အခန်း (၃၂၉၉−၃၃၀၀)
Vol. 217 Ch. 3299-3300
အခန်း ၃၂၉၉ - မင်း တိုက်ချင်ရင် တိုက်လေ
“ဆူဇီမိုက တော်တော်မြန်တာပဲ… သူက ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၃၂ ကို ရောက်နေပြီ”
“အဲ့ဒါက သူ့ရဲ့ဂိတ်ဆုံး ဖြစ်သွားလောက်ပြီ… စတုတ္ထမြောက် တောင်ကြောရိုးပေါ်က ကောင်းကင်ဘုံမီးက တမလွန်တစ္ဆေမီးပဲ… အဲ့ဒါက ကျင့်ကြံသူတွေရဲ့ သွေးချီကို လောင်ကျွမ်းနိုင်တယ်… ဘိုးဘေးဗီဇ မျိုးဆက်သွေးနဲ့ သူတော်စင်မျိုးနွယ်ပဲ အဲ့ဒါကို ခံနိုင်ရည်ရှိမယ်”
“ကြည့်စမ်း... သူက အဆင့် ၃၁ ကို ရောက်သွားပြီ”
“၂၉”
“ဟာ… ၂၅”
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ကြောက်ခမန်းလိလိ အလျင်အဟုန်ဖြင့် ဆက်လက်၍ မြင့်တက်လာနေ၏။
ဆူဇီမို၏ အဆင့်ရပ်တည်ချက်က အဆက်မပြတ် ကျော်တက်ပြီး သူက ထိပ်ဆုံး ၁၀ နှင့် နီးကပ်လာသည်ကို လူတိုင်းက စောင့်ကြည့်နေကြ၏။
“ဘာတွေဖြစ်နေတာပါလိမ့်… တမလွန်တစ္ဆေမီးက သူ့အပေါ်မှာ ဘာအဟန့်အတားမှ မရှိတဲ့ပုံပဲ”
“ဆူဇီမိုက နောက်ဆုံးတိုက်ပွဲထဲကို တကယ်ပဲ ဝင်ရောက်သွားတော့မှာလား”
“သူက နောက်ဆုံးတိုက်ပွဲထဲကို ရောက်မယ်ဆိုရင် သူက သူတော်စင်မျိုးနွယ်သက်ရှိငါးဦးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ သဘောပဲ… အဲ့ဒါက သူ့အတွက် ကောင်းမှာမဟုတ်ဘူး”
တမလွန်တောင်ကြောရိုးမှာ…
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်တစ္ဆေမီးကို နားလည်ဆင်ခြင်ခဲ့ပြီးသားဖြစ်ပြီး အချိန်ဖြုန်းမနေပေ။ ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ကောင်းကင်ဘုံသာလွန်သူပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက် ကျော်တက်သွား၏။
သူက တောင်ခါးလယ်သို့ ရောက်ရှိလာသည့်အချိန်မှာပင် သူသည် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ထဲ ဝင်လာခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်…
တမလွန်တောင်ကြောရိုးပေါ်မှ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကလည်း ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ အဆင့်ရပ်တည်ချက်ကို သတိထားမိလာ၏။
ဖူစန်းထျန်၏ အမူအရာက အေးစက်လာပြီး သူ့ဘာသာသူ တွေးလိုက်၏။
“ရတယ်လေ... ငါတို့ နောက်ပြီးကျမှ သူ့ကို ရှင်းထုတ်ပစ်ရတာပေါ့”
“စိတ်ဝင်စားစရာပဲ”
ရှဲ့လင်က ညင်သာစွာ ပြုံးလိုက်၏။
ကျူလျန့်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး တီးတိုးရေရွတ်လိုက်၏။
“မင်းက ငါတို့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် ရဲတင်းနေတာပဲ… ကံဆိုးစွာနဲ့ပဲ မင်းကို နောက်ခံပေးထားတဲ့သူက ဘယ်လောက်ပဲ သန်မာသန်မာ… သူက တိုက်ပွဲထဲမှာ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
ဟင်္သပဒါးငှက် တံဆိပ်ပြားကတော့ ၎င်းသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ မျက်လုံးထဲမှာ အလှသက်သက်သာ ဖြစ်လေသည်။
ဆူဇီမိုသည် သူတို့ကို တွေ့မြင်သည်နှင့် ဟင်္သပဒါးငှက်တံဆိပ်ပြားကို အသုံးချမှသာ ထွက်ပြေးလွတ်မြောက်နိုင်ပေမည်။
မဟုတ်ပါက တိုက်ပွဲဖြစ်ပွားပြီး နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြသည်နှင့် သူတို့၏ နည်းလမ်းများအရ သူတို့သည် ဆူဇီမိုကို ဟင်္သပဒါးငှက်တံဆိပ်ပြားကို ဆင့်ခေါ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ရှေ့သို့ဆက်တက်ပြီး ကျင့်ကြံသူ လေးဦးကို ဆက်တိုက်ကျော်တက်ကာ ဟင်္သပဒါးငှက် အဆင့်သတ်မှတ်ချက်၏ အဆင့် ၆ သို့ ရောက်ရှိလာ၏။
သူက တောင်ထွတ်ကို ချဉ်းကပ်လာစဉ် ဟင်္သပဒါးငှက်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်အမည်များက တစ်ခုပြီးတစ်ခု တောက်ပလာ၏။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိသွားပြီဟု ဆိုလိုလေသည်။
ဆူဇီမိုသည် ကြားထဲမှာ အချိန်တချို့ ဖြုန်းခဲ့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံမီးလေးခုကို နားလည်ဆင်ခြင်ပြီးနောက် သူက ကြောက်ခမန်းလိလိ အလျင်အဟုန်ဖြင့် လှုပ်ရှားခဲ့ပြီး သူက ပုံမှန်မြေပြင်မှာ သွားလာနေခဲ့သည့်အလားပင်။
ထိုသို့ဆိုလျှင်တောင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် တစ်လမ်းလုံး လှုပ်ရှားခဲ့ကြပြီး သူ့ထက် ခြေတစ်လှမ်း စောနေဆဲဖြစ်၏။ ထိုအချက်သည် သူတော်စင်မျိုးနွယ်၏ မျိုးဆက်သွေးက ဘယ်လောက်စွမ်းအားကြီးမားသလဲကို သိသာစေသည်။
ဤတိုက်ပွဲသည် မဟာကမ္ဘာတစ်ထောင်လောကသို့ သူတက်လှမ်းလာပြီးကတည်းက သူတွေ့ကြုံဖူးသမျှထဲ အခက်ခဲဆုံးတိုက်ပွဲ ဖြစ်လာနိုင်သည်။
ထိုအခိုက်အတန့်မှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၏ အထက်တွင် ဧရာမရေပြင်ပိတ်ကားတစ်ခု ပေါ်ထွက်လာ၏။ ကြေးမုံတစ်ချပ်ကဲ့သို့ ၎င်းသည် အခြားသော တိုက်ပွဲနယ်မြေမှ အခြေအနေကို ပြသပေးနိုင်လေသည်။
ဖယ်ရှားရှင်းလင်းတိုက်ပွဲ၏ အခြေအနေကို လူတိုင်းအတွက် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ခြင်း မရှိပေ။
သို့သော်လည်း နောက်ဆုံးတိုက်ပွဲကို လူတိုင်းအတွက် ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။
မီးတောက်တောင်ကြောရိုးလေးခု၏ နောက်ဘက်မှာ မီးတောက်နီရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ဧရာမစင်မြင့်တစ်ခု ရှိနေ၏။ ၎င်းသည် နောက်ဆုံးတိုက်ပွဲအတွက် တိုက်ပွဲကွင်း ဖြစ်လေသည်။
မီးတောက်တောင်ကြောရိုးလေးခုကို ဖြတ်ကျော်လာပြီးနောက် သူတို့သည် နောက်ဆုံးတိုက်ပွဲထဲ ဝင်ရောက်ဖို့ ဟင်္သပဒါးငှက် စင်မြင့်ပေါ်ကို တက်လှမ်းရဦးမည်ဖြစ်သည်။
ထိုအခိုက်အတန့်မှာ လူငါးယောက်သည် ဟင်္သပဒါးငှက် စင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေကြပြီဖြစ်၏။ သူတို့သည် သူတော်စင်မျိုးနွယ်မှ ကျူးလျန့်၊ ဖူစန်းထျန်၊ ချင်းယန်၊ ရှဲ့လင်နှင့် လေ့ဟော်တို့ ဖြစ်ကြသည်။
“ကြည့်ရတာတော့ သူတော်စင်မျိုးနွယ်က ဒီတစ်ခေါက် ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲမှာ ဝင်မပါဘူးဆိုရင် ဆူဇီမိုက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့ကို တကယ်ပဲ ရရှိနိုင်လောက်တယ်”
“ဟုတ်တယ်... အနည်းဆုံးတော့ ဖယ်ရှားရှင်းလင်းတိုက်ပွဲက စွမ်းဆောင်ရည်အရ ဒီလူက သူတော်စင်မျိုးနွယ်သက်ရှိငါးဦးပြီးရင် ဒုတိယနေရာမှာ ရှိနေတယ်”
“သူက ကံဆိုးပြီး ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းရဲ့ လျှို့ဝှက်ချက်က ရုတ်တရက် ပေါက်ကြားသွားလို့သာ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ဝင်ရောက်လာတာပဲ… အဲ့ဒါကြောင့်ပဲ သူ့ရဲ့အခွင့်အရေးကို ဆုံးရှုံးရတော့မယ်”
“တောင်ပိုင်းဒေသရဲ့ စိတ်ဝိညာဉ်ကုန်းမြေ ၄၉ ခုထဲက ၃ ခုကပဲ ဒီတစ်ခေါက် နောက်ဆုံးတိုက်ပွဲထဲကို ဝင်ရောက်ဖို့ အဆင့်မီမယ်လို့ ငါထင်တယ်”
“ဟုတ်တယ်... အဲ့ဒီမှာ တောင်ပိုင်းဒေသက ဟုတ်ပုံမရတဲ့ အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦး ရှိနေတယ်… ဒါပေမဲ့ သူက ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်ဖို့ သေချာသလောက် ဖြစ်နေပြီ”
လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် ဆူဇီမိုသည် တမလွန်တောင်ကြောရိုးကို ဖြတ်ကျော်ပြီး ဟင်္သပဒါးငှက် စင်မြင့်ပေါ်သို့ တက်လှမ်းလာပြီဖြစ်၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ ဆွေးနွေးပြောဆိုသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
လူတိုင်းသည် ဟင်္သပဒါးငှက် စင်မြင့်ကို မမှိတ်မသုန် စိုက်ကြည့်ပြီး တိုက်ပွဲတစ်ခု ပေါ်ထွက်လာတော့မည်ကို နားလည်သိရှိလိုက်ကြ၏။
နောက်ဆုံးတိုက်ပွဲမှာ မည်သည့်ကန့်သတ်ချက်မှ မရှိပေ။
သူတို့က အခြားသူများနှင့် ပူးပေါင်းသည်ဖြစ်စေ၊ တစ်ယောက်ချင်း တိုက်ခိုက်သည်ဖြစ်စေ ဘာမဆိုပြုလုပ်နိုင်ကြသည်။
အဆိုးရွားဆုံး ဖြစ်နိုင်ခြေအရ လူကိုးယောက်က တစ်ယောက်တည်းကို ဝိုင်းပြီးတိုက်ခိုက်သော အခြေအနေတစ်ရပ်ပင် ပေါ်ထွက်လာနိုင်၏။
သို့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးက တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲပင်။
ဤသည်မှာ ဟင်္သပဒါးငှက် စင်မြင့်ပေါ်ရှိ ကောင်းကင်ဘုံသာလွန်သူဆယ်ဦးအတွက် စမ်းသပ်ချက်တစ်ခုလည်းဖြစ်သည်။
အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းသောသူများသာလျှင် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဟု ခေါ်ဆိုခံရဖို့ အဆင့်မီလေသည်။
ယခုအချိန်ထိ ရောက်ရှိမလာသေးသည့် ကောင်းကင်ဘုံသာလွန်သူ ပညာရှင်လေးဦး ကျန်ရှိနေသေးသော်လည်း ဟင်္သပဒါးငှက် စင်မြင့်ပေါ်မှာ တိုက်ပွဲတစ်ခုက အချိန်မရွေး ဖြစ်ပွားလာနိုင်သည်။
“မင်းက တကယ့်ကို ရဲတင်းတာပဲ”
ကျူလျန့်က ညင်သာစွာ ပြုံးလိုက်၏။
“မင်းက ရောက်လာဖို့ တကယ်ပဲ သတ္တိရှိတယ်”
ဆူဇီမိုက စင်မြင့်ပေါ်သို့ တက်လှမ်းလာသည့် ခဏမှာပင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ အကြည့်များက စိမ်းသက်သော အမူအရာများနှင့်အတူ သူ့အပေါ်သို့ ဆင်းသက်ရောက်ရှိလာ၏။
သူတော်စင်မျိုးနွယ်သက်ရှိများသည် သူတို့၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားကြပေ။
“ဘာလို့ မလာရဲရမှာလဲ”
ချင်းယန်က အေးစက်စွာ ပြောလိုက်၏။
“ငါတို့ငါးယောက်ထဲက အနိုင်ရလဒ်ကို အရင်ဆုံး ဆုံးဖြတ်မလား… ဒါမှမဟုတ် ဒီလူ့ကို အရင်ဆုံး ဖိနှိမ်မလား”
ရှဲ့လင်က ပြုံး၍ ပြောလိုက်၏။
“ငါတို့ သူ့ကို အရင်ဆုံး ကိုင်တွယ်ကြတာပေါ့… နောက်မှ ငါတို့ကိစ္စကို ဆက်ရှင်းကြမယ်”
ထိုသို့ဆိုသော်လည်း သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ချက်ချင်းတိုက်ခိုက်မလာကြပေ။
သူတို့၏ ထင်မြင်ချက်အရ ဆူဇီမိုကို ဖိနှိမ်ရသည်က လွယ်ကူလေသည်။ သို့သော်လည်း ဤအတွက်ကြောင့် သူတို့သည် စွမ်းအင်တချို့ကို သုံးစွဲရမည်ဆိုလျှင် အနှိုင်းမဲ့ဘွဲ့အတွက် သူတို့၏ တိုက်ခိုက်မှုမှာ အရေးနိမ့်သွားနိုင်လေသည်။
မည်သို့ပင်ဆိုစေ သူတို့၏ သဘောတူညီချက်သည် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့ကို ရရှိပြီးမှ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကို ရရှိမည်ဟူ၍ ဖြစ်လေသည်။
ရှဲ့လင်က ရယ်မောကာ ပြောလိုက်၏။
“ဒါဆိုရင် ငါတို့ငါးယောက် အတူတူ တိုက်ခိုက်ကြတာပေါ့… သူ့ကို အရင် ဖိနှိမ်ပြီးမှ ငါတို့ကြားက အနိုင်ရလဒ်ကို ဆုံးဖြတ်မယ်”
“ရတယ်လေ”
ကျူလျန့်က ခေါင်းညိတ်ပြလိုက်၏။
“ဟင်္သပဒါးငှက် စင်မြင့်ပေါ်မှာ ကန့်သတ်ချက်မှ မရှိဘဲ”
စကားလုံးတချို့နှင့်အတူ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက အလိုအလျောက် သဘောတူညီမှုတခု ရရှိသွားကြပြီဖြစ်၏။
“သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ပူးပေါင်းထားမယ်ဆိုရင် အဲ့ဒါက ဘယ်လိုတိုက်ခိုက်မှု ဖြစ်လာမလဲ”
“ငါသာ ဆူဇီမိုဆိုရင် အခုချိန် ဟင်္သပဒါးငှက် တံဆိပ်ပြားကို ဆင့်ခေါ်ပြီး ထွက်ပြေးတော့မှာ”
“နောက်ကျသွားပြီ... သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက သူ့ကို စောင့်ကြည့်နေပြီ… သူက မူမမှန်တဲ့ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်တာနဲ့ သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက သူ့ကို ချက်ချင်းတိုက်ခိုက်လာလိမ့်မယ်”
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများသည် ထိုအခြင်းအရာကို တွေ့မြင်သောအခါ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
“သူတော်စင်မျိုးနွယ်ဆိုတာ ဒါပဲလား”
ဆူဇီမိုက မထီတရီ ပြုံးလိုက်လေသည်။
“ဟမ်…”
ဖူစန်းထျန်က လှောင်ရယ်လိုက်၏။
“ဆူဇီမို... ငါတို့ကို ရန်စစရာ မလိုဘူး… ငါတို့ငါးယောက်ထဲက ဘယ်သူမဆို မင်းကို သတ်ဖြတ်နိုင်တယ်… ငါတို့က မင်းနဲ့ အချိန်မဖြုန်းချင်ရုံပဲ”
“မင်းတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်လေ... သောက်ပိုတွေ လျှောက်ပြောမနေနဲ့”
ဆူဇီမိုက တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ အော်ငေါ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူက ခြေလှမ်းကျဲနှင့် သူနှင့်အနီးဆုံးမှာ ရှိနေသော ဖူစန်းထျန်ရှိရာသို့ ခုန်ဝင်ပြီး သူ၏ လက်ချောင်းဓားဖြင့် ရှေ့ကိုထိုးသွင်းလိုက်၏။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် အကြောက်အလန့်မရှိဘဲ အရင်စတင် တိုက်ခိုက်လိုက်၏။
“ဟဲဟဲ”
ရှဲ့လင်က ထိုသည်ကို တွေ့မြင်သောအခါ သူက ရယ်မောကာ ပြောလိုက်၏။
“ညီအစ်ကိုဖူ... ဒီလူက မင်းကို အထင်သေးနေတာပဲ… သူက မင်းကို အရင်စပြီး တိုက်ခိုက်တယ်ဆိုတော့…”
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
ဖူစန်းထျန်က အော်ငေါက်လိုက်ပြီး သူ၏ သွေးချီကို ထုတ်ဖော်ဖို့ပင် အရေးလုပ်မနေပေ။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ဆူဇီမို၏ လက်ချောင်းဓားကို ဖမ်းဆွဲလိုက်၏။
သူတော်စင်မျိုးနွယ်၏ ကိုယ်ကာယနှင့် အဆင့်တူချင်းမှာရှိသော အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးကိုပင် ဖိနှိမ်ဖို့ လုံလောက်လေသည်။ သူရှေ့မှ ပါချည်ပါချဲ့ ဤကောင်းကင်ဘုံသာလွန်သူကို ထည့်တွက်နေစရာ မလိုပေ။
ဖောက်…
လက်ညှိုးဓားက သူ၏ လက်ဖဝါးနှင့် ထိခတ်သောအခါ အသားကို ထိုးဖောက်လိုက်သည့် ထက်ရှသော ဓားသွား၏ အသံမျိုး ထွက်ပေါ်လာ၏။
သွေးရောင်က ပေါ်ထွက်လာလေသည်။
အား…
ဖူစန်းထျန်က သူ၏ လက်ဖဝါးမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ညည်းတွားအော်ဟစ်ကာ သူ၏ အမူအရာက ပြောင်းလဲသွား၏။
“ဒီလူရဲ့ လက်ညှိုးဓားက ငါ့အသားကို တကယ် ထိုးဖောက်နိုင်တာပဲ”
ထိုမျှသာမက လက်ညှိုးဓားကနေ ထွက်ပေါ်လာသည့် စွမ်းအားသည် သူ၏ လက်ဖဝါးကို ထိုးဖောက်လိုက်ရုံသာမကဘဲ ၎င်းသည် သူ၏ လက်ထဲသို့ စိမ့်ဝင်ထိုးဖောက်ပြီး ၎င်းကို ဖျက်ဆီးပစ်ချင်နေ၏။
အခန်း ၃၃၀၀ - ခေါင်းနှစ်လုံး လက်လေးဖက်
ဖူစန်းထျန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ ကျယ်ပြော၍ ခံ့ညားထည်ဝါသော အသက်ဓာတ်အားတစ်ခု လျှံထွက်လာလေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဆူနာမီသည် ကမ်းခြေကို ရိုက်ခတ်လာသော ဒေါသူပုန်ထနေသည့် ဒီရေလှိုင်းများကဲ့သို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တရုန်းရုန်းထကြွနေ၏။
ဖူစန်းထျန်၏ ခန္ဓာကိုယ်သည် အရာရာတိုင်းကိုဝါးမျိုပြီး ဝင်ဆံ့စေနိုင်သည့် ဧရာမ မဟူရာတွင်းနက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။
ခွန်ဖန်း…
ဆူဇီမိုသည် ထိုအော်ရာကို အာရုံခံမိသောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။
ဖူစန်းထျန်၏ အစစ်အမှန်ပုံစံသည် ယင်ယန်စွမ်းအားပါဝင်သည့်် ခွန်ဖန်းဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက ပေါကြွယ်ဝပြီး ဆူဇီမိုထိုးဖောက်ထားသည့် သူ့လက်ဖဝါးမှ အသားများက လျင်မြန်စွာပြုပြင်လာ၏။ တစ်ခဏချင်းမှာပင် သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားသည်။
“မင်းတို့တွေက စောင့်ကြည့်နေကြဦးမှာလား”
ဖူစန်းထျန်က ဒေါသချောင်းချောင်းထွက်နေသောအမူအရာဖြင့် အော်ပြောလိုက်၏။
သူ့အတွက်တော့ ဤကဲ့သို့သောဒဏ်ရာများသည် အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး ပြောပလောက်စရာမဟုတ်ပေ။
ဒါ့အပြင် သူသည် သူ၏ခွန်အားအပြည့်အဝကို အသုံးမပြုရသေးပေ။ ကျူးလျန့်နှင့်အခြားသူများက အကျိုးအမြတ်ရိတ်သိမ်းမည်ကို သူက မလိုချင်ရုံသာဖြစ်၏။
ရှဲ့လင်က ရယ်မောကာပြောလိုက်၏။
“ညီကိုဖူ… မကြောက်နဲ့ ငါမင်းကို အခုကူညီပေးမယ်”
“အားလုံးပဲ…”
ကျူးလျန့်ကလည်း မှင်သေသေဖြင့်ပြောလိုက်၏။
“ရပ်ကြည့်မနေကြနဲ့တော့ ဒီလူ့ကို တတ်နိုင်သမျှမြန်မြန်ရှင်းထုတ်ကြမယ်… အဲဒါပြီးမှ ငါတို့ စိတ်ရှိလက်ရှိတိုက်ခိုက်နိုင်မှာ”
“ဟုတ်ပြီလေ..”
ချင်းယန်က ကောင်းညိတ်ပြလိုက်၏။
စကားတစ်ခွန်းမဆိုဘဲ ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ လေ့ဟော်က ဆူဇီမို၏ နောက်ဘက်ကို ရောက်ရှိလာပြီဖြစ်၏။ သူ၏ မျက်လုံးက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူ၏သွေးချီက တလိပ်လိပ်ထိုးတက်နေ၏။
ရုတ်တရက် သူက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ခြင်္သေ့တစ်ကောင်နှင့် ခပ်ဆင်ဆင်တူသော ကြမ်းကြုတ်တောကောင်တစ်ကောင်၏ ဦးခေါင်းအဖြစ် အသွင်ပြောင်းလဲသွား၏။
ကြမ်းကြုတ်တောကောင် စွမ်နီ…။
ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း ဤကဲ့သို့ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များရှိခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှာရှိသော စွမ်နီ၏ မျိုးဆက်သွေးမှာ ဘိုးဘေးဗီဇပါဝင်ပြီး သူ၏အော်ရာက ကြောက်စရာကောင်းနေ၏။ ဤကိုက်ချက်သည် မည်သည့်သက်ရှိကိုမဆို ထက်ပိုင်းပြတ်ကျစေနိုင်၏။
ဆူဇီမိုက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး ထိုဦးခေါင်းရှိရာသို့ ရိုက်ချလိုက်၏။
ဘန်း…
ဆွမ်နီ၏ ဦးခေါင်းက ရိုက်ချက်ဖြင့် အနည်းငယ်လည်သွားသော်လည်း သူက အဆင်ပြေလေသည်။
ဆူဇီမိုက အခွင့်အလမ်းကိုချိန်ဆကာ ရှောင်တိမ်းလိုက်၏။
“ဂါး…”
ကျယ်လောင်သော နဂါးဟိန်းသံနှင့်အတူ တွဲဖက်၍ ချင်းယန်၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်ပြီး သူမ၏ လက်ပေါ်ရှိ အင်္ကျီလက်စက ချက်ချင်းပင် ပေါက်ကွဲထွက်ကာ အပိုင်းအစများအဖြစ် ပြောင်းလဲသွား၏။
သူမ၏ လက်တစ်ဖက်လုံးက မိုးပြာနဂါးလက်တစ်ဖက်အဖြစ် အသွင်ပြောင်းလဲသွားပြီး ၎င်းပေါ်မှာ ကြွေးခွံအလွှာများပေါ်ထွက်လာ၏။ သူမ၏ လက်သည် သတ္တုရောင်ဖြင့် တလက်လက်တောက်ပနေ၏။
အစက ဖြူဖွေးနုနယ်သော သူမ၏ လက်ဖဝါးသည် သတ္တုရောင်ဖြင့်တောက်ပနေသည့် ကြမ်းကြုတ်နဂါးလက်သည်းတစ်ဖက်အဖြစ် ပြောင်းလဲသွားလေသည်။ လက်သည်းများက ထက်ရှပြီး အေးစက်စက်အလင်းရောင်ဖြင့် တောက်ပနေ၏။
ချင်းယန်၏ အစစ်အမှန်ပုံစံက မိုးပြာနဂါးဖြစ်သည်။
ယခင် တည်းခိုခန်းက တိုက်ပွဲမှာ နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာမှ အစေခံတစ်ဦးသည်လည်း မိုးပြာနဂါးမျိုးနွယ်မှဖြစ်သည်။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များနှင့် မျိုးနွယ်များက တူညီသော်လည်း သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကွာဟချက်က အရမ်းကိုကြီးမားနေသည်။
ဤသည်မှာ ဘိုးဘေးဗီဇမျိုးဆက်သွေးကနေ ဆောင်ကြဉ်းပေးလာသည့် အသွင်ပြောင်းလဲမှုဖြစ်သည်။
နဂါးလက်သည်းသည် ဆူဇီမို၏ ဦးခေါင်းပေါ်ကနေ ဖုံးအုပ်ပြီး ကုတ်ဆွဲချလိုက်၏။
ဆူဇီမိုသည် သူ့လက်ကို မြှောက်ပြီး ၎င်းကို လက်ခံယူလိုက်၏။ သူ၏ လက်ဖဝါးက ချင်းယန်၏ လက်ကောက်ဝတ်ပေါ်သို့ ဆင်းသက်သောအခါ သူ၏ လက်ဖဝါးသည် ရုတ်တရက်ပျော့ပျောင်းသွားပြီး မည်သည့်ခွန်အားကိုမှ စိုက်မထုတ်ပေ။
ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ လက်ဖဝါးက တုန်ခါပြီး တွန့်လိမ်ဆုတ်ဖြဲစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ချင်းယန်က နာကျင်စွာဖြင့် သူမ၏ လက်ကို အလောတကြီးရုပ်ကာ ဆူဇီမိုကို ဟိန်းဟောက်လိုက်၏။
သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ကြေးခွံဆယ်ခုကျော်က ဆူဇီမို၏ လက်ဖဝါးဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး နီရဲနေသော အသားလွှာက ပေါ်ထွက်လာ၏။
ဆူဇီမိုကို အသက်ရှူခွင့်မပေးဘဲ ကျူးလျန့်က ဖြတ်ရိုက်ချလိုက်၏။
သူ၏ သွေးချီမှာ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့် လောင်မြိုက်အပူစွမ်းအားတစ်ခု ပါဝင်နေ၏။
ဘန်း…
ဆူဇီမိုက ၎င်းကို သူ၏ လက်ဖဝါးဖြင့် လက်ခံယူလိုက်၏။
ကျူးလျန့်က အပေါ်ကို ကန်တက်ပြီး လေထဲမှာ ပြန်လည်ပေါ်ထွက်လာ၏။
ဆူဇီမို၏ လက်ဖဝါးပေါ်မှာ မီးတောက်များထွန်းညှိလာသည့်ခဏမှာပင် သူတို့က ချက်ချင်းဆိုသလို ငြိမ်းသေသွား၏။
တစ်ချိန်တည်းမှာပင် ရှဲ့လင်သည် အပြုံးနှင့်အတူ ဘေးတစ်ဘက်ကနေ ရောက်ရှိလာပြီး သာမန်ကာလျှံကာပစ်ထိုးလိုက်၏။ သူ၏ တိုက်ခိုက်မှုများက ရိုးရှင်းသည်ဟု ထင်ရသည်။
ဆူဇီမိုကလည်း ပြန်လည်ပစ်ထိုးလိုက်သည်။
ဘန်း…
သူတို့၏ လက်သီးများက တစ်ခုနှင့်တစ်ခု ထိတွေ့ရိုက်ခတ်သွား၏။
သူတို့နှစ်ယောက်စလုံးက ဆတ်ခနဲတုန်ယင်သွားကြသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တစ်ခဏချင်းမှာပင် သူသည် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးနှင့် တိုက်ခိုက်ဖလှယ်ပြီးသွားလေပြီ။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ ဘိုးလေးဗီဇမျိုးဆက်သွေးများသည် အလွန်တရာစွမ်းအားကြီးမားပြီး သူတို့မှာ ကိုယ်ပိုင်ထူးခြားမှုများရှိနေ၏။
ဖူစန်းထျန်၏ အစစ်အမှန်ပုံစံ ခွန်ဖန်းမှာ အားမာန်ပြည့်ဖြိုးသော အသက်ဓာတ်အားနှင့် အဆုံမဲ့ပုံရသော ပေါကြွယ်ဝသည့် အော်ရာတစ်ခုပါဝင်နေ၏။
ချင်းယန်၏ ပင်မခန္ဓာသည် မိုးပြာနဂါးဖြစ်သည်။ သူမကို နဂါးကြေးခွံများက ဖုံးအုပ်ထားပြီး သန်မာသောကိုယ်ကာယကို ပိုင်ဆိုင်ထားသည်။ သူမ၏ တိုက်ခိုက်မှုနှင့် ခုခံမှုက ထိပ်တန်းအဆင့်မှာရှိနေ၏။
လေ့ဟော်၏ ပင်မခန္ဓာ ဆွမ်နီသည် ကြမ်းကြုတ်ခက်ထန်သော တောကောင်များ၏ အမဲလိုက်အလေ့အကျင့်ကို ထိန်းသိမ်းထား၏။ သူ၏ အကြည့်က ရွှေ့ပြောင်းသွားစဉ် သူက ဆူဇီမို၏ အားနည်းချက်ကို ကြည့်ထားပြီဖြစ်လေသည်။
ကျူးလျန့်၏ အစစ်အမှန်ပုံစံသည် ဟင်္သပဒါးငှက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ပူပြင်းတောက်လောင်ကာ အရာရာတိုင်းကို ပြာချပစ်နိုင်၏။
ရှဲ့လင်၏ အစစ်အမှန်ပုံစံသည် ဆူဇီမို ဘယ်တုန်းကမှ မကြုံတွေ့ဖူးဘဲ ရှေးဟောင်းကျမ်းစာအုပ်များမှာသာတွေ့မြင်ဖူးသည့် သန္ဓေပြောင်းတောကောင်ချီလင်ဖြစ်ပုံရ၏။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကြားမှာ ရှဲ့လင်၏ ကိုယ်ကာယက အမာကြောဆုံးဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။
ထိုထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုအပြီးမှ ဆူဇီမို၏ လက်သီးကပင် ထုံကျဉ်သွားရ၏။
ဤသည်မှာ ကြမ္မာမီးအနီရောင်ကြာပန်းနှင့်ပေါင်းစည်းပြီးနောက် သူ မကြုံတွေ့ရသေးသည့် တစ်စုံတစ်ရာဖြစ်သည်။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက ဆူဇီမိုနှင့် တိုက်ခိုက်ပြီးနောက် သူတို့ကလည်း ရင်တစ်ချက်ထိတ်သွားကြ၏။
ဤလူသည် သူတို့ငါးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ရှုံးနိမ့်မည့် မည်သည့်လက္ခဏာကိုမှ မပြသရုံသာမက သူသည် သူတို့ငါးယောက်နှင့်ပင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။ ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားသည် သူတို့တွေးထင်ထားသည်ထက် ကျော်လွန်နေပြီဖြစ်၏။
တကယ်တော့ သူတို့ငါးယောက်က အခြေအနေကို ထိန်းချုပ်ထားဆဲဖြစ်သည်။
တိုက်ပွဲက ယခုမှ စတင်ရုံသာဖြစ်၏။
ဖူစန်းထျန်သည် သူ၏ ဘယ်ဘက်လက်ဖဝါးမှာ အဆုံးစွန်ယင်စွမ်းအား၊ သူ၏ ညာဘက်လက်ဖဝါးမှာ အဆုံးစွန်ယန်စွမ်းအားကို စုဖွဲ့ပြီး တလိပ်လိပ်ထိုးတက်လာသည့် ဒီရေလှိုင်းကဲ့သို့ အတောမသတ်နိုင်သောပုံစံဖြင့် ဆူဇီမိုကို တစ်ချက်ပြီးတစ်ချက် ပစ်ရိုက်ချနေ၏။
ချင်းယန်သည် အေးစက်နေသောအလင်းရောင်နှင့်အတူ သူမ၏ နဂါးလက်သည်းကို ဝင့်နေ၏။ သူမ၏ ဦးခေါင်းပေါ်မှဦးချိုများက လျှပ်စီးများကို စုဖွဲ့နေဆဲဖြစ်ပြီး မိုးကြိုးက အချိန်မရွေးဆင်းသက်လာနိုင်သည်။
လေ့ဟော်က တုတ်ခိုင်သန်မာသော်လည်း သူ၏ အလျင်အဟုန်က တစ်မူထူးခြားစွာ ပေါ့ပါးဖျတ်လတ်နေ၏။ သူသည် သူ၏ လက်သည်းများနှင့် သွားများကိုသုံးပြီး ဆူဇီမိုထုတ်ဖော်လိုက်သည့် အားနည်းချက်များကို ဝင်ရောက်တိုက်ခိုက်နေ၏။
ကျူးလျန့်၏ ခန္ဓာကိုယ်က တစ်ချိန်လုံးလေထဲမှာရှိနေ၏။ တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း သူသည် တန်ပြန်ကန်အားကို သုံးကာ အပေါ်ကိုခုန်တက်ပြီးမှ နောက်တစ်ဖန်ပြန်လည်ထိုးသုတ်လာတတ်လေသည်။
တိုက်ခိုက်မှုတိုင်းသည် ယခင်ကထက် ပိုမိုထက်ရှပြီး ပိုမိုသန်မာလာ၏။
ဤသည်မှာ ဟင်္သပဒါးငှက်မျိုးနွယ်၏ ပင်ကိုယ်တိုက်ခိုက်ရည်စွမ်းရည်ဖြစ်သည်။ သူ့ကို အစကတည်းက မဟန့်တားထားသရွေ့ သူ၏ တိုက်ခိုက်မှုများက ပို၍ ကြမ်းကြုတ်ခက်ထန်လာဖို့သာရှိလေသည်။
ရှဲ့လင်၏ ခန္ဓာကိုယ်က ရွှေဝါရောင်အလင်းဖြင့် တောက်ပနေပြီး သတ္တုကဲ့သို့ ကိုင်လှုပ်၍မရနိုင်ပေ။ သူပြုလုပ်သော လှုပ်ရှားမှုတိုင်းသည် တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်သည်။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ ဆူဇီမိုအပေါ်ဖိအားက ဆပွားတိုးလာသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ တလိပ်လိပ်ထိုးတက်လာသော သွေးချီနှင့်ပင်လျှင် သူသည် အချိန်တိုအတွင်းမှာ မည်သည့်သူတော်စင်သက်ရှိမျိုးနွယ်ကိုမှ အနိုင်မယူနိုင်ပေ။
သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားက တုန်လှုပ်စရာကောင်းနေ၏။ သူတို့၏ ပူးပေါင်းချိတ်ဆက်မှုကလည်း ဟာကွက်မဲ့နေသည်။ ခဏနေပြီးနောက် ဆူဇီမိုသည် အရေးနိမ့်ကာ အသည်းအသန်ခုခံလာရပြီဖြစ်၏။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများစွာသည် ဤတိုက်ပွဲကိုကြည့်ပြီး တိတ်တဆိတ်တုန်လှုပ်နေကြ၏။
“ဆူဇီမိုရဲ့တိုက်ခိုက်ရည်ခွန်အားက တကယ်ကြီးအဲလောက်သန်မာတာလား… သူက သူတော်စင်မျိုးနွယ်သက်ရှိငါးဦးရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုကိုတောင်မှ ခုခံထားနိုင်တယ်”
“တစ်ယောက်ချင်းတိုက်ခိုက်ရမယ်ဆိုရင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက အဲဒီလူကို တကယ်ပဲဖိနှိမ်နိုင်ပါ့မလား”
“ကံဆိုးစွာနဲ့ပဲ ဒါက ကောင်းကင်ဘုံသာလွန်သူတိုက်ပွဲဖြစ်နေတယ်… အဲဒီနေရာမှာ တစ်ယောက်ချင်းတိုက်ခိုက်ရမယ်ဆိုတဲ့ စည်းကမ်းရှိမနေဘူး… ဒီလူက ဘယ်လောက်ပဲသန်မာသန်မာ လက်သီးနှစ်ဖက်က လက်လေးဖက်ကို ယှဉ်နိုင်ဖို့မလွယ်ဘူး”
လူတိုင်းဆွေးနွေးပြောဆိုနေစဉ် တိုက်ပွဲနယ်မြေမှာ အပြောင်းအလဲများဖြစ်ပွားလာသည်။
အစက ဝိုင်းပတ်ပိတ်ဆို့ခံထားရသော ဆူဇီမိုသည် ရုတ်တရက် နောက်ထပ်ခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်ကို ထုတ်ဖော်ပြီး ခေါင်းနှစ်လုံး လက်လေးဖက်အခြေအနေသို့ ဝင်ရောက်သွား၏။
“ဒါက…”
“ခေါင်းသုံးလုံး လက်ခြောက်ဖက်လား”
“မဟုတ်သေးဘူး… ခေါင်းသုံးလုံးလက်ခြောက်ဖက်က နတ်ဘုရားစွမ်းအားတစ်ခုပဲကို… ပင်ကိုယ်သဘာဝအရ ခေါင်းသုံးလုံးလက်ခြောက်ဖက်ရှိတဲ့ အဆူရာမျိုးနွယ်ကလူ မဟုတ်သရွေ့… ဒါမှမဟုတ် သူတို့က ခေါင်းသုံးလုံးလက်ခြောက်ဖက် မဟာတာအိုကို ကျင့်ကြံမထားသရွေ့ ဒီလိုမျိုး နည်းစနစ်တစ်ခုကို ထုတ်ဖော်ဖို့က မဖြစ်နိုင်ဘူး”
“နောက်ပြီး အဲဒါက ခေါင်းသုံးလုံး လက်ခြောက်ဖက်အခြေအနေလည်း မဟုတ်ဘူး… အဲဒါက ခေါင်းနှစ်လုံး လက်လေးဖက်ပဲရှိတယ်”
ထိုသည်ကို တွေ့မြင်သောအခါ လူတိုင်းက တုန်လှုပ်နေကြ၏။
အစကတော့ ဆူဇီမိုနားလည်ဆင်ခြင်ထားသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ခေါင်းလေးလုံး လက်ရှစ်ဖက်ဖြစ်သည်။
တာအိုသုံးသပ်မှုနယ်ပယ်ထိ ကျင့်ကြံပြီးနောက် ခေါင်းလေးလုံးလက်ရှစ်ဖက်၏ စွမ်းအားသည် တာအို၏အဆင့်ကို မရောက်ရှိနိုင်ပေ။ ထို့ကြောင့် ၎င်းကို မစုဖွဲ့နိုင်ပေ။
သို့သော်လည်း သူ၏ အခြေအနေသည် တခြားသူများနှင့် ကွဲပြားခြားနားနေ၏။
သူ့ခန္ဓာကိုယ်သည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်း၏ ပေါင်းစည်းမှုဖြစ်လေသည်။
အတိအကျဆိုရလျှင် သူ၏ အစစ်အမှန်ပုံစံသည် ကြာပန်းနှစ်ခုနှင့် တူညီလေသည်။ ထို့ကြောင့်ပင် သူသည် ခေါင်းနှစ်လုံး လက်လေးဖက်ကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။