ကျိဝူတောက်အား ချေမှုန်းခြင်း။ (၂)
Vol. 6 Ch. 78
စုရွှမ်၏ မျက်နှာအမူအရာမှာ အစမှအဆုံး မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ အလွန်တရာ တည်ငြိမ်နေ၏။
ကျိဝူတောက်မှာ သူ၏ မျက်စိထဲတွင် လုံးဝ ဖော်ပြရန် မထိုက်တန်သည့်အလား ရှိနေသည်။
“ဒီကောင်... သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုတောင် မမြင်ရပါလား... သူက... ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာလား...”
ကျိဝူတောက် စိတ်ထဲကနေ တွေးလိုက်သည်။
ဤသည်မှာ သူ စဉ်းစား၍ရသော တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်သည်။
နောက်တစ်မျိုးမှာမူ...
တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်က သူ့ထက် အများကြီး မြင့်မားနေခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့်အတွက် သူ ဦးစွာ ဖယ်ထုတ်လိုက်ပြီး ဖြစ်သည်။
အကြောင်းမှာ ကျိဝူတောက်ကိုယ်တိုင်က ချမ်းသွမ့်အဆင့် အထွတ်အထိပ်တွင် ရှိနေသောကြောင့် ဖြစ်သည်။
ဤကျင့်ကြံမှုအဆင့်မှာ အလယ်ပိုင်းဒေသ မျိုးဆက်သစ်လူငယ်များကြားတွင်ပင် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး ဤအရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ထိုစုရွှမ်မှာ ဤမျှ ငယ်ရွယ်ပြီး အနည်းငယ် နုနယ်သော အသွင်ပင် ရှိနေသေးရာ သူ၏ ကျင့်ကြံမှုအဆင့်မှာ သူ့ထက် မည်သို့ ပို၍ မြင့်နိုင်မည်နည်း။
မိခင်၏ဝမ်းဗိုက်ထဲမှ စတင်၍ ကျင့်ကြံခဲ့ရင်တော့ တစ်မျိုးပေါ့..
ကျိဝူတောက် မဆိုထားနှင့်၊ သူ၏ နောက်မှ လူလတ်ပိုင်းနှစ်ဦး၏ စိတ်ထဲတွင်ပင် သံသယများ ဖြစ်ပေါ်လာသည်။
သူတို့၏ မျက်စိရှေ့မှ ဤလူငယ်ကို လုံးဝ ထွင်းဖောက် မမြင်နိုင်ကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။
ဤသည်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှ၏။
သူတို့သည် အရှင်မြတ်အဆင့်ဖြစ်ပြီး အရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာရန် လုံလောက်ကြောင်း သင် သိထားရပေမည်။
သို့သော် ယခုအခါတွင် သူတို့မှာ လူငယ်လေးတစ်ယောက်ကြောင့် ရှုပ်ထွေးသွားကြသည်။
“သခင်လေး... ဒီလူက ထူးဆန်းတယ်... သတိထားတာ အကောင်းဆုံးပဲ...”
လူလတ်ပိုင်းနှစ်ဦးက ကျိဝူတောက်ကို လျှို့ဝှက် အသံလွှင့်၍ သတိပေးလိုက်သည်။
ကျိဝူတောက်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“စမယ်...” ကျိဝူတောက်က ဦးစွာ ဆိုလိုက်သည်။
စကားသံဆုံးသည်နှင့် ကျိဝူတောက်မှာ သူ၏ နတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် လေဟာနယ်မှာ တုန်ခါသွားပြီး အဆက်မပြတ် ကွဲအက်ကာ အဆုံးမရှိသော လေဟာနယ်ဓားသွားများက ထိုထဲမှ ထွက်ပေါ်လာသည်။
ဤလေဟာနယ်ဓားသွားများမှာ စုရွှမ်ထံသို့ အလွန်လျင်မြန်စွာ ဦးတည်လာပြီး ကောင်းကင်နှင့်မြေကြီးကို ထူထပ်စွာ ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအကွက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဤသည်မှာ ကျိမိသားစု၏ လေဟာနယ်ကျမ်းပင် ဖြစ်သည်။
ကျိမိသားစု၏ ဘိုးဘေးများတွင် ပြိုင်ဘက်ကင်း မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်ခဲ့ဖူး၏။
သူသည် အချိန်ကာလ၏ မြစ်ထဲတွင် သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ ထားခဲ့သော ဧကရာဇ်ကျမ်းမှာမူ အလွန်တရာ အားကောင်းသော အမွေအနှစ်တစ်ခု ဖြစ်သည်။
အထူးသဖြင့် လေဟာနယ်ခန္ဓာကို ပိုင်ဆိုင်ထားပါက လေဟာနယ်ကျမ်းကို အသုံးပြုသောအခါ စွမ်းအားမှာ ဆတိုး တိုးတက်လာပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဆိုနိုင်၏။
ကျိဝူတောက်ကဲ့သို့သော ကျိမိသားစု၏ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်မှာ ကျိမိသားစု မဟာဧကရာဇ်၏ သန့်စင်သော သွေးကြောကို ပိုင်ဆိုင်ထားသည်။
သူသည် လေဟာနယ်ကျမ်းကို အသက်သွင်းလိုက်သည်နှင့် စိတ်ကူး၍မရသော တိုက်ခိုက်စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ချမ်းသွမ့်အဆင့်ဖြင့်ပင် ဘုရင်အဆင့်ကို အနိုင်ယူ တိုက်ခိုက်နိုင်၏။
ဤအကြောင်းကြောင့်ပင် ကျိဝူတောက်သည် အလယ်ပိုင်းဒေသ အထွတ်အထိပ် မျိုးဆက်သစ် လူငယ်များကြားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ရခြင်း ဖြစ်သည်။
“မြင့်မြတ်သားတော်... သတိထားပါ...”
ကျိဝူတောက်၏ ဤကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါကို မြင်သောအခါ တာယန်မြင့်မြတ်နယ်မြေမှ တပည့်အချို့မှာ စိုးရိမ်သော မျက်နှာများဖြင့် စုရွှမ်ကို သတိပေးလိုက်ကြသည်။
စုရွှမ်မှာမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကမ္ဘာကို တုန်လှုပ်စေသော လက်သီးရောင်ခြည်တစ်ခု ထွက်ပေါ်လာလေ၏။
ဘုန်း...။
ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော လေဟာနယ်ဓားသွားများမှာ ချက်ချင်း ပြိုကွဲသွားပြီး အရိပ်တစ်ခုမှာ လွင့်ထွက်သွား၏။
ဘုန်း...။
လွင့်ထွက်သွားသော ထိုအရိပ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ဖုန်မှုန့်များ ထောင်းထောင်း ထသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အထူးသဖြင့် ကျိမိသားစုမှ လူလတ်ပိုင်းနှစ်ဦးမှာ ယခုအခါ၌ မျက်လုံးများ ပြူးကျယ်နေပြီး ကွင်းလယ်မှ တိုက်ပွဲရလဒ်ကို စိုက်ကြည့်နေကြရာ သူတို့၏ မျက်နှာများမှာ မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူတို့၏ သခင်လေး၊ ကျိမိသားစု၏ ဤမျိုးဆက်သစ် အသန်မာဆုံး ကောင်းကင်ပါရမီရှင်၊ လေဟာနယ်ခန္ဓာကို ပိုင်ဆိုင်ပြီး လေဟာနယ်ကျမ်းကို ကျင့်ကြံကာ အလယ်ပိုင်းဒေသ၏ အသန်မာဆုံး ကောင်းကင်ပါရမီရှင်များထဲမှ တစ်ဦး...
ယခုအခါတွင်မူ ၊ အရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ အဖွဲ့အစည်းတစ်ခု၏ မြင့်မြတ်သားတော်က သူ့အား တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့လေသလော။
ဤသည်မှာ စိတ်ကူး၍ပင် မရနိုင်ချေ။
“မင်း... ဘယ်လိုလုပ် ဒီလောက် အားကောင်းနိုင်ရတာလဲ...”
ကျိဝူတောက်မှာ မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ မျက်နှာတစ်ခုလုံးမှာ မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။
သူ ရှုံးနိမ့်သွားသည်တဲ့လား။
ထို့အပြင် ဤမျှ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့သည်။
လုံးဝ ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။