← Chapters

စာချုပ်မဖျက်သိမ်းဘူးပေါ့လေ

Vol. 41 Ch. 614

စာချုပ်မဖျက်သိမ်းဘူးပေါ့လေ

Vol. 41 Ch. 614

"ကျန်းမုန့်လောင်က ဘာလုပ်ချင်နေတာလဲ"

ကျန်းမုန့်လောင်တင်လိုက်သော ဝေးပေါ်ပို့စ်ကို မြင်သောအခါ ဟော့ပုဖန်လည်း ထိတ်လန့်သွားလေတော့သည်။

Louis Vuitton၊ Lancome၊ Porscheကဲ့သို့သော ဘရန်းအကြီးကြီးများမှာ ကြီးမားပြီး အောင်မြင်ကောင်း အောင်မြင်နေပေလိမ့်မည်။ သို့သော် ကျန်းမုန့်လောင်ရှေ့မှာတော့ လမ်းဘေးဈေးသည်များနှင့် မခြားပေ။

သူ့ဖြစ်တည်မှုမှာ သရေစာတန်းတစ်ခုတွင် ကြယ်ခုနစ်ပွင့်အဆင့်ရှိသော စားသောက်ဆိုင်တစ်ခုကို လာဖွင့်ထားသလိုပင်။ သူသာ ဆိုင်တစ်ဆိုင်ကို စီးပွားပျက်စေချင်ပါက သေချာပေါက်စီးပွားပျက်ရမည်သာ။

ကျန်းမုန့်လောင်၏ပို့စ်က တကယ်တမ်းတော့ အမိန့်ပေးနေခြင်းသာဖြစ်၏။ နောက်ဆက်တွဲသက်ရောက်မှုများကို မဖော်ပြထားသော်လည်း သူတို့သာ ဟော့ပုဖန်နှင့် လက်တွဲမဖြုတ်ပါက သူတို့၏ဘရန်းကို ကြော်ငြာပေးရန်အတွက် နာမည်ကြီးအနုပညာရှင်တစ်ယောက်ကို ရှာရမည့်အရေးထက် ပိုဒုက္ခရောက်သွားမည်ဖြစ်ကြောင်း ဦးနှောက်မပါသူပင် နားလည်သည်။ သူတို့၏ကုမ္ပဏီ ဆက်ရှိနေပါဦးမလားဆိုသည်ကို စိတ်ပူရမည့်အရေးပင်။

"အစ်ကိုကျိုး.. Porscheကုမ္ပဏီရဲ့ ဟွာရှားရုံးခွဲဒါရိုက်တာက ဟော့ပုဖန်နဲ့လက်တွဲဖြုတ်ချင်တယ်လို့ အခုပဲ ဖုန်းဆက်လာတယ်"

ဤသတင်းက ပို့စ်တင်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ရောက်လာခဲ့သည်။

"ဒါတော့ လက်ခံပေးလို့မရဘူး။ ငါတို့မှာ နှစ်ဦးသဘောတူစာချုပ်ရှိတယ်။ သူတို့ဘက်က တစ်ဖက်သတ်စာချုပ်ဖျက်သိမ်းလို့မရဘူး။ မဟုတ်ရင် လျော်ကြေးသန်းငါးဆယ်ပေးရလိမ့်မယ်"

ကျိုးကျုံးက ချက်ချင်းဆိုလာလေသည်။

"အစ်ကိုကျိုး.. အစ်ကိုဖန်ရဲ့မသင့်လျော်တဲ့အပြုအမူအကြောင့် သူတို့ဘရန်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်တဲ့။ သူတို့ဘက်က စာချုပ်ဖျက်သိမ်းမဲ့အပြင် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေသန်းနှစ်ဆယ်ပါ တောင်းဆိုနေကြတယ်"

"ဘာ? လျော်ကြေးတောင်းတယ်ပေါ့လေ။ ဟာသပဲ"

ကျိုးကျုံးခမျာ စားပွဲကို ဒေါသတကြီးရိုက်လိုက်မိသည်။

"ကျန်းမုန့်လောင်က အခုမှ တွေ့ရာစွဲချက်တွေ လျှောက်တင်နေတာ။ ဒီလိုကိစ္စမျိုးသာ တကယ်ရှိခဲ့ရင် ကျန်းမုန့်လောင်တောင် လုပ်နေစရာမလိုဘူး။ သက်ဆိုင်ရာဌာနက ဆက်သွယ်ပြီးနေလောက်ပြီ။ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုတာမျိုး မရှိဘူး"

"ငါတို့ သူ့ဖိနှိပ်မှုကို လက်ခံလို့မဖြစ်ဘူး"

ကျိုးကျုံးက ချက်ချင်းပြောလိုက်လေသည်။

"လူထုဆက်ဆံရေးဌာနကို ကျန်းမုန့်လောင်ကိုတန်ပြန်တိုက်ခိုက်မဲ့ စာတစ်စောင် ချက်ချင်းထုတ်ခိုင်းလိုက်။ အဲဒီစကားပြောမှတ်တမ်းတွေက လုံးဝယုံကြည်နိုင်စရာမရှိဘူးလို့။ အဲဒါကြောင့် အခုလိုအသရေဖျက်မှုမျိုးကိုလည်း ငါတို့ဘက်ကလည်း တုံ့ပြန်မယ်လို့ပြောလိုက်"

"ဟုတ်ကဲ့ အစ်ကိုကျိုး"

ကျိုးကျုံးခမျာ မောပန်းစွာဖြင့် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ပြီးနောက် အခြေအနေက ပိုပျံ့နှံ့လာလျှင်ပင် ယခုလိုသာမတင်မကျဆက်ဖြစ်သွားလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။

ကျန်းမုန့်လောင်ဘက်က ကျိုးကြောင်းဆီလျော်မှုကို အရေးမထားဘဲ ခိုင်လုံသည့်သက်သေမရှိသည့်တိုင် အဓိကဘရန်းများကို သူနှင့် စာချုပ်ဖျက်သိမ်းရန် ခြိမ်းခြောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့ဘက်က ဤတိုက်ကွက်ကို မည်သို့ခုခံရမည်နည်း။

"အဲဒီဘရန်းကိုယ်စားလှယ်တွေကလည်း ငတုံးမဟုတ်ဘူးလေ။ လက်ရှိအခြေအနေမှာ ကျန်းမုန့်လောင်ဘက်က ခိုင်လုံတဲ့သက်သေမရှိဘူး။ ဟော့ပုဖန်က ဒီလိုနာမည်ပျက်အနုပညာရှင်ပါဆိုပြီး သက်သေပြနိုင်မဲ့ အရာတစ်ခုခုမရှိဘဲနဲ့ စာချုပ်ဖျက်သိမ်းလို့မရဘူး။ သူတို့တွေ စာချုပ်ဖျက်သိမ်းရဲမှာမဟုတ်ပါဘူး"

သို့သော် သူတို့ မှားနေဆဲပင်။ အမှန်တကယ်တွင် ဘရန်းများဘက်က တွေဝေတုံ့ဆိုင်းနေသဖြင့် ချက်ချင်းမတုံ့ပြန်နိုင်သော်လည်း ဘရန်းတော်တော်များများကတော့ သူတို့နှင့် စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားကြပြီဖြစ်၏။

"ထန်ရွှင်းဗီဒီယိုက ဟော့ပုဖန်နဲ့စာချုပ်ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်"

"ဝမ်ယိဂီတကလည်း ဟော့ပုဖန်နဲ့ချုပ်ဆိုထားတဲ့ သုံးနှစ်စာဘရန်းကြော်ငြာအတွက် စာချုပ်ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်"

ကျန်းမုန့်လောင် စာတင်ပြီးနောက် မိနစ်ပိုင်းအကြာမှာပင် ဝမ်ယိနှင့် ထန်ရွှင်းကုမ္ပဏီ၏ တရားဝင်ဝေးပေါ်အကောင့်မှ ကြေညာစာတမ်းများ ထုတ်ပြန်ခဲ့ကြသည်။

ထန်ရွှင်းနှင့်ဝမ်ယိကုမ္ပဏီတို့က ဂိမ်း၁၄မျိုးဖြင့် လက်နှစ်ဖက်အပြည့် ပိုက်ဆံရှာနိုင်နေပြီဖြစ်ရာ လျော်ကြေးသန်းဂဏန်းလောက်ကို မှုမနေချေ။ ပေးရမည်ဆိုလျှင်လည်း ပေးလိုက်မည်သာ။

ထို့ပြင် ဒဏ်ကြေးပေးဆောင်ခြင်းမှာ ယာယီအခြေအနေတစ်ခုမျှသာဖြစ်၏။ ကျန်းမုန့်လောင်ဘက်က တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် အဆုံးအထိ သွားတော့မည်ဖြစ်ကြောင်း မာဟွားနှင့် တင်းဆန်ရှီတို့ ကောင်းကောင်းသိသည်။ သူသည် အဓိပ္ပာယ်မရှိသောလုပ်ရပ်မျိုး သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြားသော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်။

ဟော့ပုဖန် တစ်ခုခုလုပ်ခဲ့ခြင်းဖြစ်ရမည်။ ယခု သူတို့လက်ထဲတွင် သက်သေမရှိသည့်တိုင် အနှေးနှင့်အမြန်ဆိုသလို ကျန်းမုန့်လောင်က ဟော့ပုဖန်ကို ဖော်ထုတ်တော့မည်ဟု သူတို့ ယုံကြည်ထားသည်။

ထိုအချိန်ရောက်လျှင် နာမည်ပျက်အနုပညာရှင်ဟူသော စွဲချက်များက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့လျှင် သူတို့ပေးခဲ့ရသည့် လျော်ကြေးများကို ပြန်ရနိုင်ရုံသာမက စာချုပ်စာတမ်းအရ ဟော့ပုဖန်ထံမှ သက်ဆိုင်ရာလျော်ကြေးကိုပါ တောင်းခံနိုင်သည်။

ယခုတော့ ယာယီတန်ကြေးလေးတစ်ခုကို ကျန်းမုန့်လောင်အား မျက်နှာသာပေးရန်အတွက် ရင်းထားရမည်ဖြစ်၏။ ဤသည်မှာ အမြတ်သာရှိပြီး အရှုံးမရှိသော သဘောတူစာချုပ်တစ်ခုပင်။

ဟွာရှားနိုင်ငံ၏ အခြားဘရန်းများနှင့် နိုင်ငံခြားဘရန်းများကလည်း အမြင်ချင်းတူကြသည်။ သုံးရက်အတွင်းမှာပင် ဘရန်းပေါင်းနှစ်ဆယ်ကျော်က ဟော့ပုဖန်နှင့် စာချုပ်ဖျက်သိမ်းခဲ့ကြသည်။

ယခုလိုအဖြစ်မျိုးနှင့် ရင်ဆိုင်ရချိန်ဝယ် ဟော့ပုဖန်၏ပရိသတ်များပင် ထိတ်လန့်လာကြသည်။

ဟော့ပုဖန်ကတော့ ဤသည်မှာ ကောလာဟလသက်သက်ဟု ပြောနေသော်ငြား ယခုအချိန်အထိ ကျန်းမုန့်လောင်ကို ဥပဒေအကြောင်းကြားစာ မပို့ရသေးပေ။ ဤသည်မှာ သူတို့ဘက်က ကျန်းမုန့်လောင်ကို တရားစွဲဖို့ သတ္တိမရှိဘူးဟု ညွှန်းဆိုနေခြင်းလေလား။

ဘရန်းများကလည်း တစ်ခုပြီးတစ်ခု စာချုပ်ဖျက်သိမ်းနေကြသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ခြိမ်းခြောက်မှုကို ကြောက်လန့်နေရုံသက်သက်လေလား။ သို့မဟုတ် တစ်စုံတစ်ခုကို သတင်းရထားသောကြောင့်လေလား။

ခိုင်လုံသောသက်သေမရှိသည့်တိုင် လူထုအမြင်က တဖြည်းဖြည်းဖြင့် ကျန်းမုန့်လောင်ဘက်သို့ ယိမ်းယိုင်လာခဲ့သည်။

"မဆိုးဘူး။ အနည်းဆုံးတော့ သူတို့မှာ ဦးနှောက်ရှိသားပဲ"

ကျန်းမုန့်လောင်က ဘရန်းများထံမှ ကြေညာချက်များကို ကြည့်လိုက်သည်။

"ဟုန်းရီ စာချုပ်မဖျက်သိမ်းရသေးတဲ့ ဘရန်းက ဘယ်နှခုလောက်ကျန်သေးလဲ"

"Lancomeနဲ့ Givenchyအပါအဝင် နိုင်ငံခြားဘရန်းခုနစ်ခုလောက် ကျန်ပါသေးတယ်"

ဟုန်းရီကလည်း ပြန်ဖြေလိုက်သည်။

"တချို့လူတွေက အလှည့်အပြောင်းတွေဖြစ်လာဖို့ မျှော်လင့်နေကြတုန်းပဲထင်တယ်"

ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလိုက်လေသည်။

"သူတို့ကို သင်ခန်းစာမပေးဘူးဆိုရင် ငါ့စကားကို အပြောင်အပျက်သက်သက်လို့ ထင်နေလိမ့်မယ်"

...

"မစ္စတာဟူးဘတ် ကျွန်တော် ကျန်းမုန့်လောင်ပါ"

Givenchy၏ပိုင်ရှင်ခမျာ ဤဖုန်းကြောင့် ထခုန်မိတော့မတတ် လန့်ဖျပ်သွားရလေသည်။

"မ..မစ္စတာကျန်း.."

"မစ္စတာဟူးဘတ်.. ကြည့်ရတာတော့ ခင်ဗျားက ကျုပ်စကားကို အလေးမထားဘူးထင်တယ်နော်။ Givenchyက တော်တော်မာနကြီးတာပဲလား။ ဒါမှမဟုတ် ကျန်းမုန့်လောင်က အာဏာကျသွားပြီလို့ ထင်နေတာလား"

"မစ္စတာကျန်း..အဲ.. ဟို.. မစ္စတာဟော့ရဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖြေမထွက်သေးဘူးမလား။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ နားလည်မှုလွဲတာမဟုတ်ဘူးဆိုရင် ကိုယ်ကျင့်တရားချိုးဖောက်မှုနဲ့ ဘရန်းကို ထိခိုက်စေတယ်ဆိုပြီး စာချုပ်ဖျက်သိမ်းလို့မရဘူးလေ…"

"နားလည်မှုလွဲတာတဲ့လား"

ကျန်းမုန့်လောင်မှာ အေးတိအေးစက်ရယ်မောလိုက်လေသည်။

"ဒါဆို ခင်ဗျားက စာချုပ်မဖျက်သိမ်းဘူးပေါ့။ ဒီလိုဆိုရင် ကျုပ်လည်း ဒိုရယ်လာမိသားစုကို ဖုန်းဆက်ပြီး ခင်ဗျားနဲ့စကားပြောခိုင်းလိုက်ရုံပေါ့"

"ဘာ… ဒိုရယ်လာမိသားစုလား"

ဤနာမည်ကြောင့် ဟူးဘတ်ခမျာ ကျောချမ်းသွားရချေသည်။ ဤနာမည်မှာ ဥရောပတွင် ပြောချင်တိုင်းပြောနိုင်သည့် နာမည်မျိုးမဟုတ်ပေ။

"ကျွန်တော် ရာရာစစမေးပါရစေ။ မစ္စတာကျန်း.. ခင်ဗျားနဲ့ ဒိုရယ်လာမိသားစုက ဘယ်လိုပတ်သက်တာလဲ"

"သူတို့မိသားစုခေါင်းဆောင်က ကျုပ်တို့မိသားစုရဲ့အစေခံတစ်ယောက်ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ခင်ဗျား ကျုပ်ပြောတာကိုမယုံဘူးဆိုရင် သူတို့မိသားစုခေါင်းဆောင်ကို ခဏနေရင် ခင်ဗျားဆီ ဖုန်းဆက်ခိုင်းလိုက်မယ်။ ဒါပေမဲ့ သူတို့က ကျုပ်လောက်တော့ ဖော်ရွေမှာမဟုတ်ဘူးနော်"

"ကျွန်..ကျွန်တော် အခုချက်ချင်း စာချုပ်ဖျက်သိမ်းဖို့ စီစဉ်လိုက်ပါ့မယ်"

ဟူးဘတ်အနေနှင့် မည်သို့များ သံသယဝင်ရဲမည်နည်း။ ဒိုရယ်လာမိသားစုအကြောင်းကို သိထားသူမှာ လူနည်းစုသာဖြစ်၏။ ထို့ပြင် ကျန်းမုန့်လောင်က ဤနာမည်ကို ပေါ့ပေါ့ပါးပါးထုတ်ပြောရဲခြင်းမှာ သူ့တွင် ဤကဲ့သို့သော အဆင့်အတန်းမျိုး တကယ်ရှိသည်ဟု ဆိုလိုခြင်းပင်။ ဟူးဘတ်အနေနှင့် မယုံကြည်ခြင်းထက် ယုံကြည်ရင်းဖြင့်သာ မှားလိုက်ချင်သည်။

"နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ ခင်ဗျားတို့က ကြောက်ကြတာပေါ့လေ"

...

"Givenchyက ဟော့ပုဖန်နဲ့ သဘောတူစာချုပ်ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်"

Givenchy၏ကြေညာချက်ကြောင့် Lancomeနှင့် Louis Vuittonကဲ့သို့သော ဘရန်းများကလည်း တစ်သားတည်းရပ်တည်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုကုမ္ပဏီပိုင်ရှင်များက ဟူးဘတ်ကို တိတ်တိတ်လေးဖုန်းခေါ်ခဲ့ကြသလားဆိုသည်ကိုမူ မသိရပေ။ သို့သော် ကျန်းမုန့်လောင်နှင့် ဒိုရယ်လာမိသားစုကြားရှိ ပတ်သက်မှုကို သူတို့ သိလိုက်ရလျှင် သေချာပေါက်ကြောက်လန့်သွားကြမည်သာ။

ထို့ကြောင့် ဟော့ပုဖန်နှင့် စာချုပ်ချုပ်ထားသော ဘရန်းများအားလုံးက စာချုပ်ဖျက်သိမ်းခဲ့ကြလေသည်။

"ဒုန်း"

ထိုအချိန်ဝယ် ဟော့ပုဖန်ခမျာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ဆိုဖာပေါ်သို့ ပစ်လဲကျသွားသည်။

စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးငွေမြိုးမြိုးမြက်မြက်ရခဲ့သော်လည်း သူလုပ်ခဲ့သည့်လုပ်ရပ်များကို သူ ကောင်းကောင်းသိသည်။ သူ့လုပ်ရပ်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သော်လည်း အပြစ်ရှိစိတ်က သူ့ကို ခြောက်လှန့်နေဆဲပင်။ တစ်နေ့နေ့တွင် သူတို့ဘက်က သက်သေအထောက်အထားများကို ရှာတွေ့သွားပါက ထိုပိုက်ဆံများကို ပြန်ပေးရမည်ဖြစ်ပြီး သန်းပေါင်းများစွာသော လျော်ကြေးကိုလည်း‌ ပေးချေရနိုင်သည်။

ဗျူဟာသုံးဆယ့်ခြောက်ခုထဲရှိ အကောင်းဆုံးဗျူဟာမှာ နောက်ဆုတ်ခြင်းပင်။

ဟော့ပုဖန်၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။ သူသည် ကျန်းမုန့်လောင်နှင့် လုံးဝမယှဉ်နိုင်ပေ။ အကယ်၍ ကျန်းမုန့်လောင်ဘက်က သက်သေအထောက်အထားရှာမတွေ့လျှင်ပင် ပိုက်ဆံသုံးနေရုံမျှဖြင့် သူ့ကို လုံးဝဖိနှိပ်ထားနိုင်သဖြင့် သူ့ဘဝကား ထောင်ကျနေရသည်နှင့်ပင် တူနေပေတော့မည်။

သူ့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ကယ်လီဖိုးနီးယားကို ပြန်ဖို့ပင်။

"သွားပြီ။ ငါတို့တော့ ကပ်ဘေးဆိုက်ပြီ"

ထိုအချိန်မှာပင် ကျိုးကျုံး ရောက်ချလာသည်။

"ဒီတစ်ခေါက်တော့ ငါတို့ လုံးဝလက်စတုံးပြီ"

*******************

All Chapters