← Chapters

အင်အားနယ်ပယ်

Vol. 31 Ch. 372

အင်အားနယ်ပယ်

Vol. 31 Ch. 372

"ငါက မပေးဘူးဆိုရင်ရော ဘာဖြစ်လဲ..."

ကျန်းရွှမ်က အဘိုးအိုကို ကြည့်လိုက်သည်။

ဤအဘိုးအိုသည် သက်သေခံပေးရမည့်အချိန်တွင် ကြွက်စုတ်ကဲ့သို့ သူရဲဘောကြောင်ပြီး ကျေးဇူးရှင်ကိုပင် မဟုတ်မမှန် စွပ်စွဲခဲ့ကြသည်။ ယခုချိန်တွင်မူ သူသည် ငွေလိုချင်သဖြင့် မျက်နှာပြောင်တိုက်ပြီး ပြန်ပြေးလာပေ၏။အမှန်တကယ်ကိုပင် သနားဖွယ်ကောင်းသော လူများထံ၌ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောဘက်ခြမ်းတစ်ခု ရှိနေတတ်သည်။

"ပြန်မပေးဘူး ဟုတ်လား...မင်းက ငါတို့ မြေးအဘိုးနှစ်ယောက်လုံးကို သေလမ်းဆီတွန်းပို့နေတာပဲ..."

အဘိုးအိုသည် ရုတ်တရက် မြေကြီးပေါ်သို့ လှဲချပြီး အော်ဟစ်ငိုယိုလိုက်သည်။

"အားလုံးပဲ...လာကြည့်ပြီးတော့ ဆုံးဖြတ်ပေးကြပါအုံး....ဒါက ငါတို့ရဲ့အသက်ကို ကယ်တင်နိုင်မယ့် ငွေတွေပါ...ငွေတွေကိုယူသွားပြီးတော့ ပြန်မပေးဘူးဆိုတာက လူသတ်တာပါပဲ...ငါတို့ကို သတ်နေတာပါပဲ"

ကလေးငယ်ကလည်း ဝမ်းနည်းပက်လက်အမူအယာဖြင့် ကျန်းရွှမ်ကို ကြည့်လေသည်။

"အစ်ကိုကြီး... ကျွန်တော်တို့ တကယ့်ကို ငွေလိုနေလို့ပါ..."

သူတို့၏နစ်နာဟန်ဆောင်မှုများကို လျစ်လျူရှုပြီး ကျန်းရွှမ်က အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။

"ပထမအချက်... အဲ့ဒီငွေတွေကို ငါ ယူတာ မဟုတ်ဘူး... ယောင်ချွမ်ဝမ် ယူသွားတာ...မင်းတို့ ပြန်လိုချင်ရင် သူ့ဆီကို သွားတောင်းလေ... ဒုတိယအချက်ကတော့ ငါက မင်းတို့ကို ကူညီပေးခဲ့တာလေ...မင်းတို့က ငါ့ကို ကျေးဇူးပြန်ဆပ်သင့်တာ မဟုတ်လား..."

"ကျေးဇူးဆပ်ရမယ် ဟုတ်လား...ဘာသဘောလဲ...မင်းက ငါတို့ရဲ့ငွေတွေကို ယူထားတယ်...မင်းက ဒါတွေကို ပြန်ပေးဖို့ စိတ်ကူးမရှိတဲ့အပြင် ငါတို့ကိုတောင် ငွေထပ်ပေးခိုင်းနေတာလား..."

အဘိုးအိုသည် ကလေးဆိုးကြီးတစ်ယောက်ကဲ့သို့ ခြေဆောင့်ပြီး အော်ဟစ်ငိုယိုကာ မြေပြင့်ပေါ်တွင် လူးလိမ့်နေသည်။

"မင်းတို့အားလုံး ကြည့်ကြပါအုံး... ဒီလူက ကရုဏာစိတ် နည်းနည်းလေးတောင် မရှိဘူး....သူက ငါတို့ရဲ့ငွေတွေကို ယူထားပြီးတော့ ပြန်မပေးတဲ့အပြင် ငါတို့ကိုတောင် ပြန်ပေးခိုင်းနေသေးတယ်...တရားမျှတမှုဆိုတာ မရှိတော့ဘူးလား..."

သူ၏အော်သံကြောင့် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ရရှိသွားပြီး သူတို့အားလုံးသည် ကျန်းရွှမ်ကို အပြစ်တင်လိုမှုအပြည့်ဖြင့် ကြည့်လိုက်ကြ၏။

လောကကြီးတွင် အခက်အခဲဆုံးအရာသည် လူဆိုးများ၏ ပစ်မှတ်ထားသည်ကို ခံရခြင်း မဟုတ်ဘဲ လူကောင်းများ၏ပစ်မှတ်ထားသည်ကို ခံရခြင်းပင်။ အကယ်၍ လူဆိုးများဖြင့် ရင်ဆိုင်ရလျှင် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်သည်။ သို့ရာတွင် လူကောင်းများဖြင့် ရင်ဆိုင်ရချိန်၌ ကိုယ်ကျင့်တရားအမျိုးမျိုးဖြင့် ချည်နှောင်ထားတတ်သဖြင့် ဒေါသပင် ထွက်ခွင့်မရှိချေ။

"ဒီနေရာမှာ အော်ဟစ်ခွင့် မပြုဘူး..."

ထိုအချိန်မှာပင် ဖျော့တော့တော့ အသံတစ်သံ ထွက်ပေါ်လာသည်။ အော်ဟစ်ငိုယိုနေသော အဘိုးအိုသည် ရုတ်တရက် ပါးစပ်ပိတ်သွားပြီး ဆွံ့အသွားသည့်အလား နောက်ထပ်စကားတစ်လုံးမျှ မပြောနိုင်တော့ချေ။

"အွန်း... အွန်း... အွန်း..."

အဘိုးအို၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် အသံလာရာဘက်သို့ သူ၏အကြည့် ကျရောက်သွားသည်။

ကျန်းရွှမ်သည်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်၏။

ခုန်းရှီသည် နေရာတွင်ထိုင်ကာ တိတ်ဆိတ်ငြိမ်သက်စွာ လက်ဖက်ရည်သောက်နေပြီး သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည်။

"ညီအစ်ကိုကျန်း... လာပြီးတော့ လက်ဖက်ရည် သောက်ပါဦး..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး ထိုနေရာအနီးသို့ လျှောက်လှမ်းသွားကာ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"ခုဏက... မင်း လုပ်လိုက်တာလား..."

ခုန်းရှီသည် သာမန်စကားတစ်ခွန်းကို ပြောလိုက်ရုံဖြင့် တစ်ဖက်လူ ပါးစပ်ပိတ်သွားသည်။ သူသည် 'နှုတ်ထွက်စကားသည် ဥပဒေဖြစ်လာခြင်း' အဆင့်သို့ ရောက်ရှိနေသလော...

သူ၏ကမ္ဘာသစ်ထဲတွင်ဆိုလျှင် ဤကိစ္စကို လွယ်လင့်တကူ လုပ်ဆောင်၍ရသော်လည်း ဤနေရာသည် ရင်းမြစ်ကမ္ဘာဖြစ်နေပေ၏။ ခုန်းရှီသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို အမွေဆက်ခံထားသည် ဆိုလျှင်ပင် အပြည့်အဝ သန့်စင်နိုင်ခြင်း မရှိသေးချေ။

"ဒါက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို အသုံးချလိုက်တာပါ...ရှင်းရှင်းပြောရရင် သူ့ရဲ့ခန္ဓာကိုယ် နံဘေးပတ်လည်မှာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေလိုမျိုး နယ်ပယ်တစ်ခုကို ဖန်တီးလိုက်တာပဲ....တကယ်လို့ သူ့ရဲ့ကျင့်ကြံဆင့်က မလုံလောက်ရင် စည်းမျဉ်းရဲ့ အပြစ်ပေးမှုကို ခံရလိမ့်မယ်..သူ့ရဲ့ကျင့်ကြံဆင့်က ငါ့ထက် အများကြီး သာလွန်နေရင်တောင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချုပ်ချယ်မှုတွေကို ဖြစ်စေနိုင်တယ်..."

ခုန်းရှီက အသံပေးပို့ပြီး ရှင်းပြသည်။

"အဲ့ဒီလို သုံးလို့ရတယ်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

မိုတောက်ကံကြမ္မာဆိုလျှင် မိုတောက်ဓားလမ်းစဉ်တွင် ပို၍သန်မာလာခြင်း နှင့် စီးဆင်းသော အလင်းတန်း ကောင်းကင်ကံကြမ္မာဆိုလျှင် အမြန်နှုန်း ပို၍လျှင်မြန်လာခြင်း စသဖြင့် ကောင်းကင်ကံကြမ္မာဟု ခေါ်ဆိုသောအရာများအားလုံး တူညီသည်ဟု သူ အစဥ်အမြဲ ယူဆထားခဲ့သည်။

သို့ရာတွင် ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံရသည်။

"ဒီစွမ်းရည်က ကောင်းကင်ကံကြမ္မာ စတုတ္ထအဆင့်ကို ရောက်မှသာ ရရှိနိုင်တာပါ...အစပိုင်းမှာ ဒါက အင်အားနယ်ပယ်လိုပုံစံမျိုး ဖြစ်ပေါ်လာမယ်... ပြီးရင် ပိုင်နက်နယ်မြေတစ်ခု...နောက်ဆုံးကျရင်တော့ 'နတ်ဘုရားနယ်မြေ'လို့ ခေါ်တဲ့ အဆင့်ကို ရောက်ရှိလိမ့်မယ်....ဘယ်အရာပဲဖြစ်ဖြစ် နယ်မြေရဲ့အတိုင်းအတာအတွင်းမှာ ရှိနေသရွေ့ ကောင်းကင်ကံကြမ္မာပိုင်ဆိုင်သူက သူ့ရဲ့စိတ်ဆန္ဒအလျောက် စည်းမျဉ်းတွေကို သတ်မှတ်နိုင်ပြီးတော့ တခြားသူတွေကို မဖြစ်မနေ လိုက်နာစေနိုင်တယ်"

ခုန်းရှီက ဆက်လက်၍ ရှင်းပြသည်။

"ဒါက ကျီးလန်တောင်ကြားက စည်းမျဉ်းတွေလိုပဲ..... အဲ့ဒီစည်းမျဥ်းတွေကို စီနီယာကျိုးကျီက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို အသုံးပြုပြီးတော့ သတ်မှတ်ထားခဲ့တာလေ...ဒီစည်းမျဥ်းတွေကို ချိုးဖောက်သူတွေက သေဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်..."

ထိုရှင်းပြချက်ကို ကြားပြီးနောက် ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ကောင်းကင်ကံကြမ္မာ၏ပထမအဆင့်သုံးဆင့်သည် သာမန်ပါရမီများနှင့် တူညီပြီး သိသာထင်ရှားသော အားသာချက်များ မရှိချေ။ သို့ရာတွင် ကံကြမ္မာစတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက် အင်အားနယ်ပယ်ကို ဖန်တီးနိုင်သည်နှင့် တပြိုင်နက် အရာအားလုံး ပြောင်းလဲသွားပေ၏။

ဤသည်မှာ မိုပိုင်ယဲ့၏ဆရာ ဖုမိသားစုဘိုးဘေးတို့နှင့် တူညီသည်။ သူတို့သည် စတုတ္ထအဆင့် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားသဖြင့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ အားပျော့သော ပုံစံများကို ဖန်တီးနိုင်ခဲ့ကြသည်။ သူတို့သည် သူတို့၏နယ်မြေထဲသို့ ဝင်ရောက်လာသူများ လိုက်နာရမည့် စည်းမျဉ်းများကို သတ်မှတ်နိုင်ခဲ့လေ၏။

"ဖြစ်နိုင်တာက... ယောင်ချွမ်ဝမ်ရဲ့စိတ်သဘောထားကို ပြောင်းလဲစေခဲ့တဲ့... ကောင်းကင်ဘုံသောကကံကြမ္မာနဲ့ မြေခွေးညှို့ငင်ကံကြမ္မာတို့ကို ပေါင်းစပ်လိုက်တဲ့စွမ်းအားက နတ်ဘုရားနယ်မြေရဲ့ အစပျိုးပုံစံဖြစ်တဲ့ အင်အားနယ်ပယ်များလား"

ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေကို အင်အားနယ်ပယ် ပိုင်နက်နယ်မြေနှင့် နတ်ဘုရားနယ်မြေဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။

ကောင်းကင်ကံကြမ္မာ စတုတ္ထအဆင့်သို့ ရောက်ရှိပါက အင်အားနယ်ပယ်ကို နားလည်သဘောပေါက်နိုင်ပြီး ထိုနယ်မြေ၏အတိုင်းအတာအတွင်း ကံကြမ္မာကျင့်ကြံသူနှင့် ကိုက်ညီသည့် စည်းမျဉ်းများကို ပြဋ္ဌာန်းနိုင်သည်။

ခုန်းရှီသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို အမွေဆက်ခံခဲ့သည်။ "ထုံးတမ်းစဉ်လာ"ကံကြမ္မာတွင် ကန့်သတ်ချက်များစွာ ရှိနေပေ၏။ အစောပိုင်းက အဘိုးအိုသည် လူကြားထဲတွက် လူးလိမ့်၍အော်ဟစ်နေခြင်းသည် ကျင့်ဝတ်ကို သိသိသာသာ ချိုးဖောက်ခြင်းဖြစ်သဖြင့် စည်းမျဉ်း၏ ကန့်သတ်မှုကို ခံလိုက်ရသည်။ ခုန်းရှီသည် စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သူ့ကို နှုတ်ပိတ်စေရုံသာမက နေရာမှာပင် ဖျက်ဆီးပစ်လိုလျှင်ပင် အလွန် လွယ်ကူပေလိမ့်မည်။

ကောင်းကင်ဘုံသောကကံကြမ္မာနှင့် မြေခွေးညှို့ငင်ကံကြမ္မာ နှစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအားနှင့် သက်ဆိုင်သည်။ ထိုအရာနှစ်ခုကို အတူတကွ ပေါင်းစပ်လိုက်ချိန်၌ ဖြစ်ပေါ်လာသော ကြိုးမျှင်လေးများသည် ယောင်ချွမ်ဝမ်ကို လွယ်လင့်တကူ လွှမ်းမိုးနိုင်ခဲ့သည်။ ဤသည်မှာ သူ၏စိတ်နေသဘောထားကို သိသိသာသာ ပြောင်းလဲစေကာ ကျန်းရွှမ်၏အတွေးအတိုင်း ပြုမူစေခဲ့သည်။

ဤရှုထောင့်မှ ကြည့်လျှင် ထိုအရာကိုလည်း အင်အားနယ်ပယ်တစ်မျိုးအဖြစ် သတ်မှတ်နိုင်ပေ၏။

"ဒါက နှုတ်ထွက်စကားက ဥပဒေဖြစ်လာတာမျိုး မဟုတ်ဘဲနဲ့ ကောင်းကင်ကံကြမ္မာရဲ့ စည်းမျဉ်းအောက်မှာ ဖြစ်ပေါ်လာတဲ့ ချည်နှောင်အားတစ်ခုပဲ.... ငါက ဒီနေရာမှာ အော်ဟစ်ခွင့်မပြုဘူးလို့ ပြောလိုက်တဲ့အချိန်မှာ သူ ချက်ချင်း ပါးစပ်ပိတ်သွားတယ်....ဒါပေမဲ့ ငါက အစာမစားရဘူး မအိပ်ရဘူး ဒါမှမဟုတ် တီးတိုးစကားမပြောရဘူးလို့ ပြောလိုက်ရင်တော့ ကံကြမ္မာရဲ့စွမ်းအားက အများကြီး လျော့နည်းသွားလိမ့်မယ်....ကန့်သတ်ချက်တောင် ဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်"

ခုန်းရှီက ဆက်လက်၍ ပြောဆိုသည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာဖြင့် နတ်ဘုရားနယ်မြေ သို့မဟုတ် အင်အားနယ်ပယ်ကို ဖန်တီးရာတွင် "ထုံးတမ်းစဥ်လာ"များအရ စည်းမျဉ်းများ သတ်မှတ်မှသာ သက်ရောက်မှု ကြီးမားပေမည်။ ထိုစည်းမျဥ်းများ၏အပြင်ဘက်တွင်မူ သက်ရောက်မှုသည် အသုံးမဝင်သလောက်နီးပါး ဖြစ်နေပေမည်။

"အရှိန်အဟုန်ကံကြမ္မာအပေါ် ငါ့ရဲ့ထိုးထွင်းသိမြင်မှုက ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ... မိုတောက်ကံကြမ္မာကလည်း စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ ငါရော အင်အားနယ်ပယ် ဖန်တီးလို့ ရမလား"

သူ့ထံ၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။

အရှိန်အဟုန်ကံကြမ္မာသည် "ခွန်အား" ကောင်းကင်ကံကြမ္မာ၏ အတက်အလက်တစ်ခုဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ပဉ္စမအဆင့်အထိ ရောက်ရှိကာ ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါကို ထုတ်လွှတ်နိုင်သည်။

ထိုအင်အားနယ်ပယ်သည် မည်ကဲ့သို့ စည်းမျဉ်းမျိုးကို ဖန်တီးပေးနိုင်မည်နည်း။

ကျန်းရွှမ် စဉ်းစားနေစဉ်မှာပင် အနီးအနားရှိ ကလေးငယ်သည် သူ၏အဘိုး ပုံမှန်မဟုတ်သည်ကို သတိပြုမိသဖြင့် အလျင်အမြန် ပြေးလာသည်။

"အဘိုး... ဘာဖြစ်တာလဲ"

"ငါ... ငါ... အဟွတ် အဟွတ်"

အဘိုးအိုသည် သူ၏ပါးစပ်ကို အကြိမ်အနည်းငယ်ခန့် ဟကြည့်ပြီးနောက် ပုံမှန်အတိုင်း စကားပြောနိုင်သည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ကျန်းရွှမ်တို့ကို

မုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

"သူတို့ ယုတ်မာတဲ့ နည်းလမ်းတစ်ခုခုကို သုံးလိုက်တာပဲ ဖြစ်မယ်..."

ကလေးငယ်က နားမလည်နိုင်စွာဖြင့် အဘိုးဖြစ်သူကို ကြည့်လေသည်။

"ယုတ်မာတဲ့နည်းလမ်း... ဟုတ်လား..."

အဘိုးအိုက ခေါင်းညိတ်သည်။

"ဟုတ်တယ်...သူတို့ရဲ့ နည်းလမ်းတွေမှာ စည်းမျဉ်းတချို့ ရှိနေပုံရတယ်...တကယ်တော့ လူကြားထဲမှာ အော်ဟစ်တာက မသင့်တော်ဘူးလေ.....ဒါကြောင့် ငါက စကားပြောဆိုခွင့်ကို ပိတ်ပင်ခံလိုက်ရတာပဲ...ဒါပေမဲ့ ငါက သူ့ကို ငွေတောင်းနေတာ... သူက ငါတို့ရဲ့ငွေကို ယူထားတာလေ.. ဒါကြောင့် ငါ ဒါကို ပြန်တောင်းတာက မှန်ကန်ပြီးတော့ သင့်လျော်တဲ့ ကိစ္စပဲ....ငါ ဘာအမှားမှ မလုပ်ထားဘူး... ငါတို့ဘက်က မှန်နေသရွေ့ သူတို့က ငါတို့ကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"

သူ၏မြေးကို တီးတိုးပြောနေစဉ်မှာပင် အနီးအနားရှိ လူငယ်က သူ့ကို ဂရုမစိုက်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရပြီး အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"တောင်းပန်စမ်း"

"ငါ့ကို တောင်းပန်ခိုင်းတာလား.. ငါက ဘာအမှားမှ မလုပ်ခဲ့ဘူး...ဘာကိစ္စ တောင်းပန်ရမှာလဲ..."

ထိုစကားကို ကြားချိန်၌ အဘိုးအိုက မျက်ခုံးပင့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့ရာတွင် သူ၏စကားမဆုံးခင်မှာပင် မိုးကောင်းကင်ကြီး ပြိုကျလာသည့်အလား ပြင်းထန်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်မှု စွမ်းအားတစ်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ ပေတစ်ရာကျော်မြင့်သော လှိုင်းလုံးကြီးကို သူ တစ်ယောက်တည်း ရင်ဆိုင်နေရကာ အချိန်မရွေး လွင့်ပါသွားနိုင်မည့် အခြေအနေမျိုး ဖြစ်နေပေ၏။

သူ၏စိတ်ထဲသို့ ထိတ်လန့်မှု ကြောက်ရွံ့မှုစသည့် အတွေးပေါင်းစုံ ချက်ချင်းဝင်ရောက်လာသည်။

ဘုန်း..

ထို့နောက် အဘိုးအို၏ဒူးများ အလိုအလျောက် ကွေးညွတ်သွားပြီး သူ၏ခန္ဓာကိုယ်သည် ခေါက်ဆွဲဖတ်ကဲ့သို့ ပျော့ခွေသွားကာ လှုပ်ရှား၍ မရတော့ချေ။

All Chapters