ရန်ပွဲ
Vol. 31 Ch. 369
အလုံးစုံသိမြင်ဂိုဏ်း၏ ဗိသုကာလက်ရာသည် တိမ်တိုက်များကြားသို့ ထိုးဖောက်ဝင်ရောက်နေသော အထပ်ခုနစ်ထပ်ပါ အဆောက်အဦးဖြစ်ပြီး ကြီးကျယ်ခမ်းနားပေ၏။ မြေညီထပ်တွင် လက်နက်များ ကံကြမ္မာချပ်ပြားများ ဆေးပင်များနှင့် တခြားအရင်းအမြစ်များကို ရောင်းချသဖြင့် လူဝင်လူထွက် အများဆုံးနှင့် အကျယ်ဝန်းဆုံးဖြစ်သည်။
သူတို့သည် လမ်းမေးပြီးနောက် သူတို့ ဦးတည်သောနေရာသို့ ရောက်ရှိလာကြသည်။
ကူးပြောင်းရေးဝင်္ကပါကို ကြီးမားသော နန်းတော်ကြီးတစ်ခုထဲတွင် တည်ဆောက်ထားကာ အရောင်သွေးစုံလင်သော ရှေးဟောင်းသင်္ကေတအက္ခရာအမျိုးမျိုးဖြင့် ဝန်းရံထားသည်။
ကူးပြောင်းခြင်းသည် အချိန်နှင့်လေဟာနယ် ကံကြမ္မာ၏ အတက်အလက်တစ်ခုပင်။ ဤကဲ့သို့သောနေရာမျိုး တည်ဆောက်ထားခြင်းသည် သက်ရှိများကို သယ်ယူပို့ဆောင်ပေးပြီး ကြွယ်ဝချမ်းသာမှုကို ရရှိစေရုံသာမက ကံကြမ္မာပြန့်ပွားမှုကိုလည်း အထောက်အကူပြုပြီး လူများကို ပို၍ကျင့်ကြံလာစေရန် ဆွဲဆောင်နိုင်သည်။
"ကူးပြောင်းသွားလာခက တစ်ယောက်ကို ခရီးစဥ်တစ်ခေါက်အတွက် ကံကြမ္မာချပ်ပြားငါးရာ ကျသင့်မယ်"
ကူးပြောင်းရေးဝင်္ကပါကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော သံချပ်ကာဝတ် အစောင့်တစ်ဦးက ခရီးသွားနှစ်ဦးကို တားဆီးလိုက်သည်။
ကျန်းရွှမ်သည် ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပေ၏။
ဤကူးပြောင်းရေးဝင်္ကပါကို အသုံးပြုသူ မည်သည်ကြောင့် ဤမျှထိ နည်းပါးနေရသနည်း ဆိုသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ခရီးသွားလခအတွက် ဈေးနှုန်းမှာ အမှန်တကယ်ကို ကြီးမြင့်သည်။
ကံကြမ္မာချပ်ပြားငါးရာသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးသန်းနှင့် ညီမျှပြီး ကျီးလင်မြို့၏ အထက်တန်းလွှာနယ်မြေတွင် အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ယူရန် လုံလောက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ် ကျီးလန်တောင်ကြားခရီးစဉ်တွင် သူ အမြတ်အစွန်းတချိုကို ရရှိခဲ့သဖြင့် ခံသာသွားခဲ့သည်။ ထိုသို့မဟုတ်ပါက သူပင်လျှင် ဤအခကြေးငွေကို ပေးနိုင်ရန် ရုန်းကန်ရပေလိမ့်မည်။
"ဒါက ငါ့အတွက် အခကြေးငွေပါ..."
ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည် သက်သာလာပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကံကြမ္မာချပ်ပြားတစ်ပုံက သူ၏လက်ပေါ်တွင် ထွက်ပေါ်လာသည်။
အစောင့်က ခေါင်းညိတ်လိုက်ပြီး ခုန်းရှီဘက်သို့ ကြည့်လိုက်သည်။ ကျန်းရွှမ်က တစ်ဖက်လူသည် သူ့ကို အနေခက်စွာဖြင့် ပြန်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ညီအစ်ကိုကျန်း... ငါ့မှာ ကံကြမ္မာချပ်ပြားတစ်ချပ်မှ မရှိဘူး....မင်းကိုပဲ အားကိုးရတော့မယ်..."
လင်းယုန်သားရဲ၏ကျောပေါ်တွင် ရှိနေစဉ်ကတည်းက သူတို့သည် အချင်းချင်း "ဆရာ" ဟု မခေါ်တော့ဘဲ "ညီအစ်ကို" ဟု ခေါ်ဝေါ်ရန် သဘောတူခဲ့ကြ၏။
"အမ်... ခင်ဗျားမှာ တစ်ချပ်မှ မရှိဘူး ...ဟုတ်လား"
ကျန်းရွှမ် ကြက်သေသေသွားသည်။
"ငါ့မှာက ဒီကိစ္စတွေကို စီစဉ်ပေးတဲ့ တပည့်တွေ အမြဲရှိခဲ့တော့ ငါကိုယ်တိုင် စိတ်မပူခဲ့ရဘူးလေ"
ခုန်းရှီက လက်ကာပြလိုက်သည်။
"ဆရာတစ်ယောက်အနေနဲ့ တပည့်တွေက လက်ဆောင်ပေးကြတာ ထုံးစံပဲမလား..."
"ဒါက..."
ကျန်းရွှမ်သည် မည်ကဲ့သို့ ပြောဆိုရမည်အား မသိတော့ချေ။
တစ်ဖက်လူသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ဆက်ခံထားသူဖြစ်သဖြင့် ဤကဲ့သို့အရာမျိုး ပြတ်လပ်မည်မဟုတ်ဟု သူ တွေးထင်ထားခဲ့သည်။ သို့ရာတွင် သူကိုယ်တိုင် စိုက်ထုတ်ပေးရမည့် အခြေအနေမျိုး ဖြစ်လာမည်ဟု သူ ထင်မှတ်မထားမိချေ။ ကျန်းရွှမ်သည် အနည်းငယ် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ သူသည် နောက်ထပ် ကံကြမ္မာချပ်ပြားငါးရာကို ထုတ်ယူပြီး ပေးလိုက်၏။
"အဲ့ဒီနေရာကို သွားပြီး စောင့်နေကြတော့... လူအလုံအလောက်ရတာနဲ့ ဝင်္ကပါကို အသက်သွင်းပေးမယ်"
အစောင့်က သူတို့နှစ်ဦးကို အသိအမှတ်ပြု ကျောက်စိမ်းတံဆိပ်ပြားများအား ပေးလိုက်ပြီးနောက် နေရာတစ်နေရာသို့ ညွှန်ပြလိုက်သည်။
ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် ထိုနေရာသို့ ဝင်သွားလိုက်ရာ လူကြီးလူငယ်အရွယ်စုံသည့် လူဆယ်ယောက်ကျော်ခန့် ရှိနေသော အခန်းကျယ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။
သူတို့ ဝင်ရောက်လာသည်ကို မြင်တွေ့ချိန်၌ ထိုလူများသည် တစ်ချက်ကြည့်လိုက်ကြသော်လည်း မကြာမီတွင် ဆက်လက်၍ ဂရုမစိုက်ကြတော့ချေ။
ကျန်းရွှမ်သည် စိတ်အနှောင့်အယှက် ဖြစ်သွားခြင်းမရှိဘဲ ခုန်းရှီနှင့်အတူ ထောင့်တစ်နေရာကိုရှာပြီး ထိုင်လိုက်၏။
ကျီးလန်တောင်ကြားခရီးစဉ်သည် သူတို့အတွက် လျင်မြန်သောတိုးတက်မှုများကို ဆောင်ကျဥ်းပေးခဲ့သည်။ ယခုအချိန်သည် သူတို့ ရရှိလာသည့်အရာများကို ပြန်လည်၍ ဆင်ခြင်သုံးသပ်ရန် အကောင်းဆုံးအချိန်ပင်။
သူ၏ပထမဆုံး တိုးတက်မှုသည် ကောင်းကင်ဘုံသောကကံကြမ္မာပင်။
ထိုကံကြမ္မာသည် ဒုတိယအဆင့် အထွတ်အထိပ်မှ တတိယအဆင့် အထွတ်အထိပ်သို့ နယ်ပယ်တစ်ခုလုံး တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။
အစပထမတွင် သူသည် စိတ်ခံစားချက်များမှတဆင့် ထိုကံကြမ္မာလမ်းကြောင်းသို့ ဝင်ရောက်ခဲ့ပြီး နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုကို ရရှိခဲ့ပေ၏။ သူသည် ထိုကံကြမ္မာနှင့်ပေါင်းစပ်ပြီးနောက် ကွာဟချက်တစ်ခု ရှိနေသော်လည်း အပြန်အလှန် ချိတ်ဆက်နိုင်ခဲ့သည်။ ထိုကံကြမ္မာ၏တိုးတက်မှုသည် လျှင်မြန်သော်လည်း အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာပြီး မကြာမီမှာပင် နောက်တစ်ဆင့်သို့ ထပ်မံ၍ချိုးဖျက်ဝင်ရောက်နိုင်မည့် ခံစားချက်မျိုး ဝိုးတဝါးရရှိနေသည်။
ယခုအချိန်တွင် သူ့ထံ၌ လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များ ရှိနေသည်။ အကယ်၍ သူ၏ကံကြမ္မာသာ အဆင့်တက်သွားပါက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကို ကျော်လွန်ပြီး သတ္တမအဆင့် သို့မဟုတ် ထို့ထက်မြင့်မားသောအဆင့်သို့ တက်လှမ်းရန်မှာ ရိုးရှင်းသောကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ပြင် သူ့ထံ၌ မြေခွေးညှို့ငင်ကံကြမ္မာနှင့် မိုတောက်ကံကြမ္မာတို့ ရှိနေပြီး ထိုအရာနှစ်ခုလုံးသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ ထိုအရာနှစ်ခုသည် သူ၏ အဓိကကံကြမ္မာများ မဟုတ်သော်လည်း အဆင့်မြင့်မားလာသည်နှင့်အမျှ ကောင်းကင်ဘုံသောကကံကြမ္မာ စတုတ္ထအဆင့်ကို နားလည်သဘောပေါက်ရန် များစွာအထောက်အကူ ပြုပေ၏။
ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် ကံကြမ္မာစွမ်းအင်မြစ်များသည် ကျယ်ပြန့်ပြီး မရပ်မနား စီးဆင်းနေသော မြစ်ကြီးများကဲ့သို့ ဖြစ်နေကာ ကောင်းကင်ဘုံသောကကံကြမ္မာသည် ထိုအရာကို ချိတ်ဆက်ပေးထားသော လမ်းကြောင်းလေးတစ်ခုနှင့် တူညီသည်။ ထိုအရာသည် ရေများကို ထောက်ပံ့မပေးသော်လည်း ရေစီးကြောင်းများကို အတားအဆီးမရှိ ဖြတ်သန်းသွားလာနိုင်ရန် ဆက်သွယ်ပေးထားသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ကောင်းကင်ဘုံသောကကံကြမ္မာကို ကြားခံအဖြစ် အသုံးပြုခြင်းအားဖြင့် တခြားကံကြမ္မာများ၏စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်ပြီး တစ်ခုတည်းအဖြစ်လည်း ပေါင်းစပ်နိုင်ပေ၏။
"ဖြစ်နိုင်တာတော့... ကောင်းကင်ဘုံသောကကံကြမ္မာက ဒုတိယတန်းစားအဆင့်ကို ကျော်လွန်နေတာများလား"
ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် တွေးတောလိုက်သည်။
ကံကြမ္မာအဆင့် မြင့်မားလေလေ ထိုအရာ၏ အသုံးဝင်မှု ပို၍ကျယ်ပြန့်ပြီး ပို၍ကောင်းမွန်စွာ ဖြန့်ဝေနိုင်လေလေပင်။ ခုန်းရှီ၏ "ထုံးတမ်းစဉ်လာကံကြမ္မာ"ကို နားလည်သဘောပေါက်မှုကဲ့သို့ပင် ထုံးတမ်းစဉ်လာများကို မြှင့်တင်သူ လေ့လာသူ လိုက်နာသူစသည့် မည်သူမဆို သူ့ကို အကျိုးပြုပြီး အကူအညီ ပေးနိုင်သည်။
ပထမတန်းစား ကံကြမ္မာရှစ်ခုအနက် "ရင်းမြစ်" သည် ရင်းမြစ်စွမ်းအင်ကို အသုံးပြု၍ ကျင့်ကြံသူ တစ်ယောက်တိုးလာတိုင်း ထိုကံကြမ္မာတည်ထောင်သူ၏စွမ်းအားကို မြှင့်တင်ပေးပေလိမ့်မည်။
ဤ "စွမ်းအား" သည် နွားမွှေးတစ်မျှင်ကဲ့သို့ သေးငယ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းမိပါက တစ်နေ့တွင် အကန့်အသတ်မဲ့သော စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။
ဤသည်မှာ သူ၏ယခင်ဘဝက ဂိုဏ်းအင်အားစူများရှိ ယုံကြည်မှုစနစ်များနှင့် တူသည်။ ယုံကြည်သူနောက်လိုက်များလေလေ ထိုကံကြမ္မာကို နားလည်သဘောပေါက်သော ကျင့်ကြံသူ ပို၍စွမ်းအားကြီးလေလေပင်။
ခံစားချက်များသည် လူများထံမှ ပေါက်ဖွားလာခြင်းပင်။ လူသားများရှိနေသရွေ့ စိတ်ခံစားချက်ခုနစ်မျိုးနှင့် စိတ်ဆန္ဒခြောက်မျိုး ရှိနေမည်ဖြစ်ရာ ထိုအရာ၏ပျံ့နှံ့မှုသည် "ထုံးတမ်းစဉ်လာ" ထက် ပိုမိုကျယ်ပြန့်သည်။ လူများသည် ထုံးတမ်းစဉ်လာမရှိဘဲ တည်ရှိနိုင်သော်လည်း ခံစားချက်မရှိဘဲ မနေနိုင်ကြပေ။
(ကောင်းကင်ဘုံသောကက စိတ်ခံစားချက်ကို ရည်ညွှန်းတာပါ)
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ကောင်းကင်ဘုံသောကကံကြမ္မာသည် ပထမတန်းစား ကံကြမ္မာတစ်ခု ဖြစ်နေနိုင်သလော....
အကယ်၍ ဤကိစ္စသာ အမှန်ဆိုလျှင် သူ အဆင့်တစ်ဆင့် တက်လှမ်းရန်အတွက် မည်သည်ကြောင့် ကောင်းကင်ကံကြမ္မာစွမ်းအား အမြောက်အများ လိုအပ်သည်ကို သူ နားလည်သွားလေပြီ။
ကံကြမ္မာအဆင့်အတန်း မြင့်မားလေလေ ကံကြမ္မာစွမ်းအင်မြစ်သည် ပို၍ကြီးမားကျယ်ပြန့်လေလေပင်။ ထိုအရာကို ဖြည့်ဆည်းရန်အတွက် အဆင့်နိမ့်ကံကြမ္မာတစ်ခုထက် စွမ်းအားများ ပို၍လိုအပ်သည်မှာ သဘာဝပင်။
"ကောင်းကင်ဘုံသောကကံကြမ္မာက မိုတောက်ကံကြမ္မာ ဒါမှမဟုတ် စီးဆင်းနေသော အလင်းကောင်းကင်ကံကြမ္မာနဲ့ ပေါင်းစပ်တာရှားပေမဲ့ မြေခွေးညှို့ငင်ကံကြမ္မာနဲ့တော့ မကြာခဏ ပေါင်းစပ်လေ့ရှိတယ်...ဖြစ်နိုင်တာတော့ ဒီနှစ်ခုက လိုက်ဖက်ညီနေတာများလား"
ကျန်းရွှန်သည် စွမ်းအင်မြစ်များကို ဂရုတစိုက်ကြည့်ရှုပြီးနောက် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိသွားသည်။
ကောင်းကင်ဘုံသောကကံကြမ္မာသည် တခြားကံကြမ္မာများဖြင့် ချိတ်ဆက်နေသော်လည်း မြေခွေးညှို့ငင်ကံကြမ္မာနှင့် ပို၍ချိတ်ဆက်နေပြီး ပေါင်းစပ်လိုသော သဘောထားကိုပင် ပြသနေသည်။
အတွေးတစ်ချက်ဖြင့် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ်နှစ်ခုကို အတူတကွ ထားရှိပြီး ဖိအားပေးလိုက်သည်။ "ဝုန်း"ခနဲ အသံနှင့်အတူ အနည်းငယ်ပေါင်းစပ်နေသော စွမ်းအားများသည် လုံးလုံးလျားလျား ပေါင်းစည်းသွားပြီး ထူးခြားသော အခိုးအငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏လက်ချောင်းထိပ်များတွင် ပျံဝဲစီးဆင်းသွားပေ၏။
"ဒါက ဘာလဲ..."
သူသည် စူးစမ်းလိုစိတ်ဖြင့် တွေးတောရင်း ထပ်မံ၍လေ့လာရန် ပြင်ဆင်နေစဉ်မှာပင် မနှစ်မြို့ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဖယ်ကြစမ်း"
ထိုစကားကိုပြောလိုက်သူမှာ အသက်သုံးဆယ်အရွယ်ခန့်ရှိသော လူလတ်ပိုင်းကြီးတစ်ယောက်ပင်။ သူ၏ပါးစပ်ပတ်လည်တွက် မုတ်ဆိတ်မွှေးဗရပျစ်ရှိနေကာ ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများကို ပိုင်ဆိုင်ထားပေ၏။ သူ၏မျက်လုံးများထဲတွင် မှိုင်းညို့သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ့ရှေ့ရှိ ပြတင်းပေါက်နားတွင် အဘိုးအိုတစ်ဦးနှင့် အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ဦး ထိုင်နေသည်။ သူတို့သည် တစ်စုံတစ်ယောက် ရောက်လာပြီး သူတို့ကို အတင်းအကြပ် နေရာဖယ်ခိုင်းလိမ့်မည်ဟု မျှော်လင့်မထားမိပုံပင်။ သူတို့နှစ်ယောက်သည် အနည်းငယ် ကြောင်အမ်းသွားပြီး ထိုလူလတ်ပိုင်းကြီးကို ကြည့်လိုက်ကြ၏။
"ငါတို့ ဖယ်ပေးရမယ်...ဟုတ်လား..."
အဘိုးအိုက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ခန်းမထဲတွင် နေရာလွတ် အမြောက်အများရှိနေသည်။ နေရာတိုင်းတွင် အနည်းဆုံး ထိုင်ခုံဆယ်ခုံကျော်ခန့် လွတ်နေပေ၏။ မည်သည်ကြောင့် ဤလူသည် သူတို့၏နေရာကို လုယူရန် လိုအပ်သနည်း...။
ထို့ပြင် လူများအားလုံးသည် ကူးပြောင်းသွားလာရန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး မကြာမီ ထွက်ခွာရတော့ပေမည်။
တစ်စုံတစ်ယောက်သည် နေရာလုလိုလျှင်ပင် အချိန်ကြာကြာထိုင်နိုင်မည် မဟုတ်ဘဲ ထွက်ခွာရတော့မည်။
"အမှန်ပဲ... ငါနဲ့ အစ်ကိုလျှူက ပြတင်းပေါက်နားမှာ ထိုင်မလို့...မင်းတို့ အခုချက်ချင်း ဖယ်ပေးစမ်း... ဒါဆိုရင် ငါက စိတ်ထဲထားတော့မှာ မဟုတ်ဘူး... တကယ်လို့ မင်းတို့က မလိုက်နာရင်တော့ နောက်ထပ်အခွင့်အရေး ရချင်မှရတော့မယ်ဆိုတာ မှတ်ထားစမ်း"
လူလတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
"ဒါက... ထိုင်ခုံတစ်ခုပဲလေ... ဟိုဘက်မှာလည်း ပြတင်းပေါက်တွေ ရှိတာပဲ မဟုတ်လား.."
အဘိုးအိုက နံဘေးတစ်ဘက်သို့ ညွှန်ပြလိုက်သည်။
ခန်းမထဲတွင် ပြတင်းပေါက်ပါသော နေရာလေးငါးနေရာခန့် ရှိနေပေ၏။ သူတို့ရှိနေသော နေရာသည် အကောင်းဆုံးဆိုလျှင်ပင် တခြားလူများ အတင်းအကြပ် လုယူရလောက်သည်အထိ မထိုက်တန်ချေ။
"ဘာအပိုစကားတွေ ပြောနေတာလဲ"
လူလတ်ပိုင်အရွယ် အမျိုးသားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ အဘိုးအိုကို ပါးဖြတ်ရိုက်လိုက်၏။
"ဖြန်း..."
ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ အဘိုးအိုသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ပါးရိုက်ခံလိုက်ရသဖြင့် သူ၏မျက်နှာတပြင်လုံး တုန်ခါသွားပြီး အနီရောင် လက်ဝါးရာကြီး စွဲထင်ကျန်ရစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် မြေကြီးပေါ်သို့ လဲကျသွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာပေ၏။
"အဘိုး... အဘိုး..."
ကလေးငယ်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
"ကောင်စုတ်လေး... ဘေးဖယ်စမ်း"
အဘိုးအိုကို ပါးရိုက်ပြီးနောက် လူလတ်ပိုင်းကြီးသည် ထိုနေရာတွင်ပင် မရပ်တန့်ဘဲ ရှေ့သို့ဆက်တိုးလာကာ ကလေးငယ်ကို စူးစိုက်၍ကြည့်လိုက်သည်။
"အဘိုးကို မလုပ်ပါနဲ့..ခင်ဗျားက လူဆိုးကြီးပဲ.."
ကလေးငယ်က အဘိုးအို၏ရှေ့တွင် မတ်တတ်ရပ်ကာ စိုးရိမ်ပူပန်တကြီး အော်ဟစ်သည်။
"လူဆိုးကြီး ဟုတ်လား...မိုက်မဲတဲ့ အရူးလေး .."
လူလတ်ပိုင်းကြီးက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ကလေးငယ်ကို ကန်ထုတ်လိုက်သည်။
ကလေးငယ်သည် နောက်သို့လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသည် သက်ကြီးရွယ်အိုများနှင့်ကလေးများကို ရိုက်နှက်သည်အား ကြည့်မနေနိုင်သော်လည်း အခြေအနေ၏ အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးသဖြင့် လောလောဆယ်တွင် ဝင်ရောက်စွက်ဖက်ရန် အဆင်မပြေဖြစ်နေသည်။
"ဟုန်အာ..."
သူ၏မြေးလေး အရိုက်ခံရလိမ့်မည်ဟု အဘိုးအို သည် ထင်မှတ်မထားခဲ့ပေ။ သူသည် အလျင်အမြန်ပြေးသွားပြီး ကလေးကို ထူမပေးလိုက်ကာ လူလတ်ပိုင်းကြီးကို သတိထား၍ကြည့်ရင်း နောက်ဆုတ်လိုက်သည်။
"ငါတို့ နေရာဖယ်ပေးပါမယ်... ငါတို့ တခြားနေရာကို သွားလိုက်မယ်..."
"အခုမှ ဖယ်ပေးမယ် ဟုတ်လား... နောက်ကျသွားပြီ"
လူလတ်ပိုင်းကြီးသည် မဲ့ပြုံးပြုံးရင်း ရှေ့သို့တိုးလာကာ သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ပြသသည့် ပြင်းထန်သော ဖိအားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။