ဟန်ဆောင်ခြင်း
Vol. 31 Ch. 370
"ငါတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် မင်းက လျော်ကြေးပေးရမယ်"
လူလတ်ပိုင်းကြီးက ပြောဆိုသည်။
"လျော်ကြေး... ငွေပေးရမှာလား"
အဘိုးအိုက သူ၏ဝတ်စုံထောင့်ကို ဆုပ်ကိုင်ပြီး မေးမြန်းလိုက်သည်။
"ဟုတ်တယ်... သိပ်အများကြီးတော့ မဟုတ်ပါဘူး... ကံကြမ္မာချပ်ပြား ၂၀၀၀ တည်းပါ...ဒါဆိုရင် ငါ ဒီကိစ္စကို ထပ်ပြီးအပြစ်မယူတော့ဘူး"
လူလတ်ပိုင်းကြီးက နှာခေါင်းရှုံ့လိုက်၏။
အဘိုးအို၏မျက်လုံးများတွင် အသနားခံလိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"နှစ်ထောင်တောင်လား... သခင်လေး... ကျွန်တော်နဲ့ကျွန်တော့်ရဲ့မြေးက သာမန်လူတွေပါဗျာ....ကျွန်တော်တို့မှာ ကံကြမ္မာချပ်ပြားတွေ အဲ့ဒီလောက်အများကြီး မရှိပါဘူး..."
"မရှိဘူး ဟုတ်လား....."
လူလတ်ပိုင်းကြီးက မျက်ခုံးပင့်လိုက်ပြီး သူ၏လက်ကိုဆန့်တန်းကာ အဘိုးအို၏လက်မှ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။ ထို့နောက် သူသည် ထိုအရာကို သူ၏ လက်ညှိုးနှင့်လက်မကြားတွင်ညှပ်ကာ အားဖြင့် ဖိချလိုက်သည်။
ဝုန်း....
သိုလှောင်လက်စွပ် ပေါက်ကွဲသွားပြီး ကံကြမ္မာချပ်ပြားများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာရာ အရေအတွက်အားဖြင့် နှစ်ထောင်တိတိ ရှိနေသည်။
ပိုင်ရှင်တစ်ဦး၏သိုလှောင်လက်စွပ် ပျက်စီးသွားသည်နှင့် တပြိုင်နက်တည်း အတွင်းမှ ပစ္စည်းများ အပြင်သို့ ထွက်ကျလာပေမည်။
"မင်းမှာ မရှိဘူးလို့ ပြောတယ်မလား... ဒီကံကြမ္မာချပ်ပြားတွေက ဘယ်ကနေ ရောက်လာတာလဲ"
လူလတ်ပိုင်းကြီးသည် သူ၏လက်ဝါးကို ညင်သာစွာ ဝှေ့ယမ်းပြီး ထိုကံကြမ္မာချပ်ပြားများကို သူ၏ကိုယ်ပိုင်သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးပြုပြီးတော့ အဲ့ဒီလို မလုပ်ပါနဲ့... ဒါတွေက ကျွန်တော်တို့ အရေးပေါ်သုံးဖို့ ပိုက်ဆံတွေပါ...ကျွန်တော်တို့ကို ပြန်ပေးပါ..."
အဘိုးအို၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး ပြန်လည်လုယူရန်အတွက် ကမန်းကတန်း လက်လှမ်းလိုက်သော်လည်း တစ်ဖက်လူက အခွင့်အရေး မပေးဘဲ သူ့ကို ကန်ထုတ်လိုက်သည်။
"ကျေးဇူးကန်းတဲ့ ခွေးကောင်... ငါက သနားညှာတာပေးခဲ့တာတောင် ပြန်ကိုက်ချင်သေးတယ်..."
ကံကြမ္မာချပ်ပြားများကို သိမ်းယူပြီးနောက် လူလတ်ပိုင်းကြီးသည် ဒေါသတကြီးအော်ငေါက်ကာ သူ၏နေရာသို့ ပြန်သွားထိုင်လိုက်၏။
အဘိုးအိုသည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်ကာ ဒူးထောက်ပြီး ထိုလူ၏ခြေထောက်ကို ဖက်တွယ်လိုက်သည်။
"သခင်လေး... ကျေးဇူးပြုပြီးတော့ ပြန်ပေးပါ... ဒါက တကယ့်ကို ကျွန်တော်တို့ရဲ့အသက်ကိုလကယ်တင်ဖို့ ငွေတွေပါ... ကျွန်တော်တို့ကိုလပြန်ပေးပါ..."
"ပါးစပ်ပိတ်ထားစမ်း"
အဘိုးအို၏အော်ဟစ်သံ ကျယ်လောင်လာပြီး လူအများမှ ကြည့်ရှုလာကြသဖြင့် လူလတ်ပိုင်းကြီး၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ သူသည် သူ၏လက်ကိုမြှောက်ကာ အဘိုးအိုကို ထပ်မံ၍ ရိုက်နှက်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ၏လက်ကို သံညှပ်ကဲ့သို့ ခိုင်မာသော လက်တစ်ဖက်က ရုတ်တရက် ဖမ်းဆုပ်ထားသည်ကို ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ထိုင်နေသော လူငယ်တစ်ယောက် ဖြစ်နေသည်ကို မြင်တွေ့မိသည်။
"ကောင်လေး... ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ အကြံပေးချင်တယ်...မဟုတ်ရင်တော့ မနက်ဖြန်ထွက်မယ့် နေမင်းကြီးကို မင်း မြင်ရတော့မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်"
လူလတ်ပိုင်းကြီးက သူ၏မျက်လုံးများကို ကျဉ်းမြောင်းပြီး ပြောဆိုသည်။
"ဟုတ်လား... ခင်ဗျားက မိုးလေဝသကို ထိန်းချုပ်နိုင်လို့လား... မနက်ဖြန် မိုးရွာမှာမလို့ အဲ့ဒီလို ပြောတာလား"
လူငယ်သည် ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့်အလား အပြုံးနှင့် တုံ့ပြန်သည်။
လူလတ်ပိုင်းသည် ဒေါသကြောင့် အသက်ရှူမွန်းကြပ်လုနီးပါးဖြစ်သွားကာ အေးစက်စက်လေသံဖြင့် ရှင်းပြလိုက်သည်။
"ငါ ဆိုလိုတာက မင်း ဒီနေရာမှာ သေသွားလိမ့်မယ်လို့ ပြောချင်တာပဲ"
လူငယ်က တုံ့ပြန်အဖြေပေးသည်။
"အော်... ဒါဆိုရင်တော့ ခင်ဗျား အတွေးလွန်နေပြီ...ကျွန်တော်က ကျန်းမာရေးကောင်းတယ်... ရောဂါဘယ ကင်းရှင်းတယ်..အချိန်တစ်ခုအထိတော့ အေးအေးဆေးဆေးနေနိုင်အုံးမှာပါ"
"မင်း မသေချင်ရင် ပေါက်ကရစကားတွေ ပြောနေတာကို ရပ်လိုက်တော့... အခုချက်ချင်း လွှတ်လိုက်စမ်း"
တစ်ဖက်လူသည် တမင်သက်သက် ရွဲ့ပြောနေကြောင်း သိရှိသွားသဖြင့် လူလတ်ပိုင်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်မှတဆင့် စွမ်းအားများကို ထုတ်ဖော်လိုက်၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိလေထု တုန်ခါသွားသည်။
"ဒီကောင်လေးတော့ သွားပြီ..."
"ဟိုလူက အဘိုးကြီးဆီမှာ ပိုက်ဆံအများကြီး ရှိတာမြင်လို့ တမင်ရန်ရှာတာ သိသာနေတာပဲလေ..."
"ဒီနေရာမှာ ဒီလိုလုပ်ရဲတာက သူတို့မှာ အားကိုးလောက်တဲ့ ကျောထောက်နောက်ခံ ရှိလို့နေမှာပဲ... ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုတဲ့လူတွေက တခြားမြို့က လာတဲ့လူတွေ များတယ်... ဘာလို့ သူက သူများကိစ္စမှာ ဝင်ပါပြီး ဒုက္ခရှာနေရတာလဲ"
ပတ်ဝန်းကျင်မှနေ၍ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။
လူအများ၏စကားကို လျစ်လျူရှုကာ လူလတ်ပိုင်းကြီးသည် သူ၏လက်ကို မြှောက်တင်ရန် ဆက်လက်၍ ကြိုးစားလိုက်သည်။ သို့ရာတွင် လူငယ်၏လက်သည် သူ၏လက်မောင်းတွင် ဂဟေဆော်ထားသည့်အလား မလှုပ်မယှက် ရှိနေပေ၏။ သူ၏စွမ်းအားများကို မည်မျှထိ အသုံးပြုစေကာမူ အရာမထင်ပေ။
"မင်းက ငါ့ရဲ့ကိစ္စထဲကို ဝင်ရှုပ်ရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး...မင်းမှာ အစွမ်းအစတချို့တော့ ရှိနေသားပဲ"
ထိုအချက်ကို နားလည်သဘောပေါက်သွားသဖြင့် လူလတ်ပိုင်းကြီးသည် မဲ့ပြုံးပြုံးလိုက်ပြီး ရုတ်တရက် သူ၏တခြားလက်တစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။
ဤအချိန်တွင် သူ၏လက်ထဲ၌ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် မီးခိုးရောင် ဓားမြှောင်တစ်ချောင်း ရှိနေသည်။ ဤသည်ကြောင့် သူ မတိုက်ခိုက်ရသေးခင်မှာပင် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ဖြစ်နေစေသည်။
လူငယ်ကမူ စိုးရိမ်ပုံမရဘဲ ထိုလက်ကို ညင်သာပေါ့ပါးစွာ ပုတ်လိုက်သည်။
သူ၏လှုပ်ရှားမှုသည် မြက်ခင်းပေါ်သို့ ဆင်းသက်လာသော ကြိုးကြာငှက် သို့မဟုတ် အစာကောက်နေသော ပျံလွှားငှက်ကဲ့သို့ ကျော့ရှင်းလှပပေ၏။ သူ၏လက်ဖြင့် ညင်သာစွာ ထိတွေ့လိုက်ရုံဖြင့် ထိုဓားမြှောင်သည် သူ၏လက်ထဲသို့ ရောက်ရှိသွားသည်။ နောက်ထပ်အချိန်တခဏတွင် "ဂျွတ်"ခနဲ အသံနှင့်အတူ ထိုလူလတ်ပိုင်းကြီး၏လက်မောင်းရိုး ကျိုးသွားသည်။
"အား..."
လူလတ်ပိုင်းကြီး၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်းက ငါ့ကို နာအောင်လုပ်ရဲတယ်ပေါ့... မင်းက သေချင်နေတာပဲ..."
သူသည် ဒေါသထွက်သွားကာ သူ၏ခြေထောက်ဖြင့် ထိုလူငယ်ကို ကန်ကျောက်လိုက်သည်။
သို့ရာတွင် သူ၏ခြေထောက်သည် တစ်ဖက်လူနှင့် မထိတွေ့လိုက်ရဘဲ သူ၏ဒူးခေါင်း လိမ်ခေါက်သွားကာ ခြေသလုံးရိုး ကျိုးသွားသည်။
လူလတ်ပိုင်းကြီး၏ရှေ့ရှိလူငယ်သည် အသက်ငယ်ရွယ်သော်လည်း သူ့ထံသို့ ဦးတည်လာသမျှ စွမ်းအားများကို ဝဲဂယက်တစ်ခုကဲ့သို့ ဝါးမြိုလိုက်ပြီး ပို၍ကြီးမားသော စွမ်းအားဖြင့် တန်ပြန်ပေးဆပ်လိုက်သည့်အလားပင်။
"မင်း..."
သူ ထပ်မံ၍ ဒဏ်ရာရရှိသွားသဖြင့် တစ်ဖက်လူ၏စွမ်းအားသည် သူ့ထက် များစွာပို၍သာလွန်ကြောင်း လူလတ်ပိုင်းကြီးက နားလည်သဘောပေါက်သွားသည်။ သို့ရာတွင် သူသည် ကြောက်ရွံခြင်းမရှိဘဲ နောက်သို့ဆုတ်ကာ အော်ဟစ်လိုက်၏။
"အစောင့်တွေ... ဒီနေရာကို လာကြစမ်း"
သူ၏အော်ဟစ်သံကြောင့် ကူးပြောင်းရေးဝင်္ကပါကို စောင့်ကြပ်နေသည့် သံချပ်ကာဝတ် အစောင့်တစ်စု ပြေးဝင်လာကြသည်။
"ဘာတွေဆူညံနေတာလဲ"
ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော အစောင့်ခေါင်းဆောင်တစ်ဦး လျှောက်လှမ်းလာသည်။
"တပ်မှူးရှန်ကို သတင်းပို့ပါတယ်... ကျွန်တော်က ဒီလူနှစ်ယောက်နဲ့ ကိစ္စလေးတစ်ခုကို ဆွေးနွေးနေတာပါ...အဆင်ပြေပြေ ပြောဆိုနေတုန်း ဒီကောင်က ရုတ်တရက် ဝင်ရောက်စွက်ဖက်ပြီးတော့ ကျွန်တော့်ကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့ပါတယ်... တပ်မှူးအနေနဲ့ ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်..."
လူလတ်ပိုင်းကြီးက ကမန်းကတန်း ပြောဆိုသည်။
'အဆင်ပြေပြေ ပြောဆိုနေတာ... ဝင်ရောက်စွက်ဖက်တာ... ဟုတ်လား'
လူငယ်ထံ၌ ပြောစရာစကား မရှိတော့ပေ။
လူများသည် အမှန်တရားကို လိုရာဆွဲပြောသည်အား သူ မြင်ဖူးသော်လည်း ဤမျှထိပြောင်ပြောင်တင်းတင်း လိမ်ညာခြင်းမျိုးကိုမူ သူ ပထမဆုံအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
ထိုလူငယ်မှာ ကျန်းရွှမ်မှလွဲ၍ တခြားလူ မဟုတ်ချေ။
တခြားလူများ၏ကိစ္စတွင် ဝင်ပါသည်မှာ မကောင်းသည်အား သူ သိထားသော်လည်း သူ၏မျက်စိရှေ့တွင် အားနည်းသူများ အနိုင်ကျင့်ခံနေရသည်ကို သူ ထိုင်ကြည့်မနေနိုင်ခဲ့ပေ။
"ဒီလူက သူ့ရဲ့ခွန်အားကို သုံးပြီးတော့ တခြားလူတွေကို အနိုင်ကျင့်တယ်....သူတို့ရဲ့ပစ္စည်းတွေကို လုယူတယ်...ငါက ကြည့်မနေနိုင်လို့ ဝင်တားမိတာပါ..."
ကျန်းရွှမ်က အတိုချုပ်ရှင်းပြလိုက်သည်။
"တပ်မှူး... သူ လိမ်နေတာပါ...တပ်မှူးက ကျွန်တော့်ကို သိတာ နှစ်တွေအများကြီးကြာပြီပဲ... ကျွန်တော်က စည်းမျဥ်းဥပဒေကို အမြဲတမ်း လိုက်နာတယ်ဆိုတာ တပ်မှူးလည်း သိတာပဲလေ...ကျွန်တော်က ကြက်တစ်ကောင်ကိုတောင် မသတ်ရဲတာ... ဘယ်လိုလုပ်ပြီးတော့ လူတစ်ယောက်ကို အနိုင်ကျင့်ရဲမှာလဲ.... မယုံရင် သူတို့ကို မေးကြည့်ပါ"
လူလတ်ပိုင်းကြီးသည် သူ၏နံဘေးရှိ အဘိုးအိုနှင့်ကလေးငယ်တို့ကို ကြည့်လိုက်ပြီး သူ၏အသံတွင် ပြင်းထန်သော ခြိမ်းခြောက်မှုများ ရောယှက်နေသည်။
"တပ်မှူးရှန်ကို ပြောလိုက်စမ်း... ငါ မင်းတို့ကို အနိုင်ကျင့်ခဲ့မိလို့လား...မင်းတို့အမှန်အတိုင်း ပြောရမယ်... တကယ်လို့ မင်းတို့သာ ငါ့ကို မဟုတ်မမှန် စွပ်စွဲရင် နတ်ဘုရားတွေတောင် မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
"ဒါက..."
သူ၏ခြိမ်းခြောက်သံကို ကြားလိုက်ရသဖြင့် အဘိုးအိုသည် ကလေးငယ်ကို ဖက်ထားလိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။
"မကြောက်ပါနဲ့... ခင်ဗျားတို့ အမှန်အတိုင်းသာ ပြောပါ...တကယ်တမ်းကျ ဘာတွေဖြစ်ခဲ့တာလဲ"
လူလတ်ပိုင်းကြီး၏ ခြိမ်းခြောက်သံကို မသိချင်ယောင်ဆောင်ပြီး တပ်မှူးရှန်က ဂရုမစိုက်သည့်လေသံဖြင့် မေးမြန်းသည်။
"ကျွန်တော်တို့ မြေးအဘိုးက ဒီသခင်လေးနဲ့ ဆွေးနွေးစရာ ကိစ္စလေးရှိလို့ပါ... အဲ့ဒါက... အနိုင်ကျင့်တာ မဟုတ်ပါဘူး..."
အဘိုးအိုသည် အံ့တင်းတင်းကြိတ်ကာ နောက်ဆုံးတွင် စကားပြောဆိုလိုက်သည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အဘိုး... သူ ခြိမ်းခြောက်တာကို မကြောက်ပါနဲ့... ကျွန်တော် ရှိနေသရွေ့ အဘိုးတို့အတွက် တရားမျှတမှုကို ရအောင် ယူပေးမှာပါ..."
"သူက ကျွန်တော်တို့ကို ခြိမ်းခြောက်တာ မဟုတ်ပါဘူး.. ဒီလူကသာ အမြဲတမ်း ဝင်ရှုပ်နေတာပါ..."
အဘိုးအို၏မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး ပျာပျာသလဲ ပြောဆိုသည်။
"တပ်မှူးရှန် ကြားတဲ့အတိုင်းပဲ...ဒီကောင်က စည်းမျဉ်းတွေကို လစ်လျူရှုပြီး ကျွန်တော့်ကို ဒီနေရာမှာ တိုက်ခိုက်ခဲ့တာ... သူ့ရဲ့ပြစ်မှုတွေက တကယ့်ကို ကြီးလေးပါတယ်"
အဘိုးအိုက ထိုသို့ပြောဆိုသည်ကို မြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီးသည် စိတ်အေးသွားပြီး သူ၏မျက်လုံးများတွင် သရော်တော်တော်အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"အလုံးစုံသိမြင်ဂိုဏ်းရဲ့အာဏာကို ခိုင်မာဖို့အတွက် သူ့ကို သင်ခန်းစာပေးဖို့ အရေးယူပေးပါအုံး...."
"ဟမ့်"
တပ်မှူးရှန်က အေးစက်စက် နှာမှုတ်ပြီး သူ၏လက်ကို မြှောက်လိုက်သည်။
"ဒီကောင့်ကို ဖမ်းဆီးပြီးတော့ သေသေချာချာ စစ်ဆေးမေးမြန်းကြစမ်း"
ကျန်းရွှမ်က ရှင်းပြလိုက်သည်။
"သူတို့ရဲ့ပစ္စည်းတွေကို လုယူသွားတာ ဒီလူပါ... ကျွန်တော်က စေတနာနဲ့ ဝင်တားပေးရုံပဲ..."
တပ်မှူးရှန်က အေးစက်စက် မျက်နှာအမူအယာဖြင့် ကျန်းရွှမ်ကိုကြည့်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဖိအားပေးသောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းက ငါ မင်းကို အကွက်ဆင်နေတယ်လို့ ဆိုလိုချင်တာလား"