အခန်း (၆၀၇)
Vol. 41 Ch. 607
"ဟားဟားဟား မုန့်လောင်.. ဒါကြီးက တအားမကြမ်းလွန်းဘူးလား"
"ရယ်သေတော့မှာပဲ။ ဒါပေမဲ့ သေတော့မသေသေးဘူးလေ။ အခုလောက်ဆိုရင် မိုက်ကယ်တစ်ယောက် အရိုးစိမ့်အောင် ကြောက်သွားလောက်ပြီ"
ကျန်းမုန့်လောင်၏ ဝေးပေါ်ပို့စ်ကို မြင်သောအခါ ဝမ်လင်တို့တစ်သိုက်လည်း ထိန်းမနိုင်သိမ်းမရ အော်ရယ်ကြလေတော့သည်။
ဤဝေးပေါ်ပို့စ်က လူသတ်လက်နက်တစ်ခုအလားပင်။
ဂိမ်းလောကထဲရှိ ဤထိတ်လန့်မှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ဂိမ်းကုမ္ပဏီ ဘယ်နှခုလောက် ဒေဝါလီခံခဲ့ရလေသလဲ။ အချို့သောဂိမ်းအမျိုးအစားများကို ဖယ်ထားလိုက်ပါက အားလုံးနီးပါး ဖယ်ရှားခံလိုက်ရသည်။
ပိုကောင်းမွန်သော ထုတ်လုပ်ရေး၊ ပိုအဆင်ချောသည့် လုပ်ဆောင်မှုနှင့် ပိုကောင်းသည့် ဂိမ်းမျိုးကို ရနိုင်နေသည့်အချိန်မျိုးတွင် မည်သူကများ သူတို့ဂိမ်းများကို ရွေးချယ်မည်နည်း။ သေချာပေါက်ပင် ထန်ရွှင်းဂိမ်းနှင့် ဝမ်ယိဂိမ်းတို့ ပူးပေါင်းထုတ်လုပ်ထားသော ဂိမ်းများကိုသာ သူတို့ အာရုံရကြတော့သည်။ ယခုဆိုလျှင် သူတို့၏ဂိမ်းများကို မကစားဖူးပါက ခေတ်နောက်ကျသလို ဖြစ်နေလေပြီ။
အတိတ်ကို ပြန်တမ်းတချင်သော ကစားသမားတချို့ကတော့ ခြွင်းချက်ပင်။ သို့သော် အမှတ်တရဆိုသည်မှာ စားလို့ရနိုင်လေသလား။ မရနိုင်ပေ။ အကျိုးအမြတ်မရှိပါက ဂိမ်းကလည်း ရပ်ဆိုင်းသွားရမည်သာ။ ဂိမ်းရပ်ဆိုင်းသွားသည်နှင့် ကုမ္ပဏီများလည်း ဝင်ငွေပြတ်လပ်ပြီး အနှေးနှင့်အမြန် ဒေဝါလီခံရပေလိမ့်မည်။
ထိုကုမ္ပဏီပိုင်ရှင်များမှာ မိုက်ကယ်က သွေးထိုးလှုံ့ဆော်သူဖြစ်ကြောင်း သိလိုက်ရချိန်မှာ မည်သို့သည်းခံနိုင်တော့မည်နည်း။
သူတို့က အေးအေးချမ်းချမ်း ဂိမ်းဖန်တီးနေခဲ့ကြသည်။ ချမ်းသာကြွယ်ဝဖို့အထိ မရည်ရွယ်ထားပါဘဲ ကောင်းကောင်းလည်ပတ်နိုင်ရန်သာ ရည်မှန်းချက်ထားထားခဲ့သည်။
မိုက်ကယ်ကမူ အဓိပ္ပာယ်မရှိသော မာနလေးတစ်ခုအတွက်နှင့် ဟွာရှားကစားသမားများကို ရန်စခဲ့သည်။ ရန်စခဲ့ခြင်းကပင် ဆိုးလှလေပြီ။ သို့တိုင် သူတို့သည် ကျန်းမုန့်လောင်ကိုပါ ရန်စခဲ့ကြသေးသည်။
အစတုန်းက သူသည် ထိုဂိမ်းများကို သူ့ဘာသာ အပျော်ကစားရန် ဖန်တီးထားခြင်းဖြစ်၏။ သို့သော် မိုက်ကယ်က ဝင်ရှုပ်ပြီး ပြဿနာကို မီးမွှေးခဲ့သည်။ ယခုမူ အကုန်လုံး ပြဿနာတက်ကြရုံသာမက အခြားဂိမ်းကုမ္ပဏီများလည်း ဆွဲထည့်ခံခဲ့ရသည်။
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ကို ပစ်မှတ်ထားရန်မှာ သူတို့၏လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထို့ပြင် ဤတစ်ခေါက်မှာ သူသည် မမျှတသည့် လုပ်ငန်းနည်းဗျူဟာများကို ထုတ်မသုံးခဲ့ပေ။ သူ့အောင်မြင်မှုသည် ဂိမ်း၏ဂုဏ်သတင်းကောင်းမွန်မှုအပေါ် အလုံးစုံမှီခိုနေသည်ဖြစ်ရာ အပြစ်ဆိုစရာပင် မရှိချေ။
ထို့ကြောင့် မိုက်ကယ်ကိုသာ အပြစ်ပုံချရတော့သည်။ တုံးအလှသော သူ့လုပ်ရပ်များကြောင့်သာ မဟုတ်ပါက သူတို့၏ဂိမ်းများလည်း ယခုလိုဖျက်ဆီးခံရမည်မဟုတ်ပေ။
ထိုနေ့မှာပင် မိုက်ကယ်ခမျာ ပေါင်လဲ့ကုမ္ပဏီ၏ရှယ်ယာရှင်များထံမှ စွပ်စွဲအပြစ်တင်ခြင်းကို ခံခဲ့ရသည့်အပြင် ဥက္ကဋ္ဌရာထူးကပါ ဖယ်ရှားခံခဲ့ရသည်။
ရှယ်ယာအများဆုံးပိုင်ထားသည့် အခြားရှယ်ယာရှင်တစ်ယောက် သူ့ရာထူးကို ချက်ချင်းလွှဲယူလိုက်ပြီးနောက် ပထမဆုံးလုပ်သည့်ကိစ္စမှာ ဟွာရှားမှ ထိုဂိမ်းကုမ္ပဏီနှစ်ခုနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းပင်။
သူတို့၏ဂိမ်းများကို ဖန်တီးထုတ်လုပ်နေခြင်းမှာ ငွေဖြုန်းတီးရာကျသည်။ သူတို့ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိသည်။ သူတို့အနေနှင့် ဟွာရှားဂိမ်းများထက် ပိုကောင်းသော ဂိမ်းများကိုတော့ လုံးဝဖန်တီးနိုင်မည်မဟုတ်။ ယခုအချိန်တွင် တစ်ခုတည်းသော လွတ်လမ်းမှာ သူတို့၏အေးဂျင့် ဖြစ်လာရန်ပင်။
...
ဥက္ကဋ္ဌရုံးခန်းထဲတွင်ထိုင်ရင်း ရိုင်လေခမျာ ရတက်မအေးဖြစ်နေချေသည်။
ယခင်တုန်းကသာဆိုလျှင် သူ့ရာထူးအသစ်အတွက် ဂုဏ်ပြုသည့်အနေနှင့် ဟိုတယ်တစ်ခုမှာ သူ့မိတ်ဆွေများနှင့် အောင်ပွဲခံနေလောက်ပြီဖြစ်၏။ သို့သော် ယခုတော့ဖြင့် သူ့ဆီသို့ အရှုပ်ထုပ်ကြီးတစ်ထုပ် ရောက်လာသည်။
"ဥက္ကဋ္ဌ.. ကြိုးအထုံးကို ဖြေနိုင်မဲ့လူက ကြိုးကိုင်သူပါပဲ။ တကယ်လို့ ပေါင်လဲ့ကုမ္ပဏီအနေနဲ့ ဆက်ရပ်တည်ချင်တယ်ဆိုရင် ကျန်းမုန့်လောင်ဆီကို ချဉ်းကပ်ရပါလိမ့်မယ်"
အကြာကြီးစဉ်းစားပါသည့်တိုင် အဖြေရှာမရသည့်အဆုံး ရိုင်လေလည်း ရွေးချယ်စရာမရှိတော့သဖြင့် ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဟယ်လို.. အခုပြောနေတာ ကျန်းမုန့်လောင်ပါ။ ဘယ်သူလဲမသိဘူး"
"ဟယ်လို မစ္စတာကျန်း.. ကျွန်တော်က ပေါင်လဲ့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌပါ…"
"လစ်စမ်း"
ရိုင်လေခမျာ စကားပင် ဆုံးအောင်မပြောရသေးခင်မှာပင် ကျန်းမုန့်လောင်က ဖုန်းချသွားသည်။
ဤတုံ့ပြန်မှုမျိုးနှင့် ကြုံလိုက်ရချိန်တွင် ရိုင်လေမှာ လုံးဝအံ့ဩမသွားပါချေ။ သို့သော် ဖုန်းတော့ ဆက်ခေါ်ရမည်သာ။
"မစ္စတာကျန်း.. ကျွန်တော်က ပေါင်လဲ့ကုမ္ပဏီ…"
"သွားစမ်းပါ"
"မစ္စတာကျန်း ကျွန်တော်က…"
"တီတီတီ"
"မစ္စတာကျန်း ကျွန်တော်က မိုက်ကယ်မဟုတ်ပါဘူး"
ရိုင်လေခမျာ ငိုမိတော့မတတ်ပင်။ ငါ့ကို စကားဆုံးအောင် ပြောခွင့်ပေးပါဦး!
"ဪ မိုက်ကယ်မဟုတ်ဘူးလား။ စောစောက ပြောမှပေါ့။ ခင်ဗျားတို့တွေ ဥက္ကဋ္ဌပြောင်းလိုက်တာလား"
ထိုအခါမှသာ ကျန်းမုန့်လောင်လည်း ရိုင်လေ၏စကားကို နားထောင်ရန် စိတ်ဝင်စားလာသည်။
"မစ္စတာကျန်း..မိုက်ကယ်ကို ကျွန်တော်တို့ရှယ်ယာရှင်တွေ ဆုံးမထားပြီးပါပြီ။ သူက ဥက္ကဋ္ဌမဟုတ်တော့ပါဘူး။ ကျွန်တော်က အသစ်ခန့်အပ်ထားတဲ့ ဥက္ကဋ္ဌရိုင်လေပါ"
ရိုင်လေလည်း ကပျာကယာပြောလိုက်သည်။
"အရင်က နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီတစ်ခါ အဲဒီအထင်လွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"
"မိုက်ကယ်က ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားသိလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မိုက်ကယ်က သူ့သဘောနဲ့သူ ဂိမ်းမြေပုံကို ပြောင်းပစ်ခဲ့တာ။ ဒါက ခင်ဗျားတို့နိုင်ငံအပေါ် ကြီးကြီးမားမားသက်ရောက်စေခဲ့ပါတယ်။ ဒါတွေက သူတစ်ယောက်တည်းရဲ့လုပ်ရပ်ပါ"
ရိုင်လေက မိုက်ကယ့်ကိုသာ အပြစ်ပုံချလိုက်၏။
"ကျွန်တော်တို့တွေ တိုင်ကြားစာရခဲ့တဲ့နောက် သူ့ဘက်က အဲဒီကိစ္စကို မဖြေရှင်းခဲ့ရုံသာမက အကြောင်းပြချက်လည်း မပေးခဲ့ပါဘူး။ ဒီလိုအပြုအမူမျိုးက တကယ့်ကိုရှုံ့ချချင်စရာလုပ်ရပ်တစ်ခုပါပဲ။ ကံဆိုးချင်တော့ ကျွန်တော်တို့ဘုတ်အဖွဲ့ဝင်တွေလည်း ဘာမှမသိခဲ့ကြပါဘူး။ မဟုတ်လို့ကတော့ ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့လည်း ခွင့်ပြုမှာမဟုတ်ပါဘူး"
"ဒါက ခင်ဗျားတို့အမှားဖြစ်တဲ့အတွက် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာကို ကျုပ်ဂရုမစိုက်ဘူး။ အမှားလုပ်မိတဲ့အတွက် တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်ဆိုတာကိုတော့ ခင်ဗျား သိထားသင့်တယ်"
ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်လေသည်။
ဤလူတစ်သိုက် လုံးဝမသိခဲ့ဘူးဆိုခြင်းကို သူယုံမည်မဟုတ်။ သူတို့အနေနှင့် မိုက်ကယ်၏လုပ်ရပ်များကို မထောက်ခံခဲ့လျှင်ပင် မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲနေခဲ့သည့် သူတို့၏လုပ်ရပ်ကြောင့် သူ စိတ်ပျက်မိသည်။
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်"
ရိုင်လေကလည်း အမြန်ပြန်ပြောလိုက်၏။
"ဟွာရှားကစားသမားတွေကို တောင်းပန်စာထုတ်ဖို့အတွက် ကုမ္ပဏီရဲ့သက်ဆိုင်ရာဌာနတွေကို ကျွန်တော် ညွှန်ကြားထားပြီးပါပြီ"
"တောင်းပန်ရုံနဲ့ရသွားပြီပေါ့"
ကျန်းမုန့်လောင်ကမူ အေးတိအေးစက်ထေ့ငေါ့လိုက်သည်။
"မဟုတ်ပါဘူး။ မဟုတ်ပါဘူးဗျ"
ကျန်းမုန့်လောင် မကျေနပ်သေးကြောင်း ရိုင်လေ သိလိုက်သည်။
"ကျွန်တော်တို့ မိုက်ကယ့်ကို စုံစမ်းစစ်ဆေးကြည့်တဲ့အခါ သူက သူ့တာဝန်သက်တမ်းအတွင်း တရားမဝင်လုပ်ရပ်တွေအများကြီးကို ကျူးလွန်ခဲ့ကြောင်း သိလိုက်ရပါတယ်။ သူ့ပိုင်ဆိုင်မှုတွေနဲ့ ရှယ်ယာတွေအားလုံးကိုလည်း ကုမ္ပဏီဘက်က လျော်ကြေးအနေနဲ့ သိမ်းယူသွားမှာပါ"
"မလုံလောက်သေးဘူး"
ယခုလိုအရာမျိုးနှင့် သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်မည်ဟု သူတို့ ထင်နေကြလေသလား။ မိုက်ကယ်သည် သူလုပ်ခဲ့သောကိစ္စများအတွက် ထိုသို့အပြစ်ပေးခံထိုက်သည်သာ။
"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားရဲ့ဆိုလိုရင်းကို နားလည်ပါတယ်"
ရိုင်လေက ပြောလိုက်၏။
"ကျွန်တော်တို့တွေ မိုက်ကယ့်ကို အမည်ပျက်စာရင်းသွင်းဖိုအတွက် လုပ်ငန်းလောကတစ်ခုလုံးကို တောင်းဆိုထားပြီးပါပြီ။ နောက်နောင်မှာ ဂိမ်းလောကထဲ သူ ခြေချစရာရှိတော့မှာမဟုတ်ပါဘူး"
"သူ့အရည်အချင်းနဲ့ဆိုရင် ဂိမ်းလောကမဟုတ်ရင်တောင် အလုပ်တစ်ခုရှာဖို့ မခက်ဘူးမလား"
"မစ္စတာကျန်း… မိုက်ကယ်ရဲ့လုပ်ရပ်ကြောင့် ဂိမ်းလောကတစ်ခုလုံး ထိခိုက်နစ်နာခဲ့ရတဲ့အတွက် အထက်လူကြီးတွေကပါ ဒီကိစ္စကို အာရုံစိုက်နေပါတယ်။ အမေရိကန်တစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေမှာ မိုက်ကယ့်ကို အမည်ပျက်စာရင်းသွင်းဖို့ ကျွန်တော် သူတို့ကို စည်းရုံးနိုင်ပါတယ်"
ဤသည်မှာ အလွန်ရက်စက်လွန်းလှသည်။ အဓိပ္ပာယ်ကား မိုက်ကယ်အနေနှင့် ဘယ်နေရာတွင် အလုပ်သွားလျှောက်သည်ဖြစ်စေ သူ့အခွင့်အရေးများကိုလည်း ကာကွယ်ပေးခံရမည်မဟုတ်သလို နိုင်ငံတော်က အမည်ပျက်စာရင်းသွင်းထားသူတစ်ယောက်ကို မည်သူကမှ အလုပ်ခန့်ရဲမည်မဟုတ်ချေ။
သူသာ အလုပ်ဆက်လုပ်ချင်ပါက အဆင့်နိမ့်ကာယလုပ်သား သို့မဟုတ် အသေးအဖွဲအလုပ်လေးများကိုသာ လုပ်ရပေလိမ့်မည်။
သို့သော် ထိပ်တန်းအဆင့် နေထိုင်မှုပုံစံမျိုးနှင့် ကျင့်သားရနေခဲ့သော လူတစ်ယောက်အတွက် ဤသည်မှာ ခါးသီးလှသော အတိဒုက္ခတစ်ခုပင်။
"အနည်းဆုံးတော့ ခင်ဗျားက စစ်မှန်မှုရှိသေးတယ်"
ဤနည်းလမ်းက ကျန်းမုန့်လောင်ကို အလွန်ကျေနပ်စေခဲ့သည်။ ဤသည်မှာ သူတို့နိုင်ငံကို မလေးမစားပြုသူတစ်ယောက်အတွက် သင့်တော်သော အပြစ်ပေးမှုတစ်ခုပင်။
"မစ္စတာကျန်း… ကျွန်တော်တို့ရဲ့ကိုင်တွယ်ပုံကို ကျေနပ်တယ်ဆိုရင် အခွင့်အရေးတစ်ခုလောက် ပေးစေချင်ပါတယ်။ ခင်ဗျားက ထန်ရွှင်းနဲ့ ဝမ်ယိဂိမ်းတွေကို ကိုင်တွယ်နေမှန်း ကျွန်တော်တို့ သိထားပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီဂိမ်းတွေကို ကိုယ်စားလှယ်ယူချင်ပါတယ်။ ကိုယ်စားလှယ်ခနဲ့ ကော်မရှင်ခကိုတော့ ညှိနှိုင်းလို့ရပါတယ်"
"ခင်ဗျား ဒီကိစ္စကို မာဟွားနဲ့ တင်းဆန်ရှီတို့ကို သွားဆွေးနွေးရမှာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
ရိုင်လေလည်း ကျေနပ်သွားရသည်။ ဤအဓိပ္ပာယ်မှာ ကျန်းမုန့်လောင်က သူတို့၏ကိုယ်စားလှယ်ကိစ္စများကို ဝင်ရောက်စွက်ဖက်တော့မည်မဟုတ်ဟု ဆိုလိုခြင်းပင်။ သူတို့အနေနှင့် ငွေနည်းနည်းပိုပေးကောင်း ပေးရပြီး ဝင်ငွေနည်းနည်းသာ ရနိုင်သော်ငြား ကုမ္ပဏီ၏ရှင်သန်ရပ်တည်ရေးက အဓိကကျသည်မဟုတ်လား။
"ပြီးတော့ ကျွန်တော် အမေရိကမှာ အီလက်ထရောနစ်စက်ရုံတစ်ခုဖွင့်ဖို့ စီစဉ်နေတာ"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ခင်ဗျားသိတဲ့အတိုင်း ဒီဗွီအာစက်တွေကို တင်ပို့ရတာက သိပ်အဆင်မပြေဘူး။ အလုပ်သမားပြဿနာတွေကို ဖြေရှင်းရတာကလည်း…"
"မစ္စတာကျန်း ကျွန်တော်တို့ အဲဒီကိစ္စကို ကိုင်တွယ်ပေးနိုင်ပါတယ်"
"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်က အဲဒီလိုသဘောနဲ့ပြောတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"ကျုပ်ပြောချင်တာက မိုက်ကယ်က အမှားတွေလုပ်ခဲ့ပေမဲ့ သူ့ကို လုံးဝနင်းချပစ်ဖို့မလိုဘူးလို့။ ကျုပ်ရဲ့စက်ရုံမှာလည်း အလုပ်သမားတွေလိုနေတာပဲဆိုတော့ သူ့ကို အဲဒီမှာ အလုပ်လုပ်ခိုင်းလို့ရတာပဲ။ ကျုပ် ထုတ်လုပ်ရေးလိုင်းမှာ သူ့အတွက် နေရာတစ်နေရာ ချန်ထားပေးမယ်"
ရိုင်လေ၏နှုတ်ခမ်းမှာ အတန်ငယ်တွန့်ကွေးသွားရသည်။
ခင်ဗျား ခုနကပဲ သူ့ကို အပြတ်ချေမှုန်းဖို့ ပြောနေတာမဟုတ်ဘူးလား။
အများပိုင်ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌအဖြစ်မှ အီလက်ထရောနစ်စက်ရုံ၏ ထုတ်လုပ်ရေးလိုင်းမှ အလုပ်သမားတစ်ယောက် ဖြစ်သွားရပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ဂုဏ်သိက္ခာကို အမှိုက်ထဲသို့ လွှင့်ပစ်လိုက်ခြင်းပင်တည်း။
"ဪ ဒါနဲ့ မိုက်ကယ်က ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ"
"၃၂နှစ်ရှိပါပြီ"
ရိုင်လေက ပြန်ဖြေလိုက်၏။
"ဒါဆို သူ့ကို အီလက်ထရောနစ်စက်ရုံမှာ အငြိမ်းစားယူတဲ့အထိ အလုပ်လုပ်ဖို့ နှစ်သုံးဆယ်စာချုပ်ချုပ်လိုက်ပါ။ သူ ကောင်းကောင်းလုပ်နိုင်ရင်…"
"ဒါဆို ခင်ဗျား သူ့ကို ခွင့်လွှတ်ပေးမှာလား"
"သူ ကောင်းကောင်းလုပ်နိုင်ရင် ရာထူးချပြီး လစာလျှော့မယ်။ မလုပ်နိုင်ရင်လည်း ရာထူးချပြီး လစာလျှော့မှာပဲ"
"မစ္စတာကျန်း.. ခင်ဗျားက အရမ်းရက်စက်တာပဲဗျာ"
ရိုင်လေခမျာ မိုက်ကယ်၏ အဖြစ်ဆိုးလှသောဘဝကို ကြိုမြင်ယောင်မိသဖြင့် ထိုသို့မပြောဘဲ မနေနိုင်တော့ချေ။ လူတစ်ယောက်က ရာထူးချခံရဖို့အတွက် အလုပ်ကြိုးစားနေရခြင်းမျိုးကို ကြားဖူးလေသလား။
"ဟဲဟဲ.. ချီးကျူးပေးလို့ ကျေးဇူးပဲ"
*******************