မင်းမှာရှိသမျှ ဥပဒေလုပ်ငန်း၁၂၇ခုထဲက ဘယ်ဟာနဲ့ပဲဖြစ်ဖြစ် တရားစွဲလိုက်
Vol. 41 Ch. 612
"မင်းက အဆုံးအထိတိုက်မယ်ပေါ့လေ"
ကျန်းမုန့်လောင်က ထိုဆောင်းပါးများကိုကြည့်ကာ ထိုစကားလုံးများမှာ အလွန်ရယ်ရသည်ဟု တွေးလိုက်မိသည်။
နှစ်ရက်ကြာအောင် အဖော်ပြုပြီး နှစ်သိမ့်ပေးပြီးနောက် ချန်ပင်းနင်၏အခြေအနေက သိသိသာသာတိုးတက်လာခဲ့သည်။ ကျန်းမုန့်လောင်က အချိန်မီပေါ်လာခဲ့သဖြင့် အဖြစ်ဆိုးများကို တားဆီးနိုင်ခဲ့သည်။ အနည်းဆုံးတော့ သူ(မ)အနေနှင့် အလွန်အကျူးထိခိုက်နစ်နာခြင်းမရှိပေ။
လူတွေ့စစ်ဆေးမှုက ငါးနာရီခွဲတွင် ပြီးဆုံးသည်။ ကျန်းမုန့်လောင်တို့အဖွဲ့ ရောက်လာချိန်မှာ တစ်ရာကျော်ကြာသွားပြီဖြစ်၏။
သူလည်း ဤအချက်ကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ တစ်နာရီအတွင်းမှာ ဘာတွေဖြစ်သွားနိုင်သလဲ။ ဟော့ပုဖန်က ဝမ်လင်ပြောသလို ဆိုးဝါးနိုင်သလား။
သို့တည်းမဟုတ် သူသည် မစွမ်းဆောင်နိုင်ခြင်းလေလား။ ထိုတစ်နာရီလုံးလုံး ဆေးသုံးနေခဲ့ခြင်းလေလား။
ကျန်းမုန့်လောင်မှာ အရေးမပါသော ထိုခန့်မှန်းချက်များကို ဘေးဖယ်ထားလိုက်သည်။ ယခုအချိန်ကား ဤ"အသေးစိတ်"များကို တွေးပူနေရမည့်အချိန်မဟုတ်ပေ။
"@ဟော့ပုဖန် ငါ မင်းကို ရွေးချယ်ခွင့်ပေးပြီးပြီနော်။ မင်းက တန်ဖိုးမထားဘူးဆိုတော့ ငါ့နည်းငါ့ဟန်နဲ့ပဲ လုပ်တော့မယ်"
ကျန်းမုန့်လောင်က ဝေးပေါ်တွင် ပို့စ်တစ်ခုတင်၍ ဟော့ပုဖန်၏ တရားဝင်ဝေးပေါ်အကောင့်ကိုပါ Tagလုပ်လိုက်သည်။
ဖော်လိုဝါသန်းပေါင်းများစွာက ကျန်းမုန့်လောင်၏ဝေးပေါ်ကို အမြဲစောင့်ကြည့်နေကြသည်။ အထူးသဖြင့် သူက ဘာမှလုပ်စရာမရှိသည့်အခါ အိမ်များနှင့် ကားများကို လက်ဆောင်ပေးတတ်သောကြောင့်ပင်။ ဤသည်မှာ သူတို့အား ကြီးပွားချမ်းသာသော လမ်းကြောင်းဆီသို့ ပို့ဆောင်ပေးနိုင်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ထိုမက်ဆေ့ချ်က စတင်ပျံ့နှံ့သွားသည်။
ဟော့ပုဖန်ကလည်း လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက လုပ်ရပ်များကြောင့် ပရိသတ်အမြောက်အများရရှိခဲ့ပြီး သူ့ဘဝ၏အကျော်ကြားဆုံးအချိန်ကို ရောက်ရှိနေပေသည်။ ယခုမူ ကျန်းမုန့်လောင်က သူ့ကို ရန်စနေလေသလား။
"ဘာအခွင့်အရေးလဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ကောလာဟလတွေများရှိနေတာလား"
"ဘာတွေဖြစ်နေတာလဲ။ ဘော့စ်ကျန်းက လျှပ်စစ်ငါးရှဉ့်နဲ့ ချတော့မှာလား။ စိတ်လှုပ်ရှားစရာပဲဟေ့"
"ဟော့ပုဖန်ကို ကာကွယ်ကြ"
"ဘော့စ်ကျန်း.. ရှင် ဘယ်သူ့ကိုရန်တွေ့တွေ့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ကျွန်မယောကျ်ားကို လာထိရင်တော့ ကျွန်မလည်း ရှင့်ကို ရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်"
"မနာလိုဖြစ်နေတယ်ပေါ့လေ။ သူများအောင်မြင်တာကို မကြည့်စိမ့်ဘူးပေါ့။ နင် နေရာတကာမှာ ပြဿနာပတ်ရှာနေတာ မမောသေးဘူးလား"
...
မည်သည့်သတင်းမှ ထွက်မလာသေးသော်လည်း ဟော့ပုဖန်၏ပရိသတ်များကတော့ စိုးရိမ်နေကြပြီဖြစ်၏။ သူတို့နှလုံးသားထဲတွင် သူတို့အိုင်ဒေါက နတ်ဘုရားတစ်ပါးပင်။ ကျန်းမုန့်လောင်အနေနှင့် သူတို့အိုင်ဒေါကို ပြဿနာရှာခြင်းမှာ သူတို့ကို ပြဿနာရှာခြင်းနှင့် အတူတူပင်။
"လွန်ခဲ့တဲ့သုံးရက်တုန်းက မစ္စတာဟော့ပုဖန်က မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူဖို့အတွက် ဆေးသုံးခဲ့တာကို ငါကိုယ်တိုင်မြင်ခဲ့တယ်။ မစ္စတာဟော့အနေနဲ့ သူ့အမှားကိုသူဝန်ခံပြီး အာဏာပိုင်တွေဆီမှာ အပြစ်ဝန်ခံပြီး အနုပညာလောကထဲက နှုတ်ထွက်ပေးဖို့ မျှော်လင့်ပါတယ်။ ငါတို့အနုပညာလောကထဲမှာ ဒီလိုမကောင်းဆိုးဝါးမျိုးတစ်ယောက် ရှိမနေစေချင်ဘူး"
ကျန်းမုန့်လောင်ကလည်း ထိန်းချုပ်မထားဘဲ ထိုနေ့တုန်းက ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ဖွင့်ချပြပြီး သူလိုချင်သည့်အချက်များကို တောင်းဆိုလိုက်သည်။
ဤအဖြစ်ကြောင့် ပွဲကြည့်သူများမှာ အံ့အားသင့်ကုန်ကြသည်။
ဤသည်မှာ သာမန်ကောလာဟလသတင်းတစ်ခုမဟုတ်ပေ။ ပရိသတ်သန်းငါးဆယ်၏ သက်ရောက်မှုကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသတင်းကိုသာ အတည်ပြုနိုင်ခဲ့လျှင် လူဘယ်နှယောက်လောက်ကများ သူတို့အိုင်ဒေါကို ဆုံးရှုံးလိုက်ရမလဲဆိုသည်ကို တွေးမရနိုင်ပေ။ ဤသည်မှာ လူထုအမြင်ကို ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုကို ဖန်တီးပေလိမ့်မည်။
ယခုလိုလုပ်လိုက်ပြီဖြစ်လေရာ အခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးမရှိသလောက်ပင်။
"ဘော့စ်ကျန်း… ရှင် အခုလိုလက်လွတ်စပယ်ပြောလို့မရဘူးနော်။ စွပ်စွဲချင်ရင် သက်သေအထောက်အထားတွေလိုတယ်"
"ဝိုး… ကြီးလိုက်တဲ့သတင်း… ပါဝါပွိုင့်များ လိုဦးမလား"
"ဒါက စာစီဖို့လိုသေးလား။ စာစီရုံနဲ့တင် လောက်ပါ့မလား"
"ဝမ်ရှင်းရန်က မကြာခင် ဖျော်ဖြေပွဲကျင်းပတော့မှာများလား"
"သေစမ်း။ ဟုတ်တယ်ဟ။ နောက်အပတ်ကျရင် ဝမ်ရှင်းရန်ရဲ့ဖျော်ဖြေပွဲတစ်ခုရှိတယ်။ ဘုရားရေ… ဒီအဖြစ်ကြီးက အခုထိမှန်နေတုန်းပဲ"
"ကယ်လီဖိုးနီးယားအမြောက်ဘုရင်ကြီးက စနောက်နေတယ်လို့ ထင်နေတာ။ တကယ်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ငါကတော့ ဘော့စ်ကျန်းပြောတာကို ယုံတယ်"
"မဖြစ်နိုင်ဘူးမလား။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူ ကော်ဇောနီပေါ်မှာ လူကြီးလူကောင်းဆန်ပြခဲ့တာလေ။ ဟိုမင်းသမီး မတော်တဆလဲကျသွားတုန်းကဆိုရင် သူ့လက်မောင်းနဲ့ပဲ ကူညီပေးခဲ့တာ။ အဲဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ"
"ကျန်းမုန့်လောင်.. မင်းက မြင်သမျှလူတိုင်းကို လိုက်ကိုက်နေတာလား။ ဒီလိုစကားမျိုးပြောတာ ရွံဖို့ကောင်းမှန်းမသိဘူးလား"
"မင်းဘာသာချမ်းသာတော့ရော ဘာဖြစ်လဲ။ ချမ်းသာတာနဲ့ပဲ သူများကို လက်လွတ်စပယ်အသရေဖျက်နေလို့ရလား"
"@ဟော့ပုဖန်စတူဒီယို သူ့ကို အခုချက်ချင်းတရားစွဲပစ်"
"ကျန်းမုန့်လောင် ပြန်တောင်းပန်ပါ"
မိနစ်ပိုင်းမျှသာ ကြာသေးသော်လည်း မှတ်ချက်ပေါင်းသောင်းနှင့်ချီ၍ တက်လာခဲ့သည်။ အကယ်၍ ကျန်းမုန့်လောင်သာ ဝေးပေါ်ဆာဗာကို အက်ပ်ဒိတ်လုပ်မထားလျှင် ပေါက်ကွဲအားပြင်းသော ဤအကြောင်းအရာက ဆာဗာကို ပျက်စီးသွားစေနိုင်သည်။
ပွဲကြည့်သူများကလည်း ဤအတင်းအဖျင်းကြောင့် ရူးသွပ်နေကြပြီး ပရိသတ်များမှာမူ ကျန်းမုန့်လောင်ကို ဒေါသတကြီးပြောဆိုနေကြကာ သက်သေအထောက်အထားပြဖို့ တောင်းဆိုသူက တောင်းဆိုပြီး အသရေဖျက်မှုဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်သူက ခြိမ်းခြောက်နေကြသည်။
"ငါ့လက်ထဲမှာ ခိုင်လုံတဲ့သက်သေအထောက်အထား ရှိပါတယ်။ ဒါပေမဲ့ နစ်နာသူတွေကို ထပ်ပြီး မခံစားစေချင်တော့ဘူး။ ဒီဝေးပေါ်ပို့စ်က ဆွေးနွေးခိုင်းတာမဟုတ်ဘူး။ အမိန့်ပေးနေတာ။ ငါ့ညွှန်ကြားချက်ကို မလိုက်နာဘူးဆိုရင် မင်း နောင်တရသွားစေရမယ်။ ငါက ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တယ်။ သက်သေကိုတော့ ထုတ်ပြမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါပြောတာယုံထားလိုက်။ ဟိုးအောက်ဆုံးအထိ ငါ ရအောင်တူးဖော်ပြမယ်"
သိပ်မကြာခင်မှာပင် ကျန်းမုန့်လောင်သည် သူ့ပိုင်ဆိုင်မှုအောက်ရှိ ဥပဒေလုပ်ငန်းစုများကို ဝေးပေါ်တွင် တင်လိုက်၏။
"ငါ့နာမည်အောက်မှာ စုစုပေါင်း ဥပဒေလုပ်ငန်းစု၁၂၇ခုရှိတယ်။ မင်းတို့တရားစွဲရဲရင် စွဲကြည့်လိုက်လေ။ အမှုတစ်ခုချင်းစီတိုင်းကို ငါလက်ခံမယ်။ မင်းတို့ ငါ့ကို တရားစွဲရဲလားဆိုတာ ကြည့်ကြသေးတာပေါ့"
"သောက်ကျိုးနည်း ကြမ်းလိုက်တာဟေ့.. ဒါကမှ တကယ့်ယောကျ်ားအစစ်ကွ"
"ဘော့စ်ကျန်း ကျွန်တော် ခင်ဗျားကိုထောက်ခံတယ်။ နစ်နာသူတွေကို သေချာပေါက်ကာကွယ်ပေးရမှာပေါ့။ ဒါပေမဲ့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရမယ်။ အဲဒီလူယုတ်မာတွေကို အခွင့်အရေးမပေးနဲ့နော်"
"ဥပဒေလုပ်ငန်းစု၁၂၇ခုတဲ့။ သေစမ်း… နိုင်ငံထဲက ထိပ်တန်းဥပဒေလုပ်ငန်းစုဆယ်ခုက ခင်ဗျားအပိုင်လား။ ဘယ်သူက ခင်ဗျားကို တရားစွဲရဲမှာလဲ"
"လုပ်လေ။ ငါ့ကို တရားစွဲစမ်းပါ။ ငါ့ကိုကာကွယ်ပေးမဲ့ ဥပဒေလုပ်ငန်းစုတွေက ၁၂၇ခုလောက်ရှိတယ်။ ဒါကြီးက သောက်ရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဝတ္ထုထဲကထွက်လာတဲ့ သူရဲကောင်းကြီးလိုပဲ"
"@ဟော့ပုဖန်စတူဒီယို.. ဒါကို အသရေဖျက်မှုလို့ထင်တယ်ဆိုရင် ရှေ့နေအကြောင်းကြားစာလေး မြန်မြန်ပို့လိုက်စမ်းပါ"
"@ဟော့ပုဖန်စတူဒီယို ဘာစကားမှမပြောနိုင်တော့ဘူးလား။ မင်းတို့တွေ တန်ပြန်အစီအစဉ်တွေ ဆွဲနေတာလို့တော့ မပြောနဲ့နော်"
"@ဟောပုဖန်.. တစ်ခုခုပြောလိုက်ပါ။ ရှင်က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ကျွန်မတို့တွေသိပါတယ်"
"ဟုတ်တယ်။ ပုဖန်.. ကျွန်မတို့တွေအားလုံး ရှင့်ကို ထောက်ခံနေပါတယ်။ စကားတစ်ခွန်းသာပြောလိုက်ပါ။ ကျွန်မတို့ ရှင့်ကို အကြွင်းမဲ့ယုံပေးမှာပါ"
...
"ခွေးမသား… ကျန်းမုန့်လောင်က အတည်လုပ်နေတာဟ"
ဟော့ပုဖန်၏ စတူဒီယိုထဲတွင် ဟော့ပုဖန်၏မျက်နှာမှာ အလွန်သုန်မှုန်နေချေသည်။
ဤသည်မှာ အကျပ်ကိုင်နေခြင်းပင်။
ဟော့ပုဖန်ကိုယ်တိုင်လည်း အပြစ်ရှိသလို ခံစားနေရသည်။ အကယ်၍ သူသာ ခပ်ဆိတ်ဆိတ်နေလိုက်လျှင် ဤစွပ်စွဲချက်ကို လက်ခံလိုက်သလိုဖြစ်သွားလိမ့်မည်။
သို့သော် သူသာ စာထုတ်လိုက်လျှင် ကျန်းမုန့်လောင်ကို စစ်ကြေညာလိုက်သလို ဖြစ်သွားပေဦးမည်။
"ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး"
ကျိုးကျုံးက ပြောလာလေသည်။
"ငါတို့ ခပ်မြန်မြန်မတုံ့ပြန်ဘူးဆိုရင် ပိုနစ်နာသွားလိမ့်မယ်"
"ဒါဆိုလည်း စာထုတ်လိုက်"
ဟော့ပုဖန်မှာ အံတင်းတင်းကြိတ်ထားလိုက်မိသည်။ အသေအကြေတိုက်ပွဲတစ်ခုဖြစ်သွားလေပြီ။
တရားဝင်ထုတ်ပြန်ချက် :
မစ္စတာဟော့ပုဖန်သည် အနုပညာခရီးအစကတည်းက ရိုးသားမှုနှင့် အရည်အချင်းရှိမှုကြောင့် နာမည်ကြီးခဲ့ပြီး ဥပဒေ သို့မဟုတ် ကိုယ်ကျင့်တရားကို ဆန့်ကျင်သည့် မည်သည့်လုပ်ရပ်ကိုမှ မကျူးလွန်ခဲ့ဖူးပါ။ မစ္စတာကျန်းမုန့်လောင်၏ မမှန်ကန်သော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စတူဒီယိုဘက်က ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။
ထုတ်ပြန်ချက်နှင့်အတူ ဟော့ပုဖန်၏ လူကြီးလူကောင်းဆန်မှု၊ အလှူအတန်းများနှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင်သည့် ဓာတ်ပုံများပါ ပါလာလေသည်။
ဤသည်မှာ သူသည် သင့်တင့်လျောက်ပတ်သော လူတစ်ယောက်ဖြစ်ပြီး ဘာမကောင်းမှုကိုမှ မကျူးလွန်ထားကြောင်း သူ့ပရိသတ်များအား သတင်းစကားပေးပို့ခြင်းပင်။
"တော်တော်အရှက်မရှိတဲ့အဆင့်ကိုရောက်နေပြီ"
ကျန်းမုန့်လောင်လည်း ရွေးချယ်စရာမရှိတော့ပေ။ သူ့လိုလူမျိုးများက ကိုယ်ကျင့်တရားစံနှုန်းကို စွန့်လွှတ်ထားသည်မှာ ကြာလှလေပြီ။ သူတို့ဆီက အရှက်တရားစိုးစဉ်းမျှပင် မြင်ရလိမ့်မည်ဟု ထင်နေလေသလား။
"လှူတိုင်းသာ နှလုံးလှကြေးဆိုရင် ငါတော့ သူတော်စင်အဆင့်ကိုတောင် တက်လှမ်းနေလောက်ပြီမဟုတ်ဘူးလား"
ကျန်းမုန့်လောင်ကလည်း စခရင်ရှော့ရိုက်ထားသည့် ဓာတ်ပုံကိုးပုံနှင့်အတူ ဝေးပေါ်ပို့စ်တစ်ခု ထပ်တင်လိုက်သည်။
Xxxကြက်ခြေနီအဖွဲ့ : ဟွာရှားယွမ်ငွေ၂၀ဘီလီယံ
Xxxဆေးရုံ : ဟွာရှားယွမ်ငွေ၃၀ဘီလီယံ
Xxxရေဘေးကယ်ဆယ်ရေးအလှူငွေ : ဟွာရှားယွမ်ငွေ၂၀ဘီလီယံ
...
"ဘော့စ်ကျန်းက အရမ်းဩဇာညောင်းတာပဲ"
"ငါ့ရင်ထဲ ဟုန်းဟုန်းတောက်နေပြီဟေ့။ ပြန်မျှဝေတဲ့ခလုတ်ကို နှိပ်ပစ်လိုက်စမ်း"
"အရမ်းမိုက်တာပဲ"
"မင်းရဲ့ကြွယ်ဝချမ်းသာမှုကို ထုတ်ကြွားနေတော့ရော ဘာအကျိုးရှိမှာလဲ။ တကယ့်သက်သေအစစ်ကို ထုတ်ပြရဲလား"
"ကျန်းမုန့်လောင် ဆန်ကုန်မြေလေး.. နင့်မှာ ပိုက်ဆံရှိတာနဲ့ အကုန်လုပ်လို့ရပြီထင်နေတာလား"
...
"ဦးနှောက်သေနေတဲ့ ပရိသတ်တွေ"
ကျန်းမုန့်လောင်ခမျာ ဤဆဲဆိုမှုများကို မြင်လိုက်ရသည့်အခါ ပြောစရာစကားပင် ပျောက်ရှသွားသည်။ ဤအနုပညာရှင်များက သူတို့အဖေအရင်းနှယ် ဖြစ်နေ၍များ ဤမျှအထိ ကာကွယ်ပေးနေကြလေသလား။
သစ္စာရှိခွေးဟာချီကလည်း ဤကဲ့သို့သော ပရိသတ်မျိုးကြောင့်သာမဟုတ်ပါက ဖျော်ဖြေပွဲလာကြည့်မည့်လူများပင် ရှိမည်မဟုတ်။
*******************