အခန်း (၃၂၉၅−၃၂၉၆)
Vol. 217 Ch. 3295-3296
အခန်း ၃၂၉၅ - မီးတောက်တောင်ကြောရိုးများ
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ….။
ဦးလေးဖုန့်သည် တိတ်ဆိတ်သောခြံဝင်း၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး ရိုသေလေးစားသောအမူအရာဖြင့် သူ၏ ခေါင်းကို အနည်းငယ်ငုံ့ထား၏။
“သူ့မှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးရှိတာ အထွတ်အမြတ်ခိုလှုံရာလေးခုက ဘယ်လိုသိသွားတာလဲ”
အတန်ကြာပြီးနောက် ခြံဝန်းထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
ထိုအသံက မေးခွန်းတစ်ခုနှင့်တူသော်လည်း အမိန့်အာဏာတစ်စွန်းတစ်စပါဝင်နေ၏။
ဦးလေးဖုန့်က ခဏမျှစဉ်းစားပြီး ပြောလိုက်၏။
“သူက ပေါင်းမိုးပြည်နယ်မှာ အဆိပ်ငါးမျိုးနန်းတော်က တာအိုသာလွန်သူတစ်ဦးနဲ့တိုက်ခိုက်တုန်းက သူ့ရဲ့မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခဲ့တယ်… အဲဒီတာအိုသာလွန်သူက အဲဒါကို ပေါက်ကြားစေပြီး သူတော်စင်အဆိပ်က အဲဒီသတင်းကို ဖြန့်ခဲ့တာဖြစ်မယ်”
“အဆိပ်ငါးမျိုးနန်းတော်က အဲဒီတာအိုသာလွန်သူကို ဘာလို့မသတ်ခဲ့တာလဲ”
ခြံဝန်းထဲမှ အသံက အေးစက်စွာ ထွက်ပေါ်လာ၏။
ဦးလေးဖုန့်က ရှင်းပြလိုက်၏။
“ကျုပ်တို့က တာအိုသာလွန်သူကို သတ်ဖြတ်မယ်ဆိုရင်တောင် အဲဒီတိုက်ပွဲကို စောင့်ကြည့်နေတဲ့ ဘေးပတ်ဝန်းကျင်က အဆိပ်ရှိအင်းစက်တွေအများကြီး…”
“ဒါဆိုရင် အဲဒီအဆိပ်ရှိအင်းစက်တွေအားလုံးကို မင်းသတ်ခဲ့ရမှာပေါ့”
ဦးလေးဖုန့်စကားမဆုံးသေးခင် ခြံဝန်းထဲမှာရှိသောလူက သူ့ကို ဖြတ်ပြောလိုက်၏။
“သခင်… ကျုပ်အမြော်အမြင်နည်းခဲ့ပါတယ်… ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”
ခြံဝန်းထဲမှာရှိသောလူက သူ့ကိုအပြစ်တင်နေသည်ကို အာရုံခံမိသောအခါ ဦးလေးဖုန့်က သူ၏ခေါင်းကိုအလောတကြီးငုံ့ပြီး အမှားကို ဝန်ခံလိုက်၏။
ဘေးပတ်ဝန်းကျင်က ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။
ခြံဝန်းထဲမှာ အတန်ကြာသည့်အထိ တုံ့ပြန်မှုရှိမလာဘဲ လေထုက အလွန်တရာတင်းကျပ်လေးလံလာ၏။ ဦးလေးဖုန့်၏ ကျင့်ကြံမှုနှင့်ပင်လျှင် သူ၏ နဖူးမှာ ချွေးများစိုလာ၏။ သူက ထိတ်လန့်ကြောက်ရွံ့နေသည်မှာ သိသာလေသည်။
ခဏကြာပြီးနောက် ဦးလေးဖုန့်က ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ပုံရပြီး ဆက်ပြောလိုက်၏။
“ကျုပ်က ဒီကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို လက်လျှော့ဖို့ သူ့ကိုသွားပြီး ဖျောင်းဖျခဲ့တယ်… သူက ပကတိတာအိုသုံးသပ်မှုနယ်ပယ်ထိ ကျင့်ကြံပြီး နောက်ထပ်လာမယ့် ကောင်းကင်ဘုံတိုက်ပွဲမှာ ဝင်ပါမယ်ဆိုရင် သူက ကုသိုလ်ရွှေကြာပန်းကို ရဖို့ အခွင့်အရေးပိုများတယ်”
“သူဘာပြောလဲ”
ခြံဝန်းထဲရှိအသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။
ဦးလေးဖုန့်က ပြောလိုက်၏။
“သူက နဲနဲတော့ ခေါင်းမာတယ်… သူက ဒီတစ်ခေါက် ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဝင်ပါချင်တုန်းပဲ… ကျုပ်သူ့ကို ထပ်ပြီး မဖျောင်းဖျနိုင်ခဲ့ဘူး”
“ဒါပေမဲ့… မပူပါနဲ့သခင် သူ ဆင်းသက်မယ့်နေရာကို သူတော်စင်မျိုးနွယ်က ဟိုလူတချို့နဲ့ ပိုင်းခြားပေးလိုက်တာနဲ့ သူတို့က မီးတောက်တောင်ကြောရိုးတွေရဲ့အခြေမှာ ကြိုတင်တွေ့ဆုံဖို့မလွယ်ဘူး… နောက်ပြီး ဟင်္သပဒါးငှက်တံဆိပ်ပြားနဲ့ဆို သူက အန္တရာယ်ရှိလောက်မှာမဟုတ်ဘူး”
“နောက်ဆုံးတိုက်ပွဲအတွက် နေရာဆယ်နေရာပဲရှိတယ်… သူတော်စင်မျိုးနွယ်က အဲဒီလူတချို့ပါလာမယ်ဆိုရင် သူက သူတို့ကို ဖြတ်ကျော်ဖို့နေနေသာ နောက်ဆုံးတိုက်ပွဲကို ဝင်ရောက်ဖို့တောင် အခွင့်အရေးရမှာမဟုတ်ဘူး”
ခြံဝန်းထဲမှာရှိသောလူက နောက်တစ်ဖန်နှုတ်ဆိတ်သွား၏။
ဦးလေးဖုန့်က အကဲစမ်းမေးမြန်းလိုက်၏။
“ကျုပ် သူ့ကိုထပ်ပြီးတော့ သွားတားရမလား”
“သူ့ကို ထားလိုက်တော့”
ခြံဝန်းထဲမှာရှိသောလူက ညင်သာစွာ နှာတစ်ချက်မှုတ်လိုက်၏။
“သူသေမယ်ဆိုရင်လည်း သူ့အတွက် သင်ခန်းစာတစ်ခုပေါ့”
ဦးလေးဖုန့်က နှုတ်ဆိတ်သွား၏။ သူက ဘယ်လိုပြန်ဖြေရမလဲမသိသလို သာမန်ကာလျှံကာလည်း မပြောဆိုရဲပေ။
အထွတ်အမြတ်ခိုလှုံရာမှ လူနှစ်ယောက်သေဆုံးသွားခြင်းသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ အတော်လေး အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။
မဟာကမ္ဘာတစ်ထောင်လောကမှာ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမှ အထွတ်အမြတ်ခိုလှုံရာတချို့ကို စိန်မခေါ်နိုင်ကြပေ။
သို့သော်လည်း ဤတစ်ခေါ်မှာ လူတစ်ယောက်သည် အထွတ်အမြတ်ခိုလှုံရာမှ လူနှစ်ယောက်ကို အများသူငှာရှေ့မှာ သတ်ဖြတ်ခဲ့၏။ ဘယ်လောက်ထိ အုန်းအုန်းကျက်ကျက်ဖြစ်သွားမလဲ စဉ်းစားကြည့်နိုင်သည်။
ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲချဉ်းကပ်လာသည်နှင့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ စုဝေးရောက်ရှိလာသည့် မဟာကမ္ဘာတစ်လောကတစ်ဝန်းမှ ကျင့်ကြံသူများက ပို၍ပို၍ များပြားလာ၏။ အထွတ်အမြတ်ခိုလှုံရာများမှ လူနှစ်ယောက်သေဆုံးသွားခြင်းသည် ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲကို ပို၍ ထင်ရှားပေါ်လွင်လာစေ၏။
ဤနေ့မှာ ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို တရားဝင်စတင်မည်ဖြစ်သည်။
တိုက်ပွဲမှာ ပါဝင်မည့် ကောင်းကင်ဘုံသာလွန်သူပညာရှင်များအားလုံးသည် ဟင်္သပဒါးငှက်တံဆိပ်ပြားတစ်ခုကို လက်ခံရယူရန် အထွတ်အမြတ်ခိုလှုံရာ၏ တောင်ဘက်မှာရှိသော ဧရာမ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ သွားရောက်ရမည်ဖြစ်ပြီး ထို့နောက် တိုက်ပွဲနယ်မြေသို့ ဝင်ကြမည်ဖြစ်၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို အပိုင်းနှစ်ပိုင်းခွဲထား၏။
၎င်းကို ဖယ်ရှားရှင်းလင်းတိုက်ပွဲနှင့် နောက်ဆုံးတိုက်ပွဲဟူ၍ ခွဲခြားထားလေသည်။
ဖယ်ရှားရှင်းလင်းတိုက်ပွဲမှာ သူတို့သည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ မီးတောက်တောင်ကြောရိုးလေးခုကို ဖြတ်ကျော်ရမည်ဖြစ်သည်။
အမြန်ဆုံးဖြတ်ကျော်နိုင်သည့် ကောင်းကင်ဘုံသာလွန်သူဆယ်ဦးသာ နောက်ဆုံးတိုက်ပွဲသို့ ဝင်ရောက်ဖို့ အဆင့်မီလေသည်။
မီးတောက်တောင်ကြောရိုးလေးခုသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကို တည်ထောင်ခဲ့ကတည်းက တည်ရှိခဲ့သည်ဟု ဆိုလေသည်။
သူတို့သည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး၊ လောင်ကျွမ်းကောင်းကင်ဘုံတောင်ကြောရိုး၊ တင်းခြောက်ပါးတောင်ကြောရိုးနှင့် တမလွန်တောင်ကြောရိုးတို့ဖြစ်၏။
မီးတောက်တောင်ကြောရိုးလေးခုသည် မဟာကမ္ဘာတစ်ထောင်လောက၏ မဟာကောင်းကင်ဘုံမီးလေးမျိုးဖြင့် တစ်နှစ်ပတ်လုံးလောင်ကျွမ်းနေ၏။ သူတို့သည် အသင်္ချေစိတ်ဝိညာဉ်ရှေးဟောင်းမီး၊ လောင်ကျွမ်းကောင်းကင်ဘုံခရမ်းရောင်မီး၊ တင်းခြောက်ပါးနတ်ဘုရားမီးနှင့် တမလွန်တစ္ဆေမီးတို့ဖြစ်သည်။
တိုက်ပွဲမှာပါဝင်ယှဉ်ပြိုင်မည့် ကောင်းကင်ဘုံသာလွန်သူပညာရှင်များအားလုံးသည် တောင်ကြောရိုးလေးခုကို ဆက်တိုက်ဖြတ်ကျော်ရန် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး၏ အခြေသို့ သွားရောက်စုဝေးရမည်ဖြစ်၏။
ဖယ်ရှားရှင်းလင်းတိုက်ပွဲစတင်သည်နှင့် သူတို့သည် တစ်ချိန်တည်းမှာလှုပ်ရှားနိုင်ပြီး ပထမဆုံးမီးတောက်တောင်ကြောရိုးကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ကောင်းကင်က လင်းသွားသည်နှင့် ကောင်းကင်ဘုံသာလွန်သူများစွာသည် အထွတ်အမြတ်ခိုလှုံရာ၏ တောင်ဘက်မှာရှိသော ဧရာမပို့ဆောင်ရေးဝင်္ကပါအနီးနားမှာ စုဝေးရောက်ရှိနေကြပြီဖြစ်၏။
“ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဆူဇီမိုဝင်ပါဦးမယ်လို့ မင်းတို့တွေထင်လား”
“သူက ဘာလို့လာမှာလဲ… သေဖို့လား”
“ဟားဟား…”
လူအုပ်ကြားထဲမှ ရယ်မောသံများထွက်ပေါ်လာ၏။
ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။
“ငါသာ ဆူဇီမိုဆိုရင် သူတော်စင်မျိုးနွယ်က အဲဒီလူတွေ ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာဝင်ပါနေတာကို အခွင့်ကောင်းယူပြီး ဒီနေရာကနေ ထွက်ပြေးဖို့ကြိုးစားမှာပဲ”
“ဟဲဟဲ…”
ဘေးမှာရှိသောလူတစ်ယောက်က လှောင်ရယ်လိုက်၏။
“အထွတ်အမြတ်ခိုလှုံရာကနေ သူထွက်ပြေးမှာကိုပဲ အထွတ်အမြတ်ခိုလှုံရာတွေက လိုချင်နေကြတာ… သူတော်စင်မျိုးနွယ်က အဲဒီလူတွေက ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာရဲ့အပြင်ဘက်မှာ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးသွားလောက်ပြီ.. သူက အလွယ်တကူထွက်သွားနိုင်မှာ မဟုတ်ဘူး”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
“ငါ့အထင်တော့ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကလည်း ဒီလူကို လွှတ်ပေးမှာ မဟုတ်ဘူး”
“သူတော်စင်မျိုးနွယ်က ဟိုလူလေးယောက် ရောက်လာပြီ”
ထိုစဉ်မှာပင် လူအုပ်ကြားထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။
သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက ကြောက်စရာကောင်းသော အော်ရာများနှင့် လေထဲကနေ ဖြည်းဖြည်းချင်းဆင်းသက်လာကြ၏။ အစက ပြွတ်သိပ်နေသော လူအုပ်ကြီးက ကြီးမားသောနေရာလွတ်တစ်ခုအတွက် ချက်ချင်းပင် ဖယ်ပေးလိုက်ကြ၏။
လက်ရှိလူအများစုသည် အန္တိမကောင်းကင်ဘုံသာလွန်သူများဖြစ်ကြသည်။ သို့သော်လည်း သူတော်စင်မျိုးနွယ်သက်ရှိလေးဦးနှင့်ယှဉ်လျှင် သူတို့က အရှိန်အဝါမှာဖြစ်စေ၊ အဆင့်အတန်းမှာဖြစ်စေ များစွာနိမ့်ကျနေ၏။
“ဟေး…”
ကျင့်ကြံသူတစ်ယောက်က အူမြူးအားရစွာဖြင့် ပြောလိုက်၏။
“အစကတော့ တောင်ပိုင်းဒေသရဲ့ စိတ်ဝိညာဉ်ကုန်းမြေလေးဆယ့်ကိုးခုက အန္တိမကောင်းကင်ဘုံသာလွန်သူတွေမှာ အနှိုင်းမဲ့ဘွဲ့အတွက် တိုက်ခိုက်ဖို့အခွင့်အရေးရှိနေခဲ့သေးတယ်… အခု သူတော်စင်မျိုးနွယ်က သူတို့လေးယောက်ရောက်လာပြီဆိုတော့ ဘာအခွင့်အရေးမှမရှိတော့ဘူး”
“အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့ကို တိုက်ခိုက်ဖို့မပြောနဲ့ဦး… နောက်ဆုံးတိုက်ပွဲအတွက် နေရာဆယ်နေရာထဲက လေးနေရာကို သူတို့က သိမ်းပိုက်သွားပြီ”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
မီးတောက်တောင်ကြောရိုးလေးခုသည် သူတော်စင်မျိုးနွယ်သက်ရှိများကို သေချာပေါက်တားဆီးနိုင်မည်မဟုတ်သည်ကို လူတိုင်းနီးပါးက ပြောနိုင်ကြ၏။
သူတော်စင်မျိုးနွယ်သက်ရှိများအတွက်တော့ တစ်ခုတည်းသောကွာခြားချက်မှာ မီးတောက်တောင်ကြောရိုးလေးခုကို ဘယ်သူကအရင် ဖြတ်ကျော်နိုင်မလဲဆိုတာပင်။
“အဲဒါက နေရာလေးနေရာတင် မဟုတ်လောက်ဘူး”
ရုတ်တရက် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။
“ဟိုမှာကြည့်ဦး… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက သူတော်စင်မျိုးနွယ်သက်ရှိတစ်ဦးကလည်း ရောက်လာပြီ”
“အဲဒါ အန္တိမကောင်းကင်ဘုံသာလွန်သူကျူးလျန့်ပဲ”
“သူကလည်း ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဝင်ပါမလို့လား”
“အဲဒါဆိုရင်တော့ အတော်လေး စည်ကားသွားပြီ…. သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကြားက တိုက်ပွဲတစ်ပွဲက တကယ့်ကိုရှာရှားပါးပါး ခမ်းနားတဲ့ပွဲစဉ်တစ်ခုပဲ”
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်မျိုးနွယ်ပေါ်ထွက်လာမည်ဆိုလျှင် နောက်ဆုံးတိုက်ပွဲအတွက် နေရာဆယ်နေရာထဲမှာ ငါးနေရာသာလျှင် အခြားသူများအတွက် ကျန်တော့လေသည်။
“ညီကိုကျူး.. ဘာလို့လဲ မင်းလည်း ကြိုးစားကြည့်ချင်လို့လား”
ကျူးလျန့်ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ ဖူစန်းထျန်က မျက်ခုံးအနည်းငယ်ပင့်ပြီး လေးနက်သောအသံဖြင့်မေးလိုက်၏။
“ငါတို့ အရင်လောင်းထားတဲ့အတိုင်းလုပ်ကြတာပေါ့”
ကျူးလျန့်က ညင်သာစွာပြုံးပြလိုက်၏။
ယခင် ဟင်္သပဒါးငှက်ခန်းမမှာတုန်းက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့ကို ရရှိသည့်ဘယ်သူမဆို ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကို ပိုင်ဆိုင်မည်ဟု သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက ပြောခဲ့ကြ၏။
ထို့ကြောင့် ကျူးလျန့်ကလည်း ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကို လိုချင်တပ်မက်လာ၏။
သို့သော်လည်း ဆူဇီမိုကို သူတော်စင်မျိုးနွယ်မှ ပုဂ္ဂိုလ်တစ်ဦးက ကာကွယ်ပေးနေလောက်သည်။ တကယ်ဆို ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ သူပင်လျှင် ဘာမှမလုပ်နိုင်ပေ။
ထိုသို့ဆိုမှတော့ ကျူးလျန့်သည် ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့သာ ရှိတော့လေသည်။
ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို လူတိုင်းက စောင့်ကြည့်နေပြီး မည်သူကမှ ကြားဝင်မစွက်ဖက်နိုင်ပေ။
“ကောင်းပြီလေ”
နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာမှ ချင်းယန်က ခေါင်းညိတ်ကာပြောလိုက်၏။
“အဲလိုပဲလုပ်ကြတာပေါ့”
“အားလုံးပဲ အချိန်ကျရင် ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးကြဦး”
လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာမှ ရှဲ့လင်က ညင်သာစွာပြုံးပြလိုက်၏။
ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ လေ့ဟော်က နှုတ်ဆိတ်နေဆဲဖြစ်၏။ သူက တောက်လောင်ပြင်းပြသောမျက်လုံးများနှင့်အတူ လူအုပ်ကြီးကို စစ်ဆေးကြည့်ရှုနေ၏။ သူသည် တစ်ခုခုကို ရှာဖွေနေသည့်အလားပင်။
“ညီကိုလေ့… ရှာမနေနဲ့တော့”
ရှဲ့လင်က ရယ်မောကာပြောလိုက်၏။
“ငါတို့ရဲ့ အစုအဖွဲ့ကိုကြည့်ပြီး သူက သေမလောက်ကြောက်နေလောက်ပြီ… သူဘယ်လိုလုပ်ပေါ်ထွက်လာရဲမှာလဲ”
သူ့စကားမဆုံးသေးခင် ခပ်လှမ်းလှမ်းလူအုပ်ကြားထဲမှ မူမမှန်သောအသံတစ်သံ ထွက်ပေါ်လာ၏။
နောက်ခဏ၌ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်စုံဝတ်ကျင့်ကြံသူတစ်ဦးပေါ်ထွက်လာပြီး မရေမတွက်နိုင်သောအကြည့်များအောက်မှာ ဧရာမပို့ဆောင်ရေးဝင်္ကပါရှေ့သို့ ရောက်ရှိလာလေသည်။
အခန်း ၃၂၉၆ - တျဲယွဲ့၏ တည်နေရာ
“အဲဒါသူပဲ… ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း”
“သူက ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ တကယ်ပဲဝင်ပါရဲတာလား”
“သူ့မှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်မျိုးဆက်သွေးရှိတယ်ဆိုရင်တောင် သူက တာအိုသုံးသပ်မှုနယ်ပယ်ရဲ့ စဦးကျွမ်းကျင်မှုမှာပဲရှိတယ်… သူက ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲမှာ ဘယ်လောက်ဝေးဝေးလျှောက်လှမ်းနိုင်မှာလဲ”
ကျင့်ကြံသူများစွာက တီးတိုးပြောဆိုလိုက်ကြ၏။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကလည်း ဆူဇီမိုကို စိုက်ကြည့်နေကြ၏။
ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ လေ့မော်၏ မျက်လုံးထဲရှိ မီးတောက်များက ပိုမိုတောက်ပလာပြီး လျှံထွက်ကတော့မည့်ဆဲဆဲဖြစ်၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ စည်းမျဉ်းစည်းကမ်းများကြောင့် မဟုတ်လျှင် သူတော်စင်မျိုးနွယ်သက်ရှိလေးဦးသည် ဆူဇီကို အပိုင်းပိုင်းဆုတ်ဖြဲပစ်တော့မည်ဟု လူတိုင်းက ယုံကြည်ကြ၏။
လူတိုင်း၏ အကြည့်များကို လျစ်လျူရှုပြီး ဆူဇီမိုက ဧရာမပို့ဆောင်ရေးဝင်္ကပါ၏ ဘေးမှာရှိသော အစောင့်တပ်သားတစ်ဦးထံ ရောက်ရှိလာပြီး လက်နှစ်ဖက်ကိုယှက်ကာပြောလိုက်၏။
“ကျုပ်က ဆူဇီမိုပါ… ဟင်္သပဒါးငှက်တံဆိပ်ပြားတစ်ခုလိုချင်ပါတယ်”
ဟင်္သပဒါးငှက်တံဆိပ်ပြားမှာ အသုံးဝင်မှုနှစ်ခုရှိလေသည်။ ကျင့်ကြံသူများသည် တစ်ခုခုဖြစ်လာမည်ဆိုလျှင် တိုက်ပွဲနယ်မြေကနေ အချိန်မရွေးထွက်ခွာနိုင်မည့်အပြင် ကျင့်ကြံသူများ၏ အဆင့်သတ်မှတ်ချက်ကို ဖော်ပြဖို့အတွက်လည်း ဟင်္သပဒါးငှက်တံဆိပ်ပြားကို အသုံးချနိုင်၏။
ထိုအခိုက်အတန့်မှာ ပေတစ်ထောင်ရှည်လျားသော မီးတောက်နီရောင်အဆင့်သတ်မှတ်ချက်စာရင်းတစ်ခုသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ ကောင်းကင်ထက်မှာ ပေါ်ထွက်လာလေသည်။
၎င်းသည် ကျင့်ကြံသူများစွာ၏ အမည်များဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း အမည်များက ကျပန်းဖြစ်ပြီး အဆင့်သတ်မှတ်ထားခြင်း မဟုတ်ပေ။
ဖယ်ရှားရှင်းလင်းတိုက်ပွဲစတင်သည်နှင့် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ကို အချိန်နှင့်တစ်ပြေးညီ မွမ်းမံပြင်ဆင်ပြသပေလိမ့်မည်။
နောက်ဆုံးစည်းနှင့် ပိုမိုနီးကပ်လာလေ ထိုသူ၏ အဆင့်သတ်မှတ်ချက်က ပို၍ မြင့်မားလာလေပင်။
ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်မှာ စုစုပေါင်း အဆင့်သတ်မှတ်ချက်တစ်ထောင်ရှိလေသည်။
ထိပ်ဆုံးဆယ်ယောက်သာလျှင် နောက်ဆုံးအဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အဆင့်မီမည်ဖြစ်၏။
ဖယ်ရှားရှင်းလင်းတိုက်ပွဲမှာ အားသာချက်တစ်ခုရှိလေသည်။
မည်သည့်အဖွဲ့အစည်းကမှ အရေအတွက်ကိုအသုံးပြုပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
သူတို့သည် မီးတောက်တောင်ကြောရိုးလေးခုထဲသို့ ခြေချသည်နှင့် လူတိုင်းသည် သူသို့ကိုယ်ပိုင်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး အခြားအရာများကို ဂရုစိုက်ဖို့အချိန်ရလိမ့်မည်မဟုတ်ပေ။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ အစောင့်တပ်သားက ဟင်္သပဒါးငှက်တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုပို့လွှတ်ပေးလိုက်၏။
“ဒီတံဆိပ်ပြားကို မင်းလက်ထဲမှာတစ်ချိန်လုံးဆောင်ထားရင် အကောင်းဆုံးပဲ… အခြေအနေမကောင်းတော့ဘူးဆိုတာတွေ့ရင် တိုက်ပွဲနယ်မြေကနေ အချိန်မရွေးထွက်ခွာဖို့အတွက် ဒီတံဆိပ်ပြားကို မင်းရဲ့စိတ်ဝိညာဉ်အသိစိတ်နဲ့ အသက်သွင်းလိုက်”
“အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။
“ငါ့ကိုလည်း ဟင်္သပဒါးငှက်တံဆိပ်ပြားတစ်ခုပေး”
နောက်ထပ်လူတစ်ယောက်က ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး အေးစက်နေသောအသံဖြင့် ပြောလိုက်၏။
ဆူဇီမိုက ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။ ဤလူသည် လွန်ခဲ့သည့်ရက်အနည်းငယ်က တည်းခိုခန်းအပြင်ဘက်မှာ ပေါ်ထွက်ခဲ့သောသ ခေါင်းဆောင်တပ်မှူးဖြစ်သည်။ သူသည် အမှန်တရားကိုလီဆယ်ပြီး အခြားသောအထွတ်အမြတ်ခိုလှုံရာများမှ လူတချို့ဘက်တွင် ရပ်တည်ပေးခဲ့သောကြောင့် တာအိုသာလွန်သူနင်ယန်က သူ့ကိုရာထူးကနေ ဖြုတ်ချခဲ့၏။
ချန်ချိုးက ဒီကိုရောက်နေပြီ သူကလည်း ကောင်းကင်ဘုံသာလွန်တိုက်ပွဲမှာဝင်ပါ်ချင်နေတာလား”
“ဟဲဟဲ… သူက ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲအတွက် ဒီကိုရောက်လာတာမဟုတ်လောက်ဘူး… သူက ဆူဇီမိုအတွက် ရောက်လာတာပဲ”
“ချန်ချိုးက အဲဒီလူကြောင့် သူ့ရဲ့ရာထူးကနေ လျှောကျခံရပြီး အရှက်ရခဲ့တယ်… သူက ဘယ်လိုလုပ်အဲဒါကို ခွင့်လွှတ်နိုင်မှာလဲ”
ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုသံမျာကိုကြားသောအခါ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။
ဖယ်ရှားရှင်းလင်းတိုက်ပွဲမှာ ကောင်းကင်ဘုံသာလွန်သူများကြားတိုက်ပွဲများတွင် ကန့်သတ်မှုများ မရှိလောက်ပေ။
သို့သော်လည်း ဆုံးမှတ်ကို အမြန်ဆန်ဆုံးရောက်ရှိဖို့အတွက် ယေဘုယျအားဖြင့် ကောင်းကင်ဘုံသာလွန်သူများသည် မီးတောက်တောင်ကြောရိုးလေးခုကို ဖြတ်ကျော်စဉ် ပဋိပက္ခရှိကြလိမ့်မည်မဟုတ်ပေ။
တစ်ဘက်မှာတော့ အဲဒါက အချိန်ဖြုန်းတီးရာကျလေသည်။
အခြားတစ်ဘက်မှာတော့ တိုက်ပွဲများသည် သူတို့ကို သေချာပေါက် အားအင်ကုန်ခန်းစေပြီး သူတို့သည် မီးတောက်တောင်ကြောရိုးလေးခုမှာ အခြားသောအန္တရာယ်များနှင့် အလွယ်တကူကြုံတွေ့ရနိုင်သည်။
တောင်ကြောရိုးလေးခုပေါ်ရှိ ကောင်းကင်ဘုံမီးတောက်လေးခုကပင် သူတို့အတွက် စမ်းသပ်ချက်များဖြစ်လေသည်။
“ချန်ချိုးက သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ ဒီလူ့ကို နိုင်မှာလား”
လူတစ်ယောက်က နှုတ်ခမ်းမဲ့ကာပြောလိုက်၏။
“ဘာပဲပြောပြော အဲဒီလူမှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းခန္ဓာရှိတယ်… သူက အထွတ်အမြတ်ခိုလှုံရာက အန္တိမကောင်းကင်ဘုံသာလွန်သူနှစ်ဦးကိုတောင်မှ သတ်ဖြတ်ခဲ့တယ်”
အခြားသောကျင့်ကြံသူတစ်ဦးက ဝင်ပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် ချန်ချိုးက အနိုင်ရမှာမဟုတ်လောက်ဘူး… ဒါပေမဲ့ တိုက်ပွဲကွင်းက မီးတောက်တောင်ကြောရိုးလေးခုထဲမှာဆိုတာကို မမေ့လိုက်နဲ့… အဲဒီမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ပြောဖို့ခက်တယ်”
“အဲဒါဟုတ်တယ်”
ကျင့်ကြံသူတစ်ယောက်က လေးနက်သောအသံဖြင့်ဝင်ပြောလိုက်၏။
“ငါသိရသလောက်ဆိုရင် ချန်ချိုးက ရှေးဟောင်းမီးမဟာတာအိုကို ကျင့်ကြံတာပဲ… အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုးမှာ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်ထိ ထုတ်ဖော်နိုင်တယ်”
“ဒါပေမဲ့ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းက အပင်မျိုးနွယ်ကပဲ… သူက ပင်ကိုယ်သဘာဝအရ မီးကိုကြောက်ရလိမ့်မယ်… သူက မီးတောက်တောင်ကြောရိုးလေးခုထဲမှာ သေချာပေါက် ဖိနှိမ်ခံရမှာပဲ”
“ဒီလိုမျိုးအခြေအနေမှာဆိုရင် သူတို့နှစ်ယောက် ကြုံတွေ့တဲ့အခါ ဆူဇီမိုက အန္တရာယ်ရှိလာနိုင်တယ်”
ချန်ချိုးက ဟင်္သပဒါးငှက်တံဆိပ်ပြားကို လက်ခံယူပြီး ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်လိုက်၏။
“မင်းကို ငါရှာမတွေ့ဖို့ ဆုတောင်းနေတာ ကောင်းလိမ့်မယ်”
ဆူဇီမိုက ဂရုမစိုက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
ထိုစဉ်မှာပင် သူ၏ စိတ်ထဲသို့ နောက်ထပ်အသံတစ်သံ ဝင်ရောက်လာ၏။
“ရှင်က ဆူဇီမိုလား”
ထိုအသံက ငယ်ရွယ်သော မိန်းကလေးတစ်ဦးကဲ့သို့ အတော်လေးငယ်ရွယ်နိုပျိုသည့်ပုံပေါ်နေ၏။
ဆူဇီမိုက ထိုအသံကို လျစ်လျူရှုလိုက်၏။
သိပ်မကြာခင် ထိုအသံက နောက်တစ်ဖန်ထွက်ပေါ်လာသည်။
“ရှင်က အထီးကျန်သိုင်းသခင်မလား”
ဟမ်…
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
မဟာကမ္ဘာတစ်ထောင်လောကသို့ သူတက်လှမ်းလာပြီးနောက် သူသည် ပြဿနာတက်မည်ကိုစိုးပြီး အထီးကျန်သိုင်းသခင်ဟူသော တာအိုဘွဲ့ကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ပေ။
မည်သို့ပင်ဆိုစေ အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့နှင့်ပူးပေါင်းပြီး ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ကာ ကောင်းကင်ဘုံခုံရုံးမှအရှင်များကို ဖိနှိမ်ခဲ့လေသည်။
မဟာကမ္ဘာတစ်ထောင်လောကမှာ သူက အထီးကျန်သိုင်းသခင်ဖြစ်သည်ကို သိရှိထားသောလူ အနည်းအကျဉ်းသာရှိ၏။
သို့သော်လည်း ငယ်ရွယ်သောထိုအသံကို သူက မမှတ်မိပေ။
ဆူဇီမိုသည် စိတ်ဝိညာဉ်အသိစိတ်ပိုင်ရှင်ကို ထောက်လှမ်းလိုပြီး အမူအရာကင်းမဲ့စွာဖြင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေ၏။
သို့သော်လည်း အနီးနားဝန်းကျင်မှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်များစွာ စုဝေးရောက်ရှိနေ၏။ သူတို့က အရေအတွက်တစ်သိန်းဝန်းကျင်ရှိပြီး အော်ရာများက ရောထွေးကာ နေရာတိုင်းမှာ အသံများက ဆူညံပွက်လောရိုက်နေ၏။
သူတို့၏ စိတ်ဝိညာဉ်အသိတ်စိတ်များဖြင့် ဆက်သွယ်ပြောဆိုနေသောလူများစွာလည်း ရှိနေ၏။
စိတ်ဝိညာဉ်အသိစိတ်များက ရောထွေးနေပြီး သူ့အနေဖြင့် စောစောက စိတ်ဝိညာဉ်အသိစိတ်ပိုင်ရှင်ကို ဆုံးဖြတ်ဖို့မလွယ်ကူပေ။ သူသည် အကြမ်းဖျင်းဦးတည်ဘက်တစ်ခုကိုသာ ခန့်မှန်းနိုင်၏။
“ကြည့်ရတာမှားစရာမရှိတော့ဘူးပဲ”
ငယ်ရွယ်သောအသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။
“ရှင် ကျွန်မကို ရှာမနေနဲ့.. ကျွန်မက ရှင့်ကို သတင်းပေးဖို့ပဲ ဒီကိုရောက်လာတာ… ရှင် သေသေချာချာနားထောင်”
“အစ်မတျဲက ရွှမ်ဖျင်တောင်မှာရှိတယ်… ရှင် သူ့ကိုတွေ့ချင်တယ်ဆိုရင် သွားရှာလိုက်”
ထိုစကားကိုကြားသောအခါ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
သူသည် ထိုလူ၏ တည်နေရာကို မဆုံးဖြတ်နိုင်သလို မေးမြန်းဖို့အတွက် အသံတစ်ခုကိုလည်း မပို့လွှတ်နိုင်ပေ။
သို့သော်လည်း သူက အထီးကျန်သိုင်းသခင်ဖြစ်သည်ကို မိန်းကလေးက သိရှိထားပြီး အထူးသဖြင့် သူ့ကိုရှာဖို့အတွက် ဤနေရာကိုရောက်ရှိလာ၏။ မိန်းကလေးပြောသည့် အစ်မတျဲ ဆိုသည်မှာ တျဲယွဲ့ဖြစ်ဖို့များလေသည်။
ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုက တိုးမြင့်လာပြီး အတိုင်းအတာတစ်ခုထိ ရောက်ရှိလာပြီးနောက် တျဲယွဲ့ကို ရှာဖွေဖို့ တွေးထားလေသည်။
သို့သော်လည်း သူက ဘယ်နေရာကနေ စတင်ရမည်ကို မသိရှိပေ။
သဲလွန်စသည် ဆိုးယုတ်အမျိုးသမီးထံမှာ ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း ဆိုးယုတ်အမျိုးသမီးက ဘယ်နေရာမှာရှိသည်ကိုလည်း သူမသိပေ။
ယခု ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ သူစိမ်းတစ်ယောက်ထံမှ တျဲယွဲ့၏တည်နေရာကို သူကြားသိလိုက်ရလေသည်။
ပြန်ဝင်စားလာပြီးနောက် တျဲယွဲ့က ဘယ်လိုအခြေအနေရှိမလဲ။
သူမမှာ ယခင်ဘဝမှတ်ဉာဏ်တွေ ရှိနေပါဦးမလား။
ရွှမ်ဖျင်တောင်က ဘယ်နေရာမှာရှိတာလဲ။
သည်မိန်းကလေးက ဘယ်သူလဲ။
သည်သတင်းက ယုံကြည်စိတ်ချရရဲ့လား။
ကျေနပ်သဘောကျစွာဖြင့် အံ့အားသင့်သွားပြီးနောက် ဆူဇီမို၏ စိတ်ထဲတွင် မေးခွန်းများစွာ အစီအရီပေါ်ထွက်လာကာ သူ၏ စိတ်ကို တဖြည်းဖြည်းငြိမ်သက်စေလိုက်၏။
သူသည် အတန်ကြာအောင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေ၏။ မိန်းကလေးသည် ပျောက်ကွယ်သွားပုံရပြီး နောက်ထပ် မည်သည့်အသံမှ ရောက်ရှိမလာတော့ပေ။
ထိုစဉ်မှာပင် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ တာအိုသာလွန်သူနင်ယန်က ပေါ်ထွက်လာပြီး ထုတ်ပြန်ကြေညာလိုက်၏။
“ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲကို တရားဝင်စတင်ပြီ.. အားလုံးပဲ ပို့ဆောင်ရေးဝင်္ကပါထဲကို ဝင်ကြတော့”
သူ၏ လက်ကို ဝေ့ယမ်းလိုက်စဉ် ဧရာမပို့ဆောင်ရေးဝင်္ကပါတစ်ခုက ဖြည်ဖြည်းချင်း အသက်ဝင်လာပြီး ဧရာမအလင်းတိုင်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းကို ဂမ္ဘီရဖုန့်နှင့် ဂမ္ဘီရဟွမ်၏ ရုပ်ပုံလွှာများက လွှမ်ခြုံထားပြီး မီးတောက်များဖြင့် အလျှံညီးညီးတောက်ပနေ၏။
ကျင့်ကြံသူများစွာသည် အလောတကြီးလှုပ်ရှားပြီး ကျိုင်းကောင်အုပ်များကဲ့သို့ အလင်းတိုင်ရှိရာသို့ ပစ်ဝင်သွားကြ၏။
မည်သို့ပင်ဆိုစေ သူတို့သည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး၏ အခြေသို့ ခြေတစ်လှမ်းစောပြီး ရောက်ရှိမည်ဆိုလျှင် သူတို့က အရင်ဆုံးလှုပ်ရှားနိုင်ပေလိမ့်မည်။
လူတိုင်၏ ပုံရိပ်များက အလင်းတိုင်နှင့် ထိတွေ့မိသည့်ခဏမှာပင် သူတို့က ပျောက်ကွယ်သွားကြသည်။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက အလောတကြီးရှိမနေကြပေ။
သူတို့အတွက်တော့ ခြေတစ်လှမ်းစောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
သူတို့သည် လူတိုင်းကိုဖြတ်ကျော်ပြီး နောက်ဆုံးစည်းကို အရင်ရောက်ရှိနိုင်သည်ဟု ယုံကြည်မှုရှိနေကြ၏။
ဆူဇီမိုသည် လူအုပ်ကြီးနှင့်အတူရောပါပြီး ဧရာမပို့ဆောင်ရေးဝင်္ကပါထဲသို့ လှမ်းဝင်လိုက်၏။ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သူ့ရှေ့မှာရှိသောလေဟာနယ်က ချာချာလည်သွားလေသည်။
သူ သတိပြန်ကပ်လာသည့်အချိန်မှာ သူသည် ငွားငွားစွင့်စွင့်မြင့်မားသော တောင်ကြောရိုးတစ်ခု၏ အခြေကို ဆင်းသက်ရောက်ရှိနေပြီဖြစ်၏။
အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး။
တစ်ချိန်တည်းမှာပင် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်သတ်မှတ်မှုများက ပြောင်းလဲသွားလေသည်။
တစ်ယောက်ယောက်သည် အသင်္ချေစိတ်ဝိညာဉ်တောင်ကြောရိုး၏ အခြေကို ခြေချလာပြီဟု ဆိုလိုလေသည်။