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားကြပြီး မကြာမီ တံခါးပေါက်မှ ဝင်ရောက်သွားကြသည်။ အတွင်းတွင် မီးများ လင်းထိန်နေပြီး လော်ယွမ်ကို အံ့ဩစေသည်မှာ ဤနေရာသည် လေ့ကျင့်ရေးကွင်းနှင့် လုံးဝမတူဘဲ ဒိုင်နိုဆောကစားကွင်းတစ်ခုနှင့် ပိုတူနေခြင်းပင်။ နောက်ဘက်ရှိ နေရာကွက်လပ်တစ်ခုတွင် လေ့ကျင့်ရေးစက်ကိရိယာအချို့ ထားရှိသည်မှလွဲ၍ ကျန်နေရာများအားလုံးတွင် သန္ဓေပြောင်းသတ္တဝါပုံတူအရုပ်များဖြင့် ပြည့်နှက်နေသည်။

အချို့အရုပ်များမှာ ကြမ်းတမ်းစွာ ထုလုပ်ထားပြီး အသေးစိတ်မကျဘဲ အကြမ်းဖျင်းပုံစံကိုသာ မြင်ရသည်။ အချို့မှာမူ အသက်ဝင်လှုပ်ရှားနေသကဲ့သို့ သဘာဝကျလှသည်။ သို့သော် တူညီသည့်အချက်တစ်ခုမှာ အရုပ်တိုင်းသည် အလွန်ကြီးမားပြီး သဘာဝအရွယ်အတိုင်း တစ်ပုံစံတည်း ထုလုပ်ထားခြင်းဖြစ်သည်။

လော်ယွမ် မေးမြန်းခြင်းမပြုမီ လီတုန်းက ကြိုတင်ရှင်းပြလိုက်သည်။ "ဒါတွေက သာမန်အရုပ်တွေမဟုတ်ဘူး... တာဝန်တစ်ခုမစခင်မှာ ပေးပို့လာတဲ့ ပစ်မှတ်ရဲ့ ရုပ်သံ... ဓာတ်ပုံနဲ့ ဂြိုဟ်တုပုံရိပ်တွေကနေပြီး ငါတို့ရဲ့ နောက်တန်းဝန်ထမ်းတွေက သက်ဆိုင်တဲ့ အရုပ်ပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးတယ်... ပြီးရင် အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး တိုက်ပွဲအတွက်ပုံဖော်လေ့ကျင့်တာတွေကနေတစ်ဆင့် အစီအစဉ်တွေ ချမှတ်ကြတယ်"

ဤသည်မှာ သတင်းအချက်အလက် အားသာချက်ကို ရယူထားခြင်း၏ အကျိုးကျေးဇူးပင်တည်း။ ဤနည်းဖြင့်တိုက်ပွဲမစမီကပင် အနိုင်ရရှိနေပြီဖြစ်သည်။ လော်ယွမ်သည် ခန်းမကြီးတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ အရုပ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိနေသဖြင့် သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒီတာဝန်တွေအားလုံး ပြီးစီးသွားပြီလား"

"တကယ်တော့ ဒီမှာရှိနေတဲ့ အကောင်တွေအားလုံးက မပြီးသေးတဲ့ တာဝန်တွေပဲ... အများစုက ပြန်လည်တည်ဆောက်ရေးဇုန်အပြင်ဘက်မှာ ရှိနေကြတာလေ... သူတို့ကခြိမ်းခြောက်နိုင်စွမ်းတော့ရှိပေမယ့် အရေးပေါ်အခြေအနေတော့မဟုတ်သေးဘူး... လုပ်ချင်လဲရသလို မလုပ်လဲရတယ်... တချို့ကျတော့ခြေရာခံဖို့ အရမ်းခက်တယ်... တစ်ခါပေါ်လာပြီးရင် ပြန်ပျောက်သွားတတ်တော့ လုပ်မယ်ဆိုရင်တောင် မလွယ်တော့ဘူး" လီတုန်းက ဖြေသည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏အာရုံက ကြီးမားသော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ထံသို့ ရောက်ရှိသွားသည်။ ဤအရုပ်သည် အလွန်အသေးစိတ်ကျပြီး အသေးအမွှားလေးများပင် မကျန်ရှိအောင် ထုလုပ်ထားကာ ထူးခြားဆန်းကြယ်သော အလှတရားတစ်မျိုးဖြင့် ပြည့်နှက်နေသည်။

၎င်းကသတ္တဝါဆိုးများကြားတွင်ပင် ကြက်အုပ်ထဲက ကြိုးကြာသဖွယ် ထင်ရှားပေါ်လွင်နေသည်။

၎င်းကို ကျောက်ဆောင်ထူထပ်သော တောင်ကုန်းတစ်ခုပေါ်တွင် ခွေရစ်လျက် ထားရှိထားသည်။ သွယ်လျလှပသော လည်တိုင်ရှည်ကြီးသည် S ပုံသဏ္ဌာန် ကွေးညွှတ်နေပြီး ဦးခေါင်းက လော်ယွမ်ကို စိုက်ကြည့်နေသကဲ့သို့ ရှိနေသည်။

နှုတ်သီးမှာ ချွန်ထက်ပြီး အစွယ်များ အနည်းငယ်ပေါ်ထွက်နေသည်။ ရှည်လျားကြမ်းတမ်းသော ပါးပြင်ပေါ်တွင် အဖုအထစ်များ ပြည့်နှက်နေပြီး မေးရိုးအောက်မှ ဓားမြှောင်ကဲ့သို့သော အရိုးဆူးများ ထိုးထွက်နေကာ ကြည့်ရရုံမျှဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေသည်။ ၎င်းကရုပ်တုမျှသာဖြစ်သော်လည်း မြင်ရသူကို ကြောက်ရွံ့ထိတ်လန့်စေသည်။ သို့သော် လော်ယွမ်ကို အံ့ဩစေဆုံးအရာမှာ လင်းနို့တောင်ပံကဲ့သို့သော အသားတောင်ပံတစ်စုံ ပါရှိနေခြင်းပင်။

"ဒါက ဘာကောင်လဲ" လော်ယွမ်က မေးလိုက်သည်။

လီတုန်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ အသံနိမ့်ဖြင့် ဖြေသည်။ "သူက ဒီနေရာမှာ တစ်ကောင်တည်းရှိတဲ့ အန္တရာယ်အကြီးမားဆုံး သတ္တဝါပဲ... 'ဧရာမနဂါး' လို့ အမည်ပေးထားတယ်... သူ့အစွမ်းက အဆင့်ခုနစ်လောက်ရှိမယ်... လွန်ခဲ့တဲ့ လေးလလောက်က ငါတို့အဖွဲ့ သူ့အစွမ်းအစကို မှားတွက်ပြီး တစ်ခေါက် ဝိုင်းဖမ်းဖူးတယ်... ဒါပေမဲ့ အကျအဆုံးများတာပဲ အဖတ်တင်တယ်... သွားတုန်းက ခြောက်ယောက်ရှိတာ ပြန်လာတော့ နှစ်ယောက်ပဲကျန်တယ်... တစ်ယောက်က အရူးဝမ်နဲ့ နောက်တစ်ယောက်က လက်ရှိ ခေါင်းဆောင်ပဲ... ဒီစစ်ဆင်ရေးကြောင့် မျှော်လင့်ချက်မြို့ရဲ့ ဓားတရားအဖွဲ့က ပျက်စီးလုနီးပါးတောင် ဖြစ်သွားတာ... ငါနဲ့ ရှဲ့ကျွင်းဟွေတို့က ဒီကိုနောက်မှ ရောက်လာတာ"

"တကယ်တော့ဒီတာဝန်ကို မြို့သစ်ဌာနချုပ်က လွှဲပြောင်းယူသွားပြီ... ဒါပေမဲ့ အရုပ်ကိုတော့ ဒီမှာ ထားထားတုန်းပဲ... ငါတို့အဖွဲ့အတွက် သင်ခန်းစာယူစရာနဲ့ တွန်းအားတစ်ခုအနေနဲ့ပေါ့"

"ဒါဆို အဲ့တာဝန်ကရော ပြီးသွားပြီလား" လော်ယွမ်က မေးလိုက်သည်။

"မပြီးလောက်သေးဘူး... သူ့သဲလွန်စက သိပ်မသေချာဘူးဖြစ်နေတာ... ပုံမှန်ဆိုသူက ဝေကော်မြို့နားက တောအုပ်ထဲမှာ ကျက်စားလေ့ရှိတယ်... သူ့ပိုင်နက်အတည်တကျ မရှိဘူး... အသေးစိတ်ကိုတော့ မြို့သစ်ကို မေးကြည့်မှ သိရမယ်"

လော်ယွမ်သည် မျက်လုံးအရောင်တောက်လျက် ဤအရုပ်ကို ကြည့်နေမိသည်။ ဤကဲ့သို့အစွမ်းမျိုးက သူ့အတွက် လက်ရည်စမ်းရန် အသင့်တော်ဆုံးပင်။ စိတ်စွမ်းအားတစ်မှတ်တိုးပြီးနောက်ပိုင်း သူ၏အစွမ်းကို သူကိုယ်တိုင်ပင် ခန့်မှန်းရခက်နေသည်။ သို့သော် သာမန် အဆင့်ခြောက်သတ္တဝါများမှာ သူ့အတွက် ခြိမ်းခြောက်မှုမရှိတော့ပေ။

အကယ်၍ ကန္တာရမြို့ ဘူတာရုံအောက်မှ မိုက်ခရိုဝေ့ဖ်လှိုင်းထုတ်လွှတ်နိုင်သော ပိုးကောင်နှင့် ပြန်တွေ့ပါက ယခုတစ်ကြိမ်တွင် ဒဏ်ရာပြင်းထန်စွာရရှိမည့်အခြေအနေမျိုး ကြုံတွေ့ရတော့မည်မဟုတ်ဘဲ စိတ်စွမ်းအားခုခံမှုသက်သက်ဖြင့်ပင် တစ်ဖက်သား၏ မိုက်ခရိုဝေ့ဖ်လှိုင်းကို ခုခံနိုင်ပြီဖြစ်သည်။

သို့သော် စိတ်စွမ်းအားတိုးတက်လာမှုသည် ကာကွယ်ရေးတစ်ခုတည်းတွင်သာ အကျိုးသက်ရောက်သည်မဟုတ်။ တိုက်ခိုက်မှုဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။ တိုက်ရိုက်သက်ရောက်မှုရှိသော အရှိန်အဝါအတွက်ဆိုလျှင် ပို၍ပင် ထင်ရှားသည်။ ယခင်က သူ၏အရှိန်အဝါသည် အပြာနုရောင်အဆင့် သတ္တဝါများကိုသာ ထိခိုက်စေနိုင်သော်လည်း ယခုအခါ အပြာရောင်အဆင့် သတ္တဝါများပင် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ထို့အပြင် ယခု သူ ပျံသန်းနိုင်ပြီဖြစ်သည်။ ဤသည်မှာ စစ်မြေပြင်ကို နှစ်ဘက်မြင်မှ သုံးဘက်မြင်သို့ ပြောင်းလဲလိုက်ခြင်းပင်။ အမြင်တခုထပ်တိုးလာခြင်းက တိုက်ပွဲကို ပိုမိုစုံလင်ကွဲပြားစေသည်။ အထူးသဖြင့် မပျံသန်းနိုင်သော သတ္တဝါများအတွက်ဆိုလျှင် သူကသဘာဝအလျောက် အသာစီးရနေပြီဖြစ်သည်။

နှစ်ဦးသား စကားပြောရင်း လျှောက်လာကြရာ မကြာမီ လေ့ကျင့်ရေးဧရိယာသို့ ရောက်ရှိလာသည်။ အရုပ်များက နေရာအများစုကို ယူထားသော်လည်း လေ့ကျင့်ရေးဧရိယာမှာလည်း မသေးငယ်လှဘဲ စက်ကိရိယာကြီးငယ်များကို စနစ်တကျ စီတန်းထားသည်။ လော်ယွမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ အရေအတွက်ကို သိလိုက်ရသည်။

စုစုပေါင်း ဆယ့်ငါးခုရှိသည်။ အဖွဲ့တစ်ခုလုံးတွင် လူရှစ်ဦးသာရှိသည် (လော်ယွမ်အပါအဝင် ကိုးဦး) ကို ထည့်တွက်လျှင် ဤအရာများမှာ မည်မျှဇိမ်ကျကြောင်း သိသာလှသည်။

ကမ္ဘာမပျက်မီက သာမန်အားကစားပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် ဤစက်ကိရိယာများမှာ အနည်းငယ် ထူးဆန်းနေသည်။ ပုံစံကြမ်းတမ်းရုံသာမက အချို့စက်ကိရိယာများ၏ အသုံးပြုပုံကိုပင် လော်ယွမ် မသိပေ။ လီတုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးမှသာ သဘောပေါက်သွားတော့သည်။

ဥပမာအားဖြင့် စက်မှုလုပ်ငန်းသုံး သံထုစက်နှင့်တူသော စက်တစ်လုံးသည် တကယ်တမ်းတွင် ခွန်အားလေ့ကျင့်ရန်ဖြစ်သည်။ ထို့အပြင် အမြန်နှုန်းနိမ့် ကျည်ဆန်များကို အလိုအလျောက် ပစ်ခတ်ပြီး ရှောင်တိမ်းမှုလေ့ကျင့်ပေးသော စက်၊ ခန္ဓာကိုယ်ဟန်ချက်ညီမှုကို လေ့ကျင့်ပေးသော ဧရာမဘောလုံးကြီး စသည့် ထူးဆန်းသော ပစ္စည်းများလည်း ရှိနေသည်။ သို့သော် လော်ယွမ်၏ အာရုံကို အဖမ်းစားဆုံးမှာ စက်ရုပ်နှင့်တူသော ဝန်ချီစက်ကိရိယာပင်ဖြစ်သည်။

(အမြန်နှုန်းနိမ့် ကျည်ဆန်ဆိုတာက အသံရဲ့အလျင်ကိုမကျော်တဲ့ ကျည်ဆန်မျိုးကိုပြောတာပါ။ သူတို့က အသံရဲ့အလျင်ကိုမကျော်တဲ့အတွက် အသံလှိုင်းပေါက်ကွဲမှုနည်းပါးပြီး သာမန်ကျည်ဆန်များထက် အသံပိုတိုးပါတယ်။ ဒါပေမဲ့ဖျက်စီးနိုင်စွမ်းကတော့ ပိုနည်းသွားပါတယ်)

လော်ယွမ် ထိုစက်ကို မကြာခဏ လှည့်ကြည့်နေသည်ကို တွေ့သောအခါ ညွှန်ကြားရေးမှူးရန်က ပြုံး၍ ပြောလိုက်သည်။ "ဆရာလီရဲ့ ရှင်းပြချက်က နည်းနည်းလွဲနေတယ်... ဒီပစ္စည်းအကြောင်းကိုတော့ ကျွန်တော် နည်းနည်းသိတယ်... ဒါက ကျွန်တော်တို့ စစ်လက်နက်သုတေသနဌာနက နောက်ဆုံးတီထွင်ထားတဲ့ ပြင်ပအရိုးစုသံချပ်ကာပဲ... အမြင့် ၆ပေရှိပြီး အလေးချိန် တစ်တန်ကျော်တယ်... အလင်းလျှပ်စစ်အာရုံခံစနစ်ကနေတစ်ဆင့် မောင်းနှင်သူရဲ့ ကြွက်သားလှုပ်ရှားမှုတွေကို ဖမ်းယူပြီး ချက်ချင်းတုံ့ပြန်နိုင်တယ်... ဒါပေမဲ့ စွမ်းရည်မြင့်ဘက်ထရီအပိုင်းမှာ တိုးတက်မှုမရှိသေးလို့ အသုံးပြုလို့တော့မရသေးဘူး... ဒါကအပြီးမသတ်သေးတဲ့ ထုတ်ကုန်တစ်ခုပဲ"

(ဒါက Ironman ဝတ်စုံသဘောမျိုးပါပဲ)

လော်ယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေး ဖိအားအောက်တွင် ပြန်လည်တည်ဆောက်ရေးဇုန်၏ နည်းပညာတိုးတက်မှုနှုန်းမှာ အံ့ဩဖွယ်ကောင်းလှသည်။ နည်းပညာပေါက်ကွဲမှုကြီး ဖြစ်ပွားနေသကဲ့သို့ နည်းပညာသစ်များ မိုးဦးကျ မှိုပေါက်သလို တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။

အကယ်၍ ဤပြင်ပအရိုးစုသံချပ်ကာကို စစ်သားတိုင်း တပ်ဆင်ပေးနိုင်ပါက လူသားမျိုးနွယ်၏ အခြေအနေ ပြောင်းလဲသွားပေလိမ့်မည်။ အပြည့်အဝ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိလျှင်တောင်မှ ခြေကုပ်ယူနိုင်ရန် လုံလောက်ပေသည်။ ထိုအခါ ပြန်လည်တည်ဆောက်ရေးဇုန်အနေဖြင့် ဆင့်ကဲပြောင်းလဲသူများကို မှီခိုအားထားရမှုမှာလည်း သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

သို့သော် ညွှန်ကြားရေးမှူးရန်၏ ရှင်းပြချက်ကို နားထောင်နေသော လီတုန်းနှင့် ရှဲ့ကျွင်းဟွေတို့၏ မျက်နှာတွင် မည်သည့်ထူးခြားမှုမျှ မရှိပေ။ ဤပစ္စည်းများ မည်မျှပင် ပေါများလာပါစေ သူတို့ကဲ့သို့ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများအပေါ် သက်ရောက်မှုမရှိပေ။

"သူတို့က ရှေ့က ကွင်းပြင်မှာ" လီတုန်းက ပြောလိုက်သည်။

ရှေ့မှကွင်းပြင်တွင် လူနှစ်ယောက် တစ်ယောက်က ဓား၊ တစ်ယောက်က သန်လျက် ကိုင်ဆောင်ကာ အပြန်အလှန် တိုက်ခိုက်နေကြသည်။

ဓားမှာ ထူထဲသော ဓားကြီးဖြစ်ပြီး သန်လျက်မှာလည်း အပြားကျယ်သော သန်လျက်ကြီးဖြစ်သည်။ သန္ဓေပြောင်းသတ္တဝါကဲ့သို့သော ကြီးမားသည့် ရန်သူများကို ရင်ဆိုင်ရာတွင် ပေါ့ပါးသောလက်နက်များမှာ အသုံးမဝင်ပေ။ လှံရှည်များပင် ထိရောက်မှုမရှိလှ။

ပြန်လည်တည်ဆောက်ရေးဇုန်ရှိ သိန်းချီသော ဆင့်ကဲပြောင်းလဲသူများထဲမှ ထူးချွန်သူများမှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း လော်ယွမ် တွေ့ရှိလိုက်ရသည်။ ဆင့်ကဲပြောင်းလဲမှုအစွမ်းကို ထည့်မတွက်ဘဲ ကိုယ်ခန္ဓာကြံ့ခိုင်မှုသက်သက်ဖြင့်ပင် လွန်ခဲ့သောနှစ်ဝက်ခန့်က လော်ယွမ်နှင့် မတိမ်းမယိမ်း ရှိနေကြသည်။

တိုက်ပွဲအခြေအနေကို ကြည့်ခြင်းအားဖြင့် နှစ်ဦးစလုံး၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ ၁၄ မှတ်ဝန်းကျင် ရှိကြသည်။ တစ်ဦး၏ ခွန်အားမှာ လော်ယွမ်ထက်ပင် သာလွန်နေသေးသည်။

ဓားနှင့်သန်လျက် ထိခိုက်မိတိုင်း နားကွဲမတတ် အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။ အသင်းဖော်အချင်းချင်း လေ့ကျင့်ခြင်းဖြစ်သောကြောင့် သစ်သားလက်နက်များကိုသာ အသုံးပြုထားကြသည်။ မည်သည့်သစ်သားအမျိုးအစားမှန်း မသိရသော်လည်း အလွန်မာကျောပုံရသည်။ မည်မျှပင် ပြင်းထန်စွာ ရိုက်ခတ်စေကာမူ ကျိုးပဲ့သွားမည့် အရိပ်အယောင်မရှိပေ။

သာမန်လူများအတွက်မူ ပြင်းထန်ပြီး အံ့ဩဖွယ်ကောင်းသော တိုက်ပွဲဖြစ်သော်လည်း လော်ယွမ်အတွက်မူ ပျင်းစရာကောင်းနေသည်။

အရည်အချင်းကွာခြားမှုကြောင့် သူတို့၏လှုပ်ရှားမှုများ နှေးကွေးကာ ဟာကွက်များနေခြင်းကြောင့် မဟုတ်ပေ။ သူတို့၏ ဓားခုတ်ပုံ၊ တိုက်ခိုက်မှုစည်းချက်များမှာ အလွန်အမင်း ကိုးရိုးကားရားနိုင်ပြီး တစ်စုံတစ်ခု လိုနေသလို စိတ်ထဲတွင် မတင်မကျခံစားရစေသည်။

"တော်ပြီ တော်ပြီ... မလေ့ကျင့်တော့ဘူး" ထိုအချိန်တွင် ပတ်ဝန်းကျင်အခြေအနေကို သတိထားမိသွားသော ဖန်းဖေ့ပင်သည် တိုက်ပွဲဝိုင်းမှ ခုန်ထွက်လိုက်ပြီး တဘက်ဖြင့် ချွေးသုတ်ကာ လျှောက်လာသည်။

ရွှီချန်ရှန်မှာမူ အနည်းငယ် အေးစက်သော အမူအရာဖြင့် လူအများကို ခေါင်းညိတ်ပြပြီးနောက် ရေချိုးခန်းဘက်သို့ လှည့်ထွက်သွားသည်။

ဖန်းဖေ့ပင်၏ အသားအရေမှာ ညိုမောင်းနေပြီး ပိန်ပါးသော်လည်း အားနည်းပုံမပေါက်ပေ။ အပေါ်ပိုင်းဗလာကျင်းထားရာ သံကြိုးများကျစ်ထားသကဲ့သို့ ကြွက်သားမြောင်းများမှာ လမ်းလျှောက်လိုက်တိုင်း မြွေငယ်များ လူးလွန့်နေသကဲ့သို့ လှုပ်ရှားနေပြီး ကြမ်းတမ်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။ သူက လူအများကို ဝေ့ကြည့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အားလုံး ရောက်လာတာပဲ... ဟော... ညွှန်ကြားရေးမှူးရန်ပါ ပါလာတာလား... ဧည့်သည်ထူးပဲ... ဒီကမိတ်ဆွေကရော ဘယ်သူများလဲ"

"ဒါက လော်ယွမ်တဲ့ နောက်ဆို ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်သစ် ဖြစ်လာမယ့်သူပဲ... ဒါကတော့ စောစောကပြောတဲ့ ဖန်းဖေ့ပင်" လီတုန်းက ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

လီတုန်းနှင့် ရှဲ့ကျွင်းဟွေတို့၏ ယဉ်ကျေးသော သဘောထားကို မြင်သောအခါ ဖန်းဖေ့ပင် အနည်းငယ် အံ့ဩသွားသည်။ သို့သော် သူက ကြိုဆိုခြင်းလည်းမပြု ကန့်ကွက်ခြင်းလည်းမပြုဘဲ လော်ယွမ်ကို အကဲခတ်ကြည့်လိုက်သည်။ လော်ယွမ် ကိုင်ဆောင်ထားသော ကျန်းမာတောက်ဓားကို ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။ "အော် မင်းလည်း ဓားသမားပဲ... လက်ရည်လေးဘာလေး စမ်းကြည့်မလား"

ဆက်ရန်...

အပိုင်း(၃၁၈)ဆရာတင်ခြင်း

လော်ယွမ်၏ မျက်နှာထားမှာ ခေတ္တမျှ တန့်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ ဤကဲ့သို့ မာနကြီးပြီး မိမိကိုယ်ကို အထင်ကြီးနေသူများအား သူ အလွန်ပင် စိတ်ပျက်ငြီးငွေ့လှပြီဖြစ်သည်။ အရင်တစ်ခေါက်က အရူးဝမ် ယခုတစ်ခါ နောက်တစ်ယောက် နောင်လည်း မလွဲမသွေ ကြုံတွေ့ရဦးမည်သာ။

လော်ယွမ်၏ လှောင်ပြောင်သရော်သော အပြုံးကို မြင်လိုက်ရသောအခါ ဖန်းဖေ့ပင် ရုတ်တရက် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အမွှေးအမျှင်များ ထောင်ထလာပြီး တစ်ကိုယ်လုံးမှ ကြွက်သားများ တင်းမာသွားသည်။ ထိုခဏမှာပင် တစ်ဖက်လူ၏လက်မောင်း အနည်းငယ် လှုပ်ရှားသွားသည်ကို သူ သတိပြုမိလိုက်သည်။ သို့သော် သူ သတိဝင်လာချိန်တွင်မူ သူ၏လက်ထဲမှ သစ်သားဓားမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ့စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွားပြီး နောက်ဆုတ်ချင်စိတ်ကို အတင်းအကျပ်ထိန်းချုပ်ရင်း တစ်ဖက်လူကို စူးစိုက်ကြည့်နေမိသည်။ သူ၏မျက်နှာထားမှာ လေးနက်တည်ကြည်လာခဲ့ပြီ။

လော်ယွမ်က ဓားရိုးကိုဆုပ်ကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဓားပြားပေါ်သို့ ဖြည်းညင်းစွာ ပွတ်သပ်လိုက်ရာ မမြင်နိုင်သော အလင်းတန်းလေးတစ်ခု ဖြတ်ပြေးသွားပြီး သစ်သားမှုန်များမှာ ဂျုံမှုန့်များကဲ့သို့ တဖွဲဖွဲ ကျဆင်းလာသည်။ သူ၏လက်ဖဝါး ဖြတ်သန်းသွားသည်နှင့် ထူထဲသော တောခုတ်ဓားကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပါးလွှာသွားခဲ့သည်။ သူ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ဓားကွက်တစ်ခု ဖော်လိုက်သည်။ အလေးချိန်မှာ အတော်ပင်ဖြစ်နေပြီဟု သူ ခံစားလိုက်ရသည်။

ဘေးပတ်ဝန်းကျင်မှလူများမှာ လော်ယွမ်က လက်ဗလာဖြင့် ဓားပြားကို ပါးလွှာအောင် ပြုလုပ်လိုက်သည်ကို သိပ်အံ့ဩခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဌာနမှူးရန်မှလွဲ၍ ကျန်လူအားလုံးမှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြပြီး ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်များ၏ အံ့ဖွယ်ရာများကို ရင်းနှီးနေကြပြီးဖြစ်သောကြောင့်ပင်။

သို့သော် လော်ယွမ် ပေါ့ပေါ့ပါးပါး ကစားလိုက်သော ဓားကွက်ကိုမြင်ပြီးနောက် သူတို့၏စိတ်များ လှုပ်ရှားသွားကြသည်။

အထူးသဖြင့် ဖန်းဖေ့ပင်သည် တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ သာမန်ဆင့်ကဲပြောင်းလဲသူများမှာ ကမ္ဘာမပျက်မီက သာမန်လူများဖြစ်ကြသော်လည်း သူကမူ ကွဲပြားသည်။ သူသည် မူလကတည်းက ရိုးရာသိုင်းသင်တန်းကျောင်းမှ သိုင်းဆရာတစ်ဦးဖြစ်ပြီး ဓား၊ လှံ၊ တုတ်၊ လက်သီး အစုံအလင် ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် အခြားသူများထက် ပိုမိုနက်ရှိုင်းစွာ မြင်တွေ့နားလည်နိုင်သည်။

ယခုအချိန်တွင် တစ်ဖက်လူ၏ ဓားကိုင်ပုံအနေအထားမှစ၍ ရပ်တည်ပုံအနေအထားအထိ အရာအားလုံးသည် အကြိမ်ပေါင်းထောင်ချီ လေ့ကျင့်ထားသကဲ့သို့ သဘာဝကျပြီး သက်သောင့်သက်သာရှိကာ ကြည့်ရှုသူကို ပြင်းထန်သော အလှတရားတစ်ခု ပေးစွမ်းနေသည်။

"ငါတကွက်နှစ်ကွက်လောက်တော့ ပြပေးလို့ရတယ်... လက်ရေစမ်းစရာတော့ မလိုပါဘူး" ထိုအချိန်တွင် လော်ယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဘေးမှကြည့်နေသော လူများမှာ စိတ်သက်သာရာရသွားကြပြီး လေထုမှာလည်း ချက်ချင်းပင် ပေါ့ပါးသွားသည်။

ဖန်းဖေ့ပင်လည်း ဤအရာသည် သူ့ကို မျက်နှာသာပေးခြင်းဖြစ်ကြောင်း ကောင်းစွာသိသည်။ အစောပိုင်းက သူ၏လက်ထဲမှ ဓားကို သတိမထားမိလိုက်ဘဲ လုယူသွားနိုင်ခြင်းနှင့် ယခု လှုပ်ရှားမှုတိုင်းတွင် ပေါ်လွင်နေသော နက်ရှိုင်းသည့် သိုင်းပညာအခြေခံများကို ကြည့်လျှင် သူ နိုင်နိုင်ချေ လုံးဝမရှိပေ။ သို့မဟုတ် လုံးဝ တဖက်သတ်အနိုင်ယူခံရမည့် အခြေအနေပင်တည်း။ သူတို့နှစ်ယောက်က ပြိုင်ဘက်အဆင့်အတန်းချင်း လုံးဝမတူညီပေ။

ထိုအချိန်တွင် လော်ယွမ်သည် လေ့ကျင့်ရေးကွင်းသို့ လျှောက်သွားပြီး အလယ်တည့်တည့်တွင် ရပ်တန့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှလူများမှာ လော်ယွမ်၏ လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်နေကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းကို လွတ်သွားမည်စိုးသဖြင့် မျက်တောင်ပင် မခတ်ရဲကြပေ။ လော်ယွမ် အသက်ကို ဖြည်းညင်းစွာ ရှူသွင်းလိုက်သည်ကို တွေ့လိုက်ရသည်။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး တစ်ချိန်တည်းမှာပင် အသံ၏အမြန်နှုန်းကို ဖောက်ထွင်းသွားသော စူးရှသောအသံတစ်သံ နားထဲသို့ ဝင်ရောက်လာသည်။ ဝေဝါးသောအမြင်အာရုံထဲတွင် အဖြူရောင်မျဉ်းတစ်ကြောင်းသည် နေရာလွတ်ကို ဖြတ်ကျော်သွားပြီး လေထဲတွင် လက်ခနဲပေါ်လာကာ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင်မူ လော်ယွမ်သည် မူလနေရာတွင် ပြန်လည်ရပ်တန့်နေပြီဖြစ်ပြီး လုံးဝမလှုပ်ရှားခဲ့သည့်အလားပင်။

လူတိုင်း၏မျက်နှာထားမှာ လေးနက်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ အထူးသဖြင့် လီတုန်းနှင့် ရှဲ့ကျွင်းဟွေတို့ဖြစ်သည်။ သူတို့သည် လော်ယွမ်၏ အမြန်နှုန်းကို မမြင်ဖူးသည်မဟုတ်။ ထိုအချိန်က အမြန်နှုန်းမှာ အလွန်မြန်ဆန်သော်လည်း ယခုကဲ့သို့ မျက်စိဖြင့်ပင် လိုက်မမီနိုင်လောက်အောင် မဟုတ်သေးပေ။

သို့သော် ယခုလေးတင် လော်ယွမ် တိုက်ခိုက်လိုက်ချိန်တွင် သူတို့သည် ဝေဝါးသောအရိပ်တစ်ခု လျှပ်စီးလက်သလို ခြေလှမ်းလှမ်းကာ ဓားတစ်ချက်ခုတ်ပိုင်းလိုက်ပြီးနောက် မူလနေရာသို့ ပြန်ရောက်သွားသည်ကိုသာ မြင်လိုက်ရသည်။ လှုပ်ရှားမှုအားလုံးမှာ တစ်ဆက်တည်းဖြစ်ပြီး အလွန်ငြိမ်သက်နေရာမှ အလွန်လျင်မြန်သော အခြေအနေသို့ ချက်ချင်းပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်မှုတစ်ခု ပြီးဆုံးသွားသည်။ အစာဟပ်တော့မည့် မြွေဟောက်တစ်ကောင် မိုးကြိုးပစ်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သည့်အလားပင်။

ပြေးလွှားသည့်အရှိန်နှင့် တိုက်ခိုက်သည့်အရှိန်မှာ လုံးဝမတူညီပေ။

ကမ္ဘာမပျက်မီက လေ့ကျင့်ထားသော လက်ဝှေ့သမားတစ်ဦး၏ လက်သီးထိုးနှုန်းမှာ တစ်စက္ကန့်လျှင် ပေ၆၀ အထိ ရှိနိုင်ပြီး ပြေးနှုန်း၏ နှစ်ဆခန့်ရှိသည်။ စနစ်၏အကူအညီဖြင့် တိုက်ခိုက်ချိန်တွင် တစ်ကိုယ်လုံးရှိ ကြွက်သား ၈၀ ရာခိုင်နှုန်းကို ချက်ချင်းအသုံးပြုနိုင်သော လော်ယွမ်၏ တိုက်ခိုက်နှုန်းမှာမူ သူ၏ပြေးနှုန်းထက် သုံး၊ လေးဆခန့် ပိုမိုမြန်ဆန်သည်။ တိုက်ခိုက်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၂၀၀ ခန့်၊ တစ်နာရီလျှင် ၇၂၀ ကီလိုမီတာခန့် ရှိသည်။

အခြားသူများမှာ မနည်းလိုက်ကြည့်နိုင်သေးသော်လည်း ဌာနမှူးရန်ကဲ့သို့သော သာမန်လူများမှာမူ ဘာမှမမြင်လိုက်ရဘဲ အသံကိုသာ ကြားလိုက်ရသည်။

ထို့နောက် လော်ယွမ်သည် အခြေခံဓားသိုင်းကွက်များအားလုံးကို သရုပ်ပြလိုက်သည်။ ဓားကွက်တစ်ခုနှင့်တစ်ခုကြားတွင် သိသာထင်ရှားသော ရပ်တန့်မှုများ ရှိနေသည်။

တိုက်ခိုက်မှုတိုင်းသည် လေထုကို တုန်ခါစေပြီး အဖြူရောင်ဓားလေစီးကြောင်းများကို ဖြစ်ပေါ်စေသည်။ ဤအဖြူရောင်ဓားလေစီးကြောင်းများမှာ စိတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓားအလင်းတန်းများ မဟုတ်ဘဲ ဓားသွားအရှိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးအားပြင်းသည့် လေစီးကြောင်းများသာ ဖြစ်သည်။

ဤကဲ့သို့သော ဓားလေစီးကြောင်းမျိုးကို လော်ယွမ် ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်သည်။ ကျန်းမာတောက်ဓားမှာ အလွန်ထက်ရှလွန်းသဖြင့် ဝှေ့ယမ်းလိုက်သည့်အခါ လေခုခံမှု သိပ်မရှိလှပေ။ ဤသစ်သားဓားကဲ့သို့သော ဓားတုံးများဖြင့်သာ ဤဖြစ်စဉ်မျိုး ပေါ်ပေါက်လာနိုင်သည်။

သို့သော် ဤဓားလေစီးကြောင်းမှာ ဓားဝှေ့ယမ်းနှုန်းကို နှေးကွေးစေရုံသာမက စွမ်းအားမှာလည်း အလွန်အကန့်အသတ်ရှိသည်။ အများဆုံးအားဖြင့် ကျောက်တုံးပေါ်တွင် ခြစ်ရာတစ်ခုသာ ထင်ကျန်စေနိုင်ပြီး ဓားအလင်းတန်းများနှင့် လုံးဝယှဉ်၍မရပေ။ အပြာရောင်အဆင့်နှင့်အထက် သန္ဓေပြောင်းသတ္တဝါများကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။

တစ်ကျော့ပြီးသွားသောအခါ လော်ယွမ်၏ လှုပ်ရှားမှုများမှာ ဆက်တိုက်ဖြစ်လာသည်။ ပတ်ဝန်းကျင်တွင် လေစီးကြောင်းများ တုန်ခါလာပြီး ဖုန်မှုန့်များ လွင့်ပျံလာသည်။ ရှင်းလင်းသော အဖြူရောင်မျဉ်းကြောင်းများမှာ လေ့ကျင့်ရေးကွင်းကို ဖြတ်သန်းသွားပြီး ရှေ့တွင် တိမ်ဝင်သော အရာများ ချန်ထားခဲ့သည်။

ဤအဖြူရောင်မျဉ်းကြောင်းများမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး တဖြည်းဖြည်း များပြားလာကာ သိပ်သည်းလာပြီး နောက်ဆုံးတွင် ကွန်ရက်တစ်ခုသဖွယ် ယှက်နွယ်လာသည်။

လူအုပ်ကြီးမှာ နောက်သို့ ဆုတ်ခွာရင်း ဆုတ်ခွာရင်း ပေ၁၀၀ခန့် အကွာအဝေးသို့ ရောက်ရှိသွားမှသာ ကျောချမ်းသော ဖိအားပေးမှု ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် ရေချိုးခန်းမှ ထွက်လာသော ရွှီချန်ရှန်သည် တံခါးဝသို့ ရောက်သည်နှင့် မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသော လေပြင်းနှင့် ကြုံတွေ့လိုက်ရပြီး လေပြင်းကြောင့် သူ၏ပါးပြင်များ နာကျင်သွားသည်။ သူ တစ်ချက်ကြောင်သွားပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ တိုက်ခတ်နေဆဲဖြစ်သော လေပြင်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

မကြာမီမှာပင် လေ့ကျင့်ရေးကွင်းမှ ကြီးမားသော လှုပ်ရှားမှုများက သူ၏အာရုံကို ဖမ်းစားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိုလူရိပ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

လော်ယွမ်၏ လှုပ်ရှားမှုများမှာ စာအုပ်ထဲကအတိုင်း ပြီးပြည့်စုံနေသည်။ လှုပ်ရှားမှုတိုင်းသည် ချောမွေ့ပြေပြစ်ပြီး သဘာဝကျကာ အလှတရားများဖြင့် ပြည့်နှက်နေသဖြင့် ကြည့်ရှုသူကို မူးမေ့သွားစေနိုင်သည်။

မကြာမီ လော်ယွမ် ရုတ်တရက် ရပ်တန့်လိုက်သည်။ သရုပ်ပြမှုတစ်ခုလုံးမှာ သုံးမိနစ်ခန့် ကြာမြင့်သော်လည်း ကြည့်ရှုသူများအဖို့မူ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

လူအုပ်စုမှာ တစ်စုံတစ်ခုဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။ ဖန်းဖေ့ပင်က ပေါင်ကိုပုတ်လိုက်ပြီး ဝမ်းနည်းပက်လက်ဖြင့် "စောစောက ဗီဒီယိုမရိုက်ထားမိလိုက်ဘူးကွာ"

"သာမန်ကင်မရာတွေနဲ့ရမှာမဟုတ်ဘူး... မြန်နှုန်းမြင့်ကင်မရာ မှရမှာ" လီတုန်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့ဩမှုများ ကျန်ရစ်နေဆဲပင်။ ဤတစ်ကြိမ်တွင် သူတို့အဖွဲ့က အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ရရှိလိုက်ပြီဖြစ်သည်။ ခေါင်းဆောင်နှင့်ယှဉ်လျှင် မည်သူက ပိုသာမည်ကို မသိနိုင်ပေ။

"ဒါဆို တခုမှာလိုက်ရအောင်... ဒါပေမဲ့ အဲ့လောက်ဒုက္ခခံစရာမလိုပါဘူး... နောက်ဆို အဖွဲ့သားတွေဖြစ်သွားပြီဆိုတော့ ငါတို့အချိန်မရွေး မေးမြန်းလို့ရတာပဲ... ဆရာတင်ရင်တောင် ရတယ်" ရှဲ့ကျွင်းဟွေက စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာသော လော်ယွမ်ကိုကြည့်ရင်း လေးစားမှုအပြည့်ဖြင့် တိုးတိုးလေးပြောလိုက်သည်။

ဖန်းဖေ့ပင်၏ မျက်နှာထားမှာ အနည်းငယ် အနေရခက်နေပြီး မျက်နှာပူနေသည်။ စောစောက သူသည် စိန်ခေါ်ရန် ကြိုးစားခဲ့သေးသည်။ သေချင်နေသည်လား မသိ။ သူ၏စွမ်းရည်ကို အသုံးပြုလျှင်ပင် ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နှုန်းအောက်တွင် ရလဒ်မှာ ပြောင်းလဲမည်မဟုတ်ပေ။

လော်ယွမ်က သူ့ဆီသို့ လျှောက်လာသည်ကိုမြင်သောအခါ သူ၏မျက်နှာထားမှာ အနည်းငယ် နေရခက်ဖြစ်သွားသည်။

"စောစောက မိတ်ဆက်ဖို့ အချိန်မရလိုက်ဘူး... ငါ့နာမည် လော်ယွမ်ပါ" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။ "မင်းတို့ တိုက်ခိုက်တာကို ငါတွေ့လိုက်တယ်... မင်းတို့နှစ်ယောက်ရဲ့ ဓားကွက်တွေမှာ ပြဿနာနည်းနည်းရှိတယ်... ဓားသိုင်းစသင်တုံးက မကောင်းတဲ့အမူအကျင့်တချို့ ပါလာတဲ့ပုံပဲ... ဒါကြောင့် ဓားကွက်ရဲ့စွမ်းအားကို အပြည့်အဝ မထုတ်နိုင်တာ"

ဖန်းဖေ့ပင်သည် အမြဲပြုံးနေတတ်သော်လည်း တကယ်တမ်းတွင် စိတ်ဆတ်သူဖြစ်သည်။ အခြားသူသာ ထိုသို့ပြောလျှင် သူ စိတ်ဆိုးပြီး လက်သီးနှင့် ထိုးလောက်ပြီဖြစ်သည်။ သို့သော် ယခုလေးတင် နတ်ဘုရားတစ်ပါးကဲ့သို့ ဓားသိုင်းကို ပြသခဲ့ပြီး သူကိုယ်တိုင် စိန်ခေါ်ခဲ့ဖူးသော လော်ယွမ်၏ ရှေ့မှောက်တွင်မူ သူသည် စိတ်လှုပ်ရှားနေမိသည်။

"အ... အကိုယွမ်... အဲ့ဒါကိုငါလည်း အခုမှ သတိထားမိတာ... ပြင်လို့ရောရနိုင်သေးလား"

"လော်ယွမ်လို့ပဲ ခေါ်ပါ... ပြင်လို့တော့ ရတယ်... ဒါပေမဲ့ အစကနေပြန်လေ့ကျင့်ရမှာဆိုတော့ အခုမှစသင်တဲ့သူတွေထက် ပိုပင်ပမ်းမှာ... အခြေခံအကျဆုံးကနေ ပြန်စရမှာ" လော်ယွမ်က လက်ကာပြရင်း ပြောလိုက်သည်။ တစ်ဖက်လူ၏ အသက်မှာ သူ့ထက်များစွာကြီးနေသဖြင့် အကိုယွမ် ဟု အခေါ်ခံရခြင်းက သူ့ကို ကြက်သီးထစေသည်။

"အကိုယွမ်သာ သင်ပေးမယ်ဆိုရင် ဘယ်လောက်ပဲပင်ပမ်းပင်ပမ်း ကိစ္စမရှိဘူး... ကျွန်တော် အကိုယွမ်ကို ဆရာတင်ပါရစေ" ဖန်းဖေ့ပင်က လော်ယွမ်ကို အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် မီးကဲ့သို့ စိတ်မြန်လက်မြန်ရှိသူဖြစ်ရာ စိတ်ကူးပေါက်သည်နှင့် ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။ လော်ယွမ်က လှမ်းဆွဲထားလိုက်သော်လည်း...

နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အားကုန်ရုန်းထွက်လိုက်သည်။ ပိန်လှီသည်ဟု ထင်ရသော်လည်း အားအင်မှာ အံ့မခန်းကြီးမားလှသည်။ လော်ယွမ်မှာ ကြိုတင်ပြင်ဆင်မထားသဖြင့် သူ၏လက်မှလွတ်သွားပြီး ဖန်းဖေ့ပင်မှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ ခေါင်းကို သုံးကြိမ်တိုင်တိုင် အသံမြည်အောင် ဆောင့်ကာ ကန်တော့လိုက်သည်။

သူသည် ရိုးရာသိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ရှေးဟောင်းအစဉ်အလာများကို လိုက်နာသူဖြစ်ရာ ဆရာတင်သည့် စည်းမျဉ်းများကို ကောင်းစွာနားလည်သည်။

"ဆရာ့ကို တပည့် ဂါရဝပြုပါတယ်"

လော်ယွမ် စိတ်ထဲတွင် မတတ်နိုင်တော့ပေ။ ဤသည်မှာ အတင်းအကျပ် ဆရာတင်ခံရခြင်းပင်တည်း။ သို့သော် တစ်ဖက်လူက ကန်တော့ပြီးပြီဖြစ်၍ ငြင်းပယ်ရန် မကောင်းတော့ချေ။ လော်ယွမ် တွေဝေသွားပြီးနောက် "ထားလိုက်ပါတော့... ထတော့" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ" ဖန်းဖေ့ပင်က ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။ "ဒီတစ်ခါ အခမ်းအနားက နည်းနည်း ရိုးရှင်းသွားတယ်... ဆရာ စိတ်မရှိနဲ့နော်... နောက်နေ့ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် ပြန်လာမှ အသစ်ပြန်လုပ်မယ်"

ရှဲ့ကျွင်းဟွေက ဘေးမှနေ၍ နှုတ်ခမ်းမဲ့လိုက်သည်။ စောစောကမှ မလိုလားသလို မျက်နှာထားနှင့် ယခုကျတော့ ဆရာတင်တာ သူများထက် မြန်နေသည်။ ဒါတောင် သူက အကြံပေးလိုက်ခြင်းဖြစ်သည်။

သို့သော် သူက ပြောရုံသာပြောခြင်းဖြစ်သည်။ ခေတ်ပညာတတ်လူငယ်တစ်ဦးအနေဖြင့် ဖန်းဖေ့ပင်ကဲ့သို့ ရိုးရိုးသားသား ဒူးထောက်ကန်တော့ပြီး ဆရာတင်ရန်မှာ အနည်းငယ် ရှက်စရာကောင်းသည်ဟု ယူဆသည်။

"အဲ့လောက် ဒုက္ခခံစရာမလိုပါဘူး... နောက်ဆို ပုံမှန်အတိုင်းပဲ နေပါ" လော်ယွမ်သည် မိမိထက် အသက်အများကြီးကြီးပြီး ရိုသေလေးစားစွာ ဆက်ဆံနေသော ဖန်းဖေ့ပင်ကို ကြည့်ရင်း ဂိုဏ်းအသစ်တစ်ခု တည်ထောင်လိုက်သလို ခံစားလိုက်ရသည်။

ဆက်ရန်...

All Chapters