ချီချီ ၊ သူဟာ အင်မတန်မြင့်မြတ်တဲ့ နတ်ဘုရားပဲဖြစ်ရမယ်
Vol. 14 Ch. 173
"ဖေးဟွမ်မြို့က နန်ကုန်းဝူကျီက နတ်ဘုရားနှင့် တွေ့ဆုံရန် ခွင့်တောင်းပါတယ်"
ပညာရှိဝတ်ရုံဝတ်အဘိုးသည် အင်မတန် အစွမ်းထက်သူဖြစ်ပြီး နယ်မြေတစ်ခုလုံးကို အုပ်စိုးသည့် နတ်ဘုရားများကိုပင် အလွယ်တကူ သတ်နိုင်စွမ်းရှိ၏။
သို့သော်လည်း သူသည် ဤတစ်ကြိမ်မှာတော့ ချင်းရွှေရွာရှိ နတ်ဘုရားကို လာရောက်တွေ့ဆုံသည့်အခါ အမြင့်ဆုံးသော ရိုသေမှုဖြင့် ဆက်ဆံသည့် သဘောထားမျိုးကို ပြသခဲ့သည်။
သူက စားသောက်နေသူများကိုသာမြင်ပြီး နတ်ဘုရားကို မမြင်သောကြောင့် ရွာထဲသို့ကြည့်ကာ အော်ဟစ်ကာခွင့်တောင်းလိုက်၏။
ထိုအသံကြောင့် ဝက်ပေါင်တစ်ချောင်းကို အားရပါးရကိုက်နေသော ကျိယွမ် အစားပျက်သွား၏။
သူက စားပွဲများကြားသို့ မော့ကြည့်လိုက်ရာ ပညာရှိအဝတ်အစားနှင့် အနည်းငယ်ပိန်နေသော နန်ကုန်းဝူကျီကို မြင်သွားလေသည်။
ထိုအဘိုးအိုအား သူအားကျောပေးပြီး ရွာထဲသို့ လှမ်းကြည့်နေခြင်းပင်။
"ဟေး....နတ်ဘုရားက ဒီမှာ ၊ခင်ဗျားလည်း ပွဲလာစားတာလား ၊ လာထိုင်၊ ကြိုက်တာစား"
နောက်ကျောမှ အသံကြောင့် နန်ကုန်းဝူကျီသည် ရုတ်တရက်လှည့်ကြည့်လိုက်ရာ ဝက်ပေါင်တစ်ချောင်းကို အားရပါးရတီးနေသော ကျိယွမ်ကို မြင်သွားလေသည်။
သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူသည် ကျိယွမ်ထံမှ တန်ခိုးကြီးသော နတ်ဘုရားအရှိန်အဝါကို လုံးဝမခံစားရပေ။
၎င်းမှာ ထိုနတ်ဘုရားသည် အမှန်တကယ်ပင် အဆင့်အတန်း အလွန်နိမ့်သည်ဟု ဖော်ပြနေခြင်းပင်။
"ဒါဆိုရင်လည်း နတ်မင်းရဲ့ဧည့်ခံမှုကို လက်ခံပါ့မယ်"
နန်ကုန်းဝူကျီ ကျိယွမ်၏ စားပွဲသို့လျှောက်လာသည်။ ဟွမ်မန်ရင်သည် စူးစမ်းလိုစိတ်အပြည့်ဖြင့် နောက်က လိုက်လာ၏။
ထိုနတ်ဘုရားအသစ်သည် ရှီးကျားရွာမှ နတ်ဘုရားကို မည်သို့မည်ပုံ သတ်နိုင်ခဲ့ကြောင်းကို သူမ အမှန်တကယ်ပင် စူးစမ်းချင်နေသည်။
ထို့ပြင် နတ်ဘုရားတစ်ပါးက သာမန်ရွာသားများနှင့် အတူထိုင်၍ စားသောက်နေပုံကိုလည်း သူမအလွန် အံ့သြမိသည်။
သူမသည် နတ်ဘုရားများစွာကို မြင်ဖူးပါသည် ။ ၎င်းတို့သည် အလွန်အစွမ်းထက်သူများ မဟုတ်သော်လည်း နတ်ဘုရားတိုင်းက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သည်ဟု ယူဆကြပြီး လူသားများနှင့် အတူထိုင်ရန် စိတ်မကူးကြပေ။ အတူတူ စားသောက်ရန်ဆိုလျှင် စိတ်ကူးထဲတောင် မရှိကြပါ။
သို့သော် ချင်းရွှေနတ်ဘုရားကတော့ ရွာသားများနှင့် အတူထိုင်နေ၏ ။ အတူတူစားသောက်နေသည့်အပြင် မဝလျှင် ရွာသားများစားနေသောအသားများကိုပင် လုတော့မလိုပင်။
မည်မျှထူးဆန်းလှသနည်း။
နန်ကုန်းဝူကျီနှင့် ဟွမ်မန်ယင် ရောက်လာသောအခါ ရွာသားအချို့သည် သူတို့အတွက် ထိုင်ခုံများ၊ ပန်းကန်များနှင့် တူများကို အလျင်အမြန် ယူလာပေးကြ၏။
တစ်ချိန်တည်းမှာပင် ရွာသားများအားလုံးသည် စူးစမ်းလိုစိတ်များဖြင့် ထိုအကြီးအကဲနှင့် အမျိုးသမီးကို ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် မြို့တော်မှ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့်ပင်။
"အရှင်က အခုမှ မွေးဖွားလာတဲ့ နတ်ဘုရားလားရှင့်"
ဟွမ်မန်ရင်က မနေနိုင်စွာမေးလိုက်မိသည် ။
သူမ မှန်မှန်ကန်ကန် မှတ်မိပါက ချင်းရွှေရွာ၏ နတ်ဘုရားသည် ခွေးမြီးမြက် နတ်ဘုရားဖြစ်ပြီး လူသားတစ်ဦး၏ ပုံသဏ္ဌာန် မဟုတ်ပေ။
"တစ်မျိုးတော့ ဟုတ်ပါတယ်"
ကျိယွမ် ထိုမျှသာဖြေကာ ဆက်လက် စားသောက်နေသည်။
ရိုးရိုးသားသားပြောရလျှင် သူသည် ကန်းလန်နယ်မြေတွင် အစာရှောင်ခြင်းကို လေ့ကျင့်ခဲ့ပြီးဖြစ်၍ မည်မျှပင် အရသာရှိသော အစားအစာဖြစ်စေကာမူ သူ့အတွက် အရသာ အတူတူသာဖြစ်သည်။
သို့သော် ရှီကျားရွာတွင် ဤပွဲကို စားရသည်က သူ့ကို ငယ်ဘဝအရသာကို သတိရစေပြီး အလွန်ကောင်း၏။
"လေးစားဖွယ်အရှင်ဟာ ရှီးကျားရွာက နတ်ဘုရားအသစ်ကို ဘာကြောင့် ရုတ်တရက် သတ်လိုက်တာလဲ"
ပညာရှိဝတ်ရုံဝတ် အကြီးအကဲ နန်ကုန်းဝူကျီက သူသိလိုသောအရာကို မေးသည်။
ယေဘုယျအားဖြင့် နတ်ဘုရားမှန်သမျှကို "လေးစားဖွယ်အရှင်" ဟု ခေါ်ဆိုလေ့ရှိကြ၏။
ဟွမ်မန်ရင် အေးအေးလူလူထိုင်ကာ အစားစာနေသော ကျိယွမ်အားကြည့်ကာ အံ့သြမိသည်။
ယခုအခါ ဖေးဟွမ်မြို့မှ ကျန်ရှိနေသေးသော ရှေးဟောင်းနတ်ဘုရား အနည်းငယ်ကပင် နတ်ဘုရားအသစ်များကို ရန်မစရဲတော့ပါ။
ဘေးဥပဒ်နတ်ဘုရားကို ရန်ပြုရဲသူ အနည်းငယ်သာ ရှိသည်။
"ကျွန်တော်က အခုမှ ဒီကိုရောက်တာ ၊ ရောက်ကတည်းက ဗိုက်ကတော်တော် ဆာနေတယ်။ ကျွန်တော့်နယ်မြေက ဆင်းရဲလွန်းလို့ တကယ်ကို ဟင်လင်းပြင်လို ဖြစ်နေတယ်။ "
"ဗိုက်ဆာရင် ဘာလုပ်ရမလဲ ၊ ကျွန်တော်တွေးတယ် ၊ သူများဆီက အစားအစာကို ခိုးယူလို့မရဘူး မဟုတ်လား ၊ ဒါဆို ဓားပြတွေနဲ့ ဘာများ ကွာခြားတော့မှာလဲ၊ ဒါကြောင့် ကျွန်တော် အကြံတစ်ခု ရလာတယ်။"
" လူတွေ သေရင် ပွဲမလုပ်ဘူးလား ၊ အခမ်းအနားတွေလုပ်ပေးကြတယ်လေ၊
သူတို့ရဲ့ နတ်ဘုရားကို ကျွန်တော် သတ်လိုက်တော့ အခု သူတို့ ပွဲလုပ်နေကြပြီ။
ဒါက ကျွန်တော့်အကြံ မှန်တယ်ဆိုတာကို ပြသနေတယ်"
ကျိယွမ်သည် စကားဆုံးသည်နှင့် သစ်သီးတစ်လုံးအား ကိုက်စားလိုက်သည်။
နန်ကုန်းဝူကျီသည် ထိုစကားကိုကြားသောအခါ ခဏတာမျှ အံ့အားသင့်သွား၏။
ဟွမ်မန်ယင်မှာတော့ လုံးဝပင် စကားမဲ့သွားသည်။
နတ်ဘုရားတစ်ပါးအနေနှင့် ထိုအကြောင်းပြချက်မျိုးဖြေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
သဘာဝအတိုင်းပင် သူမ မယုံကြည်ပေ။
သို့သော်လည်း ဟွမ်မန်ယင်က ဆက်လက်၍ ရိုသေစွာမေးလိုက်သည်။
"လေးစားဖွယ်အရှင်က ရှီကျားရွာက မိစ္ဆာနတ်ဘုရားကို သတ်လိုက်တဲ့အတွက်... ဒါဟာ ကွမ်ဖုန်းမြို့ကနတ်ဘုရားကို ရန်စလိုက်သလို ဖြစ်သွားမှာကို ကျွန်မ စိုးရိမ်မိပါတယ်"
ရှီးကျားရွာသည် ကွမ်ဖုန်းမြို့၏ လက်အောက်ခံဖြစ်ပြီး လက်အောက်ငယ်သားအဖြစ် ဆက်ဆံရေး ရှိသည် ဖြစ်သည်။
"ဖြစ်တော့လည်း ဖြစ်ပေါ့ မတတ်နိုင်ဘူး"
ကျိယွမ်က လုံးဝ ဂရုမစိုက်ပေ။
ရက်များစွာ ပွဲတော်စားပြီးနောက် သူ့ဗိုက်ထဲက ဆာလောင်မှုသည် တဖြည်းဖြည်း လျော့ကျသွားပြီ ဖြစ်သော်လည်း
ပွဲတော်များ စားသုံးရန်တော့ လိုအပ်နေသေးသည်။
"ကွမ်ဖုန်းမြို့က နတ်ဘုရားက ရှီးကျားရွာက နတ်ဘုရားထက် အများကြီး ပိုပြီး အစွမ်းထက်ပါတယ်။အကြီးအကဲ နန်ကုန်းဝူကျီက အဲ့ဒီနတ်ဘုရားကြောင့် ဒဏ်ရာရခဲ့တာပါ"
ဟွမ်မန်ရင်က ဝမ်းနည်းသော အမူအရာဖြင့် အဘိုးအိုအားကြည့် သည်။
ကျိယွမ်လည်း အနည်းငယ်စိတ်ဝင်စားသွားပြီး ပညာရှိဝတ်ရုံဝတ်ထားသော အကြီးအကဲကို ကြည့်လိုက်မိ၏။
[နန်ကုန်းဝူကျီ၊ အဆင့် ၈၂ နတ်ဘုရား ။]
"မဆိုးဘူး၊ ခင်ဗျားက ကျွန်တော့်အတွက် နှဲမှုတ်ဖို့ အရည်အချင်းပြည့်မီတယ်။
ကျွန်တော့် တီးဝိုင်းက လူတစ်ယောက် လိုနေသေးတယ်၊ စိတ်ဝင်စားလား"
ကျိယွမ်သည် နန်ကုန်းဝူကျီကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ကန်းလန်နယ်မြေ၏ သတ်မှတ်ချက်များအရ နန်ကုန်းဝူကျီ၏ ခွန်အားသည် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်တွင် ရှိ၏။
သူသည် ရွာပွဲတော်တစ်ခုကို ဝင်ရောက် စားသောက်သည့် ခရမ်းရောင်နန်းတော်အထွတ်အထိပ်ကျင့်ကြံသူနှင့် တွေ့ဆုံရမည်ဟု မျှော်လင့်မထားခဲ့ပေ။
နန်ကုန်းဝူကျီသည် ကျိယွမ်၏ စကားများကို လုံးဝနားမလည်သော်လည်း အဆင်မပြေသော အပြုံးဖြင့်သာ ပြုံးလိုက်ပြီး တုန့်ပြန်သည်။
"သခင်မလေးဟွမ် ပြောတာ မှန်ပါတယ်။ လေးစားဖွယ်အရှင်ဟာ မိစ္ဆာနတ်ဘုရားကို သတ်လိုက်တဲ့အတွက် ကွမ်းဖုန်မြို့ကနတ်ဘုရားမျိုးနွယ်တစ်ခုလုံးကို လုံးဝ စော်ကားလိုက်တာပါပဲ။ မကြာခင်မှာပဲ သူတို့ရဲ့ တပည့်တွေ ဒီကို ရောက်လာပါလိမ့်မယ်"
"ကျွန်မက ဖေးဟွမ်မြို့စားကြီးရဲ့ သမီးပါ။ လေးစားဖွယ်အရှင် ချင်းရွှေရွာကနေ ထွက်ပြီး ကျွန်မရဲ့ ဖေးဟွမ်မြို့ကို လာဖို့ ဘာလို့ မစဥ်းရတာလဲ"
"ကျွန်မ အရှင့်အတွက် နတ်ကွန်းဆောက်ပြီး ရုပ်ထုကို တည်ထားပေးပါ့မယ်"
ဟွမ်မန်ရင်သည် ကျိယွမ်ကို စုဆောင်းရန် ကြိုးပမ်းနေခြင်းဖြစ်သလို ကျိယွမ်၏ အသက်ကိုပါ ကယ်တင်နိုင်ရန် မျှော်လင့်နေသည် ။
ခေတ်သစ်နတ်ဘုရားကို သတ်ရဲသော ရှေးဟောင်းနတ်ဘုရားမှန်သမျှသည် အခြားခေတ်သစ်နတ်ဘုရားများ၏ အမဲလိုက်ခြင်းခံရမည်မှာ မလွဲမသွေဖြစ်ပြီး ဆိုးရွားသော အကျိုးဆက်များဖြင့် ရင်ဆိုင်ရမည်သာ။
"မလုပ်ပါနဲ့၊ ဒီအကြောင်း ထပ်မပြောကြပါနဲ့တော့။ ကျွန်တော် ချင်းရွှေရွာကို မထားခဲ့ပါဘူး"
ကျိယွမ်သည် စိတ်မဝင်စားစွာ သူ၏လက်ဝှေ့ယမ်းလိုက်၏။
သူ၏လက်ရှိတာဝန်မှာ ချင်းရွှေရွာကို ကာကွယ်ရန်ဖြစ်၍ ထားခဲ့ရန် လုံးဝမဖြစ်နိုင်ပေ။
ကျိယွမ်၏ တုံ့ပြန်မှုကို မြင်သောအခါ ဟွမ်မန်ရင်က သူ့ကို ဆွဲဆောင်၍ မရနိုင်ကြောင်း သိလိုက်ရပြီး ခပ်ဖွဖွ သက်ပြင်းချလိုက်သည် ။
သူမသည် အခြေအနေ၏ ပြင်းထန်မှုကို ရှင်းပြခဲ့ပြီးပြီဖြစ်သော်လည်း သူက နားမထောင်ခဲ့သဖြင့် သူမ ဘာမှမတတ်နိုင်တော့ပါ။
သတ္တိရှိသော နတ်ဘုရားအသစ်ကို မစုဆောင်းနိုင်သည်ကိုတော့ သူမ အနည်းငယ် နောင်တရမိသည်။ ဖေးဟွမ်မြို့၏ အင်အားမှာ အလွန်ပင် အားနည်းနေသေးသည် မဟုတ်ပါလား။
"ဒါက ဝက်နားရွက်၊ မြည်းကြည့်ပါဦး"
ကျိယွမ်သည် နန်ကုန်းဝူကျီအား ဝက်နားရွက်တစ်ဖက်ကို သဘောထားကြီးစွာပေးလိုက်သည် ။
နန်ကုန်းဝူကျီ ပြုံးလိုက်ပြီး ငြင်းဆို၏။
"ကျွန်တော် အသားမစားပါဘူး"။
ကျိယွမ် ခဏတာမျှ အံ့အားသင့်သွားပြီး နန်ကုန်းဝူကျီအား ဖင်ပြန်ခေါင်းပြန်ကြည့်သည်။
"ခင်ဗျားက ဘုန်းကြီးလား၊ မဟုတ်ဘူး၊ ခင်ဗျားခေါင်းမှာ ဆံပင်အပြည့်ပဲ။ သက်သတ်လွတ်သမားလား"
နန်ကုန်းဝူကျီသည် ယခုအခါမှာလည်း ကျိယွမ်၏ စကားများကို လုံးလုံးနားမလည်ပါ။
"ကျွန်တော်ဟာ အစာရှောင်ခြင်းမယ်တော်ရဲ့နောက်လိုက်ပါ"
"အစာရှောင်ခြင်းမယ်တော်လား..."
ချီယွမ်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ ဟွမ်မန်ရင်က ရှင်းပြသည်။
"အစာရှောင်ခြင်းမယ်တော်ဟာ အစွမ်းထက်တဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပါ။
မယ်တော်က လူတစ်ယောက်ဟာ မွေးဖွားလာချိန်တုန်းက သန့်စင်ပေမဲ့ လောကခရီးကို ဖြတ်သန်းပြီးနောက်မှာ ညစ်ညမ်းလာတယ်လို့ ယူဆပါတယ်။ သူတို့ စားသောက်တဲ့ အစားအစာ၊ သူတို့ ကျင့်ကြံတဲ့ ဝိညာဉ်စွမ်းအင်နဲ့ သူတို့ ရှူရှိုက်တဲ့ လေတွေအားလုံးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်ပြီး ညစ်ညမ်းစေပါတယ်။
အစာရှောင်တာရယ် လောကနဲ့ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်တဲ့နည်းနဲ့သာ ဖန်သားလို သန့်စင်တဲ့ ခန္ဓာကိုယ်အစစ်ကို ပုံဖော်နိုင်ပါလိမ့်မယ်"
ထိုစကားကိုကြားသောအခါ ကျိယွမ်သည် ခဏတာမျှ မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်သွားပြီး မှတ်ချက်ချသည်။
"ဒီအစာရှောင်ခြင်းမယ်တော်မှာ ခေါင်းနဲ့ပတ်သက်ပြီး ပြဿနာအချို့ ရှိနေပုံရတယ်"
နန်ကုန်းဝူကျီသည် ထိုသို့ အကဲဖြတ်ခြင်းကို ဒေါသမထွက်ပါ။
အဘယ်ကြောင့်ဆိုသော် လူတိုင်းနီးပါးက သူ၏ယုံကြည်မှုကို ပယ်ချကြသည်ကို အကျင့်ဖြစ်နေသောကြောင့်ပင်။
ပြီးတော့ သူသည်လည်း တကယ်တမ်း အစာကို လုံးဝရှောင်နေသည်လည်း မဟုတ်ပါ။
ပွဲတော်တွင် ဟွမ်မန်ရင်သည် အတော်အတန် စားသောက်ခဲ့သော်လည်း နန်ကုန်းဝူကျီသည် ရေအနည်းငယ်သာ သောက်ခဲ့သည်။
နောက်ဆုံးတွင် ပွဲတော် ပြီးဆုံးသွားသောအခါ ဟွမ်မန်ရင်က ကျိယွမ်အားနှုတ်ဆက်၏။
"လေးစားဖွယ်အရှင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရင် ကျွန်မရဲ့ ဖေးဟွမ်မြို့ကို လာနိုင်ပါတယ်။ ဖေဟွမ်မြို့ရဲ့ တံခါးတွေဟာ အရှင်အတွက် အမြဲတမ်း ဖွင့်လှစ်ထားမှာပါ"
"အင်း"
ကျိယွမ် ခေါင်းညိတ်လိုက်ပြီး ဟွမ်မန်ရင်၏ စကားများကို မှတ်သားထားလိုက်၏။
ဟွမ်မန်ရင်နှင့် နန်ကုန်းဝူကျီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျိယွမ်သည် စားပွဲတွင် ပြန်ထိုင်ကာ ရွာသားများကို မေးလေသည်။
"မနက်ဖြန် ဘယ်သူ ပွဲလုပ်မှာလဲ"
ထွားကျိုင်းသောရွာသား ဝမ်ကျုံးရှန်းက လျင်မြန်စွာ ပြန်ဖြေသည်။
"နတ်ဘုရား၊ ရှီကန်ချန်း အလှည့်ပါ"
"အင်း..ဘယ်သူဖြစ်ဖြစ် ကြီးကြီးကျယ်ကျယ် လုပ်"
ကျိယွမ် စကားဆုံးသည်နှင့် ရပြီဟူသောသဘောဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
ဝမ်ကျုံးရှန်းသည် ထွက်မသွာသေးဘဲ စိတ်မသက်မသာ ဖြစ်နေသော အမူအရာဖြင့် တွန့်ဆုတ်စွာ လျှောက်တင်၏။
"အရှင် .. ရှီးကျားရွာမှာ ဝက်တွေ ရှားပါးလာပါပြီ..."
ယခုရက်ပိုင်းအတွင်း နေ့တိုင်း ပွဲတော်လုပ်နေသောကြောင့် ရှီးကျားရွာက ဝက်အတော်များများကို သတ်ဖြတ်ခဲ့ရသည်။
လူရာပေါင်းများစွာက နေ့တိုင်း အားရပါးရ စားသောက်ကြသည်။
သိုလှောင်ထားသော ဆန်စပါးများစွာကျန်နေသေးသော်လည်း ဝက်များက ကုန်သလောက်ဖြစ်လာ၏။
"ဝက်မရှိတော့ဘူးလား"
ကျိယွမ် ထိတ်လန့်သောသောပုံဖြင့် ကြည့်လိုက်သည်။
ဒီကိစ္စ စိုးရိမ်စရာပဲ ။ တစ်ခုခု ကြံရမယ်။
သူကခဏစဥ်းစားပြီးနောက် မေးလိုက်၏။
"ဘယ်အနီးအနားရွာမှာ ဝက်ပေါပေါများများ ရှိလဲ"
.................
ကွမ်ဖုန်းမြို့တွင်ရှိသော နတ်ကွန်းတစ်ခုတွင်ဖြစ်သည်။
"အရှင်ရှဲလန်း၊ နန်ကုန်းဝူကျီကို ဖမ်းနိုင်ပါ့မလား"
ဇိမ်ခံပိုးထည်ဝတ်ဆင်ထားပြီး ချမ်းသာကြွယ်ဝပုံရသော အမျိုးသားတစ်ဦးကနတ်ရုပ်တုတစ်ခုကိုကြည့်ကာ ရိုသေစွာမေးသည်။
နတ်ရုပ်တုက မျက်လုံးဖွင့်လိုက်လာ၏။
"သူ့အစွမ်းက ကြီးမားတယ်၊ သူ ထွက်ပြေးတာမြန်တော့ လွတ်သွားခဲ့တယ်၊ ဒါပေမယ့် ငါ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တာကြောင့် နောက် သုံးနှစ်လောက်တော့ ပြိုင်ဘက်တွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ ချမ်းသာကြွယ်ဝသူ၏ မျက်နှာသည် ဝမ်းသာမှုဖြင့် တောက်ပလာပြီး ဦးညွှတ်လိုက်သည်။
"အရှင် ရှဲလန်းက တကယ်ကို ထူးခြားပါတယ်"
"ဒါနဲ့ လေးစားဖွယ်အရှင်ရဲ့ ဆင်းသက်ကြွရောက်ခြင်းကို ဘယ်အချိန်မှာ ကြိုဆိုနိုင်မလဲ"
ဘေးဥပဒ်နတ်ဘုရား ရှဲလန်းက ချမ်းသာသူအားမေးသည်။
သူ ပြောခဲ့သော လေးစားဖွယ်အရှင်သည် ခေတ်သစ်နတ်ဘုရားများ၏ စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်သည်။
ချမ်းသာကြွယ်ဝသူသည် စိတ်မသက်မသာ ဖြစ်နေသော အမူအရာဖြင့် ပြန်ဖြေ၏။
"လက်ရှိမှာတော့ ဖေးဟွမ်မြို့က မြို့စားကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပါပဲ။ ရှေးဟောင်းနတ်ဘုရားယွမ်ကလည်း အသက်ရှင်နေသေးလား သေလားဆိုတာတောင် ကျွန်တော်တို့ မသိသေးပါဘူး၊ ဒါကြောင့် ဒီကိစ္စကို သေချာ စီစဉ်ဖို့ လိုပါတယ်"
"မင်း မြန်မြန်လုပ်ရမယ်"
ဘေးဥပဒ်နတ်ဘုရား ရှဲလန်း၏ လေသံက ဒေါသအပြည့်ပါလာသည်။
ချမ်းသာကြွယ်ဝသူသည် ရင်ထဲတွင် တင်းကျပ်မှုကို ခံစားရပြီး လျင်မြန်စွာ တုန့်ပြန်လိုက်သည်။
"စိတ်ချပါ အရှင် ။ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ နတ်ဘုရားအသစ်ကို သေချာပေါက် ခေါ်ဆောင်ပါ့မယ်"
ဘေးဥပဒ်နတ်ဘုရား ရှဲလန်း၏ အကြည့်သည် လင်းလက်သွားသော်လည်း ခေါင်းခါ၏။
"နှေးလွန်းတယ်၊တော်တော် နှေးတာပဲ"
ချမ်းသာကြွယ်ဝသူသည် ထပ်မပြောဝံ့တော့ပါ။ သို့သော် သူ့စိတ်ထဲတွင်တော့ သိပ်မကြည်ပေ ။
နှေးတယ်လို့ထင်ရင်လည်း ဖေးဟွမ်မြို့ကို တိုက်လေ။
ဘာလို့ မတိုက်ခိုက်ရတာလဲ။
ကြောက်နေတာလား ။
သို့သော် သူသည် ထိုအရာများကို အပြင်သို့ မည်သည့်အခါမှ ထုတ်ပြောဝံ့မည်မဟုတ်ပါ။
ထိုနောက် သူသည် အရာတစ်ခုကို သတိရသွားပြီး တောင်းဆိုလိုက်သည်။
"မကြာသေးခင်က ရှေးဟောင်းနတ်ဘုရားတစ်ပါးနဲ့ ပတ်သက်တဲ့ အမျိုးသမီးတစ်ဦးဟာ ကွမ်ဖုန်းမြို့ အနီးအနားကို ရောက်လာတယ်ဆိုတဲ့ သတင်းတစ်ခု ရရှိခဲ့ပါတယ်။ အရှင်...သူမကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါရစေ"
"ရှေးဟောင်းနတ်ဘုရားလား ၊ ဘယ်သူလဲ"
"ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမယ့်... သူမဟာ စစ်မှန်နတ်ဘုရား ဖြစ်ဖို့ များပါတယ်"
"စစ်မှန် နတ်ဘုရားလား ၊ ငါ မှတ်ထားလိုက်မယ်။ သူမရဲ့ နာမည်က ဘာလဲ၊ ဘယ်လိုပုံပန်းသဏ္ဌာန် ရှိသလဲ"
"သူမကို... ချီချီလို့ ခေါ်ပါတယ်။ ဒါက သူမရဲ့ ပုံတူပါ"
.............
မှောင်မည်းသော တောင်တန်းလမ်းတစ်ခုတွင်ဖြစ်သည်။
ချီချီဟုအမည်ရှိသော မိန်းမပျိုတစ်ဦး၏ မျက်လုံးများတွင် ခိုင်မာသောဆုံးဖြတ်ချက်များနှင့် လျှောက်လှမ်းနေ၏။
သူမ ဘေးတွင်ပါလာသော အိမ်ဖော် ရှောင်ရွှေကတော့ ပြင်းထန်စွာ မောပန်းနေခဲ့သည်။
"သခင်မလေး၊ ကျွန်မတို့ ဘယ်လောက်ကြာကြာ ဆက်သွားရဦးမလဲ"
"မြေပုံအရဆိုရင်တော့ မကြာခင် ရောက်တော့မယ်"
ချီချီ၏ အကြည့်က အလွန်ခိုင်မာနေ၏။သူမက ပန်းတိုင်မရောက်မချင်း နောက်ဆုတ်မည့်ဟန် မရှိပါ။
သူမသည် မျိုးရိုးကြီးတစ်ခုမှ မွေးဖွားလာသူ ဖြစ်ပြီး သူမငယ်စဉ်က ဘေးဥပဒ်နတ်ဘုရားတစ်ပါးကြောင့် သူမ၏ မိသားစုဝင်များအားလုံး သေဆုံးခဲ့ရသည်။
မိသားစုအမွေအနှစ်ကို သယ်ဆောင်ကာ ထွက်ပြေးရင်းမှ သူမ တစ်ယောက်တည်းသာ အသက်ရှင်ခဲ့သည်။ ယခုအခါမှာတော့ သူမသည် ဝေးလံခေါင်သီသော တောရွာတစ်ရွာသို့ ဦးတည်နေခြင်းပင်။
မိသားစုအမွေအနှစ်၏လမ်းညွှန်မှုအရ ထိုဝေးလံခေါင်သီသော တောရွာရှိ နတ်ဘုရားရုပ်တုကို သူမ၏ ဘိုးဘေးများက ထုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရုပ်တုအတွင်းတွင် ယင်ရှင်းကျောက်တုံးဟုခေါ်သော ရတနာတစ်ပါးကို ဝှက်ထား၏။
ထိုရတနာသည် စစ်မှန်သော နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်စွမ်းရှိသည်ဟု ဆိုလေသည်။
ယခုအခါ ခေတ်သစ်နတ်ဘုရားများသည် ရှေးဟောင်းနတ်ဘုရားများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
ခေတ်သစ်နတ်ဘုရားများက အဆုံးမရှိဆက်လက်ပေါ်ထွက်လာသော်လည်း ရှေးဟောင်းနတ်ဘုရားများဘက်တွင်တော့ အားနည်းချက် ရှိနေ၏။
ပြဿနာမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပျက်စီးသွားသောအခါ ရှေးဟောင်းနတ်ဘုရားအသစ်များ မမွေးဖွားလာဘဲ ထာဝရ ပျောက်ဆုံးသွားခြင်းပင်။
ရှေးဟောင်းနတ်ဘုရားများက မျိုးဆက်ပျက်နေချိန်တွင် ခေတ်သစ်နတ်ဘုရားများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးဖွားနေ၏။
နှစ်ပေါင်း တစ်သောင်းခန့်က ကမ္ဘာကြီးတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လောကရှိ နတ်ဘုရားများသည် မိမိတို့၏ကိုယ်ပိုင်အစွမ်းကို အားကိုး၍ စစ်မှန်သော နတ်ဘုရားအဆင့်သို့ တိုးတက်နိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ကျဆုံးခြင်းသည် အပြီးတိုင် ဆုံးရှုံးမှု ဖြစ်လာခဲ့သည်။
ယင်ရှင်းကျောက်တုံးကဲ့သို့သော တစ်စုံတစ်ယောက်ကို စစ်မှန်သော နတ်ဘုရားအဆင့်သို့ တိုးတက်ရန် ကူညီပေးနိုင်သည့် ရတနာများ ရှိသော်လည်း
ထိုကဲ့သို့သော ရတနာများသည် အလွန်ရှားပါးလှသည်။
ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားအသစ် အရေအတွက်သည် နည်းသထက်နည်းပါလာပြီး မျိုးတုန်းတော့မည့်အလားရှိ၏။
ချီချီသည် ဤမျှဝေးလံခေါင်းပါးသော ချင်းရွှေရွာသို့ လာခြင်းမှာ ရုပ်တုထဲမှ ယင်ရှင်းကျောက်တုံးကို ပြန်လည်ရယူရန် ဖြစ်၏။
ထိုရတနာဖြင့် သူမသည် ရှေးဟောင်းနတ်ဘုရားအသစ်တစ်ပါးကို ဖန်တီးနိုင်မည် ဖြစ်ကာ သူမ၏ မိသားစုအတွက် လက်စားချေနိုင်ရန် မျှော်လင့်နေမိသည်။
"သခင်မလေး၊ လမ်းမှာ ကျွန်မတို့ တွေ့ခဲ့တဲ့ အဘွားအို ပြောခဲ့တာ မှန်တယ်လို့ ထင်လား"
ရှောင်ရွှေ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ခရီးသွားနေစဉ် သူတို့သည် ရူးသွပ်နေသောအဘွားအိုတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
အဘွားအိုက ချီချီသည် မြင့်မြတ်သော မွေးဖွားခြင်းဖြစ်သည်ဟု ပြောပြီး ချီချီအား သူမနောက်ကို လိုက်ရန် တောင်းဆိုခဲ့သည်။
ချီချီသည် ရူးသွပ်နေသော အဘွားအို၏နောက်သို့ မည်သို့လိုက်မည်နည်း။
ချီချီက ခေါင်းယမ်းကာ ဖြေလိုက်သည်။
"ငါ့ မိဘတွေ သေပြီလေ ၊ မြင့်မြတ်တဲ့ မွေးဖွားခြင်းက ဘာကောင်းကျိုး ရှိမှာလဲ"
ရှောင်ရွှေ ခေါင်းညိတ်ပြ၏။
ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု သူမလက်ခံသည်။
သို့သော် သူမသည် အခြားအရာတစ်ခုကို စဥ်းစားမိပြီး ဆက်လက်၍ စောဒကတတ်မိပြန်သည်။
"သခင်မလေး၊ ချင်းရွှေရွာရဲ့ အစောင့်အရှောက်နတ်ဘုရား ရှိနေသေးရင် ကျွန်မတို့ သူ့ဆီကနေ ရုပ်တုကို ဘယ်လို ယူရမလဲ"
ပုံမှန်အားဖြင့် ရုပ်တုတစ်ခုမှ တစ်ခုခုကို ယူရန် နတ်ဘုရား၏ ခွင့်ပြုချက် လိုအပ်မည် ဖြစ်သည်။
ရုပ်တုများသည် နတ်ဘုရားများ၏ ဒုတိယခန္ဓာကိုယ်ပင် မဟုတ်ပါလား။
"ဒီတစ်ခေါက် ငါက ပိုပြီး တန်ဖိုးရှိတဲ့ ရုပ်တုကို ဖန်တီးနိုင်တဲ့ ရတနာတစ်ခု ယူလာခဲ့တယ်။ ဒီရုပ်တုကို နတ်ဘုရားနဲ့ လဲလှယ်ဖို့ သုံးမယ်။ ဒါ့အပြင် ငါ့မှာ မိသားစုအမွေအနှစ်တစ်ခုလည်း ရှိတယ်လေ၊ ဟဲဟဲ"
ချီချီသည် ထိုအကြောင်းကို ပြောသောအခါ သူမ၏ မျက်လုံးများက တောက်ပလာသည်။
ဘိုးဘေးများက ရုပ်တုကို ဖန်တီးခဲ့စဥ်အခါက သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်ကို သူမသိထားသည် မဟုတ်ပါလား။
သို့သော် တစ်စုံတစ်ခုကိုတွေးမိသောအခါ ချီချီ၏ အမူအရာသည် ဝမ်းနည်းသွားသည်။
"ငါ ကြားတာကတော့ ချင်းရွှေရွာက ပျက်စီးလုနီးပါး ဖြစ်နေပြီတဲ့ ၊ ငါတို့ အဲ့ဒီနတ်ဘုရားကို မြင်ရဖို့တောင် မလွယ်ဘူး။
ရုပ်တုကလည်း အသုံးမဝင်လောက်တော့ပါဘူး ၊ နတ်ဘုရားလည်း စံပယ်နေမှာ မဟုတ်ဘူး"
ယခုအခါ ခေတ်သစ်နတ်ဘုရားများ ဆင်းသက်လာပြီး ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားအသစ်များကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ရှေးဟောင်းနတ်ဘုရားများ အလွန်အားနည်းနေလေပြီ။
ရွာများစွာသည် ခေတ်သစ်နတ်ဘုရားများအတွက် ကစားကွင်းများ ဖြစ်နေပြီး
လူများသည် စိတ်ပျက်အားငယ်ကာ ရုပ်သေးများ ဖြစ်လာကြပြီး နတ်ဘုရားများအသစ်များကိုသာ ကိုးကွယ်ကာ သူတို့၏ အစိတ်အပိုင်း ဖြစ်လာကြ၏။
နောက်ထပ် နှစ်တစ်ရာခန့်အချိန်ပေးလိုက်ပါက ရှီးကျားရွာကဲ့သို့ပင် အခြားရွာသားများသည် ဖြည်းဖြည်းချင်း ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားပြီး ခေတ်သစ်နတ်ဘုရား၏ အစိတ်အပိုင်း ဖြစ်လာကြလိမ့်မည်။
ထိုအခါ ထိုနတ်ဘုရားများ၏ ခွန်အားသည် သိသိသာသာ တိုးတက်လာမည်ဖြစ်၏။
နာရီအနည်းငယ်ကြာပြီးနောက် ချီချီနှင့် ရှောင်းရွှေသည် ချင်းရွှေရွာသို့ ရောက်ရှိလာကြသည်။
ဆိတ်ငြိမ်ခြောက်သွေ့နေသောရွာကို မြင်သောအခါ ချီချီ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်သွား၏။
ယခင်က ဖန်ထုန်နယ်မြေသည် လူတိုင်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုအခါမှာတော တစ်ဖက်က ဆင်းရဲဒုက္ခများနှင့် အငတ်ဘေးများကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး အခြားတစ်ဖက်မှာတော့ လမ်းလျှောက်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့၏။
မည်မျ၀၀ဝမ်းနည်းဖွယ်ကောင်းသနည်း။
"အဘွား၊ ချင်းရွှေရွာက ရွာသားတွေ ဘယ်ရောက်သွားကြတာလဲ၊ ပြီးတော့ ရွာစောင့်နတ်ဘုရားကရော ဘယ်မှာလဲ"
ချီချီသည် အဘွားအိုတစ်ဦးကို တွေ့သောအခါ လျင်မြန်စွာ ချဥ်းကပ်ပြီး မေးသည်။
အဘွားအိုသည် ချီချီကို မယုံသလိုသတိဖြင့် ကြည့်လိုက်သည်။
"နင် ဘယ်သူလဲ"
"အဘွား၊ ကျွန်မနာမည်က ချီချီပါ၊ ကျွန်မက တန်ဖူကပါ..."
"တန်ဖူကလား"
အဘွားအိုသည် ချီချီကို ကြည့်လိုက်ပြီး သူမ၏ သွေးမျိုးကို အသိအမှတ်ပြုကာ သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
"နင်လည်း ရှေးဟောင်းမျိုးနွယ်ကလား"
လွန်ခဲ့သော ဆယ်နှစ်အကြာက ဘေးဥပဒ်နတ်ဘုရားတစ်ပါး ဆင်းသက်လာစဥ် တန်ဖူမြို့သားများက ထိုနတ်ဘုရားကို ကိုးကွယ်ရန် ငြင်းဆန်ခဲ့သည်။
နတ်ဘုရားက ဒေါသထွက်ပြီး မြို့ကို ဖျက်ဆီးခဲ့ကာ တန်ဖူကို မီးလောင်ပြင်မြေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး မြို့သူမြို့သားအားလုံး တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်ကို အားလုံးသိကြပါသည်။
တန်ဖူမြို့သားအများစုသည် ရှေးဟောင်းမျိုးနွယ်များဖြစ်သောကြောင့် ခေတ်သစ်နတ်ဘုရားများကို ကိုးကွယ်ရန် ငြင်းဆန်ခဲ့ကြခြင်းပင်။
ချီချီသည် သူမတို့ရွာနှင့် သွေးမျိုးတူညီသည်ကို မြင်သောကြောင့် အဘွားအိုသည် သူမကို ယုံကြည်သွားခဲ့သည်။
"ဟုတ်ပါတယ်"
ချီချီ ခေါင်းညိတ်လိုက်၏။
"ငါတို့ ရွာသားတွေက နတ်ဘုရားရဲ့ ဦးဆောင်မှုနဲ့ ချန်ရှီးရွာကို သွားပြီး အဲ့ဒီက မိစ္ဆာနတ်ဘုရားကို ဖျက်ဆီးခဲ့ကြတယ်။ ချန်ရှီးရွာမှာ ဝက်တွေ အများကြီး ရှိတယ်လို့ ပြောတယ်၊ ဒါကြောင့် နတ်ဘုရားက မိစ္ဆာနတ်ဘုရားကို သတ်ပြီး ပွဲလုပ်ဖို့ သွားတာ"
အဘွားအိုက ပွဲတော်အကြောင်းရောက်သောအခါ တန်ဖူမြို့သားများအတွက် ဝမ်းနည်းမှုများ ပျောက်ကွယ်သွားကာ တံတွေးပင် ကျလုနီးပါး ဖြစ်လာသည်။
အဘွားအိုက တံတွေးကျရုံသာဖြစ်သော်လည်း ချီချီကတော့ မျက်လုံးများပြူးသွားလေသည်။
တုန်လည်း တုန်လှုပ်သွား၏။
ဒါ ဘယ်လို အခြေအနေမျိုးလဲ။
ချင်းရွှေရွာရဲ့ နတ်ဘုရားက မိစ္ဆာနတ်ဘုရားကို ဖျက်ဆီးဖို့ ဘာကြောင့် အခြားရွာကို သွားတာလဲဆိုတာကို သူမ စိတ်ရှုပ်ထွေးနေသည် ။
ဒီရွာရဲ့နတ်ဘုရားက အင်အားကြီးမားလို့လား။
သို့သော် သူမက ချက်ချင်းခေါင်းခါမိ၏။
မဖြစ်နိုင်ဘူး ။
ချီချီသည် ချင်းရွှေရွာနတ်ဘုရားရုပ်တု၏ အဆင့်ကို သိနေသည်။ ထိုရုပ်တုက သူမတို့မျိုးနွယ်ကထုလုပ်ပေးခဲ့ခြင်းဖြစ်၏။
ထိုရုပ်ထုအဆင့်က အစွမ်းထက်သောနတ်ဘုရားတစ်ပါးဖြစ်လာနိုင်စရာ မရှိပါ။
"အဘွား၊ ချန်ရှီးရွာက ဘယ်မှာလဲ"
ချီချီက ကိုယ်တိုင်စုံစမ်းရန် မေးလိုက်မိသည်။
"ဒီရှေ့က လမ်းအတိုင်း သုံးမိုင်လောက် လိုက်သွားပါ။ တဲနန်းလေးကို မြင်ရင် ညာဘက်ကို ချိုး..."
"ကျေးဇူးတင်ပါတယ် အဘွား"
ချီချီသည် ရှောင်ရွှေကိုခေါ်ကာ လျှင်မြန်စွာထွက်သွားသည်။
လမ်းတွင် ရှောင်ရွှေက စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေး၏။
"သခင်မလေး၊ ချင်းရွှေရွာနတ်ဘုရားကမိစ္ဆာနတ်ဘုရားကို စိန်ခေါ်ရဲတာ ဘယ်လိုဖြစ်တာလဲ။ဖေးဟွမ်မြို့က ကျဆုံးနေတဲ့ နယ်မြေလို ဖြစ်နေတာကို"
ယခုအခါ ခေတ်သစ်နတ်ဘုရားများနှင့် ရှေးဟောင်းနတ်ဘုရားများကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် စစ်မြေပြင်များစွာကို ဖွင့်လှစ်ထားသည်။
တစ်ခုချင်းစီတွင် ကိုယ်ပိုင် အားသာချက်များနှင့် အားနည်းချက်များ ရှိကြသော်လည်း ခြုံငုံကြည့်လျှင် ခေတ်သစ်နတ်ဘုရားများက ပိုမို အင်အားကြီး၏။
ထို့ကြောင့် ဖေးဟွမ်မြို့ကို ကျဆုံးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းပင်။
ဖေးဟွမ်မြို့ပတ်ဝန်းကျင်ရှိ မြို့များအားလုံးကို ခေတ်သစ်နတ်ဘုရားများက သိမ်းပိုက်ထားသည်မှာ ကြာခဲ့လေပြီ။
ထိုသို့သော ပတ်ဝန်းကျင်တွင် ရှေးဟောင်းနတ်ဘုရားများသည် အားနည်းကာ နာလန်မထူနိုင်ကြတော့ပေ။
ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားများစွာသည် မခုခံနိုင်တော့သဖြင့် ပြန်လည်မတိုက်ခိုက်ဘဲ တိမ်းရှောင်နေကြရသည်။
အချို့သည် ခေတ်သစ်နတ်ဘုရားများ၏ အစေခံများအဖြစ်ပင် ခံယူခဲ့ကြသည်များပင်ရှိလာ၏။
ထိုအချိန်မျိုး၌ အလွန်သေးငယ်သော ချင်းရွှေရွာ၏ နတ်ဘုရားသည် ခေတ်သစ်နတ်ဘုရားများကို ဆန့်ကျင်လုပ်ဆောင်ရဲခြင်းမှာ မမျှော်လင့်ထားသော အရာပင်။
"ဖြစ်နိုင်တာကတော့ ချင်းရွှေရွာရဲ့ နတ်ဘုရားဟာလည်း အလွန်ရဲရင့်ပြီး ဖြောင့်မတ်တဲ့စိတ်ထားရှိရမယ်၊ အလွန်မြင့်မြတ်ပြီး ခေတ်သစ် ဘေးဥပဒ်နတ်ဘုရားတွေက သက်ရှိအားလုံးကို သတ်ဖြတ်နေတာကို မမြင်ရက်လို့ပဲ ဖြစ်ရမယ်"
"ဟုတ်နိုင်တယ် .."
ချောင်ရွှေကလည်း သဘောတူစွာ ခေါင်းညိတ်သည်။
ချီချီသည် ချင်းရွှေရွာ၏ နတ်ဘုရားနှင့် မတွေ့ဆုံမီကပင် နတ်ဘုရားကို ကောင်းစွာသဘောပေါက်သွားခဲ့၏။
သူမက ထိုသူသည် လူများအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံလိုသည့် ကြီးမြတ်သော နတ်ဘုရားတစ်ပါး ဖြစ်ရမည်ဟု ခံစားမိနေသည်။
ကံမကောင်းသည်မှာ ထိုသို့မြင့်မြတ်သော ရှေးဟောင်းနတ်ဘုရားမျိုးသည် လက်ရှိအချိန်၌ သေဆုံးရန် ရာခိုင်နှုန်းအများဆုံး ဖြစ်သည်။
သို့သော် သူတို့သည် ကြည်ညိုလေးစားထိုက်သူများ ဖြစ်သည်ကတော့ သေချာ၏။
"အဲ့ဒီလို လေးစားဖွယ်အရှင်တွေဟာ ခေတ်သစ်နတ်ဘုရားတွေ သတ်တာကို အခံရဆုံးပဲ ၊ ခုချိန်မှာ နတ်ဘုရားအသစ်တွေကို ခယပြီး အစေခံတဲ့ ရှေးဟောင်းနတ်ဘုရားတွေက ပိုပြီး အသက်အရှည်နေကြတာ။ ဒီလောကကြီးက တကယ်ပဲ မတရားပါလား"
ရှောင်ရွှေမှာ သက်ပြင်းမချဘဲ မနေနိုင်ပေ။
ချီချီကလည်း သဘောတူသလို ခေါင်းညိတ်၏။
ထို့နောက် သူတို့နှစ်ဦးသည် ချန်ရှီးရွာသို့ အမြန်ဆုံးရောက်ရန် အရှိန်မြှင့်လိုက်ကြသည်။
ဒီလိုမြင့်မြတ်တဲ့နတ်ဘုရားကို အရမ်းတွေ့ချင်နေပြီ။
ထိုအချိန်တွင် အလောတကြီး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"မင်းလို စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက ဝက်တစ်ကောင်ကိုတောင် မဖမ်းနိုင်ဘူးလား"
"ဖယ်စမ်း ၊ ကြာတယ် ...ဒီလိုဖမ်းရတယ်ကွ"
"ကျီ ...ကျီ .."
"မလွတ်စေနဲ့ ဘေးကပန်း .."
ချီချီနှင့် ရှောင်ရွှေတို့မှာ ရုတိတရက် ကြောင်သွား၏။
ဘာတွေလဲ။
သူမတို့ကြည့်လိုက်ရာ ဝက်အုပ်ကြီးတစ်အုပ်သည် သူတို့ဆီသို့ အလန်တကြား ပြေးလာနေသည်ကို တွေ့ရသည်။
ဝက်များအားလုံးက သားရဲမျိုးစပ်များဖြစ်ကာတောင့်တင်းကြပြီး ကျင့်ကြံဆင့်များ ရှိကြကာ အများစုမှာ အမြုတေအဆင့်တွင် ရှိကြသည် ။
ထိုဝက်ကြီးများသည် ထိတ်လန့်တကြား ထွက်ပြေးနေကြပြီး ဖုန်မှုန့်များကလည်း တထောင်းထောင်းထနေ၏။
သူမတို့ကြည့်နေစဥ်မှာပင် ဝက်ရာပေါင်းများစွာ၏ ကြားမှ ခန္ဓာကိုယ်လှပသော လူငယ်တစ်ဦးသည် ကုန်းကုန်းကွကွနှင့် ပေါ်လာ၏။
သူက ဖမ်းမိသောဝက်တစ်ကောင်ကို စိတ်ပေါက်ပေါက်နှင့် ဖြန်းခနဲရိုက်ကာ ဝက်အုပ်ထဲသို့ ကန်လွှတ်လ်ုက်သည်။
ထို့နောက် သူ၏ ကျောတွင်လွယ်ထားသော ဓားအိမ်ကို နေရာတကျပြန်ချကာ ကြီးမားသော ဝက်နှစ်ကောင်အား တစ်ဖက်စီနင်းကာ မတ်တပ်စီးနင်းလာ၏။
"ငါသာ သူတို့ကို အရှင်မလိုချင်ဘူးဆိုရင် တစ်ချက်တည်းနဲ့ သူတို့ရဲ့ ခေါင်းတွေကို ခုတ်ပစ်မိမှာ "
ခန္ဓာကိုယ်လှပသော လူငယ်က စိတ်ပေါက်နေသလို ပြောလိုက်ပြီး သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ထံမှ နတ်ဘုရားအရှိန်အဝါများထွက်ပေါ်လာ၏။ ထိုအရာက မပြင်းထန်သော်လည်း သေချာပေါက် နတ်ဘုရားအရှိန်အဝါပင်။
ချီချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"သူက ချင်းရွှေရွာရဲ့ နတ်ဘုရားလား"
ရှောင်းရွှေလည်း တုန်လှုပ်သွားသည်။
သူမတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိ၏။
ဒါက မြင့်မြတ်တဲ့နတ်ဘုရားလား။
ငါတို့ကတော့ ကြည်ညိုလွန်းလို့ ပြေးတောင်ပြေးလာကြတာလေ။
သူက ဖုန်တလုံးလုံးနဲ့ဝက်ဖမ်းနေတယ်တဲ့လား။
"ဟေ့၊ ဘာလို့ ပိတ်ရပ်နေကြတာလဲ ၊ ဝက်တွေကို တားဆီးဖို့ မြန်မြန် ကူညီကြ၊ ဝက်မြီးနဲ့ ဆုချမယ်"
ကျိယွမ်က အဝေးမှနေ၍ အော်လိုက်သည် ။
ရှန်ထူသည်လည်း ဝက်တစ်ကောင်ကို မနိုင်တနိုင်ဆွဲနေရာမှ ချီချီကို အကူအညီ တောင်းသလို ကြည့်လေသည်။
ချီချီ မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ပြီး အစီအရင်တစ်ခုကိုအကူအညီမဲ့စွာ ဆွဲထုတ်လိုက်သည်။
" နဝမကောင်းကင် ယင်ယန် နဂါး ချုပ်နှောင်ရေး အစီအရင်"
သူမ၏ ပတ်ပတ်လည်ရှိ နေရာသည် ပြောင်းလဲသွားပြီး ရွှေရောင်ဝတ်စုံဝတ် စစ်သူကြီး တစ်ရာ ပေါ်လာကာ လှံရှည်များကို ကိုင်ဆောင်ထားပြီး သူတို့၏ အမူအရာများက တင်းမာနေသည်။
"သူတို့ကို ထောင်ချောက်ဆင်"
ရွှေရောင်ဝတ်စုံဝတ် စစ်သူကြီး တစ်ရာတို့က တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး သူတို့၏ လှံများသည် နတ်စည်းကြိုးများအဖြစ် ပြောင်းလဲကာ ဝက်များအားလုံးကို ချည်နှောင်လိုက်ကြ၏။
ထိုအရာကို မြင်သောအခါ ဝက်စီးလာသောကျိယွမ်သည် လက်ခုပ်တီး၍ ဝမ်းသာအားရ ချီးမွမ်းလေသည်။
"မဆိုးဘူး၊တကယ် မဆိုးဘူး။ နောက်မှ ဝက်ခေါင်းနဲ့ ဆုချမယ်"
ချီချီ၏ မျက်နှာသည် ရှုံ့မဲ့နေပြီး အနည်းငယ် ရှက်ရွံ့သွား၏။
အစွမ်းထက်သော အစီအရင်ကို သူမက ဝက်များကို ထောင်ချောက်ဆင်ရန် အသုံးပြုခဲ့ရသည်မဟုတ်ပါလား။
ထိုအချိန်တွင် ဟောဟဲစိုက်နေသော ရွာလူကြီးယွီလေနှင့် ရှန်ထူတို့ကလည်း ချီချီကို ချီးကျူးသော အကြည့်များဖြင့်ကြည့်ကာ ချီးမွမ်းသည်။
"ဒီကောင်မလေးက တော်တော် အစွမ်းထက်တာနော်"
"အထင်ကြီးစရာပဲ၊ သူမက ဝက်ရာပေါင်းများစွာကို တစ်ချက်တည်းနဲ့ တားနိုင်ခဲ့တယ်"
ချီချီသည် ရှက်ရွံ့မှုဖြင့် ခြေချောင်းများပင် ကွေးသွားကာ မြေကြီးထဲပင် တူးဝင်ချင်စိတ်များ ပေါက်လာ၏။
"ဘာမှ မဟုတ်ပါဘူး"
ချီချီသည် အဆင်မပြေသော်လည်း ယဥ်ကျေးသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ရွာသားများက ဝက်များကို ဖမ်းဆီးကာ ခန္ဓာကိုယ် လှပသော လူငယ်ဆီသို့ လျှောက်သွားသည်ကို သူမ ကြည့်နေခဲ့ပြီး တည်ငြိမ်အောင် ကြိုးစားနေ၏။
သို့သော်လည်း ထိုလူငယ်၏ ခြေထောက်အောက်တွင် ဝက်များက ဆူညံစွာအော်ဟစ်ကာ ကို့ယိုကားယားဖြစ်နေသည်ကို မြင်သောအခါ သူမသည် မျက်နှာကိုမမဲ့မိအောင် ထိန်းနေရသည်။
"လေးစားဖွယ်အရှင်၊ အရှင်က ချင်းရွှေရွာရဲ့ အစောင့်အရှောက် နတ်ဘုရားလား ၊ ကျွန်မက တန်ဖူက ချီချီပါ"
---------------