မင်းတို့ဘဝကလည်း
Vol. 14 Ch. 171
လူအုပ်သည် ရွာသို့ပြန်လာကြရင်း ပျက်စီးယိုယွင်းနေသော နန်ကွန်းငယ်တစ်ခုအနီးသို့ ရောက်ရှိလာကြ၏။
အနည်းငယ်ဝသော လူကသူ၏ဗိုက်ကိုပွတ်ရင်း ဘုရားကျောင်းထဲသို့ကြည့်ကာ အကြုံပြုသည်။
"ခွေးမြီးမြက်ဘုရားကလည်း ရှိမှမရှိတော့တာ၊ သူ့ရုပ်တုကို ရောင်းပြီး ရွာအတွက် အစားအစာနဲ့ လဲလှယ်ကြရင် ကောင်းမလား"
ကျန်လူများကလည်း ပျက်စီးနေသော နတ်ရုပ်တုကို ကြည့်ကာ စိတ်ဝင်စားမှုဖြင့် မျက်လုံးများ အရောင်တောက်သွားကြသည်။
"ခွေးမြီးမြက်ဘုရားရဲ့ ရုပ်တုက ပေါက်စီအလုံး ရာချီလောက်တော့ ရမှာပဲ"
ဝသောလူက မျက်လုံးများ အရောင်တောက်လျက် ထပ်ပြောလိုက်၏။
ရွာ၏ နတ်ကွန်းတာဝန်ခံရှန်ထူက ပြာပြာသလဲတားမြစ်၏။
"နတ်ဘုရားက ငါတို့ ချင်းရွှေရွာကို ဒီလောက်ကြာအောင် စောင့်ရှောက်ခဲ့တာ၊ သူ့ရုပ်တုကို ဘယ်လိုလုပ် ဖျက်ဆီးရက်ပါ့မလဲ"
အကယ်၍ ရုပ်တု ဖျက်ဆီးခံရပါက သူ့လ်ု နတ်ကွန်းတာဝန်ခံအနေဖြင့် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားလိမ့်မည်။
"ခွေးမြီးမြက်ဘုရားက သက်ရှိထင်ရှားရှိစဉ်က ငါတို့ကို ကာကွယ်ပေးခဲ့တယ်။ အခု သူ မရှိတော့တဲ့အခါမှာလည်း ငါတို့ကို အငတ်မခံရအောင် သူ့ကိုယ်သူ ပေးဆပ်ချင်မှာ အမှန်ပဲ"
ဝသောလူက စားသောက်ချင်ဇောကြောင့် စောဒကတက်လေသည်။
အခြားရွာသားများကလည်း လောဘတောက်သော မျက်လုံးများဖြင့် ရုပ်တုကို စူးစိုက်ကြည့်နေကြ၏။
ခွေးမြီးမြက်နတ်ဘုရားသည် ထိုရုပ်တုမှ မွေးဖွားလာခဲ့သော်လည်း ချင်းရွှေရွာကို အမှန်တကယ် မကာကွယ်ပေးခဲ့ပါ။
ချင်းရွှေရွာတွင် အစားအစာ သို့မဟုတ် ပူဇော်သက္ကာများ များများစားစား မရှိခဲ့သောကြောင့် ခွေးမြီးမြက်နတ်ဘုရားသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကပင် ထွက်ပြေးသွားခြင်း သို့မဟုတ် အငတ်ခံ သေဆုံးသွားခြင်း ဖြစ်လိမ့်မည်ဟု ယူဆရသည်။
"ငါတို့သာ ရုပ်တုကို ဖျက်ဆီးလိုက်မယ်ဆိုရင် ချင်းရွှေရွာဟာ နတ်ဘုရားရဲ့ အမျက်ဒေါသကို ခံရလိမ့်မယ်။ ဘယ်နတ်ဘုရားကမှ နောက်ဆိုငါတို့ကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး"
ရှန်ထူက အလျင်အမြန် ပြောလိုက်သည်။
ရုပ်တုရှိနေသမျှ ကာလပတ်လုံး နတ်ဘုရား၏အမွေအနှစ် မပျက်မစီး ရှိနေသေးပါ။အကယ်၍ သူတို့ကသာ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပတ္တနာပြုပြီး ပူဇော်ပသပါက ရုပ်တုအတွင်းမှ နတ်ဘုရားအသစ်တစ်ပါး ပေါ်ထွက်လာနိုင်၏။
"ဒီရုပ်တုက အဆင့်နိမ့်လွန်းတယ်။ ငါတို့ကိုယ်တိုင်တောင် မစားနိုင်မသောက်နိုင် ဖြစ်နေတာ၊ နတ်ဘုရားတစ်ပါးကို ဘယ်လိုလုပ် ထောက်ပံ့ပြီး အနာဂတ်အတွက် မျှော်လင့်နိုင်မှာလဲ။
ငါ့အထင်တော့ ဒါကို ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ မသေခင် ကိုယ့်ဘာသာကိုယ် ပျော်ပျော်ပါးပါး နေတာက ပိုကောင်းတယ်"
"ဟုတ်တယ်။ အနီးနားက ရွာအများစုက နတ်ဘုရားအသစ်တွေကို ကိုးကွယ်နေကြပြီ။
ငါတို့သာ မကိုးကွယ်ရင် နောက်တစ်ချိန်ကျ အကုန် အသတ်ခံရမှာပဲ။ရုပ်တုကို ရောင်းပြီး ပိုက်ဆံနဲ့ လဲလှယ်တာက ပိုကောင်းတယ်။"
"ငါကြားဖူးတာတော့ ရှေးဟောင်းအင်မော်တယ်တောင်ပေါ်က ဘုရားကျောင်းမှာ နတ်သမီးတွေလို လှပတဲ့ မိစ္ဆာမလေးတွေ ရှိတယ်တဲ့။ ပိုက်ဆံအနည်းနည်းလေးပေးရင်အဲ့ဒီမိစ္ဆာမလေးတွေနဲ့ တစ်ညတာ ပျော်ပါးပြီး ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးလို ခံစားရနိုင်တယ်"
ဝသောလူက တဏှာရမ္မက်ထန်သော မျက်လုံးများဖြင့် မစားရဝခမန်းပြော၏။
ရှေးဟောင်းအင်မော်တယ်တောင်ပေါ်ရှိ ဘုရားကျောင်းသည် အမျိုးသားများ၏ အသက်ဓာတ်ကို ယူဆောင်ရာတွင်ကျွမ်းကျင်သော လှပသည့်မိစ္ဆာမလေးများစွာ နေထိုင်ကြပြီး "ငြိမ်သက်စွာ သေဆုံးခြင်း" ဟု လူသိများသော ဝန်ဆောင်မှုကို ပေးသည်။"
သို့သော် သေဆုံးခြင်းမတိုင်မီ ထိုမိစ္ဆာမလေးများသည် ၎င်းတို့၏ ဖောက်သည်များကို အပြည့်အဝ ပြုစုပေးကြပြီး သေခြင်းကို ရှာဖွေသူများအား လောက၏ အမြင့်ဆုံးသော ပျော်ရွှင်မှုများကို ခံစားခွင့်ပေးနိုင်၏။
အနီးနားရှိ ရွာသားများသည် ထိုဘုရားကျောင်းတွင် ငြိမ်သက်စွာ သေဆုံးနိုင်ရန်အတွက် မကြာခဏဆိုသလို ပိုက်ဆံစုလေ့ရှိသည်။
အမှန်တကယ်ပင် ထိုဘုရားကျောင်း၏ လုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းနေပြီးဆယ်စုနှစ်များစွာကြာအောင် သူတို့၏ ဈေးနှုန်းများကလည်း မတက်ခဲ့သောကြောင့် လူကြိုက်များသော နေရာတစ်ခု ဖြစ်နေဆဲပင်။
ချင်းရွှေရွာသားများသည် သူတို့၏ရွာ၌ ပိတ်မိနေပြီး စားစရာ၊ သောက်စရာပင် မလုံလောက်ဘဲ ရှိနေသောကြောင့် အနာဂတ်အတွက် မျှော်လင့်ချက် နည်းပါးလှသည်။
သူတို့အတွက်မူ ထိုဘုရားကျောင်းတွင် သေဆုံးရခြင်းသည် ကောင်းချီးတစ်ခုဟုပင် ယူဆနိုင်သည်။
"မလုပ်ရဘူး"
ရှန်ထူက နတ်ကွန်းရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်။
"ဒီရုပ်တုက မကြာသေးခင်က အသက်ဝင်လာတယ်လို့ ငါထင်တယ်။ အတွင်းထဲမှာ နတ်ဘုရားအသစ်တစ်ပါး မွေးဖွားနေပုံရတယ်"
"ရှန်ထူ၊ လျှောက်ပြောမနေပါနဲ့။ ဒီမှာ ဘယ်သူမှ ပူဇော်ပသတာမရှိမှတော့ နတ်ဘုရားအသစ် ဘယ်လိုပေါ်လာနိုင်မှာလဲ"
"ဘယ်သူက လျှို့ဝှက်ကိုးကွယ်နေတာလဲ"
"ရှန်ထူ ပြောတာ မှန်နေရင်ရော။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါးက အသက်တစ်ခုပဲ။ ငါတို့သာ ရုပ်တုကို ရောင်းလိုက်ရင် သူ သေသွားနိုင်တယ်"
ရွာသားများမှာ အမြင်အမျိုးမျိုးရှိကြကာ တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံကြတော့သည်။
တချို့က ရုပ်တုကို ရောင်းချင်ကြပြီး တချို့ကမူ တွေဝေနေကြသည်။
"ငါ့အထင်တော့ ရှန်ထူက နတ်ကွန်းတာဝန်ခံ ရာထူးမဆုံးရှုံးချင်လို့ ဒီလို လျှောက်ပြောနေတာပဲ"
အေးချမ်းစွာသေဆုံးချင်နေသည့် အဖိုးအိုတစ်ဦးက အားပျော့စွာ ပြောလိုက်သည်။
ချင်းရွှေရွာ၏ အားကောင်းသော လုပ်သားအင်အားဟု သတ်မှတ်နိုင်သည့် ရွာသား တစ်ရာနီးပါးခန့် ရှိခဲ့ပါသည်။
ရွာတွင် ရေအတွက် တိုက်ခိုက်ရန် သို့မဟုတ် အမဲလိုက်ရန် လိုအပ်သည့်အခါတိုင်း ၎င်းတို့အား စေလွှတ်ခဲ့ရပြီး ယခုအခါတွင်မူ ၎င်းတို့အများစုမှာလည်း ငတ်မွတ်မှုကြောင့် ပိန်ချုံးနွမ်းနယ်နေကြလေပြီ။
ရွာလူကြီးယွီလီသည် ထိုမြင်ကွင်းကို ကြည့်နေပြီး သူ၏ အိုမင်းသော မျက်လုံးများမှာ ခံစားချက်များဖြင့် မှိုင်းမှုံနေသော်လည်း တစ်စုံတစ်ရာမှ ဝင်မပြောခဲ့ပေ။
ဂုဏ်ယူဖွယ်ချင်းရွှေရွာသည် သူ၏ ဦးဆောင်မှုအောက်တွင် ပျက်စီးသွားရသည်ကို တွေးမိတိုင်း သူ့အတွက်တကယ့်ကို ရှက်စရာဖြစ်သည်။
သူသည် သမိုင်းတွင် အပြစ်သားတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရမှာသေချာနေ၏။
ရွာလူကြီးကလည်း ဘာမှဝင်မပြောသောအခါ ရွာသားများကလည်း တစ်ယောက်တစ်ခွန်း ဆက်လက်ငြင်းခုံနေပြီး တဖြည်းဖြည်းနှင့် ရုပ်တုအားရောင်းချလိုသူများက အသားစီရလာသည်။
ကြီးမားသောအငတ်ဘေးနှင့်နေ့တိုင်းရင်ဆိုင်လာရသောအခါ သူတို့၏ခံယူချက်များက ယိုင်နဲ့လာ၏။
အူမ မတောင့်လျှင် သီလမစောင့်ချင်တော့သည်က လူသားသဘာဝပင်မဟုတ်ပါလား။
"မတားနဲ့တော့ ရုပ်တုကိုရောင်းရမယ်"
"ဟုတ်တယ်..အားလုံးမသေခင် ဝဝလေးတော့စားသွားသင့်တာပေါ့ "
"ကြာတယ် ....ရုပ်တုကိုသယ်ဖို့ လူ......"
"ဝုန်း...."
"အောင်မယ်လေးဗျ...."
သူတို့စကားမဆုံးသေးခင် လေပြင်းတစ်ခုက နတ်ကွန်းအပျက်ထဲမှ ဝီးခနဲထွက်ပေါ်လာပြီး ပျက်စီးယိုယွင်းနေသော နတ်ရုပ်တုသည် ရုတ်တရက် ပေါက်ကွဲသွားသည်။
"ဘာဖြစ်တာလဲ"
"ရုပ်တု ပေါက်ကွဲသွားတာလား"
"ငါတို့တော့ ဒုက္ခရောက်ပြီ၊ အခု ပိုက်ဆံမရတော့ဘူး"
ရွာသားများ အလွန်နှမြောတသဖြစ်သွားကြသည်။
ပါးစပ်ဝနားရောက်မှ ပြုတ်ကျသွားသလိုပဲ။ရောင်းတော့မယ်ဆိုကာမှ ကွဲသွားရသလား။
ထိုအချိန်မှာပင် ဘယ်ကမှန်းမသိသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"ဒါက ဂိမ်းအသစ်ပေါ့ ၊ သူတို့က ငါ့ရဲ့မျိုးနွယ်တွေလား"
"ဟင်"
လူတိုင်း အလန့်တကြားကြည့်လိုက်ကြရာ ပျက်စီးနေသော နတ်ကွန်းလေးထဲတွင် ရပ်နေသည့် အလွန်ချောမောခန့်ညားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ကြရသည်။
ထိုအမျိုးသားသည် နောက်ကျောတွင် ဓားတစ်ချောင်းကို လွယ်ထားပြီး ထူးခြားသော နတ်ဘုရားအရှိန်အဝါများရှိနေ၏။
"နတ်ဘုရားလား"
"နတ်ဘုရားပဲ"
ရွာသားများ အလွန်အံ့အားသင့်နေကြသည်။
ထိုသူသည် သူတို့၏ နတ်ဘုရားဖြစ်ကြောင်းကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ခံစားမိနေကြသည်မဟုတ်ပါလား။
နတ်ဘုရားတစ်ပါး၏ ရုတ်တရက် ပေါ်လာမှုကြောင့် သူတို့မှာ ကြောင်တောင်တောင် ဖြစ်နေကြကုန်သည်။
ခွေးမြီးမြက်ဘုရား ပျောက်ကွယ်သွားပြီးနောက် နှစ်များစွာအကြာ၌ ချင်းရွှေရွာတွင် နောက်ထပ်နတ်ဘုရားတစ်ပါး ထပ်မံမွေးဖွားလာမည်ဟု ၎င်းတို့ မျှော်လင့်မထားခဲ့ကြပေ။
သူတို့သည် ငတ်ပြတ်လွန်းနေသောကြောင့် ပူဇော်ပသခြင်း သို့မဟုတ် စိတ်ရင်းမှန်ဖြင့် ဆုတောင်းခြင်းလည်း မရှိခဲ့ပါ။
အလကားရလာသော ပစ္စည်းတစ်ခုလို အလိုအလျောက်ပေါ်လာသော နတ်ဘုရားသည်... အနိမ့်ကျဆုံး နတ်ဘုရားများထဲမှ တစ်ပါး ဖြစ်နိုင်၏။
ထိိိုနတ်ဘုရားသည် အဆင့်နိမ့်လွန်းသဖြင့် နေစရာမရှိရာမှ ကြုံရာရုပ်ထုထဲသို့ ခိုကပ်လိုက်ပုံရသည်။
မည်သို့ဆိုပါစေ ရုပ်တုကလည်း ပျက်စီးသွားပြီမို့ ချင်းရွှေရွာတွင် ယခုနတ်ဘုရားက နောက်ဆုံးနတ်ဘုရားတစ်ပါးဖြစ်ခဲ့လေပြီ။ ထိုနတ်ဘုရားမရှိတော့လျှင် နောက်ထပ်မွေးဖွားပေးမည့် ရုပ်တုမရှိတော့ပါ။
ရွာသားများမှာ အဆင့်အလွန်နိမ့်သော နတ်ဘုရားအသစ်ကိုတစ်လှည့် ပျက်စီးသွားသောရုပ်တုက်ုတစ်လှည့်ကြည့်ကာ ခံစားချက် အမျိုးမျိုးဖြင့် ပြည့်နှက်နေကြပြီး ဝမ်းနည်းပူဆွေးသွားကြ၏။
ငြိမ်ခြင်းစွာ သေဆုံးခွင့်လည်း မရှိတော့သလို ရောက်လာသည့်နတ်ဘုရားကလည်း အလွန်အဆင့်နိမ့်နေ၏။
သူတို့ဘဝက အရှုံးကြီးရှုံးခဲ့လေပြီ။
"သွားကြစို့"
"အားလုံး ကိုယ့်အိမ်ကို ပြန်ကြ"
ရွာသားအချို့သည် ဒဏ္ဍာရီများတွင် ဖော်ပြထားသကဲ့သို့မဟုတ်သော နတ်ဘုရားကို ရိုသေကိုင်းရှိုင်းခြင်း မရှိတော့ပါ။
သို့သော် ရွာသားအများစုမှာ ထိုနေရာတွင် ဆက်နေခဲ့ပြီး အသစ်မွေးဖွားလာသော နတ်ဘုရားကို ကြည့်နေကြသည်။
အဖိုးအိုတစ်ဦးက ဓားလွယ်ထားသောနတ်ဘုရားအား အရဲစွန့်ကာ မေးလိုက်သည်။
"နတ်ဘုရားအရှင်... ဗိုက်ဆာနေပါသလား။ ကျွန်တော့်အိမ်မှာ ပေါက်စီတစ်ဝက် ရှိတယ်။ သုံးဆောင်မလား"
ထိုနတ်ဘုရားအသစ်မှာ ဂိမ်းထဲသို့ ပျော်ရွှင်စွာ ဝင်ရောက်လာသော ကျိယွမ် ဖြစ်သည်။
သူတို့၏ စကားကို ကြားရသောအခါ သူ အနည်းငယ် ထူးဆန်းသလို ခံစားရ၏။
"ငါက နတ်ဘုရားတစ်ပါးဖြစ်သလို ကစားသမားတစ်ဦးလည်း ဖြစ်တယ်။ ဘယ်လိုလုပ် ဗိုက်ဆာနိုင်မှာလဲ"
ကျိယွမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
သို့သော် ထို့အချိန်မှာပင် သူ၏ဗိုက်ထဲမှ တဂွီဂွီ တဂွမ်ဂွမ်အသံများ ကျယ်လောင်စွာ မြည်လာ၏။
ရွာသားများက ကျိယွမ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ကြသလို ကျိယွမ်လည်း အံ့အားသင့်သွားခဲ့သည်။
အသံသည် သူ့ဗိုက်ထဲမှ ထွက်လာခြင်းပင်။
ငါက ဗိုက်ဆာနေတာလား။
ထိုအရာက နားလည်ရန်ခက်ခဲလှသည်။
အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူများသည် အစားအစာကို ရှောင်ရှားနိုင်ကြလေပြီ။
သူသည် ယခုအခါ အမြုတေအဆင့်ပင် ဖြစ်နေပြီမဟုတ်ပါလား ၊ အဘယ်ကြောင့် ဗိုက်ဆာနေရပါသနည်း။
"နတ်ဘုရားအရှင် ၊ အနားယူသင့်ပါတယ်။ အငတ်ခံပြီး မသေပါနဲ့"
ရွာသားတစ်ဦးကလည်း ဝင်ပြောလိုက်သည်။
ရှန်ထူသည် ရွာသားများနှင့်နတ်ဘုရားအသစ်တို့အား စောင့်ကြည့်နေရင်းမှ အံက်ုတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချလိုက်ပြီး နတိကွန်း၏နောက်ဘက်သို့ ပြေးသွားပြီး ပြားကပ်နေသော ပေါင်မုန့်မှိုတက်တစ်ဝက်ကို ယူလာ၏။
ထိုပေါင်မုန့်က သူမဖြစ်မနေငတ်သေတော့မည့်အချိန်မှ ထုတ်စားရန် သိမ်းထားခဲ့သော နောက်ဆုံးမျှော်လင့်ချက်ဖြစ်၏။
ယခုတော့ သူကဘဝနှင့်ရင်းကာဆုံးဖြတ်ပြီး ကျိယွမ်အား ပေးလိုက်သည်။
ကျိယွမ်သည် ထိုပေါင်မုန့်ကို ကြည့်လိုက်ရာ မှိုများတက်နေသည့်အပြင် မာကျောလွန်း၍ မရမက ကိုက်ဖဲ့ထားသော သွားရာများပင် ထင်ကျန်နေသည်ကို တွေ့ရလေသည်။
သူက ရွာသားများဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်၏။
"ဒါပဲလား။ မင်းတို့ နတ်ဘုရားအတွက် ဒါပဲ ရှိတာလား"
ရွာသားများက ရှန်ထူ၏ ပေါင်မုန့်မှိုတက်ကို နတ်သုဓ္ဓါတစ်ခုအား မြင်နေရသလိုကြည့်ကာ တံတွေးမျိုချပြီး ခေါင်းညိတ်ပြကြသည်။
"နတ်ဘုရားအရှင် ၊ ရတာနဲ့ ကျေနပ်ပါ"
"အစားမရွေးပါနဲ့။ အခု မစားရင် နောက်ဆို ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"
"ဟေ.."
သူ မစားလျှင် ပေါင်မုန့်မှိုတက်အား ယခုပင်လုယက်၍စားတော့မလိုဖြစ်နေသော ရွာသားများကို ကျိယွမ် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
သူသည် ရွာသားများထဲတွင် စိတ်ဝိညာဥ်အဆင့်များနှင့်အမြုတေအဆင့်များပါဝင်နေသည်ကို သတိထားမိ၏။
ထိုကဲ့သို့သော ခွန်အားပိုင်ရှင်များသည် သာ့ရှန်းတိုင်းပြည်တွင် ကြီးမားသော ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုကို ဖွဲ့စည်းရန် လုံလောက်ပြီး ဘဝကိုဇိမ်ရှိရှိနှင့် အထက်တန်းကျကျနေထိုင်နိုင်မည်မှာ သေချာသည်။
သို့သော် ဤနေရာတွင်မူ... သူတို့သည် ဤမျှ အထိ ဆင်းရဲစွာ နေထိုင်နေကြရလေ၏။
မည်မျှထူးဆန်းလေသနည်း။
ပို၍ ထူးဆန်းသည်မှာ သူကိုယ်တိုင်အပါအဝင် ကျင့်ကြံသူများအားလုံးက
ဗိုက်ဆာနေကြခြင်းပင်။
"မင်းတို့က ငါ့မျိုးနွယ်တွေပေါ့။ ငါ မင်းတို့အပေါ် တော်တော် စိတ်ပျက်မိတယ်
ကျိယွမ် ညည်းညူလိုက်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာသောအခါ သူ၏ ပထမဆုံးတာဝန်မှာ ချင်းရွှေရွာ၏ နတ်ဘုရားဖြစ်လာပြီး ရွာကို ကာကွယ်ရန် ဖြစ်သည်။
"နတ်ဘုရားအရှင်၊ ကျွန်တော်တို့ကို ကောင်းချီးပေးပါဦး။ ဒါမှ ကျွန်တော်တို့ ရှီးကျားရွာက ကောင်တွေအားလုံးကို သွားချေမှုန်းနိုင်မှာပါ"
ဝသောလူက အဓိကကိစ္စကို ပြောသည်။
သို့သော်လည်း အသစ်မွေးဖွားလာသော နတ်ဘုရားတွင် ၎င်းတို့အား ပေးသနားရန် နတ်ဘုရားစွမ်းအားရှိမည်မဟုတ်ဟု ထင်မိသည်။
မိမိတို့အားလုံး ဗိုက်ဆာနေသည်ကို ကြည့်ခြင်းအားဖြင့် ဤနတ်ဘုရားသည်လည်း ခွေးမြီးမြက်ဘုရားနှင့် ထူးမခြားနားနိုင်ဟု ယူဆရသည်။
ကျိယွမ်သည် မည်သည့်စကားမှ မတုန့်ပြန်သေးဘဲ ကောင်းကင်ကို မော့ကြည့်လိုက်၏။
ကြယ်များသည် ထူထပ်စွာ ပြည့်နှက်နေလေသည်။
အတောက်ပဆုံး ကြယ်သည် သွေးနီရောင် ကြယ်တစ်ပွင့်ဖြစ်ပြီး ကန်လန်နယ်မြေ၏ နေ သို့မဟုတ် လကို ရှာမတွေ့ပါ။
ကြယ်များကို သျေသချာချာ လိုက်ကြည့်နေပြီးမှ သူ၏ အမြုတေကို ကိုယ်စားပြုသော ကြယ်ကို တွေ့လိုက်ရသည်။
"ဘာလို့ ငါက မင်းတို့ကို ကောင်းချီးပေးရမှာလဲ။ ငါ ကိုယ်တိုင်ပဲ သူတို့ကို သွားသတ်ပစ်မယ်"
တာဝန်ကို လက်ခံရရှိသောအချိန်က ကျိယွမ်သည် ရုပ်တု၏ အကြွင်းအကျန်များမှ အမှတ်ရစရာများစွာကိုလည်း စုပ်ယူခဲ့၏။
ဤကမ္ဘာကို သေမျိုးနှလုံးသားဘုံ သို့မဟုတ် ဖန်ထုန်နယ်မြေဟု ခေါ်သည်။
လူသားများသည် ကောင်းချီးမင်္ဂလာနှင့် ကာကွယ်မှုကို ရရှိရန် နတ်ဘုရားများကို ကိုးကွယ်ကြသည်။
အလဲအလှယ်အနေဖြင့် ၎င်းတို့သည် နတ်ဘုရားများအား ပူဇော်ပသရ၏။
နတ်ဘုရားများနှင့် လူသားများသည် အချင်းချင်း အမှီသဟဲပြုနေကြသော ကမ္ဘာဟုပင် ဆိုရမည်။
နတ်ဘုရားများ ခွန်အားကြီးသောအခါ ၎င်းတို့ကို ကိုးကွယ်သော လူသားများသည်လည်း ပိုမို ခွန်အားကြီးလာကြသည်။ထိုအခါ နတ်ဘုရားများ ပိုမိုကြီးထွားလာစေရန်အတွက် ပိုများသော ပူဇော်သက္ကာနှင့် အစားအစာများကို ပေးနိုင်ကြ၏။
သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ခေတ်သစ်နတ်ဘုရားများ ရုတ်တရက် ဆင်းသက်လာပြီး ကမ္ဘာ၏ စည်းမျဉ်းကို ပြောင်းလဲပစ်ခဲ့သည်။
ထိုအချိန်မှစ၍ ရွာများ၊ မြို့များမှသည် တိုင်းပြည်များပင်လျှင် နတ်ဘုရားအသစ်များကို ပိုမို ကိုးကွယ်လာကြလေ၏။
သို့သော် ခေတ်သစ်နတ်ဘုရားအသစ်များသည် ပိုမို အစွမ်းထက်သလို ပို၍လည်း ဆိုးရွားကြသည်။
နတ်ဘုရားအသစ်များကို ကိုးကွယ်သူများသည် ၎င်းတို့၏ဆိုးရွားသောသဘာဝ၏လွှမ်းမိုးခြင်းခံရပြီး အကြမ်းဖက်မှုဘက်သို့ ပိုမို ယိမ်းယိုင်ကာ အခြားရွာများကို မကြာခဏ ကျူးကျော်တိုက်ခိုက်ကြသည်။
ချင်းရွှေရွာနှင့် ရှီးကျားရွာတို့သည် တစ်ချိန်က နယ်နိမိတ်ချင်း ထိစပ်နေခဲ့ပြီး မြစ်တစ်စင်းစီကို ထိန်းချုပ်ထားကာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။
သို့သော် ရှီးကျားရွာသည် နတ်ဘုရားအသစ်တစ်ပါးကို စတင်ကိုးကွယ်သောအခါ အရာအားလုံး ပြောင်းလဲသွားတော့သည်။
ရှီးကျားရွာသည် သူတို့၏ စမ်းချောင်းကို သိမ်းယူရန် ကြိုးပမ်းပြီး ချင်းရွှေရွာကို စတင်တိုက်ခိုက်ခဲ့၏။
တိုက်ပွဲဖြစ်တိုင်းလည်း ချင်းရွှေရွာသည် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရား၏ ကောင်းချီးမင်္ဂလာမရှိဘဲ ချင်းရွှေရွာသည် တိုက်ပွဲ၏ အဖြေကို ပြောင်းလဲနိုင်စရာမရှိပါ။
"တစ်ယောက်ယောက် လမ်းပြပေး။ ရှီးကျားရွာက နတ်ဘုရားအသစ်ကို ငါ သွားသတ်မယ်"
ကျိယွမ်က စိတ်မြန်လက်မြန်ကြေညာလိုက်၏။
ရွာသားများမှာ မယုံနိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သူတို့သည် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသော်လည်း နတ်ဘုရားတစ်ပါးသည် အခြားရွာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး နတ်ဘုရားတစ်ပါးကို သတ်ဖြတ်သည့်အကြောင်း တစ်ခါမှမကြားဖူးပါ။
ရှေးယခင်ကတည်းက ယခုအချိန်ထိ
ရွာသားများကို ကောင်းချီးပေးပြီး တိုက်ခိုက်ခိုင်းသည်သာ ရှိခဲ့သည် မဟုတ်ပါလား။
"နတ်ဘုရားအရှင်၊ အတည်ပြောနေတာပါလား"
ဝသောလူက မယုံနိုင်သလိုပြန်မေးလေသည်။
နတ်ဘုရားတစ်ပါးသည် ဘုရားကျောင်း သို့မဟုတ် နတ်ကွန်းမှ ထွက်ခွာ၍ မရပါ။ နတ်ကွန်းမှ ထွက်သွားသည်နှင့်နတ်ဘုရားအဖြစ်မှ နိမ့်ကျသွားသည်။
ထို့ကြောင့် ရွာများအကြား အလွန်ကြောက်မက်ဖွယ်ကောင်းသောစစ်ပွဲများတွင်ပင် နတ်ဘုရားများသည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ခြင်း မရှိကြပါ။
အများဆုံးအနေဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကိုသာ ပေးသနားကြ၏။
သို့သော် ယခုမူ လူတစ်ဦးဦးကို ကိုယ်တိုင် သွားရောက်ကာ သတ်ဖြတ်လိုသော နတ်ဘုရားတစ်ပါး ပေါ်လာခဲ့လေပြီ။
ထိုကိစ္စက သိသိသာသာထူးဆန်းနေ၏။
မည်သည့် နတ်ဘုရားမျိုးက ဤမျှ အဆင့်အတန်း နိမ့်ကျသော အရာမျိုးကို ပြုလုပ်သနည်း။
မည်သူမှ မလုပ်ပါ။
"မြန်မြန် လမ်းပြတော့။ ငါ ဗိုက်ဆာနေပြီ။ ပွဲတော်တည်ချင်တယ်"
ကျိယွမ်က မကျေမနပ်ဖြင့်စိတ်မရှည်သလို ပြောလိုက်သည်။
အဝတ်အစားများ စုတ်ပြတ်သတ်နေသော ရွာသားများသည် ကျင့်ကြံသူများနှင့် လုံးဝ မတူကြပေ ။ ထူထိုင်းလေးကန်ကာ တက်ကြွခြင်းမရှိသလို သတ္တိလည်းမရှိကြပေ။ သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုရှိပုံမရ။
သူတို့သည် နံနက်တိုင်း သူတို့၏ ကိုယ်ပိုင် အပေါ့အလေးခံအိုးများကိုပင် သွန်ပစ်နေရပုံရသည်။
"ပွဲတော်တည်မယ်"
ဝသောလူက နားမလည်သော်လည်း တံတွေးမျိုချလိုက်၏။
"သူတို့ရဲ့ နတ်ဘုရားကို သတ်လိုက်ရင် သူတို့ အခမ်းအနားကျင်းပကြမှာပဲ။ ငါတို့က ဝင်ပြီး အလကားစားလို့ရတယ်"
ကျိယွမ်က သူ၏ လိမ်မာပါးနပ်မှုကို ဂုဏ်ယူစွာ ပြောလိုက်သည်။
အလကားအစားအစာ ရရှိရန် ဤထက် ပိုကောင်းသော နည်းလမ်း ရှိပါဦးလား။
"ဒါတော့ အဓိပ္ပာယ်ရှိတယ်"
နတ်ကွန်းတာဝန်ခံရှန်ထူက စဉ်းစားလိုက်သည်။
တစ်ချိန်လုံး တိတ်ဆိတ်ကာ စောင့်ကြည့်နေခဲ့သော ရွာလူကြီးက သတိဝင်ပေး၏။
"နတ်ဘုရားအရှင်၊ အရှင်က အခုမှ မွေးဖွားလာတာဆိုတော့ အစွမ်းက အားနည်းနေပါသေးတယ်။ရှီးကျားရွာကို အလောတကြီး သွားရင် အန္တရာယ် ရှိနိုင်ပါတယ်"
ဝသောလူကလည်း ထပ်ဖြည့်သည်။
"နတ်ကွန်းကနေ ထွက်သွားရင် နတ်ဘုရားရဲ့ စွမ်းအားတွေ လျော့ကျသွားပြီး သိသိသာသာ အားနည်းသွားလို့ အစာအဖြစ် အလွယ်တကူ အတိုက်ခံရနိုင်တယ်"
သူတို့နတိဘုရားအသစ်၏ အခြားရွာမှနတ်ဘုရားကို သတ်ပြီး ပွဲတော်တည်ရန် အစီအစဉ်သည် စိတ်ဝင်စားစရာကောင်းသော်လည်း လက်တွေ့မကျပါ။
"ဘယ်လိုလုပ် အန္တရာယ်ရှိမှာလဲ။ ငါ့ရဲ့ ဘယ်ဘက် မျက်ခုံးက လှုပ်နေတယ်လေ။ ဒါက ကံကောင်းခြင်းကြီးဖြစ်မယ်လို့ ဆိုလိုတာပဲ"
ကျိယွမ်က သူ၏ဗိုက်က ပို၍ဆာလာသည်ကို ခံစားမိသောအခါ စိတ်မရှည်နိုင်တော့ပါ။
"မင်းက နတ်ကွန်းတာဝန်ခံပဲ၊ ငါ့ကို အဲ့ဒီကို အမြန်ခေါ်သွားပေး ၊ အချိန်မဖြုန်းနဲ့"
ရှန်ထူ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။
"နတ်ဘုရားအရှင်၊ ကျွန်တော် ခေါ်သွားပါ့မယ်"
ရှန်ထူက စကားဆုံးသည်နှင့် လူအုပ်ကို တိုးဝှေ့ကာ ထွက်သွားသည်။
ကျိယွမ်ကလည်း ချက်ချင်းပင် ရှန်ထူ၏နောက်မှ ကပ်လိုက်သွားလေသည်။
ကျန်နေခဲ့သော ရွာသားများမှာ မယုံနိုင်စွာ ကြည့်နေကြ၏။
"ဒီ နတ်ဘုရားအသစ်က နည်းနည်း... ရူးနေတာလား"
"အင်း...ငါတို့ ပူဇော်ပသမှု ကောင်းကောင်း မလုပ်ခဲ့တာ ငါတို့ အမှားပဲ။ နတ်ဘုရားက အာဟာရချို့တဲ့ပြီး ကောင်းကောင်း မရှင်သန်နိုင်ခဲ့ဘူး"
"ရွာလူကြီး... ကျုပ်တို့ ဘာလုပ်ရမလဲ။ နတ်ဘုရားသာ အဲ့ဒီကို သွားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"
ဝသောလူက ငေးကြောင်နေသောရွာလူကြီးယွီလီအား အမြန်ဆုံးမေးလိုက်သည်။
"ဒီနတ်ဘုရားက အခုမှ မွေးဖွားလာတာ၊ ရှီးကျားရွာက မိစ္ဆာနတ်ဘုရားကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး..ငါတို့ရဲ့ နတ်ဘုရားအသစ်က မွေးဖွားလာတဲ့နေ့မှာပဲ ပျက်စီးပြီ"
ဝမ်းနည်းလွယ်ပုံရသော အခြားရွာသားတစ်ဦးက မျက်ရည်များစီးကျလာ၏။
ရွာလူကြီးယွီလီ၏ မျက်နှာသည် တည်ငြိမ်နေပြီးနောက် အတန်ကြာမှ ဆုံးဖြတ်ချက်ချ၏။
"ငါတို့လည်း သူတို့နောက် လိုက်ကြစို့"
ရွာသားများသည် အချင်းချင်းကြည့်လိုက်ကြ၏။
ရှီးကျားရွာ၏ နတ်ဘုရားအသစ်သည် အလွန်အစွမ်းထက်၏။
သွားလျှင် သေလမ်းသာရှိလေသည်။
အချို့ကဖြစ်ချင်ရာဖြစ် နတ်ဘုရားအသစ်နှင့်အတူတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြပြီး အချို့ကတော့ စိတ်မဝင်စားပါ။
ဤသို့ဖြင့် ရွာသားသုံးပုံနှစ်ပုံခန့်သည် ရွာလူကြီးနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကျန်သောသူများကတော့ မိမိတို့အိမ်များကိုသာပြန်သွားကြ၏။
လိုက်သွားလည်းသေတာပဲရှိမှာ ၊ အိမ်မှာဖွတ်ထားတဲ့ ပေါက်စီလေးပုန်းစားတာကမှ အရသာရှိဦးမယ်။
"နတ်ဘုရားအရှင်...အရှင်က မူလနတ်ဘုရားလား"
ရှန်ထူက လမ်းလျှောက်ရင်းမှ မေး၏။
လွန်ခဲ့သည့် အကြိမ်က သူ၏ အိပ်မက်ထဲတွင် မူလနတ်ဘုရားဟူသော နာမည်ကို ကြားခဲ့ရသည် မဟုတ်ပါလား။
"ဟုတ်တယ်"
ကျိယွမ်က ရှန်ထူကိုကြည့်ကာ စိတ်မသက်သာသလို ခေါင်းယမ်းသည်။
"မင်းက စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘာလို့ ဒီလောက်တောင် ဒုက္ခရောက်နေရတာလဲ"
ကျိယွမ်မှာ တကယ်ကို နားမလည်နိုင်ဖြစ်နေခဲ့ရသည်။
"စိတ်ချရတဲ့ ထောက်ပံ့မှု မရှိသလို၊ ပိုက်ဆံ မရှိပါဘူး၊ ဒါကြောင့်စားစရာလည်း မရှိပါဘူး"
ရှန်ထူက အလွန်အားပျော့စွာ ပြန်ဖြေ၏။
စိတ်ချရသော ထောက်ပံ့မှုဆိုသည်မှာ ချင်းရွှေရွာကိုးကွယ်သော နတ်ဘုရားကို ဆိုလိုပါသည်။
"ပုံမှန်ဆိုရင် အခြေတည်ဆောက်ခြင်း အဆင့်ကို ရောက်ပြီဆိုရင် မင်းတို့ စားဖို့ မလိုအပ်ဘူး မဟုတ်လား"
ကျိယွမ်က ထိုကိစ္စကို တောိတောိသိချင်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်းလည်း ဗိုက်တဂွီဂွီမြည်ကာ ဆာလောင်နေခြင်းကြောင့်ပင်။
"မစားဘဲ နေစရာ မလိုဘူးဟုတ်လား။ မစားရင် သေမှာပေါ့"
ရှန်ထူက ကျိယွမ်ကို ထူးဆန်းသူတစ်ဦးလိုကြည့်ကာ ပြောလိုက်သည်။
"ထားပါတော့"
ရှန်ထူ၏အဖြေက အဆင်မပြေသောကြောင့် ကျိယွမ်သည် ကမ္ဘာများ၏ ဓလေ့ထုံးတမ်းများ မတူညီခြင်းကြောင့်သာ ဖြစ်သည်ဟု အလွယ်ကောက်ချက်ချလိုက်ရသည်။
"နတ်ဘုရားအရှင်.."
"အင်း"
"ဟိုလေ...ကျွန်တော် အစောတုန်းက ပေးခဲ့တဲ့ ပေါင်မုန့်ပြားကို အမှန်တကယ် မလိုချင်ဘူးလား"
ရှန်ထူသည် သွားရာများရှိနေသော ပေါင်မုန့်ကို ဆုပ်ကိုင်ထားပြီး ကျိယွမ်၏ အဖြေအားငံ့လင့်နေသည်။သူက တံတွေးတစ်ချက်မျိုချမိပြီး ကျိယွမ် စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့နေပုံရသည်။
ကျိယွမ်သည် စကားမပြောနိုင် ဖြစ်သွား၏။
"မလိုချင်ဘူး ၊ သေချာတယ်"
ရှန်ထူသည် တောက်ပစွာ ပြုံးလိုက်သည်။
"ဒါဆို ကောင်းပါပြီ။ အနည်းဆုံးတော့ မသေခင် ဗိုက်ဝအောင် စားနိုင်ပြီပေါ့။ဒါဆို ခဏနေလို့ သေရင်တောင် ဗိုက်ဆာတဲ့ သရဲဖြစ်လာမှာ မဟုတ်ဘူး"
"မင်းလို နောက်လိုက်တစ်ယောက် ရှိတာ တကယ်ကို... ကောင်းချီးတစ်ပါးပဲ"
ကျိယွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ချင်းရွှေရွာသည် အလွန်ဆင်းရဲသောကြောင့် ရိုးရာဗုံတောင် ရှိမည်မဟုတ်ပေ။
မဟုတ်လျှင် သူသည် ရှန်ထူကို တီးဝိုင်းတစ်ခု ဖွဲ့ခိုင်းမိမှာသေချာ၏။
ရှန်ထူသည် ကျိယွမ်၏ စကားကို လျစ်လျူရှုကာ ပေါင်မုန့်ကို အလျင်အမြန် ဝါးစားပစ်လိုက်သည်၊ ကျိယွမ်က စိတ်ပြောင်းပြီး သူ့ထံမှ လုယူသွားမည်ကို ကြောက်ရွံ့နေသည့်အတိုင်းပင်။
ကျိယွမ်က ရှန်ထူအားစကားပြောရန်ပြင်လိုက်စဥ်မှာပင် ထူးခြားသောအသံတစ်ချို့ကြောင့် သူ၏ ခြေလှမ်းများကို ရပ်လိုက်သည်။
မလှမ်းမကမ်းရှိ ရွာတစ်ရွာဆီမှ ဗုံသံ၊ မောင်းသံများ ပဲ့တင်ထပ်လာသောကြောင့်ပင်။
"ဟိုမှာ ပွဲတော် ကျင်းပနေပုံရတယ်"
ကျိယွမ်၏ မှတ်ချက်ချသံကြောင့် ရှန်ထူသည် ပေါင်မုန့်ကိုမရမက ကိုက်ဖဲ့နေရာမှ သူတို့ရှေ့ရှိ အိမ်ခြေ ရာပေါင်းများစွာရှိသော ရွာကို ကြည့်လိုက်သည်။
"ဒီနေ့ သူတို့ရဲ့ ပူဇော်ပသပွဲနေ့ပဲ။ နတ်ဘုရားအသစ်အတွက် ကောင်လေးသုံးယောက်ကို ပူဇော်တော့မှာ"
ရှန်ထူ၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။
"ဒီ မိစ္ဆာနတ်ဘုရားအသစ်တွေက အကုန် ယုတ်မာတယ်။ နတ်ဘုရားတွေက ဘယ်တုန်းကမှ လူစားဖူးလို့လဲ"
ရှေးခေတ်မျိုးနွယ်စု မှတ်တမ်းများအရ နတ်ဘုရားများသည် ရိုးရှင်းစွာ အစွမ်းထက်သောလူသားများ ဖြစ်ကြပြီး လူသားများအတွက် တိုက်ပွဲဝင်ပေးရင်း သေဆုံးသွားသော သူရဲကောင်းများ၏ ဝိညာဉ်များသာ ဖြစ်ကြ၏။
သူရဲကောင်းဝိညာဉ်များသည် လူသားများကို ကာကွယ်ပေးပြီး လူသားများကလည်း သူတို့အားပူဇော်သက္ကာများဖြင့် ပြန်လည်အားဖြည့်ပေးပြီး အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးကို တည်ဆောက်ထားခဲ့သည်။
သို့သော် မိစ္ဆာနတ်ဘုရားများဟုခေါ်သော နတ်ဘူရားအသစ်များကတော့ လူသားများကို စားသောက်လေသည်။
ကျိယွမ်၏ အကြည့်သည် ရွာကို ထိုးဖောက်သွားကာ ငိုကြွေးနေသော အမျိုးသမီးတစ်ဦးနှင့် မြေပြင်ပေါ်တွင် ဖိခံထားရသော ထွားကျိုင်းသည့်အမျိုးသားတစ်ဦးကို တွေ့မြင်နေရသည်။
"ရှောင်ချန်၊ ရှောင်ချန်.. သားလေး အဟင့် ..ဟီးဟီး ဟီးဟီး."
အမျိုးသမီးက ငိုကြွေးရင်းမှ ရုန်းကန်နေ၏။
ပူဇော်ခံမည့် အရာများထဲမှ တစ်ခုမှာ သူမ၏ သားငယ်လေးလည်း ပါဝင်နေသည်။
"အစ်မလီ၊ နတ်ဘုရားကို ပူဇော်တာက ငါတို့အတွက် ဂုဏ်ယူစရာပဲ"
ထွားကြိုင်းသော အမျိုးသားတစ်ဦးက ပြောလိုက်ပြီး သူ၏ မျက်လုံးသည် သွေးနီရောင်ဖြင့် တောက်ပနေသည်။
သူသည် နတ်ဘုရားအသစ်၏ လွှမ်းမိုးမှုကို ခံနေရပြီး တဖြည်းဖြည်း ပြောင်းလဲနေပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
သူသည် နတ်ဘုရားအသစ်၏ သစ္စာဆုံး အစောင့်အကြပ် ဖြစ်လာရန်မှာ မကြာတော့ပါ။
အခြားအမျိုးသားတစ်ဦးက သက်ပြင်းချကာ တရားချ၏။
"ရှီးကျားရွာမှာ ရာသီဥတုကောင်းအောင် နှစ်စဉ် ကလေးတစ်ဒါဇင်ကို ပူဇော်တာက တရားမျှတတဲ့ လဲလှယ်မှုပဲ"
"အစ်မ လီ၊ ဘေးနားက ချင်းရွှေရွာကို ကြည့်ပါဦး။ သူတို့က နတ်ဘုရားအသစ်ကို ကိုးကွယ်ဖို့ ငြင်းဆန်တယ်။ အခု သူတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်နေပြီလဲ။ နောက်တစ်လဆို အဲ့ဒီကလူတွေ အကုန် ငတ်ပြတ်ပြီးသေကုန်ကြလောက်ပြီ"
နားရွက်ကြီးကြီးနှင့် ခပ်ဝဝရွာသားတစ်ဦးက ပြောလိုက်ပြီး ထိုအမျိုးသမီး၏ မေးစေ့ကိုလည်း ကိုင်လိုက်သည်။
"ထွီ...မိစ္ဆာနတ်ဘုရား"
အမျိုးသမီးသည် ထိုခပ်ဝဝလူ၏ မျက်နှာပေါ်သို့ တံတွေးထွေးချလိုက်၏
။
ဝဖြိုးသောလူ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားလေသည်။
"အစ်မ လီ၊ ကျွန်တော် ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး ပြောနေတာကို ခင်ဗျား နားမထောင်ဘူး။ နတ်ဘုရားအပေါ် သစ္စာမရှိဘူး ထင်တယ်။ သူ့ကို ရဲ့ပန်ထဲကိုပို့လိုက်"
သူ၏စကားကို ကြားသောအခါ အမျိုးသမီးသည် ပို၍ပင် ပြင်းပြင်းထန်ထန် ရုန်းကန်လေတော့သည်။
မြေပြင်ပေါ်တွင် ဖိထားခံရသော အမျိုးသားသည် သူ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာ၏။
နတ်ဘုရားအသစ်များ ပေါ်လာကတည်းက စကားလုံးအသစ်တစ်လုံးကို ဖန်တီးခဲ့ကြပြီး ၄င်းကို ရဲ့ပန်ဟု ခေါ်ကြသည်။
နတ်ဘုရားအသစ်များသည် ကလေးငယ်များကို စားသောက်ရသည်ကို အလွန်နှစ်သက်၏။
သို့သော် အမြဲတမ်းစားသောက်နေသဖြင့် ကလေးငယ်များ မလုံလောက်တော့ပါက မည်သို့လုပ်မည်နည်း။
အဖြေက ရိုးရှင်လေသည်။အမျိုးသမီးအချို့ကို ပိတ်လှောင်ထားပြီး မျိုးပွားရန်အတွက်ရည်စူးကာ ရဲ့ပန်ထဲ၌ ထားလိုက်ခြင်းပင်။
လူများကို သားဖောက်တိရစ္ဆာန်များကဲ့သို့ ဆက်ဆံခြင်းသည် လုံးဝ လူမဆန်သော အပြုအမူမဟုတ်ပါလား။
"ဒါက ရှီးကျားရွာ၊ ရှီမိသားစု အုပ်ချုပ်တဲ့ နေရာပဲ။ မင်းတို့ ဝမ်မိသားစုဝင်တွေ အနေအထိုင် ဆင်ခြင်ကြ။ မဟုတ်ရင် မင်းတို့ အားလုံးကိုလည်း ရဲ့ပန်ဆီ ပို့ပစ်မယ်"
ဝဖြိုးသောလူက မာထန်စွာ သတိပေးလိုက်သည်။
ရှီးကျားရွာတွင် ရှီမိသားစုတစ်စုတည်းသာ နေထိုင်သည်မဟုတ်ဘဲ အခြား မိသားစုများလည်း နေထိုင်ကြသည်။
သို့သော် ရွာ၏ အကြီးဆုံးမိသားစုဖြစ်သော ရှီမိသားစုက နတ်ဘုရားအသစ် ဆင်းသက်လာစေရန် စီမံခဲ့သူများဖြစ်သည်။
ထို့ကြောင့် ယခုအချိန်၌ ၎င်းတို့သည် ရှီးကျားရွာကို လုံးဝ ထိန်းချုပ်ထား၏။
ကျန်မိသားစုများမှာမူ ခွင့်ပြုချက်မရဘဲ စကားထွက်ပြောရန်ပင် မရဲကြတော့ပါ။
ရှီမိသားစုကို စော်ကားပါက ၎င်းတို့၏ ကလေးများကို နတ်ဘုရားအသစ်အား ပူဇော်ခံရနိုင်သည်မဟုတ်ပါလား။
"ကောင်းကင်က မျက်ကွယ်ပြုနေလို့ နင်တို့လို မိစ္ဆာနတ်ဘုရားတွေ ဆင်းသက်လာရတာ..."
အမျိုးသမီးက ရုန်းကန်ရင်းမှ ဝမ်းနည်းစွာ ငိုရှိုက်၏။
ဝဖြိုးသောလူက တဟားဟား ရယ်မောလိုက်သည်။
"မိစ္ဆာနတ်ဘုရားဟုတ်လား..."
"ဒါက စစ်မှန်တဲ့ နတ်ဘုရားပဲ၊ ဖန်ထုန်နယ်မြေရဲ့ အနာဂတ် အုပ်စိုးရှင်တွေပဲ"
နတ်ဘုရားအသစ်များသည် နတ်ဘုရားဟောင်းများ၏ နယ်မြေကို တဖြည်းဖြည်း ဝါးမျိုနေကြသည်ကို လူတိုင်း သိကြပြီးသားပင်။
ယခုအခါ ဖန်ထုန်နယ်မြေ၏ သုံးပုံနှစ်ပုံသည် နတ်ဘုရားအသစ်များကို ကိုးကွယ်နေကြလေပြီ။
နတ်ဘုရားအဟောင်းများမှာမူ ရပ်တည်ရန်အလွန်ခက်ခဲလာပြီး ၎င်းတို့ လုံးဝ ပျက်စီးသွားရန် မကြာတော့ပါ။
"ငါပြောတာ သဘောပေါက်တယ်ဆိုရင် ၊ ကျန်တဲ့သူတွေလည်း နတ်ဘုရားအပေါ်သစ္စာရှိကြ၊ အားလုံးအတွက် ကောင်းဖို့ပဲ "
ဝဖြိုးသောသူက ရွာသားများအား ကြည့်လိုက်ရာ အားလုံးငြိမ်ကုပ်သွားပြီး အသံကျယ်ကျယ်ပင် မထွက်ရဲတော့ပေ။
သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး နောက်ထပ်ဟိန်းဟောက်ရန်ပြင်လိုက်၏။
"မိစ္ဆာနတ်ဘုရားလား ဘာလား ၊ ထွက်လာပြီး သေလိုက်တော့"
"ငါ ဗိုက်ဆာနေပြီ၊ မြန်မြန်လေး သေလိုက်။ ဒါမှ ငါတို့ ပွဲခံလို့ ရမှာ"
ရုတ်တရက် ကောင်းကင်မှ ကြည်လင်သော်လည်း အလောတကြီးနိုင်သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။
လူဝကြီးမှာ ပါးစပ်ဟမလိုပြင်ပြီးမှ ကောင်းကင်အား အလန့်တကြားမော့ကြည့်မိလေသည်။
ဘယ်ကောင်က နတ်ဘုရားကို စော်ကားနေတာလဲ။
ထိုအခိုက် ကောင်းကင်ယံတွင် လူနှစ်ဦး ပေါ်လာခဲ့သည်။
တစ်ဦးမှာ ပိန်ကုန်းနေသောရှန်ထူ ဖြစ်ပြီး ကျန်တစ်ဦးမှာ ငယ်ရွယ်နုပျိုသော ကျိယွမ် ဖြစ်၏။
ရှန်ထူအားမှတ်မိနေသော ရှီးကျားရွာသားများသည် အံ့အားသင့်စွာ မော့ကြည့်နေကြသည်။
"ချင်းရွှေရွာက နတ်ဘုရားလား"
"ရှေးဟောင်းနတ်ဘုရားအသစ်လား"
"ရှီးကျားရွာကို လာပြီးအသေခံတာထင်တယ်"
ရှီမိသားစုဝင်များစွာ၏ မျက်လုံးများက နီရဲတောက်ပလာ၏။
ထိုနတိဘုရားသည် ချင်းရွှေရွာနယ်နိမိတ်အတွင်း သို့မဟုတ် သူ၏နတ်ကွန်းတွင် ရှိနေပါက သူတို့ ကြောက်ရွံ့ကြပေလိမ့်မည်။
သို့သော် ဤနေရာက ရှီးကျားရွာဖြစ်ပြီး သူတို့၏ အိမ်ရှင်နယ်မြေ ဖြစ်သည်။
အဘယ့်ကြောင့် ထိုနတ်ဘုရားသည် သူ၏နတ်ကွန်းကိုစွန့်ကာ သူများရွာသို့ရောက်လာသနည်း။
ဒီရှေးဟောင်းနတ်ဘုရားအသစ်က သူ့ နတ်ကွန်းကနေထွက်ပြီး ရန်သူနေရာကို လာရဲတယ်တဲ့ ရူးနေပြီလား။
နတ်ဘုရားများသည် ၎င်းတို့၏ နတ်ကွန်းများ သို့မဟုတ် အပိုင်စားနယ်မြေများမှ ထွက်ခွာလေ့မရှိသလောက်ပင်။
အားလုံးအာရုံလွဲသွားခိုက် မြေပြင်ပေါ်တွင်လဲကျနေသော အမျိုးသမီးသည် လျှင်မြန်စွာထကာ ကောင်းကင်ယံရှိ ကျိယွမ်ကို မော့ကြည့်၏။ သူမ၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေပြီး နဖူးမှ သွေးများထွက်သည်အထိ အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။
"နတ်ဘုရား၊ ကျေးဇူးပြုပြီး ကျွန်မသားလေးကို ကယ်ပေးပါ"
"ကယ်ပေးပါဘုရား..."
တစ်ပြိုင်နက်တည်းလိုလိုမှာပင် သွေးဆောင်မှုရှိသော နောက်ထပ်အသံတစ်သံကလည်း ထွက်ပေါ်လာ၏။
"အိုး.... ချစ်စရာကောင်းတဲ့ အသစ်လေးတစ်ယောက် ငါ့ဆီ ရောက်လာတာပဲ။ ဘယ်လိုလဲ ...နင်က ဒီအစ်မနဲ့ ပေါင်းချင်လား"
သွေးနီရောင် ဝတ်စုံဝတ်ထားသော မြေခွေးအမျိုးသမီးတစ်ယောက် ပေါ်လာခဲ့သည်။
ရှီးကျားရွာသားများသည် နတ်ဘုရားကိုယ်တိုင် ထွက်ပေါ်လာသည်ကို မြင်သောအခါ အလျင်အမြန် ဒူးထောက်လိုက်ကြ၏။
"နတ်ဘုရားအရှင်ကို ဂါရဝပြုပါတယ်"
ထိုမြေခွေးမနတ်ဘုရားအသစ်သည် သူတို့၏ နတ်ဘုရား၊ သူတို့၏ ကောင်းကင် ဖြစ်သည်။
ဝဖြိုးသောလူသည် မြေခွေးဝတ်စုံဝတ်ထားသော အမျိုးသမီးကို အစွဲအလမ်းကြီးစွာ ကြည့်နေ၏။
သူတို့နတ်ဘုရားနှင့် ယှဥ်လျှင် ချင်းရွှေရွာမှ အသစ်မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားကတော့ ဘာမှအရေးမပါတော့ပါ။
ကျိယွမ်၏ဘေးတွင် ရပ်နေသော ရှန်ထူသည် အသားစားနတ်ဘုရားကိုမြင်သောအခါ ကြောက်လန့်ကာ တုန်ယင်နေ၏။သို့သော် ပေါင်မုန့်အနည်းငယ် စားခဲ့သည်ကို သတိရသောအခါ ယခုသေရလည်း ထိုက်တန်သည်ဟု ခံစားရပြီး ပို၍ ရဲရင့်လာသည်။
သူက နတ်ဘုရားအားကိုးနှင့် မျက်စိမှိတ်ကား အော်လိုက်သည်။
"မိစ္ဆာနတ်ဘုရား၊ နင် လောကကို ဒုက္ခပေးခဲ့တာများပြီ။ ငါတို့ ချင်းရွှေရွာရဲ့ နတ်ဘုရားက နင့်ကို ဖျက်ဆီးလိမ့်မယ်"
-----------------------