← Chapters

ကျုပ်က ရိုက်မယ်လို့ပြောထားရင် ရိုက်ကိုရိုက်တယ်

Vol. 41 Ch. 603

ကျုပ်က ရိုက်မယ်လို့ပြောထားရင် ရိုက်ကိုရိုက်တယ်

Vol. 41 Ch. 603

"မစ္စတာကျန်း.. ကျုပ်တို့ ဒီနေ့ သဘောတူညီမှုမရရင် ခင်ဗျား ဘာလုပ်မှာလဲ"

ခွတ်ရှ်က ကျန်းမုန့်လောင်၏စကားကို တိုက်ရိုက်ပြန်မဖြေဘဲ မေးခွန်းနှင့်သာ တုံ့ပြန်လိုက်သည်။

"ဖြေရှင်းဖို့ မခက်ပါဘူး။ အချိန်နဲ့ လူအင်အားကို ပိုသုံးလိုက်ရတာပဲရှိတာ"

ကျန်းမုန့်လောင်က ဆို၏။

"ခင်ဗျားတို့ရဲ့ Cashewကုမ္ပဏီကို အစားထိုးပစ်ဖို့ ဘရန်းအသစ်တစ်ခုကို ဖန်တီးလိုက်ရုံပေါ့"

ခွတ်ရှ်ခမျာ ကြက်သေသေသွားလေသည်။ ထိုကဲ့သို့သော စကားမျိုးက အခြားလူသာပြောလာလျှင် သိပ်အရာမရောက်သော်လည်း ကျန်းမုန့်လောင်၏ပါးစပ်က ထွက်လာသောအခါ တွေးကြည့်ဖို့ထိုက်တန်သော ကိစ္စတစ်ခုဖြစ်သွားသည်။

"ဒီလိုဂိမ်းအင်ဂျင်မျိုးကိုတောင် ကျုပ် ထုတ်လုပ်နိုင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့IOSထက် ပိုအစွမ်းထက်ပြီး သုံးလို့ကောင်းတဲ့ စနစ်မျိုးဖန်တီးဖို့ဆိုတာ သိပ်မခက်မှန်း ခင်ဗျား ကောင်းကောင်းသိပါတယ်။ အသုံးပြုသူတွေရဲ့ အကျင့်ကို ပြောင်းလိုက်ရုံလေးပဲ"

"ခင်ဗျားက ကျွန်တော်တို့IOSထက်ပိုကောင်းတဲ့ စနစ်တစ်ခုကို ဖန်တီးထားပြီးပြီလို့ ပြောချင်တာလား"

သူတို့၏Cashewကုမ္ပဏီက ကမ္ဘာပေါ်တွင် နေရာတစ်နေရာယူထားနိုင်ခြင်းမှာ ပထမအချက်က သူတို့၏ထုတ်ကုန်ဒီဇိုင်းများက အလွန်အဆင့်မြင့်လှသောကြောင့်ဖြစ်ပြီး ဒုတိယအချက်ကမူ အင်အားကောင်းလှသော လုပ်ဆောင်နိုင်စွမ်းကြောင့်ဖြစ်၏။

"ဒါပေါ့။ ခင်ဗျားကတော့ ယုံချင်မှယုံလိမ့်မယ်"

ကျန်းမုန့်လောင် တဟားဟားအော်ရယ်လိုက်မိသည်။

"တကယ်တော့ ကျုပ်က ဘရန်းအသစ်တစ်ခု ဖန်တီးဖို့အတွက် ဒေါ်လာဘီလီယံရာဂဏန်းလောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားတာ"

သူသည် ဒေါ်လာဘီလီယံရာဂဏန်းဟူသော ပမာဏကို ဒေါ်လာထောင်ဂဏန်းသာသာ သုံးနှုန်းလိုက်ချေသည်။

"ဒါပေမဲ့ အဲဒီလိုလုပ်စရာတော့မလိုဘူး။ ကျုပ်က ခပ်လျှိုလျှိုလေးပဲနေချင်တာ။ ပြီးတော့ ကျုပ်က တော်တော်လည်းပျင်းတယ်"

ခွတ်ရှ်၏နှုတ်ခမ်းမှာ တစ်စုံတစ်ခုပြောချင်နေသည့်အလား နှစ်ချက်မျှ တွန့်ခနဲဖြစ်သွားသော်လည်း ပြန်ထိန်းချုပ်ထားလိုက်သည်။

ကျန်းမုန့်လောင်၏စကားများက မည်မျှအထိ အံ့ဖွယ်ကောင်းလေသလဲ။ ကျန်းမုန့်လောင်ပြောသမျှ စကားတိုင်းက အမှန်ပင်ဖြစ်ကြောင်း သူ့အလိုလိုသိစိတ်က ပြောနေလေသည်။

ထိုခံစားချက်မှာ ခွန်အားကြီးမားပြီး ပြိုင်ဘက်ကင်းသော ဓားတစ်လက်က သူတို့ခေါင်းပေါ်တွင် တစ်ချိန်လုံးတွဲလဲခိုနေပြီး ခြေလှမ်းနည်းနည်းမှားသည်နှင့် ခုတ်ဖြတ်ပစ်ရန် အဆင်သင့်ဖြစ်နေသည့်အလားပင်။

သူ့တစ်သက်တွင် သူတို့၏Cashewကုမ္ပဏီကို တစ်စုံတစ်ယောက်က အင်အားစိုက်ထုတ်စရာမလိုဘဲ အသာလေးပြိုလဲသွားအောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝတွေးမထားခဲ့ဖူးပေ။

"ကောင်းပါပြီ"

ခွတ်ရှ်လည်း မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။

"ကျွန်တော် ခင်ဗျားရဲ့သတ်မှတ်ချက်တွေကို သဘောတူတယ်။ ကျွန်တော့်ဘက်က ၂၀ရာခိုင်နှုန်းပဲယူမယ်။ ဒါပေမဲ့ မစ္စတာကျန်း.. ခင်ဗျား ကျွန်တော်တို့ကို တစ်ခုတော့အာမခံပေးရမယ်"

"ပြောလေ"

"မစ္စတာကျန်း.. ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ Cashewကုမ္ပဏီကို သက်ညှာပေးရမယ်။ အနည်းဆုံးတော့ အခွင့်အရေးတစ်ခု ပေးရမယ်"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်ကလည်း ခွတ်ရှ်နှင့် လက်ချင်းဆွဲလိုက်သည်။

"အခု ကျုပ်တို့က စီးပွားရေးပါတနာတွေ ဖြစ်သွားပြီ။ ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်က မိတ်ဆွေတွေကို ဘယ်တုန်းကမှ သစ္စာမဖောက်ဖူးသလို ကျုပ်ရဲ့မိတ်ဆွေတွေကလည်း ကျုပ်ကို အကောက်မကြံဖို့ မျှော်လင့်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ခင်ဗျားလည်း ကျုပ်တို့ဘက်က မားမားမတ်မတ်ရပ်တည်ပေးရမယ်"

ကျန်းမုန့်လောင်၏ဆိုလိုရင်းကို ခွတ်ရှ် နားလည်သည်။ သူတို့၏ဂိမ်းကို လမ်းကြောင်းအားလုံးတွင် ပရိုမိုးရှင်းလုပ်လိုက်သည်နှင့် အခြားပင်မဂိမ်းထုတ်လုပ်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။ ကျန်းမုန့်လောင်နှင့် ဆက်လက်တွဲရန်အတွက် သူနှင့်အတူ ယှဉ်မတိုက်ပေးသည့်တိုင် အနည်းဆုံးတော့ စိတ်ဝင်စားမှုမရှိသည့် စောင့်ကြည့်လေ့လာသူတစ်ယောက်အဖြစ် ဆက်နေ၍ရသည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့သတ်မှတ်ချက်က ဘယ်ဘက်ကိုမှမလိုက်ဖို့ပဲ။ ခင်ဗျား ကျွန်တော်တို့ရဲ့အနေအထားကို နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"ဒါဆို ကျုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှု ဖြောင့်ဖြူးဖို့ မျှော်လင့်ပါတယ်"

ကျန်းမုန့်လောင်သည် Cashewကုမ္ပဏီ၏အကူအညီကို မျှော်လင့််မထားချေ။ သူတို့သာ ဝင်မပါလျှင် သူ့အနေနှင့်လည်း ဒုက္ခပိုနည်းမည်သာ။

"ပူးပေါင်းမှုအောင်မြင်ပါစေ"

ခွတ်ရှ်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ကျန်းမုန့်လောင်လို လူတစ်ယောက်နှင့် ပတ်သက်ရခြင်းမှာ အလွန်ပင်ပန်းလှသည်။ သူသည် ဘာရှုပ်ထွေးမှုမှမရှိသည့် လူငယ်တစ်ယောက်မျှသာဖြစ်သော်ငြား သူ့စည်းစိမ်ဥစ္စာကြောင့် သူ့အား ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။

...

"မိုဘိုင်းဂိမ်းတွေကို အသုံးချလိုက်တော့။ ပြီးရင် ကမ္ဘာ့အဓိကဘာသာစကားတွေကို ဘာသာပြန်ထားလိုက်။ ကျုပ်တို့ရဲ့တိုက်စစ် စကြမယ်"

ဟွာရှားနိုင်ငံသို့ ပြန်ရောက်သည်နှင့် ကျန်းမုန့်လောင်မှာ ဤသတင်းကို မာဟွားနှင့် တင်းဆန်ရှီတို့အား ချက်ချင်းပေးပို့လိုက်သည်။

"ဒီနေ့ကစပြီး လူတိုင်း အချိန်ပိုဆင်းရမယ်"

"ဘာ? အချိန်ပိုကြေးလား။ နားထောင်.. ပရောဂျက်ကိုသာ အချိန်မီလက်စသတ်ကြ။ ပရောဂျက်ဘောနပ်စ်ကို နှစ်ဆပေးမယ်။ သတ်မှတ်ရက်ထက် သုံးရက်စောတိုင်း အဲဒီဘောနပ်စ်ကို နှစ်ဆထပ်တင်ပေးမယ်"

"ဟင်.. ကုမ္ပဏီက ပွပေါက်တိုးထားတာလား"

"ပွပေါက်တိုးတာထက်တောင် ပိုသေးတယ်။ ဒီပရောဂျက်သာ အောင်မြင်သွားရင် ငါတို့တွေက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဂိမ်းထုတ်လုပ်သူ ဖြစ်သွားပြီ။ မင်းက ပိုက်ဆံအကြောင်း စကားဟနေသေးတာလား"

မာဟွားနှင့် တင်းဆန်ရှီတို့မှာ အားဆေးသွင်းထားသည့်အလား တက်ကြွနေကြသည်။ ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်း၏ ဝန်ထမ်းများကလည်း အရူးအမူးအချိန်ပိုဆင်းကြတော့သည်။

ဤဂိမ်းကုမ္ပဏီကြီးများတွင် ပရောဂျက်ဘောနပ်စ်များမှာ လစာကိုပင် ကျော်သွားတတ်သည်။ ထိုအဓိပ္ပာယ်မှာ သူတို့သာ အချိန်မီပြီးလျှင် ဤသုံးပတ်အတွင်း လစာမှာ နှစ်ဆဖြစ်သွားပေလိမ့်မည်။

သုံးရက်စောခဲ့ပါလျှင် ပမာဏက သုံးဆဖြစ်သွားပြီး ခြောက်ရက်စောခဲ့ပါက လေးဆပင်။

ထိုလုပ်ငန်းရှင်ကြီးများ၏ မနက်ကိုးနာရီရုံးတက်ပြီး ညနေခြောက်နာရီ ရုံးဆင်းရသည့် လုပ်ငန်းစဉ်ကိုပင် အမြတ်ထုတ်သည်ဟု မထင်လိုက်လေနှင့်။ တကယ်တမ်းတွင် အချိန်ပိုကြေးမပေးလျှင်လည်း အမြတ်ထုတ်ခြင်းသာဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင်ပင် လူတွေကတော့ မနက်ကိုး၊ညခြောက်အလုပ်များကို အလုအယက်လုပ်နေကြဆဲသာ။

သို့သော် လစာသာ မှန်ကန်မည်ဆိုလျှင် မနက်ကိုး၊ ညနေခြောက်နာရီတင်မက နှစ်ဆယ့်လေးနာရီအတိုင်း ခုနစ်ရက်တိတိ အလုပ်ဆင်းရလျှင်ပင် လုပ်နိုင်ကြသည်။ လစာသာ မှန်မှန်ကန်ကန်ပေးပါက ကုမ္ပဏီကလည်း သူတို့အိမ်လို ဖြစ်လာပြီး ထိုနေရာမှာပင် နေထိုင်စားသောက်ရမည့်အရေးကိုလည်း မမှုကြချေ။

ထိုကဲ့သို့သော စိတ်အားထက်သန်မှုများကြောင့် ပရောဂျက်က လေအလျင်အတိုင်း မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့သည်။

ပထမအပတ်မှာပင် "မိုးကြိုးစစ်ဆင်ရေး"ဂိမ်းမှာ Cashewစတိုး၏ ပင်မစာမျက်နှာတွင် ပေါ်လာခဲ့သည်။

ဒုတိယအပတ်တွင် "မိုးကြိုးစစ်ဆင်ရေး"ဂိမ်း၏ အမေရိကန်ဗားရှင်းကို Cashewကုမ္ပဏီက မိတ်ဆက်လိုက်လေရာ အမေရိကတိုက်တစ်ခုလုံးတွင် ရေလှိုင်းကြီးတစ်ခုပမာ လွှမ်းခြုံသွားခဲ့သည်။

အထူးဖန်တီးထားသော ဤဂိမ်းမှာ အဆုံးမသတ်နိုင်သော ဂိမ်းပုံစံများနှင့် အဆင့်မြင့်ကိရိယာများအပြင် အလွန်ကောင်းမွန်လှသော ဂိမ်းအတွေ့အကြုံများကြောင့် ကစားသမားတိုင်းကို အံ့အားသင့်စေခဲ့သည်။

မိုဘိုင်းဂိမ်းများက ဘာကြောင့် နာမည်ကြီးရလေသလဲ။ အကြောင်းမှာ အလွယ်တကူကစားနိုင်သောကြောင့်ပင်။ တစ်ပွဲလျှင် မိနစ်နှစ်ဆယ်မျှသာ ကြာနိုင်သောကြောင့် ထိုအချိန်လေးကို ကောင်းကောင်းအသုံးချ၍ရနိုင်သည်။

ထို့ပြင် "မိုးကြိုးစစ်ဆင်ရေး"ဂိမ်းက ကွန်ပျူတာဗားရှင်းထက် ပိုသာသော အတွေ့အကြုံကို ပေးစွမ်းထားသဖြင့် မိုဘိုင်းဖုန်းများဖြင့် ကစားခြင်းမှာ ပိုအဆင်ပြေလှသည်။

ထိုအချိန်မှာပင် ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်းတို့ဘက်က ကြေညာချက်အသစ်တစ်ခု ထုတ်ပြန်ခဲ့သည်။ "မိုးကြိုးစစ်ဆင်ရေး"ဂိမ်းသည် မူရင်းဗွီအာစက်ထက် အရွယ်အစားပိုကောင်းအောင် ပြုပြင်ထားသော ဗွီအာစက်တစ်မျိုးနှင့် မိတ်ဆက်ပေးတော့မည်ဟု ဆိုထားသည်။ ထိုအရာမှာ အနီးမှုန်သမားများတပ်သည့် သာမန်မျက်မှန်တစ်လက်နီးနီးရှိပြီး ဈေးနှုန်းကလည်း မူရင်းဈေးထက် နှစ်ဆသာရှိသည်။

ဒေါ်လာလေးရာတန်ဗွီအာကိရိယာဆိုသည်မှာ ပြိုင်ဆိုင်မှုမြင့်မားနေဆဲပင်။

"ငါတို့အမေရိကန်တွေက ဟွာရှားလူမျိုးတွေ ဖန်တီးထားတဲ့ ဂိမ်းတွေကို လုံးဝကစားမှာမဟုတ်ဘူး။ သူတို့က လိမ်လည်လှည့်ဖြားတဲ့နိုင်ငံပဲ"

"ဟွာရှားဂိမ်းတွေကို သပိတ်မှောက်ကြ။ မိုးကြိုးစစ်ဆင်ရေးဂိမ်းကို သပိတ်မှောက်ကြ"

ဂိမ်းကို စတင်မိတ်ဆက်ချိန်မှာ အမေရိကန်ကစားသမားများက အပြင်းအထန်သပိတ်မှောက်နေကြဆဲသာ။

သို့သော် ပထမဆုံးအမေရိကန်ကစားသမားတစ်ယောက်က သူ့ဟွာရှားမိတ်ဆွေတစ်ယောက်၏ တိုက်တွန်းမှုကြောင့် စမ်းကစားကြည့်ပြီးနောက်တွင်မူ "အရမ်းကောင်းတယ်"ဟုပင် စိတ်ရင်းအမှန်ဖြင့် ချီးကျူးကြလေတော့သည်။

ရက်အနည်းငယ်အတွင်းမှာပင် အမေရိကအတွင်း၌ ဒေါင်းလုတ်လုပ်သည့်နှုန်းက ကြောက်မက်ဖွယ်ပင် ကောင်းနေသေးသည်။ စတော့ဈေးကွက်များလည်း ဆက်တိုက်မြင့်တက်လာပြီး တစ်ပတ်အတွင်းမှာပင် ဆယ်သန်းဒေါင်းလုတ်လုပ်နှုန်းဟူသည့် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကိုပါ ဖန်တီးခဲ့သည်။

အမေရိကမှ ဟွာရှားနိုင်ငံသို့ အမှာစာအမြောက်အများရောက်လာသဖြင့် ကိရိယာများအတွက် ကြိုတင်မှာယူမှုကလည်း နှစ်လအထိ နောက်ဆုတ်သွားခဲ့ရလေရာ ကစားသမားအားလုံးနီးပါးမှာ ဗွီအာစက်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။

ဤဖြစ်ရပ်၏ တိုက်ရိုက်သက်ရောက်မှုမှာ စစ်မြေပြင်ပစ်ခတ်ရေးဂိမ်းများ၏ စာရင်းအင်းများ ထိုးကျကုန်ခြင်းပင်။

"PUBG"ကစားသမားများ၏ ကစားနှုန်းလည်း ၅၇.၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

"အုပ်စိုးသူအရှင်"ဂိမ်း၏ ကစားသမားလှုပ်ရှားမှုနှုန်းမှာမူ ၇၂.၃ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။

...

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ Cashewကုမ္ပဏီက အဲဒီကောင် ကျန်းမုန့်လောင်နဲ့ ဘယ်လိုလုပ်ပြီး လက်တွဲသွားတာလဲ"

ဒေတာအစီအရင်ခံစာကို ကိုင်ထားသည့် မိုက်ကယ်ခမျာ ပတ်တီးစည်းထားတဲ့ လက်နှစ်ဖက်စလုံး တုန်ယင်နေချေသည်။

"သူဌေး..ကျွန်တော်တို့ဂိမ်းရဲ့တက်ကြွလှုပ်ရှားမှုနှုန်းက နေ့တိုင်း ထိုးကျနေပါတယ်။ ဒါတောင် "မိုးကြိုးစစ်ဆင်ရေး"ရဲ့ ကိရိယာတွေက လက်ရှိအချိန်မှာ ပစ္စည်းပြတ်နေသေးလို့ပါ"

"ကစားသမားတော်တော်များများက ရွေးချယ်စရာမရှိလို့သာ ကျွန်တော်တို့ဂိမ်းကို ကစားနေကြရတာ"

"ဝမ်ယိဂိမ်းနဲ့ ထန်ရွှင်းဂိမ်းက ထုတ်လုပ်ရေးလိုင်းတချို့ကို ဝယ်ယူထားတယ်လို့ သတင်းရထားပါတယ်။ သူတို့ရဲ့စုစုပေါင်းထုတ်လုပ်နိုင်စွမ်းက တစ်နှစ်ကို သန်းပေါင်းရာဂဏန်းတောင် ကျော်နေပါပြီ။ ကိရိယာထုတ်လုပ်မှုကိုသာ အရှိန်မြှင့်နိုင်ခဲ့ရင် ကျွန်တော်တို့ဂိမ်းတွေလည်း ရပ်တည်စရာနေရာရှိမှာမဟုတ်ပါဘူး"

"ငါသိတယ်"

မိုက်ကယ် အံတင်းတင်းကြိတ်လိုက်မိသည်။ ထိုဂိမ်းကို သူကိုယ်တိုင်လည်း ကစားကြည့်ပြီးပြီဖြစ်၏။ သူတို့၏"အုပ်စိုးသူအရှင်"ဂိမ်းမှာ "မိုးကြိုးစစ်ဆင်ရေး"ထက် မည်မျှအထိ အဆင့်နိမ့်နေသလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ဦးနှောက်ရှိသည့်လူတိုင်းကတော့ သူတို့ဂိမ်းကို ရွေးချယ်မည်မဟုတ်။

"အုပ်စိုးသူအရှင်ကို စွန့်လွှတ်လိုက်တော့"

ဤကဲ့သို့ စတေးရန် လိုအပ်လာပြီဖြစ်ကြောင်း မိုက်ကယ် သိသည်။

"သူတို့က စစ်မြေပြင်တိုက်ပွဲဂိမ်းတွေ ဖန်တီးထားတာဆိုတော့ ငါတို့လည်း သူတို့နဲ့ ပြိုင်မနေတော့ဘူး။ 'အုပ်စိုးသူအရှင်'ဂိမ်းကို ဖျက်သိမ်းပြီး အရင်းအမြစ်တွေအားလုံးကို Warcraftထဲမှာ ပုံအောလိုက်တော့။ 'Role-playing'နဲ့ မဟာဗျူဟာမြောက်ဂိမ်းနယ်ပယ်မှာဆိုရင်တော့ ငါတို့ မရှုံးနိုင်ဘူး"

...

"အုပ်စိုးသူအရှင်"ဂိမ်းက ဂိမ်းကိုရပ်ဆိုင်းတော့မည်ဟု ကြေညာလိုက်သည်။

ဟွာရှားနိုင်ငံတွင် ကျန်းမုန့်လောင်တို့တစ်သိုက်မှာ ဤသတင်းကို ချက်ချင်းရခဲ့ကြသည်။ သူတို့သုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဘဝခိုက်လေဟန်အပြုံးများကို ပြုံးလိုက်ကြသည်။

"လက်တစ်ဖက်ဖြတ်ပစ်လိုက်ရုံနဲ့ အကုန်ဆုတ်ခွာနိုင်မယ်များ ထင်နေတာလား"

ကျန်းမုန့်လောင်က ရယ်လိုက်၏။

"ငါ မင်းကို ခပ်ပြင်းပြင်းရိုက်ချပြမယ်လို့ ပြောခဲ့တယ်မလား"

"လူကြီးမင်းတို့… ကျုပ်တို့ရဲ့မဟာဗျူဟာအဆင့်နှစ်ကို စလို့ရပြီ"

*****************

All Chapters