အခန်း (၃၂၉၁−၃၂၉၂)
Vol. 217 Ch. 3291-3292
အခန်း ၃၂၉၁ - မင်းတို့ကို တမလွန်ဆီပို့ပေးမယ်
ခန်းမထဲရှိ ကျင့်ကြံသူများစွာသည် အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦး၏ ခါးပေါ်မှာ ချိတ်ဆွဲထားသည့် တံဆိပ်ပြားများကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြ၏။ ကြီးမားသော နေရာလွတ်တစ်ခု ဖြစ်ပေါ်လာလေသည်။
“သူတို့တွေက အထွတ်အမြတ်ခိုလှုံရာတွေကပဲ”
အံ့အားတသင့်ရေရွတ်သံများ လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။
ဆူဇီမိုက အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦး၏ ခါးများပေါ်မှတံဆိပ်ပြားများကို တစ်ချက်ကြည့်လိုက်၏။
ဘယ်ဘက်မှာရှိသော အန္တိမကောင်းကင်ဘုံသာလွန်သူ၏ ခါးပေါ်မှ တံဆိပ်ပြားသည် လှည့်ပတ်နေသောသ အနက်နှင့်အဖြူ ယင်ယန်ငါးတစ်စုံကို ပြသနေ၏။ သူသည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှဖြစ်ရပေမည်။
သူ့ဘေးမှာရှိသော အန္တိမကောင်းကင်ဘုံသာလွန်သူ၏ တံဆိပ်ပြားကို မိုးကြိုးလျှပ်စီးတစ်လွှာက လွှမ်းခြုံထားလေသည်။ သူသည် နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာမှဖြစ်ပေမည်။
တတိယမြောက် အန္တိမကောင်းကင်ဘုံသာလွန်သူ၏ တံဆိပ်ပြားက ဗလာကျင်းနေ၏။ သို့သော်လည်း တစ်ချက်ကြည့်ရုံနှင့် လူတစ်ယောက်၏ အကြည့်နှင့်စိတ်က ကျယ်ပြော၍ အဆုံးမဲ့သော လေဟာနယ်ထဲသို့ နစ်မြုပ်သွားပေလိမ့်မည်။
သူသည် လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာက ဖြစ်ရပေမည်။
စတုတ္ထမြောက် အန္တိမကောင်းကင်ဘုံသာလွန်သူ၏ တံဆိပ်ပြားက သွေးနီရောင်ဖြစ်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ သူသည် ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှဖြစ်ရပေမည်။
အန္တိမကောင်းကင်ဘုံသာလွန်သူလေးဦး၏ မျိုးဆက်သွေးများက အလွန်တရာသန်မာနေသည်။
သူတို့သည် သူတို့၏ မျိုးဆက်သွေးများကို မထုတ်ဖော်ခင်မှာပင် ဆူဇီမိုသည် ဖိအားအငွေ့အသက်တစ်ခုကို ခံစားနေရပြီဖြစ်၏။
“အဲဒီလူတွေက သူတော်စင်မျိုးနွယ်ကလား”
“သူတို့က သူတော်စင်မျိုးနွယ်က မဟုတ်ဘူး.. သူတော်စင်မျိုးနွယ်ကလူတွေက သူတို့ရဲ့ သရုပ်သကန်တံဆိပ်ပြားတွေကို ဆောင်ထားစရာ မလိုဘူး… အထွတ်အမြတ်ခိုလှုံရာက သူတို့တွေက သူတော်စင်မျိုးနွယ်ရဲ့ အစေခံတွေဖြစ်ရမယ်”
“အာ… သူတို့ရဲ့အစေခံတွေကတောင်မှ ဒီလိုမျိုးကြောက်စရာကောင်းတဲ့စွမ်းပကားကို ထုတ်ဖော်နိုင်တယ်”
ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူက မှင်သေသေဖြင့်ရှိနေ၏။
သူက ခန်းမထောင့်မှာရှိသော ဆူဇီမိုကိုကြည့်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ငါတို့နဲ့လိုက်ခဲ့”
“ဘယ်ကိုလဲ”
“မင်းသိစရာမလိုပါဘူး”
နတ်ဘုရားပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူ၏ လေသံက တည်ငြိမ်နေသော်လည်း ယဉ်ကျေးမှုမရှိပေ။
ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများစွာကို ဆွဲဆောင်မိသွားပြီဖြစ်ပြီး သူတို့က ဤနေရာကို စုဝေးရောက်ရှိလာကြ၏။
လူအုပ်ကြီးက ကြီးမားလွန်းလာသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ မြို့ထဲမှာကင်းလှည့်နေသော အထွတ်အမြတ်ခိုလှုံရာအစောင့်တပ်သားတစ်ဖွဲ့က လူအုပ်ကြီးကို တွန်းဖယ်ကာ ဝင်ရောက်လာကြ၏။
အထွတ်အမြတ်ခိုလှုံရာအစောင့်တပ်သားများက ခန်းမထဲကို တစ်ချက်ကြည့်လိုက်၏။
သူတို့၏ ခေါင်းဆောင်တပ်မှူး၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူက တစ်စုံတစ်ရာကို နားလည်သိရှိသွားသည့်အလားပင်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မေးလိုက်၏။
“ငါက ငြင်းတယ်ဆိုရင်ရော…”
“အဲဒါက မင်းရဲ့ သဘောဆန္ဒနဲ့ မဆိုင်ဘူး”
ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူက ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ ဆူဇီမိုရှိရာသို့ လျှောက်လှမ်းလာ၏။
ဆူဇီမိုက ခန်းမ၏ အပြင်ဘက်ရှိ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ အစောင့်တပ်သားများကို လှမ်းကြည့်လိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ဤအစောင့်တပ်သားအုပ်စု၏ တာဝန်သည် အထွတ်အမြတ်ခိုလှုံရာမှအခြေအနေကို ထိန်းသိမ်းပေးဖို့ဖြစ်လေသည်။ တစ်ယောက်ယောက်က လက်နက်ကို အသုံးပြုရဲမည်ဆိုလျှင် ဤစောင့်တပ်သားများက သူတို့ကို ဝင်ရောက်တားဆီးပြီး စတင်၍ စည်းကမ်းဖောက်ဖျက်သူကို ဖိနှိမ်ရမည်ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ ခေါင်းဆောင်တပ်မှူးသည် ဤမြင်ကွင်းကို လျစ်လျူရှုထားပုံရ၏။
သူက တစ်ဘက်သို့လှည့်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများကို ကျယ်လောင်စွာအော်ငေါက်နေ၏။
“ရပ်ကြည့်မနေကြနဲ့တော့… သွားကြစမ်း”
ဆူဇီမို၏ အမူအရာက အေးစက်လာ၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ အစောင့်တပ်သားများသည် သူတို့ကို ကာကွယ်ပေးလိုသည်မှာ သိသာနေ၏။
“ဒီလူတွေက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ သူ့ကို ပေါ်ပေါ်ထင်ထင် ခေါ်ထုတ်သွားကြတော့မှာပဲ… လက်နက်တွေကို အထွတ်အမြတ်ခိုလှုံရာမှာ အသုံးပြုခွင့်ပေးမထားဘူးဆိုပြီးတော့ အစောင့်တပ်သားတွေက ဒီတိုင်းပဲ ရပ်ကြည့်နေကြမှာလား”
“မင်းတော်တော်နုံတာပဲ… အထွတ်အမြတ်ခိုလှုံရာရဲ့ စည်းမျဉ်းစည်းကမ်းတွေက ငါ့တို့လိုလူတွေအတွက်ပဲ.. သူတို့တွေက တခြားအထွတ်အမြတ်ခိုလှုံရာက လာကြတာပဲ… သူတို့ရဲ့ အထွတ်အမြတ်ခိုလှုံရာအချင်းချင်း ထောက်ထားပြီး အစောင့်တပ်သားတွေက မသိချင်ယောင်ဆောင်နေကြလိမ့်မယ်”
တာအိုပညာရှင်လူအိုကြီးက နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
“သူတော်စင်မျိုးနွယ်က အဲဒီလူတွေက တစ်ချိန်လုံးပေါ်ထွက်မလာဘူး… တစ်ယောက်ယောက်က နောက်ပိုင်းဒီအမှုကို လိုက်မယ်ဆိုရင်တောင် အလွန်ဆုံးသူတို့လုပ်စရာရှိတာက အဲဒီအစေခံတွေကို သူတို့ကိုယ်စား အပြစ်ဒဏ်ခံခိုင်းလိုက်ရုံပဲ”
လူတိုင်းဆွေးနွေးပြောဆိုနေစည် ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူက ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။
သူက လက်လှမ်းပြီး ဆူဇီမို၏ ပခုံးကို ဖမ်းဆွဲလိုက်၏။
သူ၏ လက်ဖဝါးက လေထဲသို့ရောက်ရှိလာစဉ် ၎င်းသည် ဧရာမဆိုးယုတ်တောကောင်လက်သည်းအဖြစ် အသွင်ပြောင်းလဲသွားပြီဖြစ်၏။ သားရဲချီက တလိပ်လိပ်ထိုးတက်လာပြီး သူက ဆူဇီမို၏ လက်တစ်ဖက်လုံးကို ဖျက်ဆီးပစ်ချင်နေသည်မှာ သိသာနေ၏။
အန္တိမကောင်းကင်ဘုံသာလွန်သူ၏ တောကောင်လက်သည်းပေါ်ထွက်လာပြီး ဆူဇီမိုက တစ်ချက်ကြည့်၍ သူ၏အစစ်အမှန်ပုံစံကို ပြောနိုင်လေသည်။
ကောင်းကင်ဘုံယက်ကန်းငှက်…။
လူသားမျက်နှာနှင့် တောကောင်ခန္ဓာနှင့်အတူ သူတို့မှာတောင်ပံများနှင့် ကြမ်းကြုတ်ခက်ထန်သော စိတ်နေစရိုက်ရှိလေသည်။ သူတို့သည် လူသားစားရသည်ကို သဘောကျပြီး အကြမ်းကြုတ်ဆုံးတောကောင်များထဲမှာ ပါဝင်လေသည်။
ဆူဇီမိုက အချိန်မီမရှောင်တိမ်းနိုင်သည့်အလား လုံးဝလှုပ်ရှားခြင်းမရှိပေ။
ကောင်းကင်ဘုံယက်ကန်းငှက်၏ လက်သည်းများက ဆူဇီမို၏ ပခုံးပေါ်သို့ ဆင်းသက်လာပြီး အားပါပြင်းထန်စွာ ဖမ်းဆုပ်လိုက်၏။
“ဟမ့်…”
ပုံမှန်အခြေအနေမှာဆိုလျှင် သူ၏ လက်သည်းများသည် ဆူဇီမို၏ ပခုံးကို ခြေမွှဖျက်ဆီးပစ်ဖို့ လုံလောက်ပေလိမ့်မည်။
သို့သော်လည်း သူ၏ ထက်ရှသော တောကောင်လက်သည်းက ဆူဇီမို၏ အဝတ်စကို ထိုးဖောက်ပြီး သူ၏ အရေပြားနှင့် အသားပေါ်သို့ ဆင်းသက်သောအခါ သူသည် မာကြောသော ခုခံမှုတစ်ရပ်နှင့် ကြုံတွေ့လိုက်ရ၏။
သူ၏ လက်သည်းက အနည်းငယ်နစ်ဝင်သွားပြီးနောက် ပို၍ပင်ကြီးမားသော တန်ပြန်ကန်အားနှင့် ကြုံတွေ့သွား၏။
ဘန်း…
ကောင်းကင်ဘုံယက်ကန်းငှက်၏ လက်သည်းများက ပြန်ကန်ထွက်သွား၏။
ဆူဇီမိုက ခန်းမ၏ အပြင်ဘက်မှ အထွတ်အမြတ်ခိုလှုံရာအစောင့်တပ်သားများကို လှမ်းကြည့်လိုက်၏။ ခေါင်းဆောင်တပ်မှူးသည် သူ၏ မျက်လုံးထောင့်ကနေ တစ်ချက်ခိုးကြည့်ပြီးနောက် ပြန်လှည့်သွားကာ မသိချင်ယောင်ဆောင်နေ၏။
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်သည်။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ကောင်းကင်ဘုံယက်ကန်းငှက်၏ မျက်လုံးက ပြင်းထန်ကြမ်းတမ်းစွာတောက်ပလာပြီး မကောင်းဆိုးဝါးဆန်ဆန်သွားဖြီးလိုက်၏။
“မင်းက တုံ့ပြန်တိုက်ခိုက်ရဲတယ်ပေါ့လေ”
ဝုန်း…
ကောင်းကင်ဘုံယက်ကန်းငှက်၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟလိုက်၏။ ပါးစပ်ထဲမှာ လောကတစ်ခုရှိနေပြီး ဆူဇီမိုကို ဝါးမျိုကာ နေရာမှာပင် သူ့ကိုသတ်ဖြတ်လို၏။
“အမှန်တကယ်တုံ့ပြန်တိုက်ခိုက်တာက ဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”
ဆူဇီမိုက ခြေတစ်လှမ်းနောက်မဆုတ်ပေ။ ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ကောင်းကင်ဘုံယက်ကန်းငှက်၏ ပါးစပ်က ကိုက်ချတော့မည့်ဆဲဆဲမှာပင် သူက ကောင်းကင်ဘုံယက်ကန်းငှက်၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးကို ဆုပ်ကိုင်ပြီး သူ၏ လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
အီး…
ကောင်းကင်ဘုံယက်ကန်းငှက်၏ လည်ပင်းက ဆန့်ထွက်သွားပြီး သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
ထိုအခိုက်အတန့်မှာ ခန်းမထဲသို့ သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမိုသည် ကောင်းကင်ဘုံယက်ကန်းငှက်၏ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ဖိချပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပါးစပ်ကနေ နှစ်ခြမ်းခွဲထုတ်လိုက်၏။
ကောင်းကင်ဘုံယက်ကန်းငှက်၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးချင်သောအခါ ဆူဇီမိုက ခပ်အုပ်အုပ်အော်ငေါက်ပြီး သူ၏ ချီကို ဓားတစ်လက်အဖြစ် စုစည်းလိုက်၏။ အဖြူရောင်အလင်းတစ်ချက်လက်ပြီး ကောင်းကင်ဘုံယက်ကန်းငှက်၏ အမြုတေစိတ်ဝိညာဉ်က နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။
ကျင့်ကြံသူများက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
ဤမြင်ကွင်းသည် တကယ့်ကို သွေးသံရဲရဲနှင့် တုန်လှုပ်စရာကောင်းလွန်းနေ၏။
အားနည်းသော စာပေသမားတစ်ယောက်နှင့်တူသည့် ကောင်းကင်ဘုံသာလွန်သူသည် လှုပ်ရှားကွက်တစ်ကွက်နှင့်အတူ ဤကဲ့သို့ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
သူသည် ကောင်းကင်ဘုံယက်ကန်းငှက်ကို လှုပ်ရှားကွက်တစ်ကွက်ဖြင့် ဆုတ်ဖြဲပစ်လိုက်၏။
ဆူဇီမိုသည် အထွတ်အမြတ်ခိုလှုံရာမှ တစ်စုံတစ်ယောက်ကို အမှန်တကယ်သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ကောင်းကင်ဘုံယက်ကန်းငှက်သည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်မည်ဆိုလျှင် သူသည် ဤမျှအထိမြန်မြန်ဆန်ဆန် သေဆုံးသွားလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူပင်လျှင် ထင်မှတ်မထားခဲ့ပေ။
“မင်းဘယ်လိုတောင်လုပ်ရဲတာလ”
“မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ”
ကျန်ရှိနေသော အစေခံသုံးဦးက ဒေါသတကြီး အော်ငေါက်လိုက်ကြ၏။
ဖြစ်စဉ်တစ်ခုလုံးက အရမ်းကိုလျင်မြန်စွာဖြစ်သွားပြီး သူတို့သုံးယောက် မတိုက်ခိုက်နိုင်ခင် တစ်ချီတည်းနီးပါးဖြင့် ကောင်းကင်ဘုံယက်ကန်းငှက်က နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
ထိုအခိုက်အတန့်မှသာ အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးသည် ငေးငိုင်ရာကနေ သတိပြန်ကပ်လာ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် သူတို့၏ လောကများကို မြှောက်တင်ပြီး သူတို့၏ သွေးချီများကို လှည့်ပတ်ကာ သူတို့၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်များကိုပင် ဆင့်ခေါ်လိုက်ကြ၏။
ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှလူ၏ မျက်လုံးများက နက်မှောင်နေပြီး ညိုမှောင်နေသောအော်ရာတစ်ခုကို ဖြာထုတ်လိုက်၏။ သူ၏ နောက်ဘက်မှာ လပြည့်ဝန်းတစ်ခု ပေါ်ထွက်လာသော်လည်း ၎င်းက မှေးမှိန်နေ၏။ အဆုံးစွန်ယင်မျိုးနွယ်၏ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦး။
နတ်ဘုရားအပြစ်ဒဏ်ကောင်းကင်ဘုံခိုလှုံရာမှလူက သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ ၎င်းသည် တည်းခိုခန်းကို ချက်ချင်းပင်ဖုံးလွှမ်းသွားသော မိုးပြာနဂါးတစ်ကောင်ဖြစ်လေသည်။
သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး နဂါးဟိန်းသံက နေရာတစ်ခွင် ပဲ့တင်ထပ်သွား၏။
မိုးပြာနဂါးမျိုးဆက်သွေးနှင့်ပင်လျှင် သူသည် သူတော်စင်မျိုးနွယ်၏ အစေခံတစ်ဦးသာဖြစ်၏။
လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာမှလူက သူ၏ လူသားပုံစံမှာ ရှိနေဆဲဖြစ်သော်လည်း သူ၏ဘေးပတ်လည်မှာရှိသော လေဟာနယ်က အဆက်မပြတ်ပြောင်းလဲကာ တွန့်လိမ်သွားလေသည်။
သူသည် တာအိုသုံးသပ်မှုနယ်ပယ်ရှိ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးမျှသာဖြစ်သော်လည်း သူသည် လေဟာနယ်၏ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပြီဖြစ်သည်။
“အဲဒါ ရှေးဟောင်းယွီမျိုးနွယ်ပဲ”
လူအုပ်ကြားထဲမှ အံ့အားတသင့်အော်ဟစ်သံက ထွက်ပေါ်လာ၏။
အထွတ်အမြတ်ခိုလှုံရာများမှ အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးသည် သူတို့၏ နည်းလမ်းများအားလုံးကို ထုတ်ဖော်လိုက်စဉ် ဆူဇီမိုက ချဉ်းကပ်လာခဲ့ပြီဖြစ်၏၊
“မင်းတို့တွေက ငါ့ကို ခေါ်သွားချင်တယ်ဆိုမှတော့ ငါမင်းတို့ကို တမလွန်ဆီ အရင်ပို့ပေးမယ်”
အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ဆူဇီမိုက နောက်ဆုတ်မသွားပေ။ သူက အော်ငေါက်ပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာကာ သူ၏ သွေးချီကို ထုတ်ဖော်လိုက်၏။
ဝေါ…
မီးတောင်တစ်လုံး ပေါက်ကွဲထွက်သွားသလို ဆူနာမီလှိုင်းတစ်ခုက တိုက်ခတ်လာပြီး အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦး၏ သွေးချီကို ချက်ချင်းပင် ဖိနှိမ်လိုက်၏။
အခန်း ၃၂၉၂ - အမှန်တရားကို လီဆယ်ခြင်း
ဆူဇီမို၏ နောက်ဘက်မှာ ဧရာမလောကတစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် အကန့်အသတ်မဲ့ပြီး ယင်နှင့်ယန်ကနေ ခွဲခြားမရနိုင်ပေ။ ၎င်းသည် အရာရာတိုင်းကို ချေဖျက်ဝါးမျိုးနိုင်သည့်အလား ညိုမည်းနေ၏။
“ကစဉ့်ကလျားမဟာတာအို…”
အံ့အားတသင့်ရေရွတ်သံများက လူအုပ်ကြားထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
ဝုန်း…
အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦး၏ လောကများသည် မဟာတာအိုအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီဖြစ်သော်လည်း သူတို့သည် ကစဉ့်ကလျားလောကကို မဖိနှိမ်နိုင်ပေ။
တစ်ချိန်တည်းမှာပင်။
သူတို့လေးဦး၏ သွေးချီက ရောထွေးယှက်ဖြာပြီး တစ်ခုကိုတစ်ခု ဝါးမျိုနေကြ၏။
ဝုန်း… ဝုန်း… ဝုန်း…
ဆူဇီမိုသည် သူ၏ လက်သီးများ၊ လက်ဝါးများနှင့် လက်ချောင်းများနှင့်အတူ သူတို့သုံးယောက်ကို တစ်ယောက်တည်းဆန့်ကျင်တိုက်ခိုက်ပြီး ကမ္ဘာတုန်လောက်စရာပေါက်ကွဲသံများနှင့်အတူ အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးနှင့် ထိတွေ့ရိုက်ခတ်နေ၏။
အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးက တုန်လှုပ်ချောက်ချား၍ သူတို့၏ အမူအရာများ ပြောင်းလဲလာကြ၏။
ဆူဇီမိုထုတ်ဖော်ထားသည့်စွမ်းအားသည် ကြမ်းကြုတ်ခက်ထန်လွန်းလေသည်။ သူတို့သုံးယောက်ပူးပေါင်းထားလျှင်တောင် သူတို့သည် အဲဒါကို မခုခံနိုင်ပေ။
ထိုမျှသာမက ဆူဇီမို၏ သွေးချီမှာ ချစ်ချစ်တောက်ပူပြင်းသော စွမ်းအားတစ်ခုလည်းပါဝင်နေ၏။ သူတို့၏ သွေးချီက လျင်မြန်စွာအငွေ့ပြန်ပြီး အဆက်မပြတ်ချေဖျက်ခံနေရ၏။
အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဦးသည် သူတော်စင်မျိုးနွယ်မှမဟုတ်သော်လည်း သူတို့သည် မျိုးနွယ်စုတစ်သောင်းမှ အသန်မာဆုံးမျိုးနွယ်များဖြစ်ပြီး ပြိုင်ဘက်ကင်းကိုယ်ကာယနှင့်သွေးချီတို့ကို ပိုင်ဆိုင်ထားကြ၏။ သို့သော်လည်း သူတို့သည် ဆူဇီမို၏ တိုက်ခိုက်မှုများကို လုံးဝမခုခံနိုင်ပေ။
ထိုစဉ်မှာပင် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးက သူ့ဘာသာသူအသက်ဝင်လာပြီး သူ၏ မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်ကာ အဆုံးမဲ့ချောက်နက်တစ်ခုကဲ့သို့ ဖြည်းဖြည်းချင်းလည်လာ၏၊
ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူ၏ လောကသည် မရေမတွက်နိုင်သောချည်မျှင်များဖြင့် ဆွဲယူခံလိုက်ရသလို အဆုံးမဲ့စွမ်းအားက ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲသို့ တလိပ်လိပ်တိုးဝင်သွား၏။
အဆုံးစွန်ယင်မျိုးနွယ် အန္တိမကောင်းကင်ဘုံသာလွန်သူ၏ လောကက တိတ်တဆိတ်ပျက်ပြယ်သွားလေသည်။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကို ရရှိခဲ့ပြီးနောက် သူတို့သည် သူ၏ စက္ခုနည်းစနစ်ကျင့်ကြံခြင်းမှာ သူ့ကိုကြီးမားစွာအထောက်အကူဖြစ်စေခဲ့၏။
သို့သော်လည်း မဟာကမ္ဘာတစ်ထောင်လောကသို့ သူတက်လှမ်းလာပြီးမှသာ ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူတို့၏ အသိဉာဏ်နှင့်စွမ်းပကားကို အမှန်တကယ်ထုတ်ဖော်လာကြ၏။
ကစဉ့်ကလျားလောက၏ စွမ်းအားက ဆပွားမြင့်တက်လာပြီး ယခုတင် သူ၏လောကကာကွယ်မှုဆုံးရှုံးသွားသည့် အဆုံးစွန်ယင်မျိုးနွယ်မှ အန္တိမကောင်းကင်ဘုံသာလွန်သူကို လွှမ်းခြုံသွားလေသည်။
ကစဉ့်ကလျားလောကထဲသို့ ဆွဲယူသွင်းခံရပြီးနောက် သူ့အနေဖြင့် သူ၏ နည်းလမ်းများအားလုံးကို အသုံးပြုဖို့ ခက်ခဲသွား၏။
သူသည် ကစဉ့်ကလျားလောက၏ ချေဖျက်ဝါးမျိုခြင်းခံနေရ၏။
အစကတော့ ကစဉ့်ကလျားလောကနှင့် ဆန့်ကျင်တိုက်ခိုက်နေသော လောကသုံးခုရှိခဲ့သည်။ ယခု လောကနှစ်ခုသာ ကျန်တော့လေသည်။ အခြေအနေက ချက်ချင်းပင်ဆိုးရွားသွား၏။
လောကနှစ်ခုသည် ဝန်ထုပ်ဝန်ပိုးဒဏ်ကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့ဘဲ ယိမ်းထိုးလာ၏။
“ဆုတ်ကြမယ်”
အဆုံးစွန်ယင်မျိုးနွယ်မှ အန္တိမကောင်းကင်ဘုံသာလွန်သူက အန္တရာယ်ကျရောက်လာပြီး သူ့ကို ကယ်တင်၍မရနိုင်သည်ကို အန္တိမကောင်းကင်ဘုံသာလွန်သူနှစ်ဦး တွေ့မြင်သောအခါ သူတို့က လောလောဆယ်မှာ အန္တရာယ်ကို ရှောင်လွှဲဖိုသာ တတ်နိုင်တော့သည်။
တစ်ချိန်တည်းမှာပင် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ခေါင်းဆောင်တပ်မှူး၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူက မနေနိုင်တော့ဘဲ လှမ်းအော်လိုက်၏။
“မင်းက အထွတ်အမြတ်ခိုလှုံရာမှာ တခြားသူတွေကို ဘယ်လိုတောင် ထိခိုက်အော်လုပ်ရဲတာလဲ… ရပ်လိုက်စမ်း”
ဤလူသည် အခြားသောအထွတ်အမြတ်ခိုလှုံရာများမှ အစေခံများက ဆူဇီမိုကို စောစောက တိုက်ခိုက်ခဲ့သောအခါ မသိချင်ယောင်ဆောင်နေခဲ့၏။
သူတုံ့ပြန်လာသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူတော်စင်မျိုးနွယ်မှအစေခံနှစ်ဦးက ဆူဇီမို၏ လက်ထဲမှာ သေဆုံးသွားလေပြီ။
ဝုန်း… ဝုန်း… ဝုန်း…
ခေါင်းဆောင်တပ်မှူး၏ အမိန့်အောက်မှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ အစောင့်တပ်သားများစွာသည် သူတို့၏ သွေးချီများကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ပြီး သူတို့၏ လောကများကို မြှောက်တင်ကာ ဆူဇီမိုကို ဝိုင်းပတ်၍ သူတော်စင်မျိုးနွယ်မှ ကျန်ရှိနေသော အစေခံနှစ်ဦးကို ကာကွယ်ပေးလိုက်ကြ၏။
ခေါင်းဆောင်တပ်မှူး၏ အမိန့်က သည့်ထက်ပို၍ နှေးကွေးသွားမည်ဆိုလျှင် သူတော်စင်မျိုးနွယ်မှအစေခံနှစ်ဦးက ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် သူ့ကို ဝိုင်းပတ်လာသည့် အထွတ်အမြတ်ခိုလှုံရာအစောင့်တပ်သားများစွာကို အေးစက်နေသောအမူအရာဖြင့် ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အေးစက်နေသော သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်သွားပြီးနောက် တဖြည်းဖြည်းပျက်ပြယ်သွား၏။
မည်သို့ပင်ဆိုစေ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာဆီသို့ သူ့ကို ဦးလေးဖုန့်က ခေါ်ဆောင်လာခဲ့လေသည်။
အစောင့်တပ်သားများက သိသိသာသာဘက်လိုက်နေသော်လည်း သူသည် ဦးလေးဖုန့်၏ မျက်နှာကို ထောက်ထားပြီး သူတို့ကို မသတ်ဖြတ်နိုင်ပေ။
နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူက ခေါင်းဆောင်တပ်မှူးကို ကြည့်ပြီး ဆူဇီမိုကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးချန်… ဒီလူက အထွတ်အမြတ်ခိုလှုံရာမှာ တိုက်ခိုက်ပြီး တခြားအထွတ်အမြတ်ခိုလှုံရာကနေ လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်… သူက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လုံးဝမထီမဲ့မြင်ပြုနေတာပဲ”
“အမှန်ပဲ”
လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာမှ အန္တိမကောင်းကင်ဘုံသာလွန်သူကလည်း တည်တံ့စွာဝင်ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးချန်… ဒီလူက အများသူငှာရှေ့မှာ လူသတ်မှုကျူးလွန်ထားတယ်… မင်း ငါတို့အထွတ်အမြတ်ခိုလှုံရာတွေအတွက် တရားမျှတမှုရှာပေးရမယ်”
ဤနေရာမှာ စုဝေးရောက်ရှိနေသော ကျင့်ကြံသူများအားလုံးသည် ဖြစ်စဉ်တစ်လျှောက်လုံးကို ရှင်းလင်းစွာ တွေ့မြင်ထားခဲ့ကြ၏။
အထွတ်အမြတ်ခိုလှုံရာလေးခုမှလူများက အရင်စတင်တိုက်ခိုက်ပြီးမှသာ အစိမ်းရောင်ဝတ်ကျင့်ကြံသူက တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။
ယခု အထွတ်အမြတ်ခိုလှုံရာများမှ ကျန်ရှိနေသောလူနှစ်ယောက်သည် ဤကဲ့သို့ စွပ်စွဲပြောဆိုလာပြီး ကျင့်ကြံသူများစွာက အထင်အမြင်သေးစွာဖြင့် သူတို့၏ မျက်နှာများကို မဲ့လိုက်ကြ၏။
ခေါင်းဆောင်တပ်မှူးချန်းက တည်တံ့စွာ ပြောလိုက်၏။
“တာအိုရောင်းရင်းတို့ မပူပါနဲ့ ဒီလူ့ရဲ့ ပြစ်မှုကိုခွင့်လွှတ်လို့ မရဘူး… ကျုပ်တို့ ဘိုးဘေးမီးအထွတ်အမြန်ခိုလှုံရာက ဒီလိုမျိုး လူသတ်သမားကို သေချာပေါက် ကာကွယ်ပေးမှာမဟုတ်ဘူး”
“စောစောက အရင်စတင်တိုက်ခိုက်ခဲ့တာက သူတို့တွေပဲ… မင်းမမြင်ဘူးလား”
ဆူဇီမိုက အေးစက်စွာ မေးလိုက်၏။
“ငါမြင်တာကတော့ မင်းက ဥပဒေကို မထီမဲ့မြင်ပြုပြီး လူသတ်မှုကျူးလွန်ခဲ့တာပဲ”
ခေါင်းဆောင်တပ်မှူးချန်က လှောင်ရယ်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုကာ အော်ပြောလိုက်၏။
“အထွတ်အမြတ်ခိုလှုံရာလေးခုက တာအိုရောင်းရင်းတွေ အရင်စပြီးတိုက်ခိုက်တာကို မြင်တဲ့ဘယ်သူမဆို ရှေ့ကို ထွက်လာခဲ့…”
လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျင့်ကြံသူများစွာသည် အခြားသူများကို အနိုင်ကျင့်နေသည့် အထွတ်အမြတ်ခိုလှုံရာများမှ လူများကို ရွံရှာစက်ဆုပ်ပြီး အမှန်တရားကို လီဆယ်ပြောဆိုနေသည့် ခေါင်းဆောင်တပ်မှူးချန်ကို အထင်အမြင်သေးသော်လည်း သူတို့သည် ဆူဇီမိုအတွက် ရှေ့ထွက်ပြောဆိုရဲခြင်းမရှိပေ။
သူတို့သည် သူ့အတွက် ရှေ့ထွက်ပြောဆိုမည်ဆိုလျှင် သူတို့သည် အထွတ်အမြတ်ခိုလှုံရာလေးခုနှင့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကိုပင် မလွဲမသွေဆန့်ကျင်မိမည်ကို စဉ်းစားဉာဏ်ရှိသောဘယ်သူမဆို ပြောနိုင်လေသည်။
ဒါ့အပြင် ကျင့်ကြံသူများထဲ မည်သူကမှ ဆူဇီမိုနှင့် သိကျွမ်းထားခြင်းမရှိပေ။
“ဒီလူက တကယ့်ကိုရက်စက်ကြမ်းတမ်းတာပဲ… သူက တိုက်ခိုက်တဲ့အချိန်မှာပဲ သူတော်စင်မျိုးနွယ်က အစေခံနှစ်ဦးကို သတ်ပစ်လိုက်တယ်”
“အမှန်ပဲ… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက သူ့ကိုချမ်းသာပေးမယ်ဆိုရင်တောင် တခြားအထွတ်အမြတ်ခိုလှုံရာလေးခုက ဒီကိစ္စကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”
“သူတော်စင်မျိုးနွယ်က အဲဒီအစေခံတွေက သူ့ကိုဖမ်းဆီးဖို့ရောက်လာတာပဲ… သူက အညံ့ခံပြီး အသနားခံတောင်းပန်ဖို့ကို မင်းတို့မျှော်လင့်နေတာလား”
ကျင့်ကြံသူများသည် ပြပွဲကို စောင့်ကြည့်ရင်း တီးတိုးတီးတိုး ပြောဆိုနေကြ၏။
“သူ့ကိုချုပ်နှောင်လိုက်…”
ခေါင်းဆောင်တပ်မှူးချန်က လက်ထောင်ပြီး အမိန့်ပေးလိုက်၏။
အစောင့်တပ်သားတချို့က မဟာတာအိုအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ချိန်းကြိုးတချို့ကို ထုတ်ယူပြီး ဆူဇီမိုရှိရာသို့ ရစ်ပတ်လိုက်၏။
ချွင်… ချွင်… ချွင်…
ဆူဇီမိုက သာမန်ကာလျှံကာလက်ဖဝါးရိုက်ချက်တချို့နှင့်အတူ ချိန်းကြိုးများကို မြေပြင်ပေါ် ပစ်ရိုက်ချလိုက်၏။
“ဟမ်…”
ခေါင်းဆောင်တပ်မှူးချန်၏ အမူအရာက သုန်မှုန်သွားပြီး ကြမ်းကြုတ်ခက်ထန်သောအကြည့်ဖြင့် အေးစက်စွာပြောလိုက်၏။
“ဖမ်းဆီးမှုကို မင်းဘယ်လိုတောင် ဆန့်ကျင်တိုက်ခိုက်ရဲတာလဲ”
“ချန်ချိုး…”
ထိုစဉ်မှာပင် လေထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့မော့ကြည့်ပြီး လေထဲကနေ တာအိုသာလွန်သူတစ်ဦး ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။
“မင်္ဂလာပါ တာအိုသာလွန်သူနင်ယန်”
ခေါင်းဆောင်တပ်မှူးချန်နှင့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ အစောင့်တပ်သားများစွာက တစ်ယောက်ပြီးတစ်ယောက်ဦးညွှတ်လိုက်ကြ၏။
တာအိုသာလွန်သူနင်ယန်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီလူက အပြစ်မရှိဘူး… မင်းတို့တွေသွားလို့ရပြီ”
ချန်ချိုးက အနည်းငယ်မှင်တက်သွားပြီး အလောတကြီးပြောလိုက်၏။
“တာအိုသာလွန်သူ.. ဒီလူက အခုပဲ အများသူငှာရှေ့မှာ လူသတ်မှုကျူးလွန်ထားတယ်… သူက တခြားအထွတ်အမြတ်ခိုလှုံရာတွေက လူနှစ်ယောက်ကို သတ်ဖြတ်ထားတယ်”
ချန်ချိုးသည် တခြားအထွတ်အမြတ်ခိုလှုံရာကဟူသော စကားနေရာမှာ အသံကိုဖိပြောလိုက်၏။
“တခြားအထွတ်အမြတ်ခိုလှုံရာက လူတွေဆိုရင်တောင် သူတို့တွေက ဒီနေရာမှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်”
တာအိုသာလွန်သူနင်ယန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူတို့က စည်းမျဉ်းစည်းကမ်းကို လျစ်လျူရှုပြီး တခြားသူတွေကို အရင်စတင်တိုက်ခိုက်ရဲတယ်ဆိုမှတော့ သူတို့ သတ်ဖြတ်ခံရတဲ့အတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်… ဘာပဲပြောပြော သေသွားတဲ့သူတွေက သူများထက် ကိုယ်စွမ်းကိုယ်စညံ့ဖျင်းလို့ပဲ”
“တာအိုသာလွန်သူ… အရင်စပြီး တိုက်ခိုက်တာက ဒီလူ…”
ချန်ချိုးက ဆူဇီမိုကို လက်ညှိုးထိုးပြီး ဆက်လက်၍ စွပ်စွဲပြောဆိုလို၏။ သို့သော်လည်း သူ၏ စကားသံကို တာအိုသာလွန်သူနင်ယန်၏ အေးစက်စက်နှာမှုတ်သံတစ်ချက်က ဖြတ်တောက်လိုက်၏။
“မင်းက ငါ့ကို လိမ်နိုင်မယ်လို့ တကယ်ပဲထင်နေတာလား”
တာအိုလွန်သူနင်ယန်၏ အသံက အေးစက်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ချန်ချိုး… အထွတ်အမြတ်ခိုလှုံရာရဲ့ အစောင့်တပ်သားခေါင်းဆောင်တပ်မှူးအနေနဲ့ မင်းက အထွတ်အမြတ်ခိုလှုံရာရဲ့ အမိန့်အာဏာကို ထိန်းသိမ်းဖို့အတွက် ကြီးလေးတဲ့တာဝန်ကို ယူထားရတယ်… ဒါပေမဲ့ မင်းက အမှားအမှန်ကို မခွဲခြားနိုင်ဘဲ အမှန်တရားကို လီဆယ်ပြောဆိုတယ်”
“ဒီနေ့ကစပြီး မင်းက ခေါင်းဆောင်တပ်မှူးမဟုတ်တော့ဘူး”
ချန်ချိုး၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူက ချွေးများနှင့်စိုရွှဲလာ၏။ သူက ဆက်လက်၍ငြင်းဆန်လိုပြီး သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။
သို့သော်လည်း တာအိုသာလွန်သူနင်ယန်၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို တွေ့မြင်သောအခါ သူ၏နှလုံးက အေးစက်တောင့်တင်းသွား၏။ သူက အလောတကြီးခေါင်းငုံ့ပြီး ပြောလိုက်၏။
“ကျုပ်တောင်းပန်ပါတယ်”
ထိုစကားကိုကြားသောအခါ ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွံ့အသွား၏။
ယနေ့ကိစ္စသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ တာအိုသာလွန်သူတစ်ဦးကို ပေါ်ထွက်လာစေသည်သာမက ဤကဲ့သို့သောပုံစံဖြင့်ပင် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
အထွတ်အမြတ်ခိုလှုံရာ အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးတစ်ဦးပင်လျှင် သူ၏ ရာထူးကနေ ဖြုတ်ချခံလိုက်ရသည်။