အခန်း (၃၁၉-၃၂၀)
Vol. 16 Ch. 319-320
အပိုင်း (၃၁၉)မတော်တဆ
မကြာမီတွင် ဌာနမှူးရန်သည် ဖုန်းတစ်ချက်လက်ခံရရှိပြီးနောက် လော်ယွမ်ကို တောင်းပန်သည့်မျက်နှာထားဖြင့် နှုတ်ဆက်ကာ အလျင်စလို ထွက်ခွာသွား၏။
မျှော်လင့်ချက်မြို့အဖွဲ့အစည်းဌာန၏ ဒုဌာနမှူးအနေဖြင့် သူသည် ပုံမှန်အားဖြင့် အလွန်အလုပ်များလှရာ အားလပ်ချိန်ဟူသည် ရှားပါးလှသဖြင့် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် မဖြစ်နိုင်ပေ။
လော်ယွမ်၏ ကိုယ်ရေးမှတ်တမ်းလွှဲပြောင်းခြင်းကိစ္စမှာမူ နောက်တစ်နေ့မှသာ ဆောင်ရွက်နိုင်တော့မည်ဖြစ်သော်လည်း ၎င်းမှာ လုပ်ထုံးလုပ်နည်းတစ်ခုမျှသာဖြစ်ပြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လော်ယွမ်အတွက် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။
အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများ စုဝေးရာ ဓားတရားအဖွဲ့အပေါ်တွင် မျှော်လင့်ချက်မြို့၏ သြဇာသက်ရောက်မှုမှာ အလွန်ကန့်သတ်ချက်ရှိ၏။ အစွမ်းထက်သော လော်ယွမ်အနေဖြင့် အစကတည်းကပင် ဤနေရာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီးသားဟုဆိုနိုင်သည်။ ထို့အပြင် နာရီဝက်ပင်မကြာသော အချိန်တိုအတွင်းတွင် သူသည် အနုနည်း၊ အကြမ်းနည်းဖြင့် မသိမသာပင် အင်အားစုတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ ဖန်းဖေ့ပင် ဟူသော အလွယ်တကူရရှိလိုက်သည့် တပည့်တစ်ဦးမှလွဲ၍ ကျန်သူများနှင့် ဆက်ဆံရေးမှာ မခိုင်မာသေးသော်လည်း သူ၏ခြေကုပ်ကို ခိုင်မြဲစေရန် လုံလောက်ပြီဖြစ်ရာ မည်သူမျှ သူ့ကို အထီးကျန်အောင်၊ ဖယ်ကြဉ်ခံရအောင် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
လော်ယွမ်သည် မြေအောက်လေ့ကျင့်ရေးကွင်းရှိ လေ့ကျင့်ရေးပစ္စည်းများကို တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်ရှုခဲ့ပြီး အထူးသဖြင့် အရိုးကာချပ်ဝတ်စက်ရုပ်ဝတ်စုံက သူ့ကို အံ့အားသင့်စေခဲ့သည်။
အရိုးကာချပ်ဝတ်စက်ရုပ်ဝတ်စုံ၏ အတွင်းပိုင်းတွင် အနည်းငယ်ကြည်လင်ပြီး ပျော့ပျောင်းသော ဆီလီကွန်အလွှာတစ်ခု ရှိနေသည်။ မျက်နှာပြင်တွင် အာရုံခံကိရိယာအများအပြား တပ်ဆင်ထားသော်လည်း သာမန်ဆီလီကွန်ကဲ့သို့ပင် ပုံမှန်အတိုင်းမြင်ရပြီး ထိတွေ့ကြည့်လျှင် ပျော့ပျောင်းကာ အလွန်ခိုင်ခံ့သည်။
ဝတ်ဆင်လိုက်သောအခါ ဦးခေါင်းအပါအဝင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားသော်လည်း နှာခေါင်းနှင့် ပါးစပ်နေရာတွင် အသက်ရှူစက်နှင့် မျက်နှာဖုံးကို ချိတ်ဆက်ထားသော အပေါက်ငယ်တစ်ခု ပါရှိသည်။ ရင်ဘတ်အနည်းငယ် ကျပ်သည်မှလွဲ၍ အသက်ရှူရာတွင် အခက်အခဲမရှိဘဲ ထူထဲသော အပေါ်ဝတ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားသကဲ့သို့ ခံစားရသည်။
စက်ရုပ်၏ မျက်လုံးနေရာတွင် ဘဲဥပုံသဏ္ဌာန် ကြည်လင်သော သလင်းကျောက်ကွင်းတစ်ကွင်း ပါရှိသည်။ အလင်းယိုင်ခြင်းနည်းပညာကြောင့် လော်ယွမ်သည် သူ၏မြင်ကွင်းကျယ်ပြန့်လာသည်ကို တွေ့ရှိလိုက်ရသည်။ ခေါင်းမလှည့်ဘဲနှင့်ပင် ၁၈၀ ဒီဂရီပတ်လည်ကို မြင်တွေ့နိုင်သဖြင့် အနည်းငယ် ဆန်းသစ်နေသည်။
ကံမကောင်းစွာဖြင့် ဤစက်ရုပ်သည် တစ်ဝက်တစ်ပျက်သာပြီးသေးသော ပစ္စည်းတစ်ခုဖြစ်ပြီး အတွင်းပိုင်းတွင် ဘက်ထရီတပ်ဆင်ထားခြင်းမရှိသလို လျှပ်စစ်ကြိုးဖြင့် ချိတ်ဆက်၍လည်း မရနိုင်သဖြင့် ၎င်း၏အစွမ်းကို အမှန်တကယ် မခံစားနိုင်ပေ။
သို့သော် စွမ်းအင်မရှိသော်လည်း လှုပ်လျားမှုကိုမူ မထိခိုက်ပေ။ သူသည် ခြေလှမ်းတစ်လှမ်းလှမ်း၍ ရှေ့သို့ လျှောက်သွားရန် ကြိုးစားလိုက်သည်။
အတွင်းထဲတွင် ငြိမ်သက်စွာရပ်နေစဉ်က ဤစက်ရုပ်၏ အလေးချိန်ကို မခံစားရသော်လည်း စတင်လှုပ်ရှားလိုက်သည်နှင့် ခြေထောက်တစ်ဖက်တည်း၏ အလေးချိန်သည်ပင်လျှင် လေးလံနေပြီး ကီလိုဂရမ် ၂၀၀ အောက်မနည်းကြောင်း ခံစားလိုက်ရသည်။
"ဘုန်း" အရိုးကာချပ်ဝတ်စက်ရုပ်ဝတ်စုံ၏ ခြေထောက်တစ်ဖက်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီးနောက် ဒုတိယခြေလှမ်း၊ တတိယခြေလှမ်းများကို ဆက်လက်လှမ်းလိုက်သည်။ အစပိုင်းတွင် လှုပ်ရှားမှုများမှာ မချောမွေ့သော်လည်း မကြာမီ သူသည် ပိုမိုလျင်မြန်စွာ လျှောက်လှမ်းလာနိုင်ခဲ့သည်။ လေးလံသော ခြေလှမ်းများသည် မြေတူးစက်ကဲ့သို့ စည်းချက်ကျကျဖြင့် မြေကြီးကို ရိုက်ခတ်နေပြီး ကျယ်ဝန်းသော အခန်းလွတ်ကြီးထဲတွင် ပဲ့တင်သံများ ထွက်ပေါ်လာစေသည်။
လော်ယွမ်၏ ခွန်အားသည် တစ်တန်မရှိသော်လည်း အလေးချိန်တစ်တန်ကို ထမ်းပိုးထားခြင်းနှင့် တစ်တန်ကို မထားခြင်းသည် လုံးဝကွာခြားသည်။ ထို့အပြင် စက်ရုပ်လမ်းလျှောက်သည့်အခါ အခြားခြေထောက်တစ်ဖက်က အမြဲတမ်းထောက်ကူပေးထားသဖြင့် သူအမှန်တကယ်စိုက်ထုတ်ရသော အားသည် ထင်ထားသည်ထက် ပိုမိုနည်းပါးသည်။ ခုန်ပျံခြင်းမပြုလုပ်သရွေ့ သူ၏ ၁၅ မှတ်ရှိသော ခွန်အားဖြင့် လွတ်လပ်စွာ လမ်းလျှောက်ရန် လုံလောက်သည်။
ထို့နောက် သူသည် လက်မောင်းများကို စမ်းသပ်ကြည့်ရာ လူ့လက်ဖဝါးကဲ့သို့ တည်ဆောက်ထားသဖြင့် အလွန်သွက်လက်ပြီး မည်သည့်အရာကိုမဆို ကိုင်တွယ်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။ ဤအရိုးကာချပ်ဝတ်စက်ရုပ်ဝတ်စုံသာ အောင်မြင်စွာပြီးစီးသွားပါက သာမန်လူတစ်ယောက်သည် အနည်းငယ်လေ့ကျင့်ရုံဖြင့် လက်နက်တစ်ခုကိုင်ဆောင်ကာ အစိမ်းနုရောင်အဆင့်အောက် သန္ဓေပြောင်းသတ္တဝါများကို တစ်ဦးချင်းရင်ဆိုင်နိုင်မည်ဟု လော်ယွမ် တွေးမိလိုက်သည်။
လော်ယွမ် ပျော်ရွှင်စွာ စမ်းသပ်နေစဉ် ရုတ်တရက် သူ၏စိတ်ထဲတွင် စနစ်၏အချက်ပေးချက် ပေါ်လာပြီး သူ၏စိတ်ဝင်စားမှုကို ဖြတ်တောက်လိုက်သည်။
ဒင်...(ဒီ+) အဆင့် မစ်ရှင် - ဝူချင်းယုကို ကယ်ဆယ်ရန်
ဝူချင်းယု သေဆုံးပါက မစ်ရှင်ကျရှုံးမည်
အချိန်ကန့်သတ်ချက် - ၈ နာရီ။ လက်ခံ/ငြင်းပယ်
"ဒီ+ အဆင့် မစ်ရှင်" သူ၏မျက်နှာ တည်ကြည်သွားသည်။ ဤအဆင့်ရှိသော မစ်ရှင်မျိုး နောက်ဆုံးတွင် ပေါ်လာခဲ့ချေပြီ။
လော်ယွမ်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဤအဆင့်ရှိသော မစ်ရှင်နှင့်ရင်ဆိုင်ရသောအခါ သူထင်ထားသလောက် ပေါ့ပါးခြင်းမရှိသည်ကို တွေ့ရှိလိုက်ရသည်။ ကမ္ဘာပျက်ကပ်စတင်ချိန်မှ ယခုအထိ သူသည် အစိမ်းရင့်ရောင်အဆင့် သတ္တဝါကို တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။ ထိုစူပါသတ္တဝါများတွင် မည်သို့သောစွမ်းရည်နှင့် စွမ်းအားများရှိသည်ကို လုံးဝမသိရှိဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေသည်။
"ဒါနဲ့ ဝူချင်းယုက ဘယ်သူလဲ" လော်ယွမ်သည် လီတုန်း၏ မိတ်ဆက်စကားကို ပြန်သတိရလိုက်သည်။ ဝူချင်းယုသည်လည်း ဓားတရားအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒုတိယခေါင်းဆောင်နှင့်အတူ အပြင်သို့ တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားခြင်းဖြစ်သည်။
လော်ယွမ်သည် မစ်ရှင်ကို ချက်ချင်းလက်မခံသေးပေ။ ယခုအချိန်တွင် အရာအားလုံးသည် မရေမရာဖြစ်နေပြီး တစ်ဖက်လူ မည်သည့်နေရာတွင် ရှိနေသည်၊ အခြေအနေ မည်သို့ရှိသည်ကို လုံးဝမသိရသေးပေ။ ထို့အပြင် အချိန်မှာလည်း အလွန်တိုတောင်းပြီး ၈ နာရီသာ ရှိသည်။ အနည်းငယ်ကြန့်ကြာသွားပါက အချိန်မီတော့မည် မဟုတ်ပေ။
(ဒီ+) အဆင့် မစ်ရှင် ကျရှုံးပါက နုတ်ယူမည့် အတွေ့အကြုံအမှတ်မှာ နည်းပါးမည်မဟုတ်ပေ။ ဤသည်မှာ သူ၏ လပေါင်းများစွာ ကြိုးစားအားထုတ်မှုများ အလဟဿဖြစ်သွားနိုင်သည်ဟု ဆိုလိုသည်။
သူသည် မျက်နှာမပျက်ဘဲ အရိုးကာချပ်ဝတ်စက်ရုပ်ဝတ်စုံကို ချွတ်လိုက်သည်။
"ဆရာ ဘယ်လိုနေလဲ" ဖန်းဖေ့ပင်က ရိုသေစွာ မေးလိုက်သည်။
"မဆိုးပါဘူး... ဒါပေမဲ့ အထဲမှာ အသက်ရှူကြပ်တယ်... ဒါနဲ့ ဒုခေါင်းဆောင် ဘယ်သွားတာလဲ... ဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ" လော်ယွမ်က သွယ်ဝိုက်၍ မေးလိုက်သည်။
"ခဏနေဆို ပြန်လာလောက်တော့မှာ... သူတို့မနက် ၇ နာရီက ရဟတ်ယာဉ်နဲ့ ထွက်သွားတာ" လီတုန်းက ထူးဆန်းသောမျက်နှာဖြင့် ပြောလိုက်သည်။ "အဲ့တာက သာမန်တာဝန်လေးပါပဲ... အဓိကက အသစ်ရောက်လာတဲ့ ဝူချင်းယုကို လေ့ကျင့်ပေးဖို့ လိုက်သွားတာပါ"
လော်ယွမ်သည် လီတုန်း၏မျက်နှာထားကိုကြည့်ပြီး အခြေအနေကို သဘောပေါက်လိုက်သည်။ ဓားတရားအဖွဲ့တွင် အမျိုးသားများပြားပြီး အမျိုးသမီးနည်းပါးသဖြင့် အမျိုးသမီးအဖွဲ့ဝင်များကို အလိုလိုက်လေ့ရှိသည်။ သို့သော် ပေါ့ပါးပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်တစ်ခုသည် မထင်မှတ်ဘဲ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်နိုင်သည်။
ဒုခေါင်းဆောင်မှာ သေဆုံးသွားလောက်ပြီဟု ခန့်မှန်းရပြီး တခုခုမလုပ်ပါက ဝူချင်းယုတွင်လည်း အသက်ရှင်ရန် ၈ နာရီသာ ကျန်တော့သည်။ ယခင်အတွေ့အကြုံများအရ စနစ်၏ခန့်မှန်းချက်သည် တိကျမှန်ကန်ကြောင်း လော်ယွမ် ယုံကြည်သည်။
သူသည် အချိန်ကိုကြည့်လိုက်ရာ နေ့လယ်စာစားချိန်နီးကပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ သတင်းကောင်းတစ်ခုဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သွားသောနေရာသည် သိပ်မဝေးကြောင်း ပြသနေသည်။
"ထမင်းစားချိန်တောင် ရောက်နေပြီပဲ... သွားရအောင်" ရှဲ့ကျွင်းဟွေကလည်း နာရီကိုကြည့်ပြီး ပြောလိုက်သည်။
ထိုစဉ် နောက်တန်းထောက်ပံ့ရေးဝန်ထမ်းအမျိုးသမီးတစ်ဦး အခန်းထဲသို့ ပြေးဝင်လာသည်။ သူမသည် မောဟိုက်နေပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ အသက်ကိုဝအောင်ရှူလိုက်ပြီးနောက် "အမဝူဆီက အကူအညီတောင်းခံတဲ့ အချက်ပြမှုကို လက်ခံရရှိထားတယ်" ဟု အလျင်အမြန် ပြောလိုက်သည်။
"ဘာ"
အားလုံး၏မျက်နှာများ ပြောင်းလဲသွားကြသည်။ လော်ယွမ်က "ဘယ်အချိန်ကလဲ... ဘယ်နေရာလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
"လွန်ခဲ့တဲ့ ၅ မိနစ်ကပဲ... လောင်ဂျီကျူ ၈၃.၅၇၇၇၃... လတ္တီကျူ ၄၀.၀၈၅၀၃ ပါ" ဤဝန်ထမ်းသည် ကောင်းစွာလေ့ကျင့်ထားသူဖြစ်သဖြင့် ဂဏန်းများကို တရစပ်ရွတ်ပြလိုက်သည်။
"ဒါ သူတို့တာဝန်ထမ်းဆောင်တဲ့နေရာပဲ" လီတုန်းက စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ဒါက သာမန်တာဝန်လေးပဲလေ... ငါတို့တွေ့ထားတဲ့ သန္ဓေပြောင်းသားရဲကလည်း အဆင့် ၅ ပဲ ရှိတာ... ဒါနဲ့ ဒုခေါင်းဆောင်ရော အချက်ပြသေးလား"
"မပြဘူး" ဝန်ထမ်းအမျိုးသမီးက ခေါင်းခါလိုက်ပြီး မျက်နှာပျက်နေသည်။ "ကျွန်မတို့ လှမ်းဆက်သွယ်ကြည့်သေးတယ်... ဘာမှပြန်မတုံ့ပြန်ဘူး"
"သူသတိမထားမိလို့ ဖြစ်မှာပါ" ရှဲ့ကျွင်းဟွေက ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။
တာဝန်ထမ်းဆောင်စဉ် အနှောင့်အယှက်မဖြစ်စေရန် ဓားတရားအဖွဲ့ဝင်များသည် မိုဘိုင်းဖုန်းယူဆောင်ခွင့်မရှိဘဲ အချက်ပြလက်ခံပေးပို့နိုင်သော လက်ပတ်နာရီကိုသာ အသုံးပြုကြသည်။ သတင်းအချက်အလက် ပေးပို့ခြင်းနှင့် လက်ခံခြင်းအားလုံးကို အသံနှင့်အလင်း မထွက်ပေါ်စေရန် ပြုလုပ်ထားသည်။
"အခုချိန်မှာ စကားများနေလို့ဘာမှမထူးဘူး... သေစမ်း အရင်တခေါက် ပျက်ကျသွားတဲ့ ရဟတ်ယာဉ်က အစားထိုးမရသေးဘူး... ရှိတဲ့နှစ်စီးထဲက တစ်စီးကိုလည်း ခေါင်းဆောင်ယူသွားတယ်... ငါတို့ ရဟတ်ယာဉ်ရှိမှဖြစ်မှာ" ဖန်းဖေ့ပင်သည် စိတ်မရှည်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အော်ပြောလိုက်သည်။
ဖန်းဖေ့ပင် ဒေါသထွက်လာသောအခါ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ဝန်ထမ်းအမျိုးသမီးကို ရည်ရွယ်ခြင်းမဟုတ်သော်လည်း သူမ၏မျက်နှာမှာ ဖြူဖျော့သွားပြီး "ကျွန်မ စစ်ဘက်ကို ချက်ချင်းဆက်သွယ်လိုက်ပါမယ်" ဟု အလျင်အမြန် ပြောလိုက်သည်။
"အဲ့လောက် အလုပ်ရှုပ်မခံနဲ့... ငါသွားလိုက်မယ်" လော်ယွမ်က ရုတ်တရက် ပြောလိုက်သည်။
လူတိုင်း လော်ယွမ်ကို လှည့်ကြည့်လိုက်ကြပြီး မျက်နှာအမူအရာအမျိုးမျိုး ဖြစ်ပေါ်နေကြသည်။
"ဆရာ... ဆရာ... အဲ့ဒီနေရာက ဒီကနေဆိုရင် မိုင်၂၀၀၊ ၂၅၀ လောက်ဝေးတယ်... ဒါတောင် မျဉ်းဖြောင့်အတိုင်းအကွာအဝေးကိုပြောတာ... ဆရာ ဘယ်လောက်ပဲမြန်မြန်ပြေးပြေး အနည်းဆုံးတစ်ရက်နှစ်ရက်လောက် ကြာမှာပဲ... အဲ့ဒီအချိန်ကျရင် အရာအားလုံး နောက်ကျသွားပြီ" ဖန်းဖေ့ပင်က လော်ယွမ် အကွာအဝေးကို မသိဘဲပြောသည်ဟု ထင်မှတ်ကာ ရှင်းပြလိုက်သည်။
"တကယ်တော့ ငါ့အတွက် ဘယ်လိုအကွာအဝေးမျိုးပဲဖြစ်ဖြစ် မျဉ်းဖြောင့်ပဲ" လော်ယွမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
စကားဆုံးသည်နှင့် မမြင်ရသော စွမ်းအားစက်ကွင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ပတ်လည်မှ ပျံ့နှံ့ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ဖြည်းညင်းစွာ လေပေါ်သို့ ပျံတက်သွားတော့သည်။
လော်ယွမ်သည် ရူပဗေဒနိယာမများကို ဖောက်ဖျက်ကာ ပို၍ပို၍မြင့်မားစွာ ပျံတက်သွားသည်ကို ကြည့်ရင်း လူတိုင်း၏ပါးစပ်များ အလိုအလျောက် ဟသွားကြပြီး မျက်နှာများတွင် အံ့အားသင့်မှုများ ပြည့်နှက်ကာ ကျောက်ရုပ်များသဖွယ် မလှုပ်မယှက် ဖြစ်သွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၃၂၀)မြေကျွင်း
"လက်နတ်တွေဘာတွေ လိုသေးလား" လီတုန်းက မသိစိတ်ဖြင့် ရိုသေသော အသုံးအနှုန်းကို သုံးကာ မေးလိုက်သည်။
"မလိုဘူး" လော်ယွမ်က မြေပြင်သို့ ပြန်ဆင်းလာပြီး လက်ထဲမှ ဓားကို မြှောက်ပြကာ ရှိပြီးသားဖြစ်ကြောင်း အချက်ပြလိုက်သည်။ "ဒါပေမဲ့ တည်နေရာရှာနိုင်တဲ့ စက်တစ်လုံးတော့ လိုတယ်"
ပန်းတိုင်သည် ဤနေရာနှင့် မိုင်၂၅၀ခန့်ကွာဝေးပြီး ထင်ရှားသော အမှတ်အသားများလည်း မရှိသောကြောင့် တည်နေရာရှာဖွေစက်မရှိလျှင် လုံးဝ ရှာတွေ့နိုင်မည်မဟုတ်ပေ။
လူအုပ်စုမှာ အံ့အားသင့်သွားကြပြီး မည်သို့ ပြန်ပြောရမည်ကို မသိတော့ချေ။ သူတို့သည် အစွမ်းထက် ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသော်လည်း အများစု၏ အစွမ်းများမှာ အထောက်အကူပြုရုံသာဖြစ်ပြီး နောက်ဆုံးဝှက်ဖဲအဖြစ်သာ အသုံးပြုကြသည်။ အမှန်တော့သူတို့သည် ခေတ်မီလက်နက်မျိုးစုံကို အဓိကအားထားရသော စူပါအထူးတပ်ဖွဲ့ဝင်များနှင့် ပိုတူသည်။
လူတိုင်းတွင် လော်ယွမ်ကဲ့သို့ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်နိုင်စွမ်း မရှိကြပေ။ ဤအစွမ်းထက် သတ္တဝါကြီးများကို ရင်ဆိုင်ရာတွင် သူတို့၏ ဆင့်ကဲပြောင်းလဲအစွမ်းများဖြင့် မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ပေ။
သေချာသည်မှာ လော်ယွမ်တွင် ပေါင်းစပ်နိုင်စွမ်းမရှိဘဲ အဆင့်မြင့်လက်နက်များ မဖန်တီးနိုင်ခဲ့လျှင် သို့မဟုတ် စိတ်စွမ်းအားကို မစုစည်းနိုင်ခဲ့လျှင် သူလည်း သိပ်ထူးမည်မဟုတ်ပေ။
"ဆရာ... ကျွန်တော့်ဟာ ယူလိုက်" ဖန်းဖေ့ပင်က သတိပြန်ဝင်လာပြီး လက်ကောက်ဝတ်မှ လက်ပတ်နာရီကို အလျင်အမြန် ဖြုတ်ပေးလိုက်သည်။
လက်ပတ်နာရီတွင် ခလုတ်များမပါဘဲ ထိတွေ့မျက်နှာပြင်ဖြင့် ဖြစ်ပြီး ဖန်းဖေ့ပင်က အသုံးပြုပုံကို အသေးစိတ် ရှင်းပြလိုက်သည်။ ဤလက်ပတ်နာရီသည် သတင်းအချက်အလက် ပေးပို့လက်ခံနိုင်သည့်အပြင် တည်နေရာရှာဖွေနိုင်သော စက်တစ်လုံးလည်း ဖြစ်သည်။ ၎င်းသည် ထည့်သွင်းထားသော မိတ်ဆွေများ၏ တည်နေရာအားလုံးကို ရှာဖွေနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်နိုင်စွမ်းလည်း ရှိသည်။
ကမ္ဘာမပျက်မီက ဤကဲ့သို့သော ပစ္စည်းမျိုးသည် အလွန်ခေတ်စားခဲ့ပြီး ကလေးတိုင်းနီးပါးတွင် ရှိခဲ့ကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတွင် လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်နိုင်စွမ်းရှိပြီး နှောင့်ယှက်မှုများကို ခုခံနိုင်စွမ်း အလွန်မြင့်မားခြင်း ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် လေးလံနေခြင်း ဖြစ်၏။
လော်ယွမ်က လှမ်းယူလိုက်ပြီး လက်ကောက်ဝတ်တွင် ပတ်လိုက်သည်။ အချိန်မရှိတော့သဖြင့် သူသည် အချိန်မဆွဲတော့ဘဲ ဓာတ်လှေကားဆီသို့ ဦးဆောင်ထွက်ခွာသွားရာ အခြားသူများလည်း အလျင်အမြန် နောက်မှ လိုက်ပါသွားကြသည်။
"တကယ်လို့ ညရောက်တဲ့အထိ ငါပြန်မလာသေးရင် မင်းတို့ထဲက တယောက်ယောက် ဧည့်ဆောင်ကို သွားပြီး ဟွမ်ကျားဟွေ ဒါမှမဟုတ် ကျိုးယလီကို စိတ်မပူဖို့ ပြောပေး" မထွက်ခွာမီ လော်ယွမ်က ဖန်းဖေ့ပင်ကို မှာကြားလိုက်သည်။
"ဆရာ စိတ်ချပါ... အဲ့ဒီလောက် ကြာမှာမဟုတ်ပါဘူး... ကျွန်တော်တို့ ရဟတ်ယာဉ်ကို အမြန်ဆုံး လွှတ်လိုက်ပါ့မယ်" ဖန်းဖေ့ပင်က အလျင်အမြန် ကတိပေးလိုက်ပြီး စိတ်ထဲတွင်မူ ''ဒီနာမည်နှစ်ခုက မိန်းကလေးနာမည်တွေပဲ... နှစ်ယောက်လုံး ဆရာကတော်တွေများလား'' ဟု တွေးတောနေမိသည်။
လော်ယွမ်က ဖန်းဖေ့ပင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူသည် ခြေထောက်ကို အားနှင့်ကန်လိုက်ရာ ခန္ဓာကိုယ်သည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ရှေ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ပေ၃၀၀ကျော် ရောက်ရှိသွားပြီး မြေပြင်သို့ ပြန်ကျသည်နှင့်တစ်ပြိုင်နက် ခြေထောက်ကို ထပ်မံအားပြုကန်လိုက်ရာ မူလနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သူ၏ သွားလာပုံမှာ လေဟုန်စီးနေသကဲ့သို့ ဖြစ်နေသည်။ ခြေထောက်ဖြင့် ကန်ထုတ်အားနှင့် စိတ်စွမ်းအားဖြင့် ကိုယ်ဖော့ခြင်းတို့ကို ပေါင်းစပ်အသုံးပြုကာ ခန္ဓာကိုယ်ကို လေထဲတွင် အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း ဖြစ်သည်။ ဤသို့ သွားလာခြင်းသည် ခွန်အားကို သက်သာစေရုံသာမက သက်သက်ပျံသန်းခြင်းထက် အဆပေါင်းများစွာ ပိုမြန်ပြီး စိတ်စွမ်းအားကုန်ဆုံးမှုကိုလည်း လျှော့ချပေးနိုင်သည်။ တစ်ခုတည်းသော အဟန့်အတားမှာ လေထုခုခံမှုသာ ဖြစ်သည်။
သို့သော် မြေပြင်သို့ကျရောက်တိုင်း အရှိန်ထပ်မံမြှင့်တင်လိုက်သဖြင့် သူ၏အရှိန်မှာ လျော့ကျသွားခြင်းမရှိဘဲ တစ်ကြိမ်ပြီးတစ်ကြိမ် ကန်ထုတ်လိုက်တိုင်း တဖြည်းဖြည်း ပိုမြန်လာသည်။
အကြိမ်အနည်းငယ် ခုန်လိုက်သည်နှင့် သူ၏အရှိန်မှာ တစ်စက္ကန့်လျှင် ပေ၃၀၀ကျော်သွားပြီ ဖြစ်သည်။ ဤသည်မှာ သူ ပုံမှန်အစွမ်းကုန် ပြေးလွှားခြင်းထက် နှစ်ဆနီးပါး ပိုမြန်သော်လည်း ခွန်အားကုန်ဆုံးမှုမှာမူ မရှိသလောက်ပင်။
သို့သော် ဤကဲ့သို့ ပြေးလွှားခြင်းသည် မိမိ၏ သွက်လက်မှုကို စွန့်လွှတ်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ ခရီးဝေးသွားလာရန်အတွက်သာ အသုံးပြုနိုင်ပြီး တိုက်ပွဲဝင်ရန် မဖြစ်နိုင်ပေ။ လေထဲရောက်နေစဉ် သူ၏ နှေးကွေးသော ပျံသန်းနှုန်းဖြင့်ဆိုလျှင် သွက်လက်မှု လုံးဝမရှိတော့ဘဲ သန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက သေလမ်းသာ ရှိပေလိမ့်မည်။
ပတ်ဝန်းကျင်မြင်ကွင်းများသည် လျင်မြန်စွာ နောက်သို့ ရွေ့လျားသွားပြီး ဘေးနှစ်ဖက်ရှိ မြင်ကွင်းများသည် ဝေဝါးသော မျဉ်းကြောင်းရှည်ကြီးများအဖြစ် ပြောင်းလဲသွားသည်။ ဆယ်စက္ကန့်ကျော်အကြာတွင် သူသည် ခြံဝင်းကြီးကို ကျော်ဖြတ်သွားပြီး လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"သူက ဘယ်လိုစွမ်းရည်အမျိုးအစားလို့ မင်းတို့ ထင်လဲ" လီတုန်းက လော်ယွမ် ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း မသိမသာ သက်ပြင်းချလိုက်သည်။ လော်ယွမ် ရှိနေခြင်းသည် လေဖိအားနည်းရပ်ဝန်း၏ ဗဟိုချက်ကဲ့သို့ပင် ဖြစ်ကြောင်း ဝန်ခံရပေမည်။ အနီးအနားတွင် ရပ်နေရုံမျှဖြင့် သူတို့ကို ကြီးမားသော ဖိအားများ ပေးစွမ်းနေသည်။ ယခုမှသာ သူ သက်ပြင်းချနိုင်တော့သည်။
"လေဓာတ်အစွမ်းတော့ မဖြစ်နိုင်ဘူး... သူ ပျံတုန်းက ဘေးနားမှာ လေတိုက်တာမျိုး မရှိဘူး... သံလိုက်စက်ကွင်းအစွမ်းနဲ့ ပိုတူတယ်... မှတ်တမ်းထဲမှာ တော့ရှိမယ်ထင်တယ်... ဒါပေမဲ့ ဌာနမှုးရန်က ပြန်ယူသွားတော့ နှမြောစရာပဲ" ရှဲ့ကျွင်းဟွေးက အနည်းငယ် ငေးငိုင်စွာ ပြောလိုက်သည်။
"လျှောက်တွေးနေလို့ဘာမှမထူးဘူး... အချိန်တန်ရင် ငါ့ဆရာ့ကို မေးလိုက်ရင် ရတာပဲ" ဖန်းဖေ့ပင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဖေ့ပင် မင်းတကယ် သူ့ကို ဆရာတင်မလို့လား" ရွှီချန်ရှန်က နောက်မှ လျှောက်လာပြီး စပ်စုစွာ မေးလိုက်သည်။ မူလက အဖွဲ့သားချင်း အတူတူဖြစ်သော်လည်း သူ ဆရာတင်လိုက်သောအခါ အဆင့်နိမ့်သွားသကဲ့သို့ ဖြစ်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။
"ငါ ဖန်းဖေ့ပင်က တစ်ခွန်းဆိုတစ်ခွန်းပဲ... ထိုင်တောင်ကန်တော့ပြီးပြီကို နောက်တာ ဟုတ်ပါ့မလား... နောက်တစ်ခါ ဒီလိုမျိုးထပ်မေးရင် ငါစိတ်ဆိုးမှာ" ဖန်းဖေ့ပင်က မျက်လုံးပြူးကာ မကျေမနပ် ပြောလိုက်သည်။
"ကဲပါ ကဲပါ... သူကလည်း စကားအဖြစ်မေးတာပါဟ" လီတုန်းက အလျင်အမြန် ကြားဝင်ဖြန်ဖြေလိုက်သည်။
ရွှီချန်ရှန်သည် အေးဆေးတည်ငြိမ်သူဖြစ်ရာ ပြုံးရုံသာ ပြုံးလိုက်ပြီး စိတ်ထဲမထားပေ။
"မင်းတို့ကနားလည်မှာမဟုတ်ဘူး... ငါ့ဆရာ့ရဲ့ အစွမ်းက တကယ့် ပါရဂူအဆင့်ပဲ... ငါ တစ်ခါမှ ဓားသိုင်း ဒီလောက်ကောင်းတဲ့သူ မတွေ့ဖူးဘူး... ဒဏ္ဍာရီထဲက လူတွေတောင် သူ့ကို မမီဘူးထင်တယ်... သူ့ဓားပညာက 'ဉာဏ်အလင်းအဆင့်'ကို ရောက်နေလောက်ပြီ" ဖန်းဖေ့ပင်က ချီးကျူးလိုက်သည်။
"အဲ့ဒါ ဘယ်လိုအဆင့်မျိုးလဲကွ" ရှဲ့ကျွင်းဟွေးက စပ်စုချင်သော ကလေးတစ်ယောက်လို မေးလိုက်သည်။
"အမ်... ငါမှ အဲ့ဒီအဆင့်မရောက်ဖူးတာ... ဘယ်လိုလုပ်သိမှာလဲ... လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်ပယ်တစ်ခုကို ရောက်နေပြီး ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာမျိုး နေမှာပေါ့" ဖန်းဖေ့ပင်က အနည်းငယ် မျက်နှာပူစွာ ပြောလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားဆိုရင် ငါတို့မှာလည်း ရှိတာပဲ... ဒါဆို ငါတို့လည်း အဲ့ဒီအဆင့် ရောက်နေတာပေါ့" ရှဲ့ကျွင်းဟွေးက တမင်သက်သက် ရွဲ့ပြောလိုက်သည်။
"မင်းတို့ကောင်တွေကို ရှင်းပြလို့ရမှာ မဟုတ်ဘူး" ဖန်းဖေ့ပင်က မထီမဲ့မြင် ပြောလိုက်သည်။ "ငါတို့က ကံကောင်းပြီး ဒီလိုရာထူးမျိုးကိုရထားတဲ့သူတွေ... ဒါပေမဲ့ငါ့ဆရာက တကယ့် အရည်အချင်းပြည့်တဲ့ ထိပ်တန်းပုဂ္ဂိုလ်ပဲ... ငါ့ဆရာက ဘာလို့ တစ်ယောက်တည်း တာဝန်ထမ်းဆောင်ရဲတာလဲဆိုတာ မင်းတို့ မစဉ်းစားမိဘူးလား"
လူအုပ်စုမှာ ကြောင်အသွားပြီး အတွေးနက်သွားကြသည်။
………………………………………………………………………………………………
အချိန်ကုန်သက်သာစေရန် လော်ယွမ်သည် မျဉ်းဖြောင့်အတိုင်း တောက်လျှောက် ခရီးနှင်ခဲ့သည်။ စက်ရုံများကို ဖြတ်သန်းရာတွင်လည်း ခုန်ကျော်သွားခဲ့သည်။
သူ၏အရှိန်မှာ အလွန်မြန်ဆန်လွန်းသောကြောင့် လမ်းတစ်လျှောက် မည်သည့်ပြဿနာမျှ မဖြစ်ပေါ်စေခဲ့ပေ။ ရံဖန်ရံခါ အလုပ်သမားအချို့နှင့် တွေ့ဆုံခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသဖြင့် အမြင်မှားသည်ဟုသာ ထင်မှတ်သွားကြသည်။
ငါးမိနစ်မပြည့်မီမှာပင် သူသည် မြို့မှ ထွက်ခွာသွားပြီး တောနက်ထဲသို့ ရောက်ရှိသွားသည်။
ဘေးနှစ်ဖက်မှ မြင်ကွင်းများမှာ လျင်မြန်စွာ နောက်ဆုတ်သွားပြီး လော်ယွမ်သည် ဖော်မြူလာဝမ်း ပြိုင်ကားတစ်စီး အရှိန်ကုန်မောင်းနှင်နေသကဲ့သို့ လျှပ်စီးလက်သလို ပြေးလွှားနေသည်။ မြက်ခင်းပြင်ပေါ်ရှိ လျှပ်စစ်တာဝါတိုင်များကို တစ်တိုင်ပြီးတစ်တိုင် ကျော်ဖြတ်သွားသည်နှင့်အမျှ မြက်ခင်းပြင်တစ်ခုလုံးရှိ အပင်များမှာ တဖြည်းဖြည်း ထူထပ်လာသည်။
မိနစ်ငါးဆယ်အကြာတွင် လော်ယွမ်သည် တည်နေရာကို စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
ဤနေရာနှင့် မဝေးလှသောနေရာတွင် မြေကျွင်းကြီးတစ်ခု ရှိနေပြီး တည်နေရာပြစက်က ညွှန်ပြနေသော နေရာမှာ ထိုကျွင်းကြီး၏ အနက်ပိုင်းတွင် ဖြစ်သည်။ စောစောက လေပေါ်ပျံတက်စဉ် မြင်တွေ့ခဲ့ရသော အခြေအနေအရ ဤကျွင်းကြီးမှာ အလွန်ကြီးမားလှပြီး အကျယ်ဆုံးနေရာတွင် လေး၊ ငါးမိုင်ခန့်ရှိကာ အကျဉ်းဆုံးနေရာတွင်ပင် မိုင်ဝက်ခန့် ရှိသည်။
လော်ယွမ် လျှောက်သွားလိုက်ပြီး ကျွင်း၏ကျောက်နံရံကို သေချာကြည့်ရှုကာ ကျောက်နံရံပေါ်မှ ပါးလွှာသော ရေညှိများကို ညင်သာစွာ ခြစ်ထုတ်ကြည့်လိုက်သည်။ ကျောက်သားများမှာ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးနေသော အရိပ်အယောင် သိပ်မတွေ့ရသဖြင့် မကြာသေးမီက ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
မြေကျွင်းကြီးမှာ အောက်ခြေကို မမြင်နိုင်လောက်အောင် နက်ရှိုင်းလှသည်။ အပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် လုံးဝ မည်းမှောင်နေပြီး အေးစက်စိုစွတ်သော လေအေးများ အောက်မှ တိုက်ခတ်လာရာ ငရဲတံခါးဝတွင် ရပ်နေရသကဲ့သို့ ခံစားရစေသည်။
ဆက်ရန်...