← Chapters

မင်းက ဘာကြီးတုံး ( ၂ )

Vol. 3 Ch. 35

မင်းက ဘာကြီးတုံး ( ၂ )

Vol. 3 Ch. 35

သူ့ရှေ့ရှိ တောအုပ်ထဲမှ မြူခိုးများ ပေါ်လာသည်။

မြူခိုးများသည် လွန်စွာထူထပ်သိပ်သည်းနေပြီး အဝေးသို့တိုင်အောင် လွင့်ပျံနေ၏။ သို့သော်လည်း ရွှီချင်း မြင်ခဲ့ရသည့် သွေးမြူခိုးများနှင့် မတူချေ။ ဖိအားများသည်လည်း မပြင်းထန်ချေ။

မြူခိုးဖုံးလွှမ်းထားသော နေရာများသည် မှုန်ဝါးနေပြီး မျက်စိတစ်ဆုံးတိုင်အောင် ရှိနေသည်။ ရွှီချင်းအတွက် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ရန် မဖြစ်နိုင်ချေ။

အထူးသဖြင့် လက်ရှိ မှောင်မိုက်နေသော အချိန်အခါသည် မြူခိုးများကို ထွင်းဖောက်၍ မြင်နိုင်ရန် ခဲယဉ်းစေတော့သည်။ ရွှီချင်းက မြူခိုးများကို ရှောင်ချင်ပါသော်လည်း အချိန်အတော်ကြာပြေးနေပြီးနောက် မြူခိုးများ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။ ယင်းမြူခိုးများက မည်သည့်အရာဖြစ်သည်ကို သူ သိလိုက်သည်။

ကြက်ခြေခတ်နှင့် လွမ်ယာတို့က တောအုပ်ထဲ မဝင်ရောက်ခင် ထိုအကြောင်းကို ရှင်းပြခဲ့ဖူးသည်။ ယင်းသည် တောအုပ်ထဲရှိ အန္တရာယ်များအနက်တစ်မျိုးဖြစ်သော ဝင်္ကပါမြူခိုး ဖြစ်ပေသည်။

ဝင်္ကပါမြူခိုးလွှမ်းခြုံခံလိုက်ရသည့်အခါ လူတစ်ယောက်က လမ်းပျောက်သွားတတ်သည်။ များသောအားဖြင့် မြူခိုးများ ပြန်လည် လွင့်ပျယ်သွားစေရန် အချိန်အတော်ကြာသည်အထိ စောင့်ရတတ်သည်။

ရွှီချင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏများ တဟုန်ထိုး မြင့်တက်လာမည်မဟုတ်၍ မြူခိုးများ လွင့်ပျယ်သွားမည့်အချိန်တိုင်အောင် စောင့်နိုင်သည်ဟု ခံစားနေရသည်။ သို့စေကာမူ ခေါင်းဆောင်လဲ့က မစောင့်နိုင်ချေ။ သူသာ မြူခိုးထဲ ပိတ်မိသွားခဲ့ပါက သန္ဓေပြောင်းကာ သေဆုံးသွားပေလိမ့်မည်။

ထိုအနေအထားကြောင့် ရွှီချင်းအနေဖြင့် နောက်ဆုတ်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။ သူက မြူခိုး၏ အစွန်အဖျားပတ်ပတ်လည်မှ သွားလိုက်သည်။

သို့သော် မြူခိုးများက ထူထပ်သိပ်သည်းလွန်းလှသည်။ မည်မျှမြန်ဆန်အောင် သူ ပြေးနေစေကာမူ အဘက်ဘက်မှ ပျံ့နှံ့လာသော မြူခိုးများအောက်တွင် ပိတ်မိသွားရသည်။

သို့စေကာမူ မကြာခင် ရွှီချင်းပတ်လည်တွင် သိပ်သည်းထူထပ်စွာ ရှိနေသော မြူခိုးများသည် တဖြည်းဖြည်း လွင့်ပါးလာရာ ရွှီချင်းမှာ တဖန် အံ့အားသင့်သွားရပြန်သည်။

သူက ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။

ညအခါဖြစ်၍ အရိပ်များမရှိပါသော်လည်း ရွှီချင်းသည် သူ့ပတ်လည်ရှိ မြူခိုးများကို ခံစားနိုင်သည်။ ထိုအခိုက် မြူခိုးများသည် သူ့ခြေထောက်အောက်သို့ အလုအယက်ပြေးဝင်နေကြသည်။

ပျောက်နေသော အရိပ်က လေပွေတစ်ခုအသွင်ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ မြူခိုးများအား ဝါးမျိုနေသည့်အလားပင်။

ထိုဝါးမျိုနှုန်းက မမြန်ပေ။ ၎င်းက အားအင်ပြည့်ဝပြီးနောက် စုပ်ယူခြင်းကို ရပ်တန့်လိုက်ဟန်တူသည်။ ထိုအခါ မြူခိုးများသည် ရွှီချင်းကို နောက်တစ်ဖန် လွှမ်းခြုံလာပြန်သည်။

သို့သော်လည်း အရိပ်က ဝါးမျိုပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ အားတစ်မျိုး လောင်းထည့်ပေးလိုက်ဟန်တူပြီး ထိုအားများက သူ့မျက်လုံးများထဲ စုစည်းသွားသည်။ မြူခိုးများထဲ သူ ကြည့်လိုက်သည့်နေရာတိုင်း သူ့အမြင်အာရုံထဲ ရှင်းလင်းနေသည်။

သို့တည်းမဟုတ် ၎င်းက အမြင်အာရုံ မဟုတ်ဘဲ ခံစားအသိလည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

မြူခိုးများက သိပ်သည်းထူထပ်စွာ ရှိနေပါသော်လည်း သူ့အသိအာရုံထဲ လမ်းပျောက်ရလောက်အောင်အထိ ဖြစ်မနေဘဲ အနည်းငယ်သာ ဝေဝါးနေသည်။

ထိုအခြင်းအရာက ရွှီချင်း၏အသက်ရှူသံကို မြန်ဆန်သွားစေသည်။ သူက ခေါင်းငုံ့၍ ပျောက်နေသော အရိပ်ကို ကြည့်လိုက်သည်။

“ မင်း… မင်းက ဘာကြီးတုံး ”

ရွှီချင်း ရေရွတ်လိုက်သည်။

ခဏအကြာ သူက ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ပကတိ တိတ်ဆိတ်ငြိမ်သက်နေပြီး သူက အရှိန်မလျော့ဘဲ ဆက်လက်ပြေးသွားသည်။ မြူခိုးများထဲ၌ သူသည် တရိပ်ရိပ် လွင့်ပျံနေသော တစ္ဆေတစ်ကောင်အလားပင်။

မကြာခင် မြူခိုးများကိုဖြတ်၍ သူ သွားလာနေစဉ် လူများကို ရိပ်ခနဲ မြင်လိုက်ရသည်။

ထိုလူများက ရတနာမုဆိုးနှစ်ယောက်ပင်။

ထိုနှစ်ယောက်ကို စခန်း၌ မြင်ဖူးသည်ကို ရွှီချင်း မှတ်မိလိုက်သည်။ ထိုလူနှစ်ယောက်သည် တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားကြ၏။ မြူခိုးများအတွင်း၌ မျက်ကန်းများပမာ သူတို့ ဖြည်းညင်းစွာ ခရီးဆက်နေကြသည်။

သို့သော်လည်း ရွှီချင်း၏ အသိအာရုံထဲ၌ သူတို့နှစ်ဦးက စက်ဝိုင်းပုံစံ လှည့်ပတ်နေသည်။ သူတို့နှစ်ဦးသည်လည်း ထိုသို့ဖြစ်နေသည်ကို သိနေကြသည်။ သူတို့နဖူးများမှ စီးကျနေသော ချွေးများနှင့် အသက်ရှူသံများက သူတို့၏အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း ဖော်ပြနေပေသည်။

ထိုလူနှစ်ယောက်ကို ကြည့်ပြီးနောက် ရွှီချင်းက အကြည့်ကို ရုတ်သိမ်းကာ ထွက်ခွာရန် ပြင်လိုက်သည်။

သူသည် သနားညှာတာစိတ် ကြီးမားသူ တစ်ယောက် မဟုတ်ပေ။ ရက်စက်ကြမ်းတမ်းသော ဤကမ္ဘာထဲ၌ အကြောင်းအရင်းမရှိဘဲ လူများကို ကယ်တင်သည့်တိုင်အောင် ထိုသို့ ကယ်တင်ခံရသူများ၏ အလစ်သတ်ဖြတ်ခြင်း ခံရတတ်သည့်ဖြစ်ရပ်အများအပြားကို သူ မြင်တွေ့ဖူးသည်။

သို့သော် လမ်းပျောက်နေသော လူနှစ်ယောက်သည် အမြင်အာရုံပိတ်ဆို့နေပါသော်လည်း နားပါးဟန်တူသည်။ ရွှီချင်း ထွက်ခွာသွားသည့်ခြေသံများကို သူတို့ သတိထားမိသွားကြသည်။

သူတို့နှစ်ယောက်မှာ ချက်ချင်း အထိတ်တလန့် ဖြစ်သွားကြသည်။ လူသားတစ်ယောက်၏ ခြေသံလော၊ သားရဲတစ်ကောင်၏ခြေသံလော သူတို့ မခွဲခြားနိုင်ချေ။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်က သားရဲကို ခြိမ်းခြောက်ချင်နေသည့်အလား ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ပြလာသည်။

တခြားတစ်ယောက်ကမူ အော်ဟစ်အကူအညီတောင်းလိုက်၏။ သူ၏စိတ်ရင်းကို ပြသသည့်အနေဖြင့် သူ့သားရေအိတ်ရှုံ့ထဲမှ အဖြူရောင်ဆေးလုံးများနှင့် ဝိညာဉ်ကြေးပြားများကိုပင် ထုတ်လိုက်ပြီး အသက်ရှင်ရန် အခွင့်အရေး ပေးမည်ဆိုပါက ၎င်းတို့အား ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ရွှီချင်းသည် တုံ့ခနဲ ရပ်သွားပြီး ခေါင်းဆောင်လဲ့၏ ဆိုးဝါးသောကျန်းမာရေးအခြေအနေကို စဉ်းစားမိကာ ထိုလူ၏လက်ထဲရှိ အဖြူရောင်ဆေးလုံးများကို လှည့်ကြည့်လိုက်သည်။

အတန်ကြာ တွေးတောပြီးနောက် သူက သားရေအိတ်ထဲ မွှေနှောက်ရှာဖွေရာ ဖယောင်းတိုင်တစ်ချောင်းကို ရှာတွေ့သွားပြီး မီးထွန်းညှိလိုက်သည်။ အလင်းဓာတ် အားနည်းနေပြီး မြူခိုးများ၏ ဖိအားကြောင့် တဖြည်းဖြည်း မှိန်မှိန်လာတော့သည်။

ဖယောင်းတိုင်မှ အလင်း မရောက်နိုင်သည့် အမှောင်ရိပ်ကွယ်သောနေရာအထိ အနည်းငယ် နောက်ဆုတ်ကာ အနီးအနားရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်၏။

“ ညာဖက်ကိုသွားပြီး ခုနစ်လှမ်း တိုးလာခဲ့။ ပြီးရင် ဘယ်ဖက်ကို ဆယ်လှမ်းထပ်သွား … ”

ရွှီချင်း၏အသံကိုကြား၍ ရတနာမုဆိုးနှစ်ယောက် တုန်ရီသွားသည်။ သူတုိ့မျက်နှာများ၌ ဝမ်းသာပျော်ရွှင်သွားသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်လာပြီး အသက်ရှူသံမြန်ဆန်သွားကာ ရွှီချင်း၏ ညွှန်ကြားချက်အတိုင်း သွားလိုက်သည်။

မကြာခင် သူတို့သည် ရွှီချင်း၏ ညွှန်ကြားပေးမှုအတိုင်း ဘယ်တစ်လှည့်၊ ညာတစ်လှည့်ဖြင့် အန္တရာယ်များကို ရှောင်ရှားလာခဲ့သည်။ အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသော ဖယောင်းတိုင်အနားသို့ ရောက်လာသည်နှင့် သူတို့ရှေ့ရှိ မြူခိုးများက ပါးလာသည်။

သူတို့က ဘေးပတ်ဝန်းကျင်ကို ခွဲခြားလာနိုင်သော ဖယောင်းတိုင်အလင်းနယ်နိမိတ်အတွင်း ရောက်လာသည်။ ထိုနေရာရှိလမ်းကလေးသည် လင်းနေသည်။ မျက်မမြင်လူတစ်ယောက်က အလင်းရသွားသည့်ပမာ တခဏအတွင်း ဖယောင်းတိုင်ဘေးသို့ သူတို့ ရောက်သွား၏။ သူတို့ စိတ်လှုပ်ရှားလာပြီး ခံစားချက်များ ယောက်ယက်ခတ်နေတော့သည်။

ရွှီချင်းသည်မူ မှောင်ရိပ်ကွယ်သောနေရာ၌ ပုန်းနေ၏။ ဖယောင်းတိုင်အလင်း ရှိနေသည့်တိုင်အောင် သူ့ပုံရိပ်က ဝိုးတစ်ဝါး ဖြစ်နေဆဲပင်။ ပိရိသေသပ်သော မျက်နှာထားနှင့် ထိုလူနှစ်ယောက်ကို ကြည့်ပြီးနောက် သူက ပြတ်သားစွာ ဆိုလိုက်သည်။

“ ကျုပ်ကို အဖြူရောင်ဆေးလုံးတွေပေး ”

သူတို့ထဲမှ တစ်ယောက်မှာ တုန်ရီသွားသည်။ ကပ်ဘေးမှ ရှင်သန်လွတ်မြောက်လာပြီးနောက် သူက အနည်းငယ်မျှပင် တွေဝေတွန့်ဆုတ်မနေတော့ဘဲ ဝိညာဉ်ကြေးပြားများနှင့် အဖြူရောင်ဆေးလုံးများ ထည့်ထားသော သားရေအိတ်ကို ရွှီချင်းထံ ပစ်ပေးကာ အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလိုက်သည်။

တခြားလူတစ်ယောက်သည် ဆေးလုံးများကို ထုတ်ယူမည်ပြုစဉ် ရွှီချင်း၏ပုံရိပ်ဆီ အကြည့်ရောက်သွားပြီး သူ့စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားသည်။

ရွှီချင်းရပ်နေသည့် မှောင်မည်းသောနေရာ၌ မြူခိုးများက ပါးလျနေသည်။ သို့ဖြစ်၍ ရွှီချင်း၏ မျက်နှာကို မမြင်နိုင်ပါသော်လည်း ပိန်ပါးသောခန္ဓာကိုယ်နှင့် ကျောတွင် သတိမေ့နေသော လူတစ်ယောက်အား သယ်ထားသည်ကို သူတို့ မြင်နေရပေသည်။

သို့ဖြစ်၍ သူ့မျက်လုံးများ တဖိတ်ဖိတ် လက်လာသည်။ သို့သော်လည်း သူက မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်း၍ ချိုသာသောလေသံဖြင့် ပြောလိုက်သည်။

“ ညီလေးရေ… အစ်ကို့မှာ ရှိတဲ့ အဖြူရောင်ဆေးလုံးတွေကတော့ အစ်ကို စားလိုက်လို့ မရှိတော့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မြူခိုးတွေရှင်းသွားရင် ဒါမှမဟုတ်လဲ အစ်ကို အပြင်ရောက်သွားရင် င့ါညီကို အစ်ကို နှစ်ဆပေးပါ့မယ် ”

ထို့နောက် သူက သူ၏စကားများကို ပီပြင်စေရန် တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

ထိုစဉ် သူ့ဘေးရှိ အဖော်သည် အိတ်ကို အလျင်အမြန် ပစ်ပေးမိလိုက်သည်ဟု ခံစားလာရသည့်အလား အနည်းငယ် စိတ်ပျက်လာတော့သည်။

ရွှီချင်းသည် ယခုတိုင်အောင် အဖြူရောင်ဆေးလုံးများ မပေးသေးသော ရတနာမုဆိုးကို စူးစိုက်၍ ကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်း မဆိုပေ။

သူက ညာဖက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဖယောင်းတိုင်မီးက ဟုတ်ခနဲ ငြိမ်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးလာပြီး ဝင်္ကပါမြူခိုးများ ထပ်မံ ရစ်သိုင်းလာသည်။

ရတနာမုဆိုးနှစ်ယောက်အနက် တစ်ယောက်ထံမှ အလန့်တကြား အော်ဟစ်သံထွက်ပေါ်လာသည်။ ရွှီချင်းက သူတို့ထံ လှစ်ခနဲ ချဉ်းကပ်သွားကာ သားရေအိတ်ကို ဆွဲယူလိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးသောအသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ မလိုတော့ဘူး။ ခင်ဗျား ဒီမှာ နေခဲ့တော့ ”

“ ခဏ၊ ခဏ စောင့်ပါဦးကွာ။ အစ်ကို မှားသွားတယ်။ အစ်ကို တကယ့်ကို အမှားလုပ်ခဲ့မိတယ်။ ငါ့ညီကို အဖြူရောင်ဆေးလုံးတွေ ပေးပါ့မယ်။ အစ်ကို … ”

ထိုလူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်နေသည့်အလား အလျင်အမြန် လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က သစ်ပင်နှင့် တိုက်မိသွားပြီး လဲကျသွားသည်။

သူ မတ်တတ်ရပ်လိုက်သောအခါ သူ့အော်ခေါ်သံများက ပို၍ပင် စိုးရိမ်ကြောင့်ကြသည့်လေသံဖြစ်လာပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေတော့သည်။

“ ညီလေး… အစ်ကို ရှင်းပြတာ နားထောင်ပေးပါဦး၊ အစ်ကို … ”

ရွှီချင်းက ထိုလူ၏အော်ဟစ်သံများကို အာရုံစိုက်မနေဘဲ အဖြူရောင်ဆေးလုံးပေးခဲ့သော တခြားရတနာမုဆိုးထံ သွားလိုက်သည်။

ထိုလူသည်လည်း ကြောက်လန့်တုန်ရီနေသည်။ ဝင်္ကပါမြူခိုးများထဲ တဖန် ရောက်ရှိသွားပြီးနောက် ကြောက်စိတ်မွှန်ထူလာရတော့သည်။ ရွှီချင်းက ထိုလူ၏ဘေးသို့ အလျင်အမြန် ရောက်ရှိသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ ကျုပ်ခြေသံကို နားထောင်ပြီးလိုက်ခဲ့ ”

ထို့နောက် ရွှီချင်းက နောက်လှည့်မကြည့်ဘဲ ဆက်လျှောက်သွားသည်။ ထိုလူသည် ရွှီချင်း၏စကားကို ကြားပြီးနောက် အသက်ရှူသံများ မြန်လာပြီး ခြေသံကြားရာအတိုင်း ချက်ချင်း နောက်မှလိုက်သွားသည်။ ထိုအချိန်၌ သူ့ရင်ထဲတွင် ဆေးလုံးများနှင့် ဝိညာဉ်ကြေးပြားများ မြန်မြန်ပေးချေခဲ့သည့်အပေါ် သူ့ကိုယ်သူ ကျေးဇူးတင်နေတော့သည်။

အထူးသဖြင့် သူ့နောက်မှ အကူအညီတောင်းခံသံများပြီးနောက် ဆဲရေးတိုင်းထွာသောအသံများကို ကြားလာရသောအခါတွင် ဖြစ်ပေသည်။ ထိုအသံထဲရှိ စိတ်ပျက်အားငယ်မှုများက သူ့ကို တုန်ရီသွားစေသည်။ သူ့ရှေ့ရှိ ခြေလှမ်းပိုင်ရှင်ကို သူ အလွန် ကြောက်ရွံ့ထိတ်လန့်နေတော့သည်။

All Chapters