ကျိဝူတောက်အား ချေမှုန်းခြင်း။
Vol. 6 Ch. 77
“ငါ့ မြင့်မြတ်နယ်မြေက လူကို ဒဏ်ရာရအောင် လုပ်ပြီးတော့ ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားချင်နေသေးတာလား...”
ထိုအခိုက်မှာပင် အေးစက်တည်ငြိမ်သော အသံတစ်ခုမှာ လေဟာနယ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။
ဤအသံမှာ ကျယ်လောင်ခြင်းမရှိသလို ထူးခြားခြင်းလည်းမရှိပေ။ သို့သော်လည်း ထိုနေရာရှိ မရေမတွက်နိုင်သော တာယန်တပည့်များကို ချက်ချင်းပင် ဆူပွက်သွားစေသည်။
“မြင့်မြတ်သားတော်ပဲ... မြင့်မြတ်သားတော် ရောက်လာပြီ...”
“ဟားဟားဟား... ကောင်လေး... မပြေးနဲ့ဦး... ငါတို့ရဲ့ မြင့်မြတ်သားတော် ရောက်လာပြီ...”
“မြင့်မြတ်သားတော်... သူ နောက်ဆုံးတော့ ရောက်လာပြီ...”
ချက်ချင်းပင် ရင်ပြင်တစ်ခုလုံးမှာ ကြီးမားသော ဆူညံသံများဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
ယခုအခါ စုရွှမ်မှာ တာယန်မြင့်မြတ်နယ်မြေ၏ မျှော်လင့်ချက်ဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သော တာယန်မြင့်မြတ်နယ်မြေ တပည့်များ၏ စိတ်ထဲမှ ယုံကြည်ကိုးကွယ်ရာပင် ဖြစ်နေ၏။
စုရွှမ် မသေလျှင် ယုံကြည်မှုလည်း မပျက်သုဉ်း။
စုရွှမ် ရှိနေသမျှ ကာလပတ်လုံး တာယန်မြင့်မြတ်နယ်မြေတွင် မည်သူမျှ မိမိကိုယ်ကို ပါရမီရှင်ဟု မခေါ်ဝံ့ချေ။
ဤသို့သော လှုပ်ရှားမှုများကြောင့် ကျိဝူတောက်မှာ အနည်းငယ် အံ့အားသင့်သွားပြီး လေဟာနယ်သို့ မော့ကြည့်လိုက်သည်။
ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့် အရိပ်တစ်ခုမှာ မားမားမတ်မတ် ရပ်တည်နေ၏။
ချက်ချင်းပင် ကျိဝူတောက်၏ မျက်လုံးသူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။
သူသည် လုံးဝ တုန်လှုပ်ခြောက်ခြားသွား၏။
ထိုအဖြူရောင်ဝတ်စုံနှင့် အရိပ်၏ နောက်ကွယ်တွင်၊ ဟွမ်သွမ့်ကြာပန်းစိမ်းက လောကသုံးထောင်ကို ဖန်ဆင်းနေသည်။
ခမ်းနားထည်ဝါသော တောင်တန်းများနှင့် မြစ်ချောင်းများမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
အမတဘုရင်က ကောင်းကင်ဘုံကိုးထပ်ထက်တွင် စံမြန်းနေခဲ့သည်။
ယင်ယန် သေခြင်းရှင်ခြင်း ပုံရိပ်ယောင်မှာ ထင်ရှားပေါ်ထွက်လာသည်။
အဆုံးမရှိသော နတ်အလင်းတန်းများက သူ၏ ကိုယ်ထည်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ထိုအဖြူရောင်ဝတ်စုံနှင့် အရိပ်ကို အလွန်တရာမျှ ထူးကဲသာလွန်စေကာ နတ်ပြည်မှ ဆင်းသက်လာသော နတ်မင်းတစ်ပါးအလား ထင်မှတ်စေ၏။
“လေး... လေးမျိုးတောင်... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုးတောင်... မင်းက... တာယန်မြင့်မြတ်သားတော်လား...”
စုရွှမ်၏ ဤအသွင်အပြင်ကို မြင်လိုက်ရသောအခါ ကျိဝူတောက်မှာ ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွား၏။
မဟာဧကရာဇ် ပုံရိပ်ယောင်တစ်မျိုး ရှိနေလျှင်ပင် ၊ အချိန်မတန်မီ မသေဆုံးသရွေ့ ဧကရာဇ် ဖြစ်လာမည်မှာ သေချာသည်။
သို့သော် သူ၏ မျက်စိရှေ့မှ တာယန်မြင့်မြတ်သားတော်မှာမူ မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုးတောင် ရှိနေခဲ့လေသလော။
ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။
အလယ်ပိုင်းဒေသ တစ်ခုလုံးတွင်ပင် ဤကဲ့သို့ကောင်းကင်ပါရမီရှင် နောက်တစ်ဦးကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဤအခိုက်အတန့်တွင် ကျိဝူတောက်၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ ကျောဘက်တွင် အေးစက်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူ့တွင် တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ခံစားမှုတစ်ခု ပေါ်ပေါက်လာ၏။ ထိုအရာကို... ကြောက်ရွံ့ခြင်းဟု ခေါ်ရပေမည်။
မှန်၏။ တိုက်ပွဲ မစတင်မီကပင် ကျိဝူတောက်မှာ စုရွှမ်အပေါ် ကြောက်ရွံ့စိတ် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
သူ့ကို အပြစ်တင်၍မရပေ။ စုရွှမ်၏ ဤအရှိန်အဝါမှာ အလွန်တရာ အားကောင်းလွန်းလှသည်။
ရှေးယခင်က မရှိခဲ့ဖူးသလို နောင်တွင်လည်း ရှိလာမည်မဟုတ်ချေ။
“မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး...”
ကျိဝူတောက်၏ နောက်မှ လူလတ်ပိုင်းနှစ်ဦးမှာ ကြောင်အစွာ ကြည့်နေကြပြီး သူတို့၏ ဦးနှောက်များမှာ ဗလာကျင်းသွားကာ စဉ်းစားတွေးခေါ်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
“သေစမ်း... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး...ဒါမှ မြင့်မြတ်သားတော် ကွ.. ဒီလို အရှိန်အဝါနဲ့ဆိုရင် ခုနကကောင်ကို ခြောက်လှန့်ရုံနဲ့တောင် သေသွားစေနိုင်တယ်...”
“မြင့်မြတ်သားတော်က နောက်တစ်ဆင့် တက်သွားပြီ... သူ့ရဲ့ အရှိန်အဝါကို လုံးဝ မမြင်နိုင်တော့ဘူး... ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး...”
“ဟားဟား... မြင့်မြတ်သားတော် ရောက်လာပြီဆိုတော့ ခုနကကောင် ထပ်ပြီး မောက်မာရဲသေးလား ကြည့်ရသေးတာပေါ့...”
တာယန်မြင့်မြတ်နယ်မြေမှ မရေမတွက်နိုင်သော တပည့်များမှာ စုရွှမ် ရောက်ရှိလာခြင်းကြောင့် စိတ်အားထက်သန်လာကြပြီး သူတို့၏ စိတ်ဓာတ်များမှာ ချက်ချင်းပင် တောက်လောင်လာကာ ခုနက ဖိနှိပ်ခံထားရမှုများကို တစ်ခါတည်း ရှင်းလင်းဖယ်ရှားပစ်လိုက်သည်။
“ငါနဲ့ တိုက်ခိုက်ချင်တာ မင်းလား...”
စုရွှမ်သည် လေဟာနယ်မှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ကျိဝူတောက်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာကာ သူ့ကို တည်ငြိမ်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
စုရွှမ်၏ လေသံမှာ အလွန်တရာ တည်ငြိမ်ပြီး သတ်ဖြတ်လိုစိတ်လည်းမရှိ၊ အေးစက်ခြင်းလည်းမရှိပေ။ သို့သော်လည်း ကျိဝူတောက်ကို ဖော်ပြရခက်သော အသက်ရှူကျပ်ခြင်းမျိုးကို ခံစားလိုက်ရစေသည်။
ကျိဝူတောက်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူ၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ဤဖိအားမှာ အလွန်ပင် အားကောင်းလွန်းသည် မဟုတ်လော။
“ဟုတ်တယ်...”
ကျိဝူတောက်က သူ၏ ကြောက်ရွံ့မှုကို မပေါ်လွင်စေရန် အစွမ်းကုန် ကြိုးစား၍ စုရွှမ်ကို ပြန်ဖြေလိုက်သည်။
စုရွှမ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
“မင်း သေချာလား...”
“သေချာတယ်...”
ကျိဝူတောက်က သူ၏ ယုံကြည်မှုကို မြှင့်တင်ရန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကောင်းပြီ... လာခဲ့...”
စုရွှမ်မှာ အပိုစကားမပြောတော့ဘဲ တိုက်ရိုက် ဆိုလိုက်၏။