သိုင်းသမားတွေက ဘယ်တော့မှ လက်မလျှော့ဘူး
Vol. 52 Ch. 769
“အင်္ဂလန်က တန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်”
ကျင့်ရှန် အံ့ဩသွားသည်။ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက် နေသည်။
ပြီးခဲ့သည့်နှစ်တွင် ဒုတိယနေရာ ရရှိခဲ့သော အိန္ဒိယသည် ပထမဆုံး ရှုံးနိမ့်သော နိုင်ငံဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ၎င်းတို့သည် ပြီးခဲ့သည့်နှစ်တွင် ပဉ္စမနေရာသာ ရရှိခဲ့သော အင်္ဂလန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အင်္ဂလန်သည်လည်း အံ့ဩဖွယ် စွမ်းအားကို ပြသခဲ့သည်။ သူတို့ဘက်မှ မူလ စိတ်ဝိညာဉ် အဆင့်နိမ့် အဆင့်တစ်ဦး ပါဝင်နေသော်လည်း အနိုင်ရခဲ့ကြပြီး သူတို့၏ ရက်စက်မှုသည် အမှန်တကယ် အထင်ကြီးစရာ ကောင်းသည်။
အိန္ဒိယသည် မရက်စက်ဟု ဆိုပါက မှားယွင်းမည် ဖြစ်သော်လည်း နောက်ဆုံးတွင် တစ်ဖက်တည်းသာ အနိုင်ရ နိုင်သည်။
“နှိုးထသူတွေက အားသာချက် ပိုများတာ မှန်ပါတယ်”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သည်။
အဆုံးသတ်တွင် အဲလက်စ်နှင့် ဗီကတ်စ် နှစ်ဦးစလုံးသည် အင်အားကုန်နေကြပြီဖြစ်သော်လည်း အဲလက်စ်သည် သတ္တုကို ထိန်းချုပ်ရန် သူ၏ စိတ်ကို အသုံးပြုရန်သာ လိုအပ်သည်။ ဗီကတ်စ်ကမူ ထိုင်ပြီး စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။
ထိုသေးငယ်သော ကွာခြားချက်ကို အထင်သေး၍မရပေ။ အသေးငယ်ဆုံး ရှုံးနိမ့်မှုသည် သေခြင်းရှင်ခြင်း၌ ခြားနားမှု ဖြစ်သည်။
လင်းရှီက သဘောတူညီစွာ ခေါင်းညိတ်သည်။
“ဟုတ်တယ်။ နှိုးထသူတွေက ကျွန်မတို့ထက် ဒြပ်စင်တွေကို ပိုပြီး လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တယ်”
“နှိုးထသူတွေက အားသာချက် ရှိပေမဲ့ သူတို့မှာ အားနည်းချက်တွေလဲ ရှိတယ်။ သူတို့ဟာ ပတ်ဝန်းကျင် အချက်တွေကြောင့် ကြီးကြီးမားမား သက်ရောက်ခံရလိမ့်မယ်။ သူတို့ရဲ့ နည်းစနစ်က တစ်ခုတည်းကိုပဲ ကန့်သတ်ထားတာကြောင့် သူတို့ဟာ စစ်သည်တော်တွေလို ပေါက်ကွဲစွမ်းအား မရှိဘူး။ ဥပမာ၊ မီးစွမ်းရည် နှိုးထသူတစ်ဦးဟာ ပင်လယ်ထဲမှာ တိုက်ခိုက်ရင် သူ့ရဲ့ စွမ်းအား အနည်းဆုံး တစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မယ်”
စွန်းဟုန်ထောင်က ထောက်ပြသည်။
လူတိုင်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။
“အင်္ဂလန် အနိုင်ရ”
ထို့နောက် ဒိုင်လူကြီးက ရလဒ်ကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
ဗီကတ်စ်သည် ဒဏ်ရာ သုံးခုမှ သွေးများ ထွက်နေလျက် မြေကြီးပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သူ့မျက်လုံးများတွင် ဝမ်းနည်းမှုများ ရှိနေသည်။
အိန္ဒိယသည် ထိုတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
သူတို့၏ စွမ်းဆောင်ရည်က ထူးချွန်သည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ သူတို့တစ်ဦးစီတိုင်းသည် အစွမ်းကုန် ပေးဆပ် ခဲ့ကြသည်။ သို့သော် သူတို့အားလုံး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် များစွာ လျော့နည်းခဲ့သည်။ ၎င်းသည် နောက်တစ်ဆင့်တွင် ကြီးမားသော သက်ရောက်မှုရှိမည်ဖြစ်ပြီး ယခုနှစ်တွင် သူတို့ နောက်ဆုံးနေရာသို့ ရောက်ရှိသွားနိုင်သည်။
ကံကောင်းစွာဖြင့် သူတို့တွင် ပြန်လည် သက်သာရာရရန် နှစ်ရက် ကြားခံအချိန် ရှိနေသေးသည်။
...
“အိန္ဒိယ ရှုံးသွားပြီ။ သူတို့ရဲ့ ဒဏ်ရာတွေက ပြင်းထန်ပြီး သန်ဘက်ခါ တိုက်ပွဲကို သက်ရောက်နိုင်ချေ ရှိတယ်”
ချန်ရှောင်ရှောင်က အနည်းငယ် ညည်းတွားသည်။ လက်ရှိအချိန်တွင် အိန္ဒိယသည် ဒဏ်ရာနှင့် မသန်စွမ်းမှု များစွာ ခံစားခဲ့ရပြီး တိုက်ခိုက်နိုင်စွမ်းရှိသူမှာ နှစ်ယောက် သို့မဟုတ် သုံးယောက်သာ ကျန်တော့သည်။
သူတို့ ထပ်မံ ရှုံးနိမ့်ခဲ့ပါက သူတို့၏ အဆင့်သည် ပို၍ နောက်ကောက်ကျသွားမည်မှာ သေချာသည်။
ပြိုင်ပွဲစနစ်သည် အနိုင်ရအုပ်စုကို ရှုံးနိမ့်သူအုပ်စုမှ ခွဲထုတ်ထားသည်။ အနိုင်ရအုပ်စုတွင် အဖွဲ့လေးဖွဲ့ ပါဝင်ပြီး ရှုံးနိမ့်သူအုပ်စုတွင်လည်း အဖွဲ့လေးဖွဲ့ ပါဝင်သည်။ အနိုင်ရသူများနှင့် ရှုံးနိမ့်သူများကို ထိုအုပ်စုတစ်ခုစီမှ ပြန်လည် အုပ်စုဖွဲ့မည်ဖြစ်ပြီး အနိုင်ရသူများသည် အနိုင်ရသူများနှင့် ရင်ဆိုင်ကာ ရှုံးနိမ့်သူများသည် ရှုံးနိမ့်သူများနှင့် ရင်ဆိုင်ရမည်။ ထို့နောက် အဆင့်သက်မှတ်ချက်သည် ရလဒ်များမှ လာမည် ဖြစ်သည်။
အိန္ဒိယသည် ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သောကြောင့် သူတို့ ရရှိနိုင်သည့် အများဆုံးအဆင့်မှာ ပဉ္စမသာ ဖြစ်သည်။
ထိပ်တိုက် တွေ့ဆုံမှုတွင် ကံသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုရမည်။ အားကောင်းသော ပြိုင်ဘက်နှင့် မဲကျခြင်းသည် ကံမကောင်းခြင်းဖြစ်သော်လည်း ကံသည်လည်း ခွန်အား၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုသို့သော ကံဖြင့်သာ အရင်းအမြစ်များကို သင့်လျော်စွာ စီစဉ်နိုင်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ပြိုင်ပွဲ ကျင်းပခြင်းက ဘာထူးသွားမည်နည်း။ သူတို့သည် အားကောင်းသော နိုင်ငံများအား အရင်းအမြစ် ပိုပေးပြီး ပြီးအောင် လုပ်နိုင်ပါသည်။ ထို့ကြောင့် နှိုင်းယှဉ်ချက်အားဖြင့် အားနည်းသော နိုင်ငံအချို့အား တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ပေးရန်အတွက် ပြိုင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ နေ့လည်ပိုင်းမှာ ပွဲကြီးပွဲကောင်း တစ်ခု ရှိလိမ့်မယ်။ ဂရိနိုင်ငံက ဂျပန်နိုင်ငံနဲ့ ရင်ဆိုင်ရလိမ့်မယ်”
ကျင့်ရှန်က နောက်ပြောင်သော လေသံဖြင့် ပြောသည်။
“လာ၊ သွားစားကြစို့။ ပြီးရင် ဒီနေ့ နေ့လည်ပိုင်းမှာ စီစဉ်ထားတဲ့ စိတ်လှုပ်ရှားစရာ တိုက်ပွဲကို ထိုင်ပြီး စောင့်ကြည့်ကြတာပေါ့”။
“ဂရိက ဂျပန်ကို နင်းချေကောင်း နင်းချေနိုင်လောက်တယ်၊ ဟီးဟီးဟီး …”
ချန်ရှောင်ရှောင်က မျှော်လင့်တကြီး ပြောသည်။
ပထမ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် ပြိုင်ပွဲဝင်များသည် ထွက်ပေါက်ဆီသို့ ဆက်လက် ဦးတည် ကြသည်။ အချို့လူများက အင်္ဂလန်၏ ခွန်အားကို ဆွေးနွေးစပြုလာကြပြီး အိန္ဒိယ၏ ရှုံးနိမ့်မှုအတွက် စိတ်မကောင်း ဖြစ်နေကြသည်။ အခြားသူများကမူ တိတ်ဆိတ်နေကြပြီး လေးလံသော နှလုံးသားများ ရှိနေကြသည်။
ပြင်းထန်သော ပြိုင်ဆိုင်မှုသည် လူအများ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်ခဲ့သည်။ သို့သော် ပြောရမည်ဆိုလျှင် မည်သူ တက်တက် ရလဒ်သည် အတူတူပင် ဖြစ်နိုင်သည်။ ဘယ်သူမှ မရှုံးချင်ကြသောကြောင့် သူတို့ လုပ်နိုင်သမျှမှာ အသေခံ တိုက်ခိုက်ရန်သာ တတ်နိုင်လေသည်။
၎င်းသည် အချင်းချင်း ယှဉ်ပြိုင်ပြီး ရလဒ်ကို ကြည့်ရုံမျှသာ မဟုတ်ဘဲ၊ အရေးကြီးဆုံးအချက်မှာ အင်အားကြီးသူ နှင့် အားနည်းသူကို ခွဲခြားရန် ရှင်းလင်းသော ရလဒ် ရှိဖို့ပင် ဖြစ်သည်။
မည်သူမျှ မသေသော်လည်း ခံစားရသော ဒဏ်ရာများမှာ ထိတ်လန့်စရာကောင်းပြီး လူတိုင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
ပထမဆုံး တိုက်ပွဲတင် ဤသို့ ဖြစ်နေပါက နောက်ပိုင်း ဘာတွေ ဖြစ်လာမည်နည်း။
နေ့လယ်ပိုင်း ပွဲစဉ်များသည် ပိုမို ကြေကွဲဖွယ် ဖြစ်လာလေမလား။
ပထမနေရာ အတွက် ပြိုင်ပွဲကျင်းပချိန်တွင် ၎င်းသည် ပို၍ပင် ဆိုးရွားသော မြင်ကွင်း ဖြစ်လာပေလိမ့်မည်။
မည်သူမှ ကြောက်ရွံ့စွာ တိုက်ခိုက်မည် မဟုတ်ပါ။ ရှက်ကြောက်မှုမရှိခြင်းသည် သိုင်းပညာရှင်များ၏ သဘာဝ ဖြစ်သည်။ လက်ခံမထားသော ပုံစံဖြင့် တိုက်ခိုက်ခြင်းကို သူတို့၏ ကိုယ်ပိုင်နိုင်ငံက သဘောတူမည် မဟုတ်သလို ကမ္ဘာ့ သိုင်းပညာရှင်များကလည်း သဘောတူညီကြမည် မဟုတ်ပေ။
သိုင်းပညာရှင်များအတွက် ကြောက်ရွံ့ခြင်းကို တားမြစ်ထားသည်။
နေ့လယ်စာ စားပြီးနောက် ဆွေးနွေးမှုများ မှေးမှိန်သွားပြီး လူတိုင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
နှစ်နာရီ တိတိ။
နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲ ကွင်း၌။
လူတိုင်းသည် မနက်က သူတို့၏ ထိုင်ခုံနေရာချထားမှုကို လျင်မြန်စွာ ရှာဖွေပြီး သူတို့၏ နေရာများကို လျင်မြန်စွာ ယူကြသည်။ လူတစ်ဦးစီတိုင်း မျှော်လင့်နေကြသည်။
ဝူထျန်းပေါင်က စပြောသည်။
“ဒီမနက်က ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့ ဘယ်သူမှ ဆန္ဒအလျောက် လက်မလျှော့ခဲ့ကြလို့ ကျွန်တော် တော်တော်လေး ဝမ်းမြောက်မိပါတယ်။ သူတို့အားလုံးက အဆုံးထိ နောက်ဆုံးထွက်သက် အထိ တိုက်ခိုက်ခဲ့ကြတယ်။ စစ်မြေပြင်မှာ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ အချည်းအနှီး မဖြစ်ခဲ့ပါဘူး။ တော်တယ်”
“အရင်ပြိုင်ပွဲတွေနဲ့ ယှဉ်ရင် မင်းတို့ရဲ့ တိုးတက်မှုက တကယ်ကို ကြီးမားပါတယ်။ အစပိုင်း နှစ်တွေတုန်းက အတွင်းအားအဆင့်ပဲ ရှိတဲ့ သိုင်းပညာရှင်တွေပဲ ပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့တာကို ငါ မှတ်မိနေသေးတယ်၊ အများဆုံးက မူလစိတ်ဝိညာဉ် အဆင့်နိမ့်အဆင့်တွေပဲ။ အခုတော့ မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်တွေက နေရာအနှံ့ ဖြစ်နေပြီ။ သူတို့ရဲ့ အုတ်မြစ်က ဘာလဲ။ သူတို့ရဲ့ အုတ်မြစ်ဟာ သေခြင်းတရားကို မကြောက်တဲ့ ရှေ့မျိုးဆက်တွေအပေါ် အများကြီး မူတည်ခဲ့တာ!”
“စစ်သည်တော်တွေက အရင်းအမြစ်တွေနဲ့ ရှင်သန်ဖို့ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရမယ်။ ဘယ်အခွင့်အရေး ကိုမဆို အရယူတဲ့အခါ ဂုဏ်သိက္ခာ အတွက် ကြိုးစားရမယ်”
ထို အဖွင့်စကားနှင့်အတူ နေ့လယ်ပိုင်း ပြိုင်ပွဲသည် တရားဝင် စတင်ခဲ့သည်။
“အခု ဂရိနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ လူစာရင်းကို ကြည့်ကြရအောင်”
“ဂရိ - အာရီနာ၊ အဲရစ်၊ ဂါယာ၊ ဟဲရာ၊ ဟီဘီ”
“ဂျပန် - ဇိုကာဝါ၊ အာကိုင်၊ အန်ဇိုင်း၊ အာဆာအို၊ အာဆို”
“ဒီမနက်မှာ ရင်သပ်ရှုမောဖွယ် တိုက်ပွဲကို ကျုပ်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်ဦးမလား”
“စောင့်မျှော် ကြည့်ရှုပြီး မင်းတို့ရဲ့ မျက်လုံးတွေကို အာရုံစိုက် ထားပါ”
“ဒီမနက်က နိုင်ငံနှစ်ခုဟာ ပထမနဲ့ နောက်ဆုံး တိုက်ပွဲကို အထူး သတိထားခဲ့ကြတယ်။ နောက်လာမယ့် နိုင်ငံနှစ်ခုကလည်း တူညီတဲ့ဗျူဟာကို အသုံးပြုလေမလား”
ဝူထျန်းပေါင်က ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။
“ကွင်းထဲကို ဝင်လာကြပါ”
...
“ဟမ် … ဂရိရဲ့ ပထမဆုံး ပြိုင်ပွဲဝင်က အမျိုးသမီး တစ်ယောက်ပါလား”
ဝူထျန်းပေါင်သည် ပထမဆုံး ပြိုင်ပွဲဝင်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မအော်ဘဲ မနေနိုင် ဖြစ်ခဲ့သည်။
လူတိုင်း အံ့ဩသွားကြသည်။
ရဲ့လင်းချန်သည် မျက်မှောင်ကြုတ်ပြီး ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် ပေါ့ပါးသော သံချပ်ကာ ဝတ်စုံဖြင့် သူရဲကောင်းဆန်သော စရိုက်ရှိပြီး သူမ၏ ခရမ်းရောင် ဆံပင်ရှည်သည် လေထဲ လွင့်ပျံနေသည်။ သူမ၏ အပြာရောင် မျက်ဝန်းများသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေပြီး သူမ၏ အရပ်သည် အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ပိုမို မြင့်မားသည်။ ၁.၇၈ မီတာ အရပ်အမြင့်ရှိပြီး သူမတွင် ကောင်းမွန်သော ခန္ဓာကိုယ် အချိုးအစားလည်း ရှိသည်။
အနောက်တိုင်း အမျိုးသမီးများ၏ ရုပ်ရည်သည် အလွန် ကွဲပြားသော်လည်း သူတို့အားလုံး အလွန် လှပကြသည်။ သူမ ရွေးချယ်သည့် လက်နက်များမှာ လှံနှင့် ဒိုင်း ဖြစ်သည်။
သူမသည် မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ဖြစ်ပြီး သူမ၏ ချီစွမ်းအင်သည် စစ်သည်တော်များနှင့် နှိုးထသူ များထက် ကွဲပြားသည်။ တိကျသော ကွာခြားချက်များကို ထောက်ပြရမည်ဆိုလျှင် သူမ၏ ချီစွမ်းအင်သည် သန့်စင်မှု ရှိနေပုံရသည်။
ရဲ့လင်းချန်သည် သူမကို အနည်းငယ် တည်ကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအမျိုးသမီးတွင် သာမန်မဟုတ်သော ချီစွမ်းအင် ရှိသည်။
အာရီနာသည် ခုန်ချလိုက်ပြီး ကွင်းအလယ်တွင် ဆင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ဇိုကာဝါသည် အခြားတစ်ဖက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
“ဒုန်း”
သူ၏ ခန္ဓာကိုယ်သည် သူ၏ နာမည်နှင့် အလွန် ကိုက်ညီသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆင်ကြီး တစ်ကောင်နှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။ အရပ် နှစ်မီတာ မြင့်ပြီး သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် တောင်ကုန်းကဲ့သို့ စုပုံနေပြီး သူ လမ်းလျှောက်သောအခါ သူ၏ ခြေလှမ်းများက မသဲမကွဲ အသံကို ဖြစ်ပေါ်စေသည်။ သူ ကိုင်ဆောင်ထားသော လက်နက်မှာ လေးလံသော တူကြီး ဖြစ်သည်။
မိန်းမလှလေးနှင့် သားရဲ။
၎င်းသည် လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသော ပထမဆုံး အတွေး ဖြစ်သည်။
ဇိုကာဝါသည် လုံးဝ ခြိမ်းခြောက် နေသည်။ သူ၏ တောင်ကဲ့သို့သော ခန္ဓာကိုယ်နှင့် ကြီးမား လေးလံသော တူကြီးသည် ၎င်းကို ကြည့်ရှုသူ မည်သူကိုမဆို အထိတ်တလန့် ဖြစ်စေသည်။ နှိုင်းယှဉ်ကြည့်ပါက အာရီနာသည် အများကြီး ပိုအားနည်းနေပုံရသည်။
“ဂရိနိုင်ငံက အာရီနာ”
“ဂျပန်နိုင်ငံက ဇိုကာဝါ”
…