← Chapters

လေဟာနယ်ကံကြမ္မာ

Vol. 31 Ch. 374

လေဟာနယ်ကံကြမ္မာ

Vol. 31 Ch. 374

ကူးပြောင်းရေးဝင်္ကပါ စတင်အသက်ဝင်လာသည်နှင့် တပြိုင်နက် လူများအားလုံး ချက်ချင်းဆိုသလိုပင် ထွက်ခွာသွားကြသည်။ လူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ဆိုခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

အစောင့်များအားလုံးသည် သူတို့ရှေ့တွင် လူရိပ်တစ်ခု ဖျတ်ခနဲ လှုပ်ခတ်သွားပြီး တဖန်ပြန်၍ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်၌ သူတို့ထံတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

"မင်းတို့ ခုဏက လူတစ်ယောက်ကို တွေ့လိုက်လား"

"တွေ့လိုက်တယ်... ဒါပေမဲ့ ကူးပြောင်းရေးဝင်္ကပါ အသက်ဝင်သွားပြီးရင် ဘယ်သူက ကျန်ခဲ့မှာလဲ... အဓိကဝင်္ကပါကလည်း မလည်ပတ်ဘူးဆိုတော့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပျောက်သွားမှာလဲ... ငါတို့ အမြင်မှားတာပဲ နေမှာပါ"

"ငါလည်း အဲ့လိုပဲ ထင်တယ်... မနေ့က မိန်းကလေးတစ်သိုက်ကြောင့် ငါတို့ မျက်စိတွေပြာပြီး အခု ငါတို့ မြင်သမျှအရာရာတိုင်းက ပုံရိပ်ယောင်တွေ ဖြစ်သွားတာပဲဖြစ်မယ်..."

အစောင့်များသည် သူတို့၏မျက်လုံးများကို ပွတ်သပ်၍ ကြည့်လိုက်ရာ အနီးအနားတွင် မည်သူမျှမရှိသည်ကို တွေ့လိုက်ရသဖြင့် သူတို့ အမြင်မှားသည်ဟုသာ ယုံကြည်သွားကြပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြ၏။

သူတို့ ဇဝေဇဝါ ဖြစ်နေကြရုံသာမက ခုန်းရှီသည်လည်း သူ၏မျက်လုံးရှေ့တွင် ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။ ကျန်းရွှမ် ပျောက်ကွယ်သွားသည်ဟု သူ တွေးတောမိချိန်မှာပင် ထိုလူငယ်သည် မည်သည့်အချိန်ကမျှ ပျောက်ကွယ်မသွားခဲ့သည့်အလား သူ၏မျက်လုံးရှေ့တွင် ပြန်လည်၍ ထွက်ပေါ်လာသည်။

အပြင်လူများကမူ ဤကိစ္စကို သူတို့မြင်တွေ့လိုက်ရလျှင်ပင် ကူးပြောင်းရေးဝင်္ကပါတွင် ပြဿနာတစ်ခုခု ရှိနေသည်ဟုသာ တွေးထင်ကြပေမည်။ ကျန်းရွှမ်သည် ကျီးလင်မြို့နှင့် ဤနေရာအကြားတွင် နှစ်ခေါက်တိတိ အသွားအပြန် ကူးသန်းသွားလာခဲ့ကြောင်း မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။

"ငါ့ရဲ့စိတ်ကြိုက် ထွက်ခွာပြီးတော့ ပြန်လာလို့ရတဲ့ ဒီလိုကူးပြောင်းရေးစွမ်းရည်မျိုးနဲ့ဆိုရင် အများကြီးပိုပြီးအဆင်ပြေသွားပြီ..."

ဆုံမှတ်များကို အသုံးပြုကာ ကူးပြောင်းနိုင်ကြောင်း အတည်ပြုပြီးနောက် ကျန်းရွှမ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

'ဒါဆိုရင် ငါ ကံကြမ္မာချပ်ပြားငါးရာ သက်သာသွားပြီပဲ...'

သူ တိတ်တဆိတ် စိတ်လှုပ်ရှားနေစဥ်တွင် ကောင်းကင်ဘုံစာကြည့်တိုက် အတွင်း၌လည်း ရေစီးကြောင်းတစ်ခုသည် တစ်နေရာရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုရေစီးကြောင်း၏မျက်နှာပြင်ပေါ်တွင် ဖားလောင်းသဏ္ဍာန်ပုံစံများ ကူးခတ်နေပြီး ယခင်က ကျောက်တိုင်များပေါ်တွင် ကျန်းရွှမ် မြင်တွေ့ခဲ့သည့် အရာများနှင့် တထပ်တည်းတူညီနေသည်။

လေဟာနယ်ကံကြမ္မာ...

ဤရေစီးကြောင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက်တည်း စီးဆင်းသောအလင်းတန်းကောင်းကင်ကံကြမ္မာ မြေခွေးညှို့ငင် ကံကြမ္မာ အရှိန်အဟုန်ကံကြမ္မာနှင့် မိုတောက်ကံကြမ္မာ တို့သည် ထိုအရာ၏နံဘေးတွင် သတိကြီးစွာထား၍ ဝန်းရံလိုက်ကြပြီး ကပ်ဖားကောင်များများကဲ့သို့ မျက်နှာချိုသွေးနေကြသည်။

လေဟာနယ်ကံကြမ္မာကမူ ကျေးလက်တောရွာသို့ ရောက်ရှိလာသော ဧကရာဇ်တစ်ပါးအလား ပြုမူနေပေ၏။ ထိုအရာသည် ညင်သာစွာ လှုပ်ခတ်လိုက်ရာ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ကျန်းရွှမ်စုဆောင်းထားသော ကောင်းကင်ကံကြမ္မာစာအုပ်များသည် စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ရေစီးကြောင်းထဲသို့ စီးဝင်သွားသည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ထိုကံကြမ္မာသည် စမ်းချောင်းအရွယ်အစားမှ မြစ်တစ်စင်းအလား ကြီးမားကျယ်ပြန့်လာသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံသောကကံကြမ္မာ သည် ညင်သာစွာလှုပ်ခါသွားပြီး လေဟာနယ်ကံကြမ္မာ၏စွမ်းအင်မြစ်ထဲသို့ စွမ်းအင်အမျှင်တန်းတစ်ခု ထည့်သွင်းလိုက်၏။ ကောင်းကင်ကံကြမ္မာစွမ်းအားများကို ဝါးမျိုနေသော လေဟာနယ်ကံကြမ္မာသည် ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားပြီး မလှုပ်ရှားဝံ့တော့ချေ။

ကျန်းရွှမ်သည် ဤအပြောင်းအလဲများကို သတိမထားမိချေ။ သူ၏ကိုယ်နေဟန်ထား တည်ငြိမ်သွားပြီးနောက် အစောင့်တချို့ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။

"လူကြီးမင်းတို့ကို... ထျန်းလီမြို့ရဲ့ အလုံးစုံသိမြင်ဂိုဏ်းက ကြိုဆိုပါတယ်"

မြင့်မားသောစင်မြင့်ပေါ်မှ လူအုပ်ကြီးနှင့်အတူ ဆင်းလာရင်း ကျန်းရွှမ်က ဤနေရာသည် ယခင် က ကျီးလင်မြို့နှင့် အမှန်တကယ် ကွဲပြားခြားနားကြောင်း တွေ့ရှိလိုက်ရသည်။

ဤနေရာတွင် ရင်းမြစ်စွမ်းအင်များ ပို၍ထူထပ်သိပ်သည်းပြီး သူ သိထားသော ကောင်းချီးမြေများဟု ခေါ်ဆိုသည့် နေရာများထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။

တစ်စုံတစ်ယောက်သည် အရင်းအမြစ်အမျိုးမျိုးရှိနေရန် မလိုအပ်ဘဲ ဤနေရာတွင် တည်ငြိမ်စွာ ကျင့်ကြံရုံဖြင့် သူ၏ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။

ထို့ပြင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် လေထုထဲတွင် ပျံ့လွင့်နေသဖြင့် ကောင်းကင်ကံကြမ္မာများကို နားလည်သဘောပေါက်ရန်နှင့် အစစ်အမှန်ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာရန် ပို၍လွယ်ကူစေသည်။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် ဤနေရာတွင် သူနှင့်သင့်လျော်သော ကံကြမ္မာစွမ်းအားကို ရှာဖွေရန် ကောင်းကင်ကံကြမ္မာခန်းမသို့ သွားရန်မလိုတော့ချေ။

အလယ်ပိုင်းဒေသမှ မြို့တစ်မြို့ဟု ခေါ်ဆိုရန် ထိုက်တန်ပေ၏။

"အလယ်ပိုင်းဒေသရဲ့ အကြီးဆုံးအင်ပါယာက ထျန်းလီအင်ပါယာ ဖြစ်ပြီးတော့....မြို့တော်က ထျန်းလီမြို့ပဲ"

ခုန်းရှီ၏အသံ ပျံ့လွင့်လာသည်။

သူတို့ ပြောဆိုခဲ့သော အလယ်ပိုင်းဒေသဆိုသည်မှာ ထျန်းလီမြို့ကို ဗဟိုပြုထားသော မြေနေရာဒေသကို ရည်ညွှန်းခြင်းပင်။ ဗုဒ္ဓဂိုဏ်း အလုံးစုံသိမြင်ဂိုဏ်းနှင့် ဆေးပညာဂိုဏ်းကဲ့သို့ ဂိုဏ်းအင်အားစုကြီးများသည် မြို့တော်နှင့်မနီးမဝေးအကွာတွင် တည်ရှိကာ ကိုယ်ပိုင်နယ်မြေများကို ထိန်းချုပ်ထားကြသည်။

"လူကြီးမင်းတို့... ထျန်းလီမြို့ကို ပထမဆုံးအကြိမ် လာတာပဲဖြစ်ဖြစ် အရင်က ရောက်ဖူးတာပဲဖြစ်ဖြစ်... ဒီက စည်းမျဥ်းတွေကို အရင်ဆုံး ရှင်းပြပါရစေ..."

အစောင့်များအနက်မှ အသက်လေးဆယ်အရွယ် လူလတ်ပိုင်းတစ်ဦး ရှေ့ထွက်လာသည်။ သူသည် မီးခိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာအမူအယာသည် တင်းမာခက်ထန်နေပေ၏။

ထိုလူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျန်းရွှမ်သည် သူ၏စိတ်ထဲတွင် သတိထားလိုက်မိသည်။

ဤလူသည် အမှန်တကယ်ကို ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

ကျန်းရွှမ်သည် ပတ်ဝန်းကျင်ကို မသိမသာဝေ့ဝိုက်၍ကြည့်လိုက်ရာ အစောင့်တိုင်းသည် အနည်းဆုံးအနေဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိကြပြီး ပို၍သန်မာသူများသည် သတ္တမအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသောအဆင့်များတွင် ရှိနေကြသည်။

ကျန်းရွှမ်၏မျက်လုံးများ မှေးစင်းသွားပြီး သူ၏စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်လိုက်၏။

သူ၏လက်ရှိစွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သော်လည်း ကမ္ဘာသစ် တစ်ခုလုံး၏အရင်းအမြစ်များကို လောင်ကျွမ်းရမည်ဖြစ်ပြီး တစ်ကြိမ်သာ တိုက်ခိုက်နိုင်ပေမည်။ အရင်းအမြစ်မလုံလောက်ပါက သူ ထိုသို့ ပြုလုပ်ဝံ့ခြင်း မရှိပေ။

ဤနေရာတွင် သာမန်အစောင့်တစ်ဦးကပင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေပြီး သူတို့၏တပ်မှူးများဆိုလျှင် နဝမအဆင့် အထိ ရှိနေကြသည်။ ဤသည်မှာ အလယ်ပိုင်းဒေသ၏ အချက်အချာကျသောမြို့တော် ဖြစ်သည်နှင့်အညီ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသည်။

ကြည့်ရသည်မှာ သူ ရှေ့ဆက်ရမည့်နေရက်များတွင် အနေအထိုင် ဆင်ခြင်ပြီး သိုသိုသိပ်သိပ် နေရမည့်ပုံပင်။

ကံကောင်းသည်မှာ သူသည် သိုသိုသိပ်သိပ်နေရသည်ကို အနှစ်သက်ဆုံးဖြစ်သဖြင့် ပြဿနာအမြောက်အများ ရှိလိမ့်မည် မဟုတ်ချေ။

"ထျန်းလီမြို့က ကုန်းမြေတစ်ခုလုံးရဲ့ အချက်အချာကျတဲ့နေရာပဲ... မင်းတို့ ဒီနေရာမှာ ကြာကြာနေချင်တယ်ဆိုရင် ပထမဆုံး လိုအပ်တာက ဒီနေရာရဲ့ သက်သေခံတံဆိပ်ပြား ပဲ... သက်သေခံတံဆိပ်ပြားမရှိရင် မင်းတို့က တစ်နှစ်မှာ သုံးရက်ပဲ ဒီမြို့မှာ နေခွင့်ရှိတယ်... မဟုတ်ရင် မင်းတို့ မောင်းထုတ်ခံရလိမ့်မယ်..."

လူလတ်ပိုင်းကြီး၏အသံက ဆက်လက်၍ ပျံ့လွင့်လာသည်။

"အရှင်... အထောက်အထားမရှိရင် ထျန်းလီမြို့မှာ မနေရဘူးလို့ ဆိုလိုတာလား"

တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

"အမှန်ပဲ...မင်းတို့က ဒီနေရာကို ရောက်လာပြီးမှတော့ မင်းတို့ကိုယ်တိုင်လည်း ခံစားမိကြမှာပါ... ရင်းမြစ်စွမ်းအင်ပဲဖြစ်ဖြစ် ကောင်းကင်ကံကြမ္မာစွမ်းအားပဲဖြစ်ဖြစ် တခြားနေရာတွေထက် အများကြီး သာလွန်တယ်... နှစ်တိုင်း လူတွေအများကြီးက ဒီနေရာကို ရောက်လာကြပြီးတော့ ပြန်မသွားချင်ကြတော့ဘူး..."

လူလတ်ပိုင်းကြီး၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ဒါကြောင့် ထျန်းလီမြို့မှာ လူဦးရေတွေ တိုးပွားပြီး ရှုပ်ထွေးလာစေတယ်... ဒီလိုအခြေအနေမျိုးကို တားဆီးဖို့ ဧကရာဇ်ဖူရှန်း က စည်းကမ်းသတ်မှတ်ခဲ့တယ်... အသစ်ရောက်လာတဲ့သူ ဘယ်သူမဆို သက်သေခံတံဆိပ်ပြားကို ယူရမယ်... မဟုတ်ရင် မြို့ထဲမှာ ကြာကြာနေလို့မရဘူး... ဖမ်းမိတာနဲ့ အပြစ်ပေါ့ရင် မောင်းထုတ်ခံရမယ်... ပြင်းထန်ရင် ထောင်ချခံရမယ်... ဒါက လူတိုင်းရဲ့လုံခြုံရေးအတွက် ဖြစ်လို့ မင်းတို့အားလုံး နားလည်ပေးကြဖို့ ငါ မျှော်လင့်ပါတယ်"

"အော်... အဲ့လိုကိုး..."

လူများအားလုံး ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။

ကျန်းရွှမ်သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ဤမျှထိ ကြီးမားသော မြို့ကြီးတွင် ထိုကဲ့သို့စည်းမျဉ်းများ လိုအပ်သည်မှာ အမှန်ပင်။ ထိုသို့မဟုတ်ဘဲ အကယ်၍ လူများအားလုံးသည် ဤနေရာသို့ စုပြုံ၍တိုးဝှေ့လာကြရင် ထိန်းသိမ်းရန်မှာ မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ချေ။

အရေးကြီးဆုံးမှာ လူဦးရေတိုးလာသည်နှင့်အမျှ မငြိမ်မသက်မှုများ လွယ်လင့်တကူ ဖြစ်လာနိုင်ပြီး နောက်ဆုံးတွင် ထိန်းချုပ်လို့မရ ဖြစ်လာနိုင်ခြင်းပင်။

"သက်သေခံတံဆိပ်ပြားတွေကို ဘယ်လိုမျိုး ရနိုင်မလဲ"

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက မေးမြန်းသည်။

ဤမေးခွန်းကိုကြားချိန်တွင် လူများအားလုံး၏အကြည့်များသည် ရှေ့သို့စူးစိုက်၍ ကျရောက်သွားပြီး ကျန်းရွှမ်ပင်လျှင် မော့ကြည့်လိုက်မိသည်။

ဤနေရာသို့ ရောက်လာကြသူများသည် အချိန်ကြာမြင့်စွာ နေထိုင်ရန် ရည်ရွယ်ချက် ရှိကြသည်မှာ သေချာပေါက်ပင်။ ထိုသို့မဟုတ်ပါက ဤနေရာသို့ ရောက်လာရန် ကူးပြောင်း၍ဝင်္ကပါကို ဤမျှထိ ဈေးကြီးကြီးပေး၍ အသုံးပြုခဲ့မည် မဟုတ်ချေ။

"သက်သေခံတံဆိပ်ပြားကိုရဖို့ နည်းလမ်းသုံးခု ရှိတယ်..."

လူလတ်ပိုင်းကြီးသည် ထိုကဲ့သို့မေးခွန်းများကို ဖြေကြားနေကျပုံစံဖြင့် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ပြောဆိုလိုက်သည်။

"ပထမတစ်ချက်က အဓိကမိသားစုကြီးတွေ ဒါမှမဟုတ် အင်အားကြီးမျိုးနွယ်စုတွေဆီမှာ အစောင့် ဒါမှမဟုတ် အစေခံအဖြစ် လုပ်ကိုင်တာပဲ... အလုပ်ရသွားရင်တော့ ရေရှည်နေထိုင်ခွင့် ရလိမ့်မယ်... ဒါပေမဲ့ အဲ့ဒီလူတွေက သူတို့အလုပ်လုပ်တဲ့ အိမ်တော်ဝန်းအတွင်းမှာပဲ သွားလာလှုပ်ရှားခွင့်ရှိတယ်... တော်ဝင်နန်းတော်ဘက်ကို သွားလည်ချင်ရင်တောင် အိမ်တော်ရဲ့ဝင်ခွင့်လက်မှတ်ပါမှ ရလိမ့်မယ်"

"ဒါက..."

လူများအားလုံး ခေါင်းခါယမ်းလိုက်ကြသည်။

ကံကြမ္မာချပ်ပြားငါးရာကို ချက်ချင်း ထုတ်ပေးနိုင်သူများသည် မည်သည်ကြောင့် တခြားလူများ၏အစေခံအဖြစ် လုပ်လိုကြမည်နည်း....

"ဒုတိယအချက်က အိမ်တစ်လုံး ဝယ်ယူတာပဲ... နေစရာအိမ်ရှိသွားရင် သက်သေခံတံဆိပ်ပြားက အလိုလို ရလာလိမ့်မယ်"

"အိမ်လား... ထျန်းလီမြို့မှာ အိမ်တစ်လုံးက ဈေးဘယ်လောက်ရှိလဲဆိုတာ သိခွင့်ပြုပါ"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကပင် လူများအားလုံး စိတ်ဝင်စားနေသော မေးခွန်းကို မေးမြန်းလိုက်၏။

လူလတ်ပိုင်းကြီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကုန်းမြေတစ်ခုလုံးမှာ အစည်ကားဆုံးနေရာဆိုတော့ ဈေးနှုန်းတွေက သက်သာမှာ မဟုတ်ဘူး... အသေးဆုံးအိမ်တွေတောင် ကံကြမ္မာချပ်ပြား ငါးထောင်ကျော်လောက် ကျသင့်တယ်... နည်းနည်းပိုကြီးတဲ့ အိမ်တွေဆိုရင် သောင်းချီ သိန်းချီတန်တာတွေတောင် ရှိတယ်"

"အသေးဆုံးအိမ်တောင် ကံကြမ္မာချပ်ပြား ငါးထောင်ကျော် ပေးရမှာလား .."

ကျန်းရွှမ် ကြက်သေသေသွားသည်။

ကံကြမ္မာချပ်ပြားငါးထောင်ဆိုလျှင် ကျိုးယီမြို့၌ အိမ်ကြီးအိမ်ကောင်းဆယ်လုံးကျော် ဝယ်လို့ရပေ၏။ ဤနေရာတွင်မူ အိမ်ငယ်လေးတစ်လုံးသာ ဝယ်နိုင်သည်ဟု ဆိုသလော။ ထျန်းလီမြို့ဟု ခေါ်ဆိုရန် အမှန်တကယ်ကို ထိုက်တန်သည်။ ဤနေရာရှိ အိမ်ခြံမြေဈေးနှုန်းများသည် သူ၏ယခင်ဘဝက မြို့ကြီးပြကြီးများထက်ပင် ပို၍ကြီးမြင့်နေသည်။

All Chapters