နောက်ထပ်တစ်ယောက်လား
Vol. 14 Ch. 174
“နင်ကရော ဒီကို ပွဲစားဖို့ ရောက်လာတာလား”
ဝက်ပေါ်မှကျိယွမ်က ချီချီကို သေသေချာချာကြည့်၍ ပေါ့ပေါ့ပါးပါး မေးသည်။
ချီချီမှာ အနည်းငယ် တုန့်ဆိုင်းသွားပြီး ခေါင်းညိတ်ရမလား ခေါင်းခါရမလားဆိုသည်အား သူမ၏ အတွေးများက လိုက်မမှီနိုင်ဖြစ်သွား၏။
“ဟုတ်ပါတယ်”
ခဏတာတွေဝေပြီးနောက် သူမက အလိုက်သင့်ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျိယွမ်၏ မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားသည်။
“ဘယ်လောက်တောင် ပရိယာယ်များလိုက်သလဲ၊ နင်က ဝက်ခေါင်းလေးတစ်ခုတည်းအတွက်နဲ့ တန်ဖူကနေ ချင်းရွှေရွာအထိ ခရီးအဝေးကြီး လာခဲ့တယ်ပေါ့”
"အဲ..."
ချီချီသည် လုံးဝကို အူကြောင်ကြောင် ဖြစ်သွားသည်။ ထိိုနတ်ဘုရားက အနည်းငယ်ထော်လော်ကန့်လန့်နိုင်လှသည်ဟု တွေးမိ၏။
“ဟူတ်ပါတယ် ၊ ကျွန်မက ဝက်ခေါင်းအတွက် လာတာမဟုတ်ပါဘူး”
“နင် ခုနကမှ ပျော်ပွဲ စားချင်လို့လာတာလို့ ပြောခဲ့တာ မဟုတ်လား”
ကျိယွမ်က ချက်ချင်း ပြန်ပြောသည်။
“ကျွန်မ…”
ချီချီက အဆင်ပြေသလိုဖြေရန်စတင်လိုက်စဥ်မှာပင် ကျိယွမ်က စကားဖြတ်ပြောလိုက်သည်။
“ဒါဆို နင် ဘာလို့ ဒီကို ရောက်နေတာလဲ”
“ကျွန်မ ရုပ်တုထဲက တစ်ခုခုအတွက် လာတာပါ…”
ချီချီ က အမှတ်တမဲ့နှင့် အမှန်အတိုင်း ပြောလိုက်မိပြီးမှ ရုတ်တရက် ပြန်ဆုတ်လိုက်သည်။
သူလုပ်တာနဲ့ စကားလွန်တော့မလို့။
ဝက်ပေါ်မှလူငယ်သည် နတ်ဘုရားတစ်ပါးပီပီ စကားအနည်းငယ်ဖြင့် သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်အောင် လှည့်စားလုနီးပါး လုပ်နိုင်ခဲ့သည်။
သို့သော် သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရန် မလိုအပ်ကြောင်းတွေးမိသောအခါ
အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။
“အရှင် ၊ ကျွန်မက ဒီကိုရုပ်တုထဲက တစ်ခုခုအတွက် ရောက်လာတာပါ”
သူမ၏ စကားကိုကြားသောအခါ ချင်းရွှေရွာမှ ရွာသူရွာသားများက အချင်းချင်းပြန်ကြည့်ကြကုန်သည်။
သူတို့၏မျက်နှာများတွင် အလွန်နှမြောနေသော ဟန်များပေါ်လာ၏။
ချီချီမှာ စိတ်ထဲတွင်တစ်မျိုးခံစားလိုက်ရသည်။
ဘာလဲ ၊ ရုပ်တုက မရှိတော့ဘူးလို့တော့ မပြောနဲ့နော်။
“ငါ ဒီကို ပျော်ပွဲစားဖို့လာတာ၊ ကျန်တာနောက်မှပဲ စကားပြောကြတာပေါ့”
ကျိယွမ်က သူ၏ခြေထောက်အောက်ရှိ ဝက်ကို ကန်ထုတ်လိုက်ရာ ဝက်သည် ကျီခနဲအော်မြည်သံပေးပြီး ဝမ်ကျုံးရှန်ဆီသို့ ရောက်ရှိသွားသည်။
ချီချီမှာ ဝက်ကိုကြည့်ကာ ဆက်ပြောရန်စကားများကိုပင် မေ့သွားလေ၏။
သူမဘေးတွင်ရှိနေသော အစေခံ ရှောင်းရွှေသည်လည်း ဝက်တစ်ကောင်ကို ကိုင်ထားပြီး အလွန်အမင်း ဝမ်းနည်းနေပုံရသည်။
“သခင်မလေး၊ ကျွန်မတို့ ဘာလုပ်ရမလဲ”
သူမသည် ဝက်ကို ပထမဆုံးအကြိမ် ကိုင်ဖူးခြင်းဖြစ်ပြီး၊ အပျိုစင်လေးတစ်ဦးအနေဖြင့် ဤအရာကို အလွန် ရှက်စရာကောင်းသည်ဟု ထင်နေသည်။
“ပွဲတော်ကို ဝင်လိုက်ရအောင်”
ကြီးမားသော အိုးတစ်လုံးထဲတွင် ရေများ ဆူပွက်နေပြီး၊ ရေနွေးငွေ့များ တထောင်းထောင်းထွက်နေခဲ့သည်။
ဝက်သားတုံးကြီးများကို အရသာရှိရှိပြုတ်နေပြီး မွှေးရနံ့သည် ရွာတစ်လျှောက်လုံး ကိုပင် ပျံ့နှံ့လျှက်ရှိ၏။
ကျိယွမ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဝမ်ကျုံးရှန်၊ ရှီးကျားရွာက ဧရင့်ကျူးအဖွဲ့ကို ခေါ်လိုက်။ ဒီကလူတွေက သိပ်ပြီး စိတ်ပါလက်ပါ မငိုတတ်ဘူး ၊ ပျော်စရာ မကောင်းဘူး”
ဝမ်ကျုံးရှန်သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် လျှင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ နတ်ဘုရားအရှင်၊ ချက်ချင်း ခေါ်လိုက်ပါ့မယ်”
အနီးနားတွင်ရှိနေသော ရှန်ထူက မနေနိုင်ဘဲ ဝင်ပြောလိုက်မိသည်။
“ကျွန်တော်တို့ ချင်းရွှေရွာကလူတွေလည်း သေသေချာချာလေး ငိုနိုင်ပါတယ်”
ကျိယွမ်က ရှန်ထူကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါ၏။
“ထားလိုက်တော့၊ ချင်းရွှေရွာကလူတွေက ဟန်ဆောင်ပြီး ငိုနေတာ သိသာတယ် ၊ သဘာဝမကျတော့ အရသာမရှိဘူး"
ထို့နောက် ကျိယွမ်သည် ချန်းရှီရွာမှ ချန်ရှီဖန်ကို ကြည့်လိုက်ပြီး သဘောကျစွာ ခေါင်းညိတ်သည်။
“မင်းတို့ရွာက စားဖိုမှူးက တော်တော်တော်တယ်၊ ရှီးကျားရွာကလူထက်တောင် ပိုကောင်းသေးတယ်”
ကျိယွမ်၏နောက်သိူ့ တကုန်းကုန်းနှင့်လိုက်နေသော ချန်ရှီဖန်က ဝမ်းသာအားရလျှောက်တင်သည်။
“အရှင်မြတ်အတွက် နေ့တိုင်း ချက်ပြုတ်ပေးဖို့ ကျွန်တော်မျိုးဆန္ဒရှိပါတယ်”
ယနေ့မနက်တွင် ချင်းရွှေရွာ၏ နတ်ဘုရားသည် ခမ်းနားကြီးကျယ်စွာဖြင့် ချန်းရှီရွာသို့ ရောက်လာခဲ့သည်။
သူတို့ရွာသားများ ကိုးကွယ်ခဲ့သော နတ်ဘုရားသည် စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုရန် အလျင်အမြန် ထွက်လာခဲ့သော်လည်း မပြောမဆိုနှင့် တစ်ချက်တည်းခေါင်းဖြတ် ခံလိုက်ရ၏။
ချန်ရှီရွာ၏ နတ်ကွန်းစောင့်များသည်လည်းမိစ္ဆာများအဖြစ် ပြောင်းလဲသွားပြီး ရန်မူကြသော်လည်း ချင်းရွှေရွာနတ်ဘုရားက သူတို့အားလုံးကိုပါ သတ်ပစ်ခဲ့သည်။
ရွာသားအများစုတွင် ခုခံလိုသူ
အနည်းငယ်သာရှိခဲ့ပြီး အားလုံးလိုလိုက မိမိကိုယ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့ကြသည်။
သူတို့သည် လိုအပ်ချက်အရ ခေတ်သစ်နတ်ဘုရားကို ကိုးကွယ်ခဲ့ကြပြီး၊ နှစ်စဉ် ယောကျ်ားလေးများနှင့် မိန်းကလေးများကို ယဇ်ပူဇော်ခဲ့ကြရသဖြင့် စိတ်ထဲတွင် နာကြည်းမှုများ ရှိနေသော်လည်း ခုခံတွန်းလှန်ရန် စွမ်းအား မရှိခဲ့ကြပါ။
ထို့ကြောင့် ချန်းရှီရွာမှ လူများသည် ကျိယွမ်ကို ကြောက်ရွံ့နေကြသလို ကျေးဇူးလည်း တင်နေကြ၏။
ဤသို့ဖြင့် ချန်းရှီရွာ၌ ပွဲတော်ကြီးဖြစ်ပေါ်လာတော့သည်။
မွှေးကြိုင်နူးအိနေသောဝက်သားများကို ချပေးသောအခါ လူတိုင်း၏ အစာစားချင်စိတ်သည် တိုးပွားလာသည်။
ချင်းရွှေရွာ၏ ရွာလူကြီး ယွီလီနှင့် ရှန်ထူတို့သည် စားပွဲတစ်ခု၌ အခြားချင်းရွှေရွာသား ခပ်ဝဝလူနှင့် ပိန်ညောင်ညောင်တစ်ဦးတို့နှင့်အတူ ထိုင်နေကြ၏။
“မူလနတ်ဘုရားက ကျွန်တော်တို့ရွာရဲ့ အစောင့်အရှောက်နတ်ဘုရားပါ၊ ဒါပေမဲ့… ရှီးကျားရွာကလူတွေက အရမ်းကို ဖားယားတတ်ကြတယ်”
ပိန်သောရွာသား မနာလိုဖြစ်နေသောအသံဖြင့် မှတ်ချက်ချသည်။
“အားလုံးက ငါ့အမှားပဲ။ ပိုက်ဆံရအောင် ရုပ်တုကို ရောင်းချင်ခဲ့တာ၊ နောက်ဆုံးတော့ အရှင်မြတ်ကို စော်ကားမိသလို ဖြစ်သွားတယ်”
ဝသောရွာသားက အမှန်တကယ် စိတ်မကောင်းဖြစ်နေပုံရသည်။
ရှီးကျားရွာနှင့် စစ်ပွဲပြီးနောက် ချင်းရွှေရွာသည် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။ အလွန်အမင်း ငတ်မွတ်လာကြပြီးနောက်
ဘုရားကျောင်းရှိ ရုပ်တုသည် အသုံးမဝင်သည့်အတူတူ ရောင်းချပြီး ရွာအတွက်တစ်ခုခု လုပ်သင့်သည်ဟု တွေးမိခဲ့ခြင်းပင်။
“ထုံးစံအရဆိုရင် ကျွန်တော်တို့ရွာသားတွေကသာ နတ်ဘုရားရဲ့ လက်ရုံးတွေ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစောင့်အရှောက် နတ်ဘုရားက နည်းနည်းတော့…ဟိုဟာ.. အစွန်းရောက်သလိုပဲ၊
သူက အရာအားလုံးကို သူ့ဘာသာသူ ကိုင်တွယ်တယ်။ ဓားကို ကိုင်ပြီး စစ်ပွဲထဲကို ကိုယ်တိုင်ဝင်တိုက်တာပဲ"
"ဟုတ်တယ် ၊ ဒါ အရမ်း အန္တရာယ်များတယ်”
ပိန်သောရွာသားက ထိုကိစ္စကို သိသိသာသာစိုးရိမ်တကြီးဖြစ်နေ၏။
ထိုလုပ်ရပ်သည် ရှင်ဘုရင်တစ်ပါးက သူ၏လက်အောင်ခံတပ်များကို နေ့စဉ် ကိုယ်တိုင် ဦးဆောင်ပြီး သူ၏ စစ်သားများကနောက်မှာနေကာ သူကရှေ့တွင်ထိပ်ဆုံးမှ အရင်တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။
ရွာသားများအတွက် ထိုအရာက အလွန်မယုံနိုင်စရာဖြစ်ကြရသည်။
သို့သော် တိုက်ပွဲ၌နတ်ဘုရားကသာ တစ်ခုခု ဖြစ်သွားပါက ချင်းရွှေရွာသည် ပျက်စီးဆုံးရှုံးရလိမ့်မည်။
“ငါတို့က အရမ်းအားနည်းနေလို့ပဲ”
ရွာသူကြီး ယွီလီသည် သူ၏ ဆေးတံအိုကြီးကို တစ်ချက်ဖွာပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ သူ၏မျက်နှာတွင် မိမိကိုယ်ကိုယ်မိမိ အားမရသောအမူအယာပေါ်လွင်နေ၏။
အခြားသူများက သူ၏စကားကြောင့် ရှက်ရွံ့သွားကြသည်။
အလွန်မှန်ပါသည်။
သူတို့သည် သူတို့၏ နတ်ဘုရားအား ကူညီရန် အလွန်အားနည်းနေကြသည်မဟုတ်ပါလား။
အကယ်၍ သူတို့အားလုံး အစွမ်းထက်ပါက၊ ဘေးဖယ်ထားခံရမည်ကို ကြောက်ရွံ့စရာ မလိုတော့ပါ။
“တိုက်ခိုက်ဖို့ မသန်မာဘူး၊ ငိုယိုဖို့လည်း မတော်ဘူး၊ ချက်ပြုတ်တာကလည်း ချန်းရှီရွာလောက် မကောင်းဘူး”
ရှန်ထူက တီးတိုးရေရွတ်ရင်းမှ ဝက်သားတုံးကြီးကို အဓိပ္ပါယ်မဲ့သလို ငေးကြည့်နေမိသည်။
"ငါတို့က အသုံးမကျဘူး"
သူတို့အားလုံးသည် သက်ပြင်းကိုယ်စီချကာ အကူအညီမဲ့နေကြသည်။
သူတို့သည် မူလနတ်ဘုရား၏ တိုက်ရိုက်သားမြေးများ ဖြစ်သော်လည်း နေ့တိုင်း ထိုင်ပြီး ပျော်ပွဲစားနေရုံသာ လုပ်တတ်၏။
ပျော်ပွဲစားရခြင်းသည် ကောင်းမွန်ပါသည်၊
သို့သော် မိမိကိုယ်ကို တိုးတက်အောင် မလုပ်ပါက၊တစ်နေ့နေ့တွင် မလွဲမသွေ ဘေးဖယ်ထားခံရမည်မှာ မလွဲမသွေပင်။
“ငါတို့က နတ်ဘုရားကို ကျေးဇူးဆပ်ဖို့ အရမ်းအားနည်းနေတယ်။ပြီးတော့ အခု ကမ္ဘာကြီး ပြောင်းလဲသွားပြီဆိုတော့ ရှေးဟောင်းနတ်ဘုရားတွေအတွက် သူတို့ရဲ့ နတ်ခန္ဓာကိုယ်တွေကို ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတယ်…”
ရွာသူကြီး ယွီလီက တုံ့ဆိုင်းစွာ ပြောသည်။
ကမ္ဘာကြီးက ကြီးမားသောပြောင်းလဲမှုကြီးဖြစ်ပေါ်ပြီးနောက် ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ နတ်ခန္ဓာကိုယ်များကို ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် စစ်မှန်သောနတ်ဘုရား အဆင့်သို့ တက်လှမ်းခြင်း မပြုနိုင်တော့ပါ။
ထို့ကြောင့် ရှေးဟောင်းနတ်ဘုရား အများအပြားသည် သူတို့၏ နယ်ပယ်များကို အလေးအနက် မထားတော့ပါ။
သို့သော် ရှေးခေတ်ကာလတွင် နတ်ဘုရား၏ နတ်ဘုရားနယ်ပယ်ရှိ လူများ ပိုမိုအားကောင်းလာပါက နတ်ဘုရားသည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
“ကျွန်တော်တို့ ခေတ်သစ်နတ်ဘုရားတွေကို အတုယူပြီး နတ်ဘုရားကို ကျွန်တော်တို့နဲ့ ပေါင်းစပ်ဖို့ ခွင့်ပြုရင် ဘယ်လိုလဲ။ ဒါဆို နတ်ဘုရားက ပိုအားကောင်းလာမှာ မဟုတ်ဘူးလား”
ဝသောလူက သူတွေးမိသလောက်ကို အကြံပြုသည်။
ခေတ်သစ်နတ်ဘုရားများသည် ရှေးဟောင်းနတ်ဘုရားများထက် ပိုမိုအားကောင်းရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူတို့သည် ဆက်လက်ပေါက်ဖွားနေသောကြောင့်ဖြစ်၏။
ခေတ်သစ်နတ်ဘုရားများသည် သူတို့၏လက်အောက်ခံလူသားများကို သူတို့နှင့် ပေါင်းစည်းကာ လုံးဝပေါင်းစပ်လိုက်ပြီး သားပေါက်များဖန်တီးကြသည်။
ထိုလူသားများက ရှီးကျားရွာရှိ နတ်ဘုရားသားပေါက်များကဲ့သို့ဖြစ်လာပြီး နောက်ဆုံးတွင် နတ်ကွန်းစောင့်များ ဖြစ်လာကြမည်။ သူတို့၏ သတိကိုလည်း လုံးဝဆုံးရှုံးသွားကာ ခေတ်သစ်မိစ္ဆာနတ်ဘုရား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြမည်ဖြစ်သည်။
“မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ။ အဲဒါ မိစ္ဆာနတ်ဘုရားတွေ လုပ်တာ၊ ပြီးတော့ အဲဒီစွမ်းရည်ကိုလည်း ငါတို့ မထိန်းချုပ်နိုင်ဘူး”
ရှန်ထူက ထိုကိစ္စကိုချက်ချင်း ငြင်းပယ်လိုက်၏။ အခြားသူများကလည်း ခေါင်းခါကြသည်။
"ဒီကိစ္စတော်တော့ ၊ လောလောဆယ် စားကြမယ်"
ပိန်သောရွာသားက ဗိုက်ဆာလာဟန်ဖြင့် ဝက်စားတုံးကြီးတစ်တုံးကို တူနှင့်ကော်ယူပြီး ပါးစပ်ကိုအစွမ်းကုန်ဟကာ ကိုက်ထည့်လိုက်သည်။
ကျန်သူများလည်း မနေနိုင်တော့ဘဲ အားရပါးရစားသောက်ကြလေ၏။
ထိုအချိန် စားပွဲတစ်ခု၌ ချီချီသည် ဝက်ခေါင်းသားကို စားနေရင်းမှ တစ်ခါတစ်ရံ ကျိယွမ်ကို ခိုးကြည့်သည်။
“ရှောင်းရွှေ၊ နင် သူ့ကို ဘယ်လိုထင်လဲ”
ချီချီက တိုးတိုးလေး မေးလိုက်၏။
ပါးစပ်တွင် ဆီများပေကျံနေသော ရှောင်းရွှေက ဝက်သားပြုတ်ရေထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသော ကလီစာတစ်ဖက်ကို တူနှင့်မရမက ဖမ်းနေရင်းမှ ဖြေ၏။
“သူက လူကောင်းတစ်ယောက်ပဲ"
သူမကို ကောင်းကောင်းစားခွင့်ပေးသူတိုင်းသည် သူမ၏မျက်လုံးများထဲတွင် လူကောင်းများ ဖြစ်ကြသည်။
“သူက ပေါ့ပေါ့ပါးပါးနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အရမ်းပါးနပ်တယ်။ ရိုးရှင်းတဲ့ စကားလေး နည်းနည်းနဲ့တောင် သူက ငါ့ကို အရာအားလုံးကို ထုတ်ဖော်အောင် လုပ်နိုင်လုနီးပါး ဖြစ်ခဲ့တယ်”
ချီချီသည် သူမ အမှန်အတိုင်းပြောမိအောင် လုပ်နိုင်သော ကျိယွမ်၏ စကားပြောစွမ်းရည်ကို နားမလည်နိုင် ဖြစ်နေသည်။
ကျိယွမ်သည် ချီချီ၏ ထိုအတွေးကိုသာ သိပါက သူ၏ အပြစ်ကင်းစင်မှုကို ဆန့်ကျင်ကန့်ကွက်မည်မှာ သေချာသည်။
အမှန်မှာ သူက ရိုးရိုးသားသားမေးမိခဲ့ခြင်းသာဖြစ်ပြီး မည်သည့်ပရိယာယ်မှမပါခဲ့ပါ။
“သူက အရမ်းတော်တယ်"
ရှောင်းရွှေက ဝက်သားဖက်ကို ဝါးရင်း ချီးကျူးလိုက်သည်။
ချီချီက ဆက်ပြော၏။
“သူက ရှီးကျားရွာနဲ့ ချန်းရှီရွာက ခေတ်သစ်နတ်ဘုရားတွေကို တစ်ယောက်တည်း သတ်ပစ်ခဲ့တယ်လို့ ကြားတယ်”
“ရဲရင့်ပြီး အစွမ်းထက်တယ်”
ရှောင်းရွှေ၏တူက နောက်ထပ် ဝက်သားတုံးတစ်တုံးဆီသို့လှမ်း၏။
“ငါ သူ့ကို ယင်ရှင်းကျောက် ပေးသင့်တယ်လို့ နင်ထင်လား”
ချီချီက ကျိယွမ်ကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်ပြီး မေးသည်။
ယခုခါ ကမ္ဘာကြီးက ပြောင်းလဲသွားသောကြောင့် ရှေးဟောင်းနတ်ဘုရားများအတွက် စစ်မှန်သော နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ခက်ခဲနေချိန်တွင် ယင်ရှင်းကျောက်သည် ရှေးဟောင်းနတ်ဘုရားများနှင့် ခေတ်သစ်နတ်ဘုရားများ အလွန်လိုချင်နေသောအရာ ဖြစ်သည်။
ရှောင်ရွှေသည် ဝက်သားစားခြင်းကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
အချိန်အတော်ကြာစဥ်းစားပြီးနောက် မွှေးကြိုင်နေသော ဝက်သားများကို ကြည့်၍
ခေါင်းညိတ်၏။
“ကျွန်မတို့ ဒီထက်ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိပါဘူး”
ရှောင်ရွှေက အဖြေပေးပြီးနောက် ပန်းကန်ထဲမှ အကြီးဆုံးဝက်သားတုံးကိုရွေးချယ်လိုက်သည်။
ချီချီက ရှောင်ရွှေအားကြည့်ကာ ခေါင်းယမ်း၏။
ရှောင်ရွှေက ဝက်သားနှင့်နတ်ဘုရားကို ကွဲပြားပုံမရပေ။
တန်ဖူ ပြိုလဲခြင်းနှင့်အတူ ချီမိသားစုကလည်း ပြိုလဲသွားခြင်းကြောင့် ချီချီတွင် အဆက်အသွယ်အနည်းငယ်သာ ကျန်တော့သည်။ သူမသည် လေးစားခံရသော အကြီးအကဲများကို မသိသလောက် ဖြစ်ပြီး၊ သူမ ယုံကြည်နိုင်သူများက ပို၍ပင် နည်းပါနေသည်။
ချင်းရွှေရွာ၏နတ်ဘုရားသည် သူမ အားကိုးနိုင်သူတစ်ဦး ဖြစ်နိုင်၏။
ချီချီ၏ စိတ်သည် လျှင်မြန်စွာ ပြေးလွှားနေပြီး နောက်ဆုံး၌ ကျိယွမ်ကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏။
အခြားတစ်ဖက်တွင်တော့ ကျိယွမ်သည် သူ၏စွမ်းအား တိုးလာသည်ကို ခံစားနေရပြီး၊ ခေတ်သစ်နတ်ဘုရားများကို သတ်ခြင်းနှင့် ပွဲခံခြင်းသည် အမှန်ပင် စိတ်ကျေနပ်စရာ ကောင်းသည်ဟု တွေးနေ၏။
“ငါ အခု အဆင့် ၂၁ မှာ ရှိနေပြီ”
မိစ္ဆာနတ်ဘုရားနှစ်ပါးကို သတ်ပြီးနောက် သူသည် အဆင့် ၁ မှ အဆင့် ၂၁ သို့ ရောက်သွားခဲ့သည်။
ကျင့်ကြံမှုအရ သူသည် အမြုတေအဆင့်တွင်သာ ရှိနေပြီး သူ သတ်ခဲ့သော နှစ်ပါးစလုံးမှာ စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တွင် ရှိနေသောကြောင့် သူ၏ အတွေ့အကြုံဘားတန်းသည် လျင်မြန်စွာ ပြည့်လာခဲ့ခြင်းပင်။
“ငါ နောက်ထပ် ဆက်သတ်သွားရင် အဆင့် ၉၀ ထိ ရောက်နိုင်တယ်။ အဲဒါက… ယင်နတ်ဘုရား အဆင့်များ ဖြစ်နိုင်မလား”
ကျိယွမ် တွေးလိုက်မိသည်။
သူသည် ဤကမ္ဘာသို့ ရောက်လာခြင်းသည် အမှန်ပင် ကံကောင်းခြင်း ဖြစ်သည်ဟုလည်း ခံစားရ၏။
ယခုဂိမ်းသည် ထိပ်တန်းနတ်ဆိုးများဖြင့် ပြည့်နှက်နေပုံရကာ သူ၏ အတွေ့အကြုံဘားတန်းသည် လျင်မြန်စွာ ပြည့်လာနေသည်။
တစ်ခုတည်းသော ဆိုးကျိုးမှာ တိုက်ပွဲတိုက်ပြီးနောက် စားရမည်၊ မဟုတ်ပါက အလွန်ဆာလောင်နေမည် ဖြစ်သည်။
“ဒီကမ္ဘာမှာ ငါ့ရဲ့စိတ်ဝိညာဉ်ကို ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျိယွမ်က ထိုသို့တွေးရင်း ဝက်သားတုံးကြီးတစ်တုံးအား အားရပါးရဝါးစားလိုက်သည်။
ဝက်သား၏အီကာစိမ့်နေသောအရသာကိုခံရင်း သူကချန်းရှီရွာစားဖိုမှုအား အမှတ်တွေစွတ်ပေးနေမိသည်။
ဝက်ခေါင်းကလည်း သိပ်ကောင်း ၊ နံရိုးပေါင်းကလည်း ရှယ် ။
ထိုအခိုက် လူရိပ်တစ်ခုက သူအနားသို့ကပ်လာသဖြင့် ကြည့်လိုက်ရာ ချီချီဆိုသော မိန်းမပျိုဖြစ်နေ၏။
သူမ၏ မျက်နှာအမူအရာက ခိုင်မာနေပြီး သူ့အားပြောစရာရှိနေပုံပင်။
"အရှင် ၊ ကျွန်မ တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ချင်းရွှေရွာကို ရောက်လာခဲ့တာပါ”
“ငါ သိပါတယ်၊ ဝက်ခေါင်းအတွက်မဟုတ်လား”
ကျိယွမ်က သူမအားကြည့်ကာ မအံ့သြဘဲမနေနိုင်ခဲ့ပေ။
သူမ၏အသက်က အရမ်းငယ်သေးသော်လည်း အမြုတေအဆင့်ကို ရောက်နေပြီ ဖြစ်၏။
ကန်းလန်နယ်မြေတွင်ဆိုလျှင် သူမသည် အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် သေချာပေါက် ထိပ်တန်းဖြစ်နိုင်၏။
ထိုမျှငယ်ရွယ်သော အမြုတေအဆင့် တစ်ဦးမှမရှိသေးပါ။
ဤနယ်မြေသည် အမှန်ပင် ထူးခြားသူများဖြင့် ပြည့်နှက်နေသည်။
“အရှင်နတ်ဘုရား ၊ ကျွန်မကို မစနောက်ပါနဲ့။ ကျွန်မ ဒီကို လက်ဆောင်ပေးဖို့ ရောက်လာခဲ့တာပါ”
ချီချီက ချိုသာစွာ ပြုံးပြသည်။
ကျိယွမ်သည် လက်ဆောင်ဆိုသောစကားကိုကြားသောအခါ မျက်လုံးများလင်းလက်လာပြီး ချက်ချင်းမေး၏။
“ဘယ်လို လက်ဆောင်လဲ”
“ကျွန်မကို ချင်းရွှေရွာက ရုပ်တုကိုကြည့်ဖို့ ခေါ်သွားပေးနိုင်မလား”
ချီချီက တောင်းဆိုလိုက်သည်။
“လက်ဆောင်က မင်း ခုနက ပြောခဲ့တဲ့ ရုပ်တုထဲမှာရှိတဲ့ ပစ္စည်းလား”
“ဟုတ်ပါတယ်”
ချီချီက ခေါင်းညိတ်ပြသောအခါ ကျိယွမ်က စဥ်းစားမနေဘဲ ချက်ချင်းသဘောတူလိုက်သည်။
“ကောင်းပြီ၊ သွားကြည့်ရအောင်”
ကျိယွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အသိပေးသည်။
“မင်းတို့အားလုံး ဆက်စားကြ၊ ငါ ခဏနေ ပြန်လာခဲ့မယ်”
ကျိယွမ် ထွက်သွားသည်ကို မြင်သောအခါ ပွဲတော်ရှိ အခြားသူများ သက်ပြင်းချကာ ပိုမို ပျော်ရွှင်စွာ စားသောက်ကြသည်။
အလင်းတစ်ချက် လျှပ်သွားပြီး သူတို့သည် ချင်းရွှေရွာရှိ နတ်ကွန်းရှေ့သို့ ဆင်းသက်လာခဲ့၏။
“ရုပ်တုက ဘယ်မှာလဲ”
ချီချီက ဗလာဖြစ်နေသော နတ်ကွန်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးမိလေသည်။
သူမက အနည်းဆုံးတော့ ကျိုးပဲ့နေသော ရုပ်တုကိုမြင်ရဦးမည်ဟု မှန်းထားသော်လည်း ဘာမှရှိမနေခဲ့ပေ။
သူတို့ တကယ်ကြီး ရောင်းစားပစ်ကြတာလား။
“အဲဒါက… ကြမ်းပြင်ပေါ်က အစအနတွေပဲ”
ကျိယွမ်က ကြမ်းပြင်ပေါ်မှ နတ်ရုပ်အကွဲစများကို ညွှန်ပြသည်။
“ငါ့ရဲ့ ဝင်ရောက်မှုက အရမ်းတောက်ပလွန်းလို့ ရုပ်တုက မခံနိုင်ဘဲ ကွဲကြေသွားတာ ဖြစ်နိုင်တယ်”
ချီချီသည် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာ တုံ့ဆိုင်းသွား၏။
“ချင်းရွှေရွာက ရုပ်တုကို ကျွန်မတို့ ချီမိသားစုက ထုလုပ်ခဲ့တာပါ၊ အဲဒါ အလွန်ခိုင်မာပါတယ်။ နတ်ဘုရား အထွတ်အထိပ်အဆင့် တစ်ဦးတောင် ဖျက်ဆီးဖို့ ခက်ခဲပါလိမ့်မယ်”
သဘာဝအတိုင်း သူမက ထိုစကားကို မယုံကြည်ခဲ့ပါ။
ကျိယွမ်ကလည်း မလျှော့ပေ။
“ငါက အရမ်းကို တောက်ပလွန်းတာ ဖြစ်နိုင်တယ်”
ချီချီသည် ကျိယွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏စကားများကို အပြည့်အဝ နားမလည်ခဲ့ပါ။
သို့သော် ကျိယွမ် ဝက်ဖမ်းစဥ်က ပြောခဲ့သည့်စကားပရိယာယ်များကို ပြန်အမှတ်ရလိုက်သောအခါ ယခုစကားတွင်လည်းပိုမိုနက်ရှိုင်းသော အဓိပ္ပါယ် ရှိရမည်ဟု သူမ တွေးလိုက်မိသည်။
သူမသည် ကြမ်းပြင်ပေါ်ရှိ အစအနများကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျွန်မရဲ့ ဘိုးဘေးတွေ ဒီရုပ်တုကို ထုလုပ်တုန်းက အဲဒီထဲမှာ ယင်ရှင်းကျောက်ကို ထည့်သွင်းထားခဲ့ပါတယ်”
သူမ စကားပြောနေရင်းမှ ကျိယွမ်၏ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့သော်လည်း လုံးဝမတုန်လှုပ်သည်ကို တွေ့လိုက်ရသည်။
သူမ အံ့အားသင့်သွား၏။
ထိုနတ်ဘုရားသည် ယင်ရှင်းကျောက်အကြောင်း ကြားရသည့်တိုင် လုံးဝ စိတ်မလှုပ်ရှားခဲ့ပေ။
ဖြစ်နိုင်ပါ့မလား။
သူကအခြားနတ်ဘုရားများနှင့် လုံးဝမတူပါ။
ထိုအပြုအမူက သူမအား သူ့အပေါ် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်ကိုသာ ပိုမို ခိုင်မာစေခဲ့သည်။
မူလနတ်ဘုရား၏ အနာဂတ်သည် အလားအလာကောင်းမှာသေချာသည်။
“အခု ကမ္ဘာကြီး ပြောင်းလဲသွားပြီဆိုတော့ ရှေးဟောင်းနတ်ဘုရားတွေဟာ စစ်မှန်တဲ့ နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်တော့ပါဘူး။ ဒါပေမဲ့ ယင်ရှင်းကျောက်က ရှေးဟောင်းနတ်ဘုရားတစ်ပါးကို စစ်မှန်တဲ့ နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်ပါတယ်”
ချီချီသည် ကိုယ်ကိုင်းညွှတ်လိုက်ပြီး ရုပ်တု၏ အစအနများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
“ရုပ်တုက ကွဲသွားပေမဲ့ ဒီအစအနတွေထဲကနေ ယင်ရှင်းကျောက်ကို ကျွန်မ ထုတ်ယူနိုင်ပါတယ်၊ ဒါမှသာ အရှင်နတ်ဘုရားက စစ်မှန်တဲ့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာပါ”
ကျိယွမ်သည် သူမ၏စကားများကို နက်နက်နဲနဲ စဉ်းစားနေခဲ့သည်။
သူသည် မိမိကိုယ်ကို ကစားသမားတစ်ဦးအဖြစ် သတ်မှတ်သည်။
ဒီကမ္ဘာရဲ့ ကန့်သတ်ချက်တွေက ငါ့အပေါ်အကျိုးသက်ရောက်လို့လား။
သို့သော် ဝမ်ယုကုန်းမြတိုက်ကြီးတွင် နေမင်းကြီးသည် သတ္တဝါအားလုံးကို အဆင့် ၁၀၀ သို့ တက်လှမ်းခြင်းမှ တားမြစ်ရန် စည်းမျဉ်းတစ်ခု ချမှတ်ခဲ့ပြီး ကျိယွမ်သည်လည်း အကျိုးသက်ရောက်ခံရကာ အဆင့် ၉၉ တွင် ပိတ်မိနေခဲ့ဖူးသည်။
ထို့ကြောင့် သူမပြောသော ယင်ရှင်းကျောက်သည် သူ့အတွက်လည်း အသုံးဝင်နိုင်၏။
“အလကားတော့ မယူနိုင်ဘူး။ မင်းမှာ ငါ့အတွက် ဘယ်လို မစ်ရှင်ရှိလဲဆိုတာ ပြောပြပါ”
ကျိယွမ်သည် ချီချီကို သူ့အား မစ်ရှင်ပေးနေသော NPC တစ်ဦးအဖြစ် သတ်မှတ်နေပြီး ယင်ရှင်းကျောက်ကို ဆုလာဘ်အဖြစ် ယူဆလိုက်သည်။
“ဒါပေမဲ့ အရှင်၊ ကျွန်မတို့မိသားစုမှာ ရှေးရိုးစဥ်လာတစ်ခုရှိပါတယ်"
ချီချီက၏မျက်နှာ အနည်းငယ် ရဲလာပြီး ရှက်နေမှန်းသိသာ၏။
“ကျွန်မရဲ့ ဘိုးဘေးတွေ ရုပ်တုကို ထုလုပ်တုန်းက ရုပ်တုရဲ့ ဝိညာဉ်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့ပါတယ်။ ရုပ်တုထဲကနေ ပေါ်ထွက်လာတဲ့ နတ်ဘုရားက… နတ်ဘုရားက…”
ချီချီ၏ ဖြူဖွေးသောနားရွက်များက သိသိသာသာအနီရောင်သို့ ပြောင်းသွားပြီး သူမ၏အသံသည် ရှက်ရွံ့သောအသံ ဖြစ်လာသည်။
ကျိယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ထိုဇာတ်အိမ်မျိုးကို သူမှတ်မိနေ၏။
“နင်က ငါနဲ့ စေ့စပ်ထားတယ်၊ ပြီးတော့ စေ့စပ်ပွဲကို လာဖျက်တာလားလို့ ပြောနေတာလား”
ကျိယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားခဲ့သည်။
သူမက စေ့စပ်ပွဲကို ဖျက်ချင်သည်ဟု ပြောလာပါက၊ သူသည် ထိုဂန္ထဝင် စကားစုကို ပြောရမည်လား။
“မြစ်တွေတောင် နှစ်သုံးဆယ် အရှေ့ကို စီးဆင်းပြီးမှ နောက်နှစ်သုံးဆယ်ကျရင် အနောက်ကို စီးဆင်းသွားတတ်တယ်။ ဆင်းရဲတယ်ဆိုပြီး လူငယ်လေးကို အထင်မသေးနဲ့”
ကျိယွမ် တွေးနေသည်။
သို့သော် ထိုသို့မဟုတ်ဘဲ သူမက စေ့စပ်ပွဲကို မဖျက်လိုပါက မည်သို့လုပ်သင့်သနည်း။
သူက ဦးဆောင်သင့်သလား။
ချီချီ၏ လှပသော မျက်လုံးများက အံ့အားသင့်သလို ပြူးကျယ်သွားသည်။ ကျိယွမ်၏ စကားများကြောင့် သူမကို ရှုပ်ထွေးသွားလေ၏။
“အဲဒီတုန်းက ကျွန်မရဲ့ ဘိုးဘေးတွေက ရုပ်တုရဲ့ ဝိညာဉ်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တာက ရုပ်တုထဲကနေ ပေါ်ထွက်လာတဲ့ နတ်ဘုရားက… ကျွန်မရဲ့ မွေးစားအဖေ ဖြစ်လိမ့်မယ်တဲ့”
"ဟေ"
ကျိယွမ် လုံးဝ တုန်လှုပ်သွားသည်။
ငါက သမီးတစ်ယောက်ရတာမှ ဘာမှမကြာသေးဘူးလေ ၊ အခုနောက်ထပ်ရပြန်ပြီလား။
“ကတိရှိတယ်ဆိုပေမဲ့ ငါ့ကို နင့်ရဲ့ မွေးစားအဖေ ဖြစ်ဖို့ တောင်းဆိုတာက နည်းနည်းတော့ များနေပြီ။ငါတို့ရဲ့ အသက်အရွယ်အရ ဘယ်သူက အသက်ပိုကြီးလဲဆိုတာ ဘယ်သူသိလဲ”
ကျိယွမ်သည် သူကိုယ်ကို အလွန်ငယ်သေးသည်ဟုသာ အမြဲထင်နေသူဖြစ်သည်။
သို့သော် ရုတ်တရက်ကြီး ယခုလိုအရွယ်ရောက်နေသော သမီးတစ်ဦး ရှိလာခြင်းသည် အများအမြင်၌ မျက်ခုံးပင့်စရာ ဖြစ်စေမည်မှာ သေချာသည်။
သူမ၏အရပ်အမောင်းအရွယ်အစားက ကျိကျန်ကျွင်းထက်များစွာ ထွားကြိုင်းနေသည်မဟုတ်ပါလား။
“ဒါက ကျွန်မရဲ့ ဘိုးဘေးတွေနဲ့ ရုပ်တုရဲ့ ဝိညာဉ်တို့ကြားက သဘောတူညီချက်ပါ”
ချီချီက တွန့်ဆုတ်စွာ ပြောသည်။
“အရှင် အသိအမှတ်ပြုဖို့ ဆန္ဒမရှိဘူးဆိုရင် မေ့လိုက်လို့ ရပါတယ်”
သူမက စကားပြောနေရင်းမှ သဘောတူညီချက်ကို ရေးထိုးထားသော အဝါရောင် အဝတ်စတစ်ခုကို ထုတ်ယူသည်။
ကျိယွမ်သည် သက်ပြင်းချကာ ကြမ်းပြင်ပေါ်ရှိ ကွဲကြေနေသော ရုပ်တုကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်၏။
“ရုပ်တုက ငါ ထွက်ပေါ်လာစေဖို့ ကွဲကြေသွားတာပဲ။ ဒီကျေးဇူးကို ငါ အမှတ်ရနေမယ်။ ဒီနေ့တော့ နည်းနည်းလေး အရှုံးခံပြီး နင့်ကို ငါ့သမီးအဖြစ် လက်ခံလိုက်ပါမယ်”
သူ၏စကားကို ကြားသောအခါ ချီချီသည် အလွန်ဝမ်းမြောက်သွားသော်လည်း သူမ၏မျက်နှာတွင် အနည်းငယ် ရှက်သွေးဖြာနေဆဲပင်။
"ဖခင်”
ကျိယွမ်သည် သူမ၏ခေါ်သံကို ကြားရသည်မှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။
“နင်ငါ့ကို ‘အဖေ’ လို့ပဲ ခေါ်သင့်တယ်”
အကြောင်းတစ်ခုခုကြောင့် “ဖခင်” ဟူသော စကားလုံးသည် သူ့အား လွီပု ကို သတိရစေ၏။
“အဖေ” ဆိုသောခေါ်သံသည် ပို၍သာယာသည်ဟု သူခံစားရသည်။
ဒါကပိုသင့်တော်တယ်။
ချီချီသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူ၏သဘောအတိုင်း “အဖေ” ဟု ချိုသာစွာ ခေါ်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားတစ်ပါးကို “အဖေ” ဟု ခေါ်ရခြင်းသည် ချီချီအတွက် ပြဿနာ မရှိပါ။
ရှေးဟောင်းနတ်ဘုရား အများစုသည် ရှေးခေတ်က သေဆုံးသွားသော သူရဲကောင်းဝိညာဉ်များ ဖြစ်ကြ၏။
သူရဲကောင်း ဝိညာဉ်များသည် ရှေးအတိတ်က ကြီးကျယ်သော စစ်ပွဲတွင် တိုက်ခိုက်ခဲ့ကြပြီး သေမျိုးနှလုံးသားနယ်မြေအတွက် သူတို့ကိုယ်ကို စွန့်လွှတ်ခဲ့ကြသည်။
တစ်ဦးချင်းစီတိုင်းသည် ချီချီ၏ လေးစားမှုကို ခံထိုက်သည်။
နတ်ဘုရား၏မွေးစားသမီး ဖြစ်လာပြီးနောက် ချီချီသည် ထိုဘဝကို လျင်မြန်စွာ လက်ခံလိုက်သည်။
“အဖေ၊ အခု အဖေမှာ ယင်ရှင်းကျောက် ရှိနေပြီ၊ စစ်မှန်တဲ့ နတ်ဘုရားအဆင့်ကို ရောက်ရှိနိုင်တဲ့ အလားအလာလည်း ရှိနေပြီဆိုတော့ အဖေရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ အာရုံစိုက်နေလို့ မဖြစ်တော့ဘူး။ ရန်သူတွေကို ရင်ဆိုင်တဲ့အခါ ကိုယ်တိုင် ပါဝင်ဆောင်ရွက်တာကို ရှောင်ပါ”
“အိုး”
ကျိယွမ် အံ့အားသင့်သွားသည်။
သူသည် ထိုဆက်နွှယ်မှုကို မမြင်ခဲ့ပါ။
“စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားဟာ သူတို့ရဲ့ ကိုယ်ပိုင်ခွန်အားအပြင် သူတို့ရဲ့ နောက်လိုက်တွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ အဖေ သိပါသလား”
ချီချီက ရှင်းပြသည်။
ကျိယွမ်က ခေါင်းခါ၏။
“မသိဘူးလေ"
ကျိယွမ်သည် ရှီးကျားရွာနှင့် ချန်းရှီရွာတို့၏ မိစ္ဆာနတ်ဘုရားများကို တိုက်ခိုက်ခဲ့စဥ်က
ထိိုနတ်ဘုရားများသည် သူတို့၏ နောက်လိုက်များထံမှ စွမ်းအားကို ရယူခဲ့ကြပြီး သူတို့၏ ခွန်အားကို သိသိသာသာ မြှင့်တင်ခဲ့ကြသည်ကို ပြန်သတိရမိ၏။
ဒါပေမဲ့ ငါရဲ့ချင်းရွှေရွာသားတွေက ငါးဖောင်ရိုးနဲ့ ကမ္မဌာန်းရုပ်တွေချည်းပဲလေ ၊ ငါက ဘယ်လိုလုပ်ပြီး စွမ်းအားယူလို့ရမှာလဲ။
-------------------