← Chapters

ကျုပ်ကို တွန်းအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

Vol. 41 Ch. 606

ကျုပ်ကို တွန်းအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

Vol. 41 Ch. 606

ကုမ္ပဏီ၏ဘဏ္ဍာရေးဒေတာကိုကြည့်ရင်း မိုက်ကယ်ခမျာ ချက်ချင်းအိုစာသွားသလို ခံစားလိုက်ရသည်။ သူ့အမူအရာမှာ အစပိုင်းတွင် ရှုပ်ထွေးနေရာမှ ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားဟန်ဖြင့် တွန့်ဆုတ်နေရာမှ လက်လျှော့အရှုံးပေးသည့်အဆင့်အထိ ရောက်သွားခဲ့သည်။

"PCဂိမ်းတွေအကုန်လုံးကို စွန့်ပစ်ပြီး ငါတို့ရဲ့သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အားလုံးကို အသေးစားH5ဂိမ်းတွေဆီကို အာရုံစိုက်လိုက်"

မိုက်ကယ်သည် ထက်မြက်လှသော စီးပွားရေးဉာဏ်စွမ်းအတိုင်း မှန်ကန်သောဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်သည်။

"သူဌေး..ကျွန်တော်တို့မှာ တခြားဂိမ်းတွေ ရှိသေးတယ်မဟုတ်ဘူးလား။ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲဖန်တီးထားရတဲ့ဂိမ်းတွေကို တကယ်ပဲ စွန့်လွှတ်တော့မှာလား"

ဤလက်ထောက်မှာ မိုက်ကယ် ပေါင်လဲ့ကုမ္ပဏီသို့ ရောက်လာစဉ်ကတည်းက သူနှင့်အတူ ရှိခဲ့သူဖြစ်ပြီး ကုမ္ပဏီ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် ခွန်အားတို့ကို မျက်မြင်တွေ့ခဲ့ရသူလည်းဖြစ်၏။ ဤဂိမ်းများ ပုံကြမ်းအဆင့်မှ ဝင်ငွေသန်းပေါင်းများစွာရရှိသော ဂိမ်းများအဖြစ် တိုးတက်ပြောင်းလဲလာသည်ကိုလည်း အစအဆုံးမြင်တွေ့ခဲ့ရသူပင်။

ဤဂိမ်းများကို စွန့်လွှတ်ခြင်းမှာ ရက်စက်လှသော ဆုံးဖြတ်ချက်တစ်ခုပင်။

"မင်း ကျန်းမုန့်လောင်ရဲ့ရည်ရွယ်ချက်ကို မသိသေးဘူးလား"

မိုက်ကယ်ခမျာ ခါးသက်သက်ပြုံးလျက် ပြောလိုက်လေသည်။

"သူက နတ်ဘုရားဧကရာဇ်လောကဂိမ်းကို လွန်ခဲ့တဲ့တစ်လကတည်းက မထုတ်ဘဲ အခုမှ ဘာလို့ထထုတ်လဲဆိုတာ မင်းသိလား"

"သူတို့နည်းပညာအသင်းရဲ့ ဖန်တီးနိုင်စွမ်းက မလုံလောက်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဂီမ်းမျိုးက နေ့ချင်းညချင်း ဖန်တီးလို့မရဘူးလေ။ ဒီလိုဂိမ်းနှစ်ခုကို ဖန်တီးဖို့ဆိုရင် နှစ်နှစ်လောက်တော့ ကြာလိမ့်မယ်ထင်တယ်"

"မဟုတ်ဘူး။ မင်း ကျန်းမုန့်လောင်ကို လျှော့တွက်နေတာပဲ"

မိုက်ကယ်က ပြောလိုက်၏။

"မမေ့နဲ့နော်။ နက်နဲတဲ့သူ့စည်းစိမ်အပြင် သူ့ကိုယ်ရည်ကိုယ်သွေးကလည်း အရမ်းကြောက်ဖို့ကောင်းတယ်"

"အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က သင်္ချာလောကကို နှစ်ပေါင်းနှစ်ရာကျော်ကြာအောင် ခေါင်းခြောက်စေခဲ့တဲ့ သင်္ချာပုစ္ဆာကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။ နိုဘယ်ဆုလည်း ရခဲ့တယ်။ သူကိုယ်တိုင်ဖန်တီးထားတဲ့ ဉာဏ်ရည်တုကလည်း ပညာရှင်တွေတောင် အောင်မြင်နိုင်ခြေနှစ်ဆယ်ရာခိုင်နှုန်း သုံးဆယ်ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ခွဲစိတ်မှုတစ်ခုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့တယ်။ ငါတို့တွေ သူ့ကို သာမန်လူသားအမြင်နဲ့ကြည့်ရင် မရှုမလှရှုံးဖို့ပဲရှိမှာ"

"ဒါဆို…"

"ဒီဂိမ်းကို တစ်ခုပြီးမှတစ်ခု ထုတ်ပြနေတာက တိုက်ဆိုင်တာမဟုတ်ဘူး။ ကျန်းမုန့်လောင်က အစကတည်းက အဆင်သင့်ပြင်ထားခဲ့တာလို့ ငါထင်တယ်။ သူက ငါတို့တွေ တခြားဂိမ်းမှာ အကုန်ပုံအောပစ်မဲ့အချိန်ကို စောင့်နေတာ။ ပြီးမှ ငါတို့ကို အဲဒီဂိမ်းအမျိုးအစားနဲ့ အနိုင်ယူပစ်မှာ။ အဲဒီလိုဆိုရင် ငါတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအကုန်လုံးလည်း အလဟဿဖြစ်သွားရမယ်လေ"

"ဒါ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ရဲဖို့ဆိုရင် သူ့ဂိမ်းတွေကို သူက ဘယ်လောက်တောင်ယုံကြည်မှုရှိနေတာမို့လို့လဲ"

လက်ထောက်လေးက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

"ဘာလို့လဲဆိုတော့ သူက ကျန်းမုန့်လောင်ဖြစ်နေလို့ပဲ"

မိုက်ကယ်က ပြောလိုက်၏။

"ငါတို့တွေ World of Warcraftကို စွန့်လွှတ်ပြီး တခြားPCဂိမ်းတစ်ခုမှာ အကုန်ပုံအောလိုက်ရင်တောင် သူကလည်း တခြားဂိမ်းတစ်ခုကို ထုတ်ပြပြီး ငါတို့ကို အနိုင်ပိုင်းဦးမှာ"

"အဲဒီလိုလုပ်နိုင်ဖို့ဆိုရင် သူ့ရဲ့ဖန်တီးထုတ်လုပ်နိုင်စွမ်းက ဘယ်လောက်တောင်အားကောင်းနေရမှာလဲ"

"ဒီလူက ဂြိုလ်သားများလားလို့ ငါ သံသယဖြစ်နေပြီ"

မိုက်ကယ်ခမျာ ခပ်မဲ့မဲ့ပြုံးလျက် ပြောလိုက်သည်။

"ငါပြောတဲ့အတိုင်းလုပ်။ ဒီဂိမ်းတွေမှာ ဆက်ပြီးရင်းနှီးမြှုပ်နှံနေလည်း အဓိပ္ပာယ်မရှိဘူး။ ခြောက်လကနေ တစ်နှစ်အတွင်း ဈေးကွက်ထဲမှာရှိတဲ့ ဂိမ်းတွေအကုန်လုံး အစားထိုးခံရမှာပဲ။ ငါတို့ရဲ့ကုန်ကျစရိတ်ကလည်း ဝင်ငွေထက် ပိုများသွားနိုင်တယ်"

"ဒါပေမဲ့ ကစားသမားတွေက ဆန္ဒပြလာရင်… သူဌေးလည်း ကောင်းကောင်းသိတာပဲ။ ဝါရင့်ကစားသမားတွေအများကြီးက ဂိမ်းထဲက ပစ္စည်းတွေအတွက် ငွေအများကြီးသုံးထားကြတယ်လေ။ ကျွန်တော်တို့ဘက်က ဆာဗာတွေကို ပိတ်ချလိုက်ရင် အရမ်းဆိုးဝါးတဲ့အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်"

"ဒါဆို ငါတို့ ဒီဂိမ်းတွေကိုရောင်းပစ်ပြီး ကစားသမားတွေကို လျော်ကြေးပေးရုံပေါ့"

မိုက်ကယ်က နာကျင်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကိုချရင်း ပြောလိုက်သည်။

"ဟွာရှားနိုင်ငံမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ တိုတောင်းတဲ့နာကျင်မှုက ရှည်လျားတဲ့နာကျင်မှုထက် ပိုသာတယ်တဲ့။ ငါတို့ အနာဂတ်ကိုမြင်နေပြီဆိုမှတော့ ဘာလို့ဆက်ရုန်းကန်နေဦးမှာလဲ"

...

"မစ္စတာကျန်း သတင်းကြားပြီးပြီလား။ ပေါင်လဲ့ဂိမ်းက သူတို့ရဲ့ပင်မPCဂိမ်းဆာဗာတွေအကုန်လုံးကို ခြောက်လအတွင်း ပိတ်ချဖို့ စီစဉ်နေတယ်တဲ့"

ဤသတင်းကိုကြားလိုက်ရသောအခါ မာဟွားလည်း ကျန်းမုန့်လောင်ကို ချက်ချင်းတင်ပြလိုက်သည်။

"ဪ.. သူက တော်တော်ဉာဏ်ကောင်းသားပဲ"

ကျန်းမုန့်လောင်မှာမူ မိုက်ကယ်ဘက်က ယခုလိုခပ်မြန်မြန်တုံ့ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"ဒါဆို ကျွန်တော်တို့ရဲ့မူလအစီအစဉ်က အလုပ်ဖြစ်မှာမဟုတ်တော့ဘူးပေါ့"

မာဟွား သက်ပြင်းချလိုက်လေသည်။ သူတို့အနေနှင့် အမြတ်အစွန်းအများအပြားရရှိထားပြီးဖြစ်သော်ငြား ပေါင်လဲ့ဂိမ်းကို အပြတ်အသတ်အလဲမထိုးနိုင်သည့်အတွက်တော့ နှမြောမိသည်။

"ကျုပ်တို့ရဲ့မူလအစီအစဉ်က အလုပ်မဖြစ်တော့ပေမဲ့ တခြားနည်းလမ်းတွေလည်းရှိသေးတယ်လေ"

ကျန်းမုန့်လောင်က မရိုးဖြောင့်သောအပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် ပြောလိုက်လေသည်။

"အရင်တုန်းက သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲခဲ့တာက သူတို့တွေက PCဂိမ်းတွေမှာပဲ အမြစ်တွယ်ထားပြီး သာမန်ဂိမ်းကုမ္ပဏီလေးတွေနဲ့ ထုတ်ကုန်တွေက သူတို့ကို လှုပ်ခါအောင်မလုပ်နိုင်လို့လေ"

"ဒါပေမဲ့ အခုတော့ မတူတော့ဘူး"

ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။

"အခု သူတို့ PCဂိမ်းတွေမှာ အသာစီးယူမထားနိုင်တော့ဘူး။ အသေးစားဂိမ်းဈေးကွက်ကို ပြောင်းလဲမယ်ဆိုပြန်တော့လည်း အဲဒါက သူတို့ရဲ့ကျွမ်းကျင်ရာနယ်ပယ်မဟုတ်ဘူးလေ။ ဘယ်ကုမ္ပဏီမဆို သူတို့ရဲ့ပြိုင်ဘက် ဖြစ်လာနိုင်ပြီ"

"ကိုင်း ကိုင်း"

ကျန်းမုန့်လောင်က အလွန်ပါးနပ်သော်လည်း သူ့ရန်သူကို ပညာပြရခြင်းမှာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။

"ဒါဆို ခင်ဗျားပြောချင်တဲ့အဓိပ္ပာယ်က သူတို့ ဘာဂိမ်းပဲထုတ်ထုတ် ကျုပ်တို့ကလည်း တစ်ပုံစံတည်း လိုက်ထုတ်မယ်ဆိုတဲ့ သဘောလား"

မာဟွားက မေးလိုက်၏။

"မလိုပါဘူး"

ကျန်းမုန့်လောင် ပြန်ဖြေလိုက်သည်။

"ဂိမ်းတွေက အမျိုးမျိုးကွဲပြားနေပေမဲ့ အမျိုးအစားအနေနဲ့ဆိုရင် ဆယ်ခုကျော်လောက်ပဲရှိတယ်။ သူတို့ဘက်က H5ဂိမ်းတွေကို ဖန်တီးရင်တောင် ဒီအမျိုးအစားထဲကတော့ ထွက်လို့မရဘူးလေ။ H5ရဲ့တစ်ခုတည်းသောအားသာချက်က ဂိမ်းအရွယ်အစားသေးတာရယ် တအားကြီးတဲ့ဒေါင်းလုတ်ပက်ကေ့ချ်တွေကို မလိုအပ်တာရယ်ပဲ။ အဲဒါကြောင့် အင်တာနက်ချိတ်ဆက်မှုသာ ကောင်းနေသရွေ့ ဘယ်နေရာမှာမဆို ဂိမ်းဆော့လို့ရတယ်လေ"

"ကျုပ်ဂိမ်းတွေကလည်း အဲဒီလိုလုပ်နိုင်တယ်"

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထုတ်လုပ်ရေးနောက်ခံရှိသော လူတစ်ယောက်အနေနှင့် မာဟွားသည် ဂိမ်းမှတ်ဉာဏ်နှင့် ပတ်သက်သည့် ပြဿနာများကို ကောင်းကောင်းသိသည်။ ဥပမာအားဖြင့် သူတို့ တစ်ချိန်တုန်းက ဖန်တီးခဲ့သည့် 'ဘုရင်များ၏ဂုဏ်သရေ'ဂိမ်းက ၁ဂစ်ဂါဘိုက် သို့မဟုတ် ၂ဂစ်ဂါဘိုက်ခန့် နေရာယူသည်။

ထိုဂိမ်းကို ခဏမျှကစားကြည့်ပြီးနောက် အက်ပ်ဒိတ်များစွာလုပ်ပြီးသည့်အခါ ဤဂိမ်းကြီးက 10GBကျော်သွားပြီဖြစ်ကြောင်း သိရပေလိမ့်မည်။

H5ဂိမ်းများ၏ အားသာချက်က ဂိမ်းဒေါင်းရန်အတွက် မန်မိုရီအများကြီးသုံးစရာမလိုခြင်းပင်။ ဤသည်မှာ ဝက်ဘ်ဆိုက်တစ်ခုနှင့်တူသည်။ တိုက်ရိုက်ကြည့်ရှုခြင်းဖြင့် လည်ပတ်နိုင်ပြီး ကစားသမားများအတွက်လည်း အလွန်အဆင်ပြေသည်။

သို့သော် ဂိမ်း၏အရည်အသွေးက ဤလုပ်ဆောင်ချက်ကြောင့် ကျဆင်းသွားနိုင်ပြီး ဂိမ်းအင်ဂျင်ကိုလည်း ကြီးမားလှသော လိုအပ်ချက်များ ဖြစ်လာစေနိုင်သည်။

ဥပမာဆိုရလျှင် 'ဘုရင်များ၏ဂုဏ်သရေ'ဂိမ်းကဲ့သို့ 10GBရှိသော ဂိမ်းတစ်ခုကို H5ဂိမ်းအဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာဖန်တီးနိုင်စွမ်းမျိုးကို ဘယ်ကုမ္ပဏီကမှ မပိုင်ဆိုင်ထားသေးသလို ထိုသို့လုပ်ဆောင်နိုင်သည့် ဂိမ်းအင်ဂျင်လည်း မရှိသေးပေ။

"ဒါကဘာလဲဆိုတာ ကြည့်ကြည့်လိုက်"

ကျန်းမုန့်လောင်က မာဟွားကို ယာယီURLတစ်ခု ပို့ပေးလိုက်၏။

မာဟွားလည်း သူ့ဖုန်းဖြင့် ဝက်ဘ်ဆိုက်စာမျက်နှာကို ဖွင့်ကြည့်လိုက်လေရာ လုပ်ငန်းစဉ်ဘားက အမြန်ပြည့်သွားပြီး 'နတ်ဘုရားဧကရာဇ်'ဂိမ်း၏ မျက်နှာပြင်က ပွင့်လာခဲ့သည်။

"ဒါက… ခင်ဗျား 'နတ်ဘုရားဧကရာဇ်ဂိမ်း'ကို H5ဂိမ်းအဖြစ် ပြောင်းထားတာလား"

"အမှန်ပဲ"

ကျန်းမုန့်လောင်က ဆို၏။

"အခုဆိုရင် 5Gနည်းပညာကလည်း တွင်ကျယ်နေပြီဆိုတော့ ဂိမ်းဒေတာကူးပြောင်းမှုအတွက်လည်း ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ကျုပ်ရဲ့အင်ဂျင်က ဒီဂိမ်း၁၄မျိုးစလုံးကို H5အရွယ်အစား ပြောင်းပေးနိုင်တယ်"

"ဩချလောက်ပါပေတယ်။ တကယ့်ကို ဩချလောက်ပါပေတယ်"

မာဟွားခမျာ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ရေရွတ်လိုက်သည်။

PCဂိမ်းအကြီးစားများ၏ ပြိုင်ဆိုင်မှုကား ငြိမ်ကျသွားလေပြီ။ မိုဘိုင်းဂိမ်းဈေးကွက်လည်း ငြိမ်ကျသွားလေသည်။ ပေါင်လဲ့ဂိမ်းကုမ္ပဏီက သူတို့၏H5ဂိမ်းများဖြင့် ဤလောကထဲတွင် ရှင်သန်ရပ်တည်နိုင်ရန် မျှော်လင့်ထားကြသည်။ သို့သော် ကျန်းမုန့်လောင်၏ ဤအကွက်က သူတို့၏နောက်ဆုံးလမ်းကြောင်းကို ပိတ်ဆို့ပစ်လိုက်ချေသည်။

ဤပေါင်းစပ်တိုက်ကွက်နှင့်အတူ ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်းတို့ကလည်း ဂိမ်းဈေးကွက်တစ်ခုလုံးကို သူတို့ လုံးဝလွှမ်းမိုးပစ်မည်ဟု ကြေညာနိုင်တော့မည်။

"အခုအချိန်ထက် ပိုကောင်းတဲ့အချိန်လို့ မရှိတော့ဘူး။ ဒီနေ့ ထုတ်လုပ်ဖို့ ပြင်ကြရအောင်"

"ကောင်းတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကို အခုချက်ချင်း အချိန်ပိုဆင်းခိုင်းလိုက်တော့မယ်"

...

"ဘာ? ပရောဂျက်ဘောနပ်စ်သုံးဆလား။ ငါ့ကိုနှိုးကြဦး။ ငါ အချိန်ပို ထပ်ဆင်းလို့ရပြီ"

"သေစမ်း။ ငါ့ရွက်ဖျင်တဲက ဘယ်မှာလဲ။ မိန်းမရေ… ကိုယ့်ရဲ့မျက်နှာသုတ်ပဝါ၊ သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေ ပြင်ပေးထားဦး။ ဒီတစ်ပတ်တော့ ကိုယ် ကုမ္ပဏီမှာပဲ နေတော့မယ်"

"ဒီလက တော်တော်ကြမ်းတမ်းပေမဲ့ တစ်နှစ်စာလစာရခဲ့တယ်။ ဒီပရောဂျက်ပြီးတာနဲ့ ငါတော့ ခရီးရှည်တစ်ခုထွက်ပြီး အနားယူမယ်။ ကုမ္ပဏီကတောင် တစ်လအနားယူခွင့်ပေးထားတယ်"

...

သုံးရက်အကြာတွင် ထိုဂိမ်း၁၄မျိုးစလုံး၏ PCဂိမ်း၊ မိုဘိုင်းဂိမ်းနှင့် H5ဗားရှင်းများအားလုံး ထွက်လာခဲ့လေရာ ဂိမ်းလောကတစ်ခုလုံး ငိုကြွေးမြည်တမ်းကြလေတော့သည်။

"ဘန်း!"

မိုက်ကယ်၏အခန်းတံခါးကို လူတစ်သိုက်က ကန်ဖွင့်လိုက်ကြသည်။ ပေါင်လဲ့ကုမ္ပဏီ၏ ရှယ်ယာရှင်များမှာ မိုက်ကယ့်ကို ဒေါသတကြီးကြည့်နေကြသည်။

ဂိမ်းလောကတစ်ခုလုံး မှောင်အတိကျရောက်ခဲ့ပြီး စာရင်းဝင်ဂိမ်းကုမ္ပဏီများ၏ စတော့ရှယ်ယာများမှာ ထိုးကျသွားပြီး တစ်ပတ်အတွင်း ခုနစ်ရက်ဆက်တိုက် အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိခဲ့လေရာ ရှယ်ယာရှင်များ၏ပိုင်ဆိုင်မှုများလည်း ရေငွေ့များအလား ပျောက်ကွယ်ကုန်သည်။

ဟွာရှားဂိမ်းများက ဘာကြောင့် ဤမျှအထိ အံ့ဩဖို့ကောင်းလာသလဲဆိုသည်ကို မည်သူမှ မသိခဲ့ကြပေ။

အစောကပင် ကျန်းမုန့်လောင်က စာတစ်စောင်တင်ထားသည်။

"တကယ်တော့ ကျုပ်က ဘာမှလုပ်စရာမရှိလို့ အဲဒီဂိမ်းတွေကို ကိုယ်တိုင်ကစားဖို့ ဖန်တီးထားချင်ရုံသက်သက်ပဲ။ ပေါင်လဲ့ကုမ္ပဏီရဲ့ မစ္စတာမိုက်ကယ်က ကျုပ်ကို တွန်းအားပေးခဲ့လို့ ကျုပ်ဖန်တီးထားတဲ့ဂိမ်းတွေကို အားလုံးကစားနိုင်ဖို့ အခုလိုမျှဝေလိုက်ရတာပါ"

ဤကြေညာချက်က မိုက်ကယ်အား တည့်တည့်လက်ညှိုးထိုးလိုက်သလိုပင်။ သူသည် ဂိမ်းလုပ်ငန်းလောကတစ်ခုလုံး၏ ဘုံရန်သူဖြစ်သွားခဲ့သည်။

သူသာ ထိုဂိမ်းမြေပုံကို မပြောင်းပစ်ခဲ့လျှင် ဟွာရှားလူမျိုးများကလည်း ဤအခြေအနေအထိရောက်အောင် လုပ်ခဲ့မည်မဟုတ်ပေ။

ကုမ္ပဏီအားလုံးက ထိုအချိန်တွင် ပွဲထိုင်ကြည့်နေကြသော်ငြား မည်သူကမှတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုမည်မဟုတ်ချေ။ သူတို့သည် မြေစာပင်လိုအပ်နေခဲ့ခြင်းပင်။

"မိုက်ကယ်.. ဒီနေ့ကစပြီး… မင်းက ပေါင်လဲ့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌမဟုတ်တော့ဘူး"

********************

All Chapters