ကမ္ဘာအသစ်၊ သေမျိုးနှလုံးသားနယ်မြေ သို့မဟုတ် ဖန်ထုန်နယ်မြေ
Vol. 14 Ch. 170
“မဟာကပ်ဆိုးကြီးရဲ့ နောက်ကွယ်က အရာက ၊ အဲ့ဒီနေလုံးပေါ့”
ကျိယွမ်သည် ကောင်းကင်မှနေလုံးကို ကြည့်လျက် နက်ရှိုင်းစွာ စဥ်းစားနေသည်။
“အခု ကန်းလန်နယ်မြေရဲ့ ကောင်းကင်မှာနေနှစ်လုံးရှိတယ် "
အဘိုးအိုဝူထျန်း၏ အသံကဆက်လက်ထွက်ပေါ်လာသည်။
“ကံမကောင်းတာက ဒုတိယနေလုံးဟာ အရမ်းသေးငယ်နေတာပဲ။ မဟုတ်ရင် နေနှစ်စင်းသာ သူတို့ချင်းတိုက်ခိုက်ကြရင်၊ ကျွန်တော်တို့ရဲ့ ကန်းလန်နယ်မြေဟာ မဟာကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့ အခွင့်အရေးရနိုင်တယ်။”
ကျိယွမ် မျက်မှောင်ကုပ်သွား၏ ။
သူသည် အဖိုးအိုဝူထျန်းကို သဘောမကျသလိုကြည့်ပြီး ဘုတွန်းလိုက်သည်။
“နေက သေးမလား ၊ ခင်ဗျားကသာ သေးငယ်နေတာ"
သူ့အား သေးငယ်သည်ဟု ပြောသည်ကို သူ ဘယ်တော့မှ မကြိုက်ပါ။
အဖိုးအို ဝူထျန်းသည် ကျိယွမ်၏ စကားများကို မကြားဟန်ပြုကာ ဆက်ပြော၏။
“ကန်းလန်ဘုံမှာမွေးဖွားလာတဲ့ ကျွန်တော်တို့ဟာ မဟာကပ်ဆိုးကြီးရဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာပဲ အမြဲရှိနေကြတာပါ”
“မိုးကောင်းကင်ပေါ်က အဲ့ဒီနေလုံးကို ငါတို့ ဖျက်ဆီးနိုင်ရင်၊ မဟာကပ်ဆိုးကြီး ပြီးဆုံးသွားမလား”
ကျိယွမ်က နေလုံးကိုမော့ကြည့်ကာ အလေးအနက် မေးသည်။
အဖိုးအိုဝူထျန်း သဘောကျစွာ ရယ်မောလိုက်သည်။
“မဟာကပ်ဆိုးကြီးကိုတောင် ဒီကမ္ဘာက အရင်ကတည်းက အနိုင်မယူနိုင်ခဲ့တာ။ ဒီဘုံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်တွေ စုပေါင်းတိုက်ခိုက်ရင်တောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး။
မိုးကောင်းကင်ပေါ်က အဲ့ဒီနေလုံးကို သတ်ဖို့ဆိုရင်တော့ ပြောမနေနဲ့တော့၊ အနည်းဆုံး ယန်နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ လိုအပ်တယ်"
"ဒါပေမဲ့ အထက်ဘုံကို တက်လှမ်းနိုင်ခြင်းမရှိဘဲ ယန်နတ်ဘုရားအဆင့်ကို တိုးတက်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ပြီးတော့ ပိုပြီးမြင့်မားတဲ့ဘုံတစ်ခုကို တက်လှမ်းလိုက်တာနဲ့၊ ကျွန်တော်တို့ ကန်းလန်ဘုံသားတွေဟာ သူတို့ရဲ့ ပန်းကန်ပေါ်က အသားဖြစ်သွားကြတာပဲ”
ယေဘုယျအားဖြင့် ယင်နတ်ဘုရားနယ်ပယ်ထိရောက်ရှိသွားသော ကျင့်ကြံသူများသည် ပိုမိုမြင့်မားသောဘုံများသို့ တက်လှမ်းရန် အခွင့်အရေးရှိကြသည်။
ပိုမိုမြင့်မားသောဘုံများတွင် ကောင်းကင်နှင့်မြေကြီး၏တာအိုများက ပိုမိုပြည့်စုံပြီး ကမ္ဘာမြေ၏ အနှစ်သာရသည်လည်း ပိုမိုပေါများသည်။
ယန်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ရန်အတွက် ပိုမိုမြင့်မားသောဘုံများသို့ ရောက်ရှိရန်လို၏။
ကန်းလန်နယ်မြေကဲ့သို့သော အောက်ဘုံများတွင် ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် စွမ်းအင်မလုံလောက်ပေ။
“ဒီနေရာမှာ နှစ်ပေါင်းများစွာ ထိုင်နေခဲ့ပြီး နောက်ဆုံးတော့ လွတ်မြောက်ရာလမ်းကို ရှာတွေ့ခဲ့တယ်”
အဖိုးအို ဝူထျန်းက ထိုသို့ပြောပြီး သူ ဘီးတပ်ကုလားထိုင်ကို ကျောက်စိမ်းပြားတစ်ခုဆီ လှိမ့်သွားကာ ကောက်ယူလိုက်သည်။
“ဘယ်လို လွတ်မြောက်ရာလမ်းလဲ”
“ကျွန်တော်တို့ဟာ မဟာကပ်ဘေးကြီးရဲ့ အစာဖြစ်နေရပြီး မိုးကောင်းကင်ပေါ်က အဲ့ဒီနေလုံးရဲ့ အမှတ်အသားခံထားရတာဟာ ကျွန်တော်တို့ရဲ့ ကျင့်ကြံနည်းစနစ်တွေမှာ... ချို့ယွင်းချက်တွေ ရှိနေလို့ပဲ”
အဖိုးအိုဝူထျန်းက လေးနက်စွာ ပြော၏။
ထိုစကားကို ကြားသောအခါ ကျိယွမ် သိသိသာသာ အံ့သြသွားမိသည်။
ကျင့်ကြံနည်းစနစ်များတွင် ပြဿနာများရှိနေသည်ကို သူသိထားခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော် ထိုကိစ္စကို ကန်းလန်း
ဘုံသားတစ်ယောက်ဆီကနေ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်။
သူ ယခင်က တွေ့ဆုံခဲ့ဖူးသည့် ယင်နတ်ဘုရားများပင် ထိုအကြောင်းကို တစ်ခါမှ မပြောခဲ့ကြပါ ၊ သို့သော် သူတို့ကျင့်ကြံနေသည့် နည်းစနစ်များတွင်လည်း အလားတူ ချို့ယွင်းချက်များ ရှိနေသည်ကို ကျိယွမ် ရှာဖွေတွေ့ရှိခဲ့သည်။
ယင်နတ်ဘုရားများပင်မသိသော လျှို့ဝှက်ချက်တစ်ခုကို ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးထံမှ ကြားရသည်က စိတ်ဝင်စားစရာပင်။
"ကျွန်တော်တို့ နည်းစနစ်အသစ်တစ်ခု ဖန်တီးရမယ် ၊ အဲ့ဒီနည်းစနစ်ကို အသုံးပြုပြီး ယင်နတ်ဘုရားအဆင့်အထိ ကျင့်ကြံရမယ်၊ ပြီးမှ အထက်ဘုံတွေကို တက်လှမ်းမယ်ဆိုရင်၊ သေချာပေါက် မဟာကပ်ဆိုးကြီးကို ရှောင်ရှားနိုင်တယ်”
အဖိုးအိုဝူထျန်းက နောင်တရနေသောအသံဖြင့် ဆက်ပြော၏။
“ဒါပေမဲ့ နည်းစနစ်အသစ်တစ်ခု ဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲတယ်။”
ကျိယွမ်က ထိုစကားကို ထောက်ခံသလို ခေါင်းညိတ်၏ ။
သူ၏ကျိယွမ်ကျမ်းက သက်သေပင်မဟုတ်ပါလား ။
သူ၏မျက်လုံးအကူအညီနှင့်အတူ နည်းစနစ်ပေါင်းများစွာကိုပါသုံးနေသော်လည်း ကျိယွမ်ကျမ်းက အမြုတေအဆင့်ကျင့်ကြံနည်းကိုပင် မပြည့်စုံသေးပါ။
အတန်ကြာငြိမ်နေပြီးနောက် ကျိယွမ် ရုတ်တရက် အကြံဉာဏ်တစ်ခု ရရှိသွားသည်။
“ပိုပြီးမြင့်တဲ့ဘုံတွေက နည်းစနစ်အချို့ ကန်းလန်ဘုံမှာ ကျန်ခဲ့တာမျိုး ရှိတယ်လေ၊ အဲဒီနည်းစနစ်တွေကို အသုံးပြုပြီး ကျင့်ကြံရင် ပြဿနာမရှိနိုင်ဘူးမှတ်လား”
“မရဘူး”
အဖိုးအို ဝူထျန်းက ချက်ချင်းပြန်ဖြေသည်။
“ရှေးဟောင်း မှတ်တမ်းတွေအရ၊ ကန်းလန်ဘုံမှာ တစ်ချိန်က ပေါ်ထွန်းခဲ့တဲ့ အထွတ်အထိပ်ပါရမီရှင်ပုဂ္ဂိုလ်တစ်ဦးဟာ အိပ်မက်ထဲမှာ ယန်နတ်ဘုရားတစ်ပါးဆီကနေ ကျင့်ကြံနည်းစနစ်တစ်ခု ရရှိခဲ့ပြီး မဟာအုပ်စိုးရှင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်"
"ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတောင်... သူဟာ အဲ့ဒီနေမင်းရဲ့ အစာဖြစ်ခဲ့ရတုန်းပဲ။
မဟာကပ်ဘေးဆိုးကြီးဟာ ချန်လန်ဘုံရဲ့ ကောင်းကင်ဘုံတာအိုကိုတောင် သက်ရောက်မှုရှိတယ်။ ဒါကြောင့် အဆင့်မြင့်ဘုံတွေက နည်းစနစ်တွေတောင်မှ ဒီမှာ ကျင့်ကြံတဲ့အခါ မသိစိတ်ကနေ အစာဖြစ်စေတယ်။”
အဘိုးဝူထျန်း၏စကားကို ကြားသောအခါ ကျိယွမ် တုန်လှုပ်သွားခဲ့သည်။
ဒီမဟာကပ်ဘေးကြီးက တော်တော်ဖြေရှင်းရခက်တာပဲ၊ ဘယ်ကရှောင်ရှောင် သူကပိတ်ပြီးသားလား။
သို့သော် သူ၏ကျိယွမ်ကျမ်းကတော့ လွတ်ကင်းနေ၍ တော်သေးသည်။ သူကတော့ ကပ်ဘေး၏အစာဖြစ်လာရန် မရှိပေ။
“နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မဟာကပ်ဘေးဆိုးကြီးကနေ တကယ်လွတ်မြောက်နိုင်မယ့် နည်းစနစ်အသစ်တစ်ခုကို ခုချိန်ထိ မဖန်တီးနိုင်သေးဘူး”
အဖိုးအိုဝူထျန်းက နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး သူ၏အသံတွင် အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။
မြင့်တက်ခြင်းခန်းမကို ဖန်တီးခဲ့သည့် ရည်ရွယ်ချက်မှာ မဟာကပ်ဘေးဆိုးကြီးကို ရှောင်ရှားရန် နည်းစနစ်အသစ်တစ်ခု ဖန်တီးရန်ဖြစ်၏။
ကျိယွမ်က ခေါင်းယမ်းကာ သူထင်မြင်ချက်ကို ပြောလိုက်သည်။
“နည်းစနစ်အသစ်တစ်ခု ဖန်တီးရင်တောင်မှ၊ ကျင့်ကြံသူအနည်းငယ်ကသာ မဟာကပ်ဘေးဆိုးကြီးကို ရှောင်ရှားနိုင်မှာဖြစ်တယ်။
အဲဒီနည်းစနစ်အသစ်ကို အားလုံးအတွက်ဆိုပြီး ဖြန့်ဝေလိုက်လို့ ပျံ့နှံ့သွားရင်လည်း မဟာကပ်ဘေးဆိုးကြီးနဲ့ အဲ့ဒီနေမင်းကသိသွားရင်၊ ကန်းလန်ဘုံက အဆုံးသတ်သွားမှာ မဟုတ်လား ၊ ဒါကြောင့် မဟာကပ်ဘေးဆိုးကြီးကို ရှောင်ရှားလို့မရနိုင်ဘူးလို့ ကျွန်တော်ထင်တယ်"
"ပြီးတော့ ...ရှောင်ပြေးတာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်၊ ဦးဆောင်ရမယ်၊ ပြီးတော့ မဟာကပ်ဘေးဆိုးကြီးကိုရှာဖွေပြီး ဖြေရှင်းပစ်ရမယ်”
ကျိယွမ် ထိုစကားများကို စိတ်အားထက်သန်စွာ ပြောကြားခြင်းဖြစ်၏။
သူ၏ ခွန်အား တိုးလာခြင်းနှင့်အတူ အရှေ့ပိုင်းဒေသမှ အမြုတေနှင့်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ရှင်းလင်းပြီးနောက် သူ က အနည်းငယ် ယုံကြည်မှုလွန်ကဲလာသည်။
သူသည် ကမ္ဘာကို အမိန့်ပေးနိုင်သူတစ်ယောက်လို ခံစားရပြီး မည်သူမျှ မနာခံဘဲ မနေရဲဟု သူ့ကိုယ်သူ ထင်နေသည်။
သူက အလွန်ပြင်းထန်နေပြီး မဟာကပ်ဘေးကြီးအား ယခုတွေ့လျှင် ယခုပင်ဓားဖြင့်တစ်ချက်တည်း ပိုင်းပစ်မည့်အလား ရှိလေသည်။
အဖိုးအိုဝူထျန်းသည် ကျိယွမ်ကို ထူးဆန်းသလိုကြည့်ပြီး ဦးတည်ရာတစ်ခုသို့ လက်ညှိုးထိုးပြသည်။
“မဟာကပ်ဆိုးကြီးက အဲ့ဒီဘက်မှာ ရှိနေပါတယ်။ သုံးလလောက်ခရီးသွားပြီးရင် ရောက်နိုင်လိမ့်မယ်။ ဝမ်ယုသခင် ခင်ဗျား တကယ်ပဲ မဟာကပ်ဆိုးကြီးကို သွားကြည့်ချင်တာ သေချာသလား”
ကျိယွမ်က ချက်ချင်းပြန်မဖြေပါ။
သူက ထိုဦးတည်ရာသို့ သေသေချာချာလှည့်ကြည့်သည်။
ရုတ်တရက် သူ၏ ညာဘက်မျက်ခုံးက သိသိသာသာ ရမ်းခါလာ၏။
ဘယ်မျက်လုံးလှုပ်ရင် ကံကောင်းတာ၊ ညာမျက်လုံးလှုပ်ရင် ကံဆိုးတာပဲ။
အနည်းငယ် လှုပ်ယမ်းရုံဆိုရင်တောင် ကံကောင်းခြင်း ဖြစ်နိုင်သေးသည်။
ဒါပေမဲ့ ယခုအကြိမ်ကတော့ အရမ်းကို ပြင်းပြင်းထန်ထန်လှုပ်နေသည် မဟုတ်ပါလား။
သေချာပေါက် သေလမ်းပဲ။
ကျိယွမ်၏ ယုံကြည်မှုက ပျောက်ဆုံးသွားလေသည်။
“အင်း...အဟမ်း...ထားလိုက်တော့၊ မဟာကပ်ဘေးဆိုးကြီးကို ခဏလောက် အသက်ပေးရှင်ထားလိုက်တော့မယ်”
ကျိယွမ် သူစိတ်ဝိညာဥ်အဆင့်သို့ မရောက်မချင်း ထိုကိစ္စကိုစကားမစရန် ဆုံးဖြတ်လိုက်တော့သည်။
“ဒီမှာရှိတဲ့ နည်းစနစ်တွေ အားလုံးကို ကျွန်တော် ကူးယူလို့ ရမလား”
ကျိယွမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
မြင့်တက်ခြင်းနန်းဆောင်မှ နည်းစနစ်များ အားလုံးကိုသာ သူ ကူးယူနိုင်ခဲ့ပါက၊ ကျိစယ်တောင်ထိပ် သို့ ပြန်သွားပြီး စိတ်အေးချမ်းစွာ ဂိမ်းကစားနိုင်မည်ဖြစ်သည်။
သူ၏ဂိမ်းအိုင်ကွန်ကလည်း ပြည့်လုနီးပါး ဖြစ်သည်။ ဝင်ရောက်နိုင်ရန် ရက်အနည်းငယ်သာ ပြင်ဆင်ရန် လိုအပ်တော့သည်ဟု သူအလိုလိုခံစားမိနေ၏။
ကျိယွမ်သည် ဂိမ်းထဲတွင်နေထိုင်ရင်း အားလပ်ချိန်များ၌ ကျိယွမ်ကျမ်းကို ဆက်လက်ပြုပြင်နိုင်ရန်အတွက် နည်းစနစ်များအားလုံးကို ယခုကတည်းက မှတ်သားထားရန် စီစဥ်နေခြင်းပင်။
ဂိမ်းထဲသို့မဝင်မီ ကျိယွမ်ကျမ်းကို တိုးတက်အောင်ပြုလုပ်ရန်အတွက် လုံလောက်သော နည်းစနစ်များ မရခဲ့ပါက ဂိမ်းထဲမှ သူ၏စွမ်းအားက တိုးလာမည်ဖြစ်သော်လည်း စစ်မှန်သောကမ္ဘာရှိ တိုးတက်မှုကတော့ နှေးကွေးသွားမည်ဖြစ်သည်။
သူကဂိမ်းလည်းဆော့ရင်း ကျိယွမ်ကျမ်းကိုလည်း ပြုပြင်ချင်နေ၏။
“စိတ်ကြိုက်ကူးယူပါ ဝမ်ယုသခင်"
အဖိုးအိုဝူထျန်းက ထိုသို့ပြောပြီးနောက် သူ၏ ဘီးတပ်ကုလားထိုင်ကို တွန်းထုတ်ကာ အပြင်သို့ထွက်သွားသည်။
တစ်ယောက်တည်းကျန်ခဲ့သော ကျိယွမ်သည် ခန်းမအတွင်းမှ စင်မြင့်များကိုကြည့်ရင်းမှ လှလှပပကြီးပြုံးလ်ုက်၏။
သူက လက်ဖဝါးနှစ်ဖက်ကို သွေးပူအောင်ပွတ်ရင်းမှ ပြုံးဖြီးနေသည်။
"ဟီး ဟီး ..ငါလာပြီ နည်းစနစ်အလှလေးတွေ ရေ"
..................
ခုနစ်ရက်ကြာပြီးနောက်တွင်ဖြစ်သည်။
ဝိညာဥ်လှေတစ်စင်းပေါ်တွင် ကန်းဖူလူသည် ဝင့်ကြွားစွာ ပြုံးရယ်နေ၏။
“အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲမှာ မင်းတို့ရဲ့ အစ်ကိုကြီး ငါကန်းဖူလူဟာ ပါရမီရှင်အများကြီးနဲ့ ရဲဝံ့စွာတိုက်ခိုက်ခဲ့ပြီး ငါတို့ရဲ့ ရှန်ကွမ်းဂိုဏ်းရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းခဲ့တယ်"
"မင်းသိလား .. အဓိကဂိုဏ်းကြီးတွေက ပါရမီရှင်အချို့ကို ရင်ဆိုင်ရတဲ့အခါတောင်မှ ငါ မတုန်လှုပ်ဘဲ သူတို့ကို ဂုဏ်ယူစရာကောင်းအောင် အနိုင်ယူပြခဲ့တာ။ အခုဆိုရင် ငါဟာ အရှေ့တိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့် ၄၉၈ ရှိတယ်။"
"အင်း...မင်းက အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲမှာ မပါဝင်ခဲ့ဖူးတော့ မင်းအစ်ကိုကြီးရဲ့ သူရဲကောင်းဆန်တဲ့ စွမ်းဆောင်ရည်ကို မမြင်တွေ့လိုက်ရတာကတော့ ဝမ်းနည်းစရာပဲ”
ကျိယွမ်သည် အာပေါင်အာရင်းသန်သန်ဖြင့် ဟိမဝန္တာချီးမွမ်းခန်းဖွင့်နေသော ကန်းဖူလူ၏ ခေါင်းပေါ်မှဆံပင်ဖြူများကို ကြည့်ပြီး သူသည် အရှေ့တိုင်းဒေသပါရမီရှင်တိုက်ပွဲ၌ ယခုလိုအောင်မြင်မှုရဖို့ မည်မျှခက်ခဲစွာ ကြိုးစားခဲ့ရမည်ကို သိပါသည်။
မြင့်တက်ခြင်းခန်းမမှထွက်ခွာပြီးနောက် ကျိယွမ်သည် သွေးဝတ်ရုံမဟာမိတ်အဖွဲ့ကို ညွှန်ကြားချက်အနည်းငယ်ပေးပြီး
သူ တံခါးပိတ် ကျင့်ကြံတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် သူ၏ မူရင်းပုံစံသို့ ပြန်လည်ပြောင်းလဲကာ ကျိကျန်းကျွင်းကို ရှန်ကွမ်းဂိုဏ်းသို့ခေါ်လာခဲ့သည်။
အပြန်လမ်းတွင် သူသည် ကန်းဖူလူနှင့် မတော်တဆပြန်လည်တွေ့ဆုံခဲ့ပြီး ကန်းဖူလူကလည်း တိုက်ပွဲပြီးကတည်းက သူ့ကိုရှာနေခဲ့ပြီး မတွေ့တော့သဖြင့် လက်လျှော့ကာ ဂိုဏ်းသို့တစ်ယောက်ပြန်လာခဲ့ခြင်းဖြစ်လေသည်။
ကန်းဖူလူက စိတ်မကောင်းစွာသက်ပြင်းချ၏။
“ကံမကောင်းတာက ငါလည်း ပါရမီရှင်စာရင်းရဲ့ထိပ်ဆုံး ၁၀၀ ထဲကို မဝင်နိုင်ခဲ့တာပဲ။ ဒါကြောင့် ဂိုဏ်းချုပ်ကြီး လိုအပ်တဲ့ ရတနာကို ငါ ပြန်ယူမလာနိုင်ခဲ့ဘူး၊
အဲ့ဒီရတနာကို ဘယ်သူ ယူသွားလဲဆိုတာ လျှို့ဝှက်စုံစမ်းနေခဲ့ပေမယ့် ငါ ဘာသဲလွန်စမှ မတွေ့ခဲ့ရဘူး”
ကျိယွမ်က ထိုစကားကို ကြားသောအခါ မသိမသာ ပြုံးလိုက်သည်။
ကန်းဖူလူသာ ရှာတွေ့ခဲ့လျှင် ပြဿနာရှိလာနိုင်၏။
“အင်း၊ နေစမ်းပါဦး...ဒီကလေးက၊ မင်းက ခဏလေး ပျောက်သွားတာကို ဒီလောက်ကြီးတဲ့ သမီးတစ်ယောက် ရနေပြီလား”
ကန်းဖူလူက ဝိညာဥ်လှေပေါ်တွင် အခြားမိန်းကလေးငယ်လေးတစ်ဦးနှင့် စစ်တုရင်ကစားနေသည့် ကျိကျန်းကျွင်းကို ကြည့်ပြီး ပြောသည်။
ကန်းဖူလူ၏ အသံကို ကြားသောအခါ သူမ က ခေါင်းလှည့်ပြီး သူတို့အားလှမ်းကြည့်သည်။
“ဒါတွေက တစ်ချိန်ကအရာတွေပါ၊ ပြီးဆုံးသွားပါပြီ”
ကျိယွမ်က အလွယ်ပြန်ဖြေပြီး ထိုကိစ္စများကို ရှင်းပြဖို့ စိတ်မဝင်စားတော့ပါ။သူပြောလျှင်လည်း ယုံကြမည်မဟုတ်သဖြင့် အခြားသူများ ထင်ချင်သလိုသာ ထင်ရန် ပစ်ထားလိုက်သည်။
ဤသို့ဖြင့် အချိန်များစွာကြာပြီးနောက် သူတို့၏ ဂိုဏ်းတံခါးအနီးသို့ ရောက်သောအခါ ကျိယွမ်သည် ကန်းဖူလူကို အသိပေးလိုက်၏။
“အစ်ကိုကြီး၊ ကျွန်တော် ဂိုဏ်းချုပ်ကြီးဆီ လိုက်မတွေ့တော့ဘူး။ တောင်ထိပ်ကိုပဲ ပြန်တော့မယ်”
သူ လက်ပြလိုက်ရာ ကျိကျန်းကျွင်းက သူအနားသို့ ပြေးလာသည်။
ကန်းဖူလူက ခေါင်းညိတ်လေသည်။
“အေးပါ ငါနားလည်ပါတယ်၊ နားလည်ပါတယ်”
သူသည် ကျိယွမ်၏ ပခုံးကို ပုတ်ပြီး စိတ်ရင်းမှန်ဖြင့် ပြောသည်။
“ညီလေး၊ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးဖိအားမပေးပါနဲ့။ လူတွေကြားမှာ ခြားနားချက်ရှိကြတာ သဘာဝပါပဲ။ မင်းကိုမင်း အချိန်ပေးလိုက်ပါ၊ တစ်နေ့မှာ မင်းလည်း အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းမှာ ပါလာမှာ သေချာတယ်။”
ကန်းဖူလူသည် ဂုဏ်ယူသလို အလွန်လည်းစိတ်လှုပ်ရှားနေခဲ့သည်။
အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းမှာ ပါဝင်နိုင်ခြင်းက ထူးခြားသောအောင်မြင်မှုကြီးတစ်ခုဖြစ်၏။
ဂိုဏ်းကို ပြန်ရောက်သည်နှင့် သူ၏ ဆရာနှင့် ဂိုဏ်းချုပ်ကြီးကို အံ့အားသင့်စေမှာ သေချာနေသည်။
အင်း....နောက်ဆုံးတော့ ..သာ့ရှန်းတိုင်းပြည်လို ဆင်းရဲတဲ့နေရာလေးကနေ ငါ့လိုမျိုး စစ်မှန်တဲ့နဂါးတစ်ကောင်က ပေါ်ထွက်လာပြီပဲ။
ခုနစ်ရောင်ခြယ်တောင်ထိပ်တွင်။
ကျိကျန်ကျွင်းသည် ကျိယွမ်၏ လက်ကို ကိုင်ထားပြီး သူမ၏ မျက်လုံးလေးများက စူးစမ်းလိုစိတ်ဖြင့် ပြည့်နေသည်။
“ဒါ ဖေဖေတို့ အိမ်လား”
“အင်း”
ကျိစယ်တောင်ထိပ်သို့ ပြန်ရောက်သောအခါ ကျိယွမ်သည် ဘာနဲ့မှမတူသော စိတ်အေးချမ်းမှုကို ခံစားရသည်။
အပြင်မှာ ပြဿနာရှာတာက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် အိမ်ကသာ နှလုံးသားရဲ့စစ်မှန်တဲ့ ဆိပ်ကမ်းပဲ။
“ဒီက ပတ်ဝန်းကျင်က တော်တော်လှပတယ်၊ တံခါးပိတ် ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ”
ကျိကျန်ကျွင်းက သာမန်လူလိုသာ သဘာဝအတိုင်းလှည့်ပတ်ကြည့်ကာ မှတ်ချက်ချသည်။
ကျိယွမ်ကတော့ သူ၏ သမီးကို ဘေးတိုက်ကြည့်လိုက်ပြီး သူမက ဒီနေရာဟာ လူသူကင်းမဲ့တယ်လို့ ပြောနေသည်ဟု ခံစားမိလေ၏။
ကျိယွမ်နှင့် ကျိကျန်ကျွင်းတို့သည် သူ၏အုတ်အိမ်လေးရှေ့သို့ ဆင်းသက်လိုက်သည်။
သူသည် ဘေးနားရှိ သစ်သားတဲလေးကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားမိလေ၏။
“ညီမလေး ဘယ်ရောက်သွားတာလဲ”
သူက အနည်းငယ်အာရုံစိုက်မိသောအခါ ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ညီမလေး၏ သစ်သားတဲလေးဆီမှ အေးခဲသော အရှိန်အဝါကပြင်းထန်စွာ ထွက်ပေါ်လာသည်ကို သူ ခံစားရသောကြောင့်ပင်။
ဘာဖြစ်တာလဲ။
သူက တဲအိမ်လေးအတွင်းသို့ လျှောက်ဝင်သွားရာ ချက်ချင်းလိုလို တဲအိမ်အဝမှ အဆောင်အများအပြားသည် မီးတောက်များဖြစ်ပေါ်လာပြီး သူ့အား
တားဆီးရန် အစီအရင်တစ်ခုဖြစ်ပေါ်လာ၏။
သူ၏ ညီမလေးသည် ကျင့်ကြံနေစဥ်အတွင်း သူမ၏ ပတ်ဝန်းကျင်ကို အကာအကွယ်ပေးရန် အဆောင်စာရွက်များကို မကြာခဏ အသုံးပြုလေ့ရှိသည်ကို သူသတိရသွားသည်။
အဆောင်စာရွက်များမှ ထွက်ပေါ်လာသည့် စွမ်းအားသည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားနီးပါးရှိ၏။
သာ့ရှန်းတိုင်းပြည်တွင် ထိုအဆောင်များကို
အဆင့်မြင့်ဆုံး အကာအကွယ်ပေးသည့် အဆောင်များအဖြစ် သတ်မှတ်နိုင်သည်
။
ကျိယွမ်၏ အကြည့်က အဆောင်များအပေါ်တစ်ချက်ကျရောက်သွားပြီး အဆင့်မြင့်ဆုံး ဆိုသော အဆောင်စာရွက်များ ချက်ချင်းပင် ကြေမွသွားသည်။
သူက အထဲသို့ လျင်မြန်စွာ ဝင်သွားကြည့်လိုက်ရာ၊ ကျန်းလင်းစုသည် ပါးလွှာသော ဝတ်ရုံကို ဝတ်ဆင်လျက် အိပ်ယာပေါ်တွင် လဲလျောင်းနေသည်ကို ချက်ချင်း မြင်လိုက်ရ၏။
သူမသည် ကနုတ်ပန်းထိုးများပါသော ပိတ်ပါးလွှာဖြင့် ဖုံးအုပ်ထားပြီး သူမ၏ ကြာဖြူရောင်လက်မောင်းများနှင့် နှင်းဖြူရောင် လည်ပင်းပေါ်တွင် ရေခဲလိုအရာများ အနည်းငယ်ရှိနေသည်။
သူမနာကျင်မှုကို ခံစားနေရသကဲ့သို့ မျက်ခုံးသွယ်သွယ်လေးများနှင့်အတူ နဖူးကို တွန့်ချိုးထားသည်။
“ညီမလေး”
ကျိယွမ်၏ ရင်ထဲ၌ တင်းကျပ်သွားသည်။
သူ၏ ညီမလေးတွင် ရေဓာတ်အမြစ်ရှိသည့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးမှ ဖြေရှင်းရန် လိုအပ်သည့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေသည်ကို သူမမေ့ပါ။
သွေးဝတ်စုံမဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး အရှေ့ပိုင်းဒေသရှိနယ်မြေများအား လက်တွေ့ကျကျ လွှမ်းမိုးထားသော်လည်း သူသည် ရေဓာတ်အမြစ်ရှိသည့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးကို သူ၏မျက်လုံးများက မတွေ့ရှိသေးပါ။
သူက အေးစက်နေသော ကျန်းလင်းစု၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ပူပြင်းသော အနွေးဓာတ်တစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ဝင်ရောက်သွားသည်။
ကျိယွမ်သည် ဓာတ်စင်ငါးမျိုးကို
ကျင့်ကြံသူဖြစ်သည်။ထို့ကြောင့် ကျန်းလင်းစု၏ ရောဂါအရင်းအမြစ်ကို ဖယ်ရှားနိုင်ခြင်း မရှိသော်လည်း၊ သူမ၏ နာကျင်မှုကိုတော့ သက်သာစေနိုင်၏။
ပူနွေးသော လှိုင်းလုံးသည် သစ်သားတဲလေးအတွင်း ပျံနှံ့သွားသဖြင့် ကျန်းလင်းစု၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲများ အရည်ပျော်သွားပြီး သူမ၏ နဖူးပေါ်တွင် ချွေးစက်များ စို့လာခဲ့သည်။
သူမက အားအင်ချိနဲ့စွာ မျက်လုံးများကို ဖွင့်လိုက်သော်လည်း မျက်လုံးများတွင် နွမ်းနယ်မှု အရိပ်အယောင်တစ်ခု ရှိနေဆဲပင်။
“အစ်ကိုကြီး...”
သူမသည် ကျိယွမ်ကို ကျေးဇူးတင်ဟန်ကြည့်၏။
“စကားမပြောနဲ့ဦး”
ကျိယွမ်က ထိုသို့ပြောပြီး သူ၏ ဝိညာဥ်စွမ်းအင်ကို ဆက်လက် ပေးပို့နေသည်။ထိုနည်းလမ်းက ရိုးရှင်းသော်လည်း ကျန်းလင်းစု၏ အတွင်းပိုင်းရှိ အအေးဓာတ်ကို ဖယ်ရှားပေးနိုင်ခဲ့သည်။
ကျန်းလင်းစုက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး သူမ၏ သွယ်လျသော လက်လေးတစ်ဖက်သည် တစ်စုံတစ်ခုကို လှမ်းယူရန် ကြိုးစားနေ၏။
“မလှုပ်နဲ့လေ"
ကျိယွမ်က ထိုသို့ပြောပြီး လှုပ်ရှားခြင်းမှ ရပ်တန့်စေရန် ကျန်းလင်းစု၏ သွယ်လျသောလက်လေးကို ဆွဲကိုင်ထားလိုက်သည်။
သူ၏ ညီမလေးဖြစ်သည့် ဤလူချမ်းသာမလေးသည် သူ့ကို အလွန်အမင်း ကူညီခဲ့သည်။ သူသည် သူမ၏ ကြင်နာမှုကို ပြန်ဆပ်ရန်အတွက် သူမကို ယခုလို သေသေချာချာလေးဂရုစိုက်သင့်သည်ဟု ခံစားရ၏။
“ညီမလေး ဘာလိုအပ်လဲဆိုတာ အစ်ကိုကြီးကို ပြောလိုက်ပါ၊ အစ်ကိုကြီး ကူညီပေးမယ်”
ကျိယွမ်က တာဝန်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
ပန်းရောင်သန်းသော အရောင်တစ်ခုသည် ကျန်းလင်းစူး၏ ဖြူဖျော့သော မျက်နှာတစ်လျှောက် ပျံ့နှံ့သွားလေ၏။
သူမသည် ကျိယွမ်ကို မကြည့်တော့ဘဲ ခေါင်းကို တစ်ဖက်သို့လှည့်သွားသည်။
ဘာဖြစ်တာလဲ။
ကျိယွမ် ဇဝေဇဝါ ဖြစ်သွားသည်။
ငါ့ညီမလေးက ဘာတွေဖြစ်နေပါလိမ့်။
“ဖေဖေ၊ ဒီအစ်မကြီးက ဖေဖေကို သူ့ရဲ့ အဝတ်အစားတွေ ကူညီပြင်ဆင်ပေးစေချင်တယ်လို့ ထင်ပါတယ်”
ကျိကျန်းကျွင်းက ဘေးမှနေ၍ ရယ်ချင်နေသောအသံဖြင့် သတိပေးလေသည်။
အိပ်ယာပေါ်တွင် လဲလျောင်းနေသော ကျန်းလင်းစု၏ ဖြူဖွေးသောအသားအရည်ကို ပန်းရောင်ပိတ်ပါးလွှာအောက်တွင် မှိန်ပျပျ မြင်နေရသည်။ လဲလျောင်းနေသော်လည်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်ပုံသဏ္ဌာန်က သိသာသာထင်ရှား၏။
ထိုအပြင့် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှာ တစ်ဝက်တစ်ပျက် ပေါ်နေပြီး ဖြူဖွေးသောအသားအရည်နှင့်အတူ တင့်တယ်စွာ တောက်ပနေသည်။
ထိုအခြေအနေကို မြင်သောအခါ ကျိယွမ်က သဘောပေါက်သွားပြီး လျောကျနေသော ဝတ်ရုံကို ပါးစပ်ဖြင့် ညင်သာစွာ မှုတ်လိုက်ရာ ဝတ်ရုံသည် အပေါ်သို့ ရောက်သွားပြီး သူမ၏ထိုအရာကို ဖုံးအုပ်သွားခဲ့သည်။
ကျန်းလင်းစုသည် ကျိယွမ်၏နှုတ်ခမ်းဖျားမှ နွေးထွေးသောလေကို ခံစားရပြီး သူမ၏ ပန်းဆီရောင်မျက်နှာလေးက နှင်းဆီပန်းလို ဆွေးဆွေးနီသွားတော့သည်။
ဒီအစ်ကိုကြီးကတော့ ..ဘယ်သူကများ အဝတ်အစားကို ဒီလို ပြင်ပေးလို့လဲ။
သို့သော် ကျိယွမ်ကတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေပြီး သူက ညီမလေးကို တော်တော်စဥ်းစားပေးတတ်သူလို့ ထင်မိသည်။
ဆိုရိုးစကားရှိသည်မှာ ယောက်ျားနှင့် မိန်းမတို့သည် သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းသင့်သည်။ သူသည် လှပတင့်တယ်သော်လည်း မသင့်တော်သော အရာတစ်ခုကို ထိမိခြင်းမှ ရှောင်ရှားရန် လက်များကို အသုံးမပြုဘဲ လေဖြင့်မှုတ်ပေးရန် ရွေးချယ်ခဲ့သည်။
“ညီမလေး၊ ကျေးဇူးတင်ဖို့ မလိုပါဘူး”
ကျန်းလင်းစု၏ အသားအရေ တိုးတက်လာသည်ကို မြင်သောအခါ ကျိယွမ် သက်ပြင်းချလိုက်သည်။
ကျန်းလင်းစူးသည် အတော်အတန် ပြန်လည်ကောင်းမွန်လာပုံရပြီး လှုပ်ရှားလာနိုင်သည်နှင့် သူမလုပ်သောအရာက သူမ ရင်ဘတ်ကို လက်ဖြင့် ကမန်းကတန်း ဖုံးအုပ်လိုက်ခြင်းပင်။ ရောဂါဝေဒနာ ခံစားနေရသော်လည်း နွမ်းနယ်မှုကြားမှပင် သူမ၏မျက်နှာလေးမှအစဖြေဖျားအဆုံး လှပနေဆဲရှိ၏။
“ကျေးဇူးပါပဲ၊ အစ်ကိုကြီး”
“နင့်ရဲ့ အခြေအနေက ပိုဆိုးလာပြီပဲ”
ကျိယွမ်က သူမကို ကြည့်ပြီး စိတ်လေးစွာပြောသည်။
အစောပိုင်းက သူမ၏ ခန္ဓာကိုယ်မှ အအေးဓာတ်ကို ဖယ်ရှားစဉ် အအေးဓာတ်သည် လဝက်ကြာကတည်းက စုပုံနေခဲ့သည်ကို သူ သဘောပေါက်ခဲ့၏။
သူ၏ ညီမလေးကျန်းလင်းစုသည် လဝက်ကြာ နာကျင်မှုကို ခံစားနေခဲ့ရသည်မှာ သေချာသည်။
သူမသည် လဝက်ကြာ အိပ်ယာပေါ်တွင် လဲနေပြီး ဝေဒနာကို တစ်ယောက်တည်းလေး တိတ်ဆိတ်စွာ ခံစားနေခဲ့ရ၏။
ထိုအချက်က ချမ်းသာသောသူများမှာပင် အခြားသူများမသိကြသော ကိုယ်ပိုင်အခက်အခဲများ ရှိသည်ဆိုတာကို ကျိယွမ် အား ခံစားမိစေသည်။
“ရပါတယ်၊ ကျွန်မ ကျင့်သားရနေပါပြီ”
ကျန်းလင်းစုသည် ပေါ့ပေါ့ပါးပါးပြန်ဖြေကာ ကျိယွမ်အား စိတ်ဒုက္ခမပေးလိုဟန်ရှိသည်။
“အစ်ကိုကြီး၊ အရှေ့တိုင်းဒေသပါရမီရှင်စာရင်းမှာ အခြေအနေဘယ်လိုလဲ”
“နင့်ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး၊ငါ အရှေ့တိုင်းဒေသပါရမီရှင်စာရင်းမှာ ပါဝင်ခဲ့တယ်"
“တကယ်လား”
ကျန်လင်းစု၏ မျက်နှာသည် ဝမ်းမြောက်မှုဖြင့် တောက်ပလာသည်။
“အစ်ကိုကြီး၊ တကယ် အံ့သြစရာပဲ"
အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းတွင် ပါဝင်ခြင်းဆိုသည်မှာ အရှေ့ပိုင်းမှ နယ်မြေများ၏ စင်မြင့်ပေါ်သို့ တက်လှမ်းခြင်းဖြစ်၏။
ယခုဆိုလျှင် အစ်ကိုကြီးသာ သူမ၏ကျန်းမိသားစုသို့ သွားရောက်လျှင်ပင် ဂုဏ်သရေရှိမိသားစုမှ သူ့ကို လေးစားစွာ ဆက်ဆံမှာသေချာသည်။
ယခင်အစ်ကိုကြီးသာဆိုလျှင်တော့ မိတ်ဆက်စာတစ်စောင်နှင့်အတူ သူမ၏ မိသားစုဆီ သွားခဲ့ရင်တောင် သူသည် တံခါးဝကိုပင် ဖြတ်ကျော်နိုင်မည် မဟုတ်လောက်ပေ။
ကျန်းလင်းစုက ထိုသို့တွေးမိရင်းမှ အနည်းငယ်ရှက်သွား၏။
ငါကဘာလို့ အစ်ကိုကြီးကို အိမ်နဲ့မိတ်ဆက်ပေးဖို့ တွေးမိနေရတာလဲ ။
ကျိယွမ်ကတော့ သူမ၏အတွေးကို သတိထားမိဟန်မတူပေ။
“ငါတို့မရှိတုန်း ဂိုဏ်းမှာ ဒါမှမဟုတ် သာ့ရှန်းတိုင်းပြည်မှာ အရေးကြီးတဲ့အဖြစ်အပျက်တွေများ ရှိခဲ့လား"
ကျန်းလင်းစုက အနညးငယ်တွေးပြီးနောက် ဖြေလေသည်။
“အဓိက အဖြစ်အပျက်တွေက နှစ်ခုရှိတယ်"
ကျန်းလင်းစုသည် ကျိယွမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ပြီး သူမစိတ်ထဲ၌ အလွန်သိချင်နေ၏။
“သွေးဝတ်စုံမဟာမိတ်အဖွဲ့ဆိုတဲ့အဖွဲ့က ခရမ်းရောင်နန်းတောာ်အဆင့် ကျင့်ကြံသူနှစ်ယောက် ကျွန်မတို့ဂိုဏ်းကိုရောက်လာပြီး ဓားနီဂိုဏ်းက အကြီးအကဲတစ်ယောက်ကို သတ်ပစ်ခဲ့တယ်"
အစောပိုင်းတွင် ကျန်းလင်းစုသည် သွေးဝတ်စုံဓားနတ်ဘုရား၏ သတင်းများကြားတိုင်း ထိုသူသည် သူမ၏အစ်ကိုကြီးကများ ဟန်ဆောင်နေတာများလားလို့ အမြဲတမ်း ထင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သွေးဝတ်စုံဓားနတ်ဘုရားသည် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်ကို
သူမ သိလိုက်ရ၏။
ထိုကြောင့် သူမ၏အစ်ကိုကြီးက ဟန်ဆောင်နေတာမျိုး လုံးဝမဖြစ်နိုင်တော့ပေ။
သွေးဝတ်စုံဓားနတ်ဘုရားက သွေးဝတ်စုံမဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး ရှန်ကွမ်းဂိုဏ်းကို လူများ စေလွှတ်ပေးခဲ့သည်။ ထိုဖြစ်ရပ်နှင့် သူမ၏အစ်ကိုကြီးက လက်အောက်ခံနှစ်ဦး ရောက်လာမည်ဟု ကြိုတင်သတင်းပို့ခဲ့သည်ကို ပြန်တွေးမိသောအခါ သူမ၏ သံသယများက တဖန်ပြန်ကြီးထွားလာပြန်သည်။
သို့သော် ယခုပြန်တွေ့သောအခါ သူမ၏အစ်ကိုကြီးတွင် သွေးဝတ်စုံဓားနတ်ဘုရား၏ နာမည်ကြီးသွေးစွမ်းအင်မျိုးမရှိနေပေ။ထို့အပြင် သူမအားဆက်ဆံပုံအားကြည့်ရသည်မှာလည်း ယခင်လိုပင် ကြောင်တောင်တောင်အတွေးအခေါ်များရှိနေဆဲမို့ သူမအတွေးလွန်နေခဲ့သည်ဟုသာ ဆင်ခြင်မိ၏။
သို့သော်လည်း သူမ၏အစ်ကိုကြီးနှင့် သွေးဝတ်စုံဓားနတ်ဘုရားကြားမှာ နက်ရှိုင်းသော ဆက်သွယ်မှုတစ်ခု ရှိကိုရှိရမည်ဟု သူမနားလည်၏။
ကျန်းလင်းစုမှ အတွေးနက်နေရင်းမှ မျက်မှောင်ကုပ်သွား၏။
ဧကန္တသွေးဝတ်စုံဓားနတ်ဘုရားဟာ ဆရာမများဖြစ်နေမလား။
ထိုသို့ဆိုလျှင် အရာအားလုံးက အဓိပ္ပါယ်ရှိသွားလေပြီ။
ကျိယွမ်က ထပ်မေး၏။
“နောက်ထပ် အဓိကအဖြစ်အပျက်တစ်ခုက ဘာလဲ”
သွေးဝတ်စုံမဟာမိတ်အဖွဲ့ရောက်လာခြင်းက အဓိကမဟုတ်ပါ ။ သူလွှတ်လိုက်ခြင်းပင်။
"နတ်ဆိုးရမက်ဂိုဏ်းမှာ အတွင်းပိုင်းတိုက်ပွဲတစ်ခုဖြစ်သွားတယ်၊ အဖိနှိပ်ခံနေရတဲ့ ရှန်မိသားစုက ရုတ်တရက် တိုက်ခိုက်ပြီး ကျိမိသားစုကို တွန်းလှန်ပြီး အဖွဲ့ဝင်အကုန်လုံးကို သတ်ပစ်ခဲ့တယ်"
" အခုဆိုရင် နတ်ဆိုးရမက်ဂိုဏ်းကို ရှန်မိသားစုက အုပ်ချုပ်နေပြီ”
ကျန်းလင်းစုက အလေးအနက် ပြော၏။
ကျိယွမ် အနည်းငယ်တော့ အံ့သြသွားသည်။
သူ ပြန်ရောက်ခဲ့လျှင် နတ်ဆိုးရမက်ဂိုဏ်းမှ ကျိမိသားစုကို ရှင်းလင်းဖို့ စီစဥ်ထားခဲ့သည်။
ဒါပေမဲ့ ယခုတော့ သူ ရှင်းလင်းရန် မလိုအပ်တော့ပေ။
ဘဝများသည် အမြဲတမ်းပြောင်းလဲနေပြီး မည်သည့်အရာကိုမှ ပုံသေမှတ်လို့မရနိုင်ပေ။
“အစ်ကိုကြီး၊ ဒီကလေးက ဘယ်သူလဲ”
ကျန်းလင်းစုသည် ကျိကျန်းကျွင်းကို သေသေချာချာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက စူးစမ်းလိုစိတ်ဖြင့် ပြည့်နေသည်။
အစောပိုင်းက ထိုကလေးမလေးက အစ်ကိုကြီးကို “အဖေ” လို့ ခေါ်တာကို သူမ ဝိုးတဝါး ကြားခဲ့၏။
“ဒါ ငါ့သမီးလေ ၊ကျိကျန်ကျွင်းတဲ့”
“သမီးလား”
ကျန်းလင်းစု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“အစ်ကိုကြီး၊ ကျွန်မ မှတ်မိတာ မှန်ရင်၊ အစ်ကိုကြီး အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးလေ၊ ဒီလောက်ကြီးတဲ့ သမီးတစ်ယောက် ဘယ်လို ရနေတာလဲ”
“ငါ့မှာ ဂိမ်းတစ်ခုရှိတယ်၊ သူက အဲ့ဒီဂိမ်းထဲက သမီးပါ”
ကျိယွမ်က ရှင်းပြလိုက်သည်။
ကျန်းလင်းစု ရှုပ်ထွေးသွားသည်။
သူမ၏မိသားစုမှာ တချို့က ဂိမ်းကျောက်ပြားများကစားပြီး မွေးစားအစ်ကို၊ အစ်မ၊ အဖေနဲ့ သမီးဟု ခေါ်ဝေါ်ကြတာကို သူမ မှတ်မိပါသည်။
ဒါပေမဲ့ ထိုအရာများက ဂိမ်းများထဲမှာသာဖြစ်သည်။
သူမသည် ကျိကျန်ကျွင်းအားကြည့်ကာ လုံးဝရှုပိထွေးနေ၏။
“ကောင်းပြီ၊ ညီမလေး၊ နင်လည်း နိုးလာပြီဆိုတော့၊ ငါ ပြန်တော့မယ်။ ငါ ဂိမ်း ဆက်ကစားဖို့ လိုအပ်တယ်။ ဂိမ်းမဆော့ရတာကြာတော့ ငါအရမ်းကစားချင်နေပြီ"
ကျိယွမ်က အလျင်စလို ပြောပြီးနောက် ချက်ချင်းထွက်ခွာသွားသည်။
ကျန်းလင်းစုမှာ အခန်းထဲ၌ ဇဝေဇဝါဖြစ်ကာကျန်ခဲ့၏။
“ဒီကလေးမလေးက အစ်ကိုကြီး မွေးစားထားတဲ့ မိဘမဲ့ကလေးဖြစ်နေမလား၊သူ့ဘဝလေးက သနားစရာကောင်းမှာပဲ"
ကျန်းလင်းစု၏ မိခင်စိတ်များ လှုံ့ဆော်ခံလိုက်ရ၏။
ဘာပဲပြောပြော အစ်ကိုကြီးက ခရီးတစ်ခါထွက်ရင် တစ်ယောက်ပါလာတာပဲ ။ ထူးဆန်းလိုက်တာ။
သူမက ထိုင်နေရာမှ ထရပ်လိုက်ရာ အချိန်ကြာမြင့်စွာ လဲလျောင်းနေခဲ့ရသောကြောင့် ခန္ဓာကိုယ်က တောင့်တင်းနေပြီး ယိမ်းယိုင်သွား၏။
သို့သော်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် မသက်မသာဖြစ်မှုသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ထိုအခိုက် သူမသည်တစ်စုံတစ်ခုကို စဥ်းစားမိသွားကာ မျက်လုံးပြူးသွားလေသည်။
“ငါ တံခါးမှာ ထားခဲ့တဲ့ အဆောင်စာရွက်တွေ ဘယ်ရောက်သွားလို့လဲ”
သူမက တံခါးပိတ်ကျင့်ကြံတိုင်း၊ သူမ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန် ပတ်ဝန်းကျင်၌ အဆင့်မြင့်အဆောင်ရွက်များ ထားလေ့ရှိသည်။
သို့သော် ယခုတွင် ထိုအဆောင်စာရွက်များ မရှိတော့ပေ။
“အစ်ကိုကြီးက ငါ့ရဲ့ အဆောင်တွေကို ဘယ်လို ရှောင်ရှားခဲ့ပါလိမ့်"
...............
သေမျိုးနှလုံးသားဘုံ သို့မဟုတ် ဖန်ထုန်နယ်မြေတွင်ဖြစ်သည်။
ချင်းရွှေရွာလေး၌ ဖြစ်၏။
မျက်နှာများ ဖြူဖျော့ပြီး ပိန်ချုံးကာကမ္မဌာန်းရုပ်ပေါက်နေသော ချင်းရွှေရွာသားများသည် မျက်နှာများပေါ်တွင် ပြင်းထန်သောဒဏ်ရာများကိုယ်စီနှင့် ချည့်နဲ့စွာဖြင့် ရွာသို့ပြန်လာကြသည်။
ရွာလူကြီးယွီလီသည် ခါးကုန်းနေသော အဖိုးအိုတစ်ဦးဖြစ်ပြီး သူ၏ ဘောင်းဘီကို ဒူးခေါင်းအထိ လိပ်တင်ထားရာ မီးခြစ်ဆံများကဲ့သို့ ပါးလွှာသော ခြေထောက်များကို အတိုင်းသားမြင်နေရ၏။
“ငါတို့ ရွာတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ရှက်စရာကောင်းလိုက်တာ"
ထူးထူးခြားခြားဖြစ်ကာ အခြားသူများထက်အနည်းငယ်ဝသော လူတစ်ဦးက ခါးသီးစွာ ငိုကြွေးရင်းမှ ဝမ်းနည်းနေသည်။
“ရှီးကျားရွာမှာ စစ်ရေးကျင့်ဝတ်မရှိဘူး။ သူတို့က နတ်ဘုရားအသစ်ကို ကိုးကွယ်နေတယ်”
စာတတ်ပေတတ်ပုံရသည့် လူတစ်ဦးက ရှီးကျားရွာ၏ နတ်ဘုရားအသစ်ကို အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။
နတ်ဘုရားအသစ်အကြောင်းကို ကြားသောအခါ ရွာသို့ပြန်လာသူတိုင်း စိတ်မသက်မသာ ဖြစ်သွားသည်။
သူတို့ရွာများအတွက် ရာသီဥတုကောင်းပြီး သီးနှံအထွက်ကောင်းရန် နတ်ဘုရားတစ်ပါးကို ကိုးကွယ်ရမည်ဖြစ်သည်။
ချင်းရွှေရွာသည် ဆယ်စုနှစ်များစွာ တုံ့ပြန်မှုမပြခဲ့သည့် ခွေးမြီးမြက်နတ်ဘုရားကိုသာ ဆက်လက်ကိုးကွယ်နေ၏။
နတ်ကွန်းတာဝန်ခံရှန်ထူ၏ အဆိုအရကတော့ ခွေးမြီးမြက်နတ်ဘုရားသည်လည်း ငတ်သေသွားလောက်ပြီဟု ဆိုသည်။
၎င်းသည် ရယ်စရာကောင်းသော်လည်း နားလည်ပေးနိုင်သည်။
အကြောင်းမှာ ချင်းရွှေရွာသည် အမြဲတမ်း ဆင်းရဲငတ်ပြတ်နေပြီး ခွေးမြီးမြက်နတ်ဘုရားကို ပူဇော်ရန် ဘာမှ မရှိခဲ့ပါ။
“နတ်ဘုရားရဲ့ ကောင်းချီးပေးမှုမရှိရင်၊ ငါတို့ ရှီးကျားရွာကို လုံးဝ မနိုင်နိုင်ဘူး”
ရွာသားတစ်ဦးက စိတ်ဓာတ်ကျစွာ ထောက်ပြသည်။
အမှန်တကယ်တွင် ချင်းရွှေရွာသည် ရှီးကျားရွာထက် အလုံးစုံ ပိုမိုအားကောင်းပါသည်။
သို့သော် ယခုအခါ၌ ရှီးကျားရွာမှာ သူတို့ရွာသားများကို ကောင်းချီးပေးနိုင်သောနတ်ဘုရားအသစ်တစ်ပါး ရှိနေလေပြီ။
ထို့ကြောင့် ရှီးကျားကျေးရွာသည် ချင်းရွှေရွာထက် များစွာပို၍ သာလွန်သွားတော့သည်။
ရလဒ်အနေဖြင့် ရေအရင်းအမြစ်အတွက်တိုက်ပွဲမှာ ချင်းရွှေရွာက အကြီးအကျယ် ဆုံးရှုံးခဲ့ရ၏။
“ခွေးမြီးမြက်နတ်ဘုရားက ကောင်းချီးပေးရင်တောင် ငါတို့ ရှီးကျားရွာကို မနိုင်နိုင်ဘူး။ သူတို့ရဲ့ နတ်ဘုရားအသစ်က အရမ်း အစွမ်းထက်တယ်"
နတ်ဘုရားအသစ်အကြောင်းကို ပြောသောအခါ ရွာသားများအားလုံး နက်ရှိုင်းသော ထိတ်လန့်မှုကို ခံစားလိုက်ရ၏။
“ငါတို့လည်း နတ်ဘုရားအသစ်ကို ကိုးကွယ်ရင် ဘယ်လိုလဲ”
ရွာသားတစ်ဦးက ရုတ်တရက်အကြံပြုသည်။
“မရဘူး"
ပုံမှန်အားဖြင့် ဆိတ်ဆိတ်သာနေတတ်သည့် ရွာလူကြီးယွီလီ လျှင်မြန်စွာငြင်းလေသည်။
“ဘာပဲဖြစ်ဖြစ်၊ ချင်းရွှေရွာဟာ နတ်ဘုရားအသစ်ကို ကိုးကွယ်လို့ မရဘူး၊ လုံးဝ မကိုးကွယ်ရဘူး”
ရွာသားများအားလုံး တိတ်ဆိတ်သွားခဲ့သည်။
ရွာလူကြီးက အဘယ့်ကြောင့် ခါးခါးသီးသီးငြင်းနေရသည်ကို သူတို့အားလုံး သိကြပါသည်။
နတ်ဘုရားအသစ်များနှင့် နတ်ဘုရားဟောင်းများကြားကွာခြားချက်မှာ နတ်ဘုရားအသစ်များသည် လူသားကို ယဇ်ပူဇော်ရန် လိုအပ်ခြင်းပင်။
ရှီးကျားရွာ၏ နတ်ဘုရားအသစ်သည် လစဉ် ကလေးတစ်ဦးကို ယဇ်ပူဇော်ရန် တောင်းဆိုသည်။
ထိုအရာက ချင်းရွှေရွာသားများလုံးဝ လက်မခံနိုင်သောအရာဖြစ်၏။
“ဒါ့အပြင်၊ ငါတို့ဟာ ရှေးဟောင်းမျိုးနွယ်ရဲ့ အကြွင်းအကျန်တွေဖြစ်တယ်။ ငါတို့ ဘယ်လိုလုပ်ပြီး ခေတ်သစ်နတ်ဘုရားကို ကိုးကွယ်နိုင်မှာလဲ”
ရွာလူကြီးယွီလီက ထပ်ပြောသည်။
ရှေးဟောင်းမျိုးနွယ်အကြောင်းကို ပြောသောအခါ ပိန်ကပ်နေသောရွာသားများ၏ မှိန်ဖျော့သောမျက်လုံးများတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။
ရှေးဟောင်းမျိုးနွယ်သည် အသန်မာဆုံးဖြစ်၏။
တစ်ချိန်က ကောင်းကင်ဘုံမျက်ကွယ်ပြုခြင်းခံရစဥ်ကပင် ရှေးဟောင်းမျိုးနွယ်၏ မဟာနတ်ဘုရားများသည် ကောင်းကင်ဘုံကို စိန်ခေါ်ရဲခဲ့ကြသည်။
ယခု နတ်ဘုရားအသစ်များလို ပရမ်းပတာနိုင်ပြီး ရက်စက်ကြမ်းကြုတ်သူများအား သူတို့က မည်သည်နည်းဖြင့် ခေါင်းငုံ့ ဝပ်တွားကာ ရှင်သန်နိုင်လိမ့်မည်နည်း။
လှေခွက်ချည်းကျန်ပါစေ သူတို့ကအလံလှဲမည်မဟုတ်ပါ။
“ငါတို့ ရှေးဟောင်းမျိုးနွယ်ဟာ ကောင်းကင်ဘုံကိုတောင် တိုက်ခိုက်ရဲတယ်။ ကမ္ဘာပေါ်က မတရားမှုကို စိန်ခေါ်ဖို့ ဘယ်တော့မှ မကြောက်ရွံ့ဘူး ၊ ငါတို့ ရှေးဟောင်းမျိုးနွယ်ကို အရှက်မရစေနဲ့"
အားလုံး၏မျက်နှာ၌ ရဲရင့်သောအမူအယာများထင်ဟပ်လာ၏။
သို့သော် ထိုရဲရင့်မှုက ခဏသာခံ၏ ။အခြားသူများထက်ပို၍ပိန်လှီနေသော ရွာသားတစ်ဦးက သူ၏ဗိုက်ကိုနှိပ်ကာ ထအော်၏။
“အား... ငါ ဗိုက်ဆာလိုက်တာ။ ကောထန် ငါ့ကို ပေါက်စီတစ်လုံးလောက် ပေးပါဦး”
ကောထန်ဆိုသောရွာသားက ထိုသူအား ကြိမ်းမောင်း၏။
“မင်းရဲ့ ရှေးဟောင်းမျိုးနွယ်သွေးက ဒီလောက် စင်ကြယ်တာတောင်၊ မင်း ငါ့ကို ပေါက်စီတောင်းဖို့ သတ္တိရှိသေးတယ်ပေါ့”
"ရှေးဟောင်းမျိုးနွယ်လည်း ဗိုက်ဆာတာပဲဟ"
-----------------------