ခုနစ်ရက် ဆုတောင်းခြင်း။ ကျူးရှန်းဓား၊ တိုက်ခိုက်ခြင်းကျမ်းနှင့် မျက်လုံးနှစ်သွယ်။ (၁)
Vol. 6 Ch. 79
“ငါ့ရဲ့ အစွမ်းတစ်စိတ်တစ်ပိုင်းတောင် မသုံးရသေးဘူး... အလယ်ပိုင်းဒေသက ကောင်းကင်ပါရမီရှင်ဆိုတာလည်း ဒီလောက်ပါပဲ...”
တည်ငြိမ်သော အသံတစ်ခုမှာ လေဟာနယ်ထဲ၌ ထွက်ပေါ်လာ၏။ ထိုသူမှာ စုရွှမ်ပင် ဖြစ်သည်။
“အစွမ်းတစ်စိတ်တစ်ပိုင်းတောင် မသုံးရသေးဘူး... မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... မင်း ဒီလောက် အားကောင်းနိုင်စရာ အကြောင်းမရှိဘူး...”
ကျိဝူတောက်မှာ မျက်လုံးများ ပြူးကျယ်နေပြီး စုရွှမ်၏ စကားကို လုံးဝ မယုံကြည်နိုင်ချေ။
ဤတစ်ခဏအတွင်းမှာပင် ကျိဝူတောက်၏ ပြိုင်ဘက်ကင်း တာအိုစိတ်ဓာတ်မှာ စတင်၍ ယိမ်းယိုင်လာသည်။
ကျိဝူတောက်မှာ မြေပြင်မှ ပြန်ထလာရာ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆံပင်များမှာ ဖရိုဖရဲဖြစ်ကာ အလွန်တရာ အခြေအနေ ဆိုးရွားနေ၏။
သူသည် စုရွှမ်ကဲ့သို့သော ကောင်းကင်ပါရမီရှင်မျိုးကို တစ်ခါမျှ မမြင်ဖူးသလို ဤကဲ့သို့သော အားအကောင်းဆုံး မျိုးဆက်သစ်လူငယ်မျိုးကိုလည်း တစ်ခါမျှ ရင်ဆိုင်ခဲ့ဖူးခြင်း မရှိချေ။ သူ၏ စိတ်ဓာတ်မှာ အနည်းငယ် ကျဆင်းသွားသည်။
“မင်း ယုံချင်ယုံ၊ မယုံချင်နေ... ငါ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လိုပဲ... လက်တစ်ချောင်းနဲ့တင် ချေမွပစ်လို့ရတယ်...”
စုရွှမ်က အေးစက်စွာ ဆို၏။
အမှန်တကယ်တွင် စုရွှမ် ပြောနေသည်များမှာ အမှန်တရားများသာ ဖြစ်သည်။
ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော စုရွှမ်အတွက် မျိုးဆက်တူ ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရန်မှာ အလွန်တရာ လွယ်ကူသော ကိစ္စတစ်ခုဖြစ်ပြီး အနည်းငယ်မျှ အားစိုက်ထုတ်ရန် မလိုအပ်ချေ။
စုရွှမ်၏ စကားများမှာ ယခုအခါတွင် စူးရှသော ဓားသွားများကဲ့သို့ ကျိဝူတောက်၏ နှလုံးသားကို နက်ရှိုင်းစွာ စိုက်ဝင်သွား၏။
ကျိဝူတောက်မှာ သူ၏ နှလုံးသားတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ဖော်ပြရခက်သော ခံစားမှုတစ်ခုမှာ သူ၏ စိတ်ထဲသို့ ရုတ်တရက် တိုးဝင်လာ၏။ စိတ်ပျက်ခြင်း၊ ပြိုလဲခြင်း၊ အရူးအမူးဖြစ်ခြင်း...
“မဖြစ်နိုင်ဘူး... ငါမယုံဘူး... မင်း ဒီလောက် အားကောင်းမယ်ဆိုတာ ငါမယုံဘူး...”
ကျိဝူတောက်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများမှာ နီရဲနေကာ အရူးတစ်ယောက်နှင့်ပင် တူနေ၏။
“မကောင်းတော့ဘူး... သခင်လေးရဲ့ တာအိုနှလုံးသားပြိုလှဲနေပြီ...”
ကျိဝူတောက်၏ ဤအခြေအနေကို မြင်သောအခါ သူ၏ နောက်မှ လူလတ်ပိုင်းနှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
ကျိဝူတောက်မှာ ကျိမိသားစု၏ သခင်ငယ်ဖြစ်ပြီး ကျိမိသားစု၏ ဤမျိုးဆက်သစ် အသန်မာဆုံး ကောင်းကင်ပါရမီရှင် ဖြစ်သည်။
သူသာ ပြဿနာတစ်ခုခု ဖြစ်သွားပါက သူတို့နှစ်ဦးလည်း ကောင်းမွန်သော အဆုံးသတ် ရရှိမည် မဟုတ်ချေ။
ကျိမိသားစုရှိ အကြီးအကဲများ၏ တိုက်ရိုက် သတ်ဖြတ်မှုကို ခံရနိုင်သည်။
နှစ်ဦးသား ချက်ချင်းပင် တုံ့ပြန်လိုက်ကြပြီး ကျိမိသားစု၏ အာကာသတပ်ဖြန့်မှုကျင့်စဥ်ကို အလျင်အမြန် အသုံးပြုကာ ကျိဝူတောက်ကို ခေါ်ဆောင်၍ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“မြင့်မြတ်သားတော်... ကျွန်တော်တို့ လိုက်သင့်လား...” အကြီးအကဲက စုရွှမ်ကို မေးလိုက်သည်။
“မလိုပါဘူး... အဲဒီကောင်ရဲ့ တာအိုနှလုံးသားက ပျက်စီးသွားပြီ... နောက်ထပ် လှိုင်းလုံးကြီးတွေ ဖန်တီးနိုင်တော့မှာ မဟုတ်ဘူး...”
စုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ခဏရပ်တန့်ပြီးနောက် ထပ်ပြောလိုက်၏။
“သူ့နောက်ကွယ်က အဖွဲ့အစည်းကတော့... ဟားဟား... အရှေ့ပိုင်းစွန့်ပစ်နယ်မြေကို လက်စားချေဖို့ လာရဲတယ်ဆိုရင်တော့ ငါ့စုမိသားစုကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ဘူး...”
ဤစကားကို ပြောလိုက်သည်နှင့် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။
ဤသို့ ထူထပ်သော သတ်ဖြတ်လိုစိတ်ကြောင့် အကြီးအကဲမှာပင် တုန်လှုပ်သွားပြီး သူ၏ မျက်နှာမှာ ပြောင်းလဲသွားကာ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်-
မြင့်မြတ်သားတော် ဆိုတဲ့အတိုင်း… သတ်ဖြတ်လိုစိတ်က ဒီလောက်တောင် ပြင်းထန်သလား…
ကိစ္စများကို ဖြေရှင်းပြီးနောက် စုရွှမ်သည် တားမြစ်နယ်မြေသို့ ပြန်သွားပြီး ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်လိုက်သည်။
ယနေ့ ဖြစ်ပွားခဲ့သော ကိစ္စမှာမူ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ အလယ်ပိုင်းဒေသနှင့် တာအိုရွှမ်ကမ္ဘာတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားပြန်သည်။
တစ်ခဏအတွင်းမှာပင် ကမ္ဘာပေါ်မှ ကျင့်ကြံသူအားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
စုရွှမ်၏ အမည်မှာ မျိုးဆက်သစ်လူငယ်များကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
တစ်ကွက်တည်းဖြင့် ကျိဝူတောက်ကို ရှုံးနိမ့်စေခြင်း။
ဤသည်မှာ မည်မျှ အံ့မခန်းသော တိုက်ပွဲမှတ်တမ်း ဖြစ်သနည်း။
ထိုအချိန်မှစ၍ တောက်ရွှမ်ကမ္ဘာ၏ မျိုးဆက်သစ်လူငယ် အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များထဲတွင် လူတစ်ဦး ထပ်တိုးလာတော့သည်။
...
အလယ်ပိုင်းဒေသ၊ ကျိမိသားစု။
လင်းထိန်နေသော ခန်းမကြီးထဲတွင် လေထုမှာ အနည်းငယ် လေးလံနေသည်။
“ဘာဖြစ်တာလဲ... ဝူတောက်က အပြင်ခဏထွက်သွားရုံလေးပဲ... ဘယ်လိုဖြစ်လို့ ပြန်လာတော့ ဒီလိုဖြစ်နေရတာလဲ...”
မဟာသူတော်စင်တစ်ဦး ဖြစ်သည့် ကျိမိသားစု၏ သခင် ကျိချန်တောက်သည် ယခုအခါ၌ လေးနက်သော မျက်နှာဖြင့် လူလတ်ပိုင်းနှစ်ဦး၏ လက်ထဲတွင် ပွေ့ချီခံထားရသော ဆံပင်ဖရိုဖရဲနှင့် တဆတ်ဆတ်တုန်နေသော လူငယ်ကို ကြည့်နေ၏။
ဒါက... ငါ့ရဲ့သားတဲ့လား။
“သခင်ကြီး... သခင်လေးက...”
ကျိမိသားစု သခင် ကျိချန်တောက်၏ ဖိအားအောက်တွင် နှစ်ဦးသား၏ ခန္ဓာကိုယ်များမှာလည်း အဆက်မပြတ် တုန်ယင်နေပြီး ဖြစ်ပျက်ခဲ့သမျှကို အပြည့်အစုံ ပြန်လည် ပြောပြလိုက်ကြသည်။
နှစ်ဦးသား၏ ပြောပြချက်များကို နားထောင်ပြီးနောက် ကျိချန်တောက်၏ မျက်နှာမှာ ပို၍ မည်းမှောင်လာ၏။
ဂျွတ်...။
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျိချန်တောက်မှာ သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို တိုက်ရိုက် ချေမွပစ်လိုက်သည်။
“မင်းတို့ ပြောတာက ဝူတောက်ကို အရှေ့ပိုင်းစွန့်ပစ်နယ်မြေက အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းကင်ပါရမီရှင်က တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်လို့ တာအိုနှလုံးသာ ပျက်စီးသွားတယ်လို့ ဆိုလိုတာလား...”