ကျုပ်မှာ ခန္ဓီပါရမီ သိပ်မရှိဘူး
Vol. 41 Ch. 604
"ကမ္ဘာ့ပစ်ခတ်ရေးဗျူဟာဂိမ်းတွေဟာ "မိုးကြိုးစစ်ဆင်ရေး"ဂိမ်းရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားပါပြီ။ အခုဆိုရင် ဒီဂိမ်းရဲ့ဈေးကွက်ရှယ်ယာက ရှစ်ဆယ်ရာခိုင်နှုန်းကျော်သွားပြီလို့ ခန့်မှန်းသိရှိရပါတယ်"
"ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရတော့ မိုးကြိုးစစ်ဆင်ရေးဟာ အလွန်ကောင်းမွန်တဲ့လက်ရာတစ်ခုဖြစ်ပြီး သူ့အင်ဂျင်နဲ့ ရုပ်ထွက်စွမ်းရည်က ဈေးကွက်ထဲမှာရှိတဲ့ ထိပ်တန်းဂိမ်းအင်ဂျင်တွေထက် ငါးနှစ်ကျော်စာ သာလွန်နေပါတယ်။ နောက်လာမဲ့ငါးနှစ်အတွင်းမှာ အရည်အသွေးပိုင်းမှာ ဘယ်ဂိမ်းကမှ ဒီဂိမ်းကိုယှဉ်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်"
"Steamက PUBGကို ဖျက်သိမ်းပြီး လုပ်ငန်းလည်ပတ်မှုကို ဦးတည်ချက်ပြောင်းလဲလိုက်ပါပြီ"
"ပေါင်လဲ့ကုမ္ပဏီက အုပ်စိုးသူအရှင်ဂိမ်းကိုဖျက်သိမ်းပြီး ပင်မထုတ်လုပ်သူတွေနဲ့ လုပ်ငန်းလည်ပတ်ရေးသမားတွေကိုလည်း 'World of Warcraft'အဖွဲ့ဆီကို လွှဲပြောင်းလိုက်ပါပြီ။ ပေါင်လဲ့ကုမ္ပဏီရဲ့မန်နေဂျာကတော့ ကုမ္ပဏီဘက်က ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုခိုင်မာစေဖို့အတွက် အဖွဲ့ကို အကောင်းဆုံးဖြစ်အောင်ပြုပြင်ဖို့နဲ့ တိုးချဲ့ဖို့အတွက် အမေရိကန်ဒေါ်လာသန်းနှစ်ဆယ် ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်"
...
"ဟုတ်ပြီဟေ့။ ဒီတစ်ခေါက်တော့ ငါတို့ဟွာရှားဂိမ်းတွေက တိုးတက်လာပြီ။ အရင်တုန်းက နေရာယူထားတဲ့ ဂိမ်းကုမ္ပဏီကြီးတွေကိုတောင် ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်လိုက်ပြီ"
"မတတ်နိုင်ဘူးလေ။ ဒီလိုအစွမ်းထက်တဲ့ ဗွီအာဂိမ်းမျိုးကို ကုန်ကျစရိတ်ကလည်း နည်းသေးတယ်။ ရှုထောင့်ပေါင်းစုံတိုက်ခိုက်မှုကလည်း ဖြစ်နေသေးတယ်။ ပရိုမိုးရှင်းကလည်းကောင်းတော့ ဒီလိုရလဒ်မျိုးထွက်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး"
"ကျန်းမုန့်လောင်ရဲ့ အံ့မခန်းလှုပ်ရှားမှုတွေပါပဲကွာ။ ဂိမ်းကစားရုံနဲ့ အိမ်တွေကားတွေကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ မင်းတို့ ကြားဖူးလို့လား။ အသက်ငါးဆယ်ကျော်နေတဲ့ ငါ့အဖေတောင် စစ်မြေပြင်ထဲမှာ Kar98kနဲ့ တိုက်ခိုက်နေပြီ"
"တော်စမ်းပါ ကိုယ့်လူရာ..ငါ့အဘိုးတောင် ကစားနေတာဟ"
"ငါ့ဘိုးဘေးတွေက ငါ့အိမ်မက်ထဲကိုလာပြီး တစ်မိသားစုလုံးကို ဂိမ်းကစားဖို့ ပြောသွားတယ်လို့ အိပ်မက်မက်တယ်။ ဘယ်သူက ဒီလိုသွေးဆောင်မှုမျိုးကို ခံနိုင်ရည်ရှိမှာလဲ"
...
"ကျန်းမုန့်လောင်...ကျုပ်တို့ အခု ငွေဖြည့်စနစ်ကို စလို့ရပြီလား"
မာဟွား၏ပုံမှန်စံနှုန်းအတိုင်းဆိုလျှင် နာမည်ကြီးလာသည်နှင့် ငွေမရှာဘူးဆိုပါက ရူးမိုက်ရာကျသည်။
"ဘာတွေလောနေတာလဲ"
ကျန်းမုန့်လောင်ကမူ ပိုက်ဆံရှာရန် လုံးဝစိတ်မဝင်စားပေ။
"ကျုပ်တို့ တခြားကုမ္ပဏီတွေကို အကုန်ဖြိုချပစ်ပြီးပြီလေ။ အခုဆိုရင် ကျုပ်တို့ကုမ္ပဏီတစ်ခုတည်းပဲ ကျန်တော့တာ။ ခင်ဗျားက ပိုက်ဆံမရှာနိုင်မှာကို စိုးရိမ်နေတုန်းလား"
တကယ်တမ်းတွင် မာဟွားနှင့် တင်းဆန်ရှီတို့ စိတ်ပူနေခြင်းကိုလည်း အပြစ်တင်၍မရပေ။ မကြာသေးခင်တုန်းက သူတို့ကုမ္ပဏီများမှာ အလွန်အထိနာထားသည်။ ဂိမ်းက ငွေမရှာနိုင်သေးသော်လည်း လုပ်ငန်းလည်ပတ်ရေးဝန်ထမ်းနှင့် ကြော်ငြာအစရှိသော အရာများထံမှ ကုန်ကျစရိတ်များကမူ ဆက်တိုက်ထွက်နေခဲ့သည်။ သူတို့က ချမ်းသာသည့်တိုင် အထိနာဆဲပင်။
"အီးမေးလ်စစ်ကြည့်လိုက်"
ကျန်းမုန့်လောင်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။
ထိုနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူတို့၏အီးမေးလ်များကို ဖွင့်ကြည့်လိုက်လေရာ ကုမ္ပဏီများနှင့် ဆက်သွယ်ရန်လိပ်စာများ၏ စာရင်းတစ်ခု ရှိနေချေသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီလူတွေက ကျုပ်ဆီကိုလာပြီး မိုးကြိုးစစ်ဆင်ရေးဂိမ်းအတွက် ကိုယ်စားလှယ်ယူချင်တယ်လို့ ကမ်းလှမ်းလာတယ်"
တကယ်တမ်းတွင် Cashewကုမ္ပဏီက မိုးကြိုးစစ်ဆင်ရေး၏ အမေရိကတိုက်ကိုယ်စားလှယ်ဖြစ်သွားသည့်နောက် ကုမ္ပဏီတော်တော်များများကလည်း ဒေသအသီးသီးအတွက် ကိုယ်စားလှယ်အခွင့်အရေးကို အရယူလိုသည့် မျှော်လင့်ချက်ဖြင့် ရရာနည်းလမ်းကိုသုံးကာ သူ့ကို ဆက်သွယ်ကြတော့သည်။
ကျန်းမုန့်လောင်ကမူ သူတို့ကို လျစ်လျူရှုခဲ့သည်။ လူလည်တစ်ယောက်အနေနှင့် သူသည် ငါးဖမ်းနည်းကို ကောင်းကောင်းတတ်ကျွမ်း၏။ သင့်ငါးစားက ကောင်းမွန်နေပါက ငါးမမိမည်ကို စိုးရိမ်နေစရာမလိုပေ။
ဤရက်ပိုင်းအတွင်း Cashewစတိုးတွင် ဒေါင်းလုတ်လုပ်နှုန်း မြင့်တက်လာသည်ကို မြင်သောအခါ ဤဂိမ်းကုမ္ပဏီများမှာ စိုးရိမ်ပူပန်လာကြသည်။ ဈေးကွက်ထဲတွင် ရှင်သန်ရပ်တည်နိုင်သော ပစ်ခတ်ရေးဂိမ်းမှာ တစ်ခုတည်းသာ ရှိတော့သည်ဆိုလျှင် ထိုဂိမ်းမှာ 'မိုးကြိုးစစ်ဆင်ရေး'ဂိမ်းပင် ဖြစ်ပေလိမ့်မည်။ ကိုယ်စားလှယ်အခွင့်အရေးကိုသာ ခပ်စောစောအရယူထားနိုင်လျှင် နောက်ပိုင်းမှာ အကျိုးအမြတ်များကို မရနိုင်မည့်အရေးအတွက်လည်း စိုးရိမ်စရာမလိုချေ။
ဤဂိမ်းကိုယ်စားလှယ်များမှာ မြင့်မားလှသော တောင်းဆိုမှုများကို လုပ်လာလိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင် အတပ်သိထားသည်။ ထို့ကြောင့် သူတို့ကို ကြိုးရှည်ရှည်နှင့်လှန်ထားရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ တကယ်တမ်းလိုအပ်နေသူမှာ မည်သူဖြစ်ပြီး အာဏာကိုင်စွဲထားသူမှာ မည်သူဖြစ်ကြောင်း သူတို့ သဘောပေါက်သွားလိမ့်မည်။
"ခင်ဗျားတို့သူဌေးနှစ်ယောက်က ကိုယ်စားလှယ်အခွင့်အရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးစရာရှိတာတွေကို တာဝန်ယူထားလိုက်။ ကျုပ်ကတော့ ခင်ဗျားတို့တွေ အကျိုးအမြတ်ခွဲဝေရေးကို ဘယ်လိုညှိနှိုင်းမလဲဆိုတာကို စိတ်မဝင်စားဘူး။ ခင်ဗျားတို့ရှာနိုင်တာက ခင်ဗျားတို့ငွေပဲ။ ကျုပ်ကတော့ ဒီဂိမ်းရဲ့ဝင်ငွေတစ်ဝက်ကိုပဲ လိုချင်တယ်"
သူတို့၏မျက်လုံးများ ချက်ချင်းဝင်းလက်သွားလေသည်။ တိတိကျကျပြောရလျှင် ကျန်းမုန့်လောင်သည် ဤဂိမ်း၏တီထွင်သူဖြစ်ပြီး သူတို့ကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံရမည်သာ။ ပုံမှန်ဆိုလျှင် ဂိမ်းထုတ်လုပ်သူများမှာ ရာခိုင်နှုန်းများများစားစား မရကြပေ။
သို့သော် ဤသည်မှာ ကျန်းမုန့်လောင်အတွက်တော့ အလုပ်မဖြစ်ပေ။ သူတို့သည် အစတုန်းက ကျန်းမုန့်လောင်ဆီက သုံးဆယ်ရာခိုင်နှုန်းမျှသာ ရနိုင်ရန် မျှော်လင့်ထားခဲ့သည်။ ဤပမာဏကပင် ကောင်းလွန်းနေလေပြီ။ သို့သော် ယခုမူ သူတို့ထင်ထားသည်ထက်ပင် အခြေအနေပိုကောင်းနေသေးသည်။
သူတို့အနေနှင့် ပိုက်ဆံပိုရှာချင်သည်မှာ အမှန်ပင်။ သူတို့ကုမ္ပဏီနှစ်ခု အချင်းချင်းတိုက်ခိုက်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ကျန်းမုန့်လောင်နှင့် ဈေးထပ်ညှိခြင်းကလည်း မိုက်မဲလှသောလုပ်ရပ်ပင်။ ထို့ကြောင့် သူတို့သာ ငွေရှာချင်ပါက ထိုကိုယ်စားလှယ်များထံမှ ငွေညှစ်ထုတ်ရမည်။
"လေလာဂိမ်းတဲ့လား။ ဆိုနီဂိမ်း.."
စာရင်းထဲရှိ ရင်းနှီးကျွမ်းဝင်နေသော နာမည်များကို တစ်ခုပြီးတစ်ခု မြင်လိုက်ရချိန်တွင် မာဟွား ပြုံးလိုက်မိတော့သည်။
ဟွာရှားဂိမ်းများနှင့် ကစားသမားများကို သပိတ်မှောက်ခဲ့စဉ်က ဤမိတ်ဆွေဟောင်းကြီးများက ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ကြကြောင်း သူတို့ ကောင်းကောင်းမှတ်မိနေဆဲပင်။
ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းရေးနှင့် အပြန်အလှန်ဆက်ဆံရေးတိုးတက်စေဖို့ဆိုသည်မှာ အရေးမပါသော စကားများပင်။ သူတို့သည် လူတစ်ယောက် လဲကျနေချိန်တွင် ကန်ချရာ၌ အခြားလူများထက်ပင် ပိုမြန်သေးသည်။
ထို့ပြင် သူတို့ဘရန်း၏ပုံရိပ်ကို ထိခိုက်စေခဲ့သည့်အတွက် လျော်ကြေးငွေအမြောက်အများကိုလည်း တောင်းဆိုခဲ့ကြသည့်အပြင် ထန်ရွှင်းဂိမ်းအေဂျင်စီများအတွက် ကော်မရှင်ခကိုလည်း လျှော့ချခဲ့သေးသည်။ ဤလုပ်ရပ်များကို မာဟွား လုံးဝမမေ့ချေ။
ယခုမူ သူတို့၏ဂိမ်းအတွက် ဖြန့်ချိခွင့်ကို အရယူရန်အတွက် သူတို့အားလုံး တန်းစီ၍ စောင့်နေရလေပြီ။ ဤသည်မှာ ဩချဖွယ်ကောင်းသော ကံကြမ္မာတစ်ပတ်လည်မှုပင် မဟုတ်ပါလား။ မာဟွား၏စိတ်ထဲတွင် ဤသို့သောပုံရိပ်များဖြင့် ပြည့်နှက်နေချေသည်။
"မင်းတို့တွေက သိပ်တော်သိပ်တတ်နေတာမဟုတ်လား။ မင်းတို့ရဲ့ဂိမ်းက ကမ္ဘာ့အကောင်းဆုံးတွေလို့ ထင်နေတာမဟုတ်ဘူးလား။ မင်းတို့ အဲဒီလောက် တော်နေရင်လည်း ငါတို့ဟွာရှားဂိမ်းတွေကို လိုင်စင်ယူဖို့အတွက် မလာခဲ့နဲ့လေ"
"မင်းက ကိုယ်စားလှယ်ဖြစ်ချင်တယ်ပေါ့လေ။ ဒါဆို ငွေအရင်ထုတ်လိုက်"
တင်းဆန်ရှီ၏မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားနေဟန် အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။ လေယူရာယိမ်းသည့် ဤမိတ်ဆွေကြီးများကို ရွံစရာကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည်ကို သူ စဉ်းစားထားပြီးဖြစ်၏။ ယခုတော့ သူတို့အတွက် လက်စားချေပြီး နာကျည်းမှုများကို ဖွင့်ထုတ်ရမည့် အခွင့်အရေးတစ်ခု ရောက်လာလေပြီ။
...
"လူကြီးမင်းတို့… 'နတ်ဘုရားဧကရာဇ်လောက'ဂိမ်းကို စမိတ်ဆက်လို့ရပြီ"
ကျန်းမုန့်လောင်က ကြေညာလိုက်၏။
"တစ်ခုတည်းလား"
တင်းဆန်ရှီ အံ့အားသင့်သွားလေသည်။
ဘာလို့ တစ်ခုတည်း မိတ်ဆက်ရတာလဲ။ သူတို့၏ဂိမ်းများက လက်ရှိအချိန်တွင် အလွန်ရေပန်းစားနေသည်ဖြစ်ရာ အကုန်လုံးကို ထုတ်ပြလိုက်ပါက အလွန်စိတ်လှုပ်ရှားဖို့ကောင်းသော သက်ရောက်မှုတစ်ခုကို ဖန်တီးနိုင်မည်မှာ ကျိန်းသေပေါက်ပင်။
"မစ္စတာကျန်း.. ကျန်တဲ့ဂိမ်း၁၃ခုစလုံးကို ထုတ်လွှင့်မှာပဲဆိုရင် တစ်ခါတည်း အကုန်ချပြလိုက်ပါတော့လား"
မာဟွားက မေးကြည့်လိုက်၏။
"အဲဒါဆိုရင် အကျိုးသက်ရောက်မှုက ပိုကောင်းမသွားဘူးလား"
"မဖြစ်ဘူး"
ကျန်းမုန့်လောင်ကမူ ပြုံးစစဖြင့် ပြောလိုက်သည်။
"သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ရင် ပျော်ဖို့မကောင်းတော့ဘူးလေ။ ကျုပ်က ဖြည်းဖြည်းချင်းကစားရတာကိုမှ ကြိုက်တာ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ပေါင်လဲ့ကုမ္ပဏီက အုပ်စိုးသူအရှင်ဂိမ်းကို သူတို့ရဲ့စာရင်းထဲက ဖယ်ရှားပြီး ဘဏ္ဍာရေးနဲ့ လူသားအရင်းအမြစ်တွေအကုန်လုံးကို 'World of Warcraft'မှာ ပုံအောထားလိုက်ပြီမလား။ သူတို့တင်မဟုတ်ဘူး။ တခြားကုမ္ပဏီတော်တော်များများကလည်း Role-playingအမျိုးအစားကို အာရုံစိုက်နေကြတယ်"
"စဉ်းစားကြည့်လိုက်။ သူတို့ရဲ့အရင်းအမြစ်တွေ၊ အချိန်တွေနဲ့ ငွေကြေးတွေအားလုံးကို ထုတ်သုံးပြီးတော့မှ သူတို့ရဲ့ဂိမ်းတွေကို ချေမှုန်းပစ်နိုင်မဲ့ ဂိမ်းတစ်ခုက ဈေးကွက်ထဲကို ရောက်လာခဲ့ရင် သူတို့ ဘယ်လိုဖြစ်သွားမယ်လို့ထင်လဲ။ တခြားဂိမ်းတွေလည်း ဒီလိုပဲလေ"
"ဟစ်!"
ကျန်းမုန့်လောင်၏စကားကြောင့် မာဟွားနှင့် တင်းဆန်ရှီတို့မှာ ကျောချမ်းသွားရသည်။
အကယ်၍ ကျန်းမုန့်လောင်ကသာ ဤဂိမ်းများကို တစ်ပြိုင်တည်းထုတ်ပြလိုက်မည်ဆိုပါက သူတို့သည် ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးပစ်နိုင်မည်မှာ အမှန်ပင်။ အခြားဂိမ်းကုမ္ပဏီများဘက်က ကြိုးစားအားထုတ်နေသည့်တိုင် သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် ဤကုမ္ပဏီများ ယခုအချိန်အထိ ရပ်တည်လာနိုင်ခဲ့ခြင်းမှာ အကြောင်းပြချက်တစ်ခုရှိသည်။ သူတို့တွင် ရှင်သန်ရပ်တည်နိုင်သော ကိုယ်ပိုင်နည်းလမ်းများရှိ၏။ ဤဂိမ်းအမျိုးအစား၁၄ခုတွင် ရှင်သန်ရပ်တည်နိုင်လောက်သည့် နေရာလွတ်လေးများကို သူတို့ ရှာနိုင်သည်။
ဤအချက်မှာ သူတို့တွင် ဤအကူးအပြောင်းကာလကို တောင့်ခံနိုင်သည့် လူအင်အားနှင့် အရင်းအမြစ်များ လုံလုံလောက်လောက်ရှိသည်ဟု ဆိုလိုပေသည်။
သုံးစွဲသူများသော ဂိမ်းများကိုသာ သူတို့ မဖန်တီးနိုင်ပါက ဂိမ်းအသေးစားလေးများဘက်သို့ လမ်းကြောင်းပြောင်းပစ်နိုင်သည်။ မိုဘိုင်းဂိမ်းနှင့် ဂိမ်းအသေးစားလေးများကပင် တစ်လလျှင် သန်းရာဂဏန်းလောက် မဝင်သည့်တိုင် ဆယ်ဂဏန်းလောက်တော့ ဝင်သေးသည်မဟုတ်လား။
သူတို့ဘက်က ဂိမ်းများအားလုံးကို ထုတ်ပြလိုက်သည်နှင့် ပြိုင်ဘက်များကလည်း ချက်ချင်းသတိထားမိသွားပြီး ဗျူဟာပြောင်းကာ သူတို့၏ရန်ပုံငွေများနှင့် လူအင်အားများကို အလိုအပ်ဆုံးနေရာတွင်သာ ထုတ်သုံးကြပေလိမ့်မည်။
သို့သော် သူတို့ဘက်က ဂိမ်းများကို တစ်ခုချင်းစီထုတ်နေလျှင် မည်သို့ဖြစ်သွားမည်နည်း။
ဂိမ်းအသစ်တစ်ခု ထွက်လာချိန်တိုင်း ထိုကုမ္ပဏီများမှာ သူတို့၏ဝန်ထမ်းများနှင့် ရန်ပုံငွေများကို လမ်းကြောင်းပြောင်းရလိမ့်မည်။ သူတို့ပိုက်ဆံအားလုံး ကုန်ခမ်းသွားချိန်တွင် နောက်ဂိမ်းတစ်ခုက ထပ်ထွက်လာလိမ့်မည်သာ။
ထိုအချိန်တွင် သူတို့ဘက်က ငွေအမြောက်အများထုတ်သုံးထားပြီးဖြစ်သော်ငြား ပိုသာလွန်သည့် ဂိမ်းအသစ်တစ်ခု ထွက်လာချိန်တွင်မူ သူတို့လက်ထဲ၌ ဘာမှကျန်တော့မည်မဟုတ်။
ဤသည်မှာ ဆယ်နှစ်လောက် အလုပ်ကြိုးစားပြီး ငွေစုမိသည့်အဆုံး အိမ်တစ်လုံးကို အရစ်ကျဝယ်ယူပြီး မိမိချစ်ရသည့်မိန်းကလေးကို လက်ထပ်ခွင့်တောင်းတော့မည့်အချိန်မှာ သူဌေးသားတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူ့ပြိုင်ကားနှင့် စံအိမ်ကြီးများကို ထုတ်ကြွားပြနေသလို ဖြစ်နေချေသည်။ သင့်အနေနှင့် မည်သို့ယှဉ်ပြိုင်နိုင်တော့မည်နည်း။ ထိုမိန်းကလေးကလည်း သူနှင့်အတူ လိုက်သွားပြီး သင့်မှာတော့ အကြွေးများနှင့် ကျန်နေခဲ့ရတော့မည်သာ။
ဤသည်မှာ ကျန်းမုန့်လောင်လိုချင်သော ရလဒ်မျိုးပင်။
"အမလေး"
"ခင်ဗျားက အရင်းအမြစ်တွေအားလုံးကို ဝါးမျိုပစ်နေတော့တာပဲ"
မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ကျန်းမုန့်လောင်နှင့် တစ်ဖက်တည်းတွင် ရှိနေသည့်အတွက် စိတ်သက်သာရာရမိသည်။ ဤလူက ကြောက်စရာကောင်းရုံသာမက အလွန်တရာလည်း ကောက်ကျစ်ပေသည်။
"ငါ့ကိုလာစိန်ခေါ်တယ်ပေါ့"
ကျန်းမုန့်လောင်ကတော့ နည်းနည်းလေးသော်မှ ရက်စက်သည်ဟု မခံစားရပေ။ အားအကြီးဆုံးလူသာ ရှင်သန်ရမည်မှာ သဘာဝကြီး၏ နိယာပင်တည်း။ စီးပွားရေးလောကတွင်လည်း ထိုနည်းလည်းကောင်းပင်။ ပေါင်လဲ့ဂိမ်းဘက်က သူ့သည်းခံနိုင်စွမ်းကို လာထိပါးခဲ့သဖြင့် ပိုဆိုးသေးသည်။
"ဆောရီးပဲ။ ကျုပ်မှာ ခန္ဓီပါရမီ သိပ်မရှိဘူး"
**************