စုမိသားစု ရောက်ရှိလာခြင်း။ အင်အားကြီး အဖွဲ့အစည်းသုံးခုကား တည်ရှိနေရန် မလိုအပ်တော့ချေ။
Vol. 6 Ch. 73
တာယန်မြင့်မြတ်နယ်မြေ၏ သခင်သည် စုရွှမ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး သူ့အား စိုးရိမ်တကြီးဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။
စုရွှမ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသည်ကို တွေ့မှသာ သူသည် သက်ပြင်းချနိုင်တော့၏။
“စုရွှမ်... မင်း ဘာမှမဖြစ်ဘူး မဟုတ်လား...”
တာယန်ဘိုးဘေးကြီးက စုရွှမ်ကို ကြည့်၍ မေးလိုက်သည်။
“အရှေ့ပိုင်းစွန့်ပစ်နယ်မြေက အင်အားကြီးအဖွဲ့အစည်းတွေ အားလုံး ကြေးဝါအမတနန်းတော်ရှိရာ အရိုင်းကန္တာရဘက်ကို ဦးတည်သွားနေကြတယ် ကြားတော့ မင်းကောင်လေး ပြဿနာတက်ပြန်ပြီဆိုတာ ငါသိလိုက်တယ်... ဒါနဲ့ ချက်ချင်းပဲ လိုက်လာခဲ့တာ...”
စုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“မြင့်မြတ်သခင်... ကျွန်တော် ဘာမှမဖြစ်ပါဘူး... သူတို့ရဲ့ ကောင်းကင်ပါရမီရှင်တွေပဲ သေဆုံးသွားတာပါ...”
“မင်း သတ်လိုက်တာလား...”
တာယန်မြင့်မြတ်နယ်မြေ သခင်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်၏။
စုရွှမ်၏ ပြဿနာရှာနိုင်စွမ်းကို သူ လုံးဝ သံသယမဝင်ချေ။ သူ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ အံ့ဩစရာ မရှိတော့ပေ။
“မဟုတ်ဘူး... ကျွန်တော် အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်တွေကို မသတ်ပါဘူး... သိပ်မရင်းနှီးတဲ့သူ တချို့ကိုပဲ သတ်လိုက်တာပါ... . နဂါးဘိုးဘေးသိုက်၊ ရွှေတောင်ပံငှက်က်မျိုးနွယ်နဲ့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း က ဆက်ခံသူတွေလိုမျိုးပေါ့...”
စုရွှမ်၏ စကားသံမှာ အလွန်တရာ တည်ငြိမ်နေပြီး သာမန်အဖြစ်အပျက်တစ်ခုကို ပြောပြနေသည့်အလားပင် ရှိနေ၏။
“ဘာလား... နဂါးဘိုးဘေးသိုက်... ရွှေတောင်ပံငှက်မျိုးနွယ်... အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း... အဲဒီအင်အားကြီး အဖွဲ့အစည်းသုံးခုလုံးက အလွန်တရာ အင်အားကြီးမားတဲ့ နေရာတွေပဲ...”
သူတို့၏ ဆက်ခံသူများမှာ အလယ်ပိုင်းဒေသတွင်ပင် အထွတ်အထိပ်ဟု သတ်မှတ်နိုင်သည်။
အထူးသဖြင့် အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်းတွင် နှစ်ပေါင်းမည်မျှကြာအောင် ကောင်းကင်ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခြင်း မရှိခဲ့သည်ကို မည်သူမျှ မသိချေ။ ယခုတစ်ကြိမ် ထွက်ပေါ်လာခဲ့သော်လည်း ၊ သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသလော။
တာယန်ဘိုးဘေးကြီးမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး စုရွှမ်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်၏။
“ဒီနေရာမှာ ခုနက တိုက်ပွဲကြီး ဖြစ်သွားသေးတာလား...”
တာယန်မြင့်မြတ်နယ်မြေ သခင်သည် ပတ်ဝန်းကျင် အခြေအနေကို အာရုံခံကြည့်လိုက်ရာ ဤသဲကန္တာရမြေပြင်တစ်ခုလုံးတွင် မခြောက်သေးသော သွေးကွက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။
“ဟုတ်တယ်... အင်အားကြီး အဖွဲ့အစည်းသုံးခုက လူတွေက ကျွန်တော့်ကို သတ်ချင်နေကြတာ...”
စုရွှမ်က တည်ငြိမ်စွာ ဆို၏။
“ဒါဆို... မင်း သူတို့အားလုံးကို သတ်ပစ်လိုက်တာလား...”
တာယန်မြင့်မြတ်နယ်မြေ သခင်၏ မျက်လုံးသူငယ်အိမ်များ ကျယ်သွားပြီး စုရွှမ်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
အင်အားကြီး အဖွဲ့အစည်းသုံးခုမှ ရောက်ရှိလာသူများ၏ ခွန်အားမှာ မသေးလှပေ။ မျိုးဆက်သစ် လူငယ်များအနေဖြင့် ယှဉ်ပြိုင်နိုင်သော အဆင့်မဟုတ်ချေ။
သို့သော် စုရွှမ်သည် သူတို့အားလုံးကို သတ်ပစ်ခဲ့လေသလော။
ဤသည်မှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှ၏။
“ရွှမ်အာ...”
“ စုရွှမ်...”
ရုတ်တရက် လေဟာနယ်ထဲတွင် စိုးရိမ်ပူပန်သော အသံအချို့ ထွက်ပေါ်လာပြန်သည်။
လေဟာနယ်သည် ကွဲအက်သွားပြီး စုမိသားစုမှ လူများ ရောက်ရှိလာကြ၏။ စုယွင်ထျန်း၊ စုလင်းထျန်းနှင့် စုရွှမ်ကျီတို့ ဖြစ်ကြသည်။
သူတို့သုံးဦး ရောက်ရှိလာသည်နှင့်အတူ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲသွားစေသည်။
“အဖေ... ဦးလေးနှစ်... ဘိုးဘေးတစ်ဆယ့်ရှစ်...” စုရွှမ်၏ မျက်လုံးများသည် အရောင်တောက်သွားပြီး ရင်းနှီးစွာ ခေါ်ဆိုလိုက်သည်။
“အဖေ... ဦးလေးနှစ်... ဘိုးဘေးတစ်ဆယ့်ရှစ်...”
လမ့်ရိုလီကလည်း စုရွှမ်နှင့်အတူ လိုက်ခေါ်လိုက်၏။
“ရွှမ်အာ... ရိုလီ... အဖွဲ့အစည်းတော်တော်များများက မင်းတို့ကို ဝိုင်းတိုက်ဖို့ လာနေကြတယ်လို့ ကြားတယ်... ဘယ်လိုလဲ... ဘာဖြစ်သွားသေးလဲ...”
စုယွင်ထျန်းသည် သားဖြစ်သူနှင့် ချွေးမဖြစ်သူကို ကြည့်၍ အနည်းငယ် စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
“အဖေ... ကျွန်တော် ဘာမှမဖြစ်ပါဘူး... ရိုလီလည်း ဘာမှမဖြစ်ဘူး... ကျွန်တော် သူ့ကို ကောင်းကောင်းကာကွယ်ပေးထားတယ်...”
စုရွှမ်က ပြုံး၍ ဆို၏။
စုယွင်ထျန်းသည် စုရွှမ်၏ ဘေးတွင် ရပ်နေသော သူ၏ လိမ္မာသည့် ချွေးမလေးကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။
“ဒီတစ်ခေါက်တော့ မင်းကောင်လေး တော်တယ်လို့ ဆိုရမယ်...”
“စုရွှမ်... ဘယ်အင်အားကြီး အဖွဲ့အစည်းတွေက မင်းကို ရန်ရှာရဲတာလဲ...”
ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်သော ခက်ထန်သည့် အသံတစ်ခု ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွား၏။
ထိုသူမှာ စုရွှမ်ကျီပင် ဖြစ်သည်။
သူသည် ယခင်အတိုင်းပင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်အသွင်ဆောင်ကာ ထူးခြားသော အရှိန်အဝါရှိပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှနက်ရှိုင်းသည်ကို မခန့်မှန်းနိုင်ချေ။
သို့သော်လည်း ယခုအခိုက်အတန့်တွင် စုရွှမ်ကျီ၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်နေ၏။
စုရွှမ်သည် သူ စုရွှမ်ကျီ၏ မျိုးဆက်ဖြစ်သည်ကို သိလျက်ဖြင့် ရန်ရှာဝံ့သလော။
ဒီအဖွဲ့အစည်းက ကောင်တွေ တာအိုရွှမ်ကမ္ဘာမှာ ဆက်ပြီး မနေချင်တော့တာလား...
“ဘိုးဘေး ၁၈ ... ဒီတစ်ခေါက် ကျွန်တော့်ကို လာရှာတဲ့ အဖွဲ့အစည်းတွေက အများကြီးပဲ...”
ထွက်သွားတဲ့သူတွေကိုတော့ ထားလိုက်ပါတော့... ကျန်ခဲ့တာတွေကတော့ နဂါးဘိုးဘေးသိုက်၊ ရွှေတောင်ပံငှက်မျိုးနွယ်နဲ့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်းတို့ပဲ...”
စုရွှမ်ကျီ၏ မေးမြန်းမှုကို ကြားလိုက်ရချိန်တွင် စုရွှမ်၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။
“ဘိုးဘေး ၁၈ ... သူတို့က ဘယ်လောက်တောင် ရက်စက်သလဲ...ကျွန်တော့်မှာ သေတော့မလိုတောင် ဖြစ်သွားခဲ့တာ... ဟင့်... ဟင့်...”
“ဘာ... သေတော့မလိုတောင် ဖြစ်သွားတယ်... သတောင်းစားတွေ... ဒီအင်အားကြီး အဖွဲ့အစည်းသုံးခုက တကယ်ပဲ ဒယ်အိုးက ဘာလို့ သံနဲ့လုပ်ထားတယ်ဆိုတာ မသိကြဘူးထင်တယ်...”
မင်းကို ရန်ရှာရဲတယ်ပေါ့... မင်းသာ သေသွားရင် ဘယ်သူက ငါ့ကို အရက်လာပို့တော့မှာလဲ...”
စုရွှမ်မှာ စကားလုံးများပင် ပျောက်ဆုံးသွား၏။
ဘိုးဘေး ၁၈ သည်မှာ သူသေသွားခဲ့လျှင်ဖြင့် ၎င်းအား အရက်ပို့ပေးမည့်သူ မရှိတော့သည့်အတွက်ကြောင့် ဤမျှ ဒေါသထွက်နေခြင်း ဖြစ်လေသလော။
မည်သို့ပင်ဖြစ်စေ စုရွှမ်၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာ၏။
သူ့အပေါ်ထားရှိသော ဘိုးဘေးတစ်ဆယ့်ရှစ်၏ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုမှာ သံသယဖြစ်စရာပင် မလိုချေ။
“ဒီနေ့အတွင်း ဒီအင်အားကြီး အဖွဲ့အစည်းသုံးခုက တောက်ရွှမ်ကမ္ဘာကနေ နာမည် ပျက်သွားစေရမယ်...”
“ငါ စုရွှမ်ကျီ အာမခံတယ်....”
စုရွှမ်ကျီ၏ စကားသံဆုံးသည်နှင့် သူ၏ အရိပ်မှာ ထိုကောင်းကင်နှင့် မြေကြီးကြားမှ ချက်ချင်း ပျောက်ကွယ်သွား၏။
“ရွှမ်အာ... ဒီတစ်ခေါက် မင်း ကြေးဝါအမတနန်းတော်ကို သတိလက်လွတ် ဝင်သွားတာက တော်တော်လေး စွန့်စားရာကျတယ်... နောက်တစ်ခါဆိုရင် ငါတို့ကို အရင်ပြောပြသင့်တယ်...”
စုယွင်ထျန်းသည် စုရွှမ်ကို ဂရုစိုက်သော လေသံဖြင့် ပြောလိုက်သည်။
စုရွှမ်က ခေါင်းညိတ်လိုက်သည်။ “သိပါပြီ အဖေ...”
သူတို့ အတန်ကြာအောင် စကားစမြည်ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
မထွက်ခွာမီတွင် စုယွင်ထျန်းက စုရွှမ်နှင့် လမ့်ရိုလီကို အိမ်သို့ မကြာခဏ ပြန်လာလည်ရန် မှာကြားလိုက်သေးသည်။
“ရိုလီ... မင်းလည်း သွားတော့မှာလား...”
စုရွှမ်က သူ၏ ရှေ့မှ လှပသော အရိပ်လေးကို စိုက်ကြည့်၍ မေးလိုက်သည်။
“သွားတော့မယ်... ကျင့်ကြံဖို့ ပြန်ရမယ်... နောက်တစ်ခေါက် တွေ့ရင်တော့ မင်းကို ငါ မဖြစ်မနေ ချုပ်နှောင်ပြမယ်...”
လမ့်ရိုလီ၏ အသံမှာ ယခင်အတိုင်းပင် အေးစက်နေ၏။
စုရွှမ်မှာမူ ခပ်ဖွဖွ ပြုံးလိုက်သည်။
ငါ စောင့်နေမယ်...
မကြာမီပင် နဂါးဘိုးဘေးသိုက်နှင့် ရွှေတောင်ပံ ဌက်မျိုးနွယ်တို့ ပျက်သုဉ်းသွားသည့် သတင်းသည် အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ထိုသတင်းသည် တောက်ရွှမ်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်းမှာမူ သူတို့၏ အမွေအနှစ်မှာ အလွန်တရာ ရှည်လျားသည့်အတွက်ကြောင့် လုံးဝ ပျက်သုဉ်းမသွားခဲ့ချေ။
သို့သော်လည်း အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း၏ ဘုန်းကြီးကျောင်းထိုင်မှာ သေဆုံးသွားခဲ့ပြီး ထိုအတွင်းမှ သံဃာများ မည်မျှ သေဆုံးသွားသည်ကို မည်သူမျှ မသိချေ။ အမွေအနှစ်မှာ တစ်ဝက်မက ပြတ်တောက်သွားခဲ့သည်။
ဤသတင်းကြောင့် မရေမတွက်နိုင်သော အဖွဲ့အစည်းများမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ဘယ်သူလဲ။
ဤမျှ ကြီးကျယ်သော လုပ်ရပ်ကို မည်သူက ပြုလုပ်နိုင်မည်နည်း။
အထွတ်အထိပ် အင်အားကြီး အဖွဲ့အစည်းသုံးခုအနက် နှစ်ခုမှာ ချက်ချင်း ပျက်သုဉ်းသွားပြီး တစ်ခုမှာ အမွေအနှစ်တစ်ဝက်မက ပြတ်တောက်သွားကာ ပျက်သုဉ်းလုနီးပါး အခြေအနေသို့ ရောက်ရှိသွားသည်။
အဖြေမှာ မကြာမီပင် ပေါ်ထွက်လာ၏။
ထိုသူမှာ မြောက်ပိုင်းနယ်မြေ ဧကရာဇ်မျိုးနွယ်စုမိသားစုမှ စုရွှမ်ကျီပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်သုံးထောင်က ကမ္ဘာပေါ်သို့ ရုတ်တရက် ပေါ်ထွက်လာပြီး တာအိုရွှမ်ကမ္ဘာတွင် ပြိုင်ဘက်ကင်းခဲ့သော ကြောက်မက်ဖွယ်ရာ ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်သည်။
ဤအဖြစ်အပျက်ပြီးနောက် စုရွှမ်ကျီ၏ အမည်မှာ တာအိုရွှမ်ကမ္ဘာ တစ်ခုလုံး၌ ကျော်ကြားသွားတော့သည်။
မြောက်ပိုင်းနယ်မြေ စုမိသားစု၏ ဂုဏ်သတင်းမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
ထိုအချိန်မှစ၍ တာအိုရွှမ်ကမ္ဘာတွင် စုမိသားစု၏ ဩဇာအာဏာကို မသိသူမရှိတော့ချေ။
စုမိသားစု၏ မျိုးဆက်သစ် ဆက်ခံသူ စုရွှမ်မှာ ကြေးဝါအမတနန်းတော်အတွင်း မျိုးဆက်သစ်လူငယ်များကို လွှမ်းမိုးနိုင်ခဲ့သည့် သတင်းမှာလည်း တာအိုရွှမ်ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
စုရွှမ်၏ အမည်သည် ကမ္ဘာတစ်ခွင်၌ ထပ်မံ ကျော်ကြားသွားခဲ့ပြန်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ယခုမှပင် သဘောပေါက်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ဦးမှာ စစ်မှန်စွာ ထွန်းတောက်လာခဲ့ပြီ ဖြစ်သည်။