← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 16 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 16 Ch. 303-304

အပိုင်း(၃၀၃)တေ့လွဲခြင်း

နံနက်စာစားသောက်နေစဉ်မှာပင် မည်သူတစ်ဦးတစ်ယောက်မျှ အစားအစာ၏ အရသာကို မခံစားနိုင်ကြတော့ဘဲ တစ်ဦးချင်းစီ၏ စိတ်ထဲတွင် အတွေးကိုယ်စီဖြင့် ရှုပ်ထွေးနေကြသည်။

နံနက်စာစားပြီးသည်နှင့် လော်ယွမ်သည် အိမ်မှထွက်လာခဲ့ပြီး စစ်တပ်စခန်းသို့ ဦးစွာ သွားရောက်ခဲ့သည်။

ဟော်တုံသည် အနည်းငယ် တွေဝေသွားသော်လည်း၊ နောက်ဆုံးတွင် လော်ယွမ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။ သူသည် ယခုအခါ စစ်သားတစ်ဦးဖြစ်နေပြီဖြစ်ပြီး သာမန်ပြည်သူတစ်ဦး မဟုတ်တော့ပေ။ စစ်တပ်တွင် ကိုယ်ပိုင်စည်းကမ်းများရှိသည်။ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၍မရပေ။ ကမ္ဘာမပျက်မီကဖြစ်စေ၊ ယခုကဲ့သို့ ကမ္ဘာပျက်ကပ်ကြီးထဲတွင်ဖြစ်စေ တပ်ပြေးမှုသည် အကြီးလေးဆုံးသော ပြစ်ဒဏ်ဖြစ်၏။

"ဒါဆိုလည်း ဂရုစိုက်နော်" လော်ယွမ်က ဟော်တုံကို ကြည့်ရင်း ပြောလိုက်သည်။

"ခေါင်းဆောင်ယွမ်လည်း လမ်းမှာဂရိုစိုက်သွားပါ" ဟော်တုံက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

ဟော်တုံသည် မသိမသာပင် စစ်သားတစ်ဦး၏ အငွေ့အသက်များ လွှမ်းခြုံလာနေပြီ ဖြစ်သည်။ စကားပြောရာတွင် ပြတ်သားလေးနက်လာပြီး ခါးမတ်မတ်ထားတတ်လာသည်။ ယခင်ကကဲ့သို့ ဖားယားတတ်သော၊ စကားတတ်သော စီးပွားရေးသမားတစ်ဦး မဟုတ်တော့ဘဲ အရည်အချင်းပြည့်မီသော စစ်သားတစ်ဦး ဖြစ်လာပြီဖြစ်သည်။ လော်ယွမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး စစ်တပ်စခန်းမှ ထွက်ခွာလာခဲ့သည်။

လမ်းမပေါ်တွင် မရေမတွက်နိုင်သော ထရပ်ကားတန်းကြီးများသည် နဂါးကြီးတစ်ကောင်သဖွယ် တန်းစီနေပြီး လမ်းမကြီးတစ်လျှောက် ဖြည်းညှင်းစွာ မောင်းနှင်သွားလာနေကြသည်။ လမ်းဘေးတွင် ပြည့်ကျပ်နေသော လူအုပ်ကြီးသည် ထရပ်ကားတန်းကြီးကို လှမ်းမျှော်ကြည့်နေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုများကို အထင်းသား မြင်တွေ့နေရသည်။ ကန္တာရမြို့ ပြောင်းရွှေ့တော့မည့် သတင်းသည် ထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ အမှန်တကယ်တွင်မူ ဆိုးရွားသော ပြောင်းရွှေ့မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးသော ကမ္ဘာပျက်ကပ်ကြီးထဲမှ ပြည်သူများအတွက် ဤမျှကြီးမားသော လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် ဉာဏ်မထိုင်းသူတိုင်း အခြေအနေကို ရိပ်မိနိုင်ကြသည်။

လေးလံတင်းကျပ်ပြီး စိုးရိမ်ပူပန်ဖွယ်ကောင်းသော လေထုသည် ဗုံးခိုကျင်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး လေထုထဲတွင် ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများ ပျံ့နှံ့နေသကဲ့သို့ပင်။

သို့သော် လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်ခြင်းမရှိ ကန့်ကွက်ဆန္ဒပြခြင်းမရှိသလို အကြမ်းဖက်အဓိကရုဏ်းများလည်း ဖြစ်ပွားခြင်းမရှိပေ။ ကမ္ဘာပျက်ကပ်ကြီး၏ "လူတိုင်းကစစ်သားဖြစ်ရမည်" ဟူသောစနစ်အောက်တွင် စည်းကမ်းနှင့် စည်းလုံးညီညွတ်မှုသည် သူတို့၏ အရိုးထဲအထိ စွဲမြဲနေပြီဖြစ်သည်။

လော်ယွမ်သည် လင်မယားနှစ်ဦး ဖက်လဲတကင်းဖြင့် တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ် နှစ်သိမ့်နေကြသည်ကို တွေ့လိုက်ရသည်။

အဘိုးအိုတစ်ဦးက ဆေးလိပ်ကို တိတ်ဆိတ်စွာ သောက်နေသော်လည်း လက်များမှာ မကြာခဏ တုန်ယင်နေသည်။

လူထွားကြီးတစ်ဦးသည် ကလေးငယ်တစ်ဦးကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီထားပြီး မျက်လုံးများမှာ အသက်မဲ့နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသည်။

ငြိမ်းချမ်းသော ဘဝလေး ပျက်စီးသွားပြီ။ ရင်းနှီးကျွမ်းဝင်သော နေအိမ်ကို စွန့်ခွာရတော့မည်။ သူတို့သည် မရေရာသော ခရီးကြမ်းကြီးကို မကြာမီ စတင်ရတော့မည်ဖြစ်သည်။ ရွှေ့ပြောင်းခြင်းသည် လူတိုင်းအတွက် ပြန်မတွေးချင်လောက်အောင် ဆိုးရွားသော အမှတ်တရတစ်ခု ဖြစ်ပြီး အလောင်းများဖြင့် ခင်းကျင်းထားသော သွေးစွန်းလမ်းမကြီးတစ်ခု ဖြစ်သည်။ ဤတစ်ကြိမ်ရွှေ့ပြောင်းမှုတွင် မည်သူ့အလှည့်ရောက်မည်ကို မည်သူမျှ မသိနိုင်ကြပေ။

မျက်စိရှေ့မှ လူ့ဘဝသရုပ်ဖော် မြင်ကွင်းများကို ကြည့်ရင်း လော်ယွမ်၏ ခြေလှမ်းများ နှေးကွေးသွားပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် လော်ယွမ်သည် ထိုအတွေးကို ခေါင်းထဲမှ အမြန်မောင်းထုတ်လိုက်ပြီး မျက်နှာထား တည်ကြည်သွားသည်။ သူသည် ဤမျှများပြားသော လူများကို မကယ်တင်နိုင်ပေ။ မိမိကိုယ်တိုင်အပြင် သူ၏ဘေးမှ လူများကိုသာ အများဆုံး ကယ်တင်နိုင်မည်ဖြစ်သည်။

သူသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ထိုနေရာမှ ထွက်ပြေးသကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားသည်။

ဗုံးခိုကျင်း ပထမထပ်တွင် လေထုမှာ ပို၍ပင် ဖိစီးနေပြီး ပြည့်ကျပ်နေသော လူအုပ်ကြောင့် ဤနေရာသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဆူညံသော စကားပြောသံများကြောင့် လော်ယွမ်၏ နားထဲတွင်ပင် တဝီဝီ မြည်နေသည်။

လော်ယွမ်သည် ထောင့်တစ်နေရာတွင် ဝမ်ရှကွမ်ကို လျင်မြန်စွာ ရှာတွေ့လိုက်သည်။ သူမသည် အမျိုးသားတစ်ဦးနှင့် အခြေအတင် စကားများနေပုံရပြီး စိတ်လှုပ်ရှားနေသည်။

"ကျွန်မ ရှင့်ကို ပြောပြီးသားလေ ကျွန်မမှာ စိတ်ဝင်စားတဲ့သူ ရှိတယ်လို့... ကျွန်မကို ထပ်ပြီးလာမနှောင့်ယှက်ပါနဲ့တော့" ဝမ်ရှကွမ်က အေးစက်စွာ ပြောလိုက်သည်။

"ရှကွမ်ရယ်... ကိုယ့်ကို မလိမ်ပါနဲ့တော့... မင်းကို စသိကတည်းက ဘယ်ယောကျ်ားမှ မင်းဆီလာတာ ကိုယ်မမြင်ဖူးပါဘူး" ထိုအမျိုးသားသည် မျက်မှန်အနက်ရောင် တပ်ဆင်ထားပြီး ရိုးသားအေးဆေးပုံပေါက်သည်။ သူက ခါးသက်စွာ ပြုံးလိုက်ပြီး "ကိုယ့်ကို အခွင့်အရေးလေး တစ်ကြိမ်လောက်တောင် မပေးနိုင်ဘူးလား... ခဏလောက်ပဲဖြစ်ဖြစ် တွဲကြည့်ရအောင်လေ"

ထိုအမျိုးသား၏ ရိုးသားသော သဘောထားကို မြင်သောအခါ ဝမ်ရှကွမ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လေသံပျော့သွားသည်။ "တွဲကြည့်လည်း အလကားပဲ... ရှင်က ကျွန်မကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူး... တခြားတစ်ယောက်သာ သွားရှာလိုက်ပါ"

"မင်းက ဘယ်လိုပုံစံမျိုး ကြိုက်တာလဲ... ကိုယ် အကုန် ပြင်ပါ့မယ်" ထိုအမျိုးသားက မျှော်လင့်ချက်ရောင်ခြည် မြင်လိုက်ရသကဲ့သို့ အလျင်အမြန် ပြောလိုက်သည်။

ဝမ်ရှကွမ်က ခေါင်းခါလိုက်ပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြောသည်။ "ဘယ်လောက်ပဲ ပြုပြင်ပြုပြင် ရှင်သူ့လို ဖြစ်လာမှာ မဟုတ်ဘူး... ကျွန်မကလည်း ရှင်ထင်ထားသလို မိန်းကလေးမျိုး မဟုတ်ဘူး"

"သူဟုတ်လား... သူက ဘယ်သူလဲ" ထိုအမျိုးသားသည် ဝမ်ရှကွမ်၏ မျက်နှာပေါ်မှ ဖုံးကွယ်မရသော ချစ်ရိပ်ကို မြင်သောအခါ စိတ်ထဲတွင် မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာပြီး အလျင်အမြန် မေးလိုက်သည်။

"ငါပဲ" ထိုအချိန်တွင် သူစိမ်းတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး ဝမ်ရှကွမ်၏ လက်ကို ဆွဲကိုင်လိုက်သည်။ "ငါနဲ့ လိုက်ခဲ့"

ဝမ်ရှကွမ်သည် အားကုန်ရုန်းကန်သော်လည်း မည်သို့ ရုန်းထွက်နိုင်မည်နည်း။ သူမ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် လက်လျှော့လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ရှင်က ဘာလို့ လူကိုအဲ့လောက် အနိုင်ကျင့်ချင်ရတာလဲ... ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ"

"ဟိုရောက်ရင် သိလိမ့်မယ်" လော်ယွမ်က ပြောရင်း တံခါးပေါက်ဆီသို့ ဆွဲခေါ်သွားသည်။ ဝမ်ရှကွမ်ကဲ့သို့ တွန့်ဆုတ်တတ်သော သူမျိုးနှင့် အကျိုးကြောင်းပြ ပြောဆိုနေ၍ အရာမထင်ဘဲ ပြတ်သားစွာ ကိုင်တွယ်မှသာ ရမည်ကို သူ နားလည်သည်။ ထိုအခါ သူမ ငြင်းဆန်နိုင်တော့မည် မဟုတ်ပေ။

"ဟေး ဟေး... မင်းက ဒါဘာလုပ်တာလဲကွ" မျက်မှန်နှင့်အမျိုးသားမှာ ဒေါသထွက်ပြီး ခြေဆောင့်ကာ အော်လိုက်သည်။ "ရှကွမ်ကို အခုလွှတ်လိုက်စမ်း... မဟုတ်ရင် ငါ လုံခြုံရေးတွေခေါ်လိုက်မယ်"

သို့သော် ပတ်ဝန်းကျင်မှာ ဆူညံနေသဖြင့် လုံခြုံရေးများက သတိမပြုမိကြပေ။ ထိုသူနှစ်ဦး ဝေးကွာသွားသည်ကို မြင်သောအခါ သူ အလျင်အမြန် လိုက်သွားသော်လည်း ထိုနှစ်ယောက်မှာ လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း အရှိန်မှာ အလွန်မြန်ဆန်လှသည်။ ခြေလှမ်းအနည်းငယ်အတွင်း တံခါးပေါက်မှ ထွက်သွားကြပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။

"ဘာကိစ္စလဲဆိုတာအခု ပြောလို့ရပြီလား" ဝမ်ရှကွမ်သည် လော်ယွမ်၏ ဆွဲခေါ်ရာနောက်သို့ ပါသွားရင်း စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။

"ရောက်မှ ပြောပြမယ်"

ဝမ်ရှကွမ်မှာ မတတ်သာသည့်အဆုံး လော်ယွမ်၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားပြီး မြေအောက် ဒုတိယထပ်သို့ ဆင်းသွားရတော့သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် လော်ယွမ်သည် ဝမ်ရှကွမ်ကို အိပ်ဆောင်သို့ ခေါ်ဆောင်သွားပြီး ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့အား "သူ့ကို ကြည့်ထားပေးစမ်းပါ" ဟု ပြောလိုက်သည်။

ထို့နောက် သူ အခန်းပြင်သို့ ပြန်ထွက်သွားသည်။

"ကျွန်မက အကျဉ်းသားမှ မဟုတ်တာ" ဝမ်ရှကွမ်က နီရဲနေသော သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။

"နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့" ဟွမ်ကျားဟွေက ပြုံးရင်း ပြောသည်။ "တကယ့်ရှားပါးဧည့်သည်ပဲ"

"တကယ်ကိုနားမလည်တော့ဘူး... အမဟွမ်ဘာတွေဖြစ်နေတာလဲ" ဝမ်ရှကွမ်မှာ ယခုထက်တိုင် နားမလည်နိုင်သေးပေ။

ဟွမ်ကျားဟွေက အခြေအနေကို ရှင်းပြလိုက်မှ ဝမ်ရှကွမ်၏ မျက်နှာမှာ တည်ကြည်သွားသည်။ သူမ ပြောပုံအရဆိုလျှင် ဤနေရာသည် အမှန်တကယ် အန္တရာယ်များလှသည်။ ကြီးမားသော မြေငလျင်တစ်ခု လှုပ်ခတ်လိုက်သည်နှင့် ဤနေရာတစ်ခုလုံး မြေမြုပ်သွားမည်ဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် တောနက်ထဲတွင် အန္တရာယ်များသော်လည်း အနည်းဆုံးတော့ အန္တရာယ်ကြုံတွေ့ရသည့်အခါ ပြန်လည်ခုခံနိုင်စွမ်း ရှိသေးသည်။

ထို့အပြင် သူမသည် အားနွဲ့သော မိန်းကလေးတစ်ဦး မဟုတ်ပေ။ အမှန်တကယ်တော့ ကန္တာရမြို့သို့ ရောက်ရှိလာကတည်းက သူမသည် တစ်ရက်မျှ လေ့ကျင့်မှုကို မပျက်ကွက်ခဲ့ပေ။ ဓားသိုင်းပညာတွင်လည်း များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။ အစွမ်းထက်သော လော်ယွမ်နှင့် ဝမ်ရှီရှီတို့ ရှိနေခြင်းကြောင့် အသက်ရှင်သန်နိုင်ခြေမှာ ဤနေရာတွင်နေ၍ လူအုပ်နှင့်အတူ ပြောင်းရွှေ့ခြင်းထက် များစွာ ပိုမိုမြင့်မားသည်။

ယခင်က သူမ ဤနေရာသို့ ပြတ်သားစွာ မလာခဲ့ခြင်းမှာ သူမ၏ ပြင်းထန်သော မာနကြောင့်သာဖြစ်သည်။ ယခု လော်ယွမ်က အတင်းဆွဲခေါ်လာသည်ဖြစ်ရာ သူမအတွက် အကြောင်းပြချက်ကောင်း ရသွားပြီး စိတ်ထဲတွင်လည်း သက်သာရာရသွားသည်။

................................................................................................

လော်ယွမ်သည် ယခင်က ချန်ထားခဲ့သော စိတ်ဝိညာဉ်အမှတ်အသားကို အာရုံခံစားရင်း ကွေ့ပတ်သွားလာပြီးနောက် မကြာမီမှာပင် ဂိုဒေါင်ကို ပြန်လည်ပြုပြင်ထားသော အိပ်ဆောင်တစ်ခုကို တွေ့ရှိလိုက်သည်။ ဤနေရာသည် ဝမ်ယွိကျဲ၏ နေအိမ်ဖြစ်ဟန်တူသည်။

(ဝမ်ယွိကျဲဆိုတာ လော်ယွမ်သေလုမျောပါးဖြစ်ပြီးသတိလစ်သွားတော့ သူ့ကိုအချုပ်ထဲမှာပြုစုပေးထားတဲ့ မိန်းကလေးပါ)

သူ တံခါးကို ခေါက်လိုက်ရာ အတွင်းမှ ခြေသံများ ထွက်ပေါ်လာသည်။

လော်ယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားနေသည်။ ဝမ်ယွိကျဲကို သူ့နှင့်အတူ လိုက်ပါရန် နားချနိုင်မည်ဟု ယုံကြည်ချက် သိပ်မရှိလှပေ။ ဝမ်ယွိကျဲသည် ကမ္ဘာမပျက်မီက တစ်ကိုယ်ကောင်းဆန်သော မြို့သားများ၏ အကျင့်စရိုက်မျိုး ရှိမနေဘဲ ဤကမ္ဘာပျက်ခေတ်၏ ထူးခြားသော စိတ်အားထက်သန်မှုနှင့် စည်းကမ်းရှိမှုတို့ ပိုင်ဆိုင်ထားသော စံပြဝါဒီသမားတစ်ဦးဖြစ်သည်။ သူမ၏ စရိုက်အရ တပ်ပြေးလုပ်ရန် လုံးဝ တွေးမိမည်မဟုတ်ပေ။

သို့သော် လော်ယွမ်သည် လာရောက်ရန် ဆုံးဖြတ်လိုက်သည်။ အခြားအကြောင်းကြောင့်မဟုတ် သူမက သူ့အသက်ကို တစ်ကြိမ်ကယ်တင်ခဲ့ဖူးသောကြောင့်သာ ဖြစ်သည်။

တံခါးပွင့်လာပြီး သူစိမ်းအမျိုးသမီးငယ်တစ်ဦး ထွက်လာသည်။ သူမသည် လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာနီရဲသွားကာ ရှက်ရွံ့စွာဖြင့် မေးလိုက်သည်။ "ဘယ်သူ့ကို ရှာတာပါလဲရှင့်"

"ဝမ်ယွိကျဲကို ရှာတာပါ... သူ ရှိလားမသိဘူး" လော်ယွမ်က မေးလိုက်သည်။

"မရှိဘူးရှင့်... သူ အလုပ်သွားပြီ... အထဲဝင်ပြီး ခဏထိုင်ပါဦးလား" အမျိုးသမီးငယ်က လော်ယွမ်ကို ခိုးကြည့်လိုက်ပြီး မျက်ဝန်းများ တောက်ပလာကာ ရဲတင်းစွာ ဖိတ်ခေါ်လိုက်သည်။ လော်ယွမ်ထံမှ ထွက်ပေါ်နေသော မမြင်ရသည့် ဆွဲဆောင်မှုသည် ငယ်ရွယ်သော အမျိုးသမီးများအတွက် အလွန်အမင်း ပြင်းထန်လှသည်။

သူ တံခါးပေါက်မှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်ရာ အမျိုးသမီးအိပ်ဆောင်ဖြစ်ကြောင်း ထင်ရှားလှသည်။ အတွင်းတွင် ရောင်စုံအဝတ်အစားများနှင့် အတွင်းခံများ နေရာအနှံ့ ရှိနေသည်။ လော်ယွမ်သည် တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ကာ ငြင်းပယ်လိုက်သည်။ "မဝင်တော့ပါဘူး... သူ ဘယ်မှာ အလုပ်လုပ်လဲဆိုတာ သိလား"

"ရှင် မသိဘူးလား... သူက မြို့တော်အစိုးရရုံး လုံခြုံရေးဌာနမှာလေ"

"သိပြီ... ကျေးဇူးအများကြီးတင်ပါတယ်" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။

ဝမ်ယွိကျဲက မြို့တော်အစိုးရရုံးတွင် အလုပ်လုပ်နေသည်ကို သူ လုံးဝမထင်မှတ်ခဲ့ပေ။ သူ တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးခြင်းမှာ အံ့ဩစရာပင်တည်း။ သူသည် မြို့တော်အစိုးရရုံးသို့ အလျင်အမြန် သွားရောက်ပြီး မေးမြန်းလိုက်ရာ လုံခြုံရေးဌာန၏ ရုံးခန်းနေရာမှာ သူရောက်ဖူးသောနေရာ၊ စုယွီနှင့် တိုက်ခိုက်ခဲ့သော ခန်းမကြီးဖြစ်ကြောင်း သိလိုက်ရသည်။

ယခုအခါ ခန်းမကြီးထဲမှ လျှပ်စစ်သံလိုက်တာဝါတိုင်ကြီးကို ဖယ်ရှားလိုက်ပြီး ၎င်းအစား ကာယလေ့ကျင့်ရေးစက်ကိရိယာများ အစီအရီ နေရာယူထားကာ ဆင့်ကဲပြောင်းလဲသူများက သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စုဖြင့် ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အားလုံး တညီတညွတ်တည်း ရပ်တန့်လိုက်ကြပြီး စိတ်လှုပ်ရှားနေကြသည်။

ဤနေရာရှိ လူအများစုမှာ ယခင်က ထောင်ဖောက်ပြေးခဲ့ကြသူများဖြစ်ပြီး လော်ယွမ်ကို ကောင်းစွာ မှတ်မိနေကြသည်။ ထို့အပြင် ကောလာဟလအချို့ကြောင့် သူ၏အမည်နှင့် လုပ်ရပ်များမှာ ဤနေရာတွင် ထမင်းစားရေသောက် စကားဝိုင်းများ၌ ကြွားဝါစရာ အကြောင်းအရာများ ဖြစ်နေခဲ့ပြီဖြစ်သည်။ မည်မျှပင် မာနကြီးသော ဆင့်ကဲပြောင်းလဲသူဖြစ်ပါစေ လော်ယွမ်အကြောင်း ပြောဆိုသည့်အခါ နှိမ့်ချစွာ ပြောဆိုတတ်ကြသည်။

လူတိုင်း စိတ်လှုပ်ရှားနေကြသော်လည်း သူ၏ဂုဏ်သတင်းကြောင့် မည်သူမျှ အနားသို့ မကပ်ရဲကြပေ။ သာမန်လူများအမြင်တွင် အလွန်အစွမ်းထက်သော ဤဆင့်ကဲပြောင်းလဲသူများသည် လော်ယွမ်၏ရှေ့မှောက်တွင် ကြောင်ကလေးများသဖွယ် လိမ္မာယဉ်ကျေးနေကြသည်။

"အဲ့တာဆရာယွမ်ပဲ"

"ဆရာယွမ်က ငါတို့လုံခြုံရေးဌာနကို ဦးဆောင်ဖို့ လာတာလား"

"ခေါင်းဆောင်ရှောင် ပြောတာတော့ ဆရာယွမ်က အဆင့်ခြောက်အစွမ်း ရှိနေပြီတဲ့"

"ဟူး... ငါက အခုမှ အဆင့်နှစ်ပဲ ရှိသေးတာ... ဆရာယွမ်လောက် ဘယ်တော့မှ အစွမ်းထက်နိုင်ပါ့မလဲမသိဘူး"

ဤသို့သော ရင်ထဲမှလာသည့် ချီးကျူးစကားများကို ကြားရသောအခါ လော်ယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ သို့သော် မကြာမီ သူ၏အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။

"ဆရာယွမ်ရဲ့ လက်မောင်းအကာက တကယ့်ကို စတိုင်ကျတာပဲ"

"အလင်းရောင်တောင် ထွက်နေသလိုပဲနော်... ဘာပစ္စည်းနဲ့ လုပ်ထားတာလဲမသိဘူး။"

လော်ယွမ်၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ဤအသံများကို ဂရုမစိုက်တော့ပေ။ သူ ဝေ့ဝဲကြည့်ရှုလိုက်ရာ ဝမ်ယွိကျဲ၏ အရိပ်အယောင်ကို မတွေ့ရပေ။ မေးမြန်းကြည့်လိုက်ရာ သူမသည် မနေ့ညကတည်းက ရထားဖြင့် လိုက်ပါသွားပြီး စစ်တပ်နှင့်အတူ မီးရထားလမ်းလုံခြုံရေးအတွက် လိုက်ပါသွားကြောင်း၊ အရာအားလုံး အဆင်ပြေပါက ညနေမှသာ ပြန်ရောက်မည်ဖြစ်ကြောင်း သိလိုက်ရသည်။

လော်ယွမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤသည်မှာ ကံကြမ္မာပင် ဖြစ်ပေလိမ့်မည်။ သူ ခေတ္တမျှ တွေဝေသွားပြီးနောက် လုံခြုံရေးဌာနမှ ပြန်လှည့်ထွက်ခွာလာခဲ့သည်။

ဆက်ရန်...

အပိုင်း(၃၀၄)အံ့အားသင့်ခြင်း

ထို့နောက် လော်ယွမ်သည် မြို့တော်ဝန်ရုံးခန်းသို့ ဝင်သွားခဲ့သည်။ ကန္တာရမြို့တွင် နေထိုင်စဉ်ကာလအတွင်း မြို့တော်ဝန်စုံ့သည် သူ့အပေါ် အမြဲဂရုစိုက်ကူညီခဲ့သောကြောင့် နှုတ်မဆက်ဘဲ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ ထို့ပြင် ဗုံးခိုကျင်း၏ စီမံခန့်ခွဲမှုမှာ တင်းကျပ်လှသဖြင့် အကြမ်းဖက်နည်းလမ်းမသုံးဘဲ ထွက်ခွာလိုပါက တရားဝင်ခွင့်ပြုချက်ရရှိမှသာ ဖြစ်နိုင်မည်ဖြစ်သည်။

ဤကာလအတွင်း မြို့တော်ဝန်စုံ့သည် အလွန်အလုပ်များပြီး စိတ်ပင်ပန်းနေခဲ့ရသည်။ ငလျင်လှုပ်ခတ်ပြီးမကြာမီမှာပင် ဆိုးရွားသောသတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့ပြီး နေရာပြောင်းရွှေ့ရန် လိုအပ်လာခဲ့သည်။ ကန္တာရမြို့တစ်ခုလုံးရှိ တန်ချိန်သန်းနှင့်ချီသော ပစ္စည်းများနှင့် လူဦးရေတစ်သိန်းကျော်တို့ကို စီမံခန့်ခွဲရခြင်းမှာ အလွန်ရှုပ်ထွေးလှသော ကိစ္စရပ်များဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ဆံပင်အချို့ ဖြူသွားခဲ့သည်။

သူ၏ မကြာသေးမီက သေဆုံးသွားသော "တူမ" အကြောင်းကိုပင် စဉ်းစားရန် အချိန်မရတော့ပေ။

သို့သော် ယာယီအတွင်းရေးမှူးအသစ်က လော်ယွမ် လာရောက်တွေ့ဆုံလိုကြောင်း အကြောင်းကြားသောအခါ သူသည် အချိန်အနည်းငယ်ပေး၍ လက်ခံတွေ့ဆုံခဲ့သည်။

ကန္တာရမြို့၏ "ထောက်တိုင်ကဲ့သို့ အားကိုးရသူ"၊ ပုန်ကန်မှုအကြံအစည်ကို ဖြိုခွင်းခဲ့သော သူရဲကောင်း၊ ကန္တာရမြို့၏ အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် လော်ယွမ်သည် ဤသို့သော အထူးအခွင့်အရေးကို ရရှိရန် ထိုက်တန်လှသည်။

သို့သော် သူကြားလိုက်ရသည်မှာ သတင်းကောင်းတော့မဟုတ်ပေ။ လော်ယွမ်က သူ၏ရည်ရွယ်ချက်ကို ရှင်းပြသောအခါ သူ နားကြားမှားသည်ဟုပင် ထင်မှတ်သွားခဲ့သည်။ ဗုံးခိုကျင်းအပြင်ဘက်က လူတိုင်းကြောက်ရွံ့သော နေရာဖြစ်ပြီး အထူးသဖြင့် ယခုလို ပိုးကောင်အုပ်ကြီး ဖြတ်သန်းသွားပြီးကာစအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းပိုးကောင်များ မည်မျှကျန်ရှိနေမည်ကို မသိနိုင်ပေ။ နေရာအနှံ့အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် လော်ယွမ်သည် ကျဆုံးသွားသောဇုန်မှ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ ဤနေရာသို့ ရောက်ရှိလာသူဖြစ်ကြောင်း ပြန်လည်သတိရလိုက်သောအခါ တားမြစ်မည့်စကားလုံးများမှာ လည်ချောင်းဝမှာပင် ရပ်တန့်သွားခဲ့သည်။

ဤသို့သော အစွမ်းထက်သည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးကို သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်တော့ပေ။

သို့သော် သူသည် နောက်ဆုံးအကြိမ်အဖြစ် တားမြစ်ရန် ကြိုးစားကြည့်သော်လည်း လော်ယွမ်၏ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို တွေ့လိုက်ရသဖြင့် လက်လျှော့လိုက်ရပြီး ကိုယ်တိုင်ကိုယ်ကျ ခွင့်ပြုမိန့်စာရွက်ကို ထုတ်ပေးလိုက်သည်။

........................................................................................................................

လော်ယွမ် မြို့တော်အစိုးရရုံးမှ ထွက်လာသောအခါ နေ့လယ်ရောက်နေပြီဖြစ်သည်။ လမ်းမပေါ်တွင် ကားတန်းကြီးမှာ နဂါးကြီးတစ်ကောင်သဖွယ် ရှည်လျားစွာ တန်းစီနေဆဲဖြစ်သည်။

မြေပြင်မှာ မကြာခဏ တုန်ခါနေသော်လည်း ငလျင်မှာ အလွန်သေးငယ်ပြီး ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာမှုကြောင့်ဖြစ်ပေါ်လာသော တုန်ခါမှုများနှင့် ရောထွေးနေသဖြင့် အနီးအနားရှိလူများ သတိမထားမိကြပေ။

သို့သော် မြေဓာတ်စွမ်းအင်ဆိုင်ရာ ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် လော်ယွမ်၏ ငလျင်အာရုံခံနိုင်စွမ်းမှာ သာမန်လူများထက် ဆယ်ဆ၊ အဆတစ်ရာမက သာလွန်သည်။ အမှန်တကယ်တွင် မနေ့ညသန်းခေါင်ယံအချိန်ကတည်းက မြေပြင်သည် အဆက်မပြတ် အနည်းငယ်တုန်ခါနေကြောင်း လော်ယွမ် သတိထားမိခဲ့သည်။

ဤသည်မှာ ငလျင်ကြီးလှုပ်ခတ်တော့မည့် ရှေ့ပြေးနိမိတ်ဖြစ်ပြီး ဗုံးခိုကျင်းမှာ အလွန်အန္တရာယ်များနေပြီဖြစ်သည်။ ဖြစ်နိုင်သည်မှာ နောက်တစ်ခဏတွင် သေကျေပျက်စီးစေနိုင်သော ငလျင်ကြီးတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာနိုင်သည်။

လော်ယွမ် စိတ်လေးလံစွာဖြင့် အဆောင်သို့ အမြန်ပြန်လာခဲ့သည်။

အဆောင်တွင်လူအားလုံး စုံလင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ လူဦးရေ လျော့နည်းမသွားသည့်အပြင် တစ်ယောက်ပိုလာသည်ကိုပင် တွေ့လိုက်ရသည်။

"ဒါက ကျွန်တော့်ရဲ့ဇနီး ကုမိန်ယန်ပါ" လော်ယွမ် ကြည့်လိုက်သည်ကိုမြင်သောအခါ ယန်မုန်ကျွင်းက အနည်းငယ်စိုးရိမ်တကြီးဖြင့် မိတ်ဆက်ပေးလိုက်ပြီး ထိုအမျိုးသမီးကို အသာဆွဲကာ "ဆရာယွမ်ကို နှုတ်ဆက်လိုက်လေ"

"ရပါတယ်... အဲ့ဒီလောက် ယဉ်ကျေးစရာမလိုပါဘူး... လော်ယွမ်လို့ ခေါ်ရင် ရပါပြီ" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။

"ဆရာယွမ်... မင်္ဂလာပါရှင့်" ကုမိန်ယန်က လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာနီရဲစွာဖြင့် နှုတ်ဆက်လိုက်သည်။

လော်ယွမ် ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ "လူတွေအကုန်စုံပြီဆိုတော့ အချိန်မဆွဲဘဲ အခုပဲသွားကြရအောင်"

လူတိုင်း အထုပ်အပိုးများကို ဆွဲယူပြီး ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လော်ယွမ် သွားဖွင့်လိုက်ရာ တံခါးဝတွင် စစ်သားတစ်စု ရပ်နေပြီး သူတို့၏ကိုယ်ပေါ်တွင် အထုပ်အပိုးများဖြင့် ပြည့်နှက်နေသည်။ ဦးဆောင်သူမှာ မြို့တော်ဝန်စုံ့၏ ယာယီအတွင်းရေးမှူးအသစ်မဟုတ်ပါက ပြဿနာတခုခုဖြစ်ပြီဟု သူ ထင်မှတ်မိပေမည်။

အတွင်းရေးမှူးက လော်ယွမ်ကိုမြင်သည်နှင့် ပြုံးရွှင်စွာဖြင့် "ဆရာယွမ် ခရီးထွက်တော့မယ်ဆိုတာကို မြို့တော်ဝန်စုံ့က သိပြီး အရမ်းစိတ်ပူနေတာလေ... ဒါက ကန္တာရမြို့ကိုယ်စားပေးတဲ့ သူ့လက်ဆောင်လေးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ"

"မြို့တော်ဝန်စုံ့ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပေးပါဦး" လော်ယွမ်က သူ့လက်ကိုဆွဲကာ လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျွန်တော် သေချာပေါက် ပြန်ပြောလိုက်ပါ့မယ်... ဆရာယွမ် အလုပ်ရှုပ်နေမှာဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး"

အတွင်းရေးမှူးအသစ်နှင့် စစ်သားများမှာ အလျင်စလိုရောက်လာပြီး အလျင်စလို ပြန်ထွက်သွားကြကာ ၃ပေကျော်မြင့်သော တောင်တက်အိတ်ကြီး ရှစ်လုံး ချန်ထားရစ်ခဲ့သည်။ စစ်သားများ ချထားစဉ်က အလေးချိန်ကို ကြည့်လျှင် ပေါ့ပါးမည်မဟုတ်ကြောင်း သိသာလှသည်။

"အထဲမှာ ဘာတွေပါလဲ ကြည့်လိုက်ဦးမယ်" အလကားရသော ပစ္စည်းများကြောင့် ဝမ်ရှီရှီမှာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လူတိုင်း သတိဝင်လာပြီး တောင်တက်အိတ်များကို အသီးသီး ဖွင့်ကြည့်လိုက်ကြသည်။

"ငါ့အိတ်ထဲမှာက စစ်သုံးရိက္ခာခြောက်တွေ"

"ငါ့ဟာက ရွက်ဖျင်တဲ"

"ငါ့ဟာလည်း ရွက်ဖျင်တဲပဲ"

"ငါ့အိတ်ထဲမှာက ရေတွေ"

"မီးခြစ်... မြေပုံ... လက်နှိပ်ဓာတ်မီး... ပိုးသတ်ဆေး... ကျည်ဆန်အကောင့်နှစ်ဆယ်နဲ့ အမျိုးအစားသစ် ရိုင်ဖယ်သေနတ် သုံးလက်"

........................................................................................................................

မြို့တော်ဝန်စုံ့မှာ အရည်အချင်းပြည့်မီသော နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လူမှုဆက်ဆံရေး ကျွမ်းကျင်ကာ စိတ်သဘောထား နူးညံ့သိမ်မွေ့သူဖြစ်သည်။ ဤလက်ဆောင်မှာ အလွန်လိမ္မာပါးနပ်ပြီး အချိန်ကိုက်ရောက်ရှိလာသဖြင့် လော်ယွမ်ပင်လျှင် ကျေးဇူးတင်ရတော့သည်။

မြို့တော်ဝန်စုံ့ ပေးလိုက်သော ပစ္စည်းများနှင့် ယှဉ်လျှင် သူတို့၏ ပြင်ဆင်မှုများမှာ ခရီးဝေးထွက်မည့်သူများနှင့်ပင် မတူတော့ပေ။

ဥပမာအားဖြင့် လော်ယွမ်တို့တွင် လူတစ်ကိုယ်စီ လက်နက်များမှလွဲ၍ အဝတ်အစားအနည်းငယ်နှင့် ရေမှလွဲပြီး ဘာမှမရှိပေ။ အခြားသူများလည်း ထို့အတူပင်။ ဗုံးခိုကျင်းသို့ ဝင်ရောက်ပြီးနောက် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားပြီး ပစ္စည်းစီးဆင်းမှု ပိတ်ဆို့သွားကာ ပစ္စည်းအားလုံးကို ခွဲတမ်းစနစ်ဖြင့်သာ ရရှိနိုင်တော့သည်။ အထူးသဖြင့် အစားအစာမှာ အလွန်အရေးကြီးပြီး ပိုက်ဆံရှိလျှင်ပင် ဝယ်၍မရနိုင်ပေ။

အမှန်တော့ လော်ယွမ်တို့အဖွဲ့၏ အစွမ်းအစဖြင့်ဆိုလျှင် ဤအရာများမှာ ပြဿနာမရှိသော်လည်း တောထဲတောင်ထဲတွင် သက်သောင့်သက်သာ နေထိုင်ရမည်ဆိုလျှင် မည်သူက ငြင်းဆန်မည်နည်း။

မိနစ်အနည်းငယ်ကြာပြီးနောက် လူတိုင်း အချိန်မဆွဲတော့ဘဲ တောင်တက်အိတ်များကို ပြန်ပိတ်ပြီး ကျောပေါ်တွင် လွယ်လိုက်ကြသည်။

ဝူရှောင်ရှောင်မှာ ဘေးတစ်ဖက်တွင် ကျုံ့ကျုံ့ထိုင်ကာ လူတိုင်း အလုပ်ရှုပ်နေသည်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေသည်။ ဒီနေ့ပြီးသွားရင် ဒီလူတွေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး... ဒါထာဝရခွဲခွာခြင်းပဲ... သူမ၏စိတ်မှာ ရုတ်တရက် လွင့်မျောသွားပြီး ရင်ထဲတွင် တစ်ဆို့နေသော မုန်းတီးမှုများမှာလည်း တော်တော်များများ လွင့်ပျောက်သွားသလို ခံစားလိုက်ရသည်။

"ဂရုစိုက်နော်" လော်ယွမ်က ပြောလိုက်သည်။

"ရှင်လည်း ဂရုစိုက်ပါ... လမ်းခရီးဖြောင့်ဖြူးပါစေ" ဝူရှောင်ရှောင်က မော့ကြည့်လိုက်ပြီး လော်ယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ ဤသည်မှာ ဒီရက်ပိုင်းအတွင်း လော်ယွမ်ကို ပထမဆုံးအကြိမ် သေချာကြည့်ခြင်းဖြစ်သည်။

လော်ယွမ် စိတ်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထို့နောက် မုဝန်ဝန်ကို နှုတ်ဆက်ပြီးနောက် လူတိုင်းနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

လော်ယွမ်တို့အဖွဲ့ ထွက်ပေါက်သို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ စစ်သားအချို့က ခွင့်ပြုမိန့်စာရွက်ကို စစ်ဆေးပြီးနောက် ချက်ချင်းပင် လွှတ်ပေးလိုက်သည်။

ဗုံးခိုကျင်းမှ ထွက်လိုက်သည်နှင့် လော်ယွမ်အတွက်မူ မနေ့က အပြင်ထွက်ခဲ့ဖူးသောကြောင့် အထူးအဆန်းမဟုတ်သော်လည်း အခြားသူများမှာမူ မျက်နှာများ ပြောင်းလဲသွားကြသည်။

ဗုံးခိုကျင်းသို့ ဝင်ရောက်ခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကန္တာရမြို့မှာ လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော ရှေးဟောင်းမြို့ပျက်ကြီးတစ်ခုနှယ် ဖြစ်နေ၏။

မျက်စိရှေ့တွင် မြင်တွေ့ရသမျှ အဓိကလမ်းမကြီးအချို့မှလွဲ၍ ကျန်နေရာများအားလုံးမှာ စိမ်းလန်းနေပြီး ၁ပေခွဲခန့်မြင့်သော မြက်ရိုင်းများက ကန္တာရမြို့၏ အပျက်အစီးများကြားတွင် စိမ်းစိုစွာဖြင့် ရှင်သန်ကြီးထွားနေကြသည်။

လော်ယွမ်၏ ဩဇာအရှိန်အဝါ အနည်းငယ်ပျံ့နှံ့သွားသည်နှင့် မြောက်မြားလှသော သန္ဓေပြောင်းသတ္တဝါများမှာ မြက်ပင်များကြားမှ လျင်မြန်စွာ ထွက်ပြေးသွားကြရာ မြက်ပင်များ ယိမ်းနွဲ့သွားသော လမ်းကြောင်းရှည်ကြီးများ ဖြစ်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"မြေပုံထုတ်လိုက်" လော်ယွမ်က ပြောလိုက်သည်။

ဟွမ်ကျားဟွေက ကျောပိုးအိတ်ထဲမှ မြေပုံကိုရှာဖွေပြီး လော်ယွမ်ကို ကမ်းပေးလိုက်သည်။

လော်ယွမ် အချိန်အတော်ကြာ သေချာကြည့်ရှုပြီး မြေပုံတစ်ခုလုံးကို ဦးနှောက်ထဲတွင် မှတ်သားလိုက်ကာ "မြေအောက်ရထားလမ်းက ကန္တာရမြို့ရဲ့ အရေးအကြီးဆုံး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပဲ... ကာကွယ်ရေးစနစ်တွေကလည်း အကောင်းဆုံးပဲ... အခုတော့ အဲ့ဒီကာကွယ်ရေးစနစ်အများစုက ပျက်စီးနေလောက်ပြီဆိုပေမဲ့ တခြားနေရာတွေထက်စာရင် ပိုပြီးလုံခြုံသေးတယ်... မြေအောက်ရထားလမ်းအတိုင်းသွားရင် နည်းနည်းခရီးဝေးနိုင်ပေမဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ"

"ကန့်ကွက်စရာ ရှိသေးလား" လော်ယွမ်က မေးလိုက်ပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် အသစ်ဝင်ရောက်လာသူများကို ဖြစ်သည်။

"မရှိပါဘူး" ယန်ကျိချင်းက ပြောလိုက်သည်။

"ဆရာယွမ်ရဲ့ သဘောအတိုင်းပါပဲ" ယန်မုန်ကျွင်းက ပြောသည်။

"ကျွန်တော် ဆရာယွမ့်စကားကို နားထောင်မယ်" ကျန်းဝူကလည်း အလျင်အမြန် ပြောလိုက်သည်။

လော်ယွမ် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အဖွဲ့တစ်ဖွဲ့ကို စီမံခန့်ခွဲရာတွင် အရေးအကြီးဆုံးမှာ မစတင်မီကပင် အာဏာတည်ဆောက်ထားရန်၊ လူတယောက်၊ အသံတစ်သံတည်းဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ယခုအစပြုမှုမှာ ကောင်းမွန်ကြောင်း ထင်ရှားလှသည်။

သို့သော် လော်ယွမ်က အပိုတွေးနေခြင်းသာဖြစ်သည်။ ယခုအချိန်တွင် သူ၏ဂုဏ်သတင်းမှာ ဆင့်ကဲပြောင်းလဲသူများကြားတွင် ပျံ့နှံ့နေပြီဖြစ်ရာ သေချင်သူမှလွဲ၍ မည်သူမျှ ထွက်ပြီး ဆန့်ကျင်ရဲမည်မဟုတ်ပေ။

"ဒီနေရာကအရင်သွားရအောင်... နားခိုဖို့ နေရာတစ်ခုရှာကြဦး... ငါ အပြင်ခဏသွားစရာရှိတယ်" လော်ယွမ်က ပြောလိုက်သည်။

"ရှင် အပြင်ထွက်ဦးမလို့လား" ဝမ်ရှကွမ်က သံသယဖြင့် မေးလိုက်သည်။

"ငါတို့ စီးတော်ယဉ်နှစ်ကောင် ကျန်သေးတယ်လေ" လော်ယွမ်က ပြုံးရင်း ပြောလိုက်သည်။

ဟွမ်ကျားဟွေတို့ သဘောပေါက်သွားကြပြီး မျက်နှာများ ဝင်းပသွားကြသည်။ ဝမ်ရှီရှီက ပို၍စိတ်လှုပ်ရှားစွာဖြင့် "ကိုကြီးယွမ် ဧရာမဖွတ်ကြီးနဲ့ မျောက်ဝံကို သွားရှာမလို့လားဟင်... သမီး သူတို့ကို လွမ်းနေတာ"

ကျန်းဝူတို့မှာမူ နားမလည်နိုင်ဖြစ်နေကြပြီး အချင်းချင်းကြည့်လိုက်ကြကာ တိတ်ဆိတ်စွာ နေနေကြသည်။ သို့သော် စိတ်ထဲတွင်မူ ရိပ်မိနေကြပြီဖြစ်သည်။

တိုက်ခိုက်ရေးသားရဲများ ရှိနေခြင်းမှာ ဆင့်ကဲပြောင်းလဲသူများအတွက် အထူးအဆန်းမဟုတ်ပေ။ ကန္တာရမြို့၏ ကာကွယ်ရေးတပ်မတွင်လည်း တိုက်ခိုက်ရေးသားရဲတပ်ဖွဲ့ငယ်တစ်ခု ရှိခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သော ပိုးကောင်အုပ်ကျရောက်စဉ်က ရှေ့တန်းသို့ ပါသွားခဲ့ပြီး သေလားရှင်လား မသိရတော့ပေ။

ကန္တာရမြို့၏ လမ်းမကြီးပေါ်တွင် ယခုအခါ ကားများပြည့်ကျပ်နေပြီး အလွန်ရှုပ်ထွေးနေသည်။ ဧရာမသားရဲနှစ်ကောင် ရောက်ရှိလာပါက ဖြစ်ပေါ်လာမည့် ရုတ်ရုတ်သဲသဲအခြေအနေကို ရှောင်ရှားရန်အတွက် လူအုပ်စုမှာ ကန္တာရမြို့နှင့် ဝေးကွာသော နေရာလွတ်တစ်ခုကို ရှာဖွေပြီး အထုပ်အပိုးများချကာ အနားယူလိုက်ကြသည်။

"မင်းတို့ ခဏစောင့်ကြ... ငါ ခဏနေ ပြန်လာခဲ့မယ်" လော်ယွမ်က လူတိုင်းကို ပြောလိုက်ရာ လေသံမှာ ထူးဆန်းနေသည်။

စကားဆုံးသည်နှင့် သူ၏ဒူးများကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး နောက်တစ်ခဏတွင် အားကုန်ခုန်တက်လိုက်ရာ လူတိုင်း၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင် သူ၏ခန္ဓာကိုယ်မှာ ဒုံးပျံတစ်စင်းကဲ့သို့ မြေကြီးမှ ကြွတက်လာပြီး မိုးတိမ်များထက်သို့ ထိုးတက်သွားတော့သည်။

သူ ပို၍ပို၍ မြင့်မားသွားပြီး အရှိန်မှာလည်း ပို၍ပို၍ မြန်ဆန်လာသည်။ မကြာမီမှာပင် သူ၏ပုံရိပ်မှာ အစက်အပြောက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

"ကိုကြီးယွမ်က ဘယ်လိုလုပ် ပျံတတ်သွားတာလဲ" ဝမ်ရှီရှီက ပြောလိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီး ဟွမ်ကျားဟွေတို့ကို ကြည့်လိုက်ရာ မျက်နှာများမှာ အံ့ဩမှင်တက်နေကြသည်။ အခြားသူများမှာ သူမထက်ပင် ပိုဆိုးပြီး ကျောက်ရုပ်ဖြစ်သွားသည့်အလား ကောင်းကင်ကို မလှုပ်မယှက် ငေးကြည့်နေကြသည်။ တောင့်တင်းနေသော မျက်နှာများပေါ်တွင် မယုံနိုင်ခြင်းများ ကျန်ရစ်နေဆဲပင်။

အချိန်အတော်ကြာမှသာ လူအုပ်စု သတိပြန်ဝင်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြောင်ငေးကြည့်နေကြသည်။ ရင်ထဲတွင်မူ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ပင်။

ဆက်ရန်...

All Chapters