သူက ဗို့အားတစ်သိန်းပြင်းအားမလား
Vol. 41 Ch. 608
"မစ္စတာကျန်း… ကျွန်တော်တို့ဂိမ်းရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအလားအလာက အရမ်းကောင်းပါတယ်။ ဟွာရှားတစ်နိုင်ငံတည်းမှာတင် ကျွန်တော်တို့ဂိမ်း၁၄မျိုးရဲ့ စုစုပေါင်းရောင်းအားက ဆယ်ဘီလီယံကျော်သွားပါပြီ။ တကယ်လို့ ကမ္ဘာအနှံ့က ကိုယ်စားလှယ်တွေဆီကရတဲ့ ရောင်းအားကိုပါ ထပ်ပေါင်းမယ်ဆိုရင် အဆပေါင်းများစွာ တိုးသွားရင်တောင် မဖြစ်နိုင်စရာမရှိပါဘူး"
"ဟုတ်ပါတယ် မစ္စတာကျန်း.. အခုဆိုရင် နိုင်ငံသေးသေးလေးတချို့ကတောင် ကျွန်တော်တို့ဂိမ်းရဲ့ကိုယ်စားလှယ်ဖြစ်ချင်နေကြပါတယ်။ ခြင်က သေးတယ်ဆိုရင်တောင် အသားပဲလေ။ ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်နယ်ပယ်တွေကို တအားတင်းကျပ်မထားသင့်ဘူးလို့ ထင်ပါတယ်"
နှစ်လအတွင်းမှာပင် ကျန်းမုန့်လောင်ဖန်တီးထားသော ဂိမ်း၁၄မျိုးစလုံးက ကမ္ဘာ့ဈေးကွက်ထဲတွင် လွှမ်းမိုးထားလုနီးပါးပင်။ ဂိမ်းကုမ္ပဏီကြီးများလည်း ဒေဝါလီခံရသူက ခံရပြီး သူတို့၏ကိုယ်စားလှယ်ဖြစ်လာသူများကလည်း ဖြစ်လာခဲ့ကြသည်။
ဂိမ်းဖြန့်ချိသော ကုမ္ပဏီများအနေနှင့် ဝမ်ယိနှင့်ထန်ရွှင်းတို့မှာ ဝင်ငွေအမြောက်အများ ရှာလိုက်နိုင်သည်။ နောက်ကွယ်ရှိ ဘော့စ်ဖြစ်သော ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုများကလည်း တိုးပွားခဲ့သည်သာ။ သူသည် တစ်ကမ္ဘာလုံးမှ ငွေဝင်နေပြီး အခွန်ဆောင်ပြီးလျှင် ဝင်ငွေတစ်ဝက်က သူ့အပိုင်ပင်။ ဝန်ထမ်းများကိုလည်း လစာရှင်းပေးစရာမလိုပေ။ ဤအမြတ်ငွေကား ကြောက်ဖို့ကောင်းလှသည်။
"ဒီကိစ္စတွေကို ခင်ဗျားတို့ဆီမှာပဲ အပ်လိုက်တော့မယ်။ ကျုပ်က ပိုက်ဆံပဲ ထိုင်ယူနေမယ်"
"ကောင်းတယ်။ ကျွန်တော်တို့ ခင်ဗျားကို စိတ်မပျက်စေရပါဘူး"
ကျန်းမုန့်လောင်ဘက်က ခွင့်ပြုလိုက်ပြီဖြစ်ရာ တင်းဆန်ရှီနှင့် မာဟွားတို့လည်း ဝမ်းသာလုံးဆို့သွားရသည်။ ကျန်းမုန့်လောင်က ဤလုပ်ငန်းကို မိုက်ကယ်အား ပေါင်လဲ့ကုမ္ပဏီမှ ဖြုတ်ချရန်အတွက်သာ အာရုံထားကြောင်း သိသာလှသည်။
မိုက်ကယ်သည် အမေရိကတစ်တိုက်လုံး၏ ဘုံရန်သူဖြစ်လာခဲ့သည်။ နိုင်ငံတော်ကပင် သူ့အား ထွက်ခွာခွင့်ပိတ်ပင်ထားသည်။ ထို့ကြောင့် သူ့အနေနှင့် နိုင်ငံခြားသို့ထွက်ပြီး ရှာဖွေစားသောက်ရန်လည်း မဖြစ်နိုင်ပေ။
အခွန်ရှောင်မှုကြောင့် သူ့ပိုင်ဆိုင်မှုအားလုံးနီးပါး ဆုံးရှုံးခဲ့ရပြီး တကယ်တမ်းတွင် ထောင်ဒဏ်ဆယ်နှစ်ကျော် ချခံရနိုင်သော်ငြား ပေါင်လဲ့ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ်က အဆက်အသွယ်များမှတစ်ဆင့် သူ့ကို ထောင်ထဲက ထုတ်ပေးခဲ့သည်။
သူ့ကိုကယ်တင်ဖို့မဟုတ်သည်မှာတော့ သေချာသည်။ အနည်းဆုံးတော့ ထောင်ထဲတွင် စားစရာသောက်စရာ အလကားရနိုင်သေးသည်။
သို့သော် လူမှုအသိုင်းအဝိုင်းထဲသို့ ပြန်ရောက်လာသောအခါ နေ့စဉ်စားစရိတ်နှင့် ကုန်ကျစရိတ်တို့အတွက် စိတ်ပူရတော့သည်။ တစ်လကျော်လောက်ရှာဖွေပြီးသည့်တိုင် သူ ဘာအလုပ်မှမရခဲ့ပေ။ နောက်မှသာ သူ့ကို အမည်ပျက်စာရင်းသွင်းထားသဖြင့် တရားဝင်ကုမ္ပဏီများတွင် အလုပ်သမားစာချုပ်ချုပ်၍ မရနိုင်ကြောင်း သိလိုက်ရသည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ သူ ပိုက်ဆံရှာမှဖြစ်မည်။ ထို့ကြောင့် တစ်ချိန်တုန်းက သူအထင်သေးခဲ့သည့် အလုပ်သမားများနှင့် အတူအလုပ်လုပ်ရသည်။ ဤသည်မှာ သူအမုန်းဆုံး ဟွာရှားလူမျိုး ကျန်းမုန့်လောင်ပိုင်သည့် စက်ရုံလည်းဖြစ်၏။ အသေးအဖွဲကာယအလုပ်ကို လုပ်နေရခြင်းပင်။
ထိုအချိန်မှသာ ယခင်တုန်းက သူလုပ်ခဲ့သောလုပ်ရပ်များမှာ မည်မျှရယ်ချင်စရာကောင်းကြောင်း သိလိုက်ရသည်။ သို့သော် အချိန်ကား နောက်ကျသွားလေပြီ။
...
"မုန့်လောင် အဆင်သင့်ပဲလား"
"အကုန်အဆင်သင့်ပဲ"
ကျန်းမုန့်လောင်က အဝတ်လဲခန်းထဲမှ အမြန်ထွက်လာပြီးနောက် ဘောင်းဘီကိုဆွဲတင်ရင်း ထွက်လာခဲ့လိုက်သည်။
ယနေ့ကား လုရီယောင်၏မွေးနေ့ပင်။ ကျန်းမုန့်လောင်သည် အစတုန်းကတော့ လုရီယောင်အတွက် သီးသန့်မွေးနေ့ပွဲတစ်ခု စီစဉ်ပေးပြီး ကမ္ဘာတစ်ဝှမ်းမှ ဂီတပညာရှင်များနှင့် ကြယ်ပွင့်များကို ဖိတ်ကြားပြီး ကျင်းပပေးချင်ခဲ့သည်။
သို့သော် လုရီယောင်က လက်မခံခဲ့ပေ။ သူ(မ)အတွက်တော့ သူ(မ)ချစ်ရသူနှင့် သူငယ်ချင်းများနှင့်အတူ မွေးနေ့ပွဲကျင်းပရခြင်းမှာ အရိုးရှင်းဆုံးပျော်ရွှင်မှုပင်။
"နင် ဒီနေ့ ဘာပြဿနာမှမရှာရဘူးနော်။ ရှီရှီတို့တွေကို မတွေ့ရတာကြာလှပြီ။ ဒီနေ့တော့ ငါတို့ ကောင်းကောင်းပျော်မှဖြစ်မယ်"
"ဟေး.. မင်းက ငါ့ကို ပြဿနာကောင်လို့များ ထင်နေတာလား"
ကျန်းမုန့်လောင်မှာ မကျေမနပ်ဖြစ်သွားလေသည်။
"ငါ့ကို ဘယ်သူမှ ပြဿနာမရှာဘူးဆိုရင်က ငါကလည်း ပြဿနာမရှာပါဘူး"
"ဒီလိုမှပေါ့"
လုရီယောင်က ကျန်းမုန့်လောင်၏လက်မောင်းကိုချိတ်ပြီး နှစ်ယောက်သား အတူထွက်လာခဲ့လိုက်ကြသည်။
မွေးနေ့ပွဲကို စိန့်ဖီးလ်ဟိုတယ်တွင် စီစဉ်ထားသည်။ ၎င်းမှာ ကျန်းမုန့်လောင်ပိုင်သည့် ထိပ်တန်းဟိုတယ်ပင်။ ဤဟိုတယ်တွင် သာမန်အခန်းတစ်ခန်းကပင် တစ်ညကို သောင်းဂဏန်းလောက်ပေးရသည်။ အစားအသောက်ကလည်း ယွမ်တစ်သိန်းအောက် မလျော့ပေ။
ဝန်ဆောင်မှုနှင့် အစားအသောက်များမှာ ပထမတန်းစားပင်။
ကျန်းမုန့်လောင်က ဟိုတယ်ဝင်ပေါက်တွင် ကားရပ်လိုက်ပြီး သော့ကို အပြင်ဘက်ရှိ ဧည့်ကြိုကို ပစ်ပေးခဲ့လိုက်သည်။
Koenigseggကားသော့ဖြစ်နေလေရာ ဧည့်ကြိုလေးခမျာ အတော်ကြာသည်အထိ ပါကင်ပင် မထိုးရဲရှာပေ။ ဤလူငယ်လေးက ဟိုတယ်ပိုင်ရှင်ဖြစ်ကြောင်း သိထားသဖြင့် ပို၍ပင်ပျာယာခတ်နေမိသည်။
သို့သော် ကျန်းမုန့်လောင်က ခပ်လျှိုလျှိုသာနေချင်သဖြင့် ဟုန်းရီကို ဝန်ထမ်းများအား သူလာမည်ဟုမပြောဘဲ သူ့အတွက် သီးသန့်ခန်းတစ်ခန်း ဘိုကင်တင်ထားဖို့ ညွှန်ကြားထားလိုက်သည်။
"ရှီရှီ"
လုရီယောင်က ဟိုတယ်ဧည့်ခန်းမထဲရှိ မိန်းကလေးတစ်ယောက်ကို လက်ယမ်းပြလိုက်သည်။
"ရီရီ"
ထိုမိန်းကလေးကလည်း ပြုံးပြုံးလေးပြေးလာချေသည်။
"ကောယွီချန်း.. နင် သူ့ကိုသိပါတယ်။ ငါတို့ ပထမဆုံးအကြိမ်တွေ့တုန်းက နင် သူ့ကိုတွေ့ဖူးတယ်လေ"
လုရီယောင်က မိတ်ဆက်ပေးလိုက်သည်။
"ယွီချန်း.. သူနဲ့မိတ်ဆက်ပေးဖို့ မလိုတော့ဘူးမလား"
"ဟားဟား ဘော့စ်ကျန်းကို မသိတဲ့လူရှိလို့လား"
ကောယွီချန်းက ရယ်လိုက်လေသည်။
"ပြီးတော့ ပထမဆုံးတစ်ခေါက်တွေ့တုန်းက ပေးခဲ့တဲ့ ဘော့စ်ကျန်းရဲ့လက်ဆောင်ကြောင့် ငါ့အိပ်မက်ကို ဆက်လုပ်ဖို့အတွက် ငွေကြေးအထောက်အပံ့ရခဲ့တာလေ"
လုရီယောင်နှင့် တွဲပြီးနောက် ကျန်းမုန့်လောင်က သူ(မ)၏အခန်းဖော်များကို ညစာဝယ်ကျွေးခဲ့ရုံသာမက သူတို့အား တိုက်ခန်းတစ်ခန်း၊ ကားတစ်စီးနှင့် တန်ဖိုးကြီးလက်ဝတ်ရတနာများကိုပါ လက်ဆောင်ပေးခဲ့သေးသည်။
ကျန်းနန်မြို့တွင် ခြေကုပ်ယူနိုင်ရန်မှာ အလွန်ခက်ခဲလှသောအရာတစ်ခုပင်။ ထို့ပြင် ဤနေရာ၌ အိမ်ခြံမြေတစ်ခု ပိုင်ဆိုင်နိုင်ရန်မှာ အလွန်ခက်ခဲလှသော စိန်ခေါ်မှုတစ်ခုပင်။ တစ်ခါတစ်ရံတွင် ထိုအရာအတွက် မိမိအိပ်မက်ကို စွန့်လွှတ်ရခြင်းကပင် ပုံမှန်အရာတစ်ခုလို ဖြစ်နေခဲ့သည်။
သို့သော် ဤလက်ဆောင်များကြောင့် သူတို့အနေနှင့် ရှင်သန်ရပ်တည်ရေးအတွက် ပူစရာမလိုဘဲ သူတို့၏အိပ်မက်နောက်ကို လွတ်လွတ်လပ်လပ်လိုက်နိုင်ခဲ့သည်။ ကောယွီချန်းက နာမည်ကြီးဂီတပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ကျန်းပင်းနင်နှင့် စွန်းရော့ဝမ်တို့က တက်သစ်စမင်းသမီးများအဖြစ် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့အားလုံးက ကျန်းမုန့်လောင်၏ရက်ရောမှုကြောင့် အောင်မြင်ခဲ့ကြခြင်းပင်။
"ဒီနေ့ ကျွန်မတို့ကို ဈေးကြီးတဲ့စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံရမှဖြစ်မယ်။ ဘော့စ်ကျန်း စိတ်ထဲမထားဘူးမလား"
ကောယွီချန်းက ယခင်ကအတိုင်း တဲ့တိုးဆန်နေဆဲပင်။
"ဟားဟားဟား..ကျွန်တော်က ဘာလို့စိတ်ထဲထားရမှာလဲ။ ဟိုတယ်တစ်ခုလုံးကို ကျွန်တော်ပိုင်တာပဲ။ မင်းတို့ ဘယ်လောက်စားစား ကျွန်တော့်ကို မွဲပြာကျသွားအောင်တော့ လုပ်နိုင်မှာမဟုတ်ပါဘူး"
"ဒါက ရှင့်ဟိုတယ်လား"
ကျန်းမုန့်လောင်က အလွန့်အလွန်ချမ်းသာကြောင်း ကောယွီချန်း သိသည်။ သို့တိုင် ဤဟိုတယ်၏ခမ်းနားမှုကြောင့် အတန်ငယ်ထိတ်လန့်သွားရဆဲသာ။
"နောက်တစ်ခါကျရင် ကျွန်တော်ပိုင်တဲ့ဟိုတယ်မဟုတ်ဘူးဆိုမှ ဒီလိုအံ့ဩပြတော့"
ကျန်းမုန့်လောင်က စနောက်လိုက်သည်။
"ရီယောင်… ဒီလိုလူတစ်ယောက်နဲ့ အတူနေရတာ အရမ်းနာကျင်ရတယ်မလား"
ကောယွီချန်းက လုရီယောင်ကို ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။
"နေ့တိုင်း ခမ်းနားမှုတွေကို ထုတ်ပြနေတာ။ သာမန်လူတွေသာဆိုရင် ခံနိုင်မှာမဟုတ်ဘူး"
"ငါတော့ အသားကျနေပါပြီ။ ငါပြောရဦးမယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက…"
မိန်းကလေးများက စကားပြောမိလျှင် မဆုံးတော့ပေ။ သူတို့နှစ်ယောက် စကားပြောနေသည်ကိုကြည့်ရင်း ကျန်းမုန့်လောင်လည်း ဝင်ပြောဖို့ ပျင်းသွားသည်။
"ထူးဆန်းလိုက်တာ။ ပင်းပင်းနဲ့ ရော့ရော့က ဘာလို့ရောက်မလာသေးတာလဲ။ သူတို့က ညစာစားပွဲတွေဆိုရင် အချိန်မှန်နေကျပါ"
လုရီယောင်က အချိန်ကိုတစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ သူတို့သည် ညနေခြောက်နာရီတွင် တွေ့ကြဖို့ ချိန်းဆိုထားသော်လည်း ယခုမူ ခြောက်နာရီခွဲနေလေပြီ။
"ငါ ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်"
ကောယွီချန်းက ဖုန်းထုတ်လိုက်သည်။ ချန်ပင်းနင်ကို ဖုန်းဆက်၍မရသော်လည်း စွန်းရော့ဝမ်ကတော့ ဖုန်းကိုင်လေသည်။
"နင်တို့တွေ မလာသေးဘူးလား။ ငါတို့စောင့်နေတာ ကြာလှနေပြီ"
"ဘာ? ပင်းပင်းကို ဆက်သွယ်လို့မရဘူးလား"
ကောယွီချန်း၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
"နင် ဘာလို့ စောစောကမပြောတာလဲ။ ငါတို့ အခုချက်ချင်းလာခဲ့မယ်"
"ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်လည်း တစ်စုံတစ်ခုဖြစ်နေကြောင်း အာရုံရလိုက်သည်။
"ဒီနေ့လယ်တုန်းက ပင်းပင်းက ဟော့ပုဖန်ရဲ့ရုပ်ရှင်အသစ်မှာ ခေါင်းဆောင်မင်းသမီးနေရာအတွက် အင်တာဗျူးသွားဖြေနေတာ။ အဲဒီစစ်ဆေးမှုပြီးမှ ရော့ရော့နဲ့အတူ လာမယ်ဆိုပြီး စီစဉ်ထားတာလေ။ ဒါပေမဲ့ တွေ့ရမဲ့အချိန်ရောက်လာတော့ ပင်းပင်းဆီက ဘာသတင်းမှမကြားရဘူးတဲ့"
"ဟော့ပုဖန် ဟုတ်လား။ ဗို့အားတစ်သိန်းပြင်းအားရှိသော ဟွာရှားနိုင်ငံ၏ အာဏာရှင် လူသားပီကာချူးလို့ နာမည်ကြီးနေတဲ့တစ်ယောက်လား"
ကျန်းမုန့်လောင်က သရော်လိုက်သည်။
"သူက သရုပ်ဆောင်လည်း လုပ်သေးတာလား"
"ဟာသလုပ်မနေနဲ့"
လုရီယောင်က ကျန်းမုန့်လောင်ကို ရိုက်ချလိုက်သည်။
"လူတွေ့စစ်ဆေးတာဆိုရင်တောင် ဒီလောက်နောက်ကျမှတော့ ပြီးနေလောက်ပါပြီ။ ဘာမှမဖြစ်ဖို့ ဆုတောင်းရတာပဲ"
"အဲဒီလိုထုတ်လုပ်ရေးအဖွဲ့မျိုးနဲ့ဆိုရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အင်တာဗျူးလုပ်တဲ့နေရာက နီးနီးလေးရယ်။ ဟော့ပုဖန်ရဲ့စတူဒီယိုကလည်း ဒီနားမှာ။ ရော့ရော့က သူတို့ကုမ္ပဏီအောက်ထပ်မှာ စောင့်နေတာတဲ့"
"အမြဲတမ်းတော့ မသေချာနိုင်ဘူးလေ။ ဟော့ပုဖန်က ဖြောင့်မတ်တဲ့လူတစ်ယောက်မဟုတ်ဘူးလို့ ငါကြားဖူးတယ်။ ဒါပေမဲ့ ကုမ္ပဏီထဲမှာတော့ ဆိုးဝါးတဲ့ကိစ္စတွေ မဖြစ်နိုင်ပါဘူး။ ငါလည်း အတူလိုက်ခဲ့မယ်"
"စားပွဲထိုး.. ကားတစ်စီးပြင်ထားပေး"
ကျန်းမုန့်လောင်က အနားရှိ စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"တောင်းပန်ပါတယ် ဆရာ..ဒီမှာ အဲဒီလိုဝန်ဆောင်မှုမျိုး မရပါဘူး"
"တခြားလူတွေကတော့ မရချင်နေမယ်။ ငါကတော့ ရရမှဖြစ်မယ်နော်"
ကျန်းမုန့်လောင်က ရွှေရောင်ကတ်ပြားတစ်ခုကို ထုတ်ပြလိုက်သည့်အခါ ထိုစားပွဲထိုးလေးခမျာ စိတ်လှုပ်ရှားသွားရသည်။
"မ..မစ္စတာကျန်း.. ကျွန်တော် ချက်ချင်းပြင်ပေးပါ့မယ်"
*****************