မြို့သူမြို့သား အဆင့်သတ်မှတ်ချက်
Vol. 31 Ch. 375
လူလတ်ပိုင်းကြီး၏စကားများကို ကြားချိန်တွင် လက်ရှိနေရာ၌ ရှိနေသူအများစုသည် မျက်နှာဖြူဖျော့သွားကြ၏။ အထူးသဖြင့် အစောပိုင်းက မေးခွန်းထုတ်ခဲ့သော အဘိုးအိုဆိုလျှင် သူ၏ခန္ဓာကိုယ်ယိမ်းယိုင်သွားကာ မေ့လဲလုနီးပါးပင်။
ဤနေရာသို့ ရောက်ရှိလာရန် သူသည် ကံကြမ္မာချပ်ပြားငါးရာကို အသုံးပြုခဲ့ရပြီး ဘဝသစ်တစ်ခုကို ခံစားနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့ရာတွင် သူ ဤနေရာသို့ မရောက်မီမှာပင် တစ်စုံတစ်ယောက်က သူ၏သိုလှောင်လက်စွပ်နှင့် ပိုင်ဆိုင်မှုအားလုံးကို လုယူသွားခဲ့သည်။
သူ တစ်သက်လုံး စုဆောင်းထားသည်များကို အသုံးပြုပြီးနောက် ထျန်းလီမြို့တွင် သုံးရက်သာနေခွင့်ရကာ ရက်ရက်စက်စက် မောင်းထုတ်ခံရမည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ် ကောင်းပေမည်။
သူသည် နောက်သို့ချာခနဲလှည့်လိုက်ပြီး မလှမ်းမကမ်းရှိ ကျန်းရွှမ်ကိုကြည့်ကာ သူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
'တကယ်လို့ ငါက သုံးရက်ပဲနေပြီး ပြန်ထွက်သွားရမယ်ဆိုရင် ငါ သေသွားတာနဲ့ အတူတူပဲ... ဒီလိုဆိုမှတော့ ငါကလည်း မင်းကို ကောင်းကောင်းနေခွင့် မပေးနိုင်ဘူး...'
"တတိယနည်းလမ်းက ဘာလဲ"
ထိုအချိန်မှာပင် တခြားလူတစ်ယောက်က မေးမြန်းလိုက်သည်။
လူလတ်ပိုင်းကြီးက သူတို့ကို ဆက်ပြီး မခန့်မှန်းခိုင်းတော့ဘဲ ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုသည်။
"ငါတို့ အလုံးစုံသိမြင်ဂိုဏ်းမှာ ယာယီနေထိုင်ခွင့် လက်မှတ်လည်း ရနိုင်တယ်... စိတ်ချပါ... ငါတို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဈေးနှုန်းတွေက မျှတပြီးတော့ အသက်အရွယ်ခွဲခြားပြီးတော့ လှည့်စားတာမျိုး မရှိပါဘူး... မင်းတို့အတွက် လုံးဝအရှုံးမရှိစေရဘူး"
'ဒါကြောင့် ဒီလောက်ထိ အများကြီး ရှင်းပြနေတာကိုး... သူ့ရဲ့အဓိကရည်ရွယ်ချက်က ဒါပဲ...'
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
"ငှားရမ်းခကို မေးချင်နေကြမှန်း ကျွန်တော် သိပါတယ်"
သူ၏နံဘေးပတ်လည်ရှိ လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်အား မြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီးက ဆက်လက်၍ ပြောဆိုသည်။
"အခန်းတစ်ခန်းပါတဲ့ နေအိမ်က တစ်နှစ်ကို ကံကြမ္မာချပ်ပြားငါးရာ ကျသင့်ပြီးတော့ နေ့အလိုက် ငှားမယ်ဆိုရင် တစ်ရက်ကို ရင်းမြစ်ဒင်္ဂါးသုံးပြား ကျသင့်တယ်... ဒါ့ပြင် အိမ်တွေပဲဖြစ်ဖြစ် နေ့စဉ်သုံးပစ္စည်းတွေပဲဖြစ်ဖြစ် လက်တွဲဖော် ရှာတာပဲဖြစ်ဖြစ် အရာအားလုံးကို အလုံးစုံသိမြင်ဂိုဏ်းကနေ ဝယ်ယူနိုင်ပါတယ်... မင်းတို့ရဲ့ကျင့်ကြံဆင့်က အသက်ပင်လယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ပြီဆိုတာနဲ့ အိမ်ဝယ်စရာမလိုဘဲနဲ့ ထျန်းလီအင်ပါယာရဲ့ အဆင့်သုံးမြို့သားအဆင့်အတန်းကို ရရှိနိုင်ပြီးတော့ ရေရှည်နေထိုင်ခွင့်ကို ရရှိနိုင်လိမ့်မယ်"
"အသက်ပင်လယ် နယ်ပယ် ဟုတ်လား..."
"အဲ့ဒီအဆင့်ထိ ရောက်နိုင်ရင်... ငါတို့က ဘာလို့ ဒီနေရာကိုလာဖို့ လိုအုံးမှာလဲ"
လူများအားလုံး ခါးသည်းစွာ ရယ်မောလိုက်ကြသည်။
အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိသော သန်မာအားကောင်းသူများသည် နေရာတိုင်းတွင် ထည့်သွင်းစဉ်းစားရမည့် အစွမ်းထက်ပုဂ္ဂိုလ်များပင်။ ထိုကဲ့သို့ ကျင့်ကြံဆင့်မျိုးရှိနေသော တစ်စုံတစ်ယောက်အနေဖြင့် ဤနေရာသို့ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ များစွာအဓိပ္ပာယ် မရှိတော့ချေ။
"အရှင်... အဆင့်သုံးမြို့သားဆိုတာက ဘာကို ဆိုလိုတာလဲ"
လူများအားလုံး စဉ်းစားတွေးတောနေကြစဉ်မှာပင် မေးမြန်းသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီနေရာကလူတွေကို အဆင့်ခွဲထားတယ်လို့ ဆိုလိုတာလား"
"ဒါပေါ့"
လူလတ်ပိုင်းကြီးက ခေါင်းညိတ်လိုက်၏။
"ထျန်းလီမြို့သားတွေကို အဆင့်ငါးဆင့် ခွဲခြားထားတယ်... မင်းတို့လို ယာယီအဆင့်အတန်းပဲ ရှိတဲ့သူတွေကို မြို့သားလို့တောင် မသတ်မှတ်ဘူး... တကယ်လို့ အဆင့်သတ်မှတ်ရမယ်ဆိုရင် ဒုက္ခသည်တွေလို့ပဲ သတ်မှတ်လို့ရမယ်"
"မြို့သားအဆင့်ငါးဆင့် ဟုတ်လား..."
"အဆင့်တောင် သတ်မှတ်မခံရဘူးလား"
လူများအားလုံး ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားသည်။
ကူးပြောင်းသွားလာရန်အတွက် ကံကြမ္မာချပ်ပြားငါးရာကို အသုံးပြုနိုင်သဖြင့် သူတို့၏ အဆင့်အတန်းနှင့်ဂုဏ်ပုဒ်များသည် အားနည်းခြင်းမရှိကြချေ။ အနည်းဆုံးအနေဖြင့် သူတို့သည် အထက်တန်းလွှာအသိုင်းအဝိုင်းမှ လူချမ်းသာများ ဖြစ်ကြသည်။ ယခုချိန်၌ သူတို့သည် ထျန်းလီမြို့တွင် သာမန်မြို့သားအဖြစ်ပင် အဆင့်မဝင်ဘဲ လက်အောက်ငယ်သားအဆင့်တောင် မဟုတ်ဟု ပြောဆိုခံလိုက်ရခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းပေ၏။
"အမှန်ပဲ"
လူများအားလုံး၏မာန်မာနများကို ချိုးနှိမ်လိုပုံရသော လူလတ်ပိုင်းကြီး၏မျက်လုံးများထဲတွင် တော်ဝင်မြို့တော်တစ်ခုတွင် နေထိုင်သော လူတစ်ယောက်၏ မောက်မာထောင်လွှားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
"အိမ်တွေဝယ်ယူပြီးတော့ အမြဲတမ်းနေထိုင်ခွင့် ရရှိဖို့က အဆင့်ငါးမြို့သားဖြစ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ... အဆင့်လေးကနေအထက်အဆင့် မြို့သားတွေ ဖြစ်ဖို့ဆိုရင် ထျန်းလီမြို့အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်... အကျိုးပြုမှု ကြီးမားလေလေ အဆင့်မြင့်လေလေပဲ... မင်းတို့က ထျန်းလီမြို့အတွက် ဘာလုပ်ပေးခဲ့ဖူးလို့လဲ... ဘာမှ မလုပ်ပေးခဲ့ဘဲနဲ့ ဘာလို့ အထူးအခွင့်အရေးကို ရသင့်တယ်လို့ ထင်နေကြတာလဲ"
"အဲ့ဒါလည်း ဟုတ်တာပဲ"
လူများအားလုံး တပြိုင်နက်တည်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
တစ်စုံတစ်ခုကို ရလိုပါက အရင်ဆုံး မည်သည့်အရာအား ပေးခဲ့သနည်း မည်သည့်အရာအား ပေးနိုင်မည်နည်းကို ကြည့်ရပေမည်။ ထျန်းလီမြို့သည် ကုန်းမြေ၏အချက်အချာဒေသဖြစ်သဖြင့် လူများအားလုံး လာရောက်ချင်ကြသည့် နေရာပင်။ ထိုကဲ့သို့ စည်းမျဉ်းများ မရှိလျှင် ဤနေရာတွင် လူများဖြင့် သေချာပေါက် ပြည့်ကျပ်နေပေလိမ့်မည်။
ခုန်းရှီက ရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
"အကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုမျိုး လုပ်ဆောင်နိုင်မလဲ... ဘယ်လိုလုပ်ရပ်မျိုးတွေကို အကျိုးပြုတယ်လို့ သတ်မှတ်လဲ"
သူသည် ပုံမှန်အရဆိုလျှင် စကားပြောဆိုလေ့မရှိသော်လည်း သူ ပြောလိုက်သည့် စကားတိုင်းသည် လိုရင်းကို ထိမိပေ၏။
လူလတ်ပိုင်းကြီးက တုံ့ပြန်အဖြေပေးသည်။
"ထျန်းလီမြို့ကို အကျိုးရှိစေတဲ့ ဘယ်လုပ်ရပ်ကိုမဆို အကျိုးပြုလုပ်ငန်းလို့ သတ်မှတ်တယ်... ဥပမာပြောရရင် အရက်ဆိုင်ပိုင်ရှင်တွေ စားသောက်ဆိုင်တွေ အထည်ဆိုင်တွေက ထျန်းလီမြို့ကို နှစ်တိုင်း အခွန်ဆောင်ရတယ်... အဲ့ဒါက အကျိုးပြုတာပဲ... ကျင့်ကြံဆင့် မြင့်မားတဲ့ အင်အားကြီးသူတချို့ကလည်း အင်ပါယာက ထုတ်ပြန်တဲ့ တာဝန်တွေကို လက်ခံနိုင်တယ်... ဥပမာအနေနဲ့တောင်ပေါ်ဓားပြတွေကို သတ်တာ ရှေးဟောင်းပစ္စည်း ရှာတာ လူကယ်တာ ရောဂါကုတာမျိုးတွေပေါ့... အဲ့ဒါတွေထဲက တစ်ခုခုကို ပြီးမြောက်အောင် လုပ်နိုင်ရင် အကျိုးဆောင်ရမှတ်တွေကို ရနိုင်တယ်"
"အဆင့်လေးမြို့သားတွေက ကူးပြောင်းရေးဝင်္ကပါ အသုံးပြုရင် ဆယ်ရာခိုင်နှုန်း လျှော့ဈေးရတာမျိုး ခံစားခွင့်တချို့ ရှိတယ်"
"အဆင့်သုံးမြို့သားတွေက အတွင်းမြို့တော် ကို ကန့်သတ်ချက်မရှိ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီး ကုန်ပစ္စည်းဝယ်ယူရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးရနိုင်တယ်"
"အဆင့်တစ်မြို့သားတွေကျတော့ တစ်ယောက်ချင်းစီက တော်ဝင်ဘွဲ့ထူး ရရှိနိုင်တဲ့ အလားအလာရှိပြီးတော့ အတွင်းမြို့တော် မှာ အိမ်ဝယ်ယူခွင့် ရှိတယ်...သူတို့မှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိပြီးတော့ ဘယ်အရင်းအမြစ်ကိုပဲဝယ်ဝယ် လေးဆယ်ရာခိုင်နှုန်းလျှော့ဈေးကို ခံစားခွင့်ရှိတယ်"
"မင်းက အတွင်းမြို့တော်ဆိုပြီး ပြောသွားခဲ့တယ် မဟုတ်လား.. အတွင်းမြို့တော်ဆိုတာက ဘာလဲ"
ကျန်းရွှမ်က မေးမြန်းလိုက်သည်။
လူလတ်ပိုင်းကြီးက ပြောဆိုသည်။
"ထျန်းလီမြို့ကို အတွင်းမြို့တော် နဲ့ အပြင်မြို့တော် ဆိုပြီး ခွဲခြားထားတယ်... အတွင်းမြို့တော်က ပိုစည်ကားပြီးတော့ ရင်းမြစ်စွမ်းအင်တွေ ပိုပြီးကြွယ်ဝတယ်... ကံကြမ္မာဆရာသခင်ဌာနချုပ် ဆေးပညာဂိုဏ်း နဲ့ လက်နက်သန့်စင်ဂိုဏ်းတို့လို ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဌာနချုပ်တွေက အဲ့ဒီနေရာမှာ တည်ရှိတယ်... အခု ငါတို့ရှိနေတဲ့ နေရာကတော့ အပြင်မြို့တော်ပဲ... ဒါက အဆင့်သုံးနဲ့ အဲ့ဒီအောက်က မြို့သားတွေ နေထိုင်နိုင်တဲ့ နေရာပဲ"
"အဲ့ဒီလိုလား...."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤထျန်းလီမြို့သည် လူများကို အဆင့်အတန်းခွဲခြားထားရုံသာမက မြေနေရာအနေအထားအရလည်း ခွဲခြားထားသည်။ တစ်စုံတစ်ယောက်သည် မြို့သားအဆင့်မမြင့်လျှင် အတွင်းမြို့တော်သို့ ဝင်ခွင့်ရနိုင်မည်မဟုတ်ဘဲ အဆင့်အတန်းခွဲခြားမှုသည် အလွန်တင်းကြပ်ပေ၏။
"ကဲ... ငါ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ... အိမ်ငှားချင်တဲ့သူ ဝယ်ချင်တဲ့သူတွေ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့.."
လူလတ်ပိုင်းကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အကြီးအကဲ..."
ထိုအချိန်တွင် အစောပိုင်းကမြေးအဘိုးနှစ်ယောက်သည် ရှေ့သို့ထွက်လာကြ၏။ အဘိုးအိုသည် လျှင်မြန်စွာ ရှေ့သို့ တိုးလာပြီး စိုးရိမ်ပူပန်တကြီးအမူအယာဖြင့် လူလတ်ပိုင်းကြီးကိုကြည့်ကာ ပြောဆိုသည်။
"တကယ်လို့... တကယ်လို့ ငါတို့ဆီမှာ ငွေမရှိရင် ခဏလောက် ချေးပေးလို့ ရမလား... အသေးဆုံးအိမ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် မြေအောက်ခန်းမှာ နေရရင်လည်း အဆင်ပြေပါတယ်... ငါ နေခွင့်ရရင် ပြီးတာပါပဲ... စိတ်ချပါ... ငါက ငွေရအောင်ရှာပြီး ပြန်ဆပ်ပါ့မယ်..."
"မင်းမှာ ငွေမရှိဘူးလား"
လူလတ်ပိုင်းကြီး၏မျက်လုံးများတွင် ရွံရှာသည့်အမူအယာများ ထင်ဟပ်လာသည်။
"ငွေမရှိဘဲနဲ့ ထျန်းလီမြို့ကို လာတယ်ပေါ့... ထွက်သွားစမ်း"
"ဒါပေမဲ့ ငါ..."
အဘိုးအို၏နှုတ်ခမ်းများ တုန်ရီသွားပြီး ရုတ်တရက် နောက်သို့လှည့်ထွက်သွားကာ မြေးဖြစ်သူကိုဆွဲခေါ်၍ ကျန်းရွှမ်၏ဘက်သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
"မြင့်မြတ်တဲ့သခင်လေး... ငါတို့ မှားသွားပါတယ်... ငါတို့ရဲ့ငွေတွေကို ပြန်ပေးပါလား... ငါတို့ တကယ့်ကို မောင်းထုတ်မခံချင်ဘူး"
"အမ်...ပြပွဲကောင်းလား..."
လူလတ်ပိုင်းကြီးနှင့် အနီးအနားရှိ အစောင့်များသည် ရပ်တန့်သွားပြီး စူးစမ်းချင်စိတ်ဖြင့် ဤမြင်ကွင်းကို ကြည့်နေကြ၏။
နေ့စဥ်နေ့တိုင်း ဤနေရာသို့ ကူးပြောင်းရေးဝင်္ကပါဖြင့် ရောက်ရှိလာသူ အမြောက်အများရှိသော်လည်း ထိုလူများသည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခြင်းမရှိချေ။ ဤနေရာသို့ ရောက်ရောက်ချင်း ယခုကဲ့သို့ ပဋိပက္ခမျိုး ဖြစ်ပွားသည်ကို မြင်တွေ့ရသည်မှာ အလွန်ရှားပါးသည်။ ဤသည်မှာ သူတို့အတွက် ပြပွဲကောင်းတစ်ခုပင်။
"ငါ ပြောပြီးပြီလေ... ငါက မင်းတို့ရဲ့ငွေတွေကို ယူမထားဘူးလို့... ယူသွားတဲ့သူကို သွားမေးကြစမ်း"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤမြေးအဘိုးသည် သူတို့ကို သင်ခန်းစာပေးခြင်းခံရပြီးသည့်တိုင် အမှတ်မရှိကြဘဲ သူ့ကို လာရောက်၍ နှောင့်ယှက်ရဲပေ၏။
'လူကောင်းလုပ်ရတာ တကယ်မလွယ်ပါလား... ပြဿနာရှာခံရုံတင်မကဘူး... မတရား စွပ်စွဲခံနေရတယ်...'
အမှန်အားဖြင့် ထိုအချိန်တုန်းက ယောင်ချွမ်ဝမ် သာ သူ့ကို အကွက်ဆင်ခဲ့စဥ်၌ ဤအဘိုးအိုမှကူညီ၍ ပြောဆိုပေးခဲ့လျှင် ဤငွေများကို သူ သေချာပေါက် ပိုက်ဆံပြန်ပေးမိပေမည်။ သို့ရာတွင် ယခုကမူ ကမ္ဘာတစ်ခုလုံး၏အရှင်သခင်ဖြစ်သော သူ့အနေဖြင့် ကံကြမ္မာချပ်ပြားတစ်ပြားကို ပေးရန်ပင် တရားလွန်သည်ဟု ခံစားမိပေ၏။
"မင်းက လုံးဝမပေးဘူးပေါ့လေ..."
အဘိုးအို၏မျက်နှာအမူအယာ တင်းမာခက်ထန်လာသည်။
"ဘာလဲ... အကျိုးအကြောင်း မဆီလျော်တော့ လုယက်ဖို့ကို ကြံစည်နေတာလား"
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မင်း နောင်တရစေရမယ်"
အဘိုးအိုသည် တီးတိုးရေရွတ်ပြီးနောက် မတ်တတ်ထရပ်လိုက်ပြီး မြေးဖြစ်သူကို ဆွဲကာ လူလတ်ပိုင်းကြီး၏ရှေ့တွင် လျှင်မြန်စွာ ဒူးထောက်လိုက်သည်။ သူ၏မျက်လုံးများတွင် တောင်းပန်တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေသည်။
"ကျေးဇူးပြုပြီးတော့... မြင့်မြတ်တဲ့အရှင်က ဒီ ဆင်းရဲနွမ်းပါးတဲ့ မြေးအဘိုးနှစ်ယောက်အတွက် တရားမျှတမှုရအောင် လုပ်ပေးပါ... "