ထျန်းလီမြို့
Vol. 31 Ch. 373
"တကယ်ကြီးပါလား"
အဘိုးအို ဒူးထောက်ရက်သား လဲကျသွားသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အမည်းကို အဖြူဖြစ်အောင် ပြောနိုင်သော ယောင်ချွမ်ဝမ်၏စွမ်းရည်မှတဆင့် ဤအဖိုးအိုတွင် သတ္တိမရှိကြောင်း ပြသပြီးဖြစ်သည်။ ယခုချိန်၌ ကျန်းရွှမ်သည် သူ၏ပြင်းထန်သော အရှိန်အဝါကို အသုံးပြုလိုက်ချိန်တွင် အဘိုးအိုအပေါ် ချက်ချင်းအာနိသင်ပြလာခဲ့သည်။
ကောင်းကင်ကံကြမ္မာများကို ဤကဲ့သို့နည်းလမ်းဖြင့် မည်သို့အသုံးပြုရမည်ကို သူ စဉ်းစားနေစဉ်မှာပင် အဘိုးအိုက သူ့ကို ရုတ်တရက် မြှူဆွယ်သောအကြည့်ဖြင့် ကြည့်နေသည်အား သူ မြင်တွေ့လိုက်ရသည်။
"တောင်းပန်ပါတယ်...ငါ မှားသွားပါတယ်...ငါက နောက်တစ်ခါ ထပ်ပြီးမလုပ်ရဲတော့ပါဘူး..."
"...."
ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
မကောင်းတော့ဘူး...
ကြည့်ရသည်မှာ မြေခွေးညှို့ငင်ကံကြမ္မာလည်း ရောယှက်၍ ပါဝင်သွားပုံပင်။
တစ်ဖက်လူကို မည်ကဲ့သို့ ဟန့်တားရမည်အား သူ စဉ်းစားနေစဉ်မှာပင် ခုန်းရှီက သူ့ကို ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ထူးဆန်းစွာ ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"မင်းက ဘယ်လို ကောင်းကင်ကံကြမ္မာမျိုးကို ကျင့်ကြံထားတာလဲ"
"မတော်တဆပါ... ဒါက တကယ့်ကို မတော်တဆ ဖြစ်သွားတာပါ"
ကျန်းရွှမ်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။
လေလှိုင်းတစ်ချက် တိတ်တဆိတ် တိုးဝင်သွားပြီးနောက် အဝတ်အစားများချွတ်ရန် ဟန်ပြင်နေသော အဘိုးအိုသည် နောက်တစ်ဆင့် မလုပ်ဆောင်ရသေးခင်မှာပင် ချက်ချင်းသတိလစ်သွားတော့သည်။
ကျန်းရွှမ်က သူ၏နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။
ကောင်းကင်ဘုံသောကကံကြမ္မာသည် အလွန်စွမ်းအားကြီးပြီး မြေခွေးညှို့ငင် မိုတောက်နှင့် အရှိန်အဟုန် ကံကြမ္မာများဖြင့် ချိတ်ဆက်ထားသည်။ ထိုကံကြမ္မာများအနက် တစ်မျိုးကို အသုံးပြုလိုက်သည်နှင့် ကြွင်းကျန်သည့်ကံကြမ္မာများသည်လည်း ချိတ်ဆက်ထားသော လမ်းကြောင်းများမှတဆင့် စွမ်းအားများကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ကြ၏။
ရလဒ်အနေဖြင့် သူ့ရှေ့မှ မြင်ကွင်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအဘိုးအိုသည် အရှိန်အဟုန်ကံကြမ္မာကြောင့် ဖိနှိပ်ခြင်းကို ခံရသည့်အပြင် မြေခွေးညှို့ငင်ကံကြမ္မာ၏ သက်ရောက်မှုကိုလည်း ခံလိုက်ရသည်။
နောက်ပိုင်းတွင် ဤကဲ့သို့အခြေအနေမျိုး ထပ်မံ၍ မဖြစ်ပွားစေရန် သူသည် ကံကြမ္မာတစ်မျိုးတည်းကို မည်ကဲ့သို့သုံးရမည် ဆိုသည့်အပေါ် သေသေချာချာလေ့လာရန် လိုအပ်မည့်ပုံရသည်။
ထိုသို့မဟုတ်လျှင် သူသည် သူတော်ကောင်းယောင်ဆောင်ရန် ကြိုးစားသော်လည်း လူကြားထဲတွင် အရှက်ကွဲရသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရနိုင်ပေ၏။
မည်သူမျှ နှောင့်ယှက်မည့်သူ မရှိတော့သဖြင့် ကျန်းရွှမ် စိတ်သက်သာရာ ရသွားသည်။ အချိန်တခဏအကြာတွင် အစောင့်တစ်ဦးက ခန်းမထဲသို့ ထပ်မံ၍ ဝင်ရောက်လာသည်။
"လူကြီးမင်းတို့....ဝင်္ကပါကို အသက်သွင်းတော့မှာမလို့ ဝင်္ကပါထဲကို ဝင်ပေးကြပါ"
ခန်းမထဲရှိ လူများသည် သက်ပြင်းချလိုက်ကြပြီး ခန်းမ၏အပြင်ဘက်သို့ လျှောက်လှမ်းသွားကြသည်။
ဤအချိန်တွင် အဘိုးအိုသည် ပြန်လည်၍ နိုးထလာပြီဖြစ်သော်လည်း ယခင်က သူ၏မာန်မာနများ ပျောက်ဆုံးသွားခဲ့လေပြီ။ သူသည် စကားတစ်လုံးမျှ မပြောရဲတော့ဘဲ လူအုပ်ကြီး၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။
ယောင်ချွမ်ဝမ်သည် သူ ပြဿနာရှာသင့်သောသူမဟုတ်ရုံသာမက သူ့ရှေ့မှ လူသည်လည်း လုံးလုံးလျားလျား ရန်စ၍ မရသောသူဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားလေပြီ။
ကူးပြောင်းရေးဝင်္ကပါသည် စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုဖြစ်ပြီး အရပ်ရှစ်မျက်နှာတွင် ကျောက်တိုင်ရှစ်တိုင်ကို စိုက်ထူထားသည်။ ဤသည်မှာ သူ ယခင်က မြင်တွေ့ခဲ့ဖူးသော နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာ ကျောက်တိုင်များနှင့် အနည်းငယ်တူညီပြီး မျက်နှာပြင်တစ်ခုလုံးတွင် ရှုပ်ထွေးသော ဝင်္ကပါအမှတ်အသားများကို ထွင်းထုထားသည်။ ထိုအရာများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်ကို မျက်စိကျိန်းသွားစေပြီး ဦးတည်ချက်များ ပျောက်ဆုံးသွားစေရန် လုံလောက်ပေ၏။
ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။ ဝင်္ကပါတစ်ခု၏လွှမ်းမိုးမှုအောက်တွင် လူတစ်ဦးသည် ဦးတည်ချက်အား အာရုံခံနိုင်စွမ်းကို အမှန်တကယ် ဆုံးရှုံးသွားနိုင်သည်။
ဤသည်မှာ ရေမကူးတတ်သူတစ်ယောက်သည် ရေထဲသို့ ရုတ်တရက် ပြုတ်ကျသွားသည့်အလားပင်။ ထိုလူသည် အရှေ့ အနောက် တောင် မြောက်စသည့် အရပ်မျက်နှာများကို မဆိုထားနှင့် အထက်အောက်နှင့်ဘယ်ညာကိုပင် ခွဲခြားရခက်ကာ သူ၏အတွေးများကို ရှုပ်ထွေးသွားစေသည်။
"ဒါက လေဟာနယ်စွမ်းအားက စိတ်ဝိညာဉ်အပေါ် သက်ရောက်စေတဲ့ ဖိအားပဲ..."
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ကမ္ဘာတစ်ခု၏ အရှင်သခင်အနေဖြင့် သူသည် လေဟာနယ်ဥပဒေသနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။ ထိုကြောင့် ဤကဲ့သို့ လက္ခဏာရပ်များသည် လေဟာနယ်ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်ဖိစီးမှုမှ တုံ့ပြန်ချက်များဖြစ်ကြောင်း သူ သိရှိထားသည်။
သူသည် ကူးပြောင်းရေးဝင်္ကပါထဲသို့ ဝင်ရောက်လိုက်ရုံဖြင့် ဝင်္ကပါစတင်အသက်ဝင်လာခြင်း မရှိသေးမီမှာပင် ဤခံစားချက်များ ပေါက်ဖွားလာသည်။ ကြည့်ရသည်မှာ လေဟာနယ်ကံကြမ္မာသည် ရိုးရှင်းမည့်ပုံ မပေါ်ပေ။
"ကောင်းကင်ဘုံစာကြည့်တိုက်ကများ ဒါကို ပုံဖော်နိုင်မလား..."
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် သူ၏ခေါင်းမူးဝေနေမှုကို လျစ်လျူရှုကာ ကျောက်တိုင်များပေါ်ရှိ ဝင်္ကပါအမှတ်အသားများကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ထိုအရာများသည် အစပိုင်းတွင် ဖားလောင်းလေးများကဲ့သို့ ငြိမ်သက်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဖြည်းညှင်းစွာ ယိမ်းနွဲ့လာပြီး အဆက်မပြတ် လှည့်ပတ်သွားလာနေကြ၏။
သို့ရာတွင် ဤသည်မှာ သူ ယခင်က မိုတောက်နှင့်တခြားကံကြမ္မာများကို လေ့လာခဲ့စဉ်ကနှင့် မတူဘဲ ကောင်းကင်ဘုံစာကြည့်တိုက်သည် နားမလည်နိုင်သည့်အလား မည်သည့်တုံ့ပြန်မှုကိုမျှ မပေးပေ။
"လေဟာနယ်ကို အထက် အောက် ဘယ် ညာဆိုပြီး လေးဖက်ခွဲခြားထားတယ်....မရေမတွက်နိုင်တဲ့ သဲမှုန်တွေနဲ့ ဖွဲ့စည်းထားတာပဲ..."
ကျန်းရွှမ်သည် စိတ်မလောဘဲ သူ ကမ္ဘာသစ်ကို ဖန်တီးခဲ့စဉ်က မြင်ကွင်းကို ပြန်ပြောင်းစဉ်းစားလိုက်သည်။
သူ ဖန်တီးခဲ့သော ကမ္ဘာသစ်ဟူသည့် လေဟာနယ်နယ်မြေသည် ဤ လေဟာနယ်ကံကြမ္မာဆိုသည်နှင့် အခြေခံအားဖြင့် ဆက်စပ်နေသည်။ အကယ်၍ သူသာ ထိုဆက်နွယ်မှုကို ရှာတွေ့နိုင်လျှင် ထိုကံကြမ္မာကို လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်ပေမည်။
"ရွှမ်ကမ္ဘာ...ဒါက ရင်းမြစ်ကမ္ဘာရဲ့ စွမ်းအားနဲ့ ငါဖန်တီးထားတဲ့ လေဟာနယ်နယ်မြေပဲ... အဲ့ဒါက လေဟာနယ်ကံကြမ္မာတစ်မျိုးများ ဖြစ်နေမလား"
ကျန်းရွှမ်ထံတွင် အတွေးတစ်ခု ထွက်ပေါ်လာပြီး ပို၍နက်ရှိုင်းစွာ စဉ်းစားရန် ဟန်ပြင်လိုက်စဉ် ဝင်္ကပါကိုလည်ပတ်ရန် တာဝန်ရှိသော အစောင့်တစ်ဦး ရောက်လာပြီး လူတစ်ဦးလျှင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုစီ ဝေငှပေးသည်။
"ဒါက တည်နေရာပြ အဆောင်လက်ဖွဲ့ပဲ.. တစ်ယောက်ကို တစ်ခုစီပါ...ကူးပြောင်းနေစဉ်အတွင်းမှာ လေဟာနယ်ထဲ လမ်းပျောက်မသွားအောင် တည်နေရာကိုသတ်မှတ်ဖို့ အသုံးပြုတယ်..."
ထိုအစောင့်က ပြောဆိုသည်။
ကျန်းရွှမ်က ထိုအရာကိုယူလိုက်ပြီး သူ၏လက်ဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်ရာ နွေးထွေးသော ခံစားချက်တစ်ခုက သူ့အား ချက်ချင်းလွှမ်းခြုံသွားသည်။ ထို့နောက် သူ၏ပျောက်ဆုံးနေသော ဦးတည်ချက် အာရုံခံနိုင်စွမ်းကို ပြန်လည်ရရှိသွားစေပေ၏။
ဤသည်မှာ သူ စဉ်းစားနေရမည့်အချိန် မဟုတ်ကြောင်း သိထားသဖြင့် ကျန်းရွှမ်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
တည်နေရာပြကျောက်စိမ်းတံဆိပ်ပြားများကို ဝေငှပြီးသည်နှင့် တပြိုင်နက် ဝင်္ကပါကြီးကို စတင်၍ အသက်သွင်းလိုက်တော့သည်။ ကျောက်တိုင်ကြီးရှစ်တိုင်မှ ကောင်းကင်ကံကြမ္မာစွမ်းအားများ ဖြာထွက်လာကာ ဝိုးတဝါးမြူခိုးများက လူများအားလုံးကို လွှမ်းခြုံသွားတော့သည်။
"သယ်ယူပို့ဆောင်ရေး တစ်ခေါက်တည်းအတွက် ကံကြမ္မာချပ်ပြားငါးရာတောင်းတာက အံ့အားသင့်စရာ မရှိတော့ဘူး..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤဝင်္ကပါ၏စွမ်းအင်သုံးစွဲမှုသည် အမှန်တကယ်ကို ကြီးမားပေ၏။ သူသည် ယခင်က ဤအခကြေးငွေကို အလွန်စျေးကြီးသည်ဟု တွေးထင်ခဲ့သော်လည်း ယခုကြည့်ရသလောက် တရားလွန်တောင်းဆိုခြင်း မဟုတ်ကြောင်း သူ သိလိုက်ရသည်။
မြူခိုးများကြားတွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် လှိုင်းများအဖြစ် တွန့်လိမ်သွားပြီး လူများအားလုံးသည် အထူးလမ်းကြောင်းတစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလားပင်။
ကျန်းရွှမ် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
"ဒါက... ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေဆီသွားတဲ့ လမ်းကြောင်းလား"
ဤသည်မှာ သူ ကျီးလန်တောင်ကြားသို့ သွားရောက်ခဲ့စဉ်က သူ လျှောက်လှမ်းခဲ့ရသော လမ်းကြောင်းနှင့် တူညီနေသည်။
"ကြည့်ရတာတော့ ဒီကူးပြောင်းရေးဝင်္ကပါတွေက ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေနဲ့ ဆက်စပ်နေပုံရတယ်....နယ်မြေအကွာအဝေးတွေကို အားစိုက်ထုတ်စရာမလိုဘဲ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် အချိန်နဲ့လေဟာနယ် ကံကြမ္မာရဲ့စွမ်းအားကို အသုံးပြုထားတာပဲ..."
ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။
ဤသည်မှာ ကူးပြောင်းခြင်းဟု ခေါ်သော်လည်း အမှန်အားဖြင့် အချိန်နှင့်လေဟာနယ်ကံကြမ္မာကို အသုံးချကာ ဆုံမှတ်များ သတ်မှတ်ပြီးနောက် တခြားသက်ဆိုင်ရာ ဆုံမှတ်တစ်ခုတွင် ပြန်လည်၍ ထွက်ပေါ်လာစေခြင်းပင်။
"ဒါဆိုရင်... ဒါက ကမ္ဘာသစ်ထဲမှာ တည်နေရာ သတ်မှတ်တာနဲ့ နည်းနည်း ဆင်တူနေတာပေါ့"
ကမ္ဘာသစ်ထဲမှ တစ်စုံတစ်ခုကို ရင်းမြစ်ကမ္ဘာသို့ ထုတ်ယူရန်အတွက် တည်နေရာသတ်မှတ်ခြင်း လိုအပ်သည်။ တည်နေရာဆုံမှတ်များကို ကောင်းမွန်စွာသတ်မှတ်ထားသရွေ့ သူသည် ကမ္ဘာသစ်ထဲမှ ပစ္စည်းများကို ထုတ်ယူနိုင်ရုံသာမက လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည်။
"အဲ့လိုဆိုရင်... ငါက ကမ္ဘာသစ်ကို ပုံသေ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုအနေနဲ့ သဘောထားပြီးတော့ မတူညီတဲ့ နေရာတွေမှာ တည်နေရာဆုံမှတ်တွေ ချန်ထားခဲ့မယ်ဆိုရင်....ကမ္ဘာသစ်ကို ကြားခံအဖြစ် အသုံးပြုပြီးတော့ ရင်းမြစ်ကမ္ဘာထဲက အကွာအဝေးတွေကို ဖြတ်သန်းသွားလာလို့ ရနိုင်တယ် မဟုတ်လား"
အတွေးတစ်ခု ပေါက်ဖွားလာပြီးနောက် ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ကမ္ဘာသစ်ထဲသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပေ၏။ ရင်းမြစ်ကမ္ဘာတွင် သူ ထွက်ပေါ်လာမည့်နေရာကို ကြိုတင်သတ်မှတ်ထားသော တည်နေရာဆုံမှတ်များဖြင့် ထိန်းချုပ်နိုင်သည်။ အကယ်၍ သူသာ တည်နေရာဆုံမှတ်များကို ပို၍ချန်ထားနိုင်ပြီး ကမ္ဘာသစ်၏ ကူးသန်းသွားလာမှုကို အသုံးပြုပါက ရင်းမြစ်ကမ္ဘာတွင် နေရာကူးပြောင်းခြင်းကို လုပ်ဆောင်နိုင်မည်လော။
"စမ်းကြည့်ရအောင်"
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် ဝင်္ကပါနှင့် မလှမ်းမကမ်းတွင် တည်နေရာဆုံမှတ်တစ်ခုကို တိတ်တဆိတ် ချန်ထားလိုက်သည်။
ထိုသို့ပြုလုပ်လိုက်သည်နှင့် သူ့လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားသည် လမ်းကြောင်းမှ ဆွဲငင်အားကို ခံစားလိုက်ရပြီး ချက်ချင်းကြေမွှပျက်စီးသွားသည်။ နောက်ထပ်အချိန်တခဏတွင် သူ၏မျက်လုံးရှေ့၌ အရာအားလုံး ဝေဝါးသွားပြီး မြူခိုးများပျောက်ကွယ်သွားကာ စင်မြင့်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ သူ အစောပိုင်းက တက်ရောက်ခဲ့သော စင်မြင့်နှင့်တူညီပေ၏။ ဤနေရာကို ကျောက်တိုင်ရှစ်တိုင် ဝန်းရံထားသော်လည်း မတူညီသော သင်္ကေတအက္ခရာများနှင့် ခန်းမအပြင်အဆင်များ ရှိနေသဖြင့် သူ ကျီလင်းမြို့တွင် မရှိတော့ကြောင်း ပြသနေသည်။
သူသည် ဝေးလံသော အလယ်ပိုင်းဒေသသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။ ထို့နောက် ကျန်းရွှမ်၏စိတ်အာရုံ လှုပ်ရှားသွားပြီး သူ၏စိတ်ဆန္ဒသည် ကမ္ဘာသစ်ထဲသို့ ပြန်လည်၍ ရောက်ရှိသွားပေ၏။
သူ၏စိတ်ဝိညာဉ်သည် ကမ္ဘာတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားပြီး မကြာမီတွင် ပုံရိပ်ယောင်ကမ္ဘာ၏နက်ရှိုင်းသောအပိုင်း၌ သူ အစောပိုင်းက ချန်ထားခဲ့သော တည်နေရာဆုံမှတ်ကို ပြန်တွေ့လိုက်ရသည်။
"ပြန်သွားမယ်"
တည်နေရာဆုံမှတ်ကို ရှာတွေ့သည်နှင့် ကျန်းရွှမ်သည် တခြားအရာများကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ခုန်ဝင်လိုက်သည်။
ဝှစ်....
နောက်ထပ်အချိန်တခဏတွင် သူ အစောပိုင်းက ရှိနေခဲ့သော စင်မြင့်နှင့်ကျောက်တိုင်များ သူ၏ရှေ့တွင် ပြန်လည်၍ ထွက်ပေါ်လာသည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် သူသည် အလယ်ပိုင်းဒေသမှ ကျီးလင်မြို့သို့ ပြန်လည်၍ ရောက်ရှိလာခဲ့လေပြီ။
"ဒီနေ့အတွက် သယ်ယူပို့ဆောင်ရေး ပြီးသွားပြီ... ပစ္စည်းတွေ သိမ်းကြရအောင်..."
သူ ပြန်လည်ဆင်းသက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှ အသံများ ရုတ်တရက် တိတ်ဆိတ်သွားပေ၏။ ထို့နောက် သူတို့သည် အလွန်အမင်း အံ့အားသင့်နေသော မျက်လုံးအကြည့်များဖြင့် သူ့ကို ကြည့်နေကြလေ၏။