← Chapters

ကျီးလင်မြို့

Vol. 31 Ch. 368

ကျီးလင်မြို့

Vol. 31 Ch. 368

ကောင်းကင်ကံကြမ္မာဆိုသည်မှာ စွမ်းရည်တစ်ခုတည်းမဟုတ်ဘဲ မည်သူမျှ ရှောင်လွှဲ၍မရနိုင် ရှောင်တိမ်း၍မရနိုင်သော သီးခြားလမ်းကြောင်းတစ်ခုလည်းဖြစ်သည်။

ထိုကံကြမ္မာသည် များသောအားဖြင့် ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်ကာ ဖော်ပြ၍ မရနိုင်ချေ။

ဥပမာအနေဖြင့် ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံခဲ့ပြီး ပါမောက္ခကုန်းမြေ၏ စည်းမျဉ်းများကို ချမှတ်ခဲ့သည့် ခုန်းရှီပင်။ သူသည် ကျင့်ဝတ်ကို လိုက်နာပြီး ထုံးတမ်းစဉ်လာကောင်းကင်ကံကြမ္မာနှင့် ပြီးပြည့်စုံစွာ လိုက်လျောညီထွေရှိခဲ့သည်။

ထို့ကြောင့် သူသည် စည်းမျဉ်းများ၏အပြစ်ပေးမှုကို မခံရသည့်အပြင် သူ၏ကံဆိုးမိုးမှောင်ကျမှုများမှတစ်ဆင့် အကျိုးကျေးဇူးများပင် ရရှိခဲ့လေသည်။ ဤအရာသည် တခြားသူများအတွက်ဆိုလျှင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

တခြားလူများသည် စည်းမျဥ်းများကို လေးကြိမ်ချိုးဖောက်ပါက ချက်ချင်းသုတ်သင်ခံရပေမည်။ ကျီးလန်တောင်ကြားရှိ စည်းကမ်းများသည် နွားတစ်ကောင်၏အမွှေးများကဲ့သို့ များပြားပြီး ကျယ်လောင်စွာ စကားပြောခွင့်ပင်မရှိချေ။ တစ်စုံတစ်ယောက်သည် ထိုစည်းမျဥ်းများကို ကြိုတင်မသိရှိပါက လေးကြိမ်မကဘဲ အကြိမ်လေးဆယ်ဆိုလျှင်ပင် လုံလောက်မည် မဟုတ်ချေ။

ရှစ်ယွင်ကျင်း မိုပိုင်ယဲ့နှင့် တခြားသူများသည် နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်ခဲ့ခြင်းမှာ ကျီးလန်တောင်ကြားရှိ စည်းမျဉ်းအများစုကို ခုန်းရှီက ဖြေရှင်းပေးခဲ့ပြီး ကျန်ရှိနေသော စည်းမျဉ်းများသည် ယခင်လောက် ကြောက်မက်ဖွယ်မကောင်းတော့သောကြောင့်ပင်။ ထိုသို့မဟုတ်ပါက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ကျင့်ကြံသူများကို မဆိုထားနှင့် အသက်ပင်လယ်နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် ပေါ့ပေါ့ဆဆ ဝင်ရောက်မိပါက ပြန်လမ်းမရှိသော ခရီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

"မင်းကရော..."

ခုန်းရှီက သူ့အကြောင်းသူ ရှင်းပြပြီးနောက် ကျန်းရွှမ်ကို ကြည့်လိုက်၏။

ထိုမေးခွန်းကို ကြားလိုက်ရသဖြင့် ကျန်းရွှမ်သည် ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူ ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလိုက်ရာ ခုန်းရှီကို ထပ်ခါတလဲလဲ ခေါင်းညိတ်မိသွားစေသည်။

ခုန်းရှီက သူ၏အတွေ့အကြုံများသည် လုံလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းနေပြီဟု တွေးထင်ထားခဲ့သော်လည်း တစ်ဖက်လူ၏ အတွေ့အကြုံများသည် ပို၍ ခမ်းနားထည်ဝါနေသည်ကို တွေ့လိုက်ရပေ၏။

"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာက နောက်လိုက်တွေ အများကြီးရှိတဲ့ ဒုတိယတန်းစား ကံကြမ္မာတစ်ခုပါ...စီနီယာကျိုးကျီအနေနဲ့ တပည့်တွေ မရေမတွက်နိုင်အောင် ရှိသင့်ပေမဲ့ ဘာလို့ ဒီနေရာမှာ တစ်ယောက်တည်း သေဆုံးနေပြီးတော့ ဘာလှုပ်ရှားမှုမှ မရှိခဲ့ရတာလဲ... ပြီးတော့ အရေးကြီးဆုံးက... ဒီနှစ်တွေတလျှောက်လုံးမှာ ဘယ်သူမှ သူ့ကို လာမရှာကြဘူးလား ဒါမှမဟုတ် ကံကြမ္မာကိုသန့်စင်ဖို့ မကြိုးစားကြဘူးလား"

ကျန်းရွှမ်ထံတွင် သံသယများဖြင့် ပြည့်နှက်နေကာ နားမလည်နိုင် ဖြစ်နေသည်။

မိုပိုင်ယဲ့၏ မိုတောက်ကံကြမ္မာသည် သတ္တမတန်းစား ကံကြမ္မာသာဖြစ်သော်လည်း သူ့ထံတွင် တပည့်များနှင့်နောက်လိုက်များ မရေမတွက်နိုင်အောင် ရှိပေ၏။ ထုံးတမ်းစဉ်လာနှင့် ကျင့်ဝတ်များကို လိုက်နာသော မည်သူမဆို ဤကံကြမ္မာမျိုး၏ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ပေ။ သို့ရာတွင် ထုံးတမ်းစဥ်လာကံကြမ္မာကိုတည်ထောင်သူသည် မည်သည့်အနှောင့်အယှက်မှမရှိဘဲ ဤမျှထိ ဝေးလံခေါင်ဖျားသော နေရာတွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် ဤနေရာတွင် ဖြစ်ပေါ်လာသော ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေသည်လည်း အစောင့်အရှောက်မဲ့ ကျန်ရစ်ခဲ့သည်မှာ... အခြေအနေတစ်ခုလုံး ထူးဆန်းနေပေ၏။

ခုန်းရှီက ပြောဆိုသည်။

"အခြေအနေအတိအကျတွေကိုတော့ စီနီယာကျိုးကျီက ဘာသဲလွန်စမှ ချန်မထားခဲ့ဘူး... ဒါပေမဲ့ ငါ့ရဲ့ခန့်မှန်းချက်အရတော့ သူ အသတ်ခံလိုက်ရတာ ဖြစ်နိုင်ခြေများတယ်....ကျီးလန်တောင်ကြားကို နှစ်စဥ်နှစ်တိုင်း ကံကြမ္မာကို လာပြီးသန့်စင်ကြတဲ့ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိပေမဲ့ အကုန်လုံးက မအောင်မြင်ဘဲ ပြန်သွားကြရတယ်...အဲ့ဒီလူတွေသာ ရောက်မလာရင် တောင်ကြားထဲမှာ အခုလောက်ထိ သိပ်သည်းတဲ့ ရင်းမြစ်စွမ်းအင်တွေ များပြားတဲ့ ရတနာပစ္စည်းတွေ ဘယ်ရှိနိုင်ပါ့မလဲ..."

ကျန်းရွှမ် ရုတ်တရက် သဘောပေါက်သွားသည်။

ကျီးလန်တောင်ကြားတစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် နှစ်ပေါင်းများစွာကြာအောင် စည်းမျဉ်းများကို ထိန်းသိမ်းပြီး လည်ပတ်နေနိုင်ခြင်းမှာ ကျူးကျော်ဝင်ရောက်လာသူများကို သတ်ဖြတ်ခြင်းအပေါ်၌ မှီခိုနေခြင်းပင်။

အနက်ရောင်ကြေးခွံ ဖီးနစ်လင်းယုန်သည် တစ်ရက်ကြာ ပျံသန်းခဲ့ပြီးနောက် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့က မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ကျီးလင်မြို့နှင့်ကျိုးယီမြို့တို့သည် အလွန်ကွာခြားခြင်းမရှိဘဲ မြို့ကြီးသည် မိုင်ပေါင်းများစွာ အဆုံးမရှိဆန့်တန်းနေပြီး ရှည်လျားကျယ်ပြန့်သည်။ သူတို့သည် မြေပြင်သို့ မဆင်းသက်မီမှာပင် လမ်းမများပေါ်၌ လူအများ တိုးဝှေ့သွားလာနေသည်ကို မြင်တွေ့ရသည်။

"ခုန်းရှီ... ပြဿနာမဖြစ်အောင် ကျွန်တော်တို့က ရုပ်ဖျက်ပြီး နာမည်ပြောင်းသင့်တယ်လို့ ထင်တယ်"

ကျန်းရွှမ်က ရယ်မောရင်း အကြံပြုလိုက်သည်။

"ဒါပေါ့..."

ခုန်းရှီက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ရုပ်ရည်နှင့်ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားပေ၏။ အချိန်တခဏအကြာတွင် သူ၏အရပ်သည်ခေါင်းတစ်ဝက်ခန့် ပုသွားပြီး အသက်ပို၍ငယ်ရွယ်သောပုံစံ ပေါက်သွားကာ အသက်သုံးဆယ်ဝန်းကျင်ခန့်သာ ရှိတော့သည်။

ကျန်းရွှမ်ကဲ့သို့ပင် ကမ္ဘာသစ်ကို ဖန်တီးခဲ့သူဖြစ်သဖြင့် ခုန်းရှီသည် သူ လုပ်နိုင်သမျှ စွမ်းရည်များအားလုံးကို အသုံးပြုနိုင်သည်။ ရုပ်ဖျက်ခြင်းနှင့် စိတ်ဝိညာဉ်ရှာဖွေခြင်းတို့သည် အရိုးရှင်းဆုံး အသုံးပြုမှုများသာ ဖြစ်ပေ၏။

ကျန်းရွှမ်၏မျက်နှာသွင်ပြင်သည်လည်း သူ၏ယောက်ဖဖြစ်သူ လော့ရွှမ်ချင်း၏ပုံစံသို့ ပြောင်းလဲသွားသည်။

ယုရှောင်ယွီနှင့်တခြားသူများကိုမူ ယခင်ကတည်းက ရွှမ်ကမ္ဘာထဲသို့ ပို့ဆောင်ထားခြင်း ခံရသဖြင့် ဤနေရာတွင် ရှိမနေသောကြောင့် တခြားလူများ မှတ်မိသွားမည် သို့မဟုတ် တွေ့ရှိသွားမည်ကို စိတ်ပူရန်မလိုအပ်ချေ။

အနက်ရောင်ကြေးခွံ ဖီးနစ်လင်းယုန်သည် မြို့တံခါးဝတွင် ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။

ကျန်းရွှမ်သည် ထိုသားရဲကို တစ်ချက်ကြည့်လိုက်ပြီး စိတ်အာရုံဖြင့် သူတို့ကြားရှိ ဆက်နွယ်မှုကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့သားရဲမဟုတ်တော့ဘူး... မင်းလွတ်လပ်သွားပြီ..."

သူတို့သည် အလယ်ပိုင်းဒေသသို့သွားရန် ရည်ရွယ်ထားပေ၏။ ကူးပြောင်းရေးဝင်္ကပါများသည် ဤမျှထိ ကြီးမားသော သားရဲကြီးကို သယ်ဆောင်နိုင်ခြင်း ရှိမရှိကို ထည့်မတွက်လျှင်ပင် သယ်ဆောင်နိုင်သည်ဆိုသည့်တိုင် လိုအပ်မည် မဟုတ်ချေ။

သူသည် သားရဲတစ်ကောင်ကို လိုအပ်ပါက ထိုနေရာရောက်လျှင် သားရဲတစ်ကောင်ကိုဖမ်းပြီး ယဉ်ပါးအောင် လုပ်လိုက်ရုံပင်။ အနက်ရောင်ကြေးခွံ ဖီးနစ်လင်းယုန်သည် နာခံမှုရှိသော်လည်း စွမ်းအားသည် အလွန်နည်းပါးသဖြင့် ယခုလက်ရှိတွင် သူ့အတွက် များစွာအထောက်အကူ မဖြစ်တော့ချေ။

"ကျီ..."

သူ၏ရည်ရွယ်ချက်ကို နားလည်သဖြင့် အနက်ရောင်ကြေးခွံ ဖီးနစ်လင်းယုန်သည် ဝမ်းနည်းစွာဖြင့် အော်မြည်လိုက်ပြီး အဝေးသို့ ပျံသန်းသွားကာ နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သူတို့သည် မြို့ထဲသို့ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အနားယူနေစဉ် ကျီးလန်တောင်ကြားနှင့် ပတ်သက်သော ဆွေးနွေးပြောဆိုသံများကို နေရာတိုင်းတွင် ကြားနေရသည်။

"အဲ့ဒါက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာလေ... တစ်ယောက်ယောက်က အဲ့ဒါကို ဒီတိုင်းကြီး သန့်စင်ပြီးတော့ သူ့ရဲ့ကံကြမ္မာအဖြစ် ရယူနိုင်ခဲ့တဲ့လား"

"ဒါက မိုးကောင်းကင်ပေါ်ကို ခြေလှမ်းတစ်လှမ်းတည်းနဲ့ တက်လှမ်းလိုက်သလိုမျိုးပဲ..."

"ကျိုးယီအင်ပါယာရဲ့ မင်းသားရှန်လင်း အသတ်ခံလိုက်ရတယ်လို့ ကြားတယ်.... အခု သူတို့ကို ဖမ်းဝရမ်းထုတ်ထားတယ်တဲ့"

"ဖမ်းဝရမ်း ဟုတ်လား....အခုလောလောဆယ်တော့ သူတို့က ဝရမ်းထုတ်ရတာကို ပျော်နေကြမှာပေါ့....အဲ့ဒီလူက ကံကြမ္မာကို အပြည့်အဝ သန့်စင်ပြီး အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာနဲ့ ကျိုးယီအင်ပါယာလည်း ပျောက်ကွယ်သွားလိမ့်မယ်..."

ကျီးလင်မြို့သည် ကျိုးယီမြို့နှင့် အလွန်ဝေးကွာခြင်းမရှိသဖြင့် သတင်းများသည် ပျံ့နှံ့ပြီးသား ဖြစ်ပေ၏။

ဤကိစ္စ၏ အသေးစိတ်အချက်အလက်များသည် မရှင်းလင်းသော်လည်း အဓိကဇာတ်ကြောင်းမှာမူ မှန်ကန်လုနီးပါးပင်။

"ကျီးလန်တောင်ကြားထဲမှာ စည်းမျဉ်းတွေ အများကြီးရှိတယ်လို့ ပြောကြတယ်..အဲ့ဒီစည်းမျဉ်းတွေကို လိုက်နာသရွေ့ ရတနာပစ္စည်းတွေ အများကြီး ရနိုင်တယ်လို့ ပြောကြတယ်...."

"အဲ့ဒီနယ်မြေထဲမှာ ရတနာတွေက အကန့်အသတ်မရှိတဲ့အထိ ပေါများတယ် ..."

"ဒီတစ်ခေါက် သွားတဲ့အထဲမှာ ကျန်းရွှမ်ဆိုတဲ့ လူတစ်ယောက် ပါသွားတယ်...သူ ဝင်သွားတုန်းက ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ထားတာ မကြာသေးဘူးဆိုပေမဲ့ သူ ပြန်ထွက်လာတော့ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်နေတယ်...ဒါ့ပြင် သူက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် သတ်ခဲ့တယ်ဆိုပဲ"

"ဘာသတ္တမအဆင့်လဲ... ငါ ကြားတာတော့ သူက အဋ္ဌမအဆင့်ကို သတ်ခဲ့တာကွ"

လူအများ၏မျက်လုံးများတွင် လေးစားအားကျမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ကျန်းရွှမ်သည် အချိန်တခဏကြာအောင် နားထောင်ပြီးနောက် ဤတိုင်ပင်ဆွေးနွေးမှုများသည် ရှုပ်ထွေးပွေလီသော ကောလာဟလများသာဖြစ်ကြောင်း နားလည်သဘောပေါက်သွားပေ၏။ ထိုကြောင့် ကျန်းရွှမ်သည် ခေါင်းခါယမ်းလိုက်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ စကားအများဆုံး ပြောဆိုနေသူတစ်ယောက်ကို မေးမြန်းလိုက်သည်။

"မိတ်ဆွေတို့ တစ်ခုလောက် မေးပါရစေ..ငါတို့နှစ်ယောက်က အလယ်ပိုင်းဒေသကိုသွားဖို့ ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုချင်လို့ပါ... ဘယ်နေရာကို ငါတို့ သွားရမလဲ...."

"ကူးပြောင်းရေးဝင်္ကပါလား... အလုံးစုံသိမြင်ဂိုဏ်းမှာ တစ်ခုရှိတယ်... အဲ့ဒီကို သွားလိုက်ပါ"

ထိုစကားကိုပြောဆိုလိုက်သူမှာ အသက်သုံးဆယ်အရွယ်ခန့်ရှိကာ အနည်းငယ်ဝဖြိုးပြီး ထိပ်ပြောင်နေသဖြင့် အဝေးမှကြည့်လျှင် ကြက်ဥပေါင်းတစ်လုံးကဲ့သို့ ဖြစ်နေသော အမျိုးသားတစ်ဦးပင်။

"အလုံးစုံသိမြင်ဂိုဏ်း ဟုတ်လား....."

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

အမှန်တကယ်ကိုပင် အလုံးစုံသိမြင်ဂိုဏ်းတွင် အရာအားလုံး ရှိနေပေ၏။ မြို့တစ်မြို့တွင် ကူးပြောင်းရေးဝင်္ကပါ မည်သည့်နေရာ၌ ရှိသနည်းဟု မေးမြန်းလျှင် ထိုနေရာသည် သေချာပေါက် ပထမဆုံးရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

"အမှန်ပဲ....ဟိုဘက်ကအမြင့်ဆုံး အဆောက်အဦးလေ... အဲ့ဒီဘက်ကို လျှောက်သွားလိုက်....ဒါပေမဲ့ အဲ့ဒီလို ခရီးဝေးကူးပြောင်းရေးဝင်္ကပါတွေက တစ်နေ့မှတစ်ကြိမ်ပဲ အသက်သွင်းပြီးတော့ အသုံးပြုနိုင်ဖို့အတွက် လူအလုံအလောက် စုစည်းမိတာကို စောင့်ရတယ်.. မင်းတို့က အလယ်ပိုင်းဒေသကို သွားချင်ရင် ကြိုတင်စာရင်းပေးဖို့ လိုလိမ့်မယ်.... မဟုတ်ရင် နေရာရမှာမဟုတ်ဘူး"

ကြက်ဥပေါင်းနှင့်တူသော အမျိုးသားသည် အလွန်တက်ကြွစွာဖြင့် ကျယ်လောင်စွာ ရှင်းပြသည်။

"ကြိုတင်စာရင်းပေးဖို့ လိုတယ်...ဟုတ်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

"ဒါပေါ့... လူတိုင်းက အလယ်ပိုင်းဒေသကို သွားချင်ကြတာပဲ...ဘယ်ကျင့်ကြံသူကများ အဲ့ဒီကို မသွားချင်ဘဲ နေမလဲ...ကြာကြာမနေရရင်တောင် တစ်ချက်လောက် မြင်ဖူးရင် ကျေနပ်ပြီလေ...ငါ အဲ့ဒီနေရာကို တစ်ခေါက် ရောက်ဖူးတယ်... အဲ့ဒီနေရာမှာ ထိပ်သီးကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပြီးတော့ အစားအသောက်နဲ့ ဖျော်ဖြေရေးတွေဆိုတာတွေက မင်း တစ်ခါမှမြင်ဖူးမှာမဟုတ်တဲ့ အရာတွေချည်းပဲ... အထူးသဖြင့် မိန်းမလှလေးတွေပေါ့... သူတို့က အရမ်းများပြီး အရမ်းလှလွန်းလို့ မျက်စိတောင် ကျိန်းတယ်.... ရိုးရိုးသားသား ပြောရရင် ငါက လမ်းပေါ်မှာတစ်ခေါက် လျှောက်ကြည့်ပြီးတော့ မိန်းကလေးရှစ်ယောက်လောက်ကို ဆက်တိုက်ကြီး သဘောကျခဲ့မိတယ်"

ကြက်ဥပေါင်းနှင့်တူသော အမျိုးသားက ရယ်မောလိုက်သည်။

'ဆက်တိုက် သဘောကျခဲ့မိတယ်တဲ့... ဒါက နှာဘူးထတာလေ....'

ကျန်းရွှမ်သည် ဆွံ့အသွားသော်လည်း သူ၏မျက်နှာတွင် ခံစားချက်များ ပေါ်လွင်သွားစေခြင်းမရှိဘဲ မတ်တတ်ရပ်ကာ သူ၏လက်ကိုပူးဆုပ်၍ အရိုအသေပြုလိုက်၏။

"ညီအစ်ကို...သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ်..."

ထိုသို့ပြောဆိုပြီးနောက် သူနှင့်ခုန်းရှီတို့သည် အဝေးမှ မြင့်မားသော အဆောက်အဦးကြီးဆီသို့ လျှောက်လှမ်းခဲ့ကြတော့သည်။

All Chapters