အမတရှေးဟောင်းခေတ် ပေါ်ထွက်လာခြင်း၊ ဧကရာဇ်လမ်းစ ပွင့်ခြင်း
Vol. 6 Ch. 82
“ပါရမီရှင်တိုက်ပွဲကြီး...” စုရွှမ်၏ မျက်နှာမှာ အမူအရာမပြောင်းချေ “ဒါက သတင်းကောင်းလား...”
ပါရမီရှင်တိုက်ပွဲကြီးက သူ့နှင့် ဘာဆိုင်သနည်း။
ထိုပါရမီရှင်ဟု ခေါ်သောသူများမှာ သူ၏ရှေ့တွင် ဖော်ပြရန်ပင် မထိုက်တန်ချေ။
“ငါ စကားမဆုံးသေးဘူးလေ...”
တာယန်က ပြုံးလိုက်ပြီး စုရွှမ်၏ မာနကြီးမှုအပေါ် အနည်းငယ်မျှ မသက်မသာ မခံစားရဘဲ ဆက်ပြောလိုက်သည်
“ဒီတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီးရဲ့ ထိပ်ဆုံးတစ်ရာအတွက် ဆုလာဘ်ကတော့ အမတရှေးဟောင်းကမ္ဘာကို ဝင်ခွင့်ပဲ...”
“အမတရှေးဟောင်းကမ္ဘာ...”
စုရွှမ်၏ မည်းနက်ပြီး နက်ရှိုင်းသော မျက်ဝန်းများတွင် ရုတ်တရက် အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
သိသာထင်ရှားစွာပင် စုရွှမ်မှာ စိတ်ဝင်စားလာပြီ ဖြစ်သည်။
“မြင့်မြတ်သခင်... ကျွန်တော့်ကို အသေးစိတ် ရှင်းပြပေးလို့ ရမလား...” စုရွှမ်က ဆို၏။
အမတရှေးဟောင်းကမ္ဘာအကြောင်းကို စုရွှမ် သိရှိသော်လည်း များများစားစားတော့ မဟုတ်ချေ။
“အမတရှေးဟောင်းကမ္ဘာဆိုတာ လောကသုံးထောင်ရဲ့ အပြင်ဘက်မှာ သီးခြားတည်ရှိနေတဲ့ နေရာတစ်ခုပဲ... ရှေးဟောင်းနတ်ဘုရားမြေတစ်ခုပေါ့...”
“အထဲမှာ အဆုံးမရှိတဲ့ ရှေးဟောင်းမိစ္ဆာကောင်တွေ၊ ဧကရာဇ်တပိုင်းရဲ့ သားသမီးတွေ ပိတ်လှောင်ထားတာတွေ ရှိတယ်... ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ မျိုးဆက်ဦးတွေ အများကြီးတောင် ရှိသေးတယ်...”
“ပြီးတော့ အမတရှေးဟောင်းကမ္ဘာဆိုတာ အမျိုးမျိုးသော ကံကြမ္မာအခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ... အထဲမှာ သူတော်စင်လက်နက်တွေ၊ သူတော်စင်ဆေးတွေ၊ သိုင်းပညာတွေ၊ ရတနာကျမ်းတွေ...”
“ဧကရာဇ်လက်နက်တွေ၊ အမတနတ်ဆေးတွေနဲ့ ဒဏ္ဍာရီထဲက ကြောက်မက်ဖွယ် ရတနာကျမ်း ဆယ်ပါး တွေအထိ ရှိနိုင်တယ်...”
“တိုတိုပြောရရင် မင်း လိုချင်တဲ့အရာတွေကို အထဲမှာ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်...”
တာယန်မြင့်မြတ်သခင်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
တာယန်မြင့်မြတ်သခင်၏ စကားများကြောင့် စုရွှမ်၏ စိတ်နှလုံးမှာ အနည်းငယ် တုန်လှုပ်သွားသည်။
ဧကရာဇ်လက်နက်၊ အမတနတ်ဆေး၊ ကြောက်မက်ဖွယ် ဆယ်ပါး ရတနာကျမ်း... ဤအရာအားလုံးက စုရွှမ်ကို အလွန်တရာ တောင့်တစေ၏။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ဤအမတရှေးဟောင်းကမ္ဘာထဲမှ ကံကြမ္မာအခွင့်အလမ်းများသည် အမှန်ပင် ကြီးမားသော ဆွဲဆောင်မှု ရှိနေသည်။
ကမ္ဘာပေါ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသော မည်သည့်ကျင့်ကြံသူမဆို လက်လွှတ်ခံမည် မဟုတ်သည်မှာ သေချာသည်။
“အထဲမှာ မသေမျိုးဆေးတွေသာ လုံလုံလောက်လောက် ရှိမယ်ဆိုရင် ငါ့ရဲ့ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို လုံးဝ နိုးထအောင်တောင် လုပ်နိုင်တယ်...”
“အဲ့ဒီအခါကျရင် ငါ့ရဲ့ တိုက်ခိုက်စွမ်းအားက စိတ်ကူးမယဉ်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်သွားလိမ့်မယ်...”
“ဒါအကုန်ပဲ မဟုတ်သေးဘူး... အရေးအကြီးဆုံးအချက်က...”
တာယန်မြင့်မြတ်သခင်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ လေးနက်သော လေသံဖြင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။
“အမတရှေးဟောင်းကမ္ဘာ ပေါ်ထွက်လာရင် ဧကရာဇ်လမ်းစ ပွင့်လာလိမ့်မယ်...”
“ဧကရာဇ်လမ်းစ...” စုရွှမ်သည် အံ့အားသင့်သွားသည်။ “ဧကရာဇ်ဖြစ်တည်ခြင်း လမ်းစလား...”
တောက်ပသော မဟာခေတ်တွင်မှသာ ပွင့်လေ့ရှိသည်။
ယခုခတ်တွင် ဤမျှစောစီးစွာ ပွင့်လာသည်ကို ကြည့်လျှင် ဤခေတ်သည် မည်မျှ တောက်ပမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
“မှန်တယ်... အမတရှေးဟောင်းကမ္ဘာ ပွင့်ခြင်းဟာ များသောအားဖြင့် ဧကရာဇ်လမ်းစ ပေါ်ထွက်လာတာနဲ့ အတူတူပဲ... ဒါက အကြိုလေ့ကျင့်ခန်းတစ်ခုလိုပဲ... ဧကရာဇ်လမ်းစ ပွင့်လာဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုပေါ့... နေရာအသီးသီးက ကောင်းကင်ပါရမီရှင်တွေအတွက် ကိုယ့်ကိုယ်ကို မြှင့်တင်ပြီး အလားအလာတွေကို နှိုးဆွဖို့ အခွင့်အရေးတစ်ခုပဲ...”
“အမတရှေးဟောင်းကမ္ဘာ ပိတ်သွားတဲ့အခါ ဧကရာဇ်လမ်းစက တကယ်ကို ပွင့်တော့မှာ... အဲ့ဒီအခါကျမှ တကယ့် အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေရဲ့ တိုက်ပွဲအစစ်အမှန် စတင်မှာ...”
တာယန်မြင့်မြတ်သခင်က စုရွှမ်ကို ဂရုတစိုက် ရှင်းပြလိုက်သည်။
စုရွှမ်၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ဝင်းလက်သွားပြီး တာယန်မြင့်မြတ်သခင်၏ ဤရှင်းပြချက်ကို ကြားပြီးနောက် သူသည် နောက်ဆုံးတော့ အမတရှေးဟောင်းကမ္ဘာ၏ အရေးပါမှုကို နားလည်သွားသည်။
အမတရှေးဟောင်းကမ္ဘာသည် ဧကရာဇ်လမ်းစအတွက် ပြင်ဆင်ရန်ဖြစ်ပြီး အားကောင်းသော ကောင်းကင်ပါရမီရှင်များအတွက် ပံ့ပိုးပေးထားသော စင်မြင့်တစ်ခု ဖြစ်သည်။
လွဲချော်သွားလျှင် သို့မဟုတ် ထိုအတွင်းမှ ကံကြမ္မာအခွင့်အလမ်း မရရှိခဲ့ပါက...
နောင်တွင် ဧကရာဇ်လမ်းစ ပွင့်သောအခါ အောက်ကျနောက်ကျဖြစ်သွားနိုင်ပြီး ကျန်ရှိသော အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များနှင့် တစ်တန်းတည်း ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးသွားနိုင်ခြေ အလွန်များသည်။
“ဒါကြောင့်ပဲ... လွန်ခဲ့တဲ့တစ်ခေါက် ကြေးနီအမတနန်းတော် ပွင့်တုန်းက တောက်ရွှမ်နယ်မြေက ကောင်းကင်ပါရမီရှင်တွေအားလုံး အရှေ့ပိုင်းစွန့်ပစ်နယ်မြေကို မရောက်လာကြတာကိုး... သူတို့ ဒဏ်ရာမရချင်ဘူး... စွန့်စားမှုလည်း မလုပ်ချင်ကြဘူး... သူတို့ စောင့်နေကြတာ... အမတရှေးဟောင်းကမ္ဘာ ပွင့်လာမှာကို စောင့်နေကြတာ...”
စုရွှမ်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ချက် လက်သွားပြီး လွန်ခဲ့သောတစ်ခေါက် ကြေးနီအမတနန်းတော်၏ ကိစ္စကို ဆက်စပ်တွေးတောလိုက်သည်။
ကြေးနီအမတနန်းတော်ထဲတွင် အမတကံကြမ္မာ ပါဝင်သည်ဖြစ်ရာ ဤမျှလောက်သော အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များသာ ပေါ်ထွက်လာခြင်းမှာ ယုတ္တိမတန်ချေ။
ထိုအချိန်က စုရွှမ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်ခဲ့သေးသည်။
ယခု အမတရှေးဟောင်းကမ္ဘာ မကြာမီ ပွင့်တော့မည်ဟူသော သတင်းကို သိရှိသွားသောအခါ အရာအားလုံးမှာ ရှင်းလင်းသွားတော့သည်။
“ တောက်ရွှမ်ကမ္ဘာ ပါရမီရှင်တိုက်ပွဲကြီးမှာ ထိပ်ဆုံးတစ်ရာဝင်ရင် ဝင်ခွင့်ရပြီလား...”
စုရွှမ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဤသို့ဆိုလျှင် အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ရန်မှာ ထင်သလောက် မခက်ခဲလှသည် မဟုတ်လော။
သူ့အတွက်မူ မုချမသွေ ရရှိနိုင်မည် မဟုတ်လော။
“စုရွှမ်... ဒီအကြောင်းကိုတော့ မင်း မသိသေးဘူး... ပါရမီရှင်တိုက်ပွဲကြီး စတင်တာနဲ့ စစ်မှန်တဲ့ ကောင်းကင်ပါရမီရှင်တွေ ပေါ်ထွက်လာလိမ့်မယ်... အဲဒါက ငါတို့ အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်တွေနဲ့ လုံးဝ နှိုင်းယှဉ်လို့မရဘူး...”
“ပြီးတော့ ပါရမီရှင်တိုက်ပွဲကြီး စတင်တာနဲ့ တောက်ရွှမ်နယ်မြေတစ်ဝှမ်းက အင်အားကြီးအဖွဲ့အစည်းတွေ ဖုံးကွယ်ထားတဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တွေလည်း ထွက်ပေါ်လာကြတော့မှာ...”
“ငါသိရသလောက်တော့ ဒီတစ်ခေါက် တောက်ရွှမ်နယ်မြေ ပါရမီရှင်တိုက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျင့်ကြံသူက တစ်သန်းလောက် ရှိတယ်...”
ဘုရားရေ...
ထိုစကားကို ကြားသောအခါ စုရွှမ်၏ မျက်လုံးသူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး အသက်ရှူမှားသွားမတတ် ဖြစ်သွားသည်။
ကျင့်ကြံသူ တစ်သန်းတဲ့လား။
တောက်ရွှမ်နယ်မြေ တွင် ကောင်းကင်ပါရမီရှင်များ ဤမျှ များပြားလေသလော။
“စုရွှမ်... မင်းသာ သွားချင်တယ်ဆိုရင် ငါတို့ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာယန်မြင့်မြတ်နယ်မြေကို ကိုယ်စားပြုပြီး သွားပါ... မင်း ကြိုးစားလိုက်ရင် ထိပ်ဆုံးတစ်ရာထဲဝင်ဖို့ အခွင့်အရေး အတော်လေး ရှိမယ်လို့ ယုံကြည်တယ်...”
တာယန်မြင့်မြတ်သခင်က စုရွှမ်ကို ဤသို့ ဆိုလိုက်သည်။
“မြင့်မြတ်သခင်... ကျွန်တော် ပထမရနိုင်မယ်လို့ မယုံကြည်ဘူးလား...”
စုရွှမ်၏ နှုတ်ခမ်းထောင့်များ ညင်သာစွာ ကွေးတက်သွားပြီး ပြုံး၍ ဆိုလိုက်သည်။
သူ၏ ပန်းတိုင်မှာ ပထမသာဖြစ်ပြီး ပထမသာ ဖြစ်ရမည်။
ဤသည်မှာ စုရွှမ်၏ မိမိကိုယ်ကို ယုံကြည်မှုပင် ဖြစ်သည်။
သို့သော်...
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။
တာယန်မြင့်မြတ်သခင်မှာ အတန်ကြာအောင် တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မဆိုချေ။
ခဏအကြာတွင်မှ၊
“ပထမ...”
တာယန်မြင့်မြတ်သခင်၏ မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားပြီး ခေါင်းခါယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး... ပါရမီရှင်တိုက်ပွဲကြီးဆိုတာ တောက်ရွှမ်နယ်မြေ တစ်ခုလုံးက အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေ စုဝေးရာနေရာပဲ... တကယ့်ကို မြစ်ချောင်းအသွယ်သွယ် ပေါင်းဆုံရာ ပင်လယ်ကြီးလိုပဲ... အားနည်းတဲ့သူ တစ်ယောက်မှ မရှိဘူး...”
“အရင်က ငါ တစ်ခေါက် သွားခဲ့ဖူးတယ်... ထိပ်ဆုံးတစ်ထောင်ထဲတောင် မဝင်နိုင်ခဲ့ဘူး... နောက်ကွယ်က မြင်ကွင်းတွေကို လုံးဝ မမြင်ခဲ့ရဘူး...”
တာယန်မြင့်မြတ်သခင်မှာ တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သောအမူအရာများ ပေါ်လာပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက်မှ ဆက်ပြောလိုက်သည်
“အဲဒီက ပါရမီရှင်တွေကို ငါ့ဘဝမှာ ဒုတိယအကြိမ်တောင် ပြန်မတွေ့ချင်တော့ဘူး... ဖိအားက တကယ်ကို အားကောင်းလွန်းတယ်... ကျင့်ကြံသူတော်တော်များများက ငါ မော့ကြည့်ရတဲ့ ဖြစ်တည်မှုတွေပဲ... တောင်ကြီးတွေလိုပဲ... ငါ့ကို အသက်ရှူမရလောက်အောင် ဖိအားပေးနေသလိုပဲ...”
စုရွှမ်က ခေါင်းညိတ်လိုက်ပြီး တွေးတောနေဟန်ဖြင့် သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း နောက်ဆုံးတွင်တော့ မပြောဖြစ်တော့ချေ။
“ဒါက ဝင်ခွင့်လက်မှတ်ပဲ... မင်း အလယ်ပိုင်းဒေသက နတ်ဘုရားကျောင်းတော် ကို သွားလိုက်... အဲဒီမှာ မင်းအတွက် စီစဉ်ပေးမယ့်သူ ရှိလိမ့်မယ်...”
တာယန်မြင့်မြတ်သခင်က တံဆိပ်ပြားတစ်ခုကို စုရွှမ်ထံသို့ ပေးအပ်၍ တိုးတိုးလေး ဆိုလိုက်သည်။
စုရွှမ်က ခေါင်းညိတ်လိုက်သည်။ “မြင့်မြတ်သခင်... ကျွန်တော် သိပါပြီ...”
စုရွှမ်မှာ ခန်းမကြီးထဲမှ ထွက်ခွာလာပြီး အဝေးသို့ စူးစိုက်ကြည့်ကာ သူ၏ အကြည့်များမှာ နက်ရှိုင်းနေ၏။
“အမတရှေးဟောင်းကမ္ဘာ ပွင့်တော့မယ်... ပါရမီရှင်တိုက်ပွဲကြီး... ရိုလီလည်း သွားဖြစ်မှာပဲ...”
စုရွှမ်က တိုးတိုးလေး ရေရွတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် တာယန်မြင့်မြတ်နယ်မြေမှ ပျောက်ကွယ်သွားတော့သည်။
...