← Chapters

လောဘကြီးလိုက်တာ

Vol. 41 Ch. 601

လောဘကြီးလိုက်တာ

Vol. 41 Ch. 601

ခွတ်ရှ်သည် ကမ္ဘာ့ထိပ်တန်းအဆင့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းများကို နေ့စဉ်နေ့တိုင်း စားသောက်နေသော ကျန်းမုန့်လောင်လောက်တော့ လေယာဉ်အများကြီး မပိုင်ဆိုင်ပေ။ ဝမ်ချိုင်စားချင်သောအရာများကို သူ တကယ်မထောက်ပံ့ပေးနိုင်ချေ။

ကံကောင်းချင်တော့ သူ့အိမ်တော်ထဲတွင် အရည်အသွေးမြင့်မားသော အမဲသားများ၊ ငန်းအသည်းနှင့် နှစ်ချို့ဝိုင်အမြောက်အများရှိသည်ဖြစ်ရာ ဝမ်ချိုင်ကို စိတ်ကျေနပ်စေနိုင်ခဲ့သည်။

အားပါးတရစားသောက်ပြီးနောက် ဝမ်ချိုင်သည် သစ်ပင်တစ်ပင်ကိုရှာ၍ တစ်လှမ်းနှစ်လှမ်းမျှဖြင့် အထက်သို့တက်ကာ သစ်ပင်ထိပ်တွင် တစ်ရေးတစ်မောသွားအိပ်လေတော့သည်။

"မစ္စတာကျန်း ဒါက..."

"ဘာမှမဖြစ်ဘူ။ သူ့အတွက် ပူမနေနဲ့။ သူက ဗိုက်ပြည့်သွားရင် အဲဒီလိုနေရတာကို သဘောကျတာ။ သူ့ဘာသာနေခိုင်းထားလိုက်"

"ကောင်းပါပြီ။ ဒါဆို အထဲဝင်ကြရအောင်လေ"

"ကောင်းပြီလေ"

...

ခွတ်ရှ်၏ကျွန်းက သိပ်မကြီးလှသော်လည်း အပန်းဖြေစံအိမ်တွင် ခမ်းခမ်းနားနားတည်ဆောက်၍ ပစ္စည်းကိရိယာအစုံအလင် ထားရှိထားလေရာ အလွန်အားစိုက်ထုတ်ထားမှန်း သိသာလှသည်။

စံအိမ်အရှေ့တွင် မြက်ခင်းပြင်တစ်ခုရှိပြီး ထိုနေရာတွင်ရှိနေသော ခွေးသုံးကောင်၊ ကြောင်နှစ်ကောင်၊ လာမာတစ်ကောင်နှင့် ကျားတစ်ကောင်က ခွတ်ရှ်ကိုမြင်သောအခါ အနားသို့ အပြေးရောက်လာကြသည်။

"ဟားဟား တော်တော့။ ဒီနေ့ ဧည့်သည်တွေရောက်နေတယ်"

ခွတ်ရှ်က ထိုတိရစ္ဆာန်လေးများကို ခေါင်းပွတ်ပေးလိုက်သည်။

"မစ္စတာခွတ်ရှ်ရဲ့အိမ်မွေးတိရစ္ဆာန်တွေက တော်တော်ထူးခြားတာပဲ။ ကျားတောင် မွေးထားသေးတယ်"

ကျန်းမုန့်လောင်က ထိုကျားဖြူကြီးကိုကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ အလွန့်အလွန်ချမ်းသာသည့် ယခုလိုလူတစ်ယောက်ကသာ ထိုတောရိုင်းတိရစ္ဆာန်များကို မွေးနိုင်ခြင်းပင်ဖြစ်ရမည်။

ဒီကောင်က တစ်နေ့ကို အစေခံဘယ်နှယောက်လောက် စားတာလဲမသိဘူး...

"သူ့နာမည်က ပေါ်တိတဲ့။ ကျွန်တော် သူ့ကို တောရိုင်းတိရစ္ဆာန်မှောင်ခိုကုန်သည်တစ်ယောက်ဆီက အမေရိကန်ဒေါ်လာငါးသန်းနဲ့ ဝယ်ခဲ့တာ။ ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်လာတာမို့ သူ့စိတ်နေစိတ်ထားက တော်တော်ကောင်းတယ်"

"ဒီဂျာမန်သိုထိန်းက အငြိမ်းစားစစ်ခွေးတစ်ကောင်ပေါ့။ ကျွန်တော် သူ့ကို လေလံပွဲတစ်ခုကနေ အမေရိကန်ဒေါ်လာ၁.၂၅သန်းနဲ့ ဝယ်ခဲ့တာ"

"ပြီးတော့ ဒီကြောင်... သူက ကျားသစ်ကြောင်တစ်ကောင်လေ။ မျက်လုံးရောင်စုံရှိတာ အရမ်းရှားတယ်။ သူ့အတွက်နဲ့ ဘီဇိုနဲ့တောင် အကြာကြီး စကားများခဲ့ရသေးတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း ဝယ်နိုင်ခဲ့တာပါပဲ။ ဟားဟား..."

ခွတ်ရှ်က သူ့အိမ်မွေးတိရစ္ဆာန်များ၏ ဈေးနှုန်းနှင့် ထူးခြားချက်များကို ရှင်းပြလေသည်။ သို့သော် ထူးဆန်းဖို့ကောင်းသည့်အချက်မှာ သူမွေးထားသည့် ကြောင်များနှင့် ခွေးများအားလုံးက အမများဖြစ်နေခြင်းပင်။

"သူတို့ကို အစာကျွေးပြီးရင် လမ်းလျှောက်ထွက်ပေးဖို့ မမေ့နဲ့နော်"

ခွတ်ရှ်က ညွှန်ကြားလိုက်၏။

"စိတ်ချပါ မစ္စတာခွတ်ရှ်"

အစေခံကလည်း တရိုတသေပြန်ဖြေရှာသည်။

...

ထမင်းစားခန်းက အကုန်ဖောက်မြင်နေရသော စားသောက်ဆိုင်တစ်ခုပင်။ အပြင်ဘက်တွင် နေအရမ်းစူးသော်ငြား အထဲတွင်မူ ပူလည်းမပူသလို နေလည်းမစူးချေ။ အတိုင်းအဆမဲ့ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်တရာသာယာလှပလေသည်။

လူလေးယောက်မှာ နေရာယူလိုက်ကြပြီးနောက် စီစဉ်ထားသော စားပွဲထိုးကလည်း သူတို့အတွက် ဝိုင်နီများ ငှဲ့ပေးချေသည်။

"မစ္စတာကျန်း ဒီနေ့ ကျွန်တော်တို့ဆီကို ကြွရောက်ပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီတော့ မစ္စတာကျန်းအတွက် အရင်ခွက်မြှောက်ဂုဏ်ပြုပါရစေ"

ခွတ်ရှ်က ထိုသို့ပြောပြီးနောက် ခွက်မြှောက်လိုက်ချိန်ဝယ် သူ့မျက်နှာကား ဝင်းပနေလေသည်။

"မစ္စတာခွတ်ရှ်က အရမ်းကြင်နာတတ်တာပဲ။ ခင်ဗျားဆီက ဖိတ်ကြားခံရတဲ့အတွက် ကျုပ်လည်း ဂုဏ်ယူမိပါတယ်"

သူတိုနှစ်ယောက်စလုံးက ဝိုင်နှစ်ငုံမျှ မော့သောက်လိုက်လေရာ လေထုအခြေအနေမှာ အလွန်တက်ကြွသွားသည်။

"မစ္စတာကျန်း... ကျွန်တော် ခင်ဗျားကို ဘာလို့ဖိတ်လိုက်တာလဲဆိုတာ ခင်ဗျားရိပ်မိမယ်ဆိုတာ ကျွန်တော် သေချာပေါက်သိတယ်"

ခွတ်ရှ်က ပြောလိုက်၏။

"ခန့်မှန်းကြည့်လို့ရမယ်ထင်တယ်"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"အလုပ်သမားကိစ္စမလား။ ကျုပ် တကယ်တောင်းပန်ပါတယ်။ အဲဒီကုမ္ပဏီတွေက မစ္စတာခွတ်ရှ်ဆီက အမှာစာတွေကို လက်ခံထားမှန်း ကျုပ်မသိခဲ့ဘူး"

ကျန်းမုန့်လောင် ရှင်းပြလိုက်လေသည်။

"ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ဂိမ်းဈေးကွက်က အခုတလော အရမ်းပေါက်နေတာလေ။ ဒါပေမဲ့ အစောပိုင်းအဆင့်တွေမှာ လုံလုံလောက်လောက်မပြင်ဆင်နိုင်ခဲ့တဲ့အတွက် ဗွီအာစက်တွေက ဝယ်လိုအားအတိုင်း အမီမထုတ်လုပ်နိုင်ဘူးဖြစ်နေတာ။ အဲဒါကြောင့် ထုတ်လုပ်ရေးပိုင်းကို ပိုမြှင့်တင်ဖို့အတွက် ကိရိယာတွေအများကြီးကို ထုတ်လုပ်လို့လိုလာတယ်လေ။ အဲဒါကြောင့် ကျုပ်တို့ဟွာရှားနိုင်ငံက စက်ရုံတွေဘက်ကို ဦးလှည့်လိုက်တာ"

"ကျုပ်က တာဝန်သိတတ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုတာ ခင်ဗျားလည်းသိတာပဲ။ အဲဒီအလုပ်သမားတွေက တစ်လကျော်လောက် အချိန်ပိုတွေဆင်းထားရရှာတာ။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ဆိုးဝါးနေရောလေ။ ဒီတော့ ဒီအခြေအနေက သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ စိတ်အားတက်ကြွမှုကို ထိခိုက်မှာစိုးလို့ အခုလိုမျိုး တစ်လအနားပေးလိုက်တာ"

"ခင်ဗျားက တော်တော်လုပ်ကြံဇာတ်ခင်းတတ်တာပဲ။ ခင်ဗျားက ဘယ်လိုလူစားမျိုးလဲဆိုတာကိုသာ မသိထားရင် ကျုပ် ယုံမိနေဦးမှာ"

ကျန်းမုန့်လောင်၏ဆင်ခြေကို နားထောင်ပြီးနောက် ခွတ်ရှ်မှာ ဤကမ္ဘာပေါ်တွင် ကျန့်မုန့်လောင်လောက် အရှက်မဲ့သူဟူ၍ နောက်တစ်ယောက်မရှိနိုင်တော့ဘူးဟု တွေးလိုက်မိသည်။

စက်ပစ္စည်းများကို အလျင်စလိုလိုအပ်နေသည်ဆိုခြင်းမှာ တစ်ကဏ္ဍဖြစ်ပြီး အလုပ်သမားများကို နားရက်ပေးချင်သည်ဟုဆိုခြင်းမှာမူ တစ်ကဏ္ဍပင်။ ဤကိစ္စနှစ်ခုက ဘာမှမဆိုင်ပေ။

လက်စားချေချင်တယ်ဆိုရင်လည်း တဲ့တိုးပြောလိုက်ပါတော့လား။ ကျုပ်တို့တွေက အရွယ်ရောက်ပြီးသား လူကြီးတွေပဲလေ။ ဟန်ဆောင်နေစရာမလိုပါဘူး…

"မစ္စတာကျန်း… ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့ Cashewကုမ္ပဏီက နောက်ဆုံးထွက်ထုတ်ကုန်ကို သိပ်မကြာခင်ကမှ ချပြထားတာ။ အမှာစာတွေလည်း တော်တော်များများရထားပြီးပြီ။ အခုမှ ဖြန့်ချိရေးမှာ ပြဿနာတစ်ခုခုတက်ခဲ့ရင် ကျုပ်တို့အပေါ် သက်ရောက်မှုတွေပြင်းထန်လိမ့်မယ်"

"အာ..တော်တော်ကံဆိုးတာပဲ"

ကျန်းမုန့်လောင်ကလည်း အမြန်ဝင်ပြောလိုက်သည်။

"ကျုပ် အဲဒါကို သတိမထားမိလိုက်ဘူး။ ကျုပ်အမှားပါ။ ကျုပ်အမှားပါ။ ကျုပ်ကိုယ်ကျုပ် အပြစ်ပေးတဲ့အနေနဲ့ ဝိုင်သုံးခွက်တိတိ သောက်လိုက်မယ်"

ဒေါ်လာနှစ်သိန်းတန်ဝိုင်နီတစ်ပုလင်းကို ကျန်းမုန့်လောင်က ခဏအတွင်း အပြောင်ရှင်းပစ်လိုက်သည်။ ထို့ကြောင့် ခွတ်ရှ်ခမျာ ရင်နာသွားရသည်။ ပိုက်ဆံကြောင့်မဟုတ်ပါဘဲ ထိုကဲ့သို့သော နှစ်ချို့ဝိုင်မျိုးမှာ တစ်ပုလင်းကုန်သွားသည်နှင့် ထပ်မရှိတော့သောကြောင့်ပင်။

ဤသည်မှာ အရသာခံရသည့် ဝိုင်နီပင်ဖြစ်၏။ ဘီယာမဟုတ်ချေ။ မည်သူကများ ထိုသို့သောက်တတ်သလဲ။

"ကျုပ်အမှားပါ"

ကျန်းမုန့်လောင်က ဆို၏။

"အခုတလေ ကျုပ်တို့ကစားသမားတွေက ကျုပ်တို့ကို တော်တော်တွန်းအားပေးနေကြတာ။ ခင်ဗျားတို့ကုမ္ပဏီရဲ့ ပလက်ဖောင်းပေါ်မှာ ကျုပ်တို့ဂိမ်းကို ထည့်သွင်းမဲ့လုပ်ငန်းစဉ်ကလည်း ကြန့်ကြာနေတာလေ။ အဲဒါကြောင့် ကျုပ် အခုတလောဗျာများပြီး တချို့ကိစ္စတွေကို ကိုင်တွယ်တာ အဆင်မပြေဖြစ်သွားတယ်။ မစ္စတာခွတ်ရှ်ဘက်က စိတ်ထဲမထားဖို့ ကျုပ်မျှော်လင့်ပါတယ်"

ကျန်းမုန့်လောင်၏စကားများမှာ သူ့ကိုယ်သူဝေဖန်နေသလို ထင်ရသော်ငြား ကျန်းမုန့်လောင်၏ဆိုလိုရင်းမှာ "ခင်ဗျားတို့ဘက်ကသာ မိုးကြိုးစစ်ဆင်ရေးဂိမ်းကို Cashewစတိုးပေါ်မှာ ချောချောမွေ့မွေ့တင်ပေးခဲ့ရင် ဒီလိုကိစ္စမျိုးတွေဖြစ်လာမှာမဟုတ်ဘူး"ဟု ပြောနေခြင်းဖြစ်ကြောင်း ခွတ်ရှ်ကတော့ ကောင်းကောင်းနားလည်သည်။

"မစ္စတာကျန်း.. ခင်ဗျားက ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေမှန်း ကျွန်တော်သိပါတယ်"

ခွတ်ရှ်က စိုးရိမ်သောကရောက်နေဟန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့Cashewကုမ္ပဏီက အကြီးကြီးပဲလို့ ခင်ဗျားကတော့ ထင်လိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ထိပ်တန်းအဆင့်ဂိမ်းကုမ္ပဏီတော်တော်များများက ခင်ဗျားတို့ရဲ့ဟွာရှားဂိမ်းတွေကို ပူးပေါင်းပြီး သပိတ်မှောက်နေကြတဲ့အတွက် ကျွန်တော်တို့လည်း ဖိအားတွေတော်တော်များတယ်။ ကျွန်တော်တို့လည်း ခေါင်းခဲနေရတာ"

"ဒီလိုလုပ်ရင်ရော"

ခွတ်ရှ်က စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပြောလာလေသည်။

"ဒီဘက်အခြမ်းက ဖိအားတွေကို ကျွန်တော်ဖြေရှင်းလိုက်မယ်။ မိုးကြိုးစစ်ဆင်ရေးဂိမ်းကို အမြန်ဆုံးစာရင်းသွင်းပေးနိုင်အောင် ကျွန်တော် စီစဉ်ပေးမယ်။ ကျွန်တော်တို့ဈေးကွက်ထဲကိုရောက်လာအောင် အမြန်ဆုံးနည်းနဲ့ နေရာချထားပေးပြီး အရောင်းမြှင့်တင်ရေးကိုလည်း အကောင်းဆုံးလုပ်ပေးမယ်"

"နည်းပညာပိုင်းဆိုင်ရာ အခကြေးငွေအနေနဲ့ ခင်ဗျားဘက်က ရှစ်ဆယ်ရာခိုင်နှုန်းလိုချင်တယ်လို့ တောင်းနေတယ်ဆိုပြီး မစ္စတာမာနဲ့ မစ္စတာတင်းဆီက ကြားထားတယ်။ အဲဒါက တအားမများလွန်းဘူးလား။ တခြားကုမ္ပဏီတွေကျတော့ သုံးဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် ဆယ့်ငါးရာခိုင်နှုန်းလောက်ပဲ ပေးကြတာမလား"

"မစ္စတာကျန်း… အမှန်အတိုင်းပြောပါရစေ။ ဒီဈေးနှုန်းက ဝမ်ယိနဲ့ထန်ရွှင်းကို အခက်တွေ့အောင်လုပ်ဖို့အတွက် သက်သက်ခြောက်လှန့်ထားတဲ့ဈေးနှုန်းပါ။ ဆယ့်ငါးရာခိုင်နှုန်းဆိုတာက လုပ်ငန်းသေးသေးလေးတွေအတွက် လျှော့ဈေးပေးထားတဲ့သဘောပါ။ ခင်ဗျားတို့လို လုပ်ငန်းမျိုးကိုတော့ ကျွန်တော်တို့ဘက်က အဲဒီလိုလျှော့ဈေးမျိုး ပေးလို့မရပါဘူး။ ဒါပေမဲ့ မစ္စတာကျန်းဘက်က တဲ့တိုးပြောလာပြီဆိုတော့ မိုးကြိုးစစ်ဆင်ရေးဂိမ်းကို နည်းပညာကြေးဆယ့်ငါးရာခိုင်နှုန်းနဲ့ပဲ စာရင်းသွင်းပေးပါ့မယ်"

"ဪ"

ကျန်းမုန့်လောင်ခမျာ အတန်ငယ်အံ့အားသင့်သွားလေသည်။ ခွတ်ရှ်က ဤမျှအထိ ပြောရဆိုရလွယ်ကူလေသလား။ သူတို့ဘက်က စာရင်းသွင်းဖို့ ခွင့်ပြုပေးလာလျှင်ပင် အပိုကြေးမသွင်းရဘူးဆိုသည့်တိုင် နည်းပညာကြေးသုံးဆယ်ရာခိုင်နှုန်း ပေးဆောင်ရလိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုမူ ၁၅ရာခိုင်နှုန်းသာ တောင်းလာခြင်းမှာ အလွန်ထူးဆန်းလှသည်။

"မစ္စတာခွတ်ရှ်.. ခင်ဗျား တောင်းဆိုချင်တာကိုသာ ပြောလိုက်စမ်းပါ"

"ဟားဟားဟား..ကျွန်တော့်ဘက်က မတောင်းဆိုရဲပါဘူး။ ဒီပူးပေါင်းမှုကတစ်ဆင့် နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ပဲ မျှော်လင့်တာပါ"

ခွတ်ရှ်က စာချုပ်တစ်စောင်ကို ကျန်းမုန့်လောင်အား လှမ်းပေးလိုက်သည်။

"မစ္စတာကျန်း… ခင်ဗျား ဒါကို အရင်ကြည့်ကြည့်လိုက်ပါ"

"ခင်ဗျားက မိုးကြိုးစစ်ဆင်ရေးဂိမ်းရဲ့ အမေရိကန်ဆာဗာကိုယ်စားလှယ်ဖြစ်ချင်တာလား"

ယခုမူ ခွတ်ရှ်ဘက်က ဤမျှသက်သာသောဈေးနှုန်းမျိုးကို ဘာကြောင့်ကမ်းလှမ်းလာသလဲဆိုသည်ကို ကျန်းမုန့်လောင် နားလည်လိုက်လေပြီ။

"ခင်‌ဗျားက ခုနစ်ဆယ်ရာခိုင်နှုန်း လိုချင်တယ်ပေါ့လေ"

ကျန်းမုန့်လောင်လည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

လောဘကြီးလိုက်တာ…

အမှန်တကယ်တွင် ထန်ရွှင်းကဲ့သို့သော ကုမ္ပဏီများမှာ ဖြန့်ချီသူအနေနှင့် ဗီဒီယိုဂိမ်းတီထွင်သူများနှင့်အတူ ၇၀:၃၀ အချိုးဖြင့် အမြတ်ငွေကို မျှဝေကြသည်။ အကြောင်းမှာ သူတို့က ထိုကဲ့သို့သောပမာဏကို တောင်းနိုင်လောက်သည်အထိ ကြီးမားပြီး ဩဇာညောင်းသော ကုမ္ပဏီတစ်ခုဖြစ်၍ပင်။

Cashewကုမ္ပဏီကလည်း ကြီးမားပါသော်ငြား အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်ကသာ ဤဂိမ်းကို အမေရိကန်တွင် ပရိုမိုးရှင်းဆင်းချင်ပါက ခဲရာခဲဆစ်တော့ မဟုတ်ပေ။ သူ့အနေနှင့် ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုကို ဝယ်ပြီး ပရိုမိုးရှင်းစလိုက်ရုံပင်။ ပိုက်ဆံရှိနေသရွေ့ ဘဏ္ဍာရေးခွန်အားဖြင့် သူတို့ဂိမ်းကို ကျော်ကြားအောင် လုပ်နိုင်သည်။

"မစ္စတာခွတ်ရှ်..ခုနစ်ဆယ်ရာခိုင်နှုန်း တောင်းတာကတော့ တအားလောဘကြီးလွန်းမနေဘူးလား"

"မစ္စတာကျန်း.. အဲဒါက သိပ်မများဘူးလို့ထင်ပါတယ်"

ခွတ်ရှ်က ရယ်မောလိုက်လေသည်။

"မစ္စတာကျန်းက အရမ်းချမ်းသာတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါက အမေရိကန်လေ။ ဟွာရှားနိုင်ငံမှမဟုတ်တာ။ ကျွန်တော်တို့ Cashewကုမ္ပဏီမှာ အကောင်းဆုံးလမ်းကြောင်းတွေနဲ့ အားအကောင်းဆုံးအသင်းတွေရှိတယ်။ ဟွာရှားမှာ ဆိုရိုးစကားတစ်ခုရှိတယ်မဟုတ်လား။ တန်ခိုးကြီးတဲ့ နဂါးတစ်ကောင်တောင်မှ ဒေသခံမြွေတစ်ကောင်ကို မဖိနှိပ်နိုင်ဘူးတဲ့လေ။ တကယ်လို့ ခင်ဗျားဘာသာ ပရိုမိုးရှင်းလုပ်မယ်ဆိုရင် အဘက်ဘက်က ဖိအားတွေအများကြီးကို ရင်ဆိုင်ရလိမ့်မယ်"

"ဥပမာပြောရရင် အမေရိကန်ဂိမ်းထုတ်လုပ်သူတွေဆီကပေါ့။ အစိုးရပိုင်းဆိုင်ရာကနေတောင် ဖိအားပေးလာနိုင်တယ်။ တကယ်လို့ ခင်ဗျားတို့ဂိမ်းကသာ အမေရိကကို ဝင်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဂိမ်းလောကကိုလည်း အပြင်းအထန်ထိခိုက်ကုန်မှာဆိုတော့ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တွေကလည်း မျက်နှာလွှဲပေးထားမှာတော့မဟုတ်ဘူး။ အဲဒီလိုပြဿနာမျိုးကို ကျွန်တော်တို့အနေနဲ့ အသာလေးဖြေရှင်းနိုင်တယ်"

"နားလည်ပြီ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ခွတ်ရှ်၏ နောက်ဆုံးစကားနှစ်ခွန်းထဲတွင် တစ်ခွန်းမှာ သူ့ဂိမ်းက ကောင်းမွန်ကြောင်း ချီးကျူးထားပြီး ကျန်တစ်ခွန်းကမူ သူ့အား ခြိမ်းခြောက်ထားသည်။ အဓိပ္ပာယ်မှာမူ သူသာ သူတို့၏အကူအညီမပါဘဲ ဂိမ်းကို အမေရိကတွင် ပရိုမိုးရှင်းဆင်းဖို့ ကြိုးစားပါက အခက်တွေ့ရလိမ့်မည်ဟု ညွှန်းဆိုထားသည်။

ညစာစားပွဲရှိ လေထုအခြေအနေကား ရုတ်ခြည်းတင်းမာလာသည်။

****************

All Chapters