← Chapters

သုံးရက်အတွင်း သူနဲ့ စာချုပ်ဖျက်သိမ်းလိုက်

Vol. 41 Ch. 613

သုံးရက်အတွင်း သူနဲ့ စာချုပ်ဖျက်သိမ်းလိုက်

Vol. 41 Ch. 613

"သေစမ်း။ မုန့်လောင် ဘာတွေဖြစ်နေတာလဲ။ မင်းက ဘယ်လိုလုပ်ပြီး ကယ်လီဖိုးနီးယားလျှပ်စစ်ငါးရှဉ့်နဲ့ ရန်ဖြစ်နေတာလဲ။ သူ မင်းကို အပြစ်လုပ်ထားလို့လား။ မင်းတော့ တော်တော်ပြဿနာရှာထားတာပဲ"

ဝမ်လင်က ကောလာဟလသတင်းများကြောင့် ကျန်းမုန့်လောင်ကို ဖုန်းမဆက်ဘဲ မနေနိုင်ပေ။

"ဒါကပြဿနာရှာတာမဟုတ်ဘူး။ နစ်နာသူက ရီရီရဲ့သူငယ်ချင်းလေ"

ကျန်းမုန့်လောင်က အတိုချုပ်ရှင်းပြလိုက်သည်။

"ဖွီး"

ဝမ်လင်ခမျာ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဆောရီး.. စကားလမ်းကြောင်းလွဲသွားတယ်။ ဒါပေမဲ့ အဲဒါက တကယ်သေးသေးလေးလား"

"တအားကိုသေးတာ"

ကျန်းမုန့်လောင်ခမျာ ဆွံ့အသွားရလေသည်။

"ဒီခံစားချက်ကို ငါ ဘယ်လိုရှင်းပြရမလဲ။ မင်းနှာခေါင်းကို လက်နဲ့နှိုက်နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဝါဂွမ်းတံလေးတစ်ချောင်းနဲ့ ထိုးနေရသလောက်ပဲရှိတာမျိုး။ ငါပြောတာနားလည်လား"

"ဟားဟားဟား ရယ်သေပြီ"

ဝမ်လင်ခမျာ ဗိုက်နှိပ်၍ပင် ရယ်နေရသည်။ ကျန်းမုန့်လောင်၏ဖော်ပြချက်က အလွန်သင့်တော်လှသည်။

"ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"အပီအပြင်တိုက်ခိုက်ရတော့မှာပေါ့"

ကျန်းမုန့်လောင်ကတော့ ဟော့ပုဖန်ကို ခွင့်လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။ သူသည် သူတော်စင်တစ်ပါးမဟုတ်ပေ။ အခြားလူတစ်ယောက်တွင် ယခုလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့ပြီး သူ မသိလိုက်လျှင် ကိစ္စမရှိပေ။ သို့သော် သူ့နားက သူငယ်ချင်းတစ်ယောက်ထံတွင် ဖြစ်ပျက်ခဲ့သည်မှာမူ ကြီးလေးသော ကိစ္စတစ်ခုပင်။

"မင်း သတိထားတာပိုကောင်းမယ်နော်။ သူ့ရဲ့ပရိသတ်သန်းငါးရာကျော်ထဲမှာ ဦးနှောက်မရှိတဲ့ ပရိသတ်အယောက်နှစ်သန်းပဲရှိရင်တောင် မင်းကို ဝင်ဖြဲဖို့ လုံလောက်နေပြီ"

"ဟားဟားဟား.. ငါတော့ တကယ်မကြောက်ဘူး"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"အမှန်အတိုင်းပြောရရင် အဲဒီဦးနှောက်မရှိတဲ့ ပရိသတ်တွေ များများတုံးအကြဖို့တောင် မျှော်လင့်မိတယ်။ ဟော့ပုဖန်ကို ငါ ရိုက်ချလိုက်တာနဲ့ သူတို့ လုံးဝရူးကုန်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ ဘယ်လောက်အဖြစ်ဆိုးသွာမလဲဆိုတာ မင်း မြင်ရလိမ့်မယ်"

"ငါ့ကောင်.. ငါက ဒုတိယထပ်မှာပဲ ရှိနေသေးတဲ့အချိန် မင်းကတော့ ကမ္ဘာပတ်လမ်းအပြင်ဘက်အထိတောင် ရောက်သွားပြီပဲ"

...

ဟော့ပုဖန်၏ကောလာဟလက အွန်လိုင်းပေါ်တွင် အပူတပြင်းဆွေးနွေးစရာတစ်ခု ဖြစ်လာခဲ့သဖြင့် ပရိသတ်များနှင့် မုန်းတီးသူများအကြား သိသိသာသာစည်းတားလိုက်သလိုဖြစ်သွားသည်။

အရေးအကြီးဆုံးမှာ ကိုယ့်ကိုယ်ကိုယ် နစ်နာသူပါဟု ဆိုထားကြသော လူအမြောက်အများ ထွက်ပေါ်လာပြီး သူတို့၏သူငယ်ချင်းများနှင့် အခြားသောလမ်းကြောင်းများမှတစ်ဆင့် စကားပြောမှတ်တမ်းများနှင့် အခြားသက်သေအထောက်အထားများကို အွန်လိုင်းပေါ်တွင် တင်လာကြသည်။

သူတို့၏ပို့စ်များက အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတည်မပြုရသေးသော အရေအတွက်ကပင် နစ်နာသူအရေအတွက်မှာ အယောက်သုံးဆယ်အထိရောက်ရှိနေပြီး အသက်အရွယ်အားဖြင့် ၁၈နှစ်မှ ၂၀အတွင်း ရှိသူများ ဖြစ်ကြသည်။ စိတ်ပျက်ဖို့အကောင်းဆုံးမှာ တချို့ဆိုလျှင် အသက်၁၆နှစ်၁၇နှစ်မျှသာ ရှိသေးသည်။

"ဒါက ကျွန်မအစ်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ။ အစတုန်းကတော့ သူက ဒါကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထားတော့မလို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဘော့စ်ကျန်းက ရှေ့ထွက်ပြီး ပြောလာတဲ့အတွက် အစ်မကလည်း ဘော့စ်ကျန်းကို ထောက်ခံပေးချင်လာတယ်တဲ့။ ဒါတွေက အဲဒီအချိန်တုန်းက ဟော့ပုဖန်ပြောထားတဲ့ စကားပြောမှတ်တမ်းတွေပါ"

"သေစမ်း။ ဒီလူက ဘယ်လိုလူမျိုးလဲ။ ကောင်မလေးတွေကို သူနဲ့တွေ့ဖို့ သုံးရာကီလိုမီတာတောင် ဖြတ်သန်းပြီး လာခိုင်းတယ်ပေါ့။ သူက ကားကြုံစီးချင်နေတာလား"

"ဥက္ကဋ္ဌဝမ်က တစ်စုံတစ်ယောက်ကိုတွေ့ဖို့အတွက် သုံးရာကီလိုမီတာကို ကိုယ်တိုင်ကားမောင်းသွားခဲ့တာ။ ဟော့ပုဖန်ကတော့ သူများကို သုံးရာကီလိုမီတာတောင် မောင်းလာခိုင်းသတဲ့။ ဒီနေရာမှာ ကိုယ်ကျင့်တရားမြင့်မားတဲ့လူက ဘယ်သူလဲဆိုတာ မင်းတို့ မျက်မြင်တွေ့ရလိမ့်မယ်"

"အမှန်အတိုင်းပြောရရင် ဥက္ကဋ္ဌဝမ်ကမှ အဆင့်အတန်းရှိသေးတယ်။ ယှဉ်ကြည့်မယ်ဆိုရင် သူက သူတော်စင်တစ်ပါးလောက်အထိ ရှိတယ်"

"ရွံစရာကောင်းလိုက်တာ။ ငါတော့ အန်မိတော့မယ်။ ဘော့စ်ကျန်းသာ အခုလိုထုတ်မပြောလာခဲ့ရင် သူက အွန်လိုင်းပေါ်က ပြောနေသလိုမျိုး ဖြူစင်တယ်လို့ ထင်နေမိဦးမှာ"

"ဒါပေမဲ့ ဥက္ကဋ္ဌကျန်းနဲ့ ဒီစကားပြောမှတ်တမ်းတွေကို မျက်စိမှိတ်ပြီး ယုံလို့မရဘူးလေ။ အဲဒါတွေက အစစ်တွေဟုတ်မဟုတ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ"

"အမှန်ပဲ။ ဆင်ခြင်တုံတရားရှိရှိ ပြောကြရအောင်။ ဒီသက်သေအထောက်အထားက အတည်ပြုနိုင်တဲ့သဘောပဲရှိတာ။ အဆုံးအဖြတ်ပေးနိုင်တဲ့ သက်သေအဆင့်အထိ မရောက်သေးဘူး"

"သောက်ကျိုးနည်း.. အခုအထိတောင် ပန်းနုသွေးလုပ်ချင်နေသေးတာလား"

"တချို့တွေက အတင်းအဖျင်းတွေမှာ သာယာနေတဲ့အချိန် တချို့ကတော့ ဝမ်းနည်းပူဆွေးနေကြပြီ"

...

"သူတို့တွေက ရှေ့ထွက်လာပြီး အဲဒီလိုဖွင့်ချချင်ကြလိမ့်မယ်လို့ ထင်မထားဘူး"

ကျန်းမုန့်လောင်က ဆောင်းပါးအစောင်သုံးဆယ်ကျော်ကို ကြည့်လိုက်သည်။ တချို့ကမူ မုန်းတီးသူများ၏ လှုံ့ဆော်မှုသက်သက်ဖြစ်နိုင်သည်ဟု ထင်နေကြသော်ငြား တချို့ကတော့ အမှန်ဖြစ်ကြောင်း ယုံကြည်နေကြသည်။

"Louvis Vuitton…သောက်ကျိုးနည်း ဒီကြော်ငြာတွေက ဘာလို့ ဒီလောက်တောင်စိတ်တိုဖို့ကောင်းနေရတာလဲ"

"သူ့လိုတိရစ္ဆာန်ကောင်မျိုးက ထုတ်ကုန်တွေအများကြီးကို ကြော်ငြာပေးထားရတာလား"

ကျန်းမုန့်လောင်က သာမန်ကာလျှံကာ စစ်ဆေးကြည့်လိုက်လေရာ ဟော့ပုဖန်သည် ဟွာရှားနိုင်ငံရှိ ထိပ်တန်းဘရန်းများ၏ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ဟွာရှားနိုင်ငံတွင် ဘီလီယံပေါင်းများစွာ ရှာဖွေနိုင်နေသည်ဖြစ်ရာ ယခုလိုလုပ်ရပ်မျိုးကို ကျူးလွန်ဖို့အတွက် ငွေရှိနေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။

ကျန်းမုန့်လောင်လည်း ဝေးပေါ်၏ဘော့စ်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

"ဥ..ဥက္ကဋ္ဌကျန်း… ဘာများညွှန်ကြားစရာရှိလို့လဲ"

ဝေးပေါ်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေချေသည်။ ထိုအထဲတွင် ကျန်းမုန့်လောင်၏အကောင့်မန်နေဂျာလည်း ပါဝင်လေသည်။ သူ့ခမျာ အတန်ငယ်ဆွံ့အနေရသည်။ ကျန်းမုန့်လောင်က သူ့အာဏာကို ထုတ်သုံးတော့မှာလား။

"ဟော့ပုဖန်ကြော်ငြာထားတဲ့ ကြော်ငြာတွေအကုန်လုံးကို ဖယ်ရှားပစ်လိုက်။ သူ့မျက်နှာကိုမြင်နေရရုံနဲ့တင် အန်ချင်လာပြီ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါပေမဲ့ ဥက္ကဋ္ဌကျန်း.. အဲဒီကြော်ငြာနေရာတွေကို ဘရန်းတွေက ပိုက်ဆံအများကြီးပေးထားတာပါ။ ကျွန်တော်တို့ဘက်က ဒီလိုလုပ်လိုက်ရင် အကြောင်းမဲ့သက်သက် စာချုပ်ချိုးဖောက်ရာရောက်သွားလိမ့်မယ်။ အဲဒီလိုဆိုရင် ဘရန်းတွေဘက်က ကျွန်တော်တို့ကို ပြဿနာရှာကြတော့မှာ"

"ငါကိုယ်တိုင် ဖယ်ရှားပစ်ဖို့ပြောနေတာ။ ဘာတွေအာရုံလာနောက်နေတာလဲ။ သူတို့က ငါတို့ကို ပြဿနာရှာမှာမဟုတ်ဘူး။ ငါတို့က သူတို့ကို ပြဿနာရှာမှာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အခုကစပြီး ဝေးပေါ်ရဲ့ရေပန်းစားမှုနံပါတ်တစ်နေရာကို ငါ့အတွက် ဦးထားလိုက်ပြီ။ ဒီနေ့ အာဏာကတ်ကို ထုတ်သုံးတော့မယ်"

"ဒါပေမဲ့ ဥက္ကဋ္ဌကျန်း ခင်ဗျားရဲ့လုပ်ရပ်ကို..အထက်လူကြီးတွေက သဘောမကျဖြစ်နေလိမ့်မယ်"

"အဲဒါကို မင်း ပူစရာမလိုဘူး"

ကျန်းမုန့်လောင်လည်း ဖုန်းချပြီးနောက် တော်ဝင်ပညာရှင်ကျိုးကို ချက်ချင်းဖုန်းဆက်လိုက်၏။

ဤမျှအထိ ပွဲဆူနေသည်ဖြစ်ရာ တော်ဝင်ပညာရှင်ကျိုးကဲ့သို့သော သက်ကြီးရွယ်အိုတစ်ယောက်ပင် သတိမထားမိဘဲ နေမည်မဟုတ်ပေ။

"ပြဿနာကောင်လေး.. မင်း ပြဿနာရှာပြန်ပြီလား။ မင်းက ဘယ်တုန်းကများ ဖျော်ဖြေရေးလောကရဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သွားတာလဲ"

တော်ဝင်ပညာရှင်ကျိုး၏ ဆူပူမာန်မဲသံတွင် အလိုလိုက်ထားသည့် အရိပ်အယောင်တစ်ခုလည်း ယှက်သန်းနေသည်။

"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ။ ကျွန်တော့်ဘာသာ ကျွန်တော့်ကောင်မလေးရဲ့မွေးနေ့ပွဲကို ကျင်းပပေးနေတာကို။ အဲဒီလိုကိစ္စမျိုးဖြစ်လာတာပါပဲ။ တကယ်လို့ ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စဆိုရင်လည်း အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ဆိုင်သွားပြီဆိုတော့ အဆုံးအထိ ဝင်ပါရတော့မယ်လေ။ အဲဒါကြောင့် ကျွန်တော် အရင်ဆုံး အသိလာပေးတာ"

"ဒါဆို အဲဒီကိစ္စက တကယ်ကြီးပေါ့"

တော်ဝင်ပညာရှင်ကျိုး၏လေသံကား အလွန်တင်းမာသွားသည်။

"အဲဒီအနုပညာရှင်တွေကို စည်းကမ်းကြပ်မတ်ဖို့လိုတယ်လို့ ငါ အမြဲပြောသားပဲ။ အမြဲတမ်းအပြောသာရှိပြီး ဘာမှအရေးမယူကြဘူး။ အခု ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုတော့ သူတို့တွေ ဘာပြောမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"မုန့်လောင်.. ဒီကိစ္စကို စည်းမျဉ်းဘောင်အတွင်းမှာ ကိုင်တွယ်သရွေ့ အခွင့်အာဏာအားလုံး မင်းကို ပေးထားမယ်။ ဒီတစ်ခေါက်တော့ ဖျော်ဖြေရေးလောကကို ပြောင်စင်နေအောင် ရှင်းလင်းပစ်ရမယ်"

"ကျွန်တော်ကြားချင်တာလည်း အဲဒါပဲ"

တော်ဝင်ပညာရှင်ကျိုး၏ အခိုင်အမာထောက်ပံ့မှုကြောင့် ကျန်းမုန့်လောင်လည်း ဘာတွေဝေမှုမှမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဤစတားများက နည်းနည်းလောက်နာမည်ကြီးပြီး ငွေနည်းနည်းရှိရုံမျှဖြင့် မောက်မာနေကြလေပြီ။ တော်ဝင်ပညာရှင်တစ်ယောက်ခမျာ သူ့ဇနီး၏ရောဂါအတွက် ကြော်ငြာတိုင်းကို ယူခဲ့ခြင်းကိုမူ ပရိသတ်များက ရှုံ့ချခဲ့ကြသော်လည်း သရုပ်ဆောင်တစ်ယောက်က တစ်နှစ်ကို တစ်ဘီလီယံကျော်ရှာနေသည့်ကိစ္စတွင်မူ ဉာဏ်မဲ့သည့် ပရိသတ်တစ်စုက ဘုရားလို ကိုးကွယ်ထားကြသည်။ ဤသည်မှာ ဘယ်လိုတန်ဖိုးမျိုးလေလဲ။

"ဟွာရှားမှာ ငွေလာရှာတဲ့ ကယ်လီဖိုးနီးယားသားရေ.. မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ကျန်းမုန့်လောင်က ဟော့ပုဖန်ကြော်ငြာပေးထားသည့် ဘရန်းများအားလုံးကို ဝေးပေါ်တွင် မန်းရှင်းခေါ်လိုက်သည်။

""@Louis Vuitton, @Lancome, @L'Oreal, @Porsche… ပြည်သူ့ကိုယ်စားပြုလူတစ်ယောက်ဆိုတာ သူ့ပုံရိပ်ကို ထိန်းသိမ်းရမယ်။ ဒီလိုလူစားမျိုးက ဟွာရှားလူမျိုးတွေရဲ့ပိုက်ဆံကိုလည်း ရဖို့မထိုက်တန်သလို ဘယ်ဘရန်းရဲ့ပြောရေးဆိုခွင့်ရှိသူမှလည်း မဖြစ်သင့်ဘူး။ သူနဲ့စာချုပ်ဖျက်သိမ်းဖို့ ငါ မင်းတို့ကို အချိန်သုံးရက်ပေမယ်။ မဟုတ်လို့ကတော့ အကျိုးဆက်ကို ခံစားရမှာနော်"

"မိုက်တယ်ဟေ့ ဥက္ကဋ္ဌကျန်းက တကယ်ကြမ်းတာပဲ"

"ဥက္ကဋ္ဌကျန်းပြောတာမှန်တယ်။ နာမည်ပျက်ထားတဲ့ အနုပညာရှင်တစ်ယောက်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ စာချုပ်ကို ချက်ချင်းဖျက်သိမ်းလိုက်"

"စာချုပ်ဖျက်သိမ်းရုံတင်မကဘူး။ လျော်ကြေးပါတောင်းသင့်တယ်။ ဒီလူ့ကြောင့် ခင်ဗျားတို့ဘရန်းရဲ့ပုံရိပ်ကို ပျက်စီးစေခဲ့တာလေ။ ခင်ဗျားတို့ သူ့ကို တတ်နိုင်သလောက် တရားစွဲသင့်တာပေါ့"

မန်းရှင်းအခေါ်ခံထားရသည့် ဘရန်းများအားလုံး ထိတ်လန့်ကုန်ကြလေသည်။

ဘာတွေဖြစ်နေတာလဲ။ သူတို့မှာ ဟော့ပုဖန်ကို သူတို့၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်နိုင်ဖို့အတွက် သန်းပေါင်းများစွာသုံးထားရသည်။ ကြော်ငြာတစ်ခုကို သန်းပေါင်းများစွာတန်သည်။

အကယ်၍ ဟော့ပုဖန်က အမှန်တကယ်မှားယွင်းခဲ့သည့် အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့လျှင်မူ ကိစ္စမရှိပေ။ သို့သော် ခိုင်လုံသောသက်သေမရှိဘဲ စာချုပ်ဖျက်သိမ်းလိုက်ပြီးမှ ဇာတ်လမ်းအလှည့်အပြောင်းဖြစ်သွားခဲ့ပါက သူတို့ပြိုင်ဘက်များက အသာစီးရသွားမည်မဟုတ်လား။

သို့သော် သူတို့သာ စာချုပ်မဖျက်သိမ်းလျှင် ကျန်းမုန့်လောင်၏အမျက်ဒေါသနှင့် တိုးရပေလိမ့်မည်။ ဤဘရန်းများက နယ်နယ်ရရမဟုတ်သော်လည်း သူတို့အားလုံးပေါင်းလိုက်လျှင်ပင် ကျန်းမုန့်လောင်၏လက်ချောင်းကိုပင် ယှဉ်နိုင်မည်မဟုတ်။

သူတို့ခမျာ ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသလို ခံစားရသည်။ ဘယ်ဘက်ကိုကြည့်ကြည့် အန္တရာယ်များနေချေသည်။

သူတို့က အသာပွဲထိုင်ကြည့်ချင်ခဲ့ရုံသာ။ သို့သော် အဘယ်ကြောင့်များ သူတို့က ပါဝင်ပတ်သက်သူများ ဖြစ်သွားရလေသလဲ။ ဤဟာသကြီးက သူတို့ခေါင်းပေါ်ကို ရောက်လာခြင်းလေလား။ သူတို့ခမျာ စုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေရလေပြီ။

*******************

All Chapters